October 22, 2017

" သုညရဲ့ တွန်းအား"၂၃ရက် အောက်တိုဘာလ ၂၀၁၇ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၄၁)မှ


၂၀၁၇ ခုနှစ် အောက်တိုဘလ(၁၁) ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနကနေ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော အချက်အလက်တွေ ကို အခြေခံပြုစုထားတဲ့ “ကလေးသူငယ်နှင့်လူငယ်လူရွယ်အကြောင်းအရာ” သုတေသနစာတမ်းကို ထုတ်ပြန်ကြေညာလိုက်တာ ဖတ်လိုက်ရပါသည်။
" သန်းခေါင်စာရင်းကောက်ယူသောကာလတွင် လူငယ်လူရွယ် (၇) သိန်းခန့် ပြည်ပတွင်ရောက်ရှိနေကြကြောင်း၊ အချို့သောနယ်စပ်ဒေသများတွင် လူငယ်လူရွယ် (၅၀) ရာခိုင်နှုန်းခန့် ပြည်ပတွင်ရောက်ရှိနေကြောင်း၊ ပြည်ပပြောင်းရွှေ့သူများ၏ (၆၀) ရာခိုင်နှုန်းမှာ လူငယ်အမျိုးသားများဖြစ်ကြောင်း သိရှိရပါသည်။" တဲ့
နယ်စပ်ဒေသဖြစ်သည့် တိုင်းရင်းသားဒေသက ကျေးရွာတွေမှာ လူငယ်တွေ လုံးဝမရှိတော့ပဲ သက်ကြီးရွယ်အိုများသာ ကျန်နေကြတယ်လို့ ဒေသခံအချို့ပြောတာ ကြားဖူးတာ ကြာပါပြီ။ အဓိကက အလုပ်အကိုင် အခွင့်အလမ်း လုံးဝ မရှိတာနဲ့ ပညာသင်ကြားခွင့် မရရှိတာတွေ ကြောင့် ဖြစ်သည်။ မူလတန်းပညာ သင်ယူပြီးဆုံးသည်နှင့် အလယ်တန်း အထက်တန်း ပညာကို ဆက်လက်သင်ယူနိုင်ဖို့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း စတာတွေကနေ အစပြုကာ ပညာဆက်လက်သင်ယူနိုင်ဖို့ မဖြစ်နိုင်တော့ပဲ ကျောင်းထွက်ရသည်။ ကျောင်းထွက်ပြီး ဘာအလုပ်လုပ်မည်နည်း၊ မူလတန်းပညာပြီးဆုံးသူတယောက်အဖို့ အလုပ်အကိုင် အခွင့်အလမ်း လုံးဝ မရှိပါ။ အခြား အသက်မွေးဝမ်းကျောင်းပညာကလည်း ဖြစ်ဖြစ်မြောက်မြောက် တတ်ထားတာ မရှိ၊ သူများခိုင်းတာ တောက်တိုမယ်ရ လုပ်ချင်လုပ်၊ မိဘက လယ်ခံယာခံလေး ရှိနေက လယ်ယာအလုပ်ကလေး လုပ်လို့ရသေးသည်။ ဘာအထောက်အခံမှ မရှိသူ လူငယ်တယောက်အဖို့ ဘာလုပ်မည်နည်း။ အနီးဆုံး ရေကြည်ရာမြက်နုရာ လှမ်းမြင်လိုက်တာက တဖက်ကမ်းကို ကူးပြီး အလုပ်လုပ်ရုံပေါ့၊ ဒီလိုနဲ့ တယောက်ကနေ တဆင့် ဆင့်ကဲဆင့်ကဲ အလုပ်အကိုင် အခွင့်အလမ်းရှိရာ တဖက်နိုင်ငံကို ရောက်ရှိ သွားကြသည်။
သို့ဖြင့် ရွာလုံးကျွတ် ထိုင်းနိုင်ငံ ရောက်နေသည့် အုပ်စုကြီးကိုပင် တွေ့မြင်ခဲ့ဖူးပါသည်။ နယ်စပ်ဒေသက လူငယ်အများစုက နီးစပ်ရာ ထိုင်းနိုင်ငံ ကို ရောက်ရှိနေတာ အဆန်းမဟုတ်လို့ ဆိုရပေမယ့် ရခိုင်ပြည်နယ် မန်အောင်ကျွန်းလို ဝေးလံခေါင်ဖျားသည့် အရပ်ဒေသက လူငယ်တွေ လူလတ်ပိုင်းနဲ့ အိမ်ထောင်ဦးစီး အမျိုးသားတွေပါမကျန် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကြတာ မြင်တော့ အံ့ဩမိရလေသည်။ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ သွားရသည့် ကျွန်းကလေးတွေမှာ ရခိုင်လူငယ်တွေ များစွာ ရောက်ရှိ နေကြလေသည်။ ကော့တောင်ကျွန်း( လိပ်ကျွန်း) လူသတ်မှု ဖြစ်ပွားစဉ် က သတင်းထောက်တယောက်ကနေ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ လူငယ်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်က ဘယ်လို ရောက်လာကြတာလဲ မေးရာ ဖြေတဲ့သူက ကျွန်တော်တို့ တကျွန်းလုံး ရခိုင်တွေချည်းပါ ခင်ဗျာတဲ့
မြဝတီတဘက်ကမ်းနဲ့ နီးသည့် မဲဆောက်မြို့က ဆိုင်တိုင်းမှာ မြန်မာပြည်သား ကလေးမလေးတွေ အလွန်ဆုံးရှိလှ (၁၅)နှစ် (၁၆)နှစ် အရွယ်တွေ အလုပ်လုပ်နေကြရသည်။ လေသံလေးတွေက အညာလေသံလေးတွေမို့ မေးကြည့်လိုက်က ကျောက်ပန်းတောင်းတို့ မြင်းခြံတို့လို ဒေသကပင် လာရောက် အလုပ်လုပ်ကြသည်တဲ့၊ နယ်စပ်လို နေရာမှာ မိန်းမပျိုကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လာရောက်အလုပ်လုပ်နေကြတာ မြင်ရတာ စိတ်မကောင်းဖြစ်ရတဲ့ အထဲကပဲ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာ မြင်ရလို့ တော်သေးတယ်လို့ ဖြေတွေးရသည်။ ဘားအံ၊ ကော့ကရိတ် အစရှိသည့် ကရင်ပြည်နယ်က လူငယ်တွေလည်း အများအပြားပင် လုပ်ကိုင်နေကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း အစရှိတဲ့ ဒေသအသီးသီးက မြန်မာပြည်သားတွေကို ထိုင်းနိုင်ငံ ရောက်မှ စုံအောင် တွေ့မြင်ရလေသည်။
ချင်းမိုင်ခရိုင်မှာ မြန်မာပြည် တိုင်းရင်းသားတွေ အလုပ်လုပ်ရင်း စုဝေးနေထိုင်ကြရာက ရွာတွေပင် အများအပြား ရှိလာနေပြီဖြစ်သည်။ ဥပမာ- ချင်းမိုင်မြို့ပြင်ဘက်က ဟန်ဒုံး မှာနေတယ် ပြောလိုက်တာနှင့် အဲဒီမှာ ရှမ်းတွေ အများကြီး စုနေကြတဲ့ ရှမ်းရွာတွေ ရှိတယ်လို့ ပြောစမှတ်ပြုကြသည်။ ကချင်တွေနေတဲ့ ရွာတွေလည်း ရှိသေးသည်။ ဒါ့အပြင် ချင်းမိုင်မြို့ရဲ့ မြေနီကုန်းလို့ ပြောလို့ရတဲ့ နေရာတခုလည်း ရှိသေးသည်။ အဆိုပါ ရပ်ကွက်မှာ အမျိုးသမီးတွေက ထမီတွေဝတ်ပြီး အမျိုးသားတွေက ပုဆိုးတွေဖြင့် ကွမ်းတွေဝါးကာ မြန်မာစကားတဖောင်တဖောင်ဖြင့် သွားလာနေကြတာ မြင်ရသည်။ မြန်မာပြည် မော်လမြိုင် ၊ ကြာအင်းဆိပ်ကြီး စတဲ့ အရပ်တွေဆီက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်သည်။ သူတို့စကားသံက မော်လမြိုင်အရပ်က လေသံမျိုးဖြစ်သည်။ သူတို့ အထောက်အထားလုပ်သည့် အခါ အလုပ်သမားကဒ်တွေမှာ လူမျိုး မြန်မာ ဖြစ်သည်။ အဆိုပါ ရပ်ကွက်မှာ ပုစုခရုမှသည် အရွယ်စုံ ဆိုဒ်စုံ လူမျိုးစုံ ရှိသည်။ ကိုးကွယ်ရာ ဗလီလည်း ရှိသည်။ သူတို့ကို မေးကြည့်ပါက မြန်မာပြည် ဘယ်တော့မှ ပြန်မှာမဟုတ်ဆိုတဲ့ အဖြေသာရှိသည်။ အဆိုပါ ရပ်ကွက်က အမျိုးသမီး တယောက်က ပြောပြဖူးသည်။ ထိုင်းမှာ သူ့အမျိုးသားက ရိုတီ(ခ) ပလာတာရောင်းသည်။ သူက အိမ်ဖော် လိုက်လုပ်သည်။ သူတယောက်ထဲကပဲ တနေ့ ဘတ်(၃၀၀) ရသည်။ ကလေးတယောက်ရှိသည်။ တနေ့ ဘတ်(၁၀၀) ဘိုက်ရိုက်စား၊ စုပင်စုမိသည်တဲ့၊ မြန်မာပြည်က ထွက်လာတာ ထမင်းငတ်လို့ ပါတဲ့၊ မြန်မာပြည်မှာ ထမင်းငတ်တဲ့ သူမရှိဘူးလို့ ဘယ်သူပြောလဲ အမ တဲ့ သူကိုယ်တိုင် ထမင်းငတ်ခဲ့ဖူးပါတယ်တဲ့၊ ဒါ့ကြောင့် ထမင်းငတ်တဲ့ နေရာ ပြန်မနေချင်တော့ပါဘူးတဲ့ ၊ အခုတော့ ကားလေးတစီးတောင် ပိုင်လို့၊ သားလေးတယောက် ရှိတာ ထိုင်းရောက်မှ မွေးတဲ့ အတွက် အဲဒီကလေး အသက်(၁၈)နှစ်ပြည့်တဲ့အခါ ထိုင်းနိုင်ငံသား ခံယူလို့ ရမယ်လို့ ဆိုလေသည်။
ရန်ကုန်လို မြို့ကြီးပြကြီးက လူလတ်တန်းစား မိသားစုရဲ့ သားသမီးတွေက ပညာတွေ သင်ယူပြီး စင်္ကာပူလို မလေးရှားလို နိုင်ငံတွေ သွားပြီး အလုပ်လုပ်ကြတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြတဲ့ နယ်စပ်ဒေသက လူငယ်တွေ များစွာ ရှိနေသည်။ စားစရာမရှိတာ၊ စာမသင်ရတာ၊ စားဖို့အတွက် ခက်ခက်ခဲခဲ ရှာဖွေ ရတာ ကုန်ကုန်ပြောရပါက အငတ်ငတ်အပြတ်ပြတ်နေရတဲ့ ဘဝတွေကနေ ရုန်းထွက်ကြရတာဖြစ်သည်။ ရှမ်းပြည်နယ်က လာရောက် အလုပ်လုပ်တဲ့ ကလေးမလေး တယောက်၊ အသက်က (၂၀) ခန့်ရှိမည်။ ရွာကို သတိရသည်၊ သို့သော် ထိုင်းမှာက အချိန်တန် ထမင်းစားရသည်။ လကုန်သည်နှင့် ပိုက်ဆံ ရတော့မည်လို့ သိထားတဲ့ အတွက် ပူစရာမလို၊ ရွာမှာနေတုန်းက ထင်းကောက် ရောင်း မှ ပိုက်ဆံရသည်၊ တခြား ဘယ်သူက ဘာခေါ်ခိုင်းမလဲ မျှော်ရသည်တဲ့ ခေါ်ခိုင်းပြီဆိုက ပိုက်ဆံရတော့မည်၊ ထမင်းစားရတော့မည် လို့ ဝမ်းသာရသည်တဲ့၊ အဝတ်အစားဆိုတာ အသစ်တထည်ရဖို့ တနှစ်လောက် စောင့်ရတာ သစ်ကုလားအုပ်လို ပဲတဲ့၊ အမေ ဝယ်လာတော့မယ်ဆိုတဲ့နေ့ မျှော်ရတာ မမေ့နိုင်ပါတဲ့၊ ထိုင်းနိုင်ငံက ဘာဖြစ်လို့ စားစရာတွေ၊ အဝတ်အထည်တွေ ဒီလောက်တောင် ပေါရတာလဲဟင်၊ လွယ်လွယ်ဝယ်လို့ ရနေတာ ခဏလေးနဲ့ ဝယ်နိုင်တာ ဘာ့ကြောင့်လဲလို့ သူက တဖန် မေးခွန်းထုတ်ပြန်သည်။
ထမင်းတနပ်ရဲ့ တန်ဘိုးကို ထမင်းငတ်ဖူးသူတွေက ပိုသိသည်။ ဒီလို ဘဝမျိုးကို ပြန်ရောက်မှာ ကြောက်သည်။ ဒီလိုနေခဲ့ရတဲ့ ဘဝကို အလန့်ကြီးလန့်ကြသည်။ ဒါတောင် စစ်ဘေးကြောင့် ပြေးရတာ ပုန်းရတာ ထမင်းငတ်ပြီး ကြေက်ရွံ့တုန်လှုပ်နေရတာ စတဲ့ အဖြစ်တွေကနေ ထွက်လာသူတွေဆိုက ရာသက်ပန် မပြန်လိုကြတော့၊ ကိုယ်လုပ်နိုင်သ၍ စားလို့ရနေရတဲ့ ဘဝကို လက်မလွတ်ကြတော့ပေ။ ချင်းမိုင်မြို့ပြင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ ဘဝမှာ အင်မတန် အနေဆင်းရဲလှသည်လို့ မြင်မိပေမယ့် သူတို့ အတွက်ကတော့ ရွာကအခြေအနေထက် အပုံကြီးသာသတဲ့၊ ရွှံ့ဗွက်ပေါ် တဲထိုးနေရပေမယ့် ရေ၊ မီး ရသည်တဲ့၊ ကလေးတွေ ကျောင်းနေရသည်၊ အလုပ်ရှိနေသ၍ စားဖို့ မပူရ၊ ရွာပြန်ရအောင် ရွာမှာ ဘာလုပ်စားမလဲ သူတို့က မေးခွန်းမေးဖို့ အသင့်။ အဆိုပါ အလုပ်သမားကင့်မ်တွေ ရောက်မှ ကလေးတွေ ထပ်ရလာတာ၊ အိမ်ထောင်ရက်သားကျတာတွေလည်း ရှိကြသည်။ တဆင့်တဆင့် အလုပ်ကလေး ရှိတယ် ဆိုကာ လာကြသည့် ရွာကလူတွေ ရွာနီးချူပ်စပ် မြို့ကလူတွေ များများလာပြီး ရွာမှာ လူပင် မကျန်တော့ပါတဲ့၊ နောက်ထပ် ရောက်လာသည့် သူတွေမှာ ပိုလို့ပင် အသက်တွေ ငယ်ငယ်လာကြသည်။ ယခင်က အသက်(၁၈)နှစ်ကနေ (၂၀) ပတ်ဝန်းကျင်တွေ အလုပ်ထွက်လုပ်ကြသည်။ ယခုနောက်ပိုင်းမှာ မြန်မာပြည်ဘက်ကနေ ရောက်လာတာ မကြာသေးပါ ပြောသည့် အရွယ်တွေက (၁၅)နှစ် (၁၆)နှစ် အရွယ်လေးတွေ များလာကြသည်။ ဒါ့ကြောင့် နောင်မှာ တိုင်းရင်းသားဒေသမှာ လူဦးရေ မျိုးဆက် ပျောက်သွားမှာပင် စိုးရိမ်နေရသည့် အခြေအနေဖြစ်သည်။
" ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ (၄၆.၅%) သည် ကလေးသူငယ်နှင့်လူငယ်လူရွယ်များဖြစ်ကြောင်း၊ ယခုအတိုင်း ကလေးမွေးဖွားနှုန်းနှင့် ကလေးသေဆုံးနှုန်းများ ဆက်လက်တည်ရှိနေမည်ဆိုပါက နောင်လာမည့် ဆယ်နှစ်အတွင်း ကလေးသူငယ်နှင့်လူငယ်လူရွယ် ဦးရေမှာ အနည်းငယ်သာတိုးလာနိုင်ကြောင်းနှင့် ၂၀၂၄ ခုနှစ်မှာ ကလေးသူငယ်နှင့်လူငယ်လူရွယ် (၂၄.၅) သန်းနှင့် ၂၀၄၄ ခုနှစ်မှာ (၂၃.၁) သန်းသာရှိမည်ဟု ခန့်မှန်းထားကြောင်း " ဆိုထားရာ လတ်တလော လူဦးရေ သန်း(၆၀)ရှိရာကနေ သန်း(၅၀) သာရှိတော့ရာ ခန့်မှန်းသလို ကလေးသူငယ်နှင့် လူငယ်လူရွယ် ၂၄သန်းခွဲသာ ရှိမည်ဆိုက နောင်ဆယ်နှစ်မှာ စုစုပေါင်းလူဦးရေ ဆယ်သန်းခန့် ထပ်မံလျော့သွားမည့် အခြေအနေ မြင်နေရပေသည်။ အဆိုးရွားဆုံးက လူ့စွမ်းအားတွေ လျော့နည်းပေတော့မည်။
"သုည" ဆိုတာ တန်ဘိုးမရှိပါ၊ ဘဝမှာ သုညချည်း ကြုံနေရတဲ့ သူတွေက တဆင့်လှမ်းတက်နိုင်ဖို့ ကိုယ့်ဘာသာ ရုန်းကန်သွားကြရသည်။ သို့သော် တန်ဘိုးမရှိတဲ့ " သုည" ကို နေရာပြောင်းပေးလိုက်တဲ့အခါ တဆင့်တဆင့် သုည အစုအဝေးကနေ တန်ဘိုးရှိတဲ့ အဆင့်တခု ရောက်အောင် လုပ်ပေးနိုင်ဖို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးတကြီး လိုအပ်နေပါပြီ။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment