December 18, 2016

" ဟန်ညီညီချီ"၁၉ရက် ဒီဇင်ဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၉)


မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေ တရိပ်ရပ်တက်တယ်တဲ့ ၊ ထိုင်းမှာလည်း တနှစ်တနှစ် မသိမသာတက်လာလိုက်တာ ဒီနှစ်ကျ သိသိသာသာ ဈေးနှုန်းတွေ ပြောင်းလာတာ သတိပြုမိရသည်အထိ၊ ဒါပေမယ့် ဘာတွေ ဘယ်လောက်ဈေးတက်တက် တော်ရုံမတက်သည့် ပစ္စည်းအမျိုးအစား တွေများစွာ ရှိသည်။ ဟင်းသီးဟင်းရွက်၊ လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်နှင့် ဆေးဝါးဖြစ်သည်။ အမြဲတန်း လိုလို နှစ်စဉ် တက်နေတာက အရက်နဲ့ ဆေးလိပ် ဖြစ်ပြီး သူတို့ အပေါ် အခွန်နှုန်းကောက်တာလည်း မကြာခဏ တိုးတတ်သေးသည်။ လုံးဝ မတက်တာက အသင့်စား ခေါက်ဆွဲခြောက် ထုတ်ကလေးတွေ ဖြစ်သည်။ ဒါ့ကြောင့် ကုန်ဈေးနှုန်းတက်၍ မကျေမနပ် ဖြစ်သံ သိပ်မကြားရတာ ဖြစ်မည်။
ချင်းမိုင်ကို ရောက်စ ထိုင်းမှာ အနေကြာသည့် မိတ်ဆွေ တယောက်က ပြောသည်။ မာမားခေါက်ဆွဲခြောက်ထုတ် ငါးဘတ်ကနေ ခြောက်ဘတ်ကို ဈေးတက်တာ ပြည်သူတွေ ပူညံပူညံ လုပ်လို့ ငါးဘတ်နဲ့ပဲ ရောင်းပေးရသည်တဲ့၊ ထိုအချိန်တုန်းက ထိုင်းမှာ ရှိမနေတဲ့ အတွက် ကိုယ်တိုင် မကြုံခဲ့ပေမယ့် အခုလို ထိုင်းမှာနေရတဲ့ (၆)နှစ်တာကာလအတွင်း မာမားခေါက်ဆွဲခြောက်အပါအဝင် အခြား အသင့်စားခေါက်ဆွဲခြောက်တွေ တထုတ် ငါးဘတ်က ငါးဘတ်ပဲ ၊ ဈေးမတက်တာ သတိထားမိသည်။ တခုတော့ ရှိသည် ၊ တံဆိပ်တူကိုပဲ အလေးချိန်တိုးကာ အထုတ်နဲနဲ ကြီးပြီး ရှစ်ဘတ်တန် အသစ်ထွက်လာသည်။ ကိုယ်တတ်နိုင်တာ ကိုယ်ရွေးချယ် ဆိုသည့် သဘော၊ ထိုင်းလူမျိုး စီးပွားရေးသမားတွေမှာ အများအားဖြင့် စားသုံးသူတွေ အဆင်ပြေပြေ ဖြစ်အောင် ဈေးကွက်စစ်တမ်း(ဆာဗေး ) ကောက်သည့် အကျင့် ရှိကြသည်။ ဒါ့ကြောင့်လည်း သွားတိုက်ဆေးဘူးတဘူးကို ငါးဘတ် ဈေးတင်တော့မည်ဆိုက ဒီတံဆိပ်ကိုပဲ ဘူးအရောင်ပြောင်းလိုက်တာမျိုး၊ ပါဝင်ပစ္စည်း တခုခု ပြောင်းတာမျိုး လုပ်ပြီး အသစ်ထုတ်လိုက်သည်။ အရင်အဟောင်းကို တခုဝယ်က တခု အလကား( buy 1 get 1) ဖြင့်ဈေး ချလိုက်သည်။ ဈေးဟောင်းဖြင့် ရောင်းသည့် ပစ္စည်း ပြတ်သွားသည်။ သူ့ပစ္စည်း ဈေးတက်တာမဟုတ်၊ နောက်အသစ်ထုတ်တာမို့ ဈေးတမျိုး လို ပြောင်းလိုက်သည်။ ဈေးတက်တယ်လို့ စားသုံးသူတွေ မမြင်ရလေအောင် ထုတ်လုပ် ရောင်းချသည့် စီးပွားရေးနည်းဗျူဟာ တမျိုး ဖြစ်မည်။
နောက်တမျိုးက ကုန်ပစ္စည်းတမျိုးကို အရွယ်စုံ ထုတ်ပေးပြီး ဈေးနည်းနည်းပဲ တတ်နိုင်သူက သေးတာယူ၊ ဒါမှမဟုတ် လူနည်း၍ နည်းနည်းပဲ အသုံးလိုသူက လိုသလောက် တန်ရာတန်ကြေး အနည်းငယ်သာပေးဝယ်လို့ရအောင် ထုတ်လုပ်တာဖြစ်သည်။ အစားအသောက်၊ လူသုံးကုန်ပစ္စည်း အားလုံး လိုလို တံဆိပ်တူ၊ ပစ္စည်းအမျိုးအစားတူ ကို ၅ဘတ်တန်ကနေ (၂၀) (၃၀) စသဖြင့် ခွဲပေးထားရာ လူတန်းစေ့ လူတိုင်း မသုံးနိုင်သည့် ပစ္စည်းမရှိ၊ လူတိုင်း သုံးနိုင်အောင် ကြံဆောင်ထားတာမှာ စီးပွားရေးတွက်တွက်က လုပ်ငန်းရှင်အဖို့လည်း တွက်ခြေကိုက်လှပါသည်။ နှစ်ဦးနှစ်ဖက် အဆင်ပြေကြသည့် စနစ်။
ဒါက ကိုယ့်တိုင်းပြည်မှာ ကိုယ့်ပြည်သူတွေအတွက် ကိုယ်တိုင် ထုတ်နိုင်လို့ အားသာတဲ့ အချက်တခုပင်၊ မြန်မာနိုင်ငံလို ကိုယ်ပိုင် ထုတ်ကုန် မရှိ၊ ရှိသော်လည်း မလောက်င၍ ပြည်ပက ဝယ်ယူတင်သွင်းရသူ အဖို့ ဈေးမတက်၍ မရ၊ သူတို့တက် လိုက်တက်ရသည့် အပြင် ငွေလဲလှယ်နှုန်းလိုက်ပြီး တက်သွားတာလည်း ရှိသေးသည်။
ထိုင်းမှာက ဟင်းသီးဟင်းရွက်က ဒီဈေးက ဒီဈေးပင်၊ မတက်၊ ရာသီပေါ် အသီးအနှံဆိုတာ ခပ်ရှားရှား၊ ဆယ့်နှစ်ရာသီ သီးအောင်၊ ဖြစ်အောင် ဘယ်လိုနည်းပညာတွေနဲ့ ထုတ်သည်မသိ၊ ခရမ်းချဉ်သီး တမျိုးသာ ရာသီပေါ်ချိန်မှာသာ ဈေးသက်သာပြီး သူတုံးချိန်မှာ ဈေးတက်တာ မှတ်မှတ်ရရ သတိထားမိသည်။ သား ငါး အမဲ ဝက် ကြက်တို့က တရှိန်ထိုး မတက်ပေမယ့် တအိအိတက်ရင်း လွန်ခဲ့သည့် (၆) နှစ်ခန့်က ငါးခူ တကီလို (၅၀) ဘတ်ကနေ (၅၅)ဘတ်၊ (၆၀)၊ ( ၆၅) ဆိုသလို မသိမသာ တက်လာတာမှာ ဒီကနေ့ ငါးခူတကီလို ဘတ်( ၈၀) ဖြစ်နေပြီ။ တနှစ်တနှစ် တက်တာ မသိသာပေမယ့် ယခု ပြန်ကြည့်မှ ဈေးကွာလာတာ သတိထားမိတာ ဖြစ်သည်။ တက်ပြီးရင် ပြန်မကျတာ ကုန်ဈေးနှုန်းလို့ မြန်မာတွေက ဆိုပေမယ့် ထိုင်းမှာတော့ အတက်အကျလေး ရှိသေးတာ သတိထားမိသည်။
ဒီဇယ်ဈေး၊ ဓါတ်ဆီဈေး တွေက အတက်အကျ ရှိသည်။ ယခုရက်ပိုင်းမှာပင် လောင်စာဆီ ဈေးတက်သည်။ တလီတာကို လေးဘတ်ခန့် ဈေးတက်သည်။ ဆိုင်တွေမှာ ဒီဂျစ်တယ်စက်တွေနဲ့ ပြထားတော့ ကျတဲ့အခါ ဈေးနှုန်းပြောင်းပြတာ သတိထားမိသည်။ တက်ပြီး ဆက်တက်သွားတာ သိပ်မတွေ့ရ၊ ကျချိန်တန် ပြန်ကျလေသည်။
အခုအချိန်မှာ အကျချင်းတူနေတာက စပါးဈေး ဖြစ်သည်။ ဆန်ဈေးလည်း ကျသည်။ ဆန်ဈေးကျတာနဲ့ ပတ်သက်ပြီး ဘာလို့ ဆန်ဈေးတွေ ကျသလဲ တွေးတော စဉ်းစားခန်းဝင်တုန်း တိုက်ဆိုင်မှု တခုက ရယ်စရာ ဖြစ်ရသေးသည်။ ထိုင်းလူမျိုးတွေက ထမင်းစား နည်းသည်။ အခြား သားရေစာ နဲ့ အစားအသောက်တွေ စားကြတာများသည်။ သင်္ဘောသီးထောင်း၊ ကွေ့တီယို၊ အကင်၊ ကောက်ညှင်း စတာတွေ ထမင်းလွတ် စားကြသည်။ ကြက်ကြော်၊ ပီဇာ၊ ဟန်ဘာဂါလို အသင့်စားတွေလည်း စားကြသည်။ ထမင်းစားသည့်ပုံစံက ထမင်းနဲနဲ ဟင်းများများပုံစံ၊ ထမင်းကို လက်ဘက်ရည်ပန်းကန်လုံး တလုံးစာသာ စားကြသည်။
ဆီးချို ရောဂါ ရနေသည့် ခင်ပွန်းဖြစ်သူကို သွေးထဲ ဂလူကို့စ်ပါဝင်မှု စစ်ပြီးတိုင်း ဆရာဝန်က ကာဘိုဟိုက်ဒရိတ် လျှော့စားဖို့ပြောသည်။ ခင်ပွန်းဖြစ်သူက ညနေစာ ထမင်း တနပ် လျှော့စားသည်။ ဒါလည်း နောင်တိုင်းလိုက်တိုင်း တက်မြဲ၊ ဆီးချိုပညာပေး ဆောင်းပါး တပုဒ်အောက်မှာ ရေးထားသည့် ကောမန့်တခုကိုပင် သတိရမိသေးသည်။ ဆီးချိုဝေဒနာသည် အဖို့ကတော့ ထမင်းတောင် အဆိပ်ဖြစ်တယ်တဲ့၊ ဒါနဲ့ တနပ်ထဲစားတဲ့ မနက်စာကိုပဲ အများကြီးမစားပဲ လျှော့ဖို့ စဉ်းစားရပြန်သည်။ ထိုင်းတွေ စားသလို လက်ဘက်ရည် ပုဂံတလုံးစာသာ စားတော့မည်တဲ့၊ ထိုင်းတွေလည်း ထမင်းစားသာနည်းတာ အချိုကြိုက်ပြီး အချိုတွေ စားလို့ ဆီးချိုရောဂါ အဖြစ်များသတဲ့၊ ပြောမိရင်း မြန်မာတွေကတော့ ထမင်း တနေ့ကို သုံးနပ်တောင် စားလို့ ကာဘိုဟိုက်ဒရိတ်များတာရယ် ဓာတုဆေးဝါးတွေသုံးတဲ့ အစားအစာတွေရယ်ကြောင့် အခု ဆီးချိုရောဂါသည်တွေ များလာသတဲ့ ပြောမိကြသည်။
" ဒါ့ဖြင့် ထမင်းတွေ လျှော့စားနေကြလို့ ဆန်ဈေးတွေ ကျသလားကွာ" တဲ့ ဟုတ်များနေမလား၊ လူတွေ ထမင်းလျှော့စားနေကြသလားလို့ ယောင်တောင်ပေါင်တောင် အတွေးရောက်လိုက်သေးသည်။
ပြီးခဲ့သည့်(၂) နှစ်ခန့်ကလည်း ထိုင်းမှာ စပါးဈေးတွေကျသေးသည်။ ထိုအခါ လယ်သမားတွေကို ထိုစဉ်ကအာဏာသိမ်း စစ်ခေါင်းဆောင်က စပါးဈေးမရက ဈေးကောင်းရသည့် ခွေးလှေးယားသီး စိုက်ပါလား ပြောတာ တောင်သူလယ်သမားတွေ အလွန်အမင်း စိတ်ဆိုးကြသည်လို့ ကြားလိုက်ရသည်။ ကုန်ဈေးနှုန်းပဲ တက်မှာပဲ၊ ကျမှာပဲ လို့ တိုင်းပြည်ကို ဦးဆောင်သူက လက်လွတ်စပယ် ပြော၍ မရ၊ အစိုးရမှာ ထိန်းကျောင်းရမည့် တာဝန်ရှိလေသည်။ ဒါတောင် ထိုင်းနိုင်ငံမှာ ဘုရင့် စီမံကိန်း တခုက ပြည်သူတွေရဲ့ အခြေခံ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထား၊ စီမံထားတာတွေ များစွာ ရှိနေတဲ့အတွက် ခံသာနေတာပင်။ စိုက်ပျိုးရေးထွက်ကုန်တွေ၊ မွေးမြူရေးထွက်ကုန်တွေ ပေါလျှံနေအောင် နည်းပညာတွေဖြင့် စီမံထားသည့်အတွက် ကုန်ဈေးနှုန်းဒဏ် သိပ်မခံစားရပေ။
The Royal Projects ရဲ့ ရည်ရွယ်ချက် က မိမိအရပ်ဒေသမှာ သက်တောင့်သက်သာ လွယ်လွယ်ကူကူဖြင့် ရပ်တည် ရှာဖွေ စားသောက်နေနိုင်ရေးဖြစ်ပါသတဲ့။
(1. Agriculture 2. Environment 3. Public Health 4. Occupational Promotion 5. Water resources 6. Communications 7. Public Welfare, and 8. Others ) ဆိုသည့်( ၁) လယ်ယာစိုက်ပျိုးရေး၊( ၂) ပတ်ဝန်းကျင်ထိန်းသိန်းရေး၊( ၃) ပြည်သူ့ကျန်းမာရေး၊ (၄) အလုပ်အကိုင်မြှင့်တင်ရေး၊ (၅) ရေအရင်းမြစ်များ၊ (၆) ဆက်သွယ်ရေး၊ (၇) လူမှုဖူလုံရေး၊( ၈) အခြား စတဲ့ ကဏ္ဍခွဲ လုပ်ငန်းတွေနဲ့ ဒေသစီးပွားရေး မြှင့်တင်ဖော်ဆောင်ဖို့ ဦးတည် လုပ်ဆောင်ခဲ့တာလို့ သိရသည်။ တကယ်တော့ အဆိုပါ လုပ်ငန်းခွဲတွေမှာ ခုခံအားတွေ ဖြစ်တယ်ဆိုတာ ယခုလို အခြေအနေမှာ ပိုပြီးသိရသည်။ ခုခံအားကောင်းက တက်လိုက် ကျလိုက် နှိပ်စက်တတ်သည့် ကုန်ဈေးနှုန်းဆိုတာကို တွန်းကန်ထားနိုင်ပေလိမ့်မည်။
ပြည်ပထွက်ကုန်တွေကိုသာ အဓိက ဝယ်ယူသုံးစွဲနေရသေးသည့် မြန်မာနိုင်ငံအဖို့ ကုန်ဈေးနှုန်းတက်သည့် ဒဏ်ကို ခါးဆီးခံနေရပေအုန်းမည်၊ ဒီဒဏ်တွေကို ခုခံ တွန်းလှန်နိုင်အောင် ကိုယ်ခံအားကောင်းကောင်း ရှိဖို့ လိုသလို စီးပွားရေးသမားတွေကလည်း စားသုံးသူ မျက်နှာကို ကြည့်ပြီး အများပြည်သူ အဆင်ပြေအောင် သမာအာဇီဝကျကျ ရောင်းဝယ်ဖောက်ကား ခြင်းဖြင့် ဝိုင်းဝန်း ကူညီဖို့ လိုလေသည်။ ဒါတင်မက အတ္တကို ရှေ့တန်းမတင်ပဲ မိမိအတွက်လည်း အကျိုးရှိ၊ အများအတွက်လည်း အဆင်ပြေမည့် ဈေးကွက်ရောင်းနည်းမျိုး ဖြင့် ပြည်သူအားလုံး အဆင်ပြေအောင် ထုတ်လုပ် ရောင်းချ ကြမည်ဆိုပါက အပြောင်းအလဲကာလအတွင်း သက်တောင့်သက်သာ ရှိမည့် ခုခံအားလေးတခု ဖြစ်လာနိုင်မှာပါလို့ တွေးမိပါသည်။ ကိုယ်သုံးသလို လူတိုင်း သုံးနိုင်ကြပါစေ၊ လူတိုင်း လိုအပ်တဲ့ပစ္စည်း လူ့အသုံးအဆောင်တွေကို ကိုယ်နိုင်သည့် အတိုင်းအတာဖြင့် တန်းတူညီမျှ ဝယ်ယူသုံးစွဲနိုင်ကြပါစေ ဆိုသည့် စိတ်ထားမွေးပြီး ရောင်းဝယ်ဖောက်ကား သည့် စနစ် ပေါ်ထွန်းပါစေ၊
" အများကဆင်းရဲနေပြီး ကိုယ်တယောက်ထဲ ချမ်းသာနေတာ ဂုဏ်ယူစရာ မဟုတ်" လို့ လူထုခေါင်းဆောင် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ရဲ့ မှတ်သားစရာ စကားလေးက ကိုယ်ချင်းစာတရားနဲ့ အများအကျိုး အတွက် ရှေ့ရှုပြောခဲ့တာပဲ မဟုတ်ပါလား။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment