October 16, 2016

" တမ်းတမိသည် သာယာရွှေပြည်" ၁၇ရက်အောက်တိုဘာ ၂၀၁၆ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၀)မှ



" များစွာသောသူခပ်သိမ်းတို့ သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့  ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။"
                              
                  သတင်းတွေဖတ်ပြီး စိတ်လက်ညစ်ငြူး ကာ စိတ်မချမ်းမသာဖြစ်ရာက စာတွေရှာဖွေ ဖတ်ကာ စာထဲစိတ်နှစ်နေမိတော့သည်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဘယ်ခေတ်ဘယ်ကာလမှာ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေခဲ့ရသလဲ လို့ သမိုင်းနောက်ပြန် လှည့်ပြန်တွေးရင်း နှစ်တရာ၊ နှစ်ငါးရာ၊ နှစ်ခုနှစ်ရာ နှစ်တထောင်ဆီ စိတ်ကူးဖြင့် လျှောက်ကြည့်မိသည်။  စစ်အာဏာရှင်ခေတ်၊ မဆလ တပါတီအာဏာရှင်ခေတ်၊ လွတ်လပ်းရေးကြိုးပမ်းမှုကာလ၊ ဂျပန်ခေတ်၊အင်္ဂလိပ်ခေတ်၊  သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်ဖြစ်သည့်  ကုန်းဘောင်ခေတ်၊ အင်းဝခေတ်၊  ကာလယန္တယားကို စိတ်ဖြင့် ဖြတ်သန်းလိုက်ရာ ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် တိုင်းပြည်အခြေအနေကို ဖတ်ရတဲ့အခါမှ  စိတ်ထဲ ငြိမ်းအေးမှုကို ရရှိလေတော့သည်။ ကျန်စစ်သားမင်းလက်ထက် တိုင်းပြည်ကို မည်သို့မည်ပုံ အုပ်ချူပ်ခဲ့သည်ကို မွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများမှတဆင့် မြန်မာပြန်တာ ဖတ်ရသည်။
" တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ခြားခြင်း ၊ ကြောက်ရွံ့ခြင်းမှကင်းသော အုပ်စိုးနည်း" ၊ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့ခြင်း လုံးဝ မရှိစေရာတဲ့ ၊ စာရေးသူက ရှေးကထင်ထင်ရှားရှား ရှိခဲ့တဲ့ နိုင်ငံရေးလို့ ရေးတာ ဖတ်ရသည်။
ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန်သွန်သင်ခဲ့ပြီး တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်းစိတ်ချမ်းသာရသည်လို့ ကျောက်စာများမှာ ရေးထိုးထားခဲ့သည်။
                    တိုင်းပြည်အေးချမ်းပြီး စည်ပင်ဝပြောယုံမက ဒေသတွင်းနိုင်ငံတွေအကြား ဝံ့ဝံ့ကြွားကြွား သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့သည်။  အိမ်နီးချင်းနိုင်ငံများက လေးလေးစားစားနှင့် ခန့်ခန့်ညားညား ဆက်ဆံတာ ခံရသည်။ ကျန်စစ်သား ၏ နန်းသက် အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ် သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလ ဟု ဆိုရလိမ့်မည်လို့ ဖတ်ရရာ  ပုဂံခေတ် ပြည်သူတွေရဲ့ ဘဝကို ရော်ရမ်းမှန်းဆရင်း ကျေနပ်နေမိရာက လက်ရှိကာလကိုပင် ခေတ္တမေ့သွားရလေသည်။
                  သို့သော် မေ့လို့မရပါ။ နေ့စဉ်သတင်းတွေမှာ တုတ်တပျက် ဒါးတပျက် သတင်းတွေက ပလူပျံနေလေသည်။ တရက်များဆို ဒါးထိုးသည့်သတင်း ဆက်တိုက် သုံးခု ဖတ်လိုက်ရသည်။ စိတ်မချမ်းမြေ့စရာပါလား လို့ တယောက်ထဲ အသံထွက် ရေရွတ်မိသည်အအထိပင်။ တက္ကစီငှားစီးသည့် ခရီးသည်က ကားဆရာကို ဒါးဖြင့်ထိုးသွားသည့် သတင်း၊ ယာဉ်မောင်းက ခရီးသည်ထံက ငွေနဲ့ပစ္စည်းကို ဒါးထောက်လုယူတဲ့သတင်း၊ ဟိုတယ်မှာ ထိုးသွင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့သတင်း၊ ဗျောက်အိုးဖောက်တာကို မဖောက်ဖို့ ပြောတဲ့ အမျိုးသမီးကို ဖောက်တဲ့လူငယ်က ဒါးနဲ့ ထိုးသွားတဲ့သတင်း၊ ပြန်ဆက်ဖို့ ပြောတဲ့ ရီးစားကို ပြန်လက်မခံတဲ့အတွက် အဆောင်ထဲအထိဝင်လာပြီး ဒါးနဲ့ထိုးတဲ့သတင်း၊ ဆက်ရေးက ဒါးသတင်းတွေနဲ့တင် စာမူကော်လံပြည့်လောက်သည်။ ပြစ်မှုကျူးလွန်သူတွေရဲ့ အသက်တွေက (၁၇)၊ (၁၈) ကနေ နှစ်ဆယ်ဝန်းကျင်တွေ၊ ဒီအရွယ်တွေက ပြစ်မှုကျူးလွန်နေရမယ့် အရွယ်တွေမဟုတ်၊ အညွန့်တလူလူနဲ့ ဘဝတက်လမ်းအတွက် ကြိုးစားနေရမယ့်အချိန် မဟုတ်ဘူးလား၊ စာသင်ခန်းထဲ ရောက်နေပြီးပညာကြိုးစားရှာနေရမယ့် အရွယ်တွေမဟုတ်ပါလား၊
အခုက လူငယ်တွေ ပြစ်မှုကျူးလွန်တာရဲ့နောက်ဆက်တွဲမှာ အရက်သေစာသောက်စားခြင်းနဲ့ မူးယစ်ဆေးသုံးစွဲခြင်းတို့က ထိပ်ဆုံးက ပါဝင်နေသည်။ မြန်မာပြည်မှာ အပေါဆုံးက မူးယစ်ဆေးဝါး ဆေးပြားတွေ ဖြစ်နေတာလို့ ပြောကြတာ များလာပြီ။ ဒီတိုင်းဆက်သွားက လူမျိုးတုံးပေတော့မည်။
               ရှမ်းပြည်နယ် တိုင်းရင်းသားဒေသတခုက မိခင်တယောက်ရဲ့ သောကကို နားထောင်ရတာပြန်အမှတ်ရသည်။  သာလေးမွေးထားတာ  အသက်(၁၀)နှစ်လောက်  ရောက်လာက စစ်တပ်က ပေါ်တာဆွဲတာခံရမလား၊ မူးယစ်ဆေးသုံးတော့မလား၊ လက်နက်ကိုင်တိုက်တဲ့အထဲ ရောက်သွားမလား ပူရတာနဲ့ တဖက်နိုင်ငံကိုပဲ ထွက်လာခဲ့ပြီး ရရာအလုပ်လုပ် နေလိုက်ရသည်တဲ့၊ စာမမတ်ပေမတတ် ဘဝရောက်ရပေမယ့် လူကောင်းလေးတော့ ဖြစ်ကျန်သည်ဆိုလေသည်။ ရင်ထဲနင့်ရသည့် အကြောင်းအရာတွေ တသွေမတိမ်း သံတူကြောင်းကွဲတွေ များစွာ နားထောင်ခဲ့ရဖူးသည်။ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းလေးတွေ  အန္တရာယ်အပေါင်းက ရှောင်ခွာဖို့ ထွက်လာကြသည်။ ထိုအထဲမှာ ဆင်းရဲဒုက္ခတွေလည်း ပါသည်။ ဒီအကြောင်းတွေလည်း ရေးရတာ အပ်ကြောင်းထပ်ပါပြီ။
            အခုအချိန်မှာ မူးယစ်ဆေးဝါးပြဿနာက နယ်စပ်ဒေသတွေကနေတဆင့် ရန်ကုန်လို မြို့ကြီးပြကြီးတွေအထိ ရောက်လာပြီ။ လူငယ်တွေ မူးယစ်ကျေးကျွန်တွေ ဖြစ်လာကြသည်။ မိခင်တွေ သောကများရပြီ၊ မိသားစုတွေ စိုးရိမ်နေရပြီ၊ မလုံခြုံသည့်ဘဝတွေ ဖြစ်နေကြရပြီ၊
ဒါတွေက လတ်တလော ဖြစ်လာရသည့် အကြောင်းမဟုတ်၊ အရင်းစစ်တော့ တဖြည်းဖြည်းပျက်သုဉ်းလာသည့် စနစ်ဆိုးကြောင့် မြေစာပင်ဖြစ်ရသည့် မျိုးဆက်တွေ ပေါ်လာရတာပင်၊ ယခုမျိုးဆက်ကနေ ဒီအတိုင်းဆက်သွားသော် လူငယ်မျိုးဆက်တွေ အတွက် ဆက်ပြီးမတွေးဝံ့၊
                ဆိုးဝါးလှသည့် သတင်းအဖုံဖုံထဲကမှ  သတင်းတပုဒ်က အင်မတန်စိတ်ထိခိုက်ရပြီး တခါမှ မမြင်ဖူး မသိဖူးသည့် မိခင်တယောက်ရဲ့ သောကကို မျှဝေခံစားမိကာ အိပ်မရတဲ့ အထိ အတွေးတွေ ဝင်မိတဲ့အထိပင်။ ကလေးမြို့က မူးယစ်တပ်ဖွဲ့မှုးကို ရန်ပြုချိန်းခြောက် ကားမှန်ခွဲတဲ့ သတင်းဖြစ်သည်။
             " တပ်ဖွဲ့စုမှူးအနေနဲ့ကင်းစခန်းတွေကို လှည့်လှည်စစ်ဆေးမှုပြုနေစဉ် ကလေးမြို့ တာဟန်း ရပ်ကွက်အခြမ်း ဗိုလ်ချုပ်လမ်းနဲ့ဒိုးဝိုင်းချောင်းသုဿာန်လမ်းအကွေ့မှာ လူငယ်တစ်ဦးဟာ ဆိုင်ကယ် လမ်းပြောင်းပြန်စီးနေတာကြောင့် ဟွန်းတီးခဲ့ရာကနေ ကားနောက်လိုက်လာပြီး ကားရှေ့ ဆိုင်ကယ်ရပ် ကားဘောနပ်ပေါ်တက် ကားမှန်ခွဲ ဆဲဆိုပြီး သတ်ပစ်မယ် ဟု ခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်” လို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးက ပြောတာ ဖတ်ရသည်။ အဆိုပါလူငယ်မှာ အသက်(၁၈)နှစ်အရွယ် ဖြစ်ပြီး၊ အရက်သေစာသောက်စားထားတယ်လို့လည်း ဖော်ပြထားသည်။ တဆက်ထဲ မြို့ခံတဦးရဲ့ အမြင်ကိုပါ ဖတ်လိုက်ရသည်။

“အရက်နှင့် မူးယစ်ဆေးဝါးက လူငယ်တွေကြားမှာ စိမ့်ဝင်နေပြီး သုံးစွဲသူအဖို့ ပင်ကိုယ်စိတ်ပျောက်ပြီး မလုပ်ရဲတာမရှိ ဖြစ်တတ်တယ်။ နေရတာ ခုဆို အစစ အရာရာ သတိထားနေရတယ်။ လုံခြုံမှု မရှိဘူး”
                သတင်းက မူးယစ်ရမ်းကားတဲ့ သတင်းပါပဲ၊ ဒါပေမယ့် သတင်းနဲ့အတူ ဖော်ပြပါလာတဲ့ သတင်းဓါတ်ပုံထဲမှာ ညစ်ပေစုတ်ချာလှတဲ့ လူငယ်တယောက် တုံးလုံးလဲနေပြီး လူကြီးတယောက်က အတင်းဖမ်းချူပ် မိမိရရဆုပ်ကိုင်နေဟန်က အင်မတန် စိတ်မကောင်းစရာဖြစ်လို့နေသည်။ လူငယ်လေးရဲ့ မျက်နှာက တကယ့်ကို ကလေးသာသာအရွယ်၊ ပညာရှာရမယ့်အရွယ်တွေ ဆိုးသွမ်းလူငယ်ဖြစ်ပြီး လူကြီးတွေက ဖမ်းချူပ်နေတဲ့ ပုံရိပ်တွေ မမြင်ရက်စရာ များလာသည်။ ဒီပုံကို သူ့ရဲ့မိခင် မြင်ရသော်၊ ဒီမြင်ကွင်းကို ကြည့်ပြီး ဘယ်လောက်တောင်ခံစားရမလဲ၊ ဘယ်မိခင်မှ ကိုယ့်သားလေး လူဆိုးဖြစ်အောင် မွေးလိုက်မယ်လို့ စိုးစိမှမရှိ၊ သူ့အရွယ်က လှချင်ပချင် ဝတ်ချင်စားချင်သည့်အရွယ်၊ ဒီလိုအရွယ်မှာ အရွယ်နဲ့မလိုက် စုတ်ချာစွာ ဝတ်ဆင်ရသည်။ မြင်ရတာပင်စုတ်ချာသော် မမြင်ရတဲ့ စားသောက်နေထိုင်မှုဘဝ အဘယ်မျှ စုတ်ချာနေမှာပါလိမ့်၊ ဆင်းရဲတဲ့ ဘဝထွက်ပေါက်က မူးယစ်သေစာ သောက်စားတဲ့ဘဝကို ပို့လိုက်လေသလား၊ ပူးတွဲပါတဲ့ပုံက ပိုဆိုးသည်။ ကြေမွနေသည့် ကားမှန်မှာ ကျည်ရာ အပေါက်၊ ပန်းထွက်ထားသည့် သွေးစသွေးနေတွေ၊  " စကားပြောသော အသဲနှလုံး" ရုပ်ရှင်ထဲက နာမည်ကျော် မိခင်မေတ္တာ စကားလေးလို  "သား လူလေး ဘယ်နားနာသွားသေးလဲ " လို့တောင် သူ့အမေ မေးခွင့်ရပါ့မလား၊
                  လူငယ်တွေက အရက်နဲ့ မူးယစ်ဆေးကို ဘဝရဲ့ ထွက်ပေါက်အဖြစ် သုံးနေကြတယ်လို့ တချို့က သုံးသပ်ကြသည်။ ဒါ့ဖြင့် ဆင်းရဲလှသည့် ဘဝတွေမှာ ဖြတ်သန်းရသည့် လူငယ်တွေအတွက် ဘဝနေနည်းတွေ လမ်းပြဖို့ လိုနေတာ သေချာသည်။ တိုင်းပြည်ဆင်းရဲ ချွပ်ခြုံကျတာကနေ  ဆင်းရဲမွဲတေသူများလာတာ၊ ပညာမသင်နိုင်တဲ့ ကလေးတွေများလာတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုအတွက် ငွေရှာရင်း လူငယ်ဘဝ ပျောက်ဆုံးနေရတာ၊ နေထိုင်ရတာ လုံခြုံမှုမရှိတာ စတာတွေ အပြင် ဆင်းရဲတဲ့ အတွက် မြေနိမ့်ရာလှံစိုက်ခံရတဲ့ အဖြစ်တွေကတပုံတပင်။ ဆင်းရဲသူကို အိမ်နီးချင်းက အဖက်မလုပ်၊ ပစ္စည်းပျောက်က သူဆင်းရဲသာယိုးတတ်တဲ့အတိုင်း နိုင်ငံနှင့်ယှဉ်လိုက်က မြန်မာဆိုတာနှင့် မြေနိမ့်ရာလှစိုက်လိုသည့် အဖြစ်တွေ များစွာ ဖြစ်လာပြန်လေသည်။ တနေ့က ထိုင်းသတင်းမှာ လမ်းဘေးမှာနေတဲ့ အခြေအနေမဲ့ ထိုင်းလူမျိုး (၃)ဦးအထိ သတ်ခံခဲ့ရပြီး အသတ်ခံခဲ့ရတဲ့ လူတွေအားလုံးမှာ ပုံစံတူ သတ်ခံရတယ်လို့ ကြေညာသည်။  လူသတ်သမားကို  လိုက်လံ စုံစမ်းဖော်ထုတ်နေပြီလို့ ဆိုရာ စိတ်ထဲမှာ " ဘုရား ဘုရား မြန်မာတွေ မဟုတ်ပါစေနဲ့၊ မြန်မာကိုလည်း မယိုးစွပ်ပါစေနဲ့ ရက်စက်တဲ့ လူသတ်တရားခံအစစ်ကိုသာ အမှန်အတိုင်း ရှာဖွေနိုင်ပါစေ" လို့ ဆုတောင်းနေမိသည်။
               ဆုတောင်းကား မပြည့်၊ နောက်ရက်မှာ အဆိုပါ စိတ္တဇဆန်ဆန် လူသတ်မှုကို ကျူးလွန်သူကို ရဲက ဖမ်းမိရာ မြန်မာတဲ့၊ အသက်နှစ်ဆယ် လူငယ်တယောက်၊ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့ဒါးသတင်းတွေ စိတ်ပျက်လို့ ထိုင်းချန်နယ်ကို ကြည့်မိတဲ့အခိုက် အဆိုပါ လူသတ်တရားခံကို ဖမ်းမိသည့် သတင်း ကြည့်လိုက်ရတာဖြစ်သည်။ မြန်မာပြည် မော်လမြိုင်က ထိုင်းမှာ လာရောက်အလုပ်လုပ်ရင်း အထောက်အထား မရှိတဲ့အတွက် အဖမ်းခံရကာ နယ်စပ်ကို ပြန်ပို့ ခံရပြီး ပြန်ဝင်လာတာ ခြောက်ရက်သာ ရှိသေးသည်တဲ့၊ အမှိုက်ကောက်ပြီး ဝင်ငွေရှာကာ ရပ်တည်နေတာဖြစ်သည်တဲ့၊ ထုံးစံအတိုင်း လက်ထိတ်တန်းလန်းနဲ့ ကျူးလွန်တဲ့ ပုံစံတွေ သရုပ်ပြခိုင်းတာမှာ သူ့ပုံစံက အေးအေးဆေးဆေး၊ ကြည့်ရတာ ဘာမှ နားမလည်ပဲ သူအမှိုက်ကောက်တာကို လိုက်ပြနေတဲ့ပုံစံ၊ သူ့မိသားစုက မြန်မာပြည်ထဲ ကျန်ခဲ့တာလား၊ သူက အလုပ်လုပ်မယ်ဆိုပြီး ထိုင်းဘက်ထွက်လာတာလား၊
                 အမျိုးသမီးအကျဉ်းထောင်မှာ ထောင်ဝင်စာသွားတွေ့စဉ်က တသက်တကွန်းကျနေသည့်  မော်လမြိုင်ဘက်က မိန်းကလေးတယောက်ကို ဆုံဖူးသည်။ အိမ်ကိုအကြောင်းကြားပေးရမလား၊ အိမ်ကသိသလား အမေးကို သိသလား မသိသလား သေချာမသိ၊ အိမ်ကလူတွေက သူထိုင်းဘက်မှာ အလုပ်သွားလုပ်မှာဆိုတာပဲ သိပြီး အဆက်အသွယ်ပြတ်သွားတာဖြစ်သည်တဲ့၊ အခုဆို အနှစ်နှစ်ဆယ် ထောင်ထဲ နေလာပြီးတဲ့အခါ အိမ်လိပ်စာတောင် မမှတ်မိတော့ပါလို့ ဆိုသည်။ ဒီလိုပဲ အိမ်နှင့်အဆက်အသွယ်ပြတ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ရုန်းကန်နေရသူတွေ တပုံတပင်။
        " သူသတ်တာ ဟုတ်ရဲ့လားမသိ၊ သူ့ကြည့်ရတာ အူကြောင်ကြောင် အတီးအတ ပုံနဲ့ " ဆိုတော့ မိတ်ဆွေတယောက်က " ဟုတ်ပကွာ ဆင်းရဲလို့ တရားခံ ဖြစ်ပြန်ပြီလား မသိ" လို့ စိတ်ပျက်လက်ပျက် ရေရွတ်သည်။ ရဲတွေက DNA စစ်ဖို့ ယူသွားတာပဲလေ ၊ စီစီတီဗွီကလည်း သူ့ပုံ၊ အဝတ်အစားကလည်း အတူတူပဲဆိုတော့ ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲ ဒီလိုပဲ ခန့်မှန်းပြောကြရသည်။ ကိုယ်တိုင်သိတဲ့ မြင်တဲ့ ကိစ္စတွေမှ မဟုတ်၊
စိတ်ထဲမတော့ တယောက်ထဲ စုံထောက်လုပ်နေမိသည်။ အမှိုက်ကောက်နေပေမယ့် စက်ဘီးက နဲနဲ သစ်နေတာမှာ သူ့ကို ဒီတိုင်းလျှောက်သွားနေလို့ တယောက်က စက်ဘီးတစီးပေးထားလို့ စက်ဘီးနဲ့ အမှိုက်လိုက်ကောက်တာလို့ ရဲထံ အစစ်ခံထားတာ ဖတ်ရရာ အဝတ်အစားကရော လူသတ်တရားခံက ပေးလို့ ဝတ်ထားတာ မဖြစ်နိုင်ဘူးလား၊ မျက်နှာကို အကဲခပ်တာမှာ လူသတ်လောက်တဲ့ ရုပ်လက္ခဏာမရှိ၊ ဒါပေမယ့် စိတ်ရောဂါရှိနေရင်တော့ လုပ်နိုင်တာပဲ ၊ ကိုယ့်နိုင်ငံသားဆိုတော့လည်း ညှာညှာတာတာ တွေးမိလေသလား ကိုယ့်ကိုယ်ကိုပြန်မေးရင်း ဒီရက်ပိုင်း စိတ်မကောင်းစရာ သတင်းတွေနှင့်လုံးထွေးနေမိတော့သည်။ မကြာပါ၊  မြန်မာလူငယ်ကို ဖမ်းမိပြီး တရက်သာခြားသည်။ အဆိုပါ လူသတ်သည့်ပုံစံအတိုင်း လမ်းဘေးမှာ အိပ်နေသည့် အခြေအနေမဲ့ လူတယောက် ပုံစံတူ အသတ်ခံရပြန်သည်တဲ့၊ ဒါဖြင့် လူသတ်တရားခံက ဘယ်သူလဲ၊ အခုထိတော့  ဖမ်းမိသည့် သတင်းတက်မလာသေး၊ ဒါဖြင့် အဆိုပါ မြန်မာလူမျိုး အမှိုက်ကောက်သူ ဘာဖြစ်သွားပြီလဲ၊ ဘယ်သူမှမသိ၊ ထိုင်းနိုင်ငံမှာရှိတဲ့ ကိုယ့်တိုင်းပြည်က တာဝန်ရှိသူတွေကရော အမှိုက်ကောက်သူက လူလို့ တွေးမိကြရဲ့လား၊ ဘာမှ ပြောသံမကြားရ၊ အပြစ်ရှိလား၊ မရှိလား ၊ တရားခံအစစ်လား ၊ စွပ်စွဲခံရတာလား ကာကွယ်ရပ်တည်ပေးမယ့်သူမရှိ၊ ဒါ့ကြောင့်လည်း ထိုင်းနိုင်ငံထောင်ထဲမှာ မြန်မာလူမျိုးတွေ ထောင်ဂဏန်းမက ရှိသည်။
ဆင်းရဲတော့ လူလူသူသူ ဆက်ဆံမခံရတဲ့အပြင် တစုံတခုဆိုက ယိုးစွပ်ခံရတာ ထိပ်ဆုံးက မြန်မာပေါ့၊
                      " များစွာသောသူခပ်သိမ်းတို့ သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့  ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။"
ကျန်စစ်သားမင်းရဲ့ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသည့်  ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်ထားတဲ့ နန်းတက်ကတိ ကို အကြိမ်ကြိမ်ပြန်ကြားယောင် နေမိပါတော့သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment