July 31, 2016

" ကိုယ်ရွေးသီရာ" ၁ရက် ဩဂုတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၂၉)မှ

ကိုယ်ရွေးသီရာ"

  ပြီးခဲ့တဲ့ အပတ်က ဆောင်းပါးမှာ  ချင်းမိုင်က ပြနေကျ ဆေးရုံအကြောင်း အနည်းငယ် ရေးလိုက်ရင်း ဆေးရုံက ဝန်ထမ်းတွေရဲ့ အကြောင်း ပြောပြလိုစိတ် ဖြစ်လာမိလေသည်။ ယခုတစ်ကြိမ်ပါ ထည့်တွက်က ရက်ပေါင်း (၄၀)ကျော် ဆေးရုံကို နေ့စဉ် မပျက်မကွက် သွားနေရတဲ့အတွက် သူတို့ရဲ့ နေထိုင်မှု၊ လူနာနဲ့နိစ္စဒူဝ ပြောဆို ဆက်ဆံမှုသာမက သူတို့ရဲ့ စိတ်နေသဘောထားလေးတွေကို မြင်သိလာရသည်။ ထိုအခါမှ ကိုယ့်ဆီက ဝန်ထမ်းတွေနှင့် ဘယ်နေရာတွေ ကွာခြားပြီး ဘယ်နေရာမှာ တူနေတာလဲ ဆိုတာ ပိုပြီး သိခွင့်ရလာပါတော့သည်။ ကိုယ့်တိုင်းပြည်က ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ မကောင်းတာ ပြောလိုတာမဟုတ်တဲ့အပြင်  ဆေးပညာ ၊ ကုသမှုတွေ ခေတ်မမီလို့ မဆိုလိုပါ။ မြန်မာပြည်မှာ ခေတ်မီစက်ကရိယာနှင့်တကွ ဆေးဝါးပြည့်စုံသော အထူးကုဆေးရုံတွေ များစွာ ရှိတာကို သိပါသည်။ တကယ်တော့ ရုပ်ဝတ္ထုတွေ ဖွံဖြိုးတာထက် စိတ်အခြေခံ ဖွံဖြိုးဖို့ ပိုပြီး အရေးကြီးတာကို ဆိုလိုချင်တာသာ ဖြစ်ပါသည်။
                              
                              
     ၂၀၁၆ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့က နေပြည်တော်၊ အားကစားလေ့ကျင့်ရေး စခန်းမှာ ကျင်းပတဲ့ " ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခြေခံပညာကဏ္ဍ အခမ်းအနား" မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မူလတန်းအဆင့် ဆရာ/ ဆရာမများကို ရည်ညွှန်းပြီး ပြောသွားတဲ့ စကားကို သတိရမိလေသည်။  အဲဒီ အချက်ကလေးထဲက အခြေခံဆိုတာကို အင်မတန် သဘောကျမိလေသည်။ 
" ဒီအခြေခံရဲ့ အခြေခံမှာ ပါဝင်တဲ့ပုဂ္ဂိုလ်များ အားလုံးဟာ စေတနာပါရမယ်။ စေတနာဆိုတာ ယုံကြည်မှုနဲ့လည်း ဆိုင်တယ်။ ငါတို့လုပ်တဲ့အလုပ်ဟာ တကယ်တန်ဖိုးရှိတယ် ဆိုတဲ့ဟာကို ယုံကြည်မှ စေတနာနဲ့ လုပ်နိုင်မှာပါ။ " တဲ့ အဆိုပါ  တန်ဘိုးရှိလှသည့် စကားမှာ ဆရာ/ ဆရာမတွေသာမက လူ့ပတ်ဝန်းကျင် အားလုံးကို ကိုယ်စားပြု ပြောသကဲ့သို့ ကိုက်ညီလှပေသည်။
တကယ်တော့ ကိုယ်လုပ်တော့မယ့် အလုပ်တစ်ခုအပေါ် ဝါသနာပါလို့ လုပ်ဖြစ်တဲ့ အခါ အမြဲတန်း ပျော်ပျော်ရွှင်ရွှင်နဲ့  စိတ်နှစ်ပြီး လုပ်ကြတာကို တွေ့မြင်ရလေသည်။
                           အဆိုပါ ဆေးရုံမှာ ပုဂလိက ဆေးရုံဖြစ်သည်။ ပုဂလိက ဆိုသော်လည်း  ချင်းမိုင်ရှိ ဆေးရုံများစွာအနက် ကျန်းမာရေးအာမခံ အသက်သာဆုံးသော ဆေးရုံဖြစ်သည့်အတွက် အစိုးရဆေးရုံနှင့်မခြား လူတန်းစားမရွေး၊ ဆင်းရဲ ချမ်းသာမရွေး လာရောက် ဆေးကုသခံကြတာ တွေ့မြင်ရပါသည်။ အခြားဆေးရုံတွေမှာက အနည်းဆုံး ကျန်းမာရေးအာမခံ တစ်လ ဘတ်(၇၅၀) ပေးသွင်းရချိန်မှာ အဆိုပါ ဆေးရုံက လူတစ်ဦးအတွက် ကျန်းမာရေး အာမခံ တစ်လဘတ်(၅၀၀) ( မြန်မာငွေ တစ်သောင်းခုနှစ်ထောင်ကျပ်ဝန်းကျင်ခန့်) သာရှိလေသည်။

                      ချင်းမိုင်မြို့ရဲ့ နာမည်ကျော် "မယ့်ပင်းမြစ်"  နံဘေးမှာ ရှိသည့် အဆိုပါဆေးရုံမှာ  ( ၁၅)ထပ်ရှိသည့် အဆောက်အဦဖြစ်သည်။   (၁၀)ထပ်မှာ  ဆေးရုံဆင်းသည့် လူနောတွေ ငွေရှင်းရသည့် အထပ်ဖြစ်သည်။ ငွေရှင်းရန် လို့ မြန်မာစာဖြင့် ရေးထားရုံမက ထိုင်း၊ အင်္ဂလိပ်၊ တရုတ်ဘာသာတို့ဖြင့်ပါ ရေးသားလမ်းညွှန်ထားသည်။ (၉) ထပ်ကနေ (၅)ထပ်အထိက ဆေးရုံတက် လူနာများအခန်းတွေဖြစ်ပြီး (၄)ထပ်မှာ ကလေးလူနာ ပြင်ပဌာန၊ (၃)ထပ်မှာက ခွဲစိပ်ခန်းနှင့် (ICU) ခေါ် အရေးပေါ်ကြပ်မတ်ခန်း၊ (၂)ထပ်မှာက တခြမ်းက သွားဘက်ဆိုင်ရာ ဌာနဖြစ်ပြီး နောက်တခြမ်းက mini mart ( ကုန်စုံဆိုင်အသေးစား) တဆိုင်နဲ့ စားသောက်ဆိုင် ရှိလေသည်။ အောက်ဆုံးထပ်မှာကတော့ ဆေးရုံကို ဝင်လိုက်တာနှင့် ဘယ်ဘက်အခြမ်းက ပြင်ပလူနာဌာန၊ ညာဘက်အခြမ်းက အရေးပေါ်လူနာဌာန တို့ ဖြစ်လေသည်။ အလည်ခေါင်တည့်တည့်မှာ ကောင်တာအဝိုင်းကြီးတစ်ခုရှိပြီး ယူနီဖောင်းဝတ် ဝန်ထမ်းတွေ ငါးဦးခန့် အမြဲ ထိုင်နေသည်။ သူတို့ဆီမှာ စာရင်းသွင်းပြီး လိုအပ်သည့်နေရာကို သွားရတာ ဖြစ်သည်။ လူနာဟောင်းဆိုက စကားတစ်လုံးမှ ပြောစရာမလိုပဲ ဆေးရုံကဒ်ပြားလေးပြ၊ စာရင်းသွင်းပြီး ပြင်ပလူနာကုဌာနမှာ ထိုင်စောင့်ရုံပင်၊ သူတို့ဘာသာ ကွန်ပြူတာထဲက အချက်အလက်တွေပြန်ရှာ၊ မှတ်တမ်းဖိုင် စာရွက်တွေ ထုတ်သူကထုတ် အဆင့်ဆင့် သွားတာဖြစ်သည်။  ပထမ အဆင့် သူနာပြုတွေက ပေါင်ချိန်၊ အဖျားတိုင်း၊ သွေးပေါင်ချိန်ထားပြီး ဆရာဝန်နှင့် တွေ့၊ ပြီးက ငွေရှင်းကောင်တာ သွား၊ ဆေးထုတ် ပြီးလေပြီ။
                     ဓါတ်မှန်ရိုက်ဖို့၊ သွေးစစ်ဖို့နဲ့ တခြား စစ်ဆေးစရာတွေ ရှိပါက သူနာပြုက လာဆိုကာ ခေါ်သွားပြီး လူလိုက်သွားပြီး ပြီးသည်။ ထွက်လာသည့် မှတ်တမ်းတွေကို လူနာက လိုက်ထုတ်စရာမလိုပေ၊ ဝန်ထမ်းတွေက အဆင့်ဆင့် ပို့ပေးရာ သက်ဆိုင်ရာ ဆရာဝန်ဆီ ရောက်သွားတာဖြစ်သည်။ လူနာတစ်ယောက်ထဲ အဖော်မပါလည်း ဖြစ်သည်။ ဆေးရုံရောက်သည်နှင့် သက်ဆိုင်ရာ ဝန်ထမ်းအသီးသီးက တာဝန်ယူလုပ်ဆောင်သွားကြတာ အကွက်စေ့သည်။ ကိုယ့်အလှည့်ရောက်သွားလည်း မပျင်းရ၊  ဖွင့်ထားသည့် တီဗွီ ထိုင်ကြည့်နေယုံသာ။ တချို့ဆိုပါက သူတို့နာမည်ခေါ်တာပင် မျက်လုံးက တီဗီဖန်သားပြင်က မခွာပဲ ရှိလေသည်။ ရောဂါကိုပင် ခေတ္တမေ့သွားပုံပင်။
              အခုလို  နေ့စဉ် ဆေးထည့်ရသည့် အခါ  အရေးပေါ်ခန်းမှာထည့်ရတာဖြစ်ပြီး ဆရာဝန်ချိန်းသည့် စာရွက်ကလေး ပြလိုက်သည်နှင့် စာရင်းသွင်းပြီး အရေးပေါ်ခန်းဖက် သွားပါ ပြောသည်။ အရေးပေါ်ခန်းမှာ ဆရာဝန်နှင့် ဆေးဝန်ထမ်းတွေ ဆယ်ဦးခန့် အမြဲရှိသည်။ အဆိုပါ အခန်းမှာ အရေးပေါ် လူနာကြည့်တာနှင့် အနာဆေးထည့်တာတွေ လုပ်ပေးတာဖြစ်သည်။ အများအားဖြင့် ဆေးလာထည့်သူတွေမှာ ဆိုင်ကယ်မတော်တဆမှုတွေကြောင့် လာကြသူတွေများလေသည်။ လူနာစောင့်သည့် နေရာမှာ ထိုင်စောင့်ရင်း အနာမျိုး (၉၆)ပါးမက ကျိုး ပဲ့ ထော့ တုံးလုံးပက်လက် မျိုးစုံ တွေ့ရလေသည်။ အဆိုပါ အရေးပေါ်ခန်းကို ရက်ပေါင်း(၄၀)မျှ နေ့စဉ်လာထိုင်ရင်း သူနာပြုတွေရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ သိခွင့်ရခဲ့လေတော့သည်။ အဓိက မြင်တွေ့ရတာကတော့ သူတို့မျက်နှာမှာ တခါမှ စိတ်ပျက်တဲ့ဟန်ပန် မတွေ့ရသလို  တခါမှ ဒေါသထွက်တာ မတွေ့ရတာကို အံ့ဩမိလေသည်။ အလုပ်လုပ်နေတာနှင့်မတူပဲ ကိုယ့်အိမ်မှာ အိမ်မှုကိစ္စတွေ ဝိုင်းလုပ်နေကြသည့် မိသားတစ်စုကို တွေ့ရသလို ခံစားရလေသည်။
             ဝန်ထမ်းတစ်ယောက်နှင့် တစ်ယောက် လက်ဆင့်ကမ်းခိုင်းနေတာ မတွေ့ရသည့်အတွက် ဘယ်သူက ရာထူးကြီးတယ်ဆိုတာပင် ခန့်မှန်းလို့မရ၊ ဆေးထည့်ပေးသည့် သူနာပြုက ဝှီးချဲနှင့်လူနာ ဝင်ရမည့်အလှည့်ကျချိန် ဝှီးချဲတွန်းသည့်လူ အနားမရှိက သူပဲ တွန်းသွားတတ်သည်။ မှတ်တမ်းဌာနက ကွန်ပျူတာဖြင့် ပို့လိုက်သည့် စာရွက်ကို သူတို့ဆီက ကွန်ပျူတာမှာ ပရင့် ထွက်လာတာနှင့် ရှိသည့်လူက သွားထုတ် နာမည်ခေါ်၊ လုပ်စရာရှိတာ ဆက်လုပ်၊ တစ်ယောက်မှ ထိုင်မနေ၊ ထိုင်စရာခုံလည်းမရှိ၊ တခါတလေ လူနာရှင်းက လူနာတွေထိုင်စောင့်ရသည့် ခုံမှာ ထိုင်ပြီး စကားတွေ လာပြောနေတတ်ကြလေသည်။ သူတို့ အတွက် နားနေခန်း ရှိသည်။ ထိုအခန်းမှာ အစားအသောက် ခေတ္တဝင်စားကြတာ တွေ့ရသည်။ ကျန်သည့် အချိန်မှာ စက်ရုပ်တွေလို မရပ်မနား လုပ်နေကြလေသည်။
             ဆေးထည့်တာမှာလည်း အခန်းကျယ်ကြီးတစ်ခုမှာ ကုတင်တွေ တန်းစီထားပြီး ဆေးထည့်သည့်အခါမှ ခန်းဆီးစကို ဆွဲစေ့ကြသည် ဖြစ်ရာ ဆေးထည့်ရင်း သူတို့အချင်းချင်း ဟိုဘက် ဒီဘက်  စကားလေးတပြောပြော၊ တချို့က သီချင်းလေးညည်းလို့ ဆေးထည့်ကြသည်။ အဆိုပါ ကုတင်တွေရဲ့ ခြေရင်း ဘက်အခြမ်းမှာ ဆရာဝန်ထိုင်ပြီး အရေးပေါ်လူနာကို လက်ခံကြည့်ရှုတာ ဖြစ်သည်။ ဆရာဝန်ရဲ့ ဘယ်ဘက်အကန့်လေးမှာ အရေးပေါ်ကုသပေးသည့် ကုတင်နှစ်လုံး ရှိသည်။ အဆိုပါ ကုတင်မှာ ခေတ္တကြည့်ရှုပေးပြီး လိုအပ်က ဆေးရုံတင်ဖို့ ဆေးသွင်း၊ လိုအပ်တာ တနေရာထဲမှာ အားလုံး လုပ်ကြတာဖြစ်သည်။ သူတို့အခန်း ပတ်ပတ်လည်မှာ ဓါတ်မှန်ခန်းကအသင့် ရှိသည်။ ဓါတ်မှန်က လူနာကို မပေး၊ ဆေးရုံမှတ်တမ်းမှာ သိမ်းတာဖြစ်သည်။ ဒါ့ကြောင့် ဆေးရုံလာသည့် လူနာတွေ စာရွက်စာတမ်းတွေ၊ ဓါတ်မှန်တွေ ကိုင်ပြီး ရောက်လာတာ မတွေ့ရ။
              အရေးပေါ်ခန်းမှာ အရေးပေါ် အုန်းကနဲဒိုင်းကနဲ သွေးရဲရဲသံရဲရဲ ရောက်လာတာ တခါမှ မတွေ့ခဲ့ရပေယ့် ဆိုင်ကယ်မှောက်ပြီး အရေးပေါ်ကားနှင့် ရောက်လာသည့် မိန်းကလေးတစ်ဦး ရောက်လာတာ ပထမဆုံး မြင်ဖူးရသည်။  လမ်းမှာကတည်းက ရှေးဦးပြုစု ကုသခဲ့သည့် အတွက် အမြင်မဆိုး၊ အဆိုပါ လူနာကို ဆေးထည့်သည့် အခန်းထဲပဲ ခေါ်သွားတာ ဖြစ်သည်။ လူနာမိန်းကလေးမှာ အဖော်မပါ၊ သူ့ကျောပိုးအိတ်နှင့် ဘိနပ်ပါမချန် ဆေးရုံကားပေါ်က ဝန်ထမ်းက စာရင်းနှင့်တခါထဲ သူနာပြုတွေထံ အပ်လိုက်တာဖြစ်သည်။ သည်။ ပြီးလျင် ထိုမိန်းကလေးကို ဆေးရုံတင်ဖို့ လုပ်လေတော့သည်။ ဘာလူမျိုးလဲ၊ ဘယ်သူလဲ ၊ ဘယ်နိုင်ငံသားလဲ မမေးသေးပါ၊ အရင်ဆုံး ကုသမှု အရင်လုပ်တာဖြစ်သည်။ ဒီတစ်ခုကတော့ ထိုင်းနိုင်ငံက ဆေးကုသသည့် အင်မတန် လေးစားထိုက်သည့် စနစ်တစ်ခုပဲ ဖြစ်သည်။ အသိမိတ်ဆွေထဲက နှစ်ယောက် ဒါမျိုးကြုံ၍ သိရတာဖြစ်သည်။
                      ပထမတစ်ယောက်က သတင်းသမားတစ်ယောက်၊ ချင်းမိုင်ကို အလည်လာရင်း  ဆိုင်ကယ်မှောက်သည်၊ သတိမရ၊ အနောက်ကတစ်စီးမှာ သူငယ်ချင်းပါလာတဲ့အတွက် ချက်ခြင်း ဆေးရုံပို့သည်။ ဆေးရုံက အစိုးရဆေးရုံ၊ ချက်ခြင်း လူနာကို ကုစရာတွေ ရှိတာ လုပ်စရာရှိတာ အားလုံးလုပ်သည်။  သတိမေ့နေတာကို ကုသမှုတွေ ပေးထားသည်။ အရေးပေါ်ခန်းကနေ အထူးကြပ်မတ်ဆောင်( ICU) ထဲထည့်သည်။ ကုန်ကျစားရိတ် ငွေရေးကြေးရေး ဆရာဝန်တွေ မမေးနှင့်၊ သူတို့က အသက်ကယ်သည့် အလုပ်သာလုပ်တာဖြစ်သည်။
             နောက်မှ လူနာမှတ်ပုံတင် စာရင်းသွင်းဖို့ လုပ်မှ မြန်မာနိုင်ငံသားမှန်းသိသည်။ ထိုအခါမှ  ကိုယ့်လူမျိုးတွေ နာမည်ကျော်တာ သိခွင့်ရလေတော့သည်။ ကြိုတင်ငွေ မည်၍မည်မျှ သွင်းထားပေးပါတဲ့၊ ဒါမျိုး အရင်က ထုံးစံမရှိပါတဲ့၊ ဒါပေမယ့် မြန်မာတွေက ဆေးရုံတက်လာ၊ ဆရာဝန်တွေက ကုသပေး၊ ပိုက်ဆံရှင်းကာနီးကျ ဘာမှမပြောပဲ ဆင်းသွားကြတယ်၊ မပေးနိုင်ဘူးဆိုရင်လည်း ပြောလို့ရတယ်၊ တစ်လကို ဘယ်လောက် ပြန်ပေးပါမယ်၊ ဒါမှမဟုတ် မည်သူမည်ဝါက အာမခံထားပါမယ်၊ ဘယ်အချိန်ကျမှ ငွေသွင်းပေးပါမယ် ပြောရင်လည်းရပါတယ်၊ ညှိလို့လည်း ရပါတယ်၊ ဒါပေမယ့် မပြောမဆို ဆင်းသွားတဲ့ အတွက်  ရောဂါ အခြေအနေ ပြန်ကြည့်လို့မရတဲ့ အပြင် ကုသမှုတွေ အခြေအနေ မသိရပြန်လို့  လူနာအခြေအနေ မသိလို့ စိတ်ပူရတယ်၊ ဒါ့ကြောင့် နောက်ပိုင်းမှာ မြန်မာနိုင်ငံသားဆိုရင် ကြိုတင်ငွေ ပေးသွင်းရပါတယ်လို့ ဆိုသတဲ့၊
                       နောက်တစ်ယောက်က ကျောင်းက ကျောင်းသားလေးတစ်ယောက် ဆိုင်ကယ်မှောက်ပြီး ခေါင်းထိ သတိလစ်ကာ အဆိုပါ ဆေးရုံသို့ရောက်နေသည်။ အထောက်အထားလည်း တစ်ခုမှပါမသွား၊ ဘယ်သူမှလည်း မသိကြ။ သူ့အိမ်က အဆက်အသွယ်မရတဲ့ အတွက် လိုက်စုံစမ်းမှ ဆေးရုံရောက်နေမှန်းသိသည်။ သိသည့်အချိန်မှာ အထူးကြပ်မတ်ဆောင်မှာ လိုအပ်သည့် ကုသမှုတွေပေးပြီး ကုထားပြီ ဖြစ်သည်။
              ယခု ဆေးရုံကတော့ အရေးပေါ်လူနာ ရောက်လာသမျှ ချက်ခြင်း လိုအပ်တာ ကုသပေးတဲ့အပြင် ပိုက်ဆံ ဒီလောက်ကျမယ် တတ်နိုင်လား တခါမှ မမေး၊ ကုစရာရှိတာ ကုပေးလိုက်တာပင်၊ အဓိကက လူနာ အသက်ရှင်ဖို့။ လောလောလတ်လတ် မကြာသေးခင် ရက်ကလေးကပဲ ကြုံလိုက်ရတာကနေ ပိုပြီး သိလိုက်ရတာ ဖြစ်သည်။ ထိုနေ့က  အရေးပေါ်ဆောင်မှာ  လူနာရှင်းသည်။ ထိုအချိန်မှာ အပြင်ဘက်မှာ ကားတစ်စီး ထိုးရပ်ပြီး လူသံတွေ စီကနဲ ကြားလိုက်ရသည်။ ရှိသည့် လူ လေးငါးယောက်က လန့်ပြီး ဘာပါလိမ့်ဆိုကာ လည်ပြန်လှည့်ကြည့်ကြသည်။ စာဖြင့်ရေးပြရတာမှ ကြာနေသေးသည်။ ထိုအခိုက်ကလေးမှာ အရေးးပေါ်က ဝန်ထမ်းတွေ ကိုယ့်ဆိုင်ရာ ပစ္စည်းတွေ ကိုယ်တွန်းကာ အရေးပေါ်ခန်းမကြီးကို ဆွဲဖွင့် ဝင်သွားကြလေသည်။ တွန်းလှည်းတွန်းသည့်လူကလည်း ခလုတ်နှိပ်လိုက်သည့်အလား ချက်ခြင်း  ကားအနီး ရောက်သွားသည်။ ဆေးရုံကား၊ အရေးပေါ်ကားနှင့်လာသည့် လူနာဆိုက ကြိုတင်သတင်းပို့ထား၍ ဘာဖြစ်တယ်ဆိုတာ ကြိုသိပြီး လိုအပ်တာ အေးအေးဆေးဆေး ပြင်ဆင်ထားတာ ဖြစ်သည်။  အခုက ဘာမပြောညာမပြော ဗြုန်းစားကြီး စီကနဲ အော်ဟစ်ရောက်လာတာမှာ ကောင်တာက ဝန်ထမ်းက အရေးပေါ်ခန်းဖွင့် တခါထဲပြော ကျန်သည့် သူနာပြုအသီးသီးက အသင့်ရှိသည့် ဆေးလှည်း၊ ပစ္စည်းကရိယာတွေ ယူကာ ဝင်ပြေးကြသည်။ ဆရာဝန်ကိုလည်း ပြေးခေါ်စရာမလို၊ အခန်းထဲက ဆရာဝန်က သူ့ဘာသာ လိုက်ဝင်သွားသည်။  တွန်းလှည်းပေါ်မှာ ပက်လက်ကလေး ပါသွားသူကို ကြည့်လိုက်တာ တုတ်တုတ်မှ မလှုပ်၊ လိုက်ပို့သူတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမား အမျိးသမီးလေးတွေနှင့် အမျိုးသားလေးတွေ၊ လုပ်ငန်းခွင်ထိခိုက်မှု၊ ပြုတ်ကျတာ ဆိုလေသည်။ လာပို့သည့်လူတွေမှာ ရွှံတွေပေတလူးလူး၊ အခန်းတံခါး ပိတ်ပြီး ကုသနေချိန်မှာ သူတို့ကို စာရင်းသွင်းသည့်နေရာ သွားခိုင်းတဲ့ အတွက် ကဒ်ပြားတွေ ထုတ်နေတာ လိုက်ကြည့်မိသည်။ ပန်းရောင်အလုပ်သမားကဒ်၊ ဝပ်ပါမစ်က အပြာရောင်၊ ဘုရားဘုရား မြန်မာပြည်သားများလား၊ အဲဒီအချိန်မှာ ငွေရှင်းဖို့ ကောင်တာကနာမည်ခေါ်နေတဲ့ အတွက် သွားရှင်းတော့ သူတို့ကို မေးချိန်မရလိုက်၊
                     အားလုံးပြီးမှ  ခဏလေး သွားကြည့်လိုက်မယ်ဆိုကာ လိုက်ကြည့်တော့ တစ်ယောက်မှ မရှိကြတော့၊ အခန်းထဲမှာတော့ ဆရာဝန်နဲ့ သူနာပြုတွေ အသက်လုနေကြတာ သေချာသည်။ သူဘယ်သူလဲ ဘာလူမျိုးလဲ မေးချိန် သိချိန်မရလိုက်၊ သေချာတာက ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ အသက်တစ်ချောင်းကို ကယ်နေကြသည်။
                     ယခုလို ဝန်ထမ်းတွေ အမှုထမ်းတွေ ဘာ့ကြောင့် ဒီလို စိတ်အခြေအနေ ထားနိုင်ကြတယ်ဆိုတာကို ဆန်းစစ်နေမိသည်။
                        ထိုင်းနိုင်ငံမှာက အသက်မွေးဝမ်းကျောင်းပညာရပ်ကို သင်ယူနိုင်ဖို့ နည်းလမ်းအသွယ်သွယ် ဖွင့်ထားသည်။ အလယ်တန်းအဆင့် အောင်မြင်က အသက်မွေးဝမ်းကျောင်းပညာရပ် ဆီ ကူးပြောင်းနိုင်သည်။ အထက်တန်းအထိ ဆက်တက်ပြီး  အောင်မြင်က တဖန် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေဆီ သွားတာလည်းရှိသည်။ အခြား အသက်မွေးကျောင်း ဆိုင်ရာပညာနယ်ပယ်တွေ သင်ကြားပေးတာ များစွာလည်းရှိသည်။
" သက်မွေးဝမ်းကြောင်းပညာကို တန်ဖိုးထားတဲ့ နိုင်ငံတွေဟာ အင်မတန်မှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေပါ။ ကျွန်မ အမြဲပြောပါတယ်။ ကျွန်မတို့ဟာ ရည်မှန်းချက်ကြီးဖို့ လိုပါတယ်။ အသက်မွေးဝမ်းကြောင်းပညာ ဘယ်လို ပုံစံနဲ့ ဖော်ထုတ်နိုင်လည်း၊ ခံယူနိုင်မလဲ စဉ်းစားတဲ့နေရာမှာ အကောင်းဆုံး၊ အတော်ဆုံးနိုင်ငံတွေကို ကြည့်စေချင်တယ်။ တချို့ကတော့ ပြောပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခုမှ ဖွံ့ဖြိုးစပဲ ရှိသေးတယ်။ အင်မတန်မှ ပညာ ရေးနဲ့ပတ်သက်လို့ရှိရင် အဆင့်နိမ့်သွားနေပြီ၊ ဒါကြောင့် သိပ်ပြီးတော့ မြင့်မြင့်ကြီး မကြံပါနဲ့လို့ပြောတယ်။ ကျွန်မ ကတော့ အဲဒါကို လက်မခံပါဘူး။ အခုရတဲ့ အခွင့်အရေးကို သုံးပြီးတော့ အကောင်းဆုံးဖြစ်အောင်၊ အမြင့်ဆုံး ရောက်အောင် ကြိုးစားရမှာပါ။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် အစကနေ ပြန်ပြီးတော့ စနေရတာကြောင့်မို့ လို့ အနှောင်းသေချာအောင် အစကောင်းမှအနှောင်းသေချာတယ်ဆိုသလို အနှောင်းသေချာအောင် ကောင်း ကောင်းစဖို့ လိုပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်စေချင်ပါတယ်။ အသက်မွေးဝမ်းကြောင်းပညာနဲ့ ပတ်သက်လို့ တကယ်ကိုအောင်မြင်တဲ့နိုင်ငံတွေကို ကြည့်ပြီးတော့ အဲဒီနမူနာတွေကို ယူစေချင်ပါတယ် ”

“ကျွန်မတို့ အစိုးရအနေနဲ့ ဘယ်လောက်ပဲ အားပေး အားပေး၊ ပညာရေးဝန်ကြီးဌာနအနေ နဲ့ ဘယ်လောက်ပဲ အသက်မွေးဝမ်းကြောင်းပညာကျောင်းတွေကို ဖွင့်ဖွင့်၊ ဘယ်လိုပဲကောင်းအောင် လုပ်လုပ် နိုင်ငံသူသားတွေဟာ အသက်မွေးဝမ်းကြောင်းပညာဆိုတာ ဒုတိယတန်းစားပညာပဲ၊ ဖြစ်နိုင်ရင်တော့ ငါတို့သား သမီးတွေကို တက္ကသိုလ်ဘဲ လွှတ်မယ်။ တက္ကသိုလ်အဆင့်မမီမှ အဲဒီသွားစေမယ်၊ အဲဒီစိတ်ဓါတ်တွေရှိမယ်ဆိုရင် တိုးတက်ဖို့ အောင်မြင်ဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ကတော့ အသက်မွေး ၀မ်းကြောင်းပညာ ကို အင်မတန်မှ လေးစားတယ်။ တန်ဖိုးထားတယ်။ အသက်မွေးဝမ်းကြောင်း ပညာစနစ်အောင်မြင်ဖို့ အားလုံးကနေ ၀ိုင်းဝန်းပြီး ကြိုးပမ်းပေးစေချင်ပါတယ်”
 ဇူလိုင် ၁၅ ရက်မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ မှာ ကျင်းပတဲ့ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲတဲ့ အချက်အလက်တွေကို နားထောင်ရင်းက  အဓိကကတော့ ကိုယ်ဘာလုပ်မယ်၊ ဘာဝါသနာပါတယ်ဆိုတာကို မိမိဖာသာ ရွေးချယ်ခွင့်ရသည့်အတွက် ကိုယ်ယုံကြည်ရာကို စိတ်အေးလက်အေး စေတနာပါပါဖြင့် လုပ်ကိုင်နိုင်ကြတာ ဖြစ်မှာလို့  လူထုခေါင်းဆောင်စကားနှင့်ချိန်ထိုး တွက်ဆကြည့်မိလေတော့သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment