August 13, 2017

"ဇာတ်လမ်းတစ်ပုဒ် ပန်းလေးတစ်ဆုပ်"၁၄ရက်ဩဂုတ်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၁)မှ


အားတဲ့ရက်တွေမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်လို့ရအောင်ဆိုကာ သမီးတယောက်က ဇာတ်လမ်းတွဲလေးတွေ ဖုန်းပေါ်မှာ bookmark တင်ပေးထားသည်။ စာဖတ်ရာက အပြောင်းအလဲအဖြစ် ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်ရင်းက သမီးဖြစ်သူတင်ပေးထားတဲ့ ဇာတ်လမ်းတွဲတွေ ကုန်သလောက်နီးပါး ဖြစ်ကာ တကားသာ ကျန်တော့သည်။ ဇာတ်ကားနာမည်က Kill me, Heal me တဲ့ ၊ ဒီတခေါက်တော့ ပေါ့ပေါ့ပါးပါး ရုပ်ရှင်ကြည့်ရတဲ့ ခံစားချက်လေးပဲ ပြောတော့မယ်လို့ ကြည်ကြည်နူးနူး တွေးမိသည်။ ရုပ်ရှင်က ကြည်နူးစရာ ဇာတ်လမ်းမို့လားဆိုတော့ မဟုတ်ပြန်၊ စိတ်ရောဂါဆန်ဆန် ဇာတ်လမ်းပေမယ့် ကြောက်ရွံ့စရာ မပါပဲ ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းလှသည့်အပြင် နာမည်ကျော် မြန်မာရုပ်ရှင်မင်းသားတယောက်ကို သတိရစေသွားအောင် စွမ်းသည်လို့ ဆိုရပေမည်။
ရုပ်ရှင်ကြည့်တယ်ဆိုတာတောင် လူတယောက်နှင့်တယောက် မတူကြပေ။ တချို့က ထိုးခန်းသတ်ခန်း ဖိုက်တင်ခန်းမှ ကြည့်ရတာ ကြိုက်သလို တချို့က ရယ်စရာဟာသတွေမှ ကြိုက်နှစ်သက်ကြသည်။ သရဲကားမှ ကြည့်တတ်တဲ့ သဲထိတ်ရင်ဖို ကြိုက်သူမျိုးလည်း ရှိသေးသည်။ ကိုယ်တိုင်ကတော့ သွေးရဲရဲသံရဲရဲ အသာထား ကားတွေအပြိုင်မောင်းတာတောင် မကြည့်ရဲတာမို့ မိသားစုကို ဇာတ်အိမ်တည်ထားတာမျိုး နဲ့ ဒရမ်မာဇာတ်လမ်းတွေသာ ကြည့်ဖြစ်သည်။ ရုပ်ရှင်ကားတွေ ပို့ပေးတတ်တဲ့ သမီးဖြစ်သူကို မိသားစုပျော်စရာကားလေးတွေ များများရှာပေး ဆိုတော့ အဲဒီလို ကားမျိုးတွေ သိပ်မရှိပါ၊ ရှိတာတွေက ကြည့်ပြီးသားတွေ ဖြစ်လို့ နေပြီ ဆိုရာ သတ်တာဖြတ်တာ သွေးရဲရဲသံရဲရဲ မပါတာသာ ပို့ပေးလို့ တဆင့်လျော့ ပြောတဲ့အခါ kill me, Heal me ဆိုတဲ့ ဇာတ်လမ်းတွဲကို နာမည်ကြည့်ပြီး Kill မြင်တာနှင့် နောက်ချန်ခဲ့တာဖြစ်သည်။
တကယ်တန်း ကြည့်လိုက်တဲ့အခါမှာ အပိုင်း(၂)လောက် အရောက်မှာပဲ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ထုတ်ဝေသူ ဇာတ်ညွှန်းဆရာ စာရေးဆရာ ဒါရိုက်တာ ဝင်းဦးကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးသည့် " ဆောင်းအိပ်မက်" ရုပ်ရှင်ကို သတိရသွားလေတော့သည်။ ကိုရီးယားဇာတ်လမ်းတွဲကို ပြီးဆုံးအောင်တော့ မကြည့်ရသေးပေမယ့် ဇာတ်လမ်းတွဲ ထက်ဝက်ကျိုးတဲ့ အချိန်မှာ အဆိုပါ ဇာတ်လမ်းက ဝင်းဦး ပထမဆုံးအကြိမ် အကယ်ဒမီ ရသွားတဲ့ " ဆောင်းအိပ်မက်" ဇာတ်လမ်းပဲလို့ တထစ်ချ ပြောလို့ရလေသည်။ ဒီလိုဖြင့် ဝင်းဦးက အဆိုပါ ကိုးရီးယားဇာတ်လမ်းတွဲကို များ ကော်ပီကူးလိုက်သလားလို့ စိတ်ကူးနဲ့တောင် တွေးစရာမလိုပါ။ ဘာ့ကြောင့်လဲဆိုတော့ ကိုရီးယားဇာတ်လမ်းတွဲက နှစ်နှစ် သုံးနှစ်ခန့်သာ ရှိသေးပြီး ဝင်းဦး ကွယ်လွန်သွားတာပင် (၂၉) နှစ် ရှိခဲ့ပြီမဟုတ်ပါလား။
ဝင်းဦးရဲ့ နာမည်ကျော် ကျောက်မဲအကျဉ်းသားကဲ့သို့ ဇင်းဒါးအကျဉ်းသားကို မှီငြမ်းခဲ့သလို ဇာတ်လမ်းဖြစ်ခဲ့ပါလိမ့်မည်။ ယခင်ခေတ် ရုပ်ရှင်အတော်များများမှာ မှီဲငြမ်းဖြစ်ပေမယ့် ပုံတူ ထပ်တူ ဖြစ်မနေ၊ မြန်မာလူမျိုးတို့ လိုက်ပါခံစားနိုင်သည့် ဇာတ်လမ်းဇာတ်ကွက်မျိုး ဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။ရုပ်ရှင်ကြည့်နေရင်း နိုင်ငံခြားဇာတ်လမ်းတခုခုကို မှီငြမ်းထားတာလို့ ခံစားချက်ဖြစ်မနေပေ။ အဆိုပါ" ဆောင်းအိပ်မက်" ရုပ်ရှင်ကို ၁၉၆၇ခုနှစ်မှာ ရိုက်ကူး ထုတ်လုပ်ခဲ့ပြီး ဝတ္ထုဇာတ်ညွှန်း ဒါရိုက်တာ သရုပ်ဆောင် ဝင်းဦး ဖြစ်သည်။ တကားလုံး ဝင်းဦး ဖန်တီးချက်ချည့်ပင်ဖြစ်သည်။ ဝင်းဦးနှစ်ကိုယ်ခွဲကာ သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်ကားဖြင့် အကယ်ဒမီဆွတ်ခူးရရှိသွားလေသည်။ " ဆောင်းအိပ်မက်" ရုပ်ရှင်ရုံတင်စဉ်က တစ်နှစ်ခွဲသာသာအရွယ်သာ ရှိသေးတာမို့ မကြည့်ခဲ့ရပေမယ့် ရုပ်မြင်သံကြားပေါ်ကာစ ၁၉၈၂ခုနှစ် ဝန်းကျင်မှာ တနင်္ဂနွေနေ့တိုင်း မြန်မာရုပ်ရှင်ဇာတ်လမ်းဟောင်းတွေ ပြန်ပြတာမှာ ကြည့်ခဲ့ရပြီး အင်မတန်ကြိုက်ခဲ့ရသည့် ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့သည်။
အနက်ရောင်ကိုသာ ဝတ်ဆင်ခဲ့သည့် ဇော်မင်း ၊ သူက စရိုက်ကြမ်းကြမ်း၊ ကျော်မင်း ဖြစ်သွားပြန်တော့ နူးနူးညံ့ညံ့ ၊ လူတကိုယ်စိတ်နှစ်မျိုး ဖြင့် စိတ်ဝေဒနာခံစားနေရသည့် ခေတ်ပညာတတ် ထက်မြက်သည့် လူငယ်တယောက်အကြောင်း ရင်တထိတ်ထိတ်ကြည့်ခဲ့ရတဲ့ ခံစားမှုပင်ပြန်ပေါ်လာသည်။ အစပိုင်းမှာ အမွှာညီအကို လို့ထင်ပြီး လူနှစ်ယောက်လို့ ထင်ထားနိုင်အောင် သရုပ်ဆောင်တာတွေ ကောင်းလှသည်။ နောက်မှ လူတယောက်ထဲ ဖြစ်နေတာ တဖြည်းဖြည်း ပရိတ်သတ်က သိလာရသည်။
ဇာတ်လမ်းကျောရိုးတူနေသည့် ဇာတ်လမ်းတွဲကို ကြည့်မိပြီး နှစ်ပေါင်းများစွာက ရုပ်ရှင်ကို မမေ့မလျော့ တကွက်ချင်း ပြန်သတိရစေတာက ကိုယ်တိုင်မှတ်ညဏ်ကောင်းတာထက် ဖန်တီးသူတို့ရဲ့ အစွမ်းက ပိုလို့ပင် အားသာမှုကြောင့်လို့ ပြောရပေမည်။ ဒါ့ကြောင့် လူ့ဘဝမှာ အနုပညာရဲ့ လွှမ်းမိုးမှုက ပိုအားသာချက်ရှိတယ်လို့ ပြောရမည်၊ အဆိုပါ အားသာချက်ကို အခွင့်ကောင်းယူပြီး အကျိုးရှိအောင် လုပ်နိုင်ပါက ကောင်းကျိုးအထွေထွေ ရမှာဧကန်မလွဲလို့ တွေးနေမိသည်။
ဇာတ်လမ်းကို ကြိုက်ခဲ့တာတင်မက ဇာတ်ဆောင်စရိုက်တို့ရဲ့ လွှမ်းမိုးမှုက ယခုလို နှစ်ပေါင်းများစွာ ကြာလာသည့်အချိန်တိုင်အောင် မမေ့နိုင်ပဲ ပြန်အမှတ်ရစေနိုင်သည့် ဇာတ်ရဲ့ လွှမ်းမိုးမှုက ဖန်တီးသူတို့ရဲ့ အောင်မြင်မှုပဲဖြစ်သည်။ ဘယ်တော့မှ မမေ့နိုင်အောင် လူတယောက်ရဲ့ ရင်ထဲကနေ ဦးဏှောက်ထဲမှာ စွဲမြဲစွာတည်နေဖို့ ဖန်တီးဖို့က မလွယ်ပေ၊ အနုပညာရဲ့ အောင်မြင်မှုဆိုတာ ဒါမျိုး ဖြစ်သည်။ စွယ်စုံအနုပညာရှင် ဝင်းဦးကို ချီးကျူးပါက မြင်းထိန်းငတာ ဖြစ်နေပေအုန်းမည်၊ ပရိတ်သတ်ရင်ထဲ ရာသက်ပန်စွဲမြဲမှတ်ထင်စေတဲ့ ဒီလိုဇာတ်လမ်းမျိုး မြန်မာပြည်မှာ ရိုက်ကူးပြ ဖန်တီးနိုင်ခဲ့တယ်ဆိုတာ ခေတ်လူငယ်တွေ သိစေချင်လှသည်။ အခုခေတ်လူငယ်တွေ သူတပါးတိုင်းပြည်က ရုပ်ရှင်ဇာတ်လမ်းတွေကို ကောင်းလှချည်ရဲ့လို့ တမောမော့့ ဖြစ်နေရတာကလည်း မြန်မာရုပ်ရှင်ဇာတ်ကားအများစုက စွဲမက်ဖွယ်ရာ အရည်အချင်းမရှိကြတော့ပေ။
ရာစုနှစ်ဝက်နီးပါး ဆင်ဆာကိုရှောင်ရင်းက အလွတ်နိုင်ဆုံး ရယ်စရာဟာသတွေသာ ရိုက်ကူးရင်း မျိုးဆက်သစ်လူငယ်တွေက ရုပ်ရှင်တွေကပေးတဲ့ အနှစ်သာရ ဖြစ်တဲ့ ဘဝစစ်စစ်တွေကို မခံစားရတော့သလို အတုယူစရာ သင်ခန်းစာယူစရာ မတွေ့မမြင်ကြရတော့ပေ၊ ပေါ်လစီကားဆိုကလည်း အနုပညာရသမပါ အတုံးလိုက်အတစ်လိုက် တစုံတခုကိုသာ ဦးတည် ရိုက်သွင်း ပြသကြရာ လူတွေက မကြိုက်ကြ၊ အနုပညာကိုပါ ရိုက်ချိုးခြင်း ခံခဲ့ရယုံမက အနုပညာကနေ မျိုးဆက်သစ်တွေကို ပါးပါးလေး ပညာပေးနိုင်သည့် အရည်အချင်းတွေ ဆိတ်သုဉ်းခဲ့ရလေသည်။ မြန်မာလူမျိုးတွေမှာ အနုပညာခံစားနိုင်သူတွေများသလို ဖန်တီးနိုင်သူတွေလည်း များစွာရှိပေသည်။ မွေးကာစ အူဝဲဆိုကတည်းက ချိုမိုင်မိုင်ဆိုတဲ့ တေးသံလေးနဲ့လက်ချိုးပြီး ကြီးပြင်းခဲ့ရသူတွေချည့်သာ။
အနုပညာဆိုတဲ့ ယဉ်ကျေးမှု လျော့ကျသွားလေ လူမျိုးရဲ့ အနာဂတ် ရိုင်းစိုင်းခက်ထန်မှုတွေဆီ ဦးတည်သွားမှာ စိုးရိမ်စရာပင်။ အနုပညာဖန်တီးသူတွေမှာ ကျဉ်းထဲကြပ်ထဲကပင် သူတို့ ပြောချင်သည့် အကြောင်းအရာတွေကို ထုတ်ဖော်ရေးသား ပြသနိုင်ခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ မျိုးဆက်တွေ လျော့ပါးလာလေသည်။ တချိန်က ကျဉ်းထဲကြပ်ထဲကပင် အနုပညာဖြင့် ပုံဖော်ဆောင် ပြသနိုင်ခဲ့သည့်နိုင်ငံ့အရေး ကဗျာ ဝတ္ထု ဆောင်းပါး အက်ဆေး သီချင်းတွေ များစွာ ရှိခဲ့သေးရာ ယခုလိုအချိန်မှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အနုပညာကနေ ဖော်ဆောင်ပေးနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ၊ အထူးသဖြင့် လူငယ်ထုကြား ကြောက်ခမန်းလိလိ ထိုးဖောက်နေရာဝင်ယူနေသည့် မူးယစ်ဆေးဆိုတဲ့ လမ်းမှားမရောက်အောင် ဇာတ်လမ်းတွေ ဖန်တီးထုတ်လုပ်ကြစေချင်ပါသည်။
ထိုင်းနိုင်ငံမှာပင် ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ သရုပ်ဆောင်တွေ ဆေးလိပ်သောက်တာ ရိုက်ကူးပြသခြင်းမရှိတော့ပါ။ ဒါ့ကြောင့် ထိုင်းမှာ လူငယ်အတော်များများ ဆေးလိပ်မသောက်ကြတော့ပါ။ " ဆေးလိပ်မသောက်ရ' လို့ အတုံးလိုက်အတစ်လိုက် ပညာပေးဖို့ မလိုပဲ အနုပညာဖန်တီးမှုကနေ ပညာပေးသွားတာဖြစ်သည်။ ရှေးက အနှစ်သုံးလေးဆယ်ကျော်က ဇာတ်လမ်းတွေ ပြန်ပြပါကပင် ဆေးလိပ်သောက်နေတာ ဖျက်ပြီးမှ ပြန်ပြတော့သည်။ ရုပ်ရှင်ဇာတ်လမ်းတခုကို ကြည့်လိုက်ပြီးသည့် လူငယ်တယောက်အနေနှင့် သရုပ်ဆောင် မင်းသားရဲ့ အဝတ်အစားမျိုးကို အတုယူနိုင်သလို ဇာတ်လမ်းသဘောကိုလည်း အတုမြင် အတတ်သင်ကြမှာမို့ အနုပညာဖြင့်တိုင်းပြည်ကို ကယ်တင်ပါလို့ ဖန်တီးသူများကို တိုက်တွန်းလိုက်ချင်ပါသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment