August 5, 2015

စနေဈေးမှာ လမ်းလျှောက်ခြင်း( ၂၇ရက် ဇူလိုင် ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၂၈) မှ)

ထိုင်းနိုင်ငံကို နိုင်ငံခြားသား ခရီးသွားများ လာရောက် လည်ပတ်ကြတာ များသည်။ ယခု နှစ်နှစ်အတွင်းမှာ အခြား အာရှ ၊ ဥရောပနိုင်ငံသားများထက် တရုတ်နိုင်ငံသား ခရီးသွားများ ပိုပြီး လာရောက် လည်ပတ်တာကိုလည်း တွေ့မြင်ရလေသည်။ ဧည့်သည်တွေများလာသည်။ ထိုင်းနိုင်ငံမှာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေများစွာရ၇ျိနေသည်။ အစိုးရတင်မက ပြည်သူတွေပါ ဝင်ငွေတိုးကြသည်။ ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီများသာမက ကားသမားများ၊ ဈေးသည်များ၊ စားသောက်ဆိုင်လုပ်ငန်းများ လက်မလည်အောင် ရှိကြသည်။ တစ်နှစ်ကို ပျမ်းမျှ ဧည့်သည် (၂၅)သန်း လာလည်ရာ ထိုင်းGDP ရဲ့ (၉) ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်းမှ ရရှိတာဖြစ်သည်။ အားကျကျေနပ်ဖွယ်ရာ အထူးကောင်းလှပေသည်။
ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်နိုင်အောင် သဘာဝပတ်ဝန်းကျင်များကို ကြည့်ချင် လည်ပတ်ချင်ဖွယ်ဖြစ်အောင် ပြုပြင်မွမ်းမံထားကြလေသည်။ အတုယူဖွယ်ကောင်းသည်မှာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေပဲ မူလရှိရင်းစွဲကို ခေတ်နဲ့အညီ ပြင်ဆင်ထားတာမျိုး၊ ရှေးခေတ်လက်ရာကို ထိန်းသိမ်းထားပြီး ကမ္ဘာခရီးသွားများထံမှ ဝင်ကြေးကောက်ခံကာ ပြုပြင်မွမ်းမံ ထိမ်းသိမ်းထားတာတွေမှာ စာရေးသူတို့ တိုင်းပြည်နှင့် များစွာ ကွာခြားလှသည်။
အဆောက်အဦအသစ်များ ဆောက်လုပ်ရာတွင် အပင်ကြီးများရှိပါက ထိုအပင်ကို ကွင်းချန်ကာ ထိုသစ်ပင်ကို အလှဆင် စာတန်းထိုး၍ပင် ပြသထားလေသည်။ ကျောက်တုံး ကျောက်ဆောင်များလည်း ထို့အတူပင် တွန်းရွှေ့ ချေဖျက်ခြင်းမပြုပဲ ထိုကျောက်တုံးတွေကို အဆောက်အဦရှိရာ ခြံဝင်းထဲမှာ ထဲ့သွင်းထားကြရာ သဘာဝအတိုင်း အလှမပျက် တမျိုးတဘာသာ အသွင်ဆန်းလျက်ရှိလေသည်။
ထို့အတူ ကမ္ဘာလှည့်ခရီးသွားများအား တဆင့်စကားဖြင့် စိတ်ဝင်စားဖွယ်ဖြစ်စေသည့် လမ်းမပေါ်က ဈေးများကလည်း အထူးပင် ထင်ရှားပါသည်။ ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်လည်းဖြစ်၊ ယဉ်ကျေးမှုထိန်းသိမ်းထားရာ မြို့တော်လည်း ဖြစ်သည့် ချင်းမိုင်မြို့မှာ အဆိုပါ လမ်းပေါ်လျှောက်ရသည့် ဈေးတွေ ရှိပါသည်။ ရိုးရာချည်ထည်များ၊ လက်မှုပစ္စည်းများ၊ အလှဆင်ပစ္စည်းများ၊ အမှတ်တရ လက်ဆောင်အဖြစ် ဝယ်ချင်စရာ အသုံးအဆောင်များ ရောင်းချသည့်အပြင် ရိုးရာအစားအစာများမှာလည်း စားချင့်စဖွယ် သန့်ရှင်းသပ်ယပ်စွာ ရောင်းချကြရာ ကမ္ဘာလှည့်ခရီးသွားများ သဘောကျရာ နေရာဖြစ်လေသည်။ စနေနေ့မှာ ရောင်းသည့်ဈေးကို စနေဈေး( Saturday Market walking street) တနင်္ဂနွေနေ့မှာ ရောင်းသည့် ဈေးကို တနင်္ဂနွေဈေး( Sunday Market walking street) စသဖြင့် ခေါ်ဝေါ်လူသိများလေသည်။ စနေဈေးက ချင်းမိုင်ဂိတ်၊ ထိုင်းအခေါ် ပသို့ချင်းမိုင် နေရာမှာ ရှိပြီး၊ တနင်္ဂနွေဈေးကတော့ ထာ့ပယ်ဂိတ်မှာ ရှိလေသည်။ နေရာတွေကလည်း စိတ်ဝင်စားစရာ ရှေးခေတ် ဘုရင်တွေလက်ထက်က မြို့ရိုးဟောင်းနှင့် တံခါးဂိတ်တွေကို တွေ့နေရသည်။ ထိုဂိတ်ဟောင်းတွေ နေရာမှာ လမ်းလျှောက်ဈေးဝယ်ကြခြင်းဖြစ်သည်။
ထိုဈေးတွေမှာ လှည့်ပတ်လမ်းလျှောက်နေကြသော ခရီးသွားများမှာ ကြက်ပျံမက စည်ကားသည့် မြန်မာပြည်မှ ဘုရားပွဲဈေးကဲ့သို့ပင်၊ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်ဖြင့် ရွေ့တယ်ဆိုယုံ ရွေ့ကာ လျှောက်ကြရသည်။ ရောင်းချ ခင်းကျင်းထားသည့် ပစ္စည်းများ၊ စားစရာများကို ငေးမောရင်း လျှောက်မှန်းမသိ လျှောက်ကြရသည်။ ဈေးတန်းကြီးက မဆုံးနိုင် တမေ့တမော၊ စာရေးသူတော့ ထိုဈေးတွေမှာ တခါမှ ဆုံးအောင် မလျှောက်ဖြစ်၊ (၂)နာရီခန့် လျှောက်ပြီး ညောင်းညာသည်နှင့် ပြန်လှည့် ဖြစ်တာပင်၊
သို့သော် ထိုဈေးတွေ လျှောက်ရင်း မြန်မာပြည်ကို လွမ်းသည့်စိတ်နှင့် ဘာမှန်းမသိသည့် ရောထွေးနေသည့် ခံစားချက်တွေ အမြဲဖြစ်ရသည်။ အဘယ့်ကြောင့်ဆိုသော် ရောင်းချနေသည့် လက်မှုထွက်ကုန်လေးတွေမှာ မြန်မာပြည်မှာလည်း များစွာရှိလေသည်။ ကျောက်စိမ်းအကာလေးတွေ၊ ကျောက်နီလေးတွေ၊ ကျောက်ဖြုံးလေးတွေနှင့် ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် စသဖြင့် အလှဆင် လုပ်ဆောင်ထားရာ ထိုပစ္စည်းလေးတွေသည် အမိမြန်မာပြည်မှာ မျိုးစုံအောင်ရှိလေသည်။ လွယ်အိတ်လေးတွေ၊ ချည်သားဘောင်းဘီတွေ၊ ရှမ်းပြည်မှာ ရှမ်းတိုင်းရင်းသားတွေ ဝတ်ဆင်ကြသည့် ရိုးရာအက်ျီ၊ ဘောင်းဘီလို အထည်တွေ တွေ့ရသည်။ နိုင်ငံခြားသားများ အထူးနှစ်သက်ကြကာ အချို့ဆိုပါက ဘောင်းဘီတွေကို ချက်ချင်းဝယ်ပြီး ဝတ်သွားကြတေလသည်။ တန်ဖိုးလည်း မကြီးသည့်အတွက် လက်ဆောင်ပေးဖို့ ဝယ်ကြသလို အမှတ်တရ သိမ်းထားဖို့လည်း ဝယ်ကြလေသည်။ အုန်းမှုတ်ခွက်ကိုပင် အလှဆင်ကာ လက်ကိုင်ရိုးတပ်၍ ရေခွက်အဖြစ် ရောင်းရာ ဝယ်သူများလည်း မရှားလှ။ စာရေးသူငယ်စဉ်က ကျောင်းပိတ်ရက်မှာ အလည်သွားကြသည့် မြေလတ်မြို့ကလေးက အမေကြီးတို့အိမ်မှာ အုန်းမှုတ်ခွက်နှင့် သဲအိုးထဲကရေကို ခပ်သောက်တာ သတိရမိလေသည်။ တဆက်ထဲ မြန်မာပြည်က အုန်းမှုတ်ခွက်တွေကို စိတ်ကူးထဲမှာ ရောင်းကြည့်နေမိလေသည်။
လွန်ခဲ့သည့် တပတ်က မြန်မာပြည်က သူငယ်ချင်းတစ်ယောက် ရောက်လာ၍ အဆိုပါ စနေဈေးကို လိုက်ပို့ရင်း Saturday Walk ကြလေသည်။ ထိုသူငယ်ချင်းက တနေရာ ရောက်၍ ရောင်းနေသည့် ပစ္စည်းကို ကြည့်လိုက် ၊ အလုအယက်ဝယ်နေကြသည့် နိုင်ငံခြားသားများကို ကြည့်လိုက် တောက်ခေါက်လိုက် လုပ်နေရာ စာရေးသူမှာ သူ့ကိုကြည့်ပြီး ရယ်မောနေရသည်။
" တောက် ကြည့်ပါအုန်း အဲဒါ ဘာမှမဟုတ်ဘူး၊ တို့ဆီမှာလည်း ရှိတယ်လေ၊ အလကားပေးတောင် မယူကြဘူး" လို့ ဆိုတာကတမျိုး၊
" ကြည့်ပါအုန်း အဲဒါ ယွန်းထည်ကို တုထားတာ၊ ယွန်းအစစ်မဟုတ်ဘူး၊ သစ်သားပေါ်မှာ ဆေးချယ် အရုပ်ချယ်ထားတာ၊ တို့ဆီမှာ အများကြီးပေါ့"
သစ်သားပေါ်မှာ အရုပ်လှလှလေးတွေ ရေးချယ်ကာ လက်ကောက်ကလေးတွေ လုပ်ထားသည့် သစ်သားလက်ကောက်ဆိုင်မှာ တိုးတိုးဝှေ့ဝှေ့ ရွေးချယ်ဝယ်ယူနေကြသည့် သူများကို ကြည့်ပြီး သူ့မှာ အားမလိုအားမရ၊ တို့ဆီမှာ ဒီလိုဈေးတွေ ရှိရင် ပြည်သူတွေ ရောင်းပန်းဝယ်ပန်း ကောင်းပြီး စီးပွားရေးမြင့်လာကြမှာပဲ၊ အားမလိုအားမရ ပြောပြန်သည်။ ပလတ်စတစ်အလုံးလေးတွေကို ပိတ်စလှလှဖြင့် ကျစ်ညပီး သီကာ ဆွဲကြိုးလေးတွေ ၊ လက်ကောက်တွေ ရောင်းတာ တွေ့ပြန်တော့ " အိုး........... ဘာမှမဟုတ်တာကနေ လှလှပပလေး လုပ်ပြီး ပိုက်ဆံရအောင် ရှာတတ်ကြတယ်နော်လို့ ပြောပြန်သည်။ တို့ဆီမှာ ဒီလို ဧည့်သည်တွေလည်းများ၊ နေရာအကွက်အကွင်းကို အစိုးရက ကောင်းကောင်းမွန်မွန် လုပ်ပေး ခွင့်ပြုပေးရင် ရောင်းစရာ အလှအပ လက်မှုအထည်တွေ အများကြီးပဲ၊ တို့ပြည်သူတွေ ဝင်ငွေကောင်းမှာလို့ မနားတမ်းပြောသည်။
အဆိုပါ လမ်းတွေသည် အခြားနေ့ နှင့် အခြားအချိန်ဆိုပါက အများသူငါ ဖြတ်သန်းသွားနေကျ ကားလမ်းမပင်ဖြစ်ကြောင်း၊ ဈေးနေ့ရှိပါက အခြားလမ်းက လိုလိုချင်ချင်ပင် သွားကြကြောင်းနှင့် အဆိုပါ လမ်းလျှောက်ဈေးတွေကနေ သူတို့ပြည်သူတွေ ဝင်ငွေရတာကို သိရှိကြကြောင်း ပြောပြမိသည်။
နေ့လည်ခင်း မွန်းလွဲပိုင်းကစလို့ ဈေးခင်းကြပြီး တစ်ညလုံးနီးပါး ရောင်းကြရာ နောက်တစ်နေ့ မနက်ရောက်သော် ညက ဒီနေရာမှာ ဈေးကြီးတစ်ဈေး ရှိခဲ့ပါတယ် ပြောလို့ မယုံနိုင်စရာ။ အမှိုက်တမျှင်မှ မရှိ။ အားလုံးသန့်ရှင်းနေလေသည်။ ကားတွေ ဆိုင်ကယ်တွေ လူတွေ ပုံမှန်ပင် သွားလာကြသည့် စနစ်တကျ အမှိုက်စွန့်ပစ်ကြပုံကိုပါ သူငယ်ချင်းကို ပြောပြမိလေသည်။
ခရုခွံကလေးတွေ၊ ဝါးဆစ်ကလေးတွေ၊ ကျောက်ကလေးတွေကို ဖယောင်းကြိုးလေးတွေနဲ့ သီတန်း ရောင်းသည့် ကလေးကြိုက်၊ မိန်းကလေးကြိုက် လက်ဝတ်တန်ဆာတွေ တွေ့ပြန်တော့ မြန်မာပြည်မှာ တပုံကြီး ဒါမျိုးတွေလို့ ရေရွတ်နေပြန်သည်။ ဘောင်းဘီအပွကို ခါးမှာ ပုဆိုးလို ပြန်ပတ်ဝတ်ရသည့် အထည်တွေ တွေ့ပြန်တော့ အင်းလေးမှာ ဒါမျိုးအထည်တွေ အများကြီးတဲ့၊ ရှမ်းအကျ င်္ီလို ရင်ကွဲမှာ ထုတ်သီးတပ် အကျ င်္ီတွေတွေ့ပြန်တော့ တို့ဆီမှာလည်း ပေါမှပေါပါ လုပ်ပြန်သည်။
နောက်ဆုံးတော့ သက်ပျင်းလေးချကာဖြင့် အော် အာဏာရှင်တွေလက်ထက် နှစ်ပေါင်းခြောက်ဆယ် နေခဲ့ကြရတာ တို့ပြည်သူတွေ လုပ်ခွင့် ဘာမှမရကြပါလား၊ ဒီအစိုး၇တွေ ဒီလိုလေးတွေ လုပ်ပေး၇င် ပြည်သူတွေ တော်တော်အဆင်ပြေမှာလို့ ပြောရင်း မြန်မာပြည်မှာ ပိုက်ဆံရှာရခက်သလောက် ဒီမှာ ကြည့်ပါအုန်း ဈေးသည်တွေ ရောင်းရလိုက်တာ၊ တန်ဖိုးအကြီးကြီးတွေလည်း မဟုတ်ဘူး၊ ဘတ်(၂၀)၊ ဘတ်(၃၀) တန်က စလို့ တစ်ရာ နှစ်ရာ အစားစား လူတိုင်းဝယ်နိုင်တဲ့ အတိုင်းအတာလေး လုပ်ပြီး ဒေသထွက်ကို လှလှပပလေး အလှဆင်ရောင်းကြတာ အားကျလိုက်တာနော်တဲ့။
တိုင်းပြည်မှာ တန်ဖိုးရှိတဲ့ သစ်တွေ အလုံးလိုက်၊ ကျောက်စိမ်းတုံးတွေ အတုံးလိုက် ရောင်းမှ ပိုက်ဆံ ရှာတတ်တဲ့ အစိုးရကို သိစေချင်လိုက်တာ၊ အင်း သိမှာပါပဲလေ သူတို့က ပြည်သူကို ကြည့်တာမှမဟုတ်တာ စသဖြင့် သူခံစားရတာ တတွတ်တွတ် ပြောပြနေလေသည်။
ဆိုင်တစ်ဆိုင်မှာ တရုတ်မလေး တစ်ယောက်က အကျ င်္ီတစ်ထည်ကို ဝတ်ကြည့်လိုက် အဖော်ပါသည့် သူ့ကောင်လေးကို ဘယ်လိုလဲ မေးလိုက်၊ နောက်တစ်ထည် စွပ်လိုက်၊ ပြန်ချလိုက်၊ ရွေးလိုက် လုပ်နေတာကြည့်ပြီး သူငယ်ချင်းဖြစ်သူက
" အင်းးးးးးး မြန်မာပြည်မှာဆို အအော်ခံရပြီ၊ ဝယ်မှာလား၊ မဝယ်ဘူးလား၊ ဒါမှမဟုတ်တောင် အနည်းဆုံး မျက်နှာ ပုပ်ပြီး ကြည့်နေလောက်ပြီ ၊ ကြည့်ပါအုန်း ဈေးသည်က အပြုံးမပျက်တဲ့ အပြင် သူတို့ကို စောင့်တောင်ကြည့်မနေဘူး " ပြောရင်း ပြည်သူတွေမှာပါ ဒီလိုစိတ်ကလေးတွ ရှိဖို့ လိုနေသေးတယ်နော်လို့ ပြောပြန်လေသည်။
ကီးချိန်း( သော့တွဲ) လေးတွေ ရောင်းသသည့် ဆိုင်တစ်ဆိုင် အရောက် သူငယ်ချင်းဖြစ်သူက သဘောကျကာ ဝယ်ဖို့ပြင်လေသည်။ ချင်းမိုင်- ထိုင်း( Chiang Mai- Thailand) စာတန်းပါ ပြီး အင်္ဂလိပ်အက္ခရာ စာလုံးတစ်လုံးဆီ ကပ်ထားသေးရာ အမှတ်တရ လက်ဆောင်ပေးဖို့ ကောင်းလေသည်။
ကိုယ်ပေးချင်တဲ့ သူရဲ့ နာမည်အစ စာလုံးလေးတွေရှာပြီး ရွေးဖို့ ပြင်တော့ ဆိုင်ရှေ့မှာ နိုင်ငံခြားသားနှစ်ဦး အကျအနထိုင်ကာ ရွေးနေတာ ကြည့်မိသည်။ သူတို့က ကီးချိန်းတစ်ခုမှာ အင်္ဂလိပ်စာလုံး နှစ်လုံးကို တွဲပြီး လိုချင်သည်ဟု ဆိုရာ ဆိုင်ရှင်က သူတို့လိုချင်သည့် စာလုံးတွေ ရှာပြီး ဆူပါဂလူးနှင့် နှစ်လုံးတွဲ ပြန်ကပ်ပေးနေလေသည်။ ဆယ်ဂဏန်းမျှသာ တန်သည့် ထိုကီးချိန်းကို စိတ်ရှည်လက်ရှည် ပြန်ထုတ်ပြန်ကပ် လုပ်ပေးတာကို ကြည့်ပြီး သူငယ်ချင်းဖြစ်သူက တို့ဆီမှာ သောင်းဂဏန်း သိန်းဂဏန်းတန် ဝယ်တာတောင် စိတ်မရှည်ကြဘူး။ ဈေးကများတော့ ပစ္စည်းလေး စစ်ကြည့်ပါရစေ ဆိုတာတောင် ဆောင့်ဆော့င့်အောင့်အောင့်။
စာရေးသူမှာ သူပြောသမျှ ရယ်မောရင်း တချိန်က ဒီဈးမှာ လျှောက်ရင် အမိမြန်မာပြည်ကို သတိရတာအပြင် မြန်မာတွေ ဒီလို ပိုက်ဆံရှာလို့ ရစေချင်တာတွေ ၊ ဒီကလူတွေလို အများနှင့်လိုက်လျောညီထွေ ၊ ဝယ်သူ့အလိုကျ တန်ဖိုးနည်းသည် များသည်မဟူ စိတ်တိုင်းကျစေ၇န် စိတ်ထားတာတွေကို မြန်မာပြည်ကလူတွေကို ဖြစ်စေချင်တာမှန်း ကိုယ့်စိတ်ကိုယ် ပြန်မြင်လာသည်။
" တကယ်တန်းက အခုလို အခြေခံတူပြီး ကွာခြားသွားရတာ အုပ်ချူပ်တဲ့ လူကြောင့် ၊ အဲဒီ စစ်အာဏာရှင်တွေကြောင့်၊ သူတို့ မသိမတတ် စေတနာမပါပဲ လုပ်လို့ ပြည်သူတွေ နစ်နာရတာ၊ သူများတိုင်းပြည်ကလူတွေလို ဒီလို မနေရတာ၊အဓိက တရားခံက အစိုးရပဲ၊ တို့ပြည်သူတွေဟာ တော်တော်အသုံးမကျတဲ့ အစိုးရကို ရလို့ ဒိလိုဖြစ်ရတာ" လို့ အပြန် ကားပေါ်ရောက်သည်အထိ တတွတ်တွတ်ရွတ်လေသည်။
ကဲ သူငယ်ချင်း ဒါဖြင့် ရွေးကောက်ပွဲလည်း နီးလာပြီ၊ သူငယ်ချင်း ဘယ်သူ့ကို ရွေးရမယ်ဆိုတာ ရှင်းရှင်းဆုံးဖြတ်ပြီးပုံပဲ လို့ စာရေးသူက အကဲစမ်းလိုက်ရာ " သူများတိုင်းပြည်မှာ ပြည်သူကို အဆင်ပြေအောင်၊ ဝင်ငွေတိုးအောင် ဘယ်လို စီမံပေးရတယ်ဆိုတာ သူတို့အစိုးရက သိတယ်တွေ့တယ်မဟုတ်လား၊ ဒီတော့ ကိုယ်တို့လည်း ပြည်သူ့ အကျိုးကို လုပ်ပေးမယ့်၊ ပြည်သူတွေရဲ့ ဘဝနဲ့ စိတ်ဓါတ်အဆင့်အတန်းတွေ မြှင့်တင်ပေးမယ့် ခေါင်းဆောင်မျိုးကိုပဲ ရွေးမှာပေါ့၊ ဒါမှ တို့ပြည်သူတွေ လူလူသူသူ နေရမှာ၊ အနည်းဆုံး ဈေးရောင်းစားတောင် မပင်မပန်း လူချင်းတူသူချင်းမျှ ရောင်းနိုင်အောင် လုပ်ပေးနိုင်တဲ့ ခေါင်းဆောင်မျိုး ဦးဆောင်မှ ဒီလိုဘဝတွေက လွတ်မယ်။
စနေဈေးမှာ လမ်းလျှောက်တိုင်း ခံစားရသည့် စာရေးသူရဲ့ ခံစားမှုသည် သူငယ်ချင်းဖြစ်သူထံ ကူးပြောင်းရောက်ရှိသွားလေသည်။

ခိုင်ခိုင်စောလွင်

No comments:

Post a Comment