November 6, 2017

" မဟာကရုဏာရှင်"၆ရက် နိုဝင်ဘာ၂၀၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၄၃)မှ


မေတ္တာ ကရုဏာ ကြီးမားလှသည့် ထိုင်းဘုရင် ရာမ(၉) ဘူမိဘောအဒူလျာဒက်ရဲ့ ဈာပန ပြီးဆုံး သွားပြီဖြစ်သည်။ နတ်ရွာစံပြီး တစ်နှစ်အကြာမှာ ပြုလုပ်သည့် ဈာပနအခမ်းအနားမှာ ပြည်သူတရပ်လုံး ဝမ်းနည်းမဆုံး ဖြစ်နေရဆဲ ဖြစ်သည်။ ဘုရင်ကြီးကို ချစ်ကြသည့် ထိုင်းပြည်သူတွေ နှမြောတသ လွမ်းကြရသည်။ ထိုင်းဘုရင်ကြီးရဲ့ မေတ္တာ ကရုဏာကို ထိုင်းပြည်သူတွေတင်မက ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေပါ ရရှိခံစားကြရရာ မြန်မာအလုပ်သမားတွေကပါ ထိုင်းဘုရင်ကြီးအပေါ် ချစ်ခင်လေးစား နှမျောတသ ဝမ်းနည်းကြတာ မြင်တွေ့ ကြားသိရလေသည်။



                ဖေဖေ့သမီး " ဒီမြေပေါ်မှာ အရာရာတိုင်းဟာ ဒွန်တွဲပြီး ဖြစ်လာတယ်။ မှောင်မဲခြင်းနဲ့ လင်းထိန်ခြင်း၊ လိမ္မာခြင်းနဲ့ မိုက်မဲခြင်း၊ မိမိနှစ်သက်ရာကို ရွေးချယ်ရစတမ်းဆိုရင် လူတိုင်းဟာ အလင်းရောင်ကိုသာနှစ်သက်မယ်၊ လင်းထိန်သောနေရာ ကောင်းမွန်သောနေရာကို ရရှိဖို့ရာ နည်းလမ်းရှိပါတယ်၊ အဲဒါကတော့ သူတပါးကို ချစ်ခင်ခြင်းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတပါးရဲ့ ချစ်ခင်ခြင်းကို ရရှိခဲ့ရင် ပြဿနာတိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်။ ဒီကမ္ဘာမှာ ချမ်းသာသုခတွေနဲ့ပဲ ရှိစေချင်တယ်ဆိုရင် ငြိမ်းချမ်းမှုပဲ ရှိစေချင်တယ် ဆိုရင် လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှ ဖြစ်မယ်" လို့ သမီးတော်အတွက် ရေးတဲ့စာမှာ ,ယခုလို အစချီထားလေသည်။ ဘုရင်ကြီးရဲ့ သူတပါးအပေါ်ထားနိုင်သည့် မေတ္တာကို ထင်ထင်ရှားရှား မြင်ရသည့်အပြင် အများသူငါအတွက် လုပ်ပေးသွားသည်များက လက်တွေ့မှာ မှတ်တမ်းမှတ်ရာ အဖြစ် ထင်းထင်းကြီး ကျန်ရှိနေလေသည်။



ထိုင်းပြည်သူများအတွက် အဓိက ဘာလိုအပ်သလဲ ဆိုတာကို ထီးနန်းစည်းစိမ်မှာ အေးဆေးသက်သာစွာ နေလို့ ရပါသော်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှု ဆောင်ရွက်ပေးခြင်းမှာ ဘုရင်တပါးအတွက် အင်မတန် ထူးခြားနေလေသည်။ ဝေးလံခေါင်ပါးလှသည့် တောတောင် အစွန်အဖျားအထိ ရောက်လာသည့် ဘုရင်ကြီးကို ပြည်သူတွေ ဝမ်းသာအားရ ကြိုဆို ကန်တော့ ထိကြည့် ကိုင်ကြည့် အံဩကြတဲ့ ပုံရိပ်တွေ မြင်ရ ကြည့်ရပါသည်။ ဘုရင်ဆိုသည့် ဟိတ်ဟန် လုံးဝမရှိပဲ ဆင်းရဲ ချို့တဲ့နေသည့် ပြည်သူတွကို တွေ့ဆုံနေသည့် ကရုဏာမျက်ဝန်းကိုသာ မြင်တွေ့ရလေသည်။ ရုပ်မြင်သံကြားမှတ်တမ်းတွေမှာ ပြန်မြင်ရပေမယ့် ဒါတွေက တမင်ပြုလုပ်၍ မရဆိုတာ ငြင်းလို့မရပါ။


သက်ကြီးရွယ်အိုတွေက ဘုရင်ကြီးကို သားတယောက်လို ချစ်ခင်ကြိုဆိုကြသလို ငယ်ရွယ်သူတွေကလည်း ဖခင်တယောက်ကဲ့သို့ ကြိုဆို ကြလေသည်။ ချောက်ကမ်းပါး လျှိုမြောင်တွေကိုဖြတ်၊ ရေလွှမ်းနေသည့် လွင်ပြင်ကျယ်ကို ကားတတန် လှေတတန် ဖြတ်သန်းပြီး ပြည်သူတွေလိုအပ်တာ လိုက်လံ ကြည့်ရှုနေသည့် ဘုရင်ကြီးကို ကြည့်ပြီး လေးစာချစ်ခင်စိတ်တွေ တဖွားဖွား ဖြစ်ရလေသည်။ ဘုရင်ကြီးရဲ့ ပုံရိပ်တွေ ပြန်လည်ပြသရာမှာ တောလမ်းခရီးကို ဖြတ်ပြီး လိုအပ်တာတွေ လမ်းညွှန်နေခိုက် သူ့ကိုယ်ပိုင်ဟန် အတိုင်း ကင်မရာအမြဲလွယ်ကာ မြေပုံတချပ်လက်ကကိုင်ပြီး ဘောပင်တချောင်းဖြင့် ညွှန်ကြားရင်း ပေါက်ကနဲ ကျလာသည့် နှဖူးက ချွေးစက်ကလေးကို အမှတ်မဲ့ သုတ်လိုက်ဟန်မှာ မမေ့နိုင်ဖွယ်ရာ ပုံရိပ်တခု အဖြစ် စွဲကျန်ရစ်လေသည်။
                    တောနေလူတန်းစားများ အချို့မှာ အင်္ကျီပင်မပါ ဘုရင်ကြီး ခြေအစုံကို ဦးခိုက်သည့်အခိုက် မဟာကရုဏာ အပြည့်ဖြင့် သူတို့ရှေ့ ဒူးထောက် ထိုင်ချတတ်သလို သူသိချင်တာကို ဖြေကြားပေးသည့် ရွာသားတွေနဲ့ အတူ ကြမ်းတပြေးတည်း အတူထိုင် စကားပြောလေသည်။ ဘုရင်ကြီး ဖြတ်အသွား ကမ်းလင့်သည့် သောက်ရေတခွက်ကို ယူကာသောက်လိုက်သည့်အတွက် ဝမ်းသာအားရဖြစ်သွားသည့် အဖွားအိုတယောက်ရဲ့ ကြည်နူးနေသည့် ပုံရိပ်တွေလည်း ကြည့်မြင်ရလေသည်။ ရာမ(၉) ဘုရင်အဖြစ် နန်းတက်ချိန်မှစ၍ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို မပြတ် ဆောင်ရွက်တာ တွေ့ရလေသည်။ သက်တော်ကြီးမြင့်လာပြီး လူကြီးပိုင်းအရွယ် ရောက်သည်အထိ အလုပ်တွေ ဆက်တိုက်လုပ်ခဲ့လေသည်။ နတ်ရွာစံပြီး ဘုရင်ကြီးရဲ့ မှတ်တမ်းတွေ ရုပ်မြင်သံကြားမှာ ကြည့်ရရာ အသက်ငယ်ရွယ်စဉ် မြန်မာပြည်ကို ရောက်ခဲ့တာလည်း ကြည့်ရှုရပါသည်။ မြန်မာပြည် ခရီးစဉ် ဓါတ်ပုံတွေ အရ ထိုအချိန်က မြန်မာပြည်ရဲ့ ခေါင်းဆောင်တွေ အဖြစ် ဝန်ကြီးချူပ် ဦးနု၊ ဗိုလ်ချူပ်ကြီးနေဝင်း တို့နှင့် တွေ့ဆုံတာတွေ ပြန်မြင်ရသည်။ တဖန် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်သည့် မြန်မာအစိုးရ ခေါင်းဆောင်အဖြစ် ဗိုလ်ချူပ်နေဝင်းတို့ကို မှတ်တမ်းတွေမှာ မြင်ရသည့်အခါ ထိုစဉ်က ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်မှာ မြန်မာခေါင်းဆောင်တွေထက် အတန်အသက်ငယ်သေးတာ တွေ့မြင်ရပြီး တိုင်းပြည်ကို ဦးဆောင်ခဲ့သည့် ကာလသက်တမ်း အတူတူခန့် ရှိတာကို တွေ့မြင်သိရှိရလေသည်။


တိုင်းပြည်ကို ဦးဆောင်ခဲ့သည့် တနည်းအားဖြင့် တိုင်းပြည်ကို ပုံဖော်ခဲ့သည့် သက်တမ်းကလာအတူတူ မှာပင် တိုင်းပြည်နဲ့ လူမျိုး တိုးတက်ကြီးပွားတိုးတက်ပြီး ၊ လူနေမှုအဆင့်အတန်း စိတ်ဓါတ် အဆင့်အတန်းတွေ မြင့်တက်လာစေတာဟာ ထိုင်းဘုရင်ကြီးရဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာ စေတနာ ချစ်ခြင်းတရားနှင့် ဦးဆောင်လမ်းပြ နေထိုင်မှုတွေကြောင့် ဆိုတာ ဘယ်လိုမှ ငြင်းမရသည့် အချက်တွေ ဖြစ်သည်။ သူ့မှာ ရှိသည့် ဩဇာအာဏာနှင့် စည်းစိမ်ချမ်းသာကို ကိုယ်ကျိုးအတွက် အသုံးမချပဲ ချစ်ခြင်းတရားဖြင့် ပေါင်းစပ်ကာ ပြည်သူ့အတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့်အတွက် သူမရှိတော့သောလည်း မယိမ်းမယိုင် ဆက်လက် တည်တံ့ခိုင်မြဲနေတာ ဖြစ်သည်။ Royal Project ဆိုသည့် ဘုရင့်စီမံကိန်းတွေအရ တိုင်းပြည်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ချဲ့ထွင်ပေးနိုင်ခဲ့သည်။ နည်းပညာနှင့် မြေ ရေ စတာတွေ ပြည်သူတွေ အသုံးပြုခွင့် ရကြသည်။ အစိုးရနဲ့ အုပ်ချူပ်သူဆိုတာ ပြည်သူ့အတွက် စဉ်းစား လုပ်ကိုင်ပေးရမယ့်သူ ဆိုတာကို လမ်းပြခဲ့လေသည်။ တောင်ပေါ်ဒေသတွေမှာ ဘိန်းအစားထိုး သီးနှ့များ စိုက်ပျိုးစေပြီး စီးပွားရေးအခွင့်အလမ်းများ ရရှိအာင် လမ်းပမ်းဆက်သွယ်ရေး ဖောက်လုပ်ပေးသည်။ သဘာဝအလှတွေဖြင့် ခရီးသွားလုပ်ငန်းက ဝင်ငွေရရှိအောင် တောင်ပေါ်အထိ လမ်းတွေ ဖောက်စေသည်။ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် ရေ ကို ရရှိအောင် စွမ်းစွမ်းတမံ ကိုယ်တိုင်အပင်ပန်းခံ လေ့လာ လုပ်ကိုင်လေသည်။ ဘုရင်ကြီးက တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေကို ပြည်သူတွေအတွက် လုပ်ကိုင်ဖို့ နည်းလမ်းချမှတ်ခဲ့တာချည့် ဖြစ်လေသည်။


သမိုင်း မှတ်တမ်းတွေအရ ထိုင်းဘုရင် ရာမ(၉) နန်းတက်စအချိန်က ထိုင်းနိုင်ငံမှာ ဩဇာအလွန်ကြီးမားသည့် စစ်ခေါင်းဆောင်များနှင့် ထက်မြက်သည့် နိုင်ငံရေးခေါင်းဆောင်များ အားပြိုင်နေသည့် အချိန်ဖြစ်သည်တဲ့၊ စစ်တပ်နဲ့ နိုင်ငံရေးသမားများအကြား ဘုရင့် ဩဇာမြင့်မားလာအောင် ချစ်ခြင်းမေတ္တာတရားဖြင့် မြှင့်တင်နိုင်ခဲ့ပြီး ကောင်းမွန်သည့် စေတနာ လုပ်ရပ်တွေကြောင့် ဘုရင်ကြီးရဲ့ တန်ခိုးအာဏာ ထိပ်တန်းသို့ ရောက်လာတယ်လို့ သမိုင်းဆရာတွေက သုံးသပ်ကြလေသည်။ အဓိကကတော့ ဘုရင်ကြီးရဲ့ ထက်မြက်သည့် ညဏ်အမြော်အမြင်နှင့် ပြည်သူ့အကျိုးအတွက် မေတ္တာ ကရုဏာ မုဒိတာ ဖြင့် လုပ်ဆောင်ပေးခဲ့သည့် လုပ်ရပ်တွေကြောင့် ထိုင်းနိုင်ငံ တနိုင်ငံလုံးက ချစ်ခင် အားကိုး ယုံကြည်ကြလို့သာ ဖြစ်သည်။


လူတယောက်မှာ အလိုအပ်ဆုံး ဖြစ်သည့် စားစရာကို ပြည့်ပြည့်ဝဝ စားနိုင်အောင်၊ အလွယ်တကူ မပင်မပန်း ရရှိအောင် နည်းလမ်းတွေ ရှာဖွေ ပေးသွားခဲ့သည်။ တပိုင်တနိုင် စိုက်ပျိုးရေး၊ နောက်ဆက်တွဲအဖြစ် စိုက်ပျိုးနိုင်ဖို့ ရေ ရရှိရေး၊ လူတကိုယ်စာ အသက်မွေးဝမ်းကျောင်းနိုင်ဖို့ အတတ်ပညာ၊ အဆိုပါ အတတ်ပညာ ရရှိဖို့ လူတိုင်း ပညာသင်ခွင့်ရရရေး၊ စတာတွေ ဖန်တီးပေးသည့်အပြင် အကျင့်စာရိတ္တ စည်းကမ်း စတာတွေကို ဦးဆောင်လမ်းပြ နေထိုင်သွားခဲ့သည်။ ခြိုးခြံချွေတာတတ်အေင် စည်းစနစ်ရှိအောင် ထိုင်းပြည်သူတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးစေပြီး သူကိုယ်တိုင်လည်း နေထိုင်ပြသွားခဲ့သည်။

သွားတိုက်ဆေးကို စက္ကူကဲ့သို့ ပြားနေသည်အထိ ညှစ်ထုတ် သုံးစွဲသလို ဘိနပ်ကိုပင် ဖာထေးပြီး ဝတ်တတ်တဲ့အကြောင်း၊ အပါးမှာ ခစားခဲ့ရသူတွေက ပြန်လည် ပြောပြတာ သတင်းမှတ်တမ်းတွေမှာ ကြည့်ရလေသည်။ ခဲတံတိုသွားသည့်အခါ စက္ကူဖြင့် လိပ်ကာ ရေးလို့ရအောင် လုပ်ပြီး ကုန်ကာနီးအထိ ရေးခဲ့တဲ့ ခဲတံအတိုအစလေးတွေကို မြင်တွေ့ရပါသည်။


                 ထိုင်းဘုရင် ရာမမင်းဆက်(၉)၊ ဘူမိဘောအဒူလျာဒက်ရဲ့ ဈပနအခမ်းအနားကို နတ်ရွာစံပြီး တစ်နှစ်ပြည့်မြောက်သည့်ကာလ အောက်တိုဘာလထဲမှာ (၂၆)ရက်ကနေ (၂၉)ရက်နေ့အထိ ကျင်းပပြီးစီးသွားသည်။ ဈာပန အခမ်းအနားကို ရုပ်မြင်သံကြားမှာ ကြည့်ရှုရင်း ပြည်သူတွေ ဝမ်းနည်းနေကြတာ မြင်ရသည်။ ပြင်ပမှာလည်း ဈာပနအခမ်းအနား ကျင်းပသည့် နေ့ အောက်တိုဘာ(၂၆)ရက် ကြာသပတေးနေ့က လမ်းပေါ်မှာ လူ ကား အသွားအလာ မရှိသလောက် တိတ်ဆိတ် ခြောက်ကပ်နေပြီး ဝမ်းနည်းစွာ တိတ်ဆိတ်နေကြသလို ဘုရင်ကြီးရဲ့ ဈာပန တိုက်ရိုက်ထုတ်လွှင့်တာကို ရုပ်မြင်သံကြားကနေ ကြည့်ရှု နေကြတာလည်း ဖြစ်သည်။ မြို့တော်ဘန်ကောက်တင်မက ချင်းမိုင်ခရိုင် ချင်းမိုင်မြို့မှာလည်း တိတ်ဆိတ်ခြောက်ကပ်ပြီး ဈေးဆိုင်တွေပါ ပိတ်ထားကြသည်။ အင်မတန်စည်လှသည့် ဈေးတွေပင် ခြောက်ကပ်တိတ်ဆိတ်သွားတော့သည်။ ဝမ်းနဲနေကြသည့် အသွင်အပြင်တွေ ဖြစ်သည်။ ဆုတောင်းပွဲ အခမ်းအနားပြုလုပ်ရာ နယ်အသီးသီးမှာလည်း အနက်ရောင်များ ဆင်မြန်းကာ ဘုရင့်အတွက် ရည်စူးပြီး ပန်းတွေ ပူဇော်ကြလေသည်။ ချစ်ခြင်းမေတ္တာရဲ့ အင်အားကို ကြက်သီးထဖွယ် အတိုင်းသား မြင်တွေ့ခွင့်ရပါသည်။



" အတိတ်မှာပဲ ဖြစ်စေ၊ ပစ္စုပ္ပန်မှာပဲဖြစ်စေ အနာဂတ်မှာပဲဖြစ်စေ သူတပါးကို ကိုယ်နဲ့အတူ မွေးဖွားလာသူ ၊ ကိုယ်နဲ့အတူ အိုမယ့်သူ၊ ကိုယ်နဲ့အတူ နာမယ့်သူ၊ ကိုယ်နဲ့ အတူ သေမယ့်သူချည်းလို့ သဘောထားပါ၊
လောကကြီးကို အကောင်းမြင်ပါ၊ အဲဒီထက်ကိုကောင်းအောင်မြင်ပါ၊ ပြဿနာကို ဆီလျော်မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့ လောကကို အမှန်တရားနဲ့ ရှုမြင်ပါ" ဆိုတဲ့ သမီးတော် မင်းသမီးသီရိဒုံကို ပေးခဲ့တဲ့ စာထဲက သဘောအကျဆုံး စာသားကို မကြာခဏ ဖတ်ကြည့်ရင်း သူတော်ကောင်းတရားကို လက်ကိုင်ထားပြီး တိုင်းပြည်ကို ချစ်ခြင်းတရားဖြင့် ဖန်တီးခဲ့သည့် ဘုရင်ကြီးဘူမိဘောအဒူလျာဒက် ကောင်းမွန်မြင့်မြတ်သည့် နေရာကို ရောက်ရှိနေမှာလို့ ယုံကြည်မိလေသည်။

သူတော်ကောင်းတရားလက်ကိုင်ထားကာ မေတ္တာ ကရုဏာ ကြီးမားသည့် လူတယောက် လောကကြီးက ထွက်သွားပေမယ့် ကောင်းမွန်တဲ့ အကြောင်းအချင်းအရာတွေ ကဗျည်းတင်ကျန်ခဲ့တာကို မျက်မြင် ကြုံတွေ့ခဲ့ရသည့်အတွက် ချစ်ခြင်းမေတ္တာတရား၊ ဉာဏ်ပညာတို့ရဲ့ အကျိုးကျေးဇူးကို ကောင်းမွန်စွာ သိရှိခွင့် ရလိုက်ပါတော့သည်။
ခိုင်ခိုင်စောလွင်

October 22, 2017

" သုညရဲ့ တွန်းအား"၂၃ရက် အောက်တိုဘာလ ၂၀၁၇ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၄၁)မှ


၂၀၁၇ ခုနှစ် အောက်တိုဘလ(၁၁) ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနကနေ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော အချက်အလက်တွေ ကို အခြေခံပြုစုထားတဲ့ “ကလေးသူငယ်နှင့်လူငယ်လူရွယ်အကြောင်းအရာ” သုတေသနစာတမ်းကို ထုတ်ပြန်ကြေညာလိုက်တာ ဖတ်လိုက်ရပါသည်။
" သန်းခေါင်စာရင်းကောက်ယူသောကာလတွင် လူငယ်လူရွယ် (၇) သိန်းခန့် ပြည်ပတွင်ရောက်ရှိနေကြကြောင်း၊ အချို့သောနယ်စပ်ဒေသများတွင် လူငယ်လူရွယ် (၅၀) ရာခိုင်နှုန်းခန့် ပြည်ပတွင်ရောက်ရှိနေကြောင်း၊ ပြည်ပပြောင်းရွှေ့သူများ၏ (၆၀) ရာခိုင်နှုန်းမှာ လူငယ်အမျိုးသားများဖြစ်ကြောင်း သိရှိရပါသည်။" တဲ့
နယ်စပ်ဒေသဖြစ်သည့် တိုင်းရင်းသားဒေသက ကျေးရွာတွေမှာ လူငယ်တွေ လုံးဝမရှိတော့ပဲ သက်ကြီးရွယ်အိုများသာ ကျန်နေကြတယ်လို့ ဒေသခံအချို့ပြောတာ ကြားဖူးတာ ကြာပါပြီ။ အဓိကက အလုပ်အကိုင် အခွင့်အလမ်း လုံးဝ မရှိတာနဲ့ ပညာသင်ကြားခွင့် မရရှိတာတွေ ကြောင့် ဖြစ်သည်။ မူလတန်းပညာ သင်ယူပြီးဆုံးသည်နှင့် အလယ်တန်း အထက်တန်း ပညာကို ဆက်လက်သင်ယူနိုင်ဖို့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း စတာတွေကနေ အစပြုကာ ပညာဆက်လက်သင်ယူနိုင်ဖို့ မဖြစ်နိုင်တော့ပဲ ကျောင်းထွက်ရသည်။ ကျောင်းထွက်ပြီး ဘာအလုပ်လုပ်မည်နည်း၊ မူလတန်းပညာပြီးဆုံးသူတယောက်အဖို့ အလုပ်အကိုင် အခွင့်အလမ်း လုံးဝ မရှိပါ။ အခြား အသက်မွေးဝမ်းကျောင်းပညာကလည်း ဖြစ်ဖြစ်မြောက်မြောက် တတ်ထားတာ မရှိ၊ သူများခိုင်းတာ တောက်တိုမယ်ရ လုပ်ချင်လုပ်၊ မိဘက လယ်ခံယာခံလေး ရှိနေက လယ်ယာအလုပ်ကလေး လုပ်လို့ရသေးသည်။ ဘာအထောက်အခံမှ မရှိသူ လူငယ်တယောက်အဖို့ ဘာလုပ်မည်နည်း။ အနီးဆုံး ရေကြည်ရာမြက်နုရာ လှမ်းမြင်လိုက်တာက တဖက်ကမ်းကို ကူးပြီး အလုပ်လုပ်ရုံပေါ့၊ ဒီလိုနဲ့ တယောက်ကနေ တဆင့် ဆင့်ကဲဆင့်ကဲ အလုပ်အကိုင် အခွင့်အလမ်းရှိရာ တဖက်နိုင်ငံကို ရောက်ရှိ သွားကြသည်။
သို့ဖြင့် ရွာလုံးကျွတ် ထိုင်းနိုင်ငံ ရောက်နေသည့် အုပ်စုကြီးကိုပင် တွေ့မြင်ခဲ့ဖူးပါသည်။ နယ်စပ်ဒေသက လူငယ်အများစုက နီးစပ်ရာ ထိုင်းနိုင်ငံ ကို ရောက်ရှိနေတာ အဆန်းမဟုတ်လို့ ဆိုရပေမယ့် ရခိုင်ပြည်နယ် မန်အောင်ကျွန်းလို ဝေးလံခေါင်ဖျားသည့် အရပ်ဒေသက လူငယ်တွေ လူလတ်ပိုင်းနဲ့ အိမ်ထောင်ဦးစီး အမျိုးသားတွေပါမကျန် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကြတာ မြင်တော့ အံ့ဩမိရလေသည်။ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ သွားရသည့် ကျွန်းကလေးတွေမှာ ရခိုင်လူငယ်တွေ များစွာ ရောက်ရှိ နေကြလေသည်။ ကော့တောင်ကျွန်း( လိပ်ကျွန်း) လူသတ်မှု ဖြစ်ပွားစဉ် က သတင်းထောက်တယောက်ကနေ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ လူငယ်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်က ဘယ်လို ရောက်လာကြတာလဲ မေးရာ ဖြေတဲ့သူက ကျွန်တော်တို့ တကျွန်းလုံး ရခိုင်တွေချည်းပါ ခင်ဗျာတဲ့
မြဝတီတဘက်ကမ်းနဲ့ နီးသည့် မဲဆောက်မြို့က ဆိုင်တိုင်းမှာ မြန်မာပြည်သား ကလေးမလေးတွေ အလွန်ဆုံးရှိလှ (၁၅)နှစ် (၁၆)နှစ် အရွယ်တွေ အလုပ်လုပ်နေကြရသည်။ လေသံလေးတွေက အညာလေသံလေးတွေမို့ မေးကြည့်လိုက်က ကျောက်ပန်းတောင်းတို့ မြင်းခြံတို့လို ဒေသကပင် လာရောက် အလုပ်လုပ်ကြသည်တဲ့၊ နယ်စပ်လို နေရာမှာ မိန်းမပျိုကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လာရောက်အလုပ်လုပ်နေကြတာ မြင်ရတာ စိတ်မကောင်းဖြစ်ရတဲ့ အထဲကပဲ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာ မြင်ရလို့ တော်သေးတယ်လို့ ဖြေတွေးရသည်။ ဘားအံ၊ ကော့ကရိတ် အစရှိသည့် ကရင်ပြည်နယ်က လူငယ်တွေလည်း အများအပြားပင် လုပ်ကိုင်နေကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း အစရှိတဲ့ ဒေသအသီးသီးက မြန်မာပြည်သားတွေကို ထိုင်းနိုင်ငံ ရောက်မှ စုံအောင် တွေ့မြင်ရလေသည်။
ချင်းမိုင်ခရိုင်မှာ မြန်မာပြည် တိုင်းရင်းသားတွေ အလုပ်လုပ်ရင်း စုဝေးနေထိုင်ကြရာက ရွာတွေပင် အများအပြား ရှိလာနေပြီဖြစ်သည်။ ဥပမာ- ချင်းမိုင်မြို့ပြင်ဘက်က ဟန်ဒုံး မှာနေတယ် ပြောလိုက်တာနှင့် အဲဒီမှာ ရှမ်းတွေ အများကြီး စုနေကြတဲ့ ရှမ်းရွာတွေ ရှိတယ်လို့ ပြောစမှတ်ပြုကြသည်။ ကချင်တွေနေတဲ့ ရွာတွေလည်း ရှိသေးသည်။ ဒါ့အပြင် ချင်းမိုင်မြို့ရဲ့ မြေနီကုန်းလို့ ပြောလို့ရတဲ့ နေရာတခုလည်း ရှိသေးသည်။ အဆိုပါ ရပ်ကွက်မှာ အမျိုးသမီးတွေက ထမီတွေဝတ်ပြီး အမျိုးသားတွေက ပုဆိုးတွေဖြင့် ကွမ်းတွေဝါးကာ မြန်မာစကားတဖောင်တဖောင်ဖြင့် သွားလာနေကြတာ မြင်ရသည်။ မြန်မာပြည် မော်လမြိုင် ၊ ကြာအင်းဆိပ်ကြီး စတဲ့ အရပ်တွေဆီက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်သည်။ သူတို့စကားသံက မော်လမြိုင်အရပ်က လေသံမျိုးဖြစ်သည်။ သူတို့ အထောက်အထားလုပ်သည့် အခါ အလုပ်သမားကဒ်တွေမှာ လူမျိုး မြန်မာ ဖြစ်သည်။ အဆိုပါ ရပ်ကွက်မှာ ပုစုခရုမှသည် အရွယ်စုံ ဆိုဒ်စုံ လူမျိုးစုံ ရှိသည်။ ကိုးကွယ်ရာ ဗလီလည်း ရှိသည်။ သူတို့ကို မေးကြည့်ပါက မြန်မာပြည် ဘယ်တော့မှ ပြန်မှာမဟုတ်ဆိုတဲ့ အဖြေသာရှိသည်။ အဆိုပါ ရပ်ကွက်က အမျိုးသမီး တယောက်က ပြောပြဖူးသည်။ ထိုင်းမှာ သူ့အမျိုးသားက ရိုတီ(ခ) ပလာတာရောင်းသည်။ သူက အိမ်ဖော် လိုက်လုပ်သည်။ သူတယောက်ထဲကပဲ တနေ့ ဘတ်(၃၀၀) ရသည်။ ကလေးတယောက်ရှိသည်။ တနေ့ ဘတ်(၁၀၀) ဘိုက်ရိုက်စား၊ စုပင်စုမိသည်တဲ့၊ မြန်မာပြည်က ထွက်လာတာ ထမင်းငတ်လို့ ပါတဲ့၊ မြန်မာပြည်မှာ ထမင်းငတ်တဲ့ သူမရှိဘူးလို့ ဘယ်သူပြောလဲ အမ တဲ့ သူကိုယ်တိုင် ထမင်းငတ်ခဲ့ဖူးပါတယ်တဲ့၊ ဒါ့ကြောင့် ထမင်းငတ်တဲ့ နေရာ ပြန်မနေချင်တော့ပါဘူးတဲ့ ၊ အခုတော့ ကားလေးတစီးတောင် ပိုင်လို့၊ သားလေးတယောက် ရှိတာ ထိုင်းရောက်မှ မွေးတဲ့ အတွက် အဲဒီကလေး အသက်(၁၈)နှစ်ပြည့်တဲ့အခါ ထိုင်းနိုင်ငံသား ခံယူလို့ ရမယ်လို့ ဆိုလေသည်။
ရန်ကုန်လို မြို့ကြီးပြကြီးက လူလတ်တန်းစား မိသားစုရဲ့ သားသမီးတွေက ပညာတွေ သင်ယူပြီး စင်္ကာပူလို မလေးရှားလို နိုင်ငံတွေ သွားပြီး အလုပ်လုပ်ကြတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြတဲ့ နယ်စပ်ဒေသက လူငယ်တွေ များစွာ ရှိနေသည်။ စားစရာမရှိတာ၊ စာမသင်ရတာ၊ စားဖို့အတွက် ခက်ခက်ခဲခဲ ရှာဖွေ ရတာ ကုန်ကုန်ပြောရပါက အငတ်ငတ်အပြတ်ပြတ်နေရတဲ့ ဘဝတွေကနေ ရုန်းထွက်ကြရတာဖြစ်သည်။ ရှမ်းပြည်နယ်က လာရောက် အလုပ်လုပ်တဲ့ ကလေးမလေး တယောက်၊ အသက်က (၂၀) ခန့်ရှိမည်။ ရွာကို သတိရသည်၊ သို့သော် ထိုင်းမှာက အချိန်တန် ထမင်းစားရသည်။ လကုန်သည်နှင့် ပိုက်ဆံ ရတော့မည်လို့ သိထားတဲ့ အတွက် ပူစရာမလို၊ ရွာမှာနေတုန်းက ထင်းကောက် ရောင်း မှ ပိုက်ဆံရသည်၊ တခြား ဘယ်သူက ဘာခေါ်ခိုင်းမလဲ မျှော်ရသည်တဲ့ ခေါ်ခိုင်းပြီဆိုက ပိုက်ဆံရတော့မည်၊ ထမင်းစားရတော့မည် လို့ ဝမ်းသာရသည်တဲ့၊ အဝတ်အစားဆိုတာ အသစ်တထည်ရဖို့ တနှစ်လောက် စောင့်ရတာ သစ်ကုလားအုပ်လို ပဲတဲ့၊ အမေ ဝယ်လာတော့မယ်ဆိုတဲ့နေ့ မျှော်ရတာ မမေ့နိုင်ပါတဲ့၊ ထိုင်းနိုင်ငံက ဘာဖြစ်လို့ စားစရာတွေ၊ အဝတ်အထည်တွေ ဒီလောက်တောင် ပေါရတာလဲဟင်၊ လွယ်လွယ်ဝယ်လို့ ရနေတာ ခဏလေးနဲ့ ဝယ်နိုင်တာ ဘာ့ကြောင့်လဲလို့ သူက တဖန် မေးခွန်းထုတ်ပြန်သည်။
ထမင်းတနပ်ရဲ့ တန်ဘိုးကို ထမင်းငတ်ဖူးသူတွေက ပိုသိသည်။ ဒီလို ဘဝမျိုးကို ပြန်ရောက်မှာ ကြောက်သည်။ ဒီလိုနေခဲ့ရတဲ့ ဘဝကို အလန့်ကြီးလန့်ကြသည်။ ဒါတောင် စစ်ဘေးကြောင့် ပြေးရတာ ပုန်းရတာ ထမင်းငတ်ပြီး ကြေက်ရွံ့တုန်လှုပ်နေရတာ စတဲ့ အဖြစ်တွေကနေ ထွက်လာသူတွေဆိုက ရာသက်ပန် မပြန်လိုကြတော့၊ ကိုယ်လုပ်နိုင်သ၍ စားလို့ရနေရတဲ့ ဘဝကို လက်မလွတ်ကြတော့ပေ။ ချင်းမိုင်မြို့ပြင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ ဘဝမှာ အင်မတန် အနေဆင်းရဲလှသည်လို့ မြင်မိပေမယ့် သူတို့ အတွက်ကတော့ ရွာကအခြေအနေထက် အပုံကြီးသာသတဲ့၊ ရွှံ့ဗွက်ပေါ် တဲထိုးနေရပေမယ့် ရေ၊ မီး ရသည်တဲ့၊ ကလေးတွေ ကျောင်းနေရသည်၊ အလုပ်ရှိနေသ၍ စားဖို့ မပူရ၊ ရွာပြန်ရအောင် ရွာမှာ ဘာလုပ်စားမလဲ သူတို့က မေးခွန်းမေးဖို့ အသင့်။ အဆိုပါ အလုပ်သမားကင့်မ်တွေ ရောက်မှ ကလေးတွေ ထပ်ရလာတာ၊ အိမ်ထောင်ရက်သားကျတာတွေလည်း ရှိကြသည်။ တဆင့်တဆင့် အလုပ်ကလေး ရှိတယ် ဆိုကာ လာကြသည့် ရွာကလူတွေ ရွာနီးချူပ်စပ် မြို့ကလူတွေ များများလာပြီး ရွာမှာ လူပင် မကျန်တော့ပါတဲ့၊ နောက်ထပ် ရောက်လာသည့် သူတွေမှာ ပိုလို့ပင် အသက်တွေ ငယ်ငယ်လာကြသည်။ ယခင်က အသက်(၁၈)နှစ်ကနေ (၂၀) ပတ်ဝန်းကျင်တွေ အလုပ်ထွက်လုပ်ကြသည်။ ယခုနောက်ပိုင်းမှာ မြန်မာပြည်ဘက်ကနေ ရောက်လာတာ မကြာသေးပါ ပြောသည့် အရွယ်တွေက (၁၅)နှစ် (၁၆)နှစ် အရွယ်လေးတွေ များလာကြသည်။ ဒါ့ကြောင့် နောင်မှာ တိုင်းရင်းသားဒေသမှာ လူဦးရေ မျိုးဆက် ပျောက်သွားမှာပင် စိုးရိမ်နေရသည့် အခြေအနေဖြစ်သည်။
" ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ (၄၆.၅%) သည် ကလေးသူငယ်နှင့်လူငယ်လူရွယ်များဖြစ်ကြောင်း၊ ယခုအတိုင်း ကလေးမွေးဖွားနှုန်းနှင့် ကလေးသေဆုံးနှုန်းများ ဆက်လက်တည်ရှိနေမည်ဆိုပါက နောင်လာမည့် ဆယ်နှစ်အတွင်း ကလေးသူငယ်နှင့်လူငယ်လူရွယ် ဦးရေမှာ အနည်းငယ်သာတိုးလာနိုင်ကြောင်းနှင့် ၂၀၂၄ ခုနှစ်မှာ ကလေးသူငယ်နှင့်လူငယ်လူရွယ် (၂၄.၅) သန်းနှင့် ၂၀၄၄ ခုနှစ်မှာ (၂၃.၁) သန်းသာရှိမည်ဟု ခန့်မှန်းထားကြောင်း " ဆိုထားရာ လတ်တလော လူဦးရေ သန်း(၆၀)ရှိရာကနေ သန်း(၅၀) သာရှိတော့ရာ ခန့်မှန်းသလို ကလေးသူငယ်နှင့် လူငယ်လူရွယ် ၂၄သန်းခွဲသာ ရှိမည်ဆိုက နောင်ဆယ်နှစ်မှာ စုစုပေါင်းလူဦးရေ ဆယ်သန်းခန့် ထပ်မံလျော့သွားမည့် အခြေအနေ မြင်နေရပေသည်။ အဆိုးရွားဆုံးက လူ့စွမ်းအားတွေ လျော့နည်းပေတော့မည်။
"သုည" ဆိုတာ တန်ဘိုးမရှိပါ၊ ဘဝမှာ သုညချည်း ကြုံနေရတဲ့ သူတွေက တဆင့်လှမ်းတက်နိုင်ဖို့ ကိုယ့်ဘာသာ ရုန်းကန်သွားကြရသည်။ သို့သော် တန်ဘိုးမရှိတဲ့ " သုည" ကို နေရာပြောင်းပေးလိုက်တဲ့အခါ တဆင့်တဆင့် သုည အစုအဝေးကနေ တန်ဘိုးရှိတဲ့ အဆင့်တခု ရောက်အောင် လုပ်ပေးနိုင်ဖို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးတကြီး လိုအပ်နေပါပြီ။
ခိုင်ခိုင်စောလွင်

October 16, 2017

" လင်းလက်နေတဲ့ကြယ်"၁၆ရက် အောက်တိုဘာ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၄၀) မှ



ထိုင်းနိုင်တဝှန်းမှာ အောက်တိုဘာလအတွင်း အဝါရောင်ပန်းများ လွှမ်းခြုံနေပေသည်။ ယခုအောက်တိုဘာလလ (၂၆)ရက်နေ့မှာ လွန်ခဲ့တဲ့ နှစ် အောက်တိုဘာလက နတ်ရွာစံသွားတဲ့ ဘုရင်ကြီး ဈာပန အခမ်းအနားကျင်းပမှာဖြစ်ရာ ဘုရင်ကြီးရဲ့ မွေးနေ့အရောင်ဖြစ်တဲ့ အဝါရောင်ပန်းတွေနဲ့ ပူဇော်ကြမှာဖြစ်သည်။ Marigold flower မြန်မာလို ထပ်တရာပန်းခေါ်သည့် ပန်းတွေကို ဘန်ကောက်အပါအဝင် အခြားခရိုင်မြို့နယ်တွေအားလုံးမှာ ဘုရင်ကြီးရဲ့ ဈာပန အမှတ်တရအဖြစ် ဆင်ယင်စိုက်ပျိုးထားကြတာဖြစ်သည်။ ထိုင်းလို "တဖြတ်ဖြတ်လင်းလက်နေတဲ့ကြယ်" လို့ အဓိပ္ပါယ်ရသည့် အဆိုပါပန်းတွေ စိုက်ပျိုးထားတာကြည့်ပြီး အဆိုပါပန်းဝါဝါတွေရဲ့ အဓိပ္ပါယ်ကို တွေးဆနေမိလေသည်။
အဆိုပါ ထပ်တရာပန်းတွေကို ချင်းမိုင်မြို့ရဲ့ ကျုံးဘေးတလျှောက်၊ လမ်းလယ်ကျွန်းတွေမှာ စိုက်ပျိုးထားကြပြီး ရုံးဌာနအဆောက်အဦ၊ ကျောင်းတွေနဲ့ ရပ်ကွက်အသီးသီး အိမ်တွေမှာ စိုက်ပျိုးထားကြတာ ဝါဝင်းနေလေသည်။ အဆိုပါ ပန်းအကြောင်းကို စိတ်ဝင်စားမိပြီး လေ့လာကြည့်သည့်အခါ ပန်းရဲ့ အဓိပ္ပါယ်နဲ့အတူ နတ်ရွာစံ ဘုရင်ဘူမိဘောအဒူယဒက်ဘဝကို နှိုင်းယှဉ်တွေးမိလေသည်။ ဘုရင့်ရဲ့မွေးနေ့အရောင်မှာ အဝါရောင် ဖြစ်တဲ့အတွက် ဘုရင်ကြီး သက်ရှိထင်ရှား ရှိစဉ် ကတည်းက အဝါရောင်မှာ ဘုရင့်အရောင်ဆိုတာ သိရှိခဲ့ဖူးလေသည်။ ထို့အပြင် မိဖုရားကြီးက အပြာရောင်၊ သိရိဒုံမင်းသမီးက ခရမ်းရောင် စသဖြင့် အရောင်တွေ သိရှိခဲ့ဖူးလေသည်။ ယခု ဘုရင်ကြီးဈျာပနအတွက် ပန်းတွေ စိုက်ပျိုးတာမှာ ထပ်တရာပန်းကို ရွေးချယ်လိုက်တာ အဝါရောင်မို့ ဆိုတာထက် အခြားအဓိပ္ပါယ်တွေ များစွာ ရှိနေပေလိမ့်မည်။ ဒါ့ကြောင့်လည်း အဆိုပါ ပန်းလေးအကြောင်းကို လေ့လာ မေးမြန်း ဖတ်ရှုကြည့်မိတာပဲ ဖြစ်သည်။
ထိုင်းလူမျိုးတွေအခေါ် တောက်ပတဲ့ကြယ် ပန်း မြန်မာလို ထပ်တရာပန်း အင်္ဂလိပ်လို Marigold ပန်းလေးမှာ အညှာနဲ့ပင်စည်က စိမ်းစိမ်းလေး၊ အပွင့်ကဝါဝါမှာ ပွင့်ဖတ်တွေက အထပ်ထပ်၊ မြန်မာတွေက နာမည်ပေးအင်မတန်တော်သည်။ ထပ်တရာပန်းတဲ့၊ အဆိုပါ ပန်းကလေးမှာ ခြောက်သွေ့သွားက ပန်းထဲက ပွင့်ဖတ်တွေ ဝတ်ဆံတွေကို ချွေချပြီး မြေပေါ် ပြန်ကျဲလိုက်က အပင်ပြန်ပေါက်သည်၊ အပင်ပေါက်နှုန်းမြန်ပြီး အပွင့်ပွင့်လွယ်သည်။ ဘယ်တော့မှ မသေသည့်ပန်းလို့ တချို့က တင်စားသည်။ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုသေးသည်တဲ့၊ အချို့ပန်းတွေက လှသလောက် ဝတ်မှုန်တွေက လူတွေကို ဒုက္ခပေးတာမျိုး ရှိသေးသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးလို၊ အရေပြားဓါတ်မတည့်သည့် ဝေဒနာမျိုးတွေ ဖြစ်စေလေသည်။
ထပ်တရာပန်းကတော့ သူ့ကိုစိုက်ထားတဲ့ စိုက်ခင်းပတ်လည်မှာ အခြားအပင်တွေဆီပါ အင်းဆက်ပိုးကောင်တွေ မလာနိုင်အောင် တားပေးထားနိုင်တယ်လို့ ဆိုလေသည်။ ဘယ်တော့မှ မသေသည့်ပန်း ပန်းတပွင့်ကနေ ပန်းတွေ အဆက်ဆက် ပွားများလာသည့်ပန်း၊ ပတ်ဝန်းကျင်ကို အကျိုးပြုသည့် ပန်း၊ ဒါတင်မက အရောင်အသွေားဝါဝါစိုစိုဖြင့် ကြွကြွရွရွ လှပနေသည့် ပန်းဖြင့် ဘုရင်ကြီးကို အမှတ်တရထား ဆင်ယင် စိုက်ပျိုးထားကြတာ ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်။
ထိုင်းပြည်သူပြည်သားတွေကို တိုင်းပြည်ကို ချစ်တတ်အောင်၊ အချင်းချင်း အမုန်းမပွားအောင် အလေ့ကောင်းတွေ ဆောင်ကျဉ်းပေးခဲ့သည့် ဘုရင်ကြီးမှာ သူတို့ပြည်သူတွေ ရင်ထဲ အမြဲရှင်သန် နေမှာ သေချာသည်.။ တိုင်းပြည်အတွက် အကောင်းဆုံးတွေ လုပ်ပေးသွားတာမှာ သူရှိနေစဉ်သာမက သူမရှိတော့တဲ့နောက်ပိုင်းမှာပါ အခြေခံအကျဆုံးလိုအပ်ချက်တွေကို ဖန်တီးပေးသွားခဲ့လေသည်။ ဘုရင်ကြီး နတ်ရွာစံသွားပေမယ့် သူချမှတ်ထားခဲ့တဲ့ ပြည်သူတွေရဲ့ စိတ်နေစိတ်ထား အလေ့အကျင့်တွေနဲ့ ဖန်တီးပေးခဲ့တဲ့ စားဝတ်နေရေး အခြေခံကောင်းတွေကြောင့် ဘုရင်ကြီး မရှိတော့သည့်တိုင် မယိမ်းမယိုင် ဆက်လက်တည်ရှိနေမြဲ ဖြစ်တာကို လက်တွေ့ မြင်ခွင့်ရလေသည်။
အမျိုးကိုချစ်ပါ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး တို့အရေး ၊ ပြည်ထောင်စုကိုချစ်ပါ တို့ဘာသာ တို့သာသနာ စတာတွေ တလုံးတပါဒမှ လှုံ့ဆော်စည်းရုံး ဆောင်ပုဒ်ထိုးတာတေ လုပ်တာမျိုး မရှိပဲ မိမိတိုင်းပြည်ကို ချစ်တတ်အောင်၊ လူလူချင်းအလေးထားပြီး တယောက်အခွင့်အရေးတယောက် လေးစားအောင် နောက်ဆုံး ကိုယ့်နိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ ကိုယ့်လူမျိုးမဟုတ်သူတွေ အပေါ်မှာပါ သနားညှာတာတတ်အောင် ရှေ့ဆောင်လမ်းပြ ပြုမူနေထိုင်ပြသွားလေသည်။ သူ့တိုင်းပြည်မှာ နေထိုင်နေသူအားလုံး ပညာသင်ကြားခွင့် ရရေးကို အဓိက လုပ်ပေးသွားတဲ့အတွက် အခြေခံပညာကို အရွယ်ရောက်သူတိုင်း သင်ခွင့် ရခဲ့ကြလေသည်။ အသိပညာရှိမှ လူမိုက်တွေနည်းသွားမှာ၊ စားစရာရှိမှ လူတွေ မဟုတ်တာမလုပ်မှာ စတာတွေကို တွေးဆသိမြင်ပြီး ဖန်တီးပေးသွားခဲ့လေသည်။ ဒါ့ကြောင့်လည်း ထပ်တရာပန်းဝါဝါတွေကို မြင်တိုင်း ဘုရင်ဘူမိဘောအဒူယဒက်အကြောင်းကို သတိတရ တွေးမိနေတာပဲ ဖြစ်သည်။
အသက်ရှင်နေစဉ်ကာလအတွင်း လောကကောင်းကျိုး အများကောင်းကျိုး အားလုံးကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ဆောင်ရွက်သွားတဲ့ ဘုရင်ကြီးကို ထိုင်းပြည်သူပြည်သားတွေ လွမ်းဆွတ်တသ နှမြောနေကြတာဖြစ်သည်။ သက်ရှိထင်ရှား မရှိတော့တဲ့ လူတယောက်ကို အမြဲချစ်ခင်တမ်းတ သတိရနေတယ် ဆိုတာ အဆိုပါ လူတယောက် ထားရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိုင်းအဆအင်အားကြီးမားမှုကြောင့် ဖြစ်သည်။
သီတင်းကျွတ်တုန်းက လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို လာရောက်ကန်တော့ကြတဲ့ဝန်ကြီးတွေကို ပြောကြားလိုက်တဲ့ စကားလေး လွှတ်တော်အမတ်တယောက် ရေးထားတာ ဖတ်လိုက်ရသည်။
" ဆရာတို့က ကျွန်​မကို​တော့ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမှာ မဟုတ်ပါဘူး။တိုင်းပြည်အပေါ်မှာသာကံသုံးပါးနဲ့ မပြစ်မှားဖို့ ကြိုးစားကြပါ။" တဲ့
တိုင်းပြည်ကို ဦးဆောင်နေတဲ့ သူတွေအားလုံး တိုင်းပြည်အပေါ် ချစ်တဲ့စိတ်၊ ပြည်သူအပေါ်ချစ်တဲ့ စိတ်နဲ့ ဆောင်ရွက်ပါက ဘယ်တော့မှ မမေ့နိုင်မယ့် အကျိုးပြုသူတွေအဖြစ် ပြည်သူတွေရင်ထဲ အမြဲရှိနေမှာ အသေအချာပင်။
ခိုင်ခိုင်စောလွင်

October 8, 2017

" ကွက်လပ်တွေဖြည့်ကြစို့"၂ရက် အောက်တိုဘာ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၈)မှ


" ငါတို့မှာ လူတွေအများကြီး ၊ မင်းတို့မှာ မြေတွေအများကြီး" ဒီစကားလေးက ယခုအပတ်အတွင်း လူမှုကွန်ယက်မှာ အတော်လေး လူပြောများလှသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဟောင်း တယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချူပ်ကြီး သက်ဆွေ (ရေ- ငြိမ်း) က လူထုခေါင်းဆောင်ရဲ့ စက်တင်္ဘာ(၁၉) ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာပြည်က ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေကို ၁၉၉၃ခုနှစ် နှစ်နိုင်ငံဥပဒေအတိုင်း စိစစ်လက်ခံရန် အသင့်ရှိပါကြောင်း ဆိုတာ နားထောင်လိုက်ရတဲ့အတွက် ၂၀၁၄ခုနှစ် မေလမှာ ဘင်္ဂလားဒေ့ရှ်ကို တာဝန်နဲ့ သွားစဉ် ကြုံတွေ့ခဲ့ရတာကို ပြန်သတိရမိကြောင်း အစချီ ရေးထားတဲ့ ဆောင်းပါးထဲက နိဂုံးချူပ်ထားတဲ့ စာကြောင်းကလေးဖြစ်သည်။
အလားတူ မြန်မာနိုင်ငံမှာ မြေလွတ်တွေ အများကြီး ရှိနေတာကို စင်္ကာပူဝန်ကြီးချူပ်(ဟောင်း) လာလည်စဉ်က ပြောသွားခဲ့ဖူးသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံက အဆင့်မြင့်အရာရှိတွေ ပြောလိုက်သလို အဓိပ္ပါယ်မျိုး နဲ့တော့ မတူပါ။ မြေလွတ်တွေ များစွာရှိပါလျက်နဲ့ ဘာမှမလုပ်ပဲ နေရသလား ဆိုသည့် အားမလိုအားမရ ပြောသွားတာ ဖြစ်မည်။ ထိုစကားမျိုးကို သည့်အရင်ကလည်း ကိုယ်တိုင်ကြားဖူးပါသည်။ ၂၀၁၀ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို အလည်အပတ်သွားခွင့်ရသည့်အချိန် ထိုင်းလူမျိုး အတော်များများ ဝင်ရောက်လည်ပတ်ကြသည်။ အချို့က စီးပွားရေးအခွင့်အလန်း ဘာရမလဲ မျှော်လင့်ချက်၊ အချို့က အလည်အပတ်နဲ့ ဘုရားဖူးရုံ သက်သက် ဝင်ရောက်ကြသည်။ သူတို့ မြင်လာတာက မြန်မာပြည်မှာ မြေလွတ်တွေ အများကြီး ၊ မိတ်ဆွေ ထိုင်းလူမျိုးတွေ ကိုယ်တိုင် " မြန်မာပြည်မှာ မြေတွေ အများကြီး ရှိပါရဲ့နဲ့ ဘာဖြစ်လို့ စိုက်မစားတာလဲ ဘာဖြစ်လို့ မွေးမြူရေးတွေ မလုပ်သလဲ ဘာဖြစ်လို့.........? ဘာဖြစ်လို့ ..........? ဘာဖြစ်လို့ ..." ဆိုတဲ့ မေးခွန်းတွေ အမေးခံရလေ့ရှိသည်။
သူတို့ ယူဆတာက မြန်မာတွေက မြေကြီးက အလိုလိုထွက်လာတဲ့ အရာတွေများစွာရှိတဲ့ အတွက် ကိုယ်တိုင်ကြိုးစား လုပ်မယူတာလို့ ထင်ဟန်ရှိသည်။ ကျောင်းက ထိုင်းအမျိုးသမီး စာရေးမလေးက " ဆရာမတို့ မြန်မာပြည်မှာ ဆန်ကာနဲ့ ဒီလို ဒီလို ( သူ့လက်ကို ဆန်ကောဝိုင်း ဝိုင်းဟန်ပြရင်း) လုပ်တာနဲ့ ရွှေတွေ ရလာတယ်နော်" တဲ့ သူ့ကြည့်ရတာ အတော်လေး သဘောကျနေပုံ၊ နောက်တယောက်ကလည်း " ဆရာမတို့ မြန်မာပြည် ကချင်ပြည်နယ်မှာ ကျောက်တွေ အများကြီး မြေကြီးထဲကနေ ရတယ်နော်" တဲ့ သူလည်း မြန်မာပြည်ကို အားကျနေသည့်ဟန်၊ ဒါကျ သူတို့ပြောသမျှ ရယ်မောပြီး ဟုတ်တာပေါ့ ဟုတ်တယ်လို့ ဖြစ်ဖြစ်သည်။ နောက်ပြီး သဘာဝဓါတ်ငွေ့ ထွက်တာ ၊ ထိုင်းကတောင် ဝယ်သုံးရတာ စတာတွေ သူတို့က အားကျစွာ ပြောတာ နားထောင်ရသည်။ တက္ကစီးငှားစီးရင်းပင် မြန်မာမှန်းသိသည်နှင့် ကားဆရာတယောက်က " မင်းတို့ မြန်မာပြည်က ထွက်တဲ့ jade ကို ငါသိပ်ကြိုက်တယ်" ဆိုရာ သူ့အသံထွက်ကို ကြယ်လို့ ကြားမိတဲ့အတွက် ပြန်မေးတော့ သူက ကားရဲ့ ဒိုင်ခွက်က မီးအစိမ်းရောင် ကို လက်ညှိုးထိုးပြပြီး ဒါမျိုးလေ ဆိုမှ အော် ကျောက်စိမ်း လို့ သိသွားပြီး စိတ်ထဲက ဒီလိုဆိုတော့ တို့မြန်မာပြည်က အဟုတ်သားလားပေါ့။ ဒါပေမယ့် တကယ်တန်းကျ ဒါဟာ အပေါ်ယံသာ သိသူတွေရဲ့ အမြင်ဆိုတာ တွေးမိရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို လေ့လာသိရှိထားပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ သတင်းတွေကို သိနေတဲ့ ထိုင်းလူမျိုး ဆရာမတယောက်ကတော့ " မြေတွေအများကြီး ရှိလျက်နဲ့ ပြည်သူတွေကို ဘာလို့ လုပ်ခွင့်မပေးတာလဲ ထိုင်းနိုင်ငံမှာတောင် မထွက်တဲ့ တွင်းထွက်ရတနာတွေ ထွက်လျက်နဲ့ မြန်မာပြည်သူတွေ ဘာလို့ ဆင်းရဲနေရသလဲ၊ သဘာဝဓါတ်ငွေ့တွေ ထိုင်းနိုင်ငံကို ရောင်းစားနေရပြီး မြန်မာပြည်ကျ ဘာလို့ လျပ်စစ်မီးမရရသလဲ " မေးတတ်သည်။ မေးသာမေးတာ တကယ်က သူ့မှာလည်း အဖြေက သူသိပြီးသားပင်။
ထိုင်းဘုရင်ကြီးက " ထိုင်းပြည်သူတွေ ဝလင်အောင်စားဖို့ စီမံပေးတယ်၊ ပြည်သူတွေ ဝလင်အောင် စားသောက်ပြီး ပြည်သူတွေရဲ့ လူမှုဘဝပြည့်စုံပြီးမှ ပိုတာကို တခြားနိုင်ငံကို ထုတ်ရောင်းတယ်၊ ပြည်သူတွေက စားစရာမရှိပဲ ကိုယ့်ပြည်က ထွက်တာကို တခြားကို ရောင်းချတာ ဆိုးရွားတဲ့ စနစ်ပဲ" သူပြောတာကို စာဖတ်သူဆိုပါက ပြိုင်ငြင်းဖြစ်မလား၊ အာဏာရှင် စနစ်ဆိုးအကြောင်း စကားလက်ဆုံကျဖြစ်မလား၊
ယခု မြန်မာပြည်ကို ထိုင်းနိုင်ငံ မဲဆောက်ဖက်ကနေ တင်သွင်းတဲ့ ကုန်တွေထဲမှာ အစားအသောက်ကုန်တွေ အများဆုံးလို့ဆိုသည်။ အစားအသောက်ထဲမှာမှ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေ အများဆုံးပါသည်၊ ထိုင်းနိုင်ငံမှာရှိသည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံမှန်သမျှ မြန်မာပြည်မှာ စိုက်ပျိုးနိုင်သည့် သီးနှံများသာ၊ တချိန်က မြန်မာပြည်မှာ ပေါများစွာ ထွက်ရှိသည့် အမျိုးအစားများပင်။ မြန်မာပြည်မှာသာ ရှိပြီး ထိုင်းနိုင်ငံမှာ စိုက်ပျိုးခြင်းမရှိသည့် မျိုးများပင် ထိုင်းတွေက စနစ်တကျ စီးပွားဖြစ် ဘယ်လို စိုက်ပျိုးမလဲ လေ့လာ စိုက်ပျိုးကြလို့ ထိုင်းကို ရောက်ကုန်သည့် မြန်မာ့မျိုးစိတ် မျိုးရင်းတွေပင် များစွာရှိလာလေသည်။ ထိုင်းနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် အစိုးရ အသုံးစားရိတ်သတ်မှတ်တာမှာ လူသားဖွံ့ဖြိုးတိုးတက်မှု စီးဆင်းဖို့ အတွက် (၁၉.၉%) ၊ ဆင်းရဲမှုလျှော့ချရေး၊ လူတန်းစားမညီမျှမှုကို လျှော့ချရေးနဲ့ ပြည်တွင်းစီးပွားဖွံ့ဖြိုးစေရေးမှာ ဘတ်ဂျက်ရဲ့ (၁၁.၄) ရာခိုင်နှုန်း စသဖြင့် ဖတ်ရရာ ပြည်သူကို ဦးတည်ထားသည့် လူ့စွမ်းအားတိုးတက်စေသည့် စနစ် ချမှတ်တာကို ထင်ထင်ရှားရှား မြင်ရသည်။
ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်ပေါများလှပါသည်။ ပေါတယ် ဆိုတာ ကုန်ဈေးနှုန်းကို ပြောတာမဟုတ်ပါ။ ဈေးနှုန်းက ငွေလဲနှုန်းနှင့် မြှောက်ပါက တန်ဘိုးအတူတူခန့်ရှိတတ်ပါသည်။ ကုန်ပစ္စည်းအရေအတွက် ပေါများစွာ ထုတ်လုပ်နိုင်ကြတာ ဖြစ်သည်။ တရုပ်နံနံဆိုတာမျိုးကို ပဲပင်ပေါက်ပဲပြားနှင့်တွဲရောင်းသည့် ဆိုင်တွေမှာ လက်သန်းခန့် အစည်းလေးတွေ စည်းထားပြီး နေမမြင့်ခင် ဈေးမကွဲခင် ဝယ်မှ ရတတ်တာ နေမြင့်က ဘယ်ဆိုင်မှမှ ဝယ်မရတာ ကြုံဖူးသည့်အခါ ထိုင်းက ဈေးတခုမှာ တရုတ်နံနံတွေ တစည်းကို လူတယောက် တပွေ့တပိုက် ပွေ့ပိုက်လို့ရအောင် များသည့် အစည်းတွေ ကားတစီးတိုက် ချလာတာ မြင်ရသည့်အခါ တအံ့တဩ ဖြစ်ခဲ့ဖူးရသည်။ အဓိကကတော့ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်းနဲ့ စိုက်ပျိုးနိုင်ဖို့ မျိုးစေ့နဲ့ နည်းပညာ ပေးနိုင်ခြင်း ဖြစ်သည်။" မြေလွတ်မြေရိုင်းမချန် စိုက်ပျိုးကြ"
" ပဒေသာမြေမျာ ရှာစို့လား" " မြေကြီးကရွှေသီးရမည်" လို့ တချိန်က မြန်မာပြည်မှာ ကြွေးကြော်ခဲ့ဖူးလေသည်။ လက်တွေ့မှာ နံနံပင်တောင် ထိုင်းက ဝယ်စားနေရပြီ။
၁၉၉၀ခုနှစ် ဝန်းကျင်ခန့်က ရန်ကုန်တိုင်း တွံတေးမြို့နယ် အစွန် ထန်းတပင်ချောင်းဘေးက ရွာတရွာမှာ အလယ်တန်းပြဆရာမ တာဝန်နဲ့ နေထိုင်ခဲ့ဖူးလေသည်။ လက်ထဲမှာ ငွေရှိသော်လည်း ငါးပိရည်ကြိုကို တို့စရာမပါပဲ စားခဲ့ရဖူးသည်။ အကြောင်းက ရွာမှာ အသီးအရွက်ဝယ်မရ၊ ရန်ကုန်ကနေ မော်တော်နဲ့ ပါလာမှ ဆိုင်မှာ တင်နိုင်သည်။ အိမ်ခြံဝင်းတွေ အကျယ်ကြီးမှာ အိမ်တွေက ထီးထီး၊ ခြံဝင်းထဲမှာ ဘာပင်မှ မစိုက်၊ တို့စရာ ဟင်းခတ်အမွှေးအကြိုင် အရွက်တွေ စိုက်၍ရတဲ့အကြောင်းနဲ့ စိုက်ပျိုးဖို့ ပြောသည်။ စိတ်မဝင်စားကြ၊ ရွာအပြင်မှာ နှစ်စဉ် ဝင်ငွေရဖို့ စိုက်ကြသည့် စပါး၊ ပဲနဲ့ ငါးမွေးမြူရေးတို့ကိုသာ စိတ်သန်ကြသည်။ အဆိုပါ စိုက်ပျိုးရေး မွေးမြူရေးကနေ နှစ်စဉ် သိန်း ဆယ်ဂဏန်း ရကြသည်။( ၁၉၉၀ခုနှစ်ဝန်းကျင် ငွေသားမို့ မနည်းလှ) အိမ်တိုင်း တီဗွီ ရှိသည်။ ရန်ကုန်ကနေ ရွာကို ပြန်လာသည့် မော်တော်ပေါ်မှာ ကန်စွန်းရွက်ပါသည်။ ပဲပင်ပေါက်ပါသည်။ ငှက်ပျောသီးပါသည်။ ကန်စွန်းရွက်မှာ စိုက်ရအင်မတန်လွယ်သည်။ လယ်ကွက်တွေ ချောင်းတွေ မြောင်းတွေ ပေါရာ ကန်စွန်းတညွန့်လောက် ပစ်ချထားပါလား ပြောရာ ဝယ်စားတာ အေးသည်တဲ့၊ စိုက်ထားက ကြက်တွေဘဲတွေ ဝက်တွေ ဝင်စားက ပိုင်ရှင်နှင့် စကားများရလိမ့်မည် ဆိုသည်။ ကိုယ့်အိမ်ထဲမှာ ကိုယ်ယာနားမှာ စားစရာ အသီးအရွက်တပိုင်တနိုင် စိုက်ပျိုးသည့် အလေ့မရှိသည့်အခါ မြေလွတ်တွေ ရှိပါလျက်နှင့် ရန်ကုန်နဲ့ အသွားအပြန် (၆)နာရီ က (၇)နာရီခန့် မောင်းရသည့် မော်တော်နဲ့ ဈေးပြန်ပါလာမှ စားရ မြင်ရသည်။ နောင်သော် ကျောင်းအုပ်ဆရာကြီးက ကျောင်းဝင်းထဲက မြေလွတ်တွေမှာ ချဉ်ပေါင် ပဲစောင်းလျား ကန်စွန်း သင်္ဘော ငှက်ပျော အစရှိသည့် သီးပင်စားပင်များ စိုက်ပျိုးရာ ဆရာမတွေ အသီးအရွက် အတို့အမြှုပ် စားခွင့်ရလေတော့သည်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် ပိုမိုကျယ်ဝန်းပါသည်။ သို့သော် မြေလွတ်မြေရိုင်း ဒီတိုင်းမထား မြေမှန်သမျှ စနစ်တကျ စိုက်ပျိုးထားကြသည်။ အတုယူစရာကောင်းသည်မှာ ကိုယ့်အိမ်ကိုယ်ခြံထဲမှာပင် စားပင်သီးပင်လေးတွေ တပိုင်တနိုင်စိုက်ပျိုးထားကြသည်။ အိမ်တိုင်းလိုလိုမှာ စပါးလင်စိုက်ထားတာကို အထူးအဆန်းဖြစ်မိသည်။ နောက်မှ သိရတာက သူတို့အစားအစာမှာ စပါးလင်မဖြစ်မနေ သုံးကြရတာ များသည်။ နောက်တခုက ရှောက်ဘီလူးလို့လည်းခေါ်သည်။ တောရှောက်ခါးသီး ရှောက်နူသီး စသဖြင့် ခေါ်ကြသည့် အပင်တွေ စိုက်ထားတတ်ကြသည်။ အမြဲသုံးသည့် ဟင်းခတ်အမွှေးအကြိုင်ကို လက်လှမ်းမီအောင်စိုက်ပုံရသည်။ စပါးလင်ပင်ကို အိမ်မှာ စိုက်ထားတာတွေ့ရ၍ အရိုးစွဲနေသည့် အသိတခုကြောင့် အိမ်မှာ စိုက်လို့ ရသလားမေးရာ ခြင်လည်းပြေးသည် စားလို့လဲ ရ၍ စိုက်တာလို့ ဖြေသည်။
ထိုင်းအိမ်တွေရှေ့မှာ ခြုံလိုက်ပေါက်နေသည့် စပါးလင်တွေမြင်တိုင်း တခါက ရွာကလေးမှာနေတုန်း ရှားရှားပါးပါး လယ်ထဲက ငါးဘတ်ရလာတဲ့အတွက် အိမ်ရှင်က ဆရာမတွေကို ငါးဘတ်မွှေချက်ပေးမလို့ဆိုကာ စပါးလင် လိုက်ရှာတာ တရွာလုံးပတ်ရှာတာမှာ တပင်တောင်မရတဲ့ အဖြစ်ကို သတိရမိသည်။
နှစ်ပေါင်းများစွာ ကြာလာသည့်အခါ စနစ်၊ နည်းပညာ၊ အသိပညာဗဟုသုတတို့ရဲ့ နောက်ဆက်တွဲက တရက်ကို ထိုင်းနိုင်ငံကနေ ဟင်းသီးဟင်းရွက် အသီးအနှံချည့် ဘတ်သန်းနဲ့ချီကာ ဝယ်စားနေရပြီ။ ကိုယ့်တိုင်းပြည်က ပြည်ပကို ထွက်သွားသည့် ထွက်ငွေတွေမှာ မနည်းမနော၊ ကိုယ့်တိုင်းပြည်မှာက မြေကွက်လပ်တွေများစွာ၊ ဘယ်သူ့မှာတာဝန်ရှိတယ်၊ ဘယ်သူနဲ့ဆိုင်တယ် အသာထားပြီး တိုင်းပြည်မှာ နေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံး တယောက်ကစ တအိမ်ထောင် တမြို့တရွာ ကနေ အဆင့်ဆင့် ဝိုင်းဝန်းဖြည့်စွမ်းကြစို့လား၊
ခိုင်ခိုင်စောလွင်

"အစစ်" အလိုရှိသည်"၉ရက် အောက်တိုဘာ ၂၀၁၇ ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်( ၃၉)မှ


ရန်ကုန်မြို့ ၊ သီလဝါ စက်မှုဇုံမှာ အာဂျီနိုမိုတိုတံဆိပ် ဟင်းချိုမှုန့် (အချိုမှုန့်) တွေ ထုတ်ပိုး ဖြန့်ချီတော့မယ်ဆိုတဲ့ သတင်းကို နားထောင်ရပြီးနောက် သဘောကျသူ၊ သဘောမကျသူတွေရဲ့ အသံတွေ ကြားရလေသည်။ တချို့က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ကုန်ဖြစ်တဲ့ အချိုမှုန့်ကို ထုတ်လုပ်ခွင့်ပြုရသလားလို့ ဆန့်ကျင် ရေးသားပြောဆိုကြသည်။ တချို့ကတော့ အချိုမှုန့်က မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင်မှာ မရှိမဖြစ် မသုံးမဖြစ် သုံးနေရတဲ့အတူတူ မူလဘူတ ဂျပန်နည်းပညာနဲ့ ထုတ်လုပ်တဲ့ အာဂျီနိုမိုတို စစ်စစ်ကို ပြည်တွင်းမှာ ဝယ်ယူသုံးစွဲရမှာဆိုတော့ ပစ္စည်းအစစ်ကို သုံးရတာပေါ့လို့ ကျေနပ်သူတွေလည်း ရှိကြလေသည်။

အချိုမှုန့်ဆိုတဲ့ ဓါတုဗေဒပစ္စည်းကို စပေါ်လာစကတည်းက မြန်မာပြည်က အိမ်ရှင်မတွေ တောရော မြို့ပါ သုံးလာကြတာ မျိုးဆက် သုံးဆက်ခန့်ရှိလာပြီဖြစ်သည်။ စပေါ်ကာစကတော့ မရဲတရဲ၊ နောက်တော့ မရှိမဖြစ်ကနေ တချို့ဆိုက လွန်လွန်ကျူးကျူးပင်သုံးကြသည်။ တခါက မုန့်ဟင်းခါးဆိုင်မှာ မုန့်ပွဲမှာပြီး ပိုက်ဆံအိတ်ထဲ အသင့်ထည့်လာသည့် စက္ကူထုတ်ကလေးထဲက အချိုမှုန့်တွေ လောင်းထည့်ပြီးမှ မုန့်ဟင်းခါးကို စားသည့် အမျိုးသမီးကြီး တယောက်ကို မြင်ဖူးသည်။ ကင်ဆာရောဂါ၊ နှလုံး သွေးတိုး ဆီးချိုရောဂါတွေ အဖြစ်များလာသည့်အခါ ၂၀၀၀ခုနှစ်နောက်ပိုင်း ခန့်က စပြီး ရုပ်မြင်သံကြားမှာ ဆရာဝန်တွေက အချိုမှုန့်ရဲ့ ဆိုးကျိုးကို ဟောပြောချက်တွေ နေ့စဉ် ထုတ်လွှင့်ပေးကြသည်။ အချိုမှုန့်စားသုံးမှု လျှော့ချဖို့ နှိုးဆော်ချက်တွေ ထုတ်ပြန်သည်။ အချို့က အချိုမှုန့်အစား ငံပြာရည်ကို ပြောင်းသုံးကြသည်။
သို့သော် ငံပြာရည်က ငါး၊ ပုစွန်တို့ကနေ သဘာဝအတိုင်း ထုတ်လုပ်တာတွေ မရှိကြတော့၊ ဝိသမလောဘသမား စီးပွားရေးသမားတွေက သကြားရည် အချိုမှုန့် ဆိုးဆေးတွေ အသုံးပြု ဖန်တီးလာကြသည်။ ငံပြာရည်က အချိုမှုန့်ထက် ဆိုးသည့် အချိုရည် တမျိုး ဖြစ်နေပြန်သည်။ သို့ဖြင့် အချိုမှုန့် လုံးဝ မသုံးတဲ့အတွက် ငါးကလေး ပိုထည့် ပုစွန်ခြောက်ကလေး ပိုသုံး ဖြည့်ရအောင်လည်း ပုစွန်ခြောက်မှာလည်း အချိုမှုန့်လူးထားသေးပြန်သတဲ့၊
လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေအတွက် ငါး၊ ပုစွန်ဆိုတာမျိုးကို ဟင်းခတ်အဖြစ်သုံးဖို့ဆိုတာ ဝေလာဝေး၊ ဒီတော့ ဈေးပေါပေါ လွယ်လွယ်နဲ့ အရသာလေးလေးပင် ရှိတဲ့ ဟင်းချိုမှုန့် က မရှိမဖြစ်လို ဖြစ်လာသည်။ အသုပ်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေမှာလည်း ထို့အတူ အချိုမှုန့်သာ အဓိက အရသာဖြစ်အောင် သုံးကြတော့သည်။ သို့ဖြစ်ရာ အချိုမှုန့်ဈေးကွက်က မသေးတော့ပေ၊ ၂၀၀၀ခုနှစ်ခန့်က အာဂျီနိုမိုတို အချိုမှုန့်တွေ တင်သွင်းခွင့်ကို မြန်မာအစိုးရက ပိတ်လိုက်ရာမှ တရုတ်လုပ် အာဂျီနိုမိုတိုတွေ လှိမ့်ဝင်လာတော့သည်။ ပိုဆိုးတာက တရုတ်အိမ်တွင်းမှုကနေ ထုတ်လာတဲ့ အချိုမှုန့် အတုတွေ မြန်မာပြည်ကို ဝင်ရောက်လာတာပဲ ဖြစ်သည်။ မြန်မာပြည်ဈေးကွက်ရဲ့ (၇၀)% ကို တရုတ်ပြည်ထုတ် အချိုမှုန့်တွေက လွှမ်းသွားသည်။ သေချာ နောက်ကြောင်းပြန်ပြီး ပြန်တွက်ကြည့်ပါက ၁၉၉၆ခုနှစ်မှာ ဂျပန်နိုင်ငံ အာဂျီနိုမိုတို ကုမ္မဏီက မြန်မာပြည်မှာ ဌာနခွဲတခုဖွင့်ပြီး ဖြန့်ဖြူးခဲ့တဲ့ ကာလတွေမှာ Monosodium glutamate (MSG) ဆိုတဲ့ ဓါတုပစ္စည်းအရသာ ဖြစ်ပေမယ့် အစစ်ကို သုံးစွဲခွင့်ရခဲ့ကြသည်။ ၂၀၀၀ခုနှစ်ကစပြီး ပိတ်ပင်လိုက်တဲ့အခါ လူတွေက မသုံးရမနေဖြစ်လာတဲ့အခိုက် တရုတ်က တင်သွင်းတဲ့ အတုတွေ စားသုံးမိကာ ရောဂါဘယတွေ ထူပြောလာခဲ့တာ ဖြစ်သည်။
တရုတ်ပြည်ကလာတဲ့ အချိုမှုန့်တွေက အချောင်းလေးတွေ ဖြစ်သည်။ အာဂျီနိုမိုတို အစစ်က မှုန့်နေသည့် ပုံစံဖြစ်သည်။ ရောင်းချတာမှာပင် ဘာတံဆိပ်မှမပါ၊ ပလတ်စတစ်တွေဖြင့် ထုတ်ပိုးပြီး လက္ကားရောင်းကာ ဈေးသည်တွေက တဆင့်ဝယ်ပြီး ပလတ်စတစ်အိတ်ငယ်ကလေးတွေဖြင့် ပြန်လည် ထုတ်ပိုး ရောင်းချကြသည်။ အလေးချိန်ဖြင့်ပင် ချိန်တွယ်ရောင်းချကြသည်။ အချို့ဆိုက ပလတ်စတစ်အိတ်ကြီးထဲကနေ နို့ဆီခွက်ဖြင့်ပင် ချိန်တွယ် ရောင်းချတာ တွေ့ဖူးသည်။ ဘယ်ကထုတ်မှန်းမသိ၊ ဘာတွေဖြင့် လုပ်ထားမှန်းမသိရသည့် အာမခံချက် လုံးဝမရှိသည့် ကုန်ပစ္စည်းတွေကို ဈေးမှာ လွယ်လွယ်ရောင်း လွယ်လွယ် ဝယ်သုံးနေကြတာဖြစ်သည်။
သတင်းတွေမှာ ဖတ်ရတာကတော့ တရုတ်ပြည်မှာ စက်ရုံကြီးတွေ ထောင်ပြီး ထုတ်နေတာမဟုတ်ပဲ မြန်မာပြည်ဈေးကွက် အတွက် တရုတ်အိမ်တွင်း စီးပွားရေးအနေနဲ့ မိသားစုတွေကနေ ထုတ်တာလို့ ဆိုသည်။ ကြောက်စရာ ကောင်းသည့် စီးပွားရှာမှုပါတကား၊ ၁၉၈၀ခုနှစ်ဝန်းကျင်မှခန့်က မြန်မာပြည်မှာ အချိုမှုန့်စက်ရုံ ထူထောင်လိုက်သေးသည်။ ထိုစဉ်က ပြည်သူတွေ အတန်အသင့် စားသုံးလိုက်ရသည်။ ဒိုက်ဦးက အချိုမှုန့် စက်ရုံပတ်ဝန်းကျင်တခွင် မြေဧက တော်တော်များများ ကလောပီနံတွေ စိုက်ကြသည်။ ထိုအခါမှ အချိုမှုန့်ကို ကလောပီနံက ထုတ်တယ်ဆိုတာ သိတော့သည်။ ဂျပန်မှာကတော့ ရေညှိတမျိုးက ထုတ်တာလို့ ကြားဖူးထားတာ ဖြစ်သည်။ ဒိုက်ဦး အချိုမှုန့် စက်ရုံက ထုတ်လိုက်သည့် ("ဆွမ်းအုပ်" တံဆိပ်ထင်သည်။ ) အချိုမှုန့်မှာ ဈေးကွက်မှာ အာဂျီနိုမိုတိုကို အမီလိုက်နိုင်သည်။ သို့သော် မဆလ အစိုးရထုံးစံအတိုင်း အချိုမှုန့်ပင် ဗီအိုင်ပီ စားဖို့ ဖြစ်သွားပြီး ပြည်သူတွေ ဝယ်မရတော့၊ ဗီအိုင်ပီတွေက အလကားနီးပါးယူကြတာဆိုတော့ အရှုံးပေါ် စက်ရုံရပ် နောက်တော့ ဘယ်ပျောက်သွားမှန်းမသိ၊ ထိုစဉ်က ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေးအခွင့်အလမ်းတွေ အတော်အသင့် ရှိလိုက်သေးတာ သတိရမိသည်။
စနစ်တကျ နည်းစနစ်မျန်မှန်သာ လုပ်ကိုင်ခဲ့ပါက ယခုအချိန်ဆို အခြားတိုင်းပြည်ကိုပင် တင်ပို့နိုင်လောက်ပြီလို့ အချိုမှုန့်ကတဆင့် သတိရမိပြန်သေးသည်။
အာဂျီနိုမိုတို ပျောက်သွားကတည်းက မြန်မာပြည်သားတွေ အတုလေ အစစ်လော ဝေခွဲမရပဲ ဝင်လာတာ သုံးနေခဲ့ကြရတာ ဖြစ်သည်။ အချိုမှုန့်တွေက ရောဂါတွေ ရသည်ဆိုကာ ကြက်သားမှုန့် ဆိုတာ ပေါ်လာပြီး ပြောင်းသုံးကြသည်။ အဆိုပါ ကြက်သားမှုန့်ဆိုတာ ဘာတွေဖြင့် လုပ်ထားမှန်း မသိ၊ ပြည်တွင်းကိုတော့ အင်နှင့်အားနှင့် ထိုးဖောက်ဝင်လာပြီး မြန်မာပြည်က မီးဖိုချောင်နှင့်တကွ စားသောက်ကုန်တွေမှာ နေရာယူလာပြန်သည်။
အချိုမှုန့်အကြောင်းနှင့် ပတ်သက်ပြီး ဆရာဒေါက်တာတင့်ဆွေ ရေးထားတာလေး သဘောကျမိပြီး လိုက်နာမိသည်။ အချိုမှုန့်ဆိုတဲ့ Monosodium glutamate (MSG) ပေါ်လာတာ နှစ်ပေါင်း(၁၀၀) ကျော်ရှိပြီ။ သုတေသနပြုလုပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်သည်။
"ဟင်းချိုမှုန့်သုံးစွဲနေခဲ့ကြတာ နှစ်ပေါင်း ၁ဝဝ ကျော်ပါပြီ။ သုတေသနတွေလည်းလုပ်ကြတာများပါပြီ။ အခုထိတော့ မသုံးစွဲသင့်၊ သုံးလည်းဘာမှမဖြစ် အမျိုးမျိုးရှိတယ်။ စွဲစေတာတော့ မှန်တယ်။ မသုံးရမနေနိုင်သူတွေ၊ အဲတာမပါ ဟင်းမချက်တတ်သူတွေ ရှိတယ်။ အဲတာမပါပဲ ချက်တတ်၊ စားတတ်သူတွေလည်းရှိတယ်။ဆုံးဖြတ်ချက်ကတော့ လူကြီးမင်းတို့နဲ့ ဂုဏ်သရေရှိအမျိုးသမီးတို့ သဘောပါခင်ဗျား။ ကျွန်တော့်အိမ်မှာတော့ ဧည့်သည်လာလို့ စားချင်သူဆိုရင် ပေးဘို့သာ ဝယ်ထားပါတယ်။"တဲ့
ကြက်သားမှုန့်ထက်စာရင် ဟင်းချိုမှုန့်က သုတေသနလုပ်ထားတာလည်းရှိ ကိုယ့်အရင် စားပြီး လူ့ဘဝနေသွားတဲ့သူတွေများစွာရှိသေးသည်။ ကြက်သားမှုန့်ကတော့ သုတေသနလုပ်ထားတာလည်း မရှိ၊ ဘယ်လိုအရာတွေ ရောနှောပါထားမှန်းမသိရတဲ့အတွက် ကြက်သားမှုန့်ကို မသုံးတော့ပါ။ အချိုမှုန့်ကို အသား ငါး ဟင်းတွေမှာ လုံးဝမသုံးပဲ အသုပ်၊ ဟင်းချိုလို မှာ အချိုကဲတာ ကြိုက်သူတွေ အတွက် အနည်းငယ် ထားထားပြီး ဟင်းချိုတအိုးကို လက်ညှိုးနဲလက်မကြား ပါလေကာ ရွေးစေးခန့် ထည့်သုံးလိုက်သည်။ ထိုင်းမှာက အာဂျီနိုမိုတို ဟင်းချိုမှုန့် အစစ်ရတဲ့အတွက် အဆိုပါ ရွေးစေးခန့်ဖြင့်ပင် အချို လေးပါသည်။
အိမ်နားမှာ မြန်မာပြည် မော်လမြိုင်ဘက်က အစ္စလမ်အမျိုးသမီးလေးတွေ ခေါက်ဆွဲသုပ်၊ မုန့်ဟင်းခါး လုပ်ရောင်းကြသည်။ တခါတရံ ခေါက်ဆွဲသုပ် ဝယ်စားရာ အချိုမှုန့် မထည့်နဲ့ ပြောက သူတို့က " အမ နဲနဲတော့ထည့်ပါ ဘာမှမဖြစ်ပါဘူး ဒီမှာက မြန်မာပြည်မှာလို မဟုတ်ဘူး အချိုမှုန့်က စစ်ပါတယ် " အပြောကို သေချာ စဉ်းစားမိတော့ လက်ခံမိသည်။ အချောင်းလိုက် ရှည်ရှည် မျောမျော အချိုမှုန့်တွေထက်စာရင် အစစ်ကလေး သုံးရတယ်ဆိုတော့ ကျေနပ်စရာလို့ တွေးမိရသည်။
မြန်မာပြည်သားတွေ အာဟာရပြည့်ဖို့ စားသောက်နေရတဲ့ အစားအသောက်ထဲ ဟင်းခပ် တခုဖြစ်တဲ့ ဟင်းချိုမှုန့် ခေါ် အချိုမှုန့် အတုတွေနဲ့ နှစ်ပေါင်းများစွာ သုံးစွဲကြရပြီ။ အစစ်ကို သုံးစွဲသော် ဆိုးကျိုးရှိနိုင်တယ် ဆိုသော်ငြား အတုထက်စာက အစစ်က တော်သေးသည် ဆိုရမည်။ ဒါ့ကြောင့် အာဂျီနိုမိုတို တင်မက မြန်မာပြည်သားတွေ နေ့စဉ် စားသောက်နေရသည့် အစားအသောက် ဖြည့်စွက်စာ ဆေးဝါး အားလုံး စနစ်တကျ ထုတ်ပိုး ဖြန့်ဖြူးပြီး မှတ်ပုံတင် အာမခံချက် အပြည့်ရှိသည့် ကုန်ပစ္စည်းတွေ တရားဝင်လာရောက် လုပ်ကိုင်တာကို ကြိုဆိုရမည်။ နယ်စပ်ကနေ တွေ့ရာမြင်ရာကို နာမည်ကြီး လူကြိုက်များနေသည့် တံဆိပ်ကပ်ပြီး ဝင်ရောက်တာထက် စာရင် ယုံကြည်စိတ်ချစွာ သုံးစွဲရရုံမက ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုရလာနိုင်သည်။ ဘယ်အရာပဲ ဖြစ်ဖြစ် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း ချင့်ချိန်ပြီး အစစ်အမှန်တွေ များများ ရကြပါစေ ဆုတောင်းမိပါသည်။
ခိုင်ခိုင်စောလွင်

September 24, 2017

" မတူကွဲပြားခြင်း + အချိန် " ၂၅ရက် စက်တင်္ဘာလ ၂၀၁၇ ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၇)မှ


လူတစ်ယောက်နဲ့ တယောက် အမြင်မတူကြဘူးဆိုတာ လူတိုင်းသိသော်လည်း ကိုယ်တိုင်ကြုံရရင်ဖြင့် ကိုယ်နဲ့ အမြင်တူသည့်သူကို လူတယောက်နဲ့တယောက် အမြင်မတူနိုင်ပါလားလို့ တွေးပေးဖို့ ခက်ခဲကြသည်။ နားမလည်ပေးနိုင်ကြ၊ လူ့စိတ်လူ့သဘောကား ထူးဆန်းလှသည်။ ထိုထူးဆန်းလှသည့် လူ့အသိုင်းအဝန်းမှာ မတူကွဲပြားမှုဆိုတာ နယ်ပယ်အသီးသီးမှာ ရှိနှင့်ပြီးဖြစ်သည်။
နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး နယ်ပယ်အသီးသီးမှာရှိတဲ့ မတူကွဲပြားခြင်းတွေနဲ့ နေထိုင်ရပ်တည်ရင်း အဆင်ပြေအောင် နေနိုင်ကြသလို အဆင်မပြေပဲ ပြဿနာပေါင်းသောင်းခြောက်ထောင် အမြဲရှိနေရသည့် နိုင်ငံ လူမျိုး မိသားစု လူတဦးချင်း အသီးသီး ရှိကြသည်။
အဆင်မပြေဘူးနဲ့ အဆင်ပြေသွားတယ် ကြားမှာ ရှိနေတာက အချိန်ပဲဖြစ်သည်။ အချိန်တခုကိုစောင့်လိုက်တာနှင့် ပြဿနာတခုကနေ ပြေလည်အဆင်ပြေသည့်အခြေအနေကို ရောက်သွားမြဲဖြစ်သည်။ အောင်မြင်သည့် နိုင်ငံ အဖွဲ့အစည်း မိသားစု လူတဦးချင်းစီကို ကြည့်ပါက အချိန်အခါ ဆိုတာကို နားလည်လက်ခံကြသည့် သူတွေဖြစ်တယ်လို့ မြင်တွေ့ရလေသည်။
ဆွေမျိုးပမာ ခင်မင်ရင်းနှီးရသည့် လူငယ်လေးနှစ်ယောက် တချိန်ထဲလိုလို ပရဟိတလုပ်ငန်းတွေဖြင့် ရခိုင်ပြည်နယ် မောင်တောဘက်ကို ရောက်နေကြသည်။ တခါတရံ အတူတွဲပြီးပင် လှုတန်းမှုတွေ လုပ်နေကြတာ တွေ့မြင်ရသည်။ လူမှုကွန်ယက်မှာ သူတို့ပုံတွေ မြင်ရသည်။
သို့သော် သူတို့ တင်သည့် ဓါတ်ပုံ ၊ ရေးတင်သည့်စာတွေ မတူကြပေ။ တနေရာထဲ တချိန်ထဲ ရှိနေတာတောင် ကိုယ့်အမြင် ကိုယ့်အယူအဆနဲ့ကိုယ် ရေးကြ ပြောကြတာမြင်တော့ လူတယောက်နဲ့ တယောက် ဘယ်လိုမှ မတူနိုင်ဘူးဆိုတာကို လက်ခံမိသည်။ အချိန်ကြာလာတဲ့အခါ သူတို့ ရည်မှန်းထားတဲ့ ရွာတွေအထိ ရောက်အောင် သွားခဲ့နိုင်ကြပြီး သူတို့အလုပ်တွေကို အကောင်အထည်ဖော်နိုင်ကြတာကို တွေ့ရလေသည်။
လူမှုကွန်ယက်မှာ မိခင်ဖြစ်သူ နေမကောင်းလို့ ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံးနဲ့ ငွေကုန်ကျမှုအများဆုံး ဆေးရုံမှာ ဆေးကုသရာက ကြုံတွေ့ရတာကို ပုံတွေနှင့်တကွ ရေးတာ ဖတ်ရသည်။ ထုံးစံအတိုင်း ဆဲသူ ဝေဖန်သူတွေအပြည့်။
ဆေးရုံတက်လူနာအတွက် ဆေးရုံဝတ်စုံတောင်းရာ သူနာပြုဆရာမက " လိုချင်လို့လား" မေးပြီး အတန်ကြာတဲ့အခါ လူနာဝတ်စုံကို အထုတ်လိုက် လာပေးသွားတာ ဓါတ်ပုံနှင့်တကွ တင်ထားသည်။
လူနာရှင်မှာ ထိုင်းနိုင်ငံဘန်ကောက်ရှိ ဆေးရုံတွေကို ရောက်ဖူးခဲ့ပြီး အတွေ့အကြုံအရ အတော်ကြီးကွာတာကို ကောင်းကောင်းသိပြီး မကျေမနပ်ခံစားနေရသည်။
ထိုင်းနိုင်ငံဆေးရုံတွေရဲ့ ဝန်ဆောင်မှုနဲ့ မြန်မာပြည်က ဆေးရုံတွေ ကွာပါသည်။ ဝန်ဆောင်မှုကောင်းလွန်းလို့ ဥရောပ၊ အမေရိကားတို့ကပင် ဆေးကူသမှုစားရိတ်သက်သာပြီး ဝန်ဆောင်မှုကောင်း၍ ဆိုကာ လာရောက်ကုသခံနေကြတာဆိုတော့ အထူးပြောစရာမရှိ၊
ထိုင်းက ဆေးရုံတရုံမှာ ဆေးရုံတက်ရတော့မည့် လူနာကို လူနာရှင်က ဘာမှလုပ်ပေးစရာမလိုသလို လူနာရှင်ကဘာမှ တောင်းဆိုစရာလည်းမလို၊ လိုအပ်တာ ဆေးရုံဝန်ထမ်းကနေ သူနာပြု ဆရာဝန်တွေက ကိုယ့်အပိုင်းနဲ့ကိုယ် လုပ်ပေးသွားတာ လူနာနေရမည့် အခန်းရောက်သည်အထိ၊ ခွဲစိတ်ခံရမည့် လူနာဆိုက ခွဲဖို့ပြင်တာကနေ ခွဲပြီးသည်အထိ ဆေးရုံက အားလု့းလုပ်သွားတာဖြစ်သည်။
ဆေးရုံတက်ရမယ်လို့ ဆရာဝန်က ပြောလိုက်တာနဲ့ ဝတ်လာတဲ့ အင်္ကျီကို ဆေးရုံဝတ်စုံနဲ့ တခါထဲ ပြောင်းဝတ်လိုက်ပြီးသား၊ ပြီးတဲ့အခါ လမ်းလျှောက်နိုင်သည်ဖြစ်စေ မလျှောက်နိုင်သည်ဖြစ်စေ ဝှီးချဲ၊ ကုတင် ပေါ်မှာသာ လိုအပ်တဲ့ ဆေးတွေ စသွင်းရင်း သူနာပြုတယောက် ဒါမှမဟုတ် ဆေးရုံဝန်ထမ်းတယောက်က အနားမှာ အသင့်နေပေးပြီးသားဖြစ်သည်။ ဒီလူကို ဆေးရုံက သူတို့ စောင့်ေ၇ှာက်ရမည့်လူ တနည်းအားဖြင့် ဆေးရံရဲ့ အုပ်ထိန်းမှုအောက် ရောက်သွားပြီလို့ သတ်မှတ်လိုက်တာဖြစ်သည်။
ဒီအကြောင်းကို ဖတ်မိသည့် အိမ်သားနဲ့ စကားစပ်ပြောကြရင်း အဓိကကတော့ " စနစ်" လို့ ဆိုသည်။ ဝန်ဆောင်မှုလို့ ပြောရမည့် ဆက်ဆံရေး ၊ ဒါကတော့ သူတို့တိုင်းပြည်ရဲ့ ပညာရေးစနစ်ကြောင့်ဖြစ်မည်လို့ ဆိုသည်။ " ကျောင်းမှာ ငယ်ငယ်ကတည်းက သင်ပေးလိုက်တာဖြစ်မယ်" လို့ ကောက်ချက်ချသည်။ ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း မကြာခဏ ရေးရင်း လေ့လာထားတာတွေကနေ သိထားတာမို့ သူ့အမြင်ကို အပြည့်အဝ ထောက်ခံမိသည်။
ရန်ကုန်မြို့ရဲ့ နာမည်ကျော် ဆေးရုံက သူနာပြုဆရာမက လူနာကုတင်ခေါင်းရင်းမှာရှိတဲ့ ဘဲလ်ကနေ နှိပ်ပြီးခေါ်တဲ့အခါ ရောက်လာပြီး မေးတာက" ဘာဖြစ်လို့လဲ ဘာလိုလို့လဲ" တဲ့ ၊ ထိုင်းသူနာပြုတွေက " ကျမ ဘာကူညီပေးရမလဲ" တဲ့
အိမ်သားကတော့ မြန်မာပြည်က သူနာပြုဆရာမတွေကို ထိုင်းဆေးရုံတွေလွှတ်ပြီး သင်တန်းပေးခိုင်းဖို့ သူတို့ ဆေးရုံပိုင်ရှင်တွေကို အကြံပေးရမယ်လို့ ဆိုသည်။ သူနာပြုချင်းအတူတူ ဆေးရုံဝန်ထမ်းချင်းအတူတူ လူနာအပေါ် ဆက်ဆံတာ မတူကြ၊ အချိန်ပေးပြီး ကြိုးစားက ခက်ခဲသည့် အလုပ်မဟုတ်၍ ပြောင်း၍ ရနိုင်သည့် အကြောင်းတရားတွေလို့ ထင်မိသည်။
လူမှုကွန်ယက်မှာ အကြောင်းအရာများစွာကို မတူကွဲပြားခြားနားစွာ တွေ့မြင် ဖတ်ရှုရတတ်ရာ ထိုအထဲကမှ လူတယောက်ကတော့ မြန်မာပြည်မှာ အရက်အတုတွေသာ မင်းမူနေတဲ့အကြောင်း မြန်မာပြည်က အရက်နဲ့ ထိုင်းက အရက် ဘယ်လိုဘယ်ပုံကွာခြားကြောင်း သေသေချာချာ ရေးထားတာ ယမကာလုလင်တွေကို သနားစဖွယ်ဖြစ်လာအောင် ဖတ်ရလေသည်။ ထိုင်းနိုင်ငံသားတွေ သောက်ကြသည့် ဟုန်ထောင်အရက်လောက်ပင် အစစ်မရနိုင်သည့် အရက်တုတွေအကြောင်း စိတ်မကောင်းစွာဖတ်ရသည်။
ဆရာမင်းလူရဲ့ ယမကာလုလင်ဝတ္ထုကို ပြန်ပြောင်းသတိရမိသေးတော့သည်။ အရက်မကြိုက်သူတွေအဖို့ " သေရည်" လို့ ဆိုပေမယ့် အရက်ကြိုက်သူတွေကတော့ " ယစ်ရွှေရည်" ပေါ့၊ အရက်သောက်သူတွေကို " အရက်သမား" လို့ ခေါ်ကြပေမယ့် ကာယကံရှင်တွေကတော့ ယမကာလုလင်တွေပေါ့၊
ယမကာလုလင်တွေအဖို့ အစစ်အမှန်ကို ရဖို့လိုလားကြမှအမှန်၊ ထိုင်းမှာတောင် ဒီတရက်အတွင်း လူလတ်တန်းစားတွေ သောက်ကြသည့် " ဆန်းစောင်" ရမ် အမျိုးအစားအရက် ဈေးအတော်တက်သွားသည်။ ထိုင်းမှာက အရက်နှင့်ဆေးလိပ်အတွက် အခွန်အခမြင့်သည်။ မကြာခဏ ဈေးတက်လေ့ရှိသည်။ ယခုရက်အတွင်း တပုလင်းကို ဘတ်(၃၀) ဈေးတက်သွားတာတော့ ထူးခြားသည်။ သို့သော် စိတ်ချလက်ချအစစ်တော့ဖြစ်သည်။
မြန်မာပြည်မှာ အရက်အတုဆိုတာထက် ပိုဆိုးသည့် အရက်ပြုလုပ်နည်းတွေ ရှိသည်။ ဖားပြုတ်ထည့်ချက်သည့် အရက်၊ ရာဘာပြားထည့်ချက်တာကတဖုံ အချို့ဆိုက ရာဘာဘိနပ်ထည့်ချက်တာမြင်ဖူးသည်ဟု ဆိုကြသည်။ ထိုင်းက ယမကာလုလင်တွေကပင် အစစ်အမှန် မှီဝဲရလို့ အရက်သမားချင်းအတူတူ တပန်းသာရသည့်အဖြစ်ကို ဖတ်လိုက်ရသည်။
မတူကွဲပြားတဲ့ ဖြစ်စဉ်အများအပြားထဲကမှ " လူတွေဘာ့ကြောင့် ရက်စက်ကြမ်းတမ်းလာကြသလဲ" ဆိုပြီး တင်ထားတာတခု ဖတ်ရပြန်သည်။ ရန်ကုန်မြို့ ပုဇွန်တောင် ဘူတာရုံထဲက ခုံတခုမှာ ထိုင်နေတဲ့ လူတယောက်၊ သူ့လက်ထဲမှာ ငွေငါးရာကျပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ တအောင့်နေတော့ လူတယောက်က လာတောင်းသည်။ မပေး၊ မပေးတော့ တောင်းသည့်လူက အတင်းလုသည်။ နှစ်ယောက်သား အပြန်အလှန်လုရင်း ရုန့်ရင်းဆန်ခပ်ဖြစ်နေတာ ပတ်ဝန်းကျင်က သတိထားမိသည်။
ဘူတာရုံထဲမှာ ရှိနေတဲ့ တာဝန်ရျိသူ လုံခြုံရေး၊ ရဲတပ်ဖွဲ့ဝင် တယောက်မှ လာရောက်ဖြေရှင်းတာမရှိ၊ တအောင့်နေတော့ လုတဲ့သူက ပိုက်ဆံမပေးလို့ဆိုကာ ခေါင်းကို အုတ်ခဲဖြင့် ထုပြီး ပိုက်ဆံကို ရအောင်ယူသွားသတဲ့၊ အထုခံရတဲ့ အလုခံရသူ ဦးခေါင်းက သွေးတွေစီးကျလာတော့ လူမျိုးခြားတယောက်က ဆေးထည့်ပေးသတဲ့ ရထားပေါ်က လူတချို့က ဆေးခန်းသွားပြဖို့ ပိုက်ဆံတွေ ဝိုင်းပေးကြသတဲ့ ၊ တကယ်တော့ ဒါက ဖြေရှင်းနည်း အစစ်မဟုတ်၊ နိုင်ငံသူနိုင်ငံသားတယောက်အနေနဲ့ လုံခြုံမှု ရှိဖို့ ၊ ဘယ်မှာနေနေ ဘယ်သူဖြစ်ဖြစ် အန္တရာယ်ကင်းဖို့ လိုအပ်သည်။
ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမား အဖြစ်ရောက်နေတဲ့ မိန်းကလေးတယောက်ကို လဲချားမှာ နေရတာနဲ့ ဒီမှာနေရတာ ဘယ်မှာပိုပြီး လုံခြုံမှုရှိသလဲ မေးခွန်းကို သူဖြေသွားသည်။ " ရွာမှာက မီးမှမရှိတာ ညနေ ခြောက်နာရီထိုး မှောင်စပျိုးရင် အိပ်ကြပြီလေ ဘယ်သူမှ ညဖက်အပြင်မထွက်ကြတော့ လမ်းတွေမှာလူမရှိ၊ ဒီမှာက တညလုံးသွားလာနေကြတာတောင် ဘေးကင်းပါတယ်" လို့ ဆိုလေသည်။
စက်တင်္ဘာလ(၁၉)ရက်မှာ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်။ လတ်တလောအခြေအနေက ရခိုင်အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်တက်နေတဲ့အတွက် နားထောင်ကြဖို့ နိုင်ငံသူနိုင်ငံသား အားလုံး စိတ်ဝင်တစား ဖြစ်နေကြသည်။ ဒီကနေ့ ( ယခုစာကိုရေးနေရင်းက) နိုင်ငံတော်အတိုင်ပင်ခံရုံးစာမျက်နှာကို ဖွင့်ထားသည်။ ထိုင်းစံတော်ချိန် နံနက်(၁၀နာရီခွဲ) ကတည်းက ကြိုတင်စောင့်ဆိုင်းနေမိသည်။ အတိုင်ပင်ခံပုဂိုလ် မိန့်ခွန်းစပြောပါသည်။ ဘာသံမှ ထွက်မလာပါ၊ အခြားမီဒီယာတခုကို ပြောင်းဖွင့်ရသည်။ လူမှုကွန်ယက်မှာ ချက်ခြင်းရေးတင်ကြသည်။ ဒီအကြောင်းက ယခုအပတ်ဆောင်းပါးကို နိဂုံးချူပ်ဖို့ ဖြစ်သွားသည်။
စာရေးတဲ့အခါ ရည်မှန်းထားတဲ့ ခေါင်းစဉ်အတိုင်း အကြောင်းအရာအတိုင်း ရေးဖြစ်တာရှိသလို တခါတလေ စုဆောင်းထားတဲ့ အချက်အလက်တွေ အချိန်ကာလနဲ့ မကိုက်တော့တဲ့အခါ မရေးဖြစ်တာလည်း ကြုံရသည်။ တခါတရံ ရေးရင်းအကြောင်းအရာ ပြောင်းသွားတဲ့အတွက် ခေါင်းစဉ်ကို ပြောင်းလိုက်ရတာမျိုး ကြုံရသည်။ ဒီအပတ်မှာတော့ ရေးရင်းက ဆောင်းပါးနိဂုံးချူပ် အဆုံးသတ်ကို ပြောင်းလဲလိုက်ရသည်။
ရခိုင်အရေးစဖြစ်ကတည်းက အတိုင်ပင်ခံရုံးစာမျက်နှာကို လူအတော်များများ အားထားပြီး အတည်ပြုကြသည်။ သတင်းအစုံအလင်တွေကြားကနေ ယုံကြည်စိတ်ချရာ စာမျက်နှာတခုအဖြစ် ဝင်ရောက်ဖတ်ကြသည်။ အတိုင်ပင်ခံပုဂိုလ်ပြောမည့် မိန့်ခွန်းကို ဒီစာမျက်နှာကနေ နားထောင်ဖို့ အားခဲထားကြသည်။
စက်ပစ္စည်းဆိုတာ ပျက်တတ်တာသဘာဝပေမယ့် အရေးကြီးသည့် အခြေအနေမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရပေမည်၊ နည်းပညာတွေ တိုးတက်နေသည့် ယခုခေတ်လိုအခါမှာ အသင့်ပြင်ဆင်ထားနိုင်သည့် အခြေအနေတွေများစွာရှိပါသည်။ ရိုးရိုးသားသားမှဟုတ်ရဲ့လားလို့ လူတယောက်ရဲ့ မှတ်ချက်စကားကို ကြားရပြီး ရမ်းသန်းမျှော်မှန်း မပြောချင်ပေမယ့် နိုင်ငံတော်အဆင့်မို့ ဒါမျိုး မဖြစ်သင့်တာကအမှန်။
ယခင် စစ်အာဏာရှင်တွေ လက်ထက်မှာ တာဝန်ရှိသူတွေ အမှားအယွင်းမရှိအောင် ကြောက်လန့်တကြား ပြင်ဆင်ကြတာက လူကြီးလမ်းကြောင်း၊ လူကြီးမိန့်ခွန်း၊ တစုံတရာ မှားယွင်း နှောင့်နှေးခြင်းမဖြစ်အောင် လုပ်ကြသည်။ အာဏာရှင်တွေကို ချစ်လွန်းလို့ထက် ကိုယ့်ကိုယ်ကို ချစ်လွန်းလို့ အပြစ်တင်မခံရအောင် ကြောက်လန့်စွာ လုပ်ကိုင်ပေးခဲ့ကြသည်။
မတူကွဲပြားတဲ့ ဘက်နှစ်ဘက်ကြား အဆင်မပြေအောင် လုပ်တယ်ဆိုတာ ဆိုးရွားလှသည့် အဖြစ်အပျက်၊ ဘက်နှစ်ဘက် အဆင်ပြေဖို့ အချိန်ဆိုတဲ့ အခွင့်အခါရှိသည်။ ထိုကာလအတွင်း လူတဦးချင်း၊ မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံသူနိုင်ငံသားအားလုံး မတူကွဲပြားတဲ့ အခြေအနေတွေ ရှိနေကြသော်လည်း အဆင်ပြေအောင် နေနိုင်ဖို့ အခွင့်အခါကျရောက်တတ်ပါသည်။ ယင်းအခွင့်အခါကား အချိန်ပင်၊ အဆိုပါ " အချိန်" ဆိုတာ ယခုကာလပင်၊ အချိန်ကို ကောင်းကောင်းအသုံးချပြီး နိုင်ငံကောင်းရာကောင်းကြောင်း တိုးတက်ရာတိုးတက်ကြောင်း ဝိုင်းဝန်းကြရမည့် အခွင့်အခါကောင်းလို့ မြင်မိပါသည်။
ခိုင်ခိုင်စောလွင်

September 17, 2017

" 9/ 11 , အကြောက်တရားရဲ့အလွန်"၁၈ရက် စက်တင်္ဘာ ၂၀၁၇ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၆) မှ


ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး လတ်တလော ပြဿနာတွေ အစပြု စတင်တဲ့ရက်ကနေ အခုအချိန်အထိ သတင်းတွေကိုသာ စောင့်ဖတ်ဖြစ်ခဲ့လေသည်။ ရခိုင်အရေးမှာ တမဟုတ်ချင်း ကမ္ဘာ့မီဒီယာအသီးသီးရဲ့ ထိတ်တန်းသတင်းတပုဒ်ဖြစ်သွားလေသည်။ သတင်းတွေကြည့်ရင်းက ရခိုင်လူမျိုးတွေ အကြမ်းဖက်ခံရတဲ့ သတင်းတွေ တိမ်မြုပ်သွားပြီး အခြားအကြောင်းအရာဆီ ဦးတည်သွားနေတာ မြင်ရသည်။ အကြမ်းဖက်ခံရပြီး သေဆုံးသွားသည့် ရခိုင်အပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ ဖြစ်သည့် ဒိုင်းနက်၊ သက် ခမိ မြို လူမျိုးတွေအကြောင်း ဆွေးနွေးတင်ပြတာ မတွေ့ရပေ။ လူမှုကွန်ယက်တွေကနေတဆင့် ပညာရှင်တွေရဲ့ ဆွေးနွေးသုံးသပ်မှုတွေကြည့်ရင်း အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရတဲ့ကာလ အဲဒီနောက်ပိုင်း အာဏာရှင်စနစ်အုပ်ချူပ်သည်အထိ ရခိုင်သမိုင်းကို အတော်ပင် နှံ့နှံ့စပ်စပ် သိခွင့်ရလေသည်။ ကိုယ်တိုင်တောင် မရောက်ဖူးတဲ့ဒေသ အဖြစ်သနစ်တွေကိုတောင် သူများတွေရေးမှ ဖတ်ရတဲ့ အခြေအနေ လတ်တလောဖြစ်စဉ်တွေဆိုက သတင်းတွေ များလွန်း၍ ဘယ်သတင်းအရင်းအမြစ်က ယုံကြည်ရဆုံးလဲ ကိုယ့်ဘာသာ ချင့်ချိန်ယုံရသည့် အခြေအနေဖြစ်သည်။
ပြီးခဲ့တဲ့ လထဲမှာ ထိုင်းဝန်ကြီးချူပ်ဟောင်း ယင်လပ် ပြည်ပကိုထွက်ပြေးသွားပြီဆိုသည့် သတင်းက လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့လာသည်။ ထုံးစံအတိုင်း ထိုင်းနိုင်ငံမှာ ယုံကြည်ရသည့် သတင်းစာဖြစ်သည့် ဘန်ကောက်ပို့စ်ကို စောင့်ဖတ်ရသည်။ ဘန်ကောက်ပို့စ်မှာ သတင်းပါလာမှ ဒါတကယ်လို့ အတည်ပြုဖြစ်သည်။ မြန်မာပြည်မှာ နိုင်ငံသူနိုင်ငံသားအားလုံး ယုံကြည်ရသည့် စိတ်ချစွာ လက်ခံရမည့် သတင်းထုတ်ပြန်မှု အင်မတန်အားနည်းနေသေးသည်။ သို့ဖြစ်ရာ ကောလဟာလ ယနေ့အခေါ် ဖွ သတင်းတွေက မင်းမူနေသည်။ ဖွသတင်းတွေက လက်ဦးနေသည်။ သက်ရောက်မှုက နိုင်ငံသူနိုင်ငံသားတွေ စိုးရိမ်မှုမြင့်တက်စေပြီး ယုံကြည်မှုလျော့နည်းလာလေသည်။ စိုးရိမ်မှုလွန်ကဲရာက အကြောက်တရားဆီရောက်ကာ ယုံကြည်မှုမဲ့သည် အထိ ဖြစ်လာနိုင်လေသည်။ အကြောက်တရားက ပကတိအခြေအနေကို အမှန်အတိုင်း မမြင်နိုင်တော့ပေ။ အာဏာရှင်လက်အောက်မှာ အကြောက်တရားနဲ့ နှစ်ပေါင်းများစွာ ကြီးပြင်းခဲ့ရသူတွေဖြစ်လို့ အကြောက်တရားနဲ့ယဉ်ပါးနေတာဖြစ်တာထက် လူ့သဘာဝအရ မလုံခြုံခြင်း ဆိုတဲ့ အကြောက်တရားက မြင့်တက်သွားတာမျိုး အမေရိကန်နိုင်ငံလိုမှာပင် ဖြစ်ပျက်ခဲ့ကြသေးရာ မမှန်ကန်သည့် မရောရာသည့်ဖွသတင်းတွေကို လူတယောက်ချင်းစီကနေ စပြီးထိန်းချူပ်သည့် အကျင့် ရှိဖို့လိုသည်။ ကိုယ်ကစလိုက်ခြင်းဖြင့် နောက်တယောက်ဆီ မကူးစက်နိုင်အောင် လူတယောက်ချင်းစီကပဲ သတိ ညာဏ်ပညာနဲ့ စရပေမည်။
မနေ့တနေ့ကပဲ (၁၁)ရက်နေ့ ဘာဖြစ်မယ် ရှယ်ပေးကြပါ ဆိုသည့် မက်စေ့ခ်ျတွေ ဝင်လာသည်။ ဖွင့်ပင်မကြည့်၊ နောက်တခါ ---- ဘယ်သူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လက်မခံပါနဲ့ အကောင့်ပျက်မယ် ဂျီဟတ်လုပ်တာ စတာတွေ ပို့လာကြသည်။ အကောင့်ပျက်တော့ ဘာဖြစ်တုန်း အသစ်ပြန်လုပ်ပေါ့၊ ဒါကြောက်စရာမဟုတ်၊ (၁၁) ရက်နေ့မှာ တနိုင်ငံလုံး ဘာဖြစ်မယ် ဆိုလား သူကအဲဒီလောက်ကြိုသိရင် လုပ်မယ့်သူက သူမို့ ဒီလောက်သေချာသိတာပေါ့၊ သူ့သာ ဖမ်းလိုက်ယုံ၊ ဒါပေမယ့် ဘယ်သူ့ဆီက စလိုက်မှန်းမသိသည့် အဆိုပါ မက်စေ့ခ်ျကို ယုံကြည်ရသလား တကယ်ဖြစ်နိုင်လား တွေးတော ဆင်ခြင်ကြရဲ့လား မဆိုနိုင်၊ ပို့လာသူတွေထဲ တက္ကသိုလ်က ကထိက အဆင့်ဆရာမတွေတောင် ပါသေး၊ ရင်လေးစရာပါလား တွေးမိရသည်။ လွယ်လွယ်ယုံ လွယ်လွယ်ကြောက် လွယ်လွယ်မေ့သူတွေ များလှသည်။
အကြောက်တရားရဲ့ အလွန် နောက်ဆက်တွဲ ဆိုးကျိုးတွေက ပြန်လည် ဒုက္ခပေးနိုင်တာ အများကြီးရှိသည်။ အမေရိကန်လို လူ့အခွင့်အရေးအလေးထားသည့် နိုင်ငံသော်မှ (၂၀၀၁)ခုနှစ် စက်တင်္ဘာ (၁၁) ရက် တိုက်ခိုက်မှုတွေဖြစ်ပြီး နောက်ပိုင်း စိုးရိမ်မှုတွေ မယုံကြည်မှုတွေ ကြောက်လန့်မှုတွေ လွန်ကဲကာ ပြည်သူကို ထိန်းသိမ်းနေရသည့် အခြေအနေတွေ ဖြစ်ခဲ့သည်။ မြန်မာပြည်အနေနှင့် လေ့လာသင်ခန်းစာ ယူစရာတွေ တပုံချည်း ရှေ့မှာရှိနေလေသည်။ အမေရိကန်နိုင်ငံတောင်မှ 9/ 11 လို့ လူသိများသည့် ကမ္ဘာ့ကုန်သွယ်ရေးတာဝါ ညီနောင် နှစ်ခု ဆိုးရွားစွာ တိုက်ခိုက်ခံရပြီးနောက် စိုးရိမ်ထိတ်လန့်ခြင်း လွန်ခဲ့သည့် ဖြစ်ရပ်တွေ ရှိခဲ့လေသည်။ အဖြစ်ကလည်း ထိတ်လန့်ခြောက်ခြားဖွယ်ရာ များစွာပင်။ အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်(၄)စင်းကို ပြန်ပေးဆွဲခဲ့ပြီး နှစ်စင်းက နယူးရော့ခ်မှာရှိသည့် ( twin towers of the World Trade Center )ကို တိုက်ခဲ့သည်။ အခြားတစင်းက ဝါရှင်တန်ဒီစီ မြို့အပြင်မှာ ရှိသည့် ပင်တဂွန်စစ်ဌာနချူပ်ကို လေယာဉ်ထိုးစိုက် ဝင်တိုက်ခဲ့ပြီး တစင်းမှာ ပင်ဆယ်ဗေးလ်နီးယားမှာရှိတဲ့ လယ်ကွင်းတခုထဲ ပျက်ကျသွားခဲ့သည်။အဆိုပါ အကြမ်းဖက်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသယ်အားလုံး အပါအဝင် လူပေါင်း (၃၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရလေသည်။
ဆယ်စုနှစ်အနည်းငယ်အကြာ အကြမ်းဖက်ဝါဒက အမေရိ ကန်နိုင်ငံကို ခြိမ်းခြောက်နေပြီဆို သည့် ဒေါ်နယ်ထရန့်ရဲ့ တန့်လှန့်သံက ထရန့်ကို သမတအဖြစ် အရွေးခံရဖို့ ဗျူဟာတခုပင်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ အကြမ်းဖက်သမားတွေနဲ့ အရပ်သားတွေ ရောထွေးနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေ အကြောင်းကို မိတ်ဆွေဖြစ်တဲ့ သတင်းသမား စာရေးဆရာတယောက်နဲ့ စကားပြော ဆွေးနွေးမိရင်း သူက New York ဆိုသည့် အိန္ဒိယရုပ်ရှင်ဇာတ်လမ်း တပုဒ်ကို ညွှန်းလို့ ကြည့်ဖြစ်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကြည့်တဲ့နေ့က 9/11 နေ့ ဖြစ်နေသည်။
အဆိုပါဇာတ်ကားမှာ ၂၀၀၉ ခုနှစ်ကတည်းက ဆိုတော့ ကြည့်ဖူးသူအတော်များများရှိပါလိမ့်မည်။ အိုမာ ဆိုသည့် အိန္ဒိယနွယ်ဖွား အစ္စလာမ်ဘာသာဝင် လူငယ်တယောက်ကို အမေရိကန် FBI ကနေ လက်နက်တွေနဲ့ ထောင်ခြောက်ဆင်ပြီး အကြမ်းဖက်ဖို့ လုပ်တယ်လို့ ဖမ်းဆီးစစ်ဆေးတာနဲ့ ဇာတ်လမ်းကို စထားသည်။ သူ့ကို အမေရိကားကို ဘယ်လို ရောက်လာသလဲ တက္ကသိုလ်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းနာမည်တွေ မေးမြန်းရင်း " ဆမ်" နဲ့ စတင်သိကျွမ်းခဲ့ရတဲ့ အကြောင်းတွေ မေးသည်။
စကောလာရှစ်ရတဲ့အတွက် မာစတာဆက်တက်ဖို့ အမေရိကန်နိုင်ငံရောက်လာတဲ့ အိန္ဒိယနွယ်ဖွား အစ္စလမ်ဘာသာဝင် အိုမာ ၊ (၄)နှစ်သားကတည်းက အမေရိကားရောက်နေတဲ့ ဆမ် ၊ နောက် မာရာ ဆိုသည့် သူတို့လူမျိုးမိန်းကလေး၊ အိုမာ ဆမ် မာရာ လူငယ်သုံးယောက်မှာ ဆမ်က အမေရိကန်လူမျိုးတယောက်လို ဖြစ်နေပြီ။ တက်ကြွဖြတ်လတ် ထက်မြက်သည်။ အားကစားမှာတော်သည်။ လူသိများသည်။ အိုမာက မာရာကိုချစ်ပြီး မာရာက ဆမ်ကို ချစ်နေသည်။ တက္ကသိုလ်(၂)နှစ်တက်အပြီး 9/11 တိုက်ခိုက်မှု ဖြစ်တာနှင့်ကြုံကာ သူတို့ (၃)ယောက်ကွဲသွားကြသည်။ အမေရိကန် FBI က ဆမ် ကို အကြမ်းဖက်သမားအဖြစ် သိထားပြီး ဖမ်းဆီးလိုသည်။ ဆမ်နှင့် သူငယ်ချင်းဖြစ်သည့် အိုမာ ကိုအကြပ်ကိုင်ပြီး ဆမ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကို ဖော်ထုတ်ဖို့ စစ်ဆင်ရေးလုပ်သည်။ ဆမ်ရဲ့ အိမ်မှာနေထိုင်စဉ် အိုမာရဲ့ အမျိုးမျိုး စမ်းသပ်မှုတွေအရ ဆမ်မှာ ရိုးသားသည်။ အကြမ်းဖက်လုပ်ရပ်ကို မကြိုက်နှစ်သက်၊ အိုမာ့ကို ပင် သံသယဖြင့် တားဆီးသေးသည်။ အိုမာက FBI အရာရှိကို ဆမ် မှာ အကြမ်းဖက်သမား မဖြစ်နိုင်ကြောင်း တင်ပြသည်။ လက်မခံ၊ ဆမ်ရဲ့ရှေ့မှာတင် အိုမာက ဟန်ဆောင်ဇာတ်လမ်းဆင်ကာ လူတယောက်ကို သေနတ်ဖြင့် ပစ်သတ်ပြသည်။ ဆမ်က အိုမာကို သူ့အိမ်ကနေ နှင်ထုတ်လိုက်သည်။ သေချာပြီ ဆမ်မှာ အကြမ်းဖက်သမားမဟုတ်၊ အိမ်မှ ထွက်ရမည့်နေ့မှာ ဆမ်က လိုက်ပို့ရင်း တနေရာခေါ်သွားသည်။ လူအချို့နှင့် ဆုံသည်။ ထိုသူတွေကတော့ FBI က သူ့ကို ဓါတ်ပုံတွေ ပြလိုက်သည့် အာဖဂန်၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်နေသည့် အကြမ်းဖက်သမားတွေ ဖြစ်နေသည်။ ထိုအခါမှ သူ့သူငယ်ချင်း ဆမ်မှာ အကြမ်းဖက်သမား တယောက်ဖြစ်နေတာ သိသွားသည်။ စိတ်ဝင်စရာအကောင်းဆုံးက ဆမ်တယောက် ဘယ်လို အကြမ်းဖက်သမား ဖြစ်သွားတာလဲ ဆိုတာပင်။
9/11 ဖြစ်ပြီး အမေရိကန်FBI က အကြမ်းဖက်သမားတွေကို ပိုက်စိပ်တိုက် ရှာဖွေနေချိန် ရွှေ့ပြောင်းနေထိုင်သူတွေအကြား မလုံခြုံသလို ဖြစ်လာကြသည်။ ထိုအချိန်မှာ ဆမ် က မာရာနဲ့ ဆုံဖို့ ဝါရှင်တန်ဒီစီကို အသွား ဘူတာရုံမှာ အဖမ်းခံရသည်။ ရိုက်နှက်စစ်ဆေးသည်။ ရက်စက်သည့် နည်းမျိုးစုံဖြင့် စစ်ဆေးပြီး အကြမ်းဖက်သမားဖြစ်ကြောင်းဝန်ခံခိုင်းသည်။ သူတို့ပြသည့် ကုန်သွယ်ရေးအဆောက်အဦဓါတ်ပုံက ကျောင်းတုန်းက အဆောက်အဦဒီဇိုင်းပရောဂျက်တခုအတွက် ရိုက်ထားတာဖြစ်ကြောင်း ဆရာ့ကိုမေးမြန်းနိုင်ကြောင်း ထွက်ဆိုသည်။ နောက်ဆုံး အထောက်အထားမရှိတဲ့ အတွက် ပြန်လွတ်လာသည်။ အိပ်ပျော်ရင်းက နှိပ်စက်ခံရတဲ့ အိပ်မက်ဆိုးတွေကြောင့် လန့်နိုးသည်၊ အရင်က တက်ကြွသည့် အမူအယာတွေပျောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့၊ လူတွေက သူ့ကို သံသယရှိနေတယ်လို့ ခံစားရသည်။ ရဲမြင်က ကြောက်ရွံ့စိတ်ဖြစ်သည်။ မာရာက ဆမ့်ကို အားပေးရင်း လက်ထပ်ဖို့ ပြောကာ လက်ထပ်လိုက်ကြသည်။ သို့သော် ဆမ်မှာ အရင်လိုမဟုတ် သူ့ရင်ထဲ နာကျည်းမှု၊ မကျေနပ်မှုနှင့် မလုံခြုံမှုတွေ ခံစားနေရသည်။ အရင်ကလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဒီနိုင်ငံက လူမျိုးတွေနှင့် တသားထဲ နေသလို စိတ်မဖြစ်တော့၊ နောက်ဆုံး အချူပ်ခန်းကလွတ်ကာနီး အချူပ်ခန်းထဲက လူကြီးတယောက် မှာလိုက်သည့် စကားတခုဖြင့် ပြောလိုက်သည့် နေရာကို သွားဆက်သွယ်လိုက်သည်။ ထိုကနေ အကြမ်းဖက်သမားတွေနှင့်ချိတ်မိကာ အကြမ်းဖက်သမားလုံးလုံး ဖြစ်သွားတော့သည်။
အိုမာနဲ့ ဆမ်ရဲ့ ဇနီး မာရာတို့က ဆမ် မကြာမီလုပ်တော့မည့် ဖောက်ခွဲမှုအကြီးစားကို တားဖြစ်ဖို့ ဆမ့်ကို အကြမ်းဖက်သမားအဖြစ်က ကယ်တင်ဖို့ FBIနှင့် ပေါင်းကာ ကြိုးစားကြသည်။ နေရာနှင့်အချိန် မသိသေး၊ အိုမာနှင့် မာရာက ဆမ် ကို ဖမ်းတဲ့အခါ အသေပစ်မသတ်ဖို့ ကတိတောင်းသည်။ အရာရှိ ရိုလျှားက အကြီးဆုံးတာဝန်ရှိသူကို ပြောပြသည်။ ထိုသူက အကြမ်းဖက်သမားကို အသေသာဖမ်းချင်သည်။ ဆမ်ရဲ့ ညွှန်ကြားချက်အရ ဆမ်ကန်ထရိုက်ရသည့် အဆောက်အဦတခုရဲ့ မြေအောက်အညစ်အကြေးစွန့် ပိုက်လိုင်းထဲမှာ ဆမ့်လူတွေနဲ့ အိုမာ အလုပ်လုပ်နေရင်း လက်ကိုင်ဖုန်းတွေကနေ ဖောက်ခွဲရေး လုပ်မယ့် အစီအစဉ်စတင်နေတာလို့ သိလိုက်ရသည်။ မြေအောက် ရေဆိုးမြောင်းကနေ အိုမာ ရအောင် ထွက်လာပြီး FBI အရာရှိ ရိုလျှားထံ ဖုန်းဆက်သည်။ ဖောက်ခွဲရေး လုပ်တော့မည်၊ နေရာ အဆောက်အဦတခုခုဖြစ်မည်၊ သေချာမသိသေး၊ ဆမ်က အဆိုပါ အဆောက်အဦမှာ ရောက်နေပြီ၊ လက်ကိုင်ဖုန်းက တဆင့်ဖောက်ခွဲရေးလုပ်ဖို့ အဆိုပါအဆောက်အဦမှာ လိုက်လံတပ်ဆင်နေပြီ။
ထိုနေ့မှာ ဆမ်ရဲ့ ဇနီး မာရာက FBIဌာနချူပ်မှာ အကြီးအကဲနဲ့ တွေ့ဆုံပြီး ဆမ့်အကြောင်းဆွေးနွေးကာ သူလုပ်မည့်အကြမ်းဖက်လုပ်ရပ်ကို တားဆီးကြမည်၊ ယင်းဖြစ်စဉ်မှာ ဆမ်ကို အသေပစ်မသတ်ဖို့ လက်မှတ်ထိုးပေးဖို့ တောင်းသည်။ အကြီးအကဲက လက်မှတ်ထိုးဖို့ လက်ခံလိုက်ပြီး ပြင်နေချိန်မှာ အိုမာဆီက ဖုန်းဝင်လာသည်။ ဖောက်ခွဲရေးလုပ်မှာ ယနေ့ပဲဖြစ်ပြီး မကြာခင်စမယ်ဆိုတဲ့အကြောင်း ဘယ်အဆောက်အဦဆိုတာ မသိသေးကြောင်း ဆမ်ကိုတွေ့အောင်လိုက်ရှာနေကြောင်း သိရ၍ တာဝန်ရှိသူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တပ်ဖွဲ့တွေ အသင်ပြင်ဖို့ အော်ဟစ်ကြသည်။ မာရာ အခန်းထဲမှာ ကျန်နေခဲ့စဉ် အဆောက်အဦပြင်ပကနေ ဆေးသုတ်သည့်အလုပ်သမားပုံစံဖြင့် ဆမ် လျှောဆင်းနေတာ မြင်လိုက်ရသည်။ ထိုအချိန်မှာ အိုမာကလည်း ဆမ် တို့ ကိုမြင်လိုက်ပြီ။ ဖုန်းထဲကနေ အလျင်အမြန် သတင်းပို့သည်။ ဆမ် ဖောက်ခွဲမည့် အဆောက်အဦက အမေရိကန် FBIဗဟို ဌာနချူပ်၊ ဝန်ထမ်းတွေကို အဆောက်အဦထဲကနေ ထွက်သွားခိုင်းပြီး စစ်ဆင်ရေးစသည်။ ဆမ်ရဲ့လက်ထဲမှာ လက်ကိုင်ဖုန်း ၊ လက်ကိုင်ဖုန်းခလုတ်ကို နှိပ်လိုက်ပါက အသင့်ဆင်ထားသည့် အဆောက်အဦနေရာအသီးသီကနေ ပေါက်ကွဲမှုဖြစ်မည်။ မာရာ အိုမာတို့ နားချသည်။ ကျန်နေသည့် သားလေးအကြောင်းပြောပြသည်။ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပြီး တက္ကသိုလ်တက်နေသည့် ကာလတလျှောက် တက်ကြွဖြတ်လတ် ပျော်ရွှင်စွာနေတတ်ပြီး အများအတွက် ဆောင်ရွက်တတ်သည့် ဆမ်တယောက် တွေဝေသွားသည်။တခုခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် လက်ကိုင်ဖုန်းကို လက်ထဲကနေ အဆောက်အဦအောက်ဘက်အဝေးဆီကို ပစ်ချလိုက်ရာ နားလည်မှုလွဲပြီး အကြီးအကဲဖြစ်သူက " ပစ်"၊ FBI အရာရှိ ရိုလျှားက " မပစ်နဲ့" အော်ရင်း ဆမ်ရယ် သူ့ကိုကာဖို့ ပြေးသွားတဲ့ သူ့ဇနီး မာရာတို့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး သေဆုံးသွားကြသည်။ဆမ်တယောက် မာရာ ပြောသလို အရင်ကလည်း အကြမ်းဖက်သမားမဟုတ်သလို အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ခဲ့၊ အခုလည်း အကြမ်းဖက်လုပ်ရပ်ကို ရှောင်ရှားသွားခဲ့သည်။ သို့သော် ဆမ်တယောက် အကြမ်းဖက်သမားတယောက်အဖြစ် ဘဝကိုနိဂုံးချူပ်သွားရသည်။
ဇာတ်သိမ်းပိုင်းမှာ ရိုလျှားက သူ့ကို အတန်ကြာစကားမပြောသည့် အိုမာ့ထံ ဆမ်နဲ့ မာရာတို့ရဲ့ သားလေးပြိုင်ပွဲနေတဲ့ ဘေ့စ်ဘောကစားပွဲမှာ သွားတွေ့ရင်း" အမေရိကားမှာ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ တို့လို မူဆလင်တွေအနေနဲ့ 9/11 အပြီးမှာ လူတွေရဲ့ မယုံကြည်မှုကို စတင်ခံခဲ့ရတယ်၊ အစ္စလမ်ဘာသာရဲ့ တရားတော်က ငြိမ်းချမ်းရေးပဲဖြစ်တယ်၊ ဒါပေမယ့် အစွန်းရောက်ဘာသာဝင်တွေကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ အနေခက်လာတဲ့အခါ အစ္စလမ်ဘာသာဝင်တိုင်း အကြမ်းဖက်သမားမဟုတ်ပါဘူးဆိုတာ ပြချင်လို့ တို့ကြိုးစားခဲ့တာ " လို့ ဆိုသည်။
အိုမာက ဘာ့ကြောင့် ဆမ်ဟာ ဒီလို အဖြစ်မျိုး ကြုံခဲ့ရတာလဲ မေးတဲ့အခါ " ဒါဟာ မှားယွင်းမှု တခု၊ အချိန် စိုးရိမ်လွန်ကဲမှု လူတွေနဲ့ နောက်ဆုံး နိုင်ငံပဲလို့ " ဆိုသည်။
(၂၀၀၁)ခုနှစ် စက်တင်္ဘာ(၉)ရက် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦတာဝါ နှစ်ခု တိုက်ခိုက်ခံရပြီးတဲ့နောက် အမေရိကန်နိုင်ငံ နယူးယော့ခ်မှာ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ သူတွေ (၁၅၀၀) နီးပါး ထိန်းသိမ်းခံခဲ့ရပြီး အမျိုးမျိုးနှိပ်စက် မေးမြန်းခံခဲ့ရသည်။ တနိုင်ငံလုံးစိုးရမိပူပန်စွာဖြင့် ထိတ်လန့်ခဲ့ကြသည်။ အဆိုပါ နှိပ်စက်ခံခဲ့ရသည့်အထဲ အကြမ်းဖက်သမားလို့ သံသယရှိသူတွေ အမှန်တကယ်အကြမ်းဖက်သမားဖြစ်သူတွေ သံသယကနေ အကြမ်းဖက်သမားဖြစ်သူတွေအဖြစ် ထပ်မံတိုးပွားလာသလား ၊ New York ရုပ်ရှင်ဇာတ်လမ်းကိုကြည့်ရင်း တွေးစရာ ဆင်ခြင်စရာတွေ များစွာ တွေ့လိုက်မိလေသည်။
ခိုင်ခိုင်စောလွင်

September 10, 2017

" အလိုအပ်ဆုံးအရာ"၁၁ ရက်စက်တင်္ဘာ ၂၀၁၇ ဒီလှိုင်းစာစောင် အတွဲ(၆)အမှတ်(၃၅)


စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ လုပ်ကိုင်နေရတဲ့သူတွေ မြင်ရတဲ့ အခါ အသက်မွေးဝမ်းကျောင်းဖို့ လက်မှုပညာလေးတွေ တတ်ထားရင် ဒီလောက် ပင်ပန်းကြမှာ မဟုတ်ဘူးလို့ အတွေးပေါ်သည်။ အသက်မွေးဝမ်းကျောင်း သင်ဖို့ ဆိုတာနှင့် မိန်းကလေးဆို စက်ချူပ်သင်ဖို့၊ ယောက်ျားလေးဆို စက်ပြင် သင်တန်းတက်ဖို့ ဒီလိုမြင်ကြသည်။ ဒီလုပ်ငန်းတွေထက် ပိုပြီး နီးနီးစပ်စပ် လုပ်နိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ များစွာရှိပြီး အိုးမကွာအိမ်မကွာ လုပ်နိုင်သလို တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်သည့် လက်မှုပညာ လုပ်ငန်းတွေ များစွာ ရှိတာကို တွေ့မြင်သိရပြီး ထပ်ဆင့်မျှဝေချင်စိတ်ဖြင့် ရေးရပါသည်။
" အသက်မွေးဝမ်း ကျောင်းပညာ တိုးတက်မှသာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ဘဝ အခြေအနေတိုးတက်နိုင်မည်ဖြစ် ကြောင်း " နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းကြည်က နည်းပညာနှင့် အသက် မွေးဝမ်းကျောင်း ပညာရေးနှီးနှော ဖလှယ်ပွဲ တခုမှာ ပြောကြားခဲ့ဖူးလေသည်။
ထိုင်းနိုင်ငံတဝှန်း နိုင်ငံခြားသားများ မဖြစ်မနေ လာရောက်လည်ပတ်ကြသည့် လမ်းလျှောက်ဈေးနဲ့ walking street တွေမှာ ရောင်းချကြသည့် လက်မှုပစ္စည်းလေးတွေမှာ အမြင်ဆန်းပြီး ချစ်စရာကောင်းသည်။ ဈေးလည်းမများလှပဲ ဝယ်ချင်အောင် စွဲဆောင်နိုင်သည်။ အမှတ်တရ ပစ္စည်းလေးတွေသာမက စားစရာ မုန့်ကလေးတွေကိုပင် မြင်ရတဲ့ အခါ စားချင်လိုက်တာ ဆိုတာထက် ထူးဆန်းပြီး ဘယ်လိုလုပ်ထားပါလို့ မဖြစ်မနေ မြည်းစမ်းကြည့်ချင်အောင် အရောင်အဆင်းတွေ မွမ်းမံထားတတ်ကြလေသည်။ စားစရာတွေမှာ အပြာရောင်၊ ခရမ်းရောင် ဆိုတာ မရှိပေမယ့် သူတို့က အပြာရောင် ခရမ်းရောင်တွေဖြင့် လုပ်ထားပြီး ဆန်းသစ်ထားကြလေသည်။ ဓါတုဆေးဝါးတွေ သုံးထားတာမဟုတ်ပဲ သဘာဝအရွက် အပွင့် အသီးတွေကနေ အရောင်ဆိုးတာဖြစ်သည်။ တချို့က ပြောရောင်းသလို တချို့က အသုံးပြုသည့် ပစ္စည်းကိုပါ ပြသထားလေသည်။ ဒီကယူပါတယ်ဆိုတဲ့ သဘော၊ ဈေးသည်တွေထဲမှာ တခါတရံ ကျောင်းသူကျောင်းသားတွေ တွေ့ရတတ်သည်။ သူတို့လည်း ကျောင်းနေရင်း ငွေရှာကြရတာ ရှိသည်။ လက်မှုအတတ်ပညာကို ထိုင်းပြည်သူတွေ ကလေးအရွယ်ကစလို့ အသက်အရွယ် ကြီးသူတွေအထိ သူ့အရွယ်နဲ့သူ လုပ်တတ်ကြသည်။ အကြောင်းကတော့ ပညာရေးစနစ်ပဲ ဖြစ်သည်။ မူလတန်းအရွယ်ကစပြီး ကျောင်းစာ၊ ဘဝတွက်တာ၊ အားကစား စတာတွေကို တဖြည်းဖြည်း သင်ယူခွင့် ရကြသည်။ စာသင်နှစ်တနှစ်ကို နှစ်ပိုင်းခွဲပြီး ပထမစာသင်နှစ်ဝက်မှာ ဘာသာရပ်တခုကို အချိန်သတ်မှတ်ထားသည့်အတိုင်း သင်ကြားသည်။ ဥပမာ အားကစား( sport) နာရီ(၂၀၀) သတ်မှတ်ထားပြီး သင်ကြားချိန် နာရီ(၂၀၀) ပြည့်အောင် သင်ယူရသည်။ ဘဝတွက်တာ ( life skill) ဘာသာရပ်ဆိုက လူ့ဘဝမှာ ရှင်သန် ရပ်တည်နိုင်မည့် နည်းလမ်းတွေကို မူလတန်းအရွယ်ကနေ အထက်တန်းအရွယ်အထိ တဖြည်းဖြည်း လေ့ကျင့်သင်ကြားပေးတာဖြစ်သည်။
အဆိုပါ ဘဝတွက်တာ ဘာသာရပ်က လက်တွေ့ ပြုလုပ်ရတာများပြီး အတန်းကြီးသည့်အခါ ပရောဂျက်တခု အဖြစ်ပင် လုပ်ကြရလေသည်။ မူလတန်းအရွယ်မှာ သွားတိုက်တာကစပြီး တကိုယ်ရေ သန့်ရှင်းရေးနှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်ကို စနစ်တကျ ပစ်ဖို့အထိ လက်တွေ့သင်ကြား အမှတ်ပေးလေသည်။ စာဖြင့်ရေးပြီးသင်ကာ အလွတ်ကျက်စေပြီး ပြန်မေးပြန်ဖြေ လုပ်ခြင်းမရှိပဲ လက်တွေ့ နေထိုင်တာကို အမှတ်ပေးသည့် စနစ်ဖြစ်သည်။ ထိုင်းကျောင်းမှာ အသက်(၄)နှစ်ပြည့် ကလေးကို မူကြိုထားသည့် မိတ်ဆွေ တယောက်က သူ့ကလေးမှာ အပြင်သွားရင်း မုန့်စားရာက ပစ်ရမည့် အမှိုက်ကို အမှိုက်ပုံးမတွေ့၍ လက်ထဲမှာ ဆုပ်ကိုင်ထားကြောင်း ကြည်နှုးစွာ ပြန်ပြောပြသည်။ အဆိုပါ ဘဝတွက်တာ ဘာသာရပ်ကနေ မုန့်လုပ်နည်း၊ အပ်ချူပ်ခြင်း၊ ပန်းပွင့်ဖော်ခြင်း ၊ စက္ကူဖြင့်ပန်းလေးတွေ လုပ်ခြင်း စတာတွေ သင်ယူကြရသည်။ တဖြည်းဖြည်း အတန်းကြီးလာသည့်အခါ အသက်အရွယ်အလိုက် မုန့်လုပ်နည်းအမျိုးမျိုး၊ အချူပ်အလုပ် အမျိုးမျိုး၊ ထိုင်းအနှိပ်ပညာ ( ထိုင်းမာဆတ်) ၊ အသီးအနှံတွေကို အလှဖော်ခြင်း အမျိုးမျိုး၊ ဖျော်ရည်လုပ်နည်းအမျိုးမျိုး နှင့် ဆပ်ပြာလုပ်နည်းအထိပါ ကျောင်းမှာ လက်တွေ့လုပ်ပြီး သင်ယူကြရသည်။ အလယ်တန်းအဆင့် ဆိုက ကိုယ်လုပ်ထားသည့် ပစ္စည်းတွေကို အခြားသူများထံ ရောင်းချစေသည်။ ရလာသည့် ငွေကြေးကို စာရင်းအင်းမှတ်ကာ ကြိုးစားလုပ်ပြီး ရလာသည့် တန်ဘိုးကို ခံစားတတ်အောင်ပါ သင်ပေးလေသည်။
ကျောင်းမှာကတည်းက လက်မှုပညာဖြင့် အသက်မွေးတတ်အောင် လေ့ကျင့်သင်ကြားပေးလိုက်တာဖြစ်သည်။ ဒါ့ကြောင့် ထိုင်းလူမျိုး အရွယ်သုံးပါးမရွေး သူတို့ရိုးရာ မုန့်တွေကို မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်နှင့် လှလှပပ ဖြစ်အောင်လုပ်နိုင်ကြသည်။ ဈေးရောင်းရမှာကိုလည်း သိမ်ငယ်သည်ဟု မမြင်ကြ၊ ဈေးရောင်းတာ သာမာန်လုပ်လေ့လုပ်ထ ရှိတဲ့ သဘောဖြစ်သည်။ ထိုင်းလူမျိုးတွေရဲ့ အရိုးဆုံး ငွေရှာနည်းကတော့ ဈေးရောင်းတာပဲ ဖြစ်သည်။ ဈေးရောင်းဖို့ အခြေခံကတော့ ကျောင်းမှာကတည်းက တတ်မြောက်ထားသည့် မုန့်ကလေးတွေ လုပ်တာနှင့် လက်မှုထည်လေးတွေ လုပ်ကြတာပဲ ဖြစ်သည်။ တခုတော့ရှိသည်၊ လိုအပ်သည့် ကုန်ကြမ်းပေါသည်။ လှသည်။ ကိုယ်လုပ်မယ့် ပစ္စည်းအတွက် လိုအပ်တဲ့ အကြမ်းထည် ပစ္စည်းကို ကိုယ့်နိုင်ငံကပဲ ထုတ်တာ ဖြစ်တဲ့ အတွက် ပေါပေါများများ လွယ်လွယ်ကူကူ ဝယ်လို့ရသည်။ ဖန်စီကျောက်ထည်လေးတွေ၊ ပလတ်စတစ်စ၊ ပိုးကြိုး ရောင်စုံ၊ ပန်းပွင့်ဖော်ဖို့ စက္ကူစ၊ အလှဆင်မည့် ဘော်ကြယ်၊ ကြယ်သီးစေ့၊ စသဖြင့် မျိုးစုံသော ပစ္စည်းတွေ တနေရာထဲမှာ ရနိုင်သည်။ ကပ်ဖို့ ရောင်စုံပလာစတာလေးတွေကအစ ပေါလှသည်။ အပ်၊ ချည်၊ ပိတ်စ စတာတွေ၊ သော့တွဲလုပ်ဖို့ သံကွင်းကလေးတွေကအစ အသင့်ဝယ်လို့ လွယ်လှသည်။ ဈေးလည်း မများ၊ ဒါ့ကြောင့် လက်မှုပစ္စည်းလေးတွေ ဆိုက (၁၀)ဘတ်၊ ဘတ်(၂၀) စသဖြင့် walking street တွေမှာ ရောင်းကြရာ ဝယ်သူကျိတ်ကျိတ်တိုး၊ လက်မှုပညာတိုးတက်ပါသည်ဆိုသည့် တရုတ်လူမျိုးတွေပင် အထူးအဆန်းဖြစ်ကာ တိုးဝှေ့ဝယ်ယူကြရသည် အထိ လုပ်နိုင်လာကြလေသည်။
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ပွဲတော်တွေဖြစ်သည့် စုန်ခလာ( ရေသဘင်ပွဲ) နှင့် လွိုင်ကထုံ ( တန်ဆောင်တိုင်မီးမျှောပွဲ) တွေဆိုက ဧည့်သည်အလာများကြသည်။ ထိုရာသီမှာ ထိုင်းလူမျိုးတွေ ဝင်ငွေတိုးကြသည်။ ဟိုတယ်၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း၊ တည်းခိုခန်း၊ စားသောက်ဆိုင် စတဲ့ လုပ်ငန်းကြီးတွေ သာမက အောက်ခြေ အဆင့်ဖြစ်သည့် သာမာန်ဈေးသည်တွေပါ အလုပ်ဖြစ်ကြသည်။ အဆိုပါ တရာသီလောက် ရှာလိုက်ပါက တနှစ်လုံး ထိုင်းစားနေလို့ ရတယ်လို့ ဈေးသည် တယောက် ပြောပြဖူးသည်။ အဆိုပါပွဲမျိုးမှာ လှည့်လည်ကြည့်ရှု ပျော်ပါးနေသည့်အထဲ ထိုင်းလူမျိုးတွေ ပါဝင်တာနည်းပါသည်။ မီးမျှောပွဲဆိုက ငှက်ပျောပင်ကို အဝိုင်းလေးတွေ ဖြတ်ထားသည့် အကွင်းကလေးတွေ ဈေးကဝယ်၊ သစ်ခွ၊ ကြာပန်းတို့လို ပန်းလှလှလေးတွေကို သစ်ရွက်ကလေးတွေ နဲ့ စည်းကာ ဖယောင်းတိုင်လေးတွေ ငှက်ပျော်ကွင်းပေါ်စိုက်၊ ငှက်ပျောရွက်ကလေးတွေနဲ့ ငှက်ပုံ ကလေးတွေလုပ်ကာ တဖုံ မျိုးစုံ ပုံဖော်ပြီး ငှက်ပျောကွင်းကလေးတွေ လုပ်ရောင်းကြသည်။ တခုကို ဘတ်(၂၀) (၂၅)ဘတ်ကနေ အရွယ်အစားနဲ့ ပုံဖော်ထားတဲ့ အလျောက် (၃၅)ဘတ်အထိ ရောင်းကြသည်။ ဝယ်သည့်သူက မီးထွန်းပြီး ရေထဲမျောကာ ဆုတောင်းကြ ပျော်ကြ။ ဘန်ကောက်၊ ချင်းမိုင်နှင့် မြို့တိုင်းလိုလို မြစ်ဘေးတလျှောက် ဆိုင်တန်းတွေ ရာချီ ရှိပြီး အဆင်မျိုးစုံ ဒီဇိုင်းမျိုးစုံ သူ့ထက်သူ မတူအောင် ပုံဖော်လုပ်ရောင်းကြသည်။ ကျောင်းသားအရွယ်တွေလည်း အဖွဲ့လိုက် လုပ်ရောင်းကြသည်။ စာသင်ကျောင်းကနေ ရလာသည့် ဘဝမှာ ရှင်သန်ရပ်တည်ဖို့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည့် အခြေခံ လက်မှုအတတ်လေးတွေဖြင့် ပေါ့ပေါ့ပါးပါး ဝင်ငွေရအောင် ရှာလို့ လွယ်ကြလေသည်။
" ထိုင်းမှာ သမာအာဇီဝနဲ့ ထမင်းတလုတ် အတွက် ရှာစားဖို့ လွယ်ပါတယ်၊ ကျောင်းတွေကနေ သင်ပေးလိုက်တဲ့ လက်မှုအတတ်တွေနဲ့ ရှာစားလို့ ရတယ်၊ ထမင်းငတ်မှာ မပူရဘူး၊ ငတ်တဲ့သူကတော့ လူပျင်းပဲလို"့  ဆိုလေသည်။ လူ့ဘဝမှာ အလိုအပ်ဆုံး ဖြစ်သည့် အသက်မွေးဝမ်းကျောင်းနိုင်ဖို့ အခြေခံကို မူလတန်းအရွယ်ကနေ အထက်တန်းအထိ တခါထဲ လက်တွေ့ သင်ကြားပေးလိုက်ပြီးတဲ့နောက် ပညာကို ဆုံးခန်းတိုင်အောင် သင်သည်ဖြစ်စေ မသင်သည်ဖြစ်စေ အနည်းဆုံး ကိုယ့်မိသားစုအတွက် စားဝတ်နေရေး ဖြေရှင်းပေးနိုင်ရမည်တဲ့၊ အလယ်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်တက်ဖို့ အစီအစဉ် မရှိပဲ အသက်မွေးဝမ်းကျောင်း ပညာသင်ယူချင်က အသက်မွေးဝမ်းကျောင်း ကောလိပ်တွေဆီ ပြောင်းလဲ သင်ယူနိုင်သည့် အခွင့်အလမ်းလည်း ရှိသေးသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းတွေမှာတော့ စက်ချူပ်၊ အိတ်ချူပ်၊ ပန်းထိုး၊ ပန်းအလှပြင်၊ Nail Art ( လက်သည်းပုံဖော်)၊ ကိတ်မုန့်ဖုတ်၊ ထိုင်းအချိုပွဲမျိုးစုံ၊ spa ၊ တချောင်းထိုး၊ နှစ်ချောင်းထိုး၊ ယက္ကန်း စသဖြင့် ကနေ ယောင်္ကျားလေးတွေအတွက် မက္ကင်းနစ် စက်ပြင်၊ ဒိုင်နမို၊ ကားပြင်၊ ကွန်ပျူတာပြင်၊ ဆောက်လုပ်ရေး အဆောက်အဦ ဒီဇိုင်း အစရှိသည့် ဘာသာရပ်တွေ သင်ယူခွင့်ရှိသည်။
မြန်မာပြည်မှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လို့ အသိအမှတ်ပြုထားသည့် ဆေးပညာ၊ အင်ဂျင်နီယာ၊ သူနာပြု၊ စာရင်းအင်းပညာ အစရှိသည့် တက္ကသိုလ်တွေကနေလည်း အဆင့်မြင့်ပညာတွေ ဆည်းပူးခွင့်တွေရှိပါသည်။ သို့သော် အခြေခံလူထုမှာ အနည်းဆုံး မူလတန်းပညာ သင်ယူပြီးတာနှင့်ပင် အသက်မွေးဝမ်းကျောင်းပညာ အချို့ကို ရရှိပြီးဖြစ်ကြသည်။
လူချင်းအတူတူ ကိုယ့်တဝါးတခါးနဲ့ မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေကြရတဲ့ ကိုယ့်လူမျိုးတွေ မြင်ရတိုင်း တဝမ်းတခါးအတွက် အေးအေးဆေးဆေး ရှာစားနိုင်တဲ့ လူမျိုးတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်မကောင်းဖြစ်ကာ အဖြေရှာနေမိသည်။ ရန်ကုန်မှာ မနက် အာရုဏ်လင်းတာနဲ့ ပဲပြုတ်ထရောင်းရတာ၊ ဆိုင်ဖွင့်ဖို့ ပြင်ကြ ဆင်ကြတာတွေ မြင်ရတဲ့ အခါ ထိုင်းနိုင်ငံက ဈေးသည်တွေ မိုးလင်းကာမှ သက်တောင့်သက်သာ ဆိုင်ထွက်တာမျိုး၊ ညဘက်ရောက်မှ အေးအေးဆေးဆေး ဆိုင်ဖွင့်တာတွေနှင့် ယှဉ်ကြည့်နေမိသည်။ ဝမ်းတထွာကို ဖြည့်ရတာချင်းအတူတူ သက်တောင့်သက်သာ ဖြည့်ရတာနဲ့ ပင်ပန်းဆင်းရဲစွာ ဖြည့်ရတာ ကွာခြားလှသည်။ အခွင့်အလမ်းချင်းလည်း ကွာခြားပြီး ဘွဲ့ရထားသည့် လူတယောက်မှာပင် အသက်မွေးဝမ်းကျောင်းဖို့ အစွမ်းအစ မရှိ၊ မရလာခဲ့၊ မူလတန်းကနေ တက္ကသိုလ်ပညာအထိ (၁၅)နှစ် နီးပါး အချိန်ပေးခဲ့ပြီး စာရွက်တရွက်သာ လက်ဝယ်ပိုက်မိသည့် စနစ်မျိုး ဖြတ်သန်းရလို့ပဲဖြစ်သည်။ အဓိကက စနစ်ကြောင့်ပဲလို့ အဖြေရသည်။
အသက်မွေးဝမ်းကျောင်းပညာ ဆိုတာကို ဘာမှ မစွမ်းဆောင်နိုင်မှ ထသင်ယူရတာမျိုးမဟုတ်ပဲ ငယ်စဉ်ကတည်းက အခြေခံတတ်မြောက်လာကာ အရွယ်ရောက်ချိန်မှ ကိုယ့်ရဲ့ ဝါသနာနဲ့ ကျွမ်းကျင်မှု အဖြစ် စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းမျိုး ရလာမှ အောင်မြင်နိုင်ပေမည်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရ လတ်တလောမှာတော့ အသက်မွေးဝမ်းကျောင်းပညာ သင်ပေးဖို့ အစီအစဉ်တွေ အကောင်အထည်ဖော်နေပြီဖြစ်သည်။ ဒါကိုတောင် အမြင်က အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း တက်တာနဲ့ကို စာမလုပ်ချင်လို့ စာမလိုက်နိုင်လို့ ညံလို့ ဆိုတဲ့ အမြင်တွေကနေ မပြောင်းလဲပဲ ဖြစ်နေသည်။ ပညာရပ်တခုကို သင်ကြားခြင်းလို့ လူမှုအသိုင်းအဝန်းက မြင်ဖို့လည်း အရေးကြီးလေသည်။ အရေးအကြီးဆုံးကတော့ ငယ်စဉ်ကတည်းက လူ့ဘဝကို ရင်ဆိုင်ဖြတ်သန်းဖို့ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ချမှတ်ပေးနိုင်မည့် စနစ်ရှိဖို့ လိုနေတာဖြစ်သည်။
" နှုတ်မှုလက်မှုအတတ်စုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်။
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တခုမျှလျက်၊
အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏။ ။
( ဆားတုံဆရာတော်)
ခိုင်ခိုင်စောလွင်

September 3, 2017

" နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်းဒီဂရီ" ၄ရက် စက်တင်္ဘာ ၂၀၁၇ ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၄) မှ


ထိုင်းနိုင်ငံမှာ အခြားနိုင်ငံတွေကနေ လာရောက်နေထိုင်တဲ့ သူတွေ သန်းနှင့်ချီ ရှိကြသည်၊ တရားဝင် လာရောက်နေထိုင်တာရော တရားမဝင် နေထိုင်တာရောမျိုးစုံထဲမှာ မြန်မာ လာအို ကမ္ဘောဒီးယား တရုတ် ကုလား မျိုးစုံ ရှိကြသည်။ အစိုးရကတော့ တိုင်းပြည်အတွင်း လာရောက်နေထိုင်ကြသူတွေ အားလုံး ဥပဒေလိုက်နာဖို့နဲ့ ပြစ်မှုကျူးလွန်က အလွယ်တကူသိနိုင်ဖို့ သူ့နိုင်ငံထဲကို တရားဝင်နေထိုင်ဖို့သာ လိုလားသည်။ ခိုးဝင်လာပြီးနောက်မှာပင် မည်သူမည်ဝါ ဘယ်နိုင်ငံသားဆိုသည့် အထောက်အထားသိနိုင်အောင် လုပ်ဖို့ ဥပဒေအမျိုးမျိုး ထုတ်ပြန်ကာ ကြိုးစားနေရလေသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး စစ်ရေး ပြဿနာမျိုးစုံကနေ သူတို့ဆီ ရိုက်ခတ်ကာ ရွှေ့ပြောင်းနေထိုင်မှုတွေကို လက်ခံထားရသည့် တိုင်းပြည်တခုလည်း ဖြစ်သည်။ အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမှ စနစ်ဆိုး ဒဏ်ကြောင့် လွင့်စင်ထွက်လာသည့် မြန်မာပြည်သား တိုင်းရင်းသားမျိုးစုံ သူတို့တိုင်းပြည်ဘက် ရောက်လာကြသည်မှာ ဆယ်စုနှစ်ပေါင်းမနည်းမနော ရှိခဲ့ပြီ။
မြန်မာပြည်နှင့် ဆက်စပ်နေသည့် နယ်စပ်မြို့တွေ ဖြစ်သည့် မဲဆောက်၊ မယ်ဆိုင် အရပ်တွေဆိုက မြန်မာပြည်နှင့်မခြား မြန်မာစကားတွေသာ ပြောကြလေသည်။ ထိုင်းလူမျိုးတွေလည်း စီးပွားရေးလုပ်၍ အဆင်ပြေအောင် မြန်မာစကား သင်ထားကြရလေသည်။ အဆိုပါ မြို့တွေမှာ နေထိုင်သည့် ထိုင်းလူမျိုးတင်မက တာဝန်နှင့် ရောက်ရှိနေထိုင်ရသည့် လဝက၊ ရဲ၊ ဘဏ်ဝန်ထမ်း ၊ ကုန်တိုက်ဝန်ထမ်း အစရှိသူတို့မှာလည်း မြန်မာစကား တတ်ကြလေသည်။ မြို့ကြီးတွေပြန်ရောက်ပြီး မြန်မာလူမျိုးတွေ့၍ မြန်မာလို ပြောနိုင်က အဆိုပါဝန်ထမ်းမှာ မဲဆောက် မယ်ဆိုင်တို့မှာ တာဝန်ကျခဲ့သူလို့ ကျိန်းသေပြောနိုင်လေသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်ကတော့ သမိုင်းအစဉ်အလာအရ မြန်မာလက်အောက်ခံ အဖြစ် နှစ်ပေါင်း လေးရာခန့် ကူးလူးဆက်ဆံမှုရှိခဲ့ရာ ရှေးဘိုးဘွားတွေက မြန်မာတွေများ ဖြစ်နေမလား တွေးစရာ အခြေအနေတွေ ရှိနေလေသည်။
ခင်မင်ရင်းနှီးသွား၍ မေးမြန်းကြည့်က သူတို့ အဖေက ရှမ်းပြည်က ဆိုတာမျိုး၊ အမေက မြန်မာဆိုတာမျိုး မကြာခဏ ကြားဖူးရလေသည်။ ဆိုင်တဆိုင်မှာ ပစ္စည်းဝယ်တော့ အချင်းချင်း မြန်မာလို ပြောတာ သူတို့ကြားပြီး ထိုင်းမလေးက မြန်မာတွေလား မေးသည်။ ပြီးတော့ သူတို့ ဘိုးဘွားတယောက်ယောက်က မြန်မာဆိုတာ ပြောတာ ကြုံရတတ်သည်။ ထိုင်းလူမျိုးဖြစ်နေသည့် မြန်မာသွေးနှောတွေ အများကြီး ရှိသည်။ အလားတူ ထိုင်းလူမျိုး ဖြစ်နေသည့် တရုတ်သွေးနှောတွေလည်း တပုံချည့် ရှိသေးသည်။ သို့ဖြစ်ရာ ထိုင်းအစိုးရအနေဖြင့် နိုင်ငံသားဖြစ်လာဖို့ သူတို့မှာလည်း တိကျသည့် ဥပဒေတွေ ပြဌာန်းထားရသည်မှာ သေချာလေသည်။ အဖေက ထိုင်းလူမျိုး အမေ ထိုင်းလူမျိုး မွေးဖွားလာသည့် ကလေး ထိုင်းလူမျိုး ဖြစ်တာက သဘာဝအတိုင်း ရိုးရှင်းပါသည်။ အဖေ ဒါမှမဟုတ် အမေ တယောက်ယောက်က ထိုင်းလူမျိုး ဖြစ်ပေမယ့် အခြား နိုင်ငံခြားသားတယောက်နှင့် အိမ်ထောင်ကျပြီး မွေးဖွားလာသည့် ကလေးမှာ ထိုင်းနိုင်ငံသား ဖြစ်ခွင့်ကို သူ့အသက် (၁၈)နှစ်ပြည့်သည့်အခါ ဆုံးဖြတ် ရွေးချယ်သည့်အတိုင်း နိုင်ငံသားဖြစ်ခွင့် ရှိလေသည်။
ယခု ဆယ်စုနှစ် သုံးနှစ်အတွင်း ထိုင်းနိုင်ငံကို တရားဝင်ရော တရားမဝင်ပါ ရောက်ရှိနေသည့် မြန်မာတွေ များလှရာ အဆိုပါ မြန်မာ မိခင်ဖခင်တို့ကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ် နေထိုင်ရင်း မွေးဖွားလာသည့် ကလေးမှာ ထိုင်းနိုငံသား ခံယူခွင့်ရှိသည်။ ဒါကတော့ အပြည်ပြည်ဆိုင်ရာကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို လိုက်နာပြီး လက်ခံကျင့်သုံးရတာဖြစ်သည်။ သို့သော် မွေးဖွားပြီးက မွေးစာရင်းရယူပြီး အိမ်ထောင်စုစာရင်းတခုမှာ စာရင်းသွင်းပြီးသည့် အထောက်အထားတော့ ရှိရလေသည်။ များသောအားဖြင့် မြန်မာလူမျိုးတွေက မြန်မာအဖြစ်သာ ခံယူစိတ်ရှိရာ နိုင်ငံသားခံယူဖို့ စိုးစဉ်းမှ စိတ်မကူးကြပါ။ အလုပ်လုပ်ပြီး ပြန်သွားကြသည့် သူတွေလည်း များစွာရှိလေသည်။ သို့သော် တော်လှန်ရေးကောင်စီတက်လာပြီး ပြည်သူပိုင်သိမ်းချိန်က ပြည်ပကို ထွက်ခွာသွားသည့် သူတွေ များစွာထဲကမှ လူမသိသူမသိ ထိုင်းနိုင်ငံမှာ ဇာတ်မြှုတ်နေကြသည့် မြန်မာပြည်ပေါက် တရုတ် ကုလား များစွာရှိသည်။ သူတို့မှာ ခြံကြီး အိမ်ကြီးတွေနှင့် တခန်းတနားနေထိုင်ကြပြီး သားသမီးတွေက ထိုင်းနိုင်ငံသားတွေ ဖြစ်ကာ ထိုင်းနိုင်ငံသားတွေ အဖြစ် ဆက်လက်နေထိုင်ကြတာလည်း ရှိလေသည်။ ရှေးအဘိုးကြီး အဘွားကြီးတွေမှာ မြန်မာစကားသံကြားက မသိမသာ လိုက်ကြည့်ပြီး နေတတ်ကာ သူတို့ မျက်ဝန်းတွေက မြန်မာပြည်ကို သတိတရ လွမ်းနေသယောင်ယောင် မြင်ရလေ့ရှိသည်။ မြန်မာပြည်ရဲ့ အတိတ်သမိုင်းကြောင့် မြန်မာလူမျိုးတွေ ကြိုးပြတ်သွားတဲ့ ပုလဲပုတီးက ပုလဲလုံးလေးတွေလို လိမ့်ကာလူးကာ တနေရာစီ ရောက်ကြရတာဖြစ်သည်။
တချိန်က နယ်မြေသတ်မှတ်ပိုင်းခြားမှုကြောင့် မြန်မာနိုင်ငံသားအဖြစ်ကနေ ထိုင်းပိုင်သည့် အခြမ်းဘက်ကို ပါသွား၍ ထိုင်းဖြစ်သွားသူတွေလည်း ရှိလေသည်။ ဟိုဘက်ဒီဘက် ကပ်နေသည့် ရွာနှစ်ရွာမှာ တနိုင်ငံစီ ဖြစ်သွားကြတာလည်း ရှိသည်။ မယ်ဆိုင်ဘက်ကို ရောက်စဉ်က အခါ လူမျိုး အမျိုးသမီး တယောက်က ပြောဖူးသည်၊ ဒီဘက်အခြမ်းတွေက အစတုန်းက မြန်မာပိုင်တဲ့ အခါရွာတွေပါ၊ နယ်နိမိတ်သတ်မှတ်ပြီး ထိုင်းဘက်ကို ပါသွားတော့ အစမှာ သူတို့ ဝမ်းနည်းကြတယ်၊ အခုနှစ်ပေါင်း(၃၀) လောက်ကြာတော့မှ သူတို့က ကံကောင်းတဲ့လူတွေမှန်း သိသွားကြပြီတဲ့၊ ဘာလို့လဲဆို သူတို့မှာ ရေမီးအပြည့်အစုံနဲ့ အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်းတွေ ပိုရပြီး ဟိုဘက်မှာကျန်ခဲ့တဲ့သူတွေက မှောင်ထဲမှာ နေတာ လှမ်းမြင်နေရတယ်လေတဲ့၊
၂၅၂၈ခုနှစ်နဲ့ ၂၅၃၄ခုနှစ်မှာ ထိုင်းနိုင်ငံသားဖြစ်ခွင့် ထုတ်ပေးသည့်အချိန် နိုင်ငံသားဖြစ်သွားသူတွေ ရှိသည်။ ထိုင်းမှာက သာသနာသက္ကရ်ာဇ်ကို အသုံးပြုရာ မြန်မာလိုဆိုက ၁၉၈၅ခုနှစ်နဲ့ ၁၉၉၁ ခုနှစ်တွေမှာ တိုင်းရင်းသားမျိုးနွယ်စုတွေ နိုင်ငံသားဖြစ်ခွင့် ကြုံခဲ့ကြသည်။ ၁၉၇၀ခုနှစ်ကနေ ၁၉၈၀ဝန်းကျင်မှာ နိုင်ငံရေးအခြေအနေအရ ထိုစဉ်က တရုတ်ကွန်မြူနစ်တွေရဲ့ ထိန်းချူပ်မှုအောက်မှာ တိုင်းရင်းသားမျိုးနွယ်စုတွေ ဖြစ်ကြသည့် အခါ လားဟူ မုန်း စသည့် တိုင်းရင်းသားတွေမှာ ဘိန်းစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ဘိန်းနှင့် လက်နက် ရောင်းဝယ်ကြသည်။ ထိုင်းစစ်တပ်က လိုက်တိုက်သည့်အခါ ထွက်ပြေးကြရပြန်သည်။ ၁၉၈၅ခုနှစ်မှာ ဒေသနှင့် လူမျိုး မတည်မငြိမ်ဖြစ်တာကို သိရှိပြီး ထိုစဉ်က ထိုင်းဘုရင်ဘူမိဘောအဒူယဒက်ကိုယ်တိုင် တောင်ပေါ်ဒေသတွေအထိ မီးအိမ်ကလေးကိုင်ကာ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ပြီး စီမံချက်တွေ ချမှတ်ပေးခဲ့လေသည်။ ဘိန်းအစား ကော်ဖီနှင့် အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင် စားသောက်နိုင်ရန် ရေ မီး ရရှိရန် ကိုယ်တိုင်ကိုယ်ကျကြီးကြပ်ပြီး စီမံကိန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ ဘိန်းစိုက်ပျိုးမှု ပပျောက်သွားသည်။ ဘုရင့်မိခင်ကြီးကလည်း တိုင်းရင်းသားတွေ နိုင်ငံသားဖြစ်ခွင့်ရပြီး နိုင်ငံသားအခွင့်အရေးရရှိပါက ပြေးလွှားပုန်းရှောင်နေရသည့် အခြေအနေတွေက လွတ်မြောက်မည် ယုံကြည်ကာ နိုင်ငံသားအသိအမှတ်ပြု ကဒ်ပြား အပြာရောင်တွေ ထုတ်ပေးခဲ့သည်။ မုန်း လူမျိုးတွေ အများစု ထိုင်းနိုင်ငံသားတွေ ဖြစ်ကြသည်။ ဒါက အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းမှာဖြစ်သည်။ မြန်မာပြည် ကရင်ပြည်နယ်ဘက်မှာ ရှိသည့် စကောကရင်မျိုးနွယ် ပါကညောတွေလည်း ထိုင်းဘက်အခြမ်း ရောက်ရှိကာ ထိုင်းမှာ ထိုင်း-ကရင်ဆိုသည့် တောင်ပေါ်သားအပြင် ပါကညော ဆိုသည့် တိုင်းရင်းသားမျိုးနွယ်စု အမည်ဖြင့် နိုင်ငံသားဖြစ်ကြတာ ရှိလေသည်။
၁၉၉၁ခုနှစ်မှာလည်း ဘုရင့်မိခင်ကြီးရဲ့ မေတ္တာဖြင့် တိုင်းရင်းသား ထိုင်းတွေအခေါ် တောင်ပေါ်သားတွေကို နိုင်ငံသားအသိအမှတ်ပြုကဒ် အစိမ်းရောင်မှာ အနီကွပ်ဖြင့် ထုတ်ပေးလေသည်။ ထုံးစံအတိုင်း ငွေကြေးလာဘ်စားမှုတွေလည်း ရှိကြရာ တောင်ပေါ်သားကဒ်ကို ဝယ်ယူထားကြပြီး နိုင်ငံသားဖြစ်ခွင့် မျှော်မှန်းသူတွေလည်း ရှိသလို ငွေနဲ့ဝယ်ပြီး နိုင်ငံသားကဒ် ကိုင်ဆောင်တာတွေလည်း ရှိခဲ့ကြတယ်လို့ ထိုင်းဆရာမတယောက်က ပြောပြသေးသည်။ ထိုင်းနိုင်ငံသား ဖြစ်သွားသူတွေထဲ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေ၊ မြန်မာပြည်သားတွေ တဖြည်းဖြည်း ပါသွားတာတွေ ရှိခဲ့တာ ငြင်းမရသည့် အထောက်အထားတွေ ရှိလေသည်။ ထိုင်းဆရာမ ပြောပြသလို မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း အခြေအနေအရပ်ရပ်တွေက ထိုင်းနိုင်ငံသားဖြစ်တည်မှုတွေ ဖြစ်လာတာ ရှိတယ်လို့ ဆိုလေရာ ငြင်းမရသည့် အချက်ပင်ဖြစ်သည်။
ကမ္ဘာအရပ်ရပ်မှာ ရှိကြသည့် နိုင်ငံအသီးသီးမှာလည်း မွေးဖွားရာ နိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အထူးသဖြင့် ဒေသတွင်းမတည်ငြိမ်မှုတွေ ဖန်တီးဖြစ်ပေါ်စေတဲ့ စစ်ရေးတွေကြောင့် လွင့်စင်ရောက်ရှိသွားကြတဲ့ လူတွေများစွာရှိကြလေသည်။ ကိုယ်တိုင်ရပ်တည်နေတဲ့ ကမ္ဘာကြီးတောင် မိမိဝန်ရိုးပေါ် မိမိ နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီလည်နေရာက အနည်းငယ် တိမ်းစောင်း ပြီးလည်နေတယ်လို့ သိပံပညာရှင်တွေ တိုင်းတာတွေ့ရှိထားတယ် ဆိုလေသည်။ ကမ္ဘာကြီးဒီဂရီပိုစောင်းလာနေတာတောင် တအံ့တဩ အဆန်းတကျယ် မယူဆသလို လူတွေလည်း အမျိုးမျိုး ပြောင်းရွှေ့နေကြတာ အဆန်းတော့မဟုတ်တော့ပေ။ ထိုင်းနိုင်ငံရဲ့ နိုင်ငံသားဖြစ်တည်မှု အခြေခံအကြောင်းတရားဖြစ်တဲ့ လူတွေကို လူတွေလို့ မြင်လို့ လက်ခံထားတာဖြစ်တယ်၊ ကိုယ်နေတဲ့ နိုင်ငံ ၊ ကိုယ့်နိုင်ငံသား အကျိုးစီးပွားကောင်းအောင် လုပ်ရမယ်၊ မလုပ်နိုင်ရင် အရေးယူခံရမယ် ၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားပျက်ရာပျက်ကြောင်း လုပ်နေသူတွေ အထူးသဖြင့် အကြမ်းဖက်လုပ်ရပ် လုပ်သူတွေ ကိုတော့ ဘာလူမျိုး ဘာနိုင်ငံသားပဲ ဖြစ်ပစေ ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်၊ တရားဥပဒေအရ အရေးယူတာခံရမှာလို့ ဆိုလေသည်။ ချင်းမိုင်လဝကရုံးမှာ ချင်းမိုင် ဗျူရိုချိဖ်ရဲ့ စကားကို ဆိုင်းဘုဒ်ထောင်ထားတာ ရှိသည်။ သူကတော့ ဒဲ့ပင်၊
" Good guys in , bad guys out" တဲ့ တချို့လူတွေအတွက်က ခပ်ပြတ်ပြတ်ပဲ ကောင်းတယ်မဟုတ်ပါလား။
ခိုင်ခိုင်စောလွင်

August 27, 2017

" ဘယ်ဆီကိုရောက်ရောက် ဘယ်လောက်ပဲဝေးဝေး "၂၈ရက် ဩဂုတ်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၃)


လူမှုကွန်ရက်မှာ ဓါတ်ပုံတပုံတွေ့လိုက်ရသည်။ မြို့ပတ်ရထားပေါ်မှာ လူနှစ်ယောက်အရက်သောက်နေတဲ့ပုံ၊ လူနှစ်ယောက်မှာ လူငယ်တွေ မဟုတ် အသက်အရွယ်အားဖြင့် အနည်းလေး လေးဆယ်အထက်လို့ မှန်းလို့ရသည်။ အတော်လေး စိတ်ဓါတ်ရင့်ကျက်နေရမည့် အရွယ်တွေ ဖြစ်သည်။ သူတို့ မြို့ပတ်ရထားပေါ်က ခုံတန်းပေါ်မှာ အရက်ပုလင်းထောင်ပြီး အရက် သောက်နေကြသည်။ ဓါတ်ပုံကို စာသားနဲ့ အတူ တွဲတင်ထားရာ " မြို့ပတ်ရထားပေါ်မှာ စည်းမဲ့ကမ်းမဲ့ လွတ်နေတဲ့ပုံ တာဝန်ကျ ရဲလည်း ရှိတယ် အရေးမယူဘူး ဒါလား ဒီမိုကရေစီ၊ တခါတခါ မြန်မာနိုင်ငံက လူတချို့ကို ကြည့်ပြီး စိတ်ကုန်တယ်၊ လွဲနေတယ်ဗျာ လွဲနေတယ်၊ ခြံထဲမှာပဲ မနေနဲ့ ခြံပြင်လည်း ထွက်ကြပါ၊ သူတပါးတိုင်းပြည်မှာ ဘယ်လိုနေထိုင်ပြောဆို လုပ်ကိုင်စားသောက်လဲဆိုတာလေ့လာပါ" တဲ့ သူ ရေးထားတာ ဖတ်မိပြီး ဒီနှစ်အစမှာ စာသွားသင်ရင်း ရောက်ခဲ့ရသည့် ချင်းမိုင်မြို့ပြင်က မြန်မာဆောက်လုပ်ရေး အလုပ်သမားတွေ နေထိုင်သည့် camp စခန်းဆီက မြင်ကွင်းကို မြင်ယောင်မိလေသည်။
ကျမ စာပြနေတဲ့ ကျောင်းကနေ ပရိုဂရမ်အသစ်တခုကို ဒီစာသင်နှစ်မှာ စပါသည်။ ကျမတို့ကျောင်း တနည်းအားဖြင့် ဖောင်ဒေးရှင်းရဲ့ အဓိက ရည်မှန်း ထားရာက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ဖို့ အလုပ်ခွင်နဲ့ ပညာရေးကြား ပညာရေးတံတား ထိုးပေးပြီး လျှောက်လှမ်းနိုင်သည့် အစီအစဉ် ဖြစ်သည်။ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြသည့် လူငယ်အများစု ရှိကြသည်။ အချို့မှာ စာကောင်းကောင်း မသင်ခဲ့ရသလို အချို့ကတော့ အလယ်တန်း၊ အချို့ကတော့ အထက်တန်းအထိ တက်ရောက်ခဲ့ကြပြီး ကျောင်းပညာကို ဆက်လက်သင်ယူခွင့် မရရှိတော့ပဲ ဝမ်းရေးအတွက် တဖက်နိုင်ငံကို ရောက်လာကြသည်။ အချို့က မိမိရပ်ရွာမှာ စစ်ဘေးကြောင့် ဘယ်လိုမှနေမရတဲ့ အတွက် စွန့်စားကာ တဖက်နိုင်ငံအသီးသီးကို ထွက်လာကြသည်။ ထိုလူငယ်တွေ ထဲကမှ ကျောင်းပညာကို အလုပ်တဖက်ဖြင့် သင်ယူကြရင်း တက္ကသိုလ်အဆင့်အထိ လှမ်းနိုင်ကြသူများ ရှိလာပြီဖြစ်သည်။ ကျောင်းကနေ တဆင့် ထိုင်းတက္ကသိုလ်အသီးသီးတက်ရောက်ပြီး ဘွဲ့ရသွားသည့် လူငယ် ဆယ်ဂဏန်းပင် ရှိလာပြီဖြစ်သည်။ တက္ကသိုလ်တက်ဆဲက (၇၆) ယောက် ရှိသေးသည်။ ယခုနှစ် စာသင်နှစ်မှာ စတဲ့ အစီအစဉ်ကတော့ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို ရောက်လာတဲ့အခါ ကလေးဘဝကနေ ရွှေ့ပြောင်းပါလာပြီး ထိုင်းကျောင်းမှာ ပညာဆက်သင်၊ ထိုင်းစကားသာ ပြောတတ် ထိုင်းလိုသာ ရေးတတ်ဖတ်တတ်ဖြစ်နေသည့် မြန်မာကလေးတွေအတွက် မြန်မာဘာသာစကားကို ရေးတတ် ဖတ်တတ်အောင် သင်ကြားပေးဖို့ ဖြစ်သည်။
တကယ်တန်း အဆိုပါ လူငယ်ကလေးတွေနေသည့်နေရာက မြို့ပြင်မှာ ရှိတာမို့ ကျောင်းရှိရာ နေရာသို့ စာလာသင်ယူဖို့ မဖြစ်နိုင်ပါ။ တနေ့လုံး ကျောင်းတက်ပြီး ကျောင်းဆင်းချိန်မှာ နောက်တခု ထပ်တက်ဖို့ တော်ရုံဇွဲဖြင့် မရနိုင်ပါ။ သို့သော် မြန်မာပြည်သားများပီသပါပေသည်။ ကျောင်းက ပြန်ရောက်သည်နှင့် သူတို့ကို လာသင်ပေးသည့် ရှမ်းဘာသာ၊ မြန်မာဘာသာတို့ကို အားတက်သရော သင်ယူကြလေသည်။ အဓိက ရည်ရွယ်ထားတာ လူငယ်တွေ ဖြစ်သည့်အတိုင်း အသက် ( ၁၅)နှစ်မှ အထက် ဖြစ်ရာ အချို့ကလေးများမှာ အသက်( ၅)နှစ်ကနေ (၁၀) နှစ်ဝန်းကျင်ပေမယ့်လည်း မြန်မာစာသင်လိုကြရာ သင်ပေးရလေသည်။ အဆိုပါကလေးတွေက သူတို့မိဘတွေ ထိုင်းနိုင်ငံကို ရောက်ပြီးမှ မွေးကြသည့် ကလေးတွေ အများစု ဖြစ်ကြလေသည်။ ချင်းမိုင်မှာ ရှိတဲ့ အိမ်ယာဆောက်လုပ်ရေးမှာ နာမည်ကျော် ဆောက်လုပ်ရေး လုပ်ငန်းကြီး တခုဖြစ်သည့် "ကန်ကနုတ်" ဆိုသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာပြည်သား အလုပ်သမားတွေ များစွာ ရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းက လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်နေရရာ အလုပ်သမားများကို အိမ်ယာဆောက်လုပ်နေသည့် ပတ်ဝန်းကျင်က သူဌေးပိုင် မြေမှာ ခေတ္တနေထိုင်ခွင့်ပေးထား သည်။ ၎င်းတို့အတွက် အလုပ်သမားလိုအပ်သည့် ပြဿနာမဖြစ်အောင် အလုပ်သမားများကို တစုတည်း စုဆောင်းထားသည့် သဘောဖြစ်သည်။
အဆိုပါ အလုပ်သမားများမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရင်း စုရပ်အဖြစ် အဆိုပါ ကမ့်မှာ နေထိုင်လာရာ (၁၀) နှစ်ကျော်လာပြီ ဆိုလေသည်။ အိမ်ယာအသစ်များ ထပ်မံဆောက်လုပ်သည့်နေရာက အနည်းငယ် လှမ်းသည့် နေရာသို့ ရောက်သွားသော်လည်း နေထိုင်ရာ ကမ့်ကနေ ကားတွေဖြင့် စုဝေးသွားရောက်ပြီး လုပ်ကိုင်ကြ၊ ညနေ အလုပ်သိမ်းသည့်အခါ ကြိုပေးသည့် အလုပ်သမားကားတွေဖြင့် ပြန်လာကြဖြင့် ကမ့်တွေမှာ ဆက်လက်ပြီး နေထိုင်ခွင့်ရနေကြတာ ဖြစ်သည်။ သို့ဖြစ်ရာ အသက်(၁၆)နှစ်အရွယ် ရှိသည့် ကလေးဆိုက သူ(၆)နှစ်အရွယ်က မိဘတွေနဲ့ အတူ မြန်မာပြည်ကနေ ပါလာတာလို့ မှန်းလို့ရသလို၊ အသက်( ၇) နှစ် ရှစ်နှစ်ခန့် ရှိသည့် ကလေးဆိုက အလုပ်သမားကမ့်ကို ရောက်ရှိပြီးမှ မွေးကြတာလို့ ခန့်မှန်း၍ ရလေသည်။ အားလုံးသော ကလေးတွေကတော့ မြန်မာစကားလုံးဝ မပြောတတ်ကြတော့ပေ။
အဆိုပါ ကလေးတွေမှာ ချင်းမိုင်မြို့ပြင်မှာ ရှိသည့် အလုပ်သမား ကမ့်မှာ နေထိုင်ရရာ သူတို့ ဆီအရောက် သွားရောက်သင်ပေးနိုင်မှ အဆင်ပြေသဖြင့် မိုဘိုင်းပညာရေးစနစ်ကို စတင်ဖြစ်ခဲ့လေသည်။ မြို့တွင်းကနေ (၁၄) ကီလိုမီတာ ခန့်ဝေးသည့် အဆိုပါ နေရာကို ကားဖြင့် နာရီဝက်နီးပါး သွားရလေသည်။ ကလေးတွေကလည်း အားတက်သရော ပညာသင်ယူလိုကြလေသည်။ နေထိုင်ရသည့် အလုပ်သမားကမ့်မှာ မိသားစု (၉၆) စုရှိသည်တဲ့၊ လမ်းမြေက ရွှံမြေ၊ တွင်းတွေ ချိုင့်တွေ များစွာရှိသည်။ လမ်းခင်းပေးမထားပါ၊ အိမ်ယာမဟုတ်သည့်အပြင် ခေတ္တနေဖို့ ပေးထားပြီး လုပ်ငန်းပြီးက ရွှေ့ရမှာမို့ အတည်တကျ သတ်မှတ်ထားတာမဟုတ်၍ဖြစ်သည်တဲ့။ ခေတ္တ နေဖို့ ထားသည့်နေရာမှာ ကိုယ့်မြန်မာပြည်သားတွေက ဟန်ကျပန်ကျ ရှေ့နောက်ပူပင်မှုမရှိပဲ နေနေကြတာ ဖြစ်သည်။ သွပ်ပြားစတြွေ့ဖင့် မိုးကာ ထားသည့် မြေစိုက် အခန်းကလေးတွေမှာနေကြသည်။ ဘုံ အိမ်သာ၊ ဘုံရေချိုးတဲ့နေရာ စသဖြင့် ရှိသည်။ အရွယ်ရောက်လာသည့် မိန်းကလေးတွေနေရာကနေ သူတို့ လုံခြုံမှု ရှိကြရဲ့လား တွေးနေမိသည်။ အဆိုပါအလုပ်သမားကမ့်ထဲကို ဝင်လိုက်သည်နှင့် မျက်နှာစာတန်းမှာ ဘုံဆိုင် ( အရက်ဆိုင်) ကို တန်းကနဲ မြင်ရသည်။ အလုပ်သမားတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ပြန်လာကြသည်နှင့် အရက်ဆိုင်ထိုင်ကြသည်။ အချို့က အလုပ်သမားတွေ တင်လာသည့် ကားပေါ်ကနေ ဆွဲချနေရပြီ။ အိမ်ပြန်ရောက်လို့ ရောက်မှန်းပင်မသိ၊ အလုပ်ခွင်မှာကတည်းက သောက်လာကြပြီ။ ပင်ပင်ပန်းပန်းလုပ်လို့ရသည့် ငွေတွေမှာ တန်ဘိုးတွေကမနဲ၊ သူတို့ ဒါတွေကို စဉ်းစားမိရဲ့လားမဆိုနိုင်၊ သူတို့ ပတ်ဝန်းကျင်ဘေးမှာ နံရံအမြင့်တွေ ကာရံထားသည့် ဗီလာ( အိမ်ယာ) တွေကို လက်ညှိုးထိုးပြပြီး ဒါတွေ သူတို့ဆောက်ခဲ့တာပေါ့ ဆိုကြသည်။ လှပပြီး တန်ဘိုးရှိသည့် အိမ်တွေကို ဆောက်လုပ်ပေးကြပြီး သူတို့ကတော့ ဗွက်တွေ ရွှံ့တွေထဲ လူဖြစ်ရုံနေနေကြရလေသည်။
တရက် စာသင်ဖို့ အသွား ကားရှင်းသဖြင့် နာရီဝက်ခန့် စောရောက်သွားသည်။ စာသင်ဖို့ လုပ်ပေးထားသည့် အဆောင်လေးက သုံးထပ်သားအဟောင်းတွေကို ကြမ်းခင်းလုပ်ထားပြီး တဖက်ပိတ် ဝါးထရံကာလေး ရှိသည်။ စာသင်ရတာ လေတဖြူးဖြူးတော့ ရသည်။ အဆိုပါ ပေါက်ပြဲ ယိုင်နဲ့နေသည့် ဇရပ်လိုအဆောင်မှာ ဘုရားကျောင်းဆောင်လေးနှင့် ဘုရားဆင်းတုတော် တဆူရှိသည်။ ဒီလိုမြင်ရပြန်တော့ မဆိုးပါဘူးလို့ ကောက်ချက်ချမိသည်။ အဆိုပါ စောရောက်သွားသည့်နေ့က အဲဒီအဆောင်ပေါ်မှာ လူစုလူဝေးကို လှမ်းတွေ့လိုက်သည်။ စနေနေ့ ဖြစ်၍ အလုပ်ပိတ်ရက်ဖြစ်ရာ အလုပ်သမားတွေ အစည်းဝေး ဒါမှမဟုတ် ဆွေးနွေးပွဲ တခုခု လုပ်နေသလား တွေးရင်း အဆောင်အထိ လျှောက်သွားမိသည်။ အမျိုးသမီး အမျိုးသား နှစ်ဆယ်ကျော်ခန့် ရှိသည်။ အားလုံး ခေါင်းတွေ လည်ပြန်ကြည့်ပြီး တိုးတိုး တိုးတိုး စကားတွေ ပြောနေတာ မြင်မှ သူတို့ ဝိုင်းနေသည့် မြင်ကွင်းကို သေချာတွေ့ရတော့သည်။ ဖဲဝိုင်း နှစ်ဝိုင်း၊ အမျိုးသားတွေရော အမျိုးသမီးတွေပါ ဖဲရိုက်နေကြတာဖြစ်သည်။ ဆရာမလာတာ မြင်တော့ ဖဲချပ်တွေ ကပျာကယာ ကောက်ယူပြီး အလျိုအလျို ထွက်သွားကြသည်။ အချို့လည်း အတူပါသည့် ကလေးတွေကို ငေါက်ငန်းရင်း အချို့က ဘတ်(၂၀)တန်ကလေးကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်လို့ မချင့်မရဲ ထွက်သွားကြလေသည်။
အဆောင်ပေါ် ကျန်ခဲ့သည့် ဆေးလိပ်တို ဆေးလိပ်ပြာ၊ အချိုရည်ဘူးခွံအချို့ မုန့်ထုတ်သည့် အိတ်အခွံတွေ ဟိုတစသည်တစ စတာတွေကို ကြည့်ရင်း ကိုယ့်လူမျိုးတွေ ဘယ်နေရာရောက်ရောက် ဘယ်နေရာ နေနေ နေချင်သလို နေကြတာ၊ စည်းလွတ်ဝါးလွတ် နေချင်တာ၊ ပရမ်းပတာ နေချင်ကြတာ စတာတွေ တောင်စဉ်ရေမရ တွေးနေမိသည်။ သူတို့မှာ မြန်မာပြည်ကနေ အခြေအနေအရပ်ရပ်ကြောင့် သူတပါး တိုင်းပြည် လာရောက် အလုပ်လုပ်နေကြသော်လည်း ကိုယ့်ဘဝကို ပြောင်းလဲအောင် တိုးတက်အောင် စိတ်ကူးမှ ရှိပါလေစ၊ ကိုယ့်အတွက်သာမက ကိုယ့်သားသမီးတွေ ရှေ့ရေး တွေးကြည့်ကြပါရဲ့လား ၊ သူတို့ ပြောနေကြတာ မြန်မာပြည်မှာ ဘာမှ မပြောင်းလဲသေးလို့ သူတို့လည်း ပြန်မရသေး ဆိုတာပင်၊ ပြောင်းလဲတယ်ဆိုတာ သူများက လာပြီး ပြောင်းလဲပေးရတာလို့ ထင်နေဟန်တူသည်။ ကိုယ်ကစလို့ ကိုယ့်မိသားစု အားလုံး ကောင်းသော အနေအထားတခုကို တဖြည်းဖြည်း ကျင့်ယူ ပြောင်းလဲပေးရမှာ၊ သူတို့ ဘဝတွေကို ကိုယ်တိုင် အရင်ဆုံး ပြောင်းလဲရမှာ မေ့နေကြဟန်တူသည်။ ဘဝပေးအခြေအနေအရ ဆင်းရဲကြပေမယ့် သန့်သန့်ရှင်းရှင်း စည်းကမ်းတကျ နေထိုင်တတ်တာကတော့ လူတဦးချင်း အမူအကျင့်နှင့်သာဆိုင်သည်။ ရသည့်လုပ်အားခကို ဖဲရိုက် အရက်သောက်ဖို့ သုံးလိုက်သည်ဆိုတာထက် ဖဲရိုက် အရက်သောက်သည့် အလုပ်ကို လွတ်လပ်၍ လွယ်လွယ်လုပ်နေကြသည့် ပုံစံမျိုးဖြစ်နေသည်။ လွတ်လွတ်လပ်လပ် နေထိုင်ရတာ ဒီမိုကရေစီအခွင့်အရေးမဟုတ်၊
" တကယ့် ဒီမိုကရေစီရဖို့ဆိုတာ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ စိတ်ဓာတ်တွေ မွေးမြူနိုင်မှရမှာ။ ဒီလိုမွေးမြူနိုင်မှ ကျွန်မတို့ရဲ့ ဒီမိုကရေစီကလည်း တည်တံ့ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ စိတ်ဓာတ်တွေကို ပြုပြင်ဖို့လိုပါတယ်။ အင်္ဂလိပ်လိုပြောရရင် mindset ပေါ့နော်။ ကိုယ့်ရဲ့ အတွေးအခေါ်၊ အမြင်၊ အနေအထား၊ ရပ်တည်မှုအားလုံးပေါ့။ ဒါတွေကို မပြုပြင်ဘဲနဲ့ ဒီမိုကရေစီကို နိုင်ငံအတွက် အကျိုးရှိအောင်လုပ်လို့ မရပါဘူး။ ဒီမိုကရေစီ ဆိုတာ အခွင့်အရေးတွေပါလာပါတယ်။ "
ဩဂုတ်လ (၁၁)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန့်ခွန်းပြောကြားသည့် စကားထဲက ဒီစကားစုလေးကို သေချာ ပြန်သတိရမိလေသည်။ အဲဒီနေ့ကပဲ အစီအစဉ်ကြေညာသူ အမျိုးသမီးက အတိုင်ပင်ခံပုဂိုလ်ကို အမှာစကားပြောပေးဖို့ ကြေညာပြီးတဲ့နောက် လက်ခုပ်တီးပြီး ကြိုဆိုဖို့ ပြောတာမှာ အတိုင်ပင်ခံပုဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမျိုး သူမကြိုက်တဲ့အကြောင်း စကားမပြောခင် ထည့်ပြောသွားလေသည်။ အဆိုပါ အမျိုးသမီးလေးမှာ ပတ်ဝန်းကျင်လေ့လာမှု အားနည်းတာပဲလား၊ ဒီလို ကိစ္စတွေဟာ ပြောင်းလဲပစ်ရမယ်ဆိုတာ မသိလေသလား၊ ဒီလို အကြောင်းအရာတွေကို နိုင်ငံတော်အဆင့် အခန်းအနားမှာပင် ပြောင်းလဲရမှန်းမသိကြသေးတာ တွေ့မြင်နေရလေသည်။
အကျင့်ပါနေသည့် မကောင်းသည့် အမူအကျင့်တွေကို တဖြည်းဖြည်း ပြောင်းပစ်နိုင်မှ တယောက်ချင်းကနေ တအိမ်ထောင်၊ တအိမ်ထောင်ကနေ တရပ်ကွက်၊ တရပ်ကွက်ကနေတမြို့ ၊ တနိုင်ငံ အဆင့်ဆင့် ကောင်းသောအနေအထားကို ရောက်မှာဖြစ်လေသည်။
" တချို့တွေက ဒီမိုကရေစီအခွင့်အရေးတွေကို အပြုသဘောဆောင်တဲ့ပုံစံ၊ အပေါင်းလက္ခဏာဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြပါတယ်။ တချို့တွေကတော့ ဒီလိုမဟုတ်ဘဲ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဏာ ဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ ဘယ်သူတွေက ဘယ်လို့သုံးစွဲနေတယ်ဆိုတာတော့ ပြည်သူပြည်သားတွေက သိမယ်လို့ ထင်ပါတယ်။ တချို့က နိုင်ငံမှာ ဒီမိုကရေစီ မရှိခဲ့တာ အင်မတန်ကြာခဲ့လို့ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေဟာ ဒီမိုကရေစီနိုင်ငံရေး နားမလည်ဘူးလို့ ထင်ကြပါတယ်။
ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ၊ အုပ်ချုပ်ရေးစနစ်အရ၊ နားမလည်တာရှိနိုင် ပါတယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေဟာ မှန်ကန်မှုနဲ့ မမှန်ကန်မှု ကိုတော့ ခွဲခြားပြီး မြင်တဲ့သူက များပါတယ်။ ဒါကြောင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဟာ မှန်ကန်တဲ့ ပုံစံနဲ့သွားနေသလား၊ မသွားဘူးလားဆိုတာ အသိဆုံးကတော့ ပြည်သူပြည်သားတွေပါပဲ။ မှန်ကန်တဲ့ပုံစံနဲ့ သွားရင်တောင်မှ အားလုံးဟာ ချက်ချင်း လက်ငင်း ကောင်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နေရာတိုင်းမှာလည်း အောင်မြင်မှု ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဖက်ဖက်က ကြိုးစားရ ပါတယ်။ တချို့ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမြင်တစ်ခုတည်းနဲ့ပဲ မြင်ပါတယ်။ တစ်ဖက်ကနေပဲ မြင်ပါတယ်" တဲ့
လူမှုကွန်ယက်တွေမှာ တနေ့တပုဒ် မကောင်းရေးပေး၊ ဆဲပေးလို့ အခကြေးငွေတွေ ရယူထားသလား ထင်ရအောင် ပုံမှန် မကောင်းထိုင်ပြောနေသည့် လူတန်းစားတွေ ရှိသည်။ ထိုအထဲမှာ အမတ်ဟောင်းတယောက်မှာ အဆိုးဆုံးဖြစ်သည်။ အပြုသဘောဆောင်သည့် လက္ခဏာ တစုံတရာမရှိပဲ မီးကုန်ယမ်းကုန် ဒီမိုကရေစီအခွင့်အရေးကို အနုတ်လက္ခဏာဆောင်တဲ့ဘက်က သုံးစွဲနေတာဖြစ်သည်။ သူလဲ အသိပညာရှိပေမယ့် လွတ်လပ်ခြင်းကို တလွဲသုံးတဲ့ ပညာရေနိမ့်ပါးတဲ့ အလုပ်သမားတွေနဲ့ အတူတူပင်၊ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ ကိုယ်ကစလို့ ခက်ခဲသည့် ဘဝအခြေအနေကနေ စားဖို့ နေဖို့ ရတဲ့အခိုက်အတန့် နောင်အနာဂတ်အတွက် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်အောင် လွတ်လပ်ခြင်းအရသာကို တန်ဘိုးရှိရှိ အသုံးချကြစေလိုပါသည်။ ဘယ်နေရာမှာပဲနေနေ ဘယ်ဆီကိုပဲရောက်ရောက် လွပ်လပ်ခြင်းကို စည်းမဲ့ကမ်းမဲ့ တလွဲ သုံးနေသ၍ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်လာမှမဟုတ်တာသေချာလေသည်။
ခိုင်ခိုင်စောလွင်

August 20, 2017

" အတိတ်ရဲ့ ဒါဏ်ရာတခု"၂၁ရက် ဩဂုတ်လ ၂၀၁၇ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ် ( ၃၂) မှ


ကိုယ်လက်တွေ နာကျင်ကိုက်ခဲပြီး ဖျားချင်ချင် ဖြစ်တာနဲ့ ပါရာစီတမောတလုံးသောက်ပြီး ဆေးရုံသွားပြလိုက်သည်။ ဆေးအရှိန်ကြောင့် အဖျားသွေးပျောက်သွားဟန်ထင့်၊ ဆရာဝန်နဲ့ တွေ့တဲ့အချိန်မှာ အဖျားမရှိတော့ပါ၊ ဆရာဝန်လည်း ချောင်းဆိုးသလား နှာစေးသလား မေးရိုးမေးစဉ် မေးခွန်းတွေ မေးပြီး ဆေးပေးလိုက်သည်။ ဆေးယူတဲ့အခန်းမှာ ဆေးသွားယူတော့ ဝန်ထမ်းဖြစ်သူ အမျိုးသမီးက ဆေးသောက်ရမည့် အညွှန်းစာရွက် ကပ်ထားတာ ပြရင်း နှုတ်ကလည်း ထပ်မံရှင်းပြသည်။ ပါရာစီတမော အလုံး(၂၀)ပါ တအိတ်၊ ချွဲပျော်ဆေး bisolvon (၁၅)လုံးပါ ပလတ်စတစ်ထုတ်တထုတ်၊ နှာစေးပျောက်ဆေး Maxiphed (၁၀)လုံးပါတအိတ်၊ ချောင်းဆိုးပျောက်ဆေး Dextrome( ၁၀)လုံးပါ တအိတ် စုစုပေါင်း ဆေးလေးမျိုး ပေးလိုက်သည်။ ငွေကြေး တပြားတချပ်မှ မပေးခဲ့ရပါ။ ထိုင်းအစိုးရက တယ်ဟုတ်ပါလား ၊ ဆေးဝါးကုသမှုစားရိတ် အလကားပေးနိုင်တယ်လို့ ယူဆက မမှန်ပါ၊ ထိုင်းနိုင်ငံသာမက ကမ္ဘာအဝှမ်း ချမ်းသာသည့် နိုင်ငံများ အပါအဝင် နိုင်ငံတိုင်းမှာ ဆေးဝါးကုသမှု စားရိတ်အတွက် ကျန်းမာရေးအာမခံ ဆိုတာ ပြည်သူတိုင်းက ကြိုတင်ပေးသွင်းထားရတာဖြစ်သည်။
ဆေးရံကနေ အိမ်ပြန်အရောက် စိတ်ပြေလက်ပျောက် ဖေ့စ်ဘွတ်ဝင်ကြည့်မိတဲ့အခါ လူအတော်များများ ပြောနေကြသည့် ခေါင်းစဉ်က ချပ်သင်း တဲ့၊ ဒါနဲ့ မနက်ကတော့ ဗီဒီယိုဖိုင်တခု တွေ့လိုက်မိပြီး မျက်နှာထားရိုးရိုးရှင်းရှင်း သိမ်သိမ်မွေ့မွေ့နဲ့ လူတယောက်က မတ်တတ်ရပ်အနေအထားနဲ့ရှိနေတာမှာ မျက်နှာချင်းဆိုင်က လူငယ်ကလေးတယောက်က နွဲ့နွဲ့လျလျ လျှာအပြားလိုက် သွားစေ့ပြီး ပြောတဲ့ လေသံနဲ့ လုပ်ပြောပြော နေတာမြင်ရလို့ စိတ်ပျက်စွာ မကြည့်ပဲ ကျော်သွားခဲ့သည့် ဗီဒီယိုဖိုင် ဖြစ်နေသည်။ အခုခေတ် ယောင်္ကျားလေး မိန်းကလေး အတော်များများ စကားပြောတာ မိန်းကလေးနဲ့ ယေင်္ကျားလေး ပြောပုံဆိုပုံ လေယူလေသိမ်း မကွာကြတာ သတိပြုမိသည်။ လူထုဒေါ်အမာ ရေးသည့် အမေ့ရှေးစကားထဲက စာတွေ သတိရမိလေသည်။ တချိန်ကတော့ ကြည်လင်ပြတ်သားသည့် ပြောဆို တင်ဆက်မှုမျိုးကို ရေဒီယို ရုပ်မြင်သံကြားတွေကနေ မှတ်သား အတုယူလို့ရသည်။ ယခုခေတ်ကတော့ အက်ဖ်အမ်မ် တွေမှာ ပြောနေကြတာ ယေင်္ကျားမိန်းမ ချွဲပစ်နေကြသည့် လုပ်သံတွေ များလှရာ ခေတ်ကာလ လူငယ်အချို့ ဒီလိုပုံစံတွေ အတုခိုးပြောတာ မဆန်းလှလို့ ဆိုရမည်။
" ချပ်သင်း" တိုက်နယ်ဆေးရုံမှာ အဆိုပါလူငယ်ကလေးတွေ ဖွင့်ထားသည့် ပြင်ပစာသင်စောင်က ကျောင်းသူကလေးတွေ ဆေးခန်းလာပြရာက အဆင်မပြေဖြစ်တာတွေကို တိုက်နယ်ဆရာဝန်ထံ လာရောက်ပြောပြနေတဲ့ ဗီဒီယိုဖိုင် ဖြစ်သည်။ အဓိက ပြဿနာက ဆေးရုံမှာ ဆေးဝါးမလုံလောက်တာ၊ ဆေးရုံမှာ ဆေးမရှိပေမယ့် အပြင်မှာ ဝယ်လို့ရနေတာ၊ နောက်တခုက တိုက်နယ်ဆရာဝန်လေးရဲ့ ပြင်ပဆေးခန်းမှာ ကုသရင် တန်ရာတန်ကြေးကျသင့်စွာပေးနိုင်က ကုလို့ ရတာ ဒါတွေကို ပြောဆိုနေကြတာ ဖြစ်သည်။ ဗီဒီယိုဖိုင်ကိုကြည့်ပြီး စနစ်ဆိုးရဲ့ သားကောင်များ ဆိုသည့် စကားလုံးကိုသာ တွင်တွင်သတိရနေမိတော့သည်။ ဆေးရုံမှာ ဆေးဝါးမလုံလောက်တာ မြန်မာပြည် တနံတလျားရှိ ဆေးရုံတိုင်းလိုလိုပါ။ ချပ်သင်း တိုက်နယ် တခုထဲ မဟုတ်ပါ။ ရန်ကုန်မြို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတောင် ဆေးဝါးပြည့်စုံလာတယ်လို့ ပြောစမှတ်ပြုကြတာ တနှစ်ဝန်းကျင်သာ ရှိပေအုန်းမည်။ ကျန်းမာရေးအသုံးစားရိတ်က ၂၀၁၂ ခုနှစ် တုန်းက လူတဦးချင်း GDP ရဲ့ ၂ရာခိုင်နှုန်း သာ ရှိခဲ့သည်။ ဆေးရုံမှာ ဆေးဝါးမလုံလောက်တာတင်မက အရက်ပြန်က အစ ဝယ်ရတယ် ဆိုတာမျိုးက ဖြစ်နေတာ ဆယ်စုနှစ် သုံးစုပင်မကတော့၊ ဆေးရုံမှာ တာဝန်ကျသည့် ဝန်ထမ်းတွေမှာ သူတို့လုပ်အားကို မရှိမဲ့ရှိမဲ့ ဆေးဝါးများကို အသုံးပြုရင်း အစွမ်းကုန် ကုသပေးကြပါလိမ့်မည်။ ကိုယ်တိုင်လုပ်ပိုင်ခွင့်ရမည့် ကိုယ်ပိုင်ဆေးခန်းမှာဆိုက ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် လိုသည့်ဆေးတွေ ဝယ်ဖြည့် ကုသပေးက ဆေးရုံမှာ မရှိသည့်ဆေး မရသည့်ဆေးဖြင့် တတပ်တအား ကူညီ ကူသပေးရင်း ရပ်ရွာရဲ့ ကျန်းမာရေး ပြဿနာကို တဖက်တလမ်းက ဖြေရှင်းတာလည်း ရောက်သည်။ ဆေးရုံမှာ လာမကုနဲ့ ငါ့ဆေးခန်းလာလို့ ဘယ်ဆရာဝန်ကမှ ပြောမှမဟုတ်၊ သူတို့ သင်ယူခဲ့သည့် ဆေးပညာဘွဲ့ယူစဉ်ကတည်းက သူတို့ ကတိသစ္စာပြုပြီးသား။ ဆေးကူသသည့် ဆရာဝန်ဆိုတာ တော်ရုံ စိတ်ဖြင့် မလုပ်နိုင်၊
အဆိုပါ ဆရာဝန်မှာလည်း ဆေးရုံမှာ မဖြေရှင်းနိုင်သည့် ကုသမှုတွေကို သူ့ရဲ့ကိုယ်ပိုင်ဆေးခန်းမှာ ဖြေရှင်းပေးဟန်တူသည်။ စေတနာနှင့် အသပြာ တွဲမိတော့ အထင်လွဲစရာတွေ ဖြစ်ကြပြန်သည်။ ဆေးရုံမှာ ဆေးမရှိပဲ ဆေးခန်းကျ ဆေးရှိသည် ဖြစ်နေတာ၊ ဒါလည်း မြန်မာတနိုင်ငံလုံး ဒီလိုချည့်သာ။ ဆေးရုံတွေမှာ ဆေးမရှိပဲ ပြင်ပဆေးဆိုင်တွေမှာ ဆေးတွေတောင်ပုံယာပုံ ရှိနေသည်။ ငွေရှိက ဘာဆေးလိုချင်သလဲ နာမည်ပြော မရမရှိ။ ဒီလိုဖြစ်နေတာကိုက အလွဲတခု မဟုတ်ပါလား။ ဆေးကုသနေရသည့် စနစ်ကိုက အစိုးရဆေးရုံတွေကနေ ဝန်ဆောင်မှုရော ဆေးဝါးပါ အလကားပေးရသည့် စနစ်မျိုး ဖြစ်နေသည်။ ချမ်းသာသည့် တိုင်းပြည်များမှာပင် ဆေးရုံသွားပြ ဝန်ဆောင်မှုနှင့် ဆေးအလကားရတာ မရှိပါ။
ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက ကမ္ဘာ့အဆင့်မီရှိသည်။ မြန်မာလူမျိုးတွေသာမက အခြားတိုင်းပြည်အသီးသီးကပင် လာရောက် ဆေးကုသခံယူကြသည်။သို့ဖြစ်ရာ ထိုင်းပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုကဖြင့် အင်မတန်ပြည့်စုံမှု ရှိသည် ပြောရမည်။ ပြည်သူလူထုရဲ့ အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အကောင်အထည်ဖော်တာမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစီအစဉ်ကောင်းတွေ ချမှတ်လုပ်ဆောင်နိုင်ခဲ့တာလည်း တခုအပါအဝင်ပင်၊ " အစိုးရဝန်ထမ်း၊ ပုဂလိကဝန်ထမ်းနှင့် ထိုင်းအစိုးရက တရားဝင်ခွင့်ပြုထားသည့် အဖွဲ့အစည်းအသီးသီးမှာ အလုပ်လုပ်ကိုင်ကြသည့် ဝန်ထမ်းနှင့် အလုပ်သမားများမှာ လစာဝင်ငွေရဲ့ ငါးရာခိုင်နှုန်းကို ကျန်းမာရေးအာမခံအဖြစ် လစဉ်ပေးသွင်းရလေသည်။ ဘတ်(၇၅၀) ထက်မပိုသော ပေးသွင်းမှုဟုဆိုရာ လခများသူလည်း (၇၅၀) ထက်တော့ ပိုမသွင်းရဟုဆိုလိုသည်။ ထိုသို့ အာမခံပေးသွင်းထားသူမှာ မိမိအာမခံထားရှိရာ ဆေးရုံကို သွားပြပါက ဝန်ဆောင်မှုအပါအဝင် ဆေးဖိုးဝါးခ ပေးရန်မလိုချေ။ ဆေးရုံတက်ရတာမျိုးနှင့် ခွဲစိတ်ကုသတာမျိုးတွေမှာပါ ပေးရန်မလိုပေ။ အာမခံထားချင်သည့် ဆေးရုံမှာ အစိုးရဆေးရုံသာမက ပုဂ္ဂလိက ဆေးရုံတွေမှာပါ ထား၍ ရလေသည်။ ဆေးရုံလာသည့်အခါ အာမခံကဒ်ပြလိုက်ရုံသာ။
အစိုးရဝန်ထမ်းမဟုတ်သည့် အခြားထိုင်းပြည်သူများအတွက်ကတော့ ဘတ်(၃၀) ဆေးကုသမှုဆိုတာ ရှိသည်။ အဆိုပါအစီအစဉ်ကို စတင်ခဲ့တာ အနှစ်(၃၀) ရှိပြီဟု ဆိုလေသည်။ ဘတ်(၃၀)ဖြင့် ဆေးဝါးကုသမှု ခံယူနိုင်သည့် သူတွေထဲ မြန်မာအလုပ်သမားတွေပါ အခွင့်အရေးရရှိပါသည်။ ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာရေးစောင့်ရှောက်မှု မရရှိက ထိုင်းအစိုးရမှာပါ နစ်နာမှုတွေ ရှိသည်။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို တန်းတူပေးထားတာဖြစ်သည်။ ဘတ်(၃၀) ကဒ်ဖြင့်ပြက ဆေးရုံမှာ ဘတ်(၃၀)သာ ပေးသွင်းရတာဖြစ်သည်။ ဆေးဝါးကတော့ ဆေးရုံတိုင်းမှာ အပြည့်ရှိသည်။ ပြင်ပဆေးဆိုင်တွေမှာလည်း ဆေးတွေ ပေါပေါများများ ရှိသည်။ ဈေးနှုန်းလည်း ချိုသာသည်။ အကြောင်းက ဆေးဝါးအပေါ် ကောက်ခံသည့် အခွန်က မဖြစ်စလောက်သာ၊ အရက် ဆေးလိပ်အပေါ်ကောက်ခံသည့် အခွန်ကသာ အများဆုံးဖြစ်သည်။ ဒါ့အပြင် ထိုင်းပြည်တွင်းမှာပင် ဆေးဝါးမျိုးစုံ ထုတ်လုပ်နိုင်ရာ ပြည်ပမှဝယ်ယူရတာ အင်မတန်နည်းပါးသည့်အချက်က ဆေးဝါးလိုအပ်ချက် ပြည့်စုံနေမှုရဲ့ အဓိကအားသာချက်ဖြစ်သည်။
သာမန် ထိုင်းပြည်သူလည်းမဟုတ်၊ ထိုင်းအစိုးရဝန်ထမ်းလည်း မဟုတ်သည့် နိုင်ငံခြားသားများဆိုပါက ကျန်းမာရေး အာမခံ ဝယ်ယူခွင့်ရှိသည်။ ပုဂ္ဂလိက ကုမ္မဏီတွေမှာ ကျန်းမာရေးအာမခံ ထားရှိသူမှာ ဆေးရုံပြတာ ဆေးရုံတက်တာ ခွဲစိတ်တာ စသဖြင့် အဆင့်လိုက် ကျသင့်သလို အာမခံကုမ္မဏီက ပေးသွင်းပေးသည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံကို လူနာတယောက် ရောက်လာက ပထမဆုံးလုပ်ရာမှာက ကုသမှုလို့ ထိုင်းအစိုးရက ဆိုထားသည်။ ထိုင်းအစိုးရအဆက်ဆက် ပြောထုံးက ဆေးရုံကို လူနာရောက်လာခဲ့ရင် အဆိုပါလူနာမှာ ဘယ်သူလဲ ဘာတွေရှိလဲ ဆိုတာထက် အရင်ဆုံးကုသပေးလိုက်ပါတဲ့၊
အဆိုပါ စကားအမှန်ဆိုတာ မျက်မြင် ကြုံဖူးတာ နှစ်ခါရှိပါသည်။ ပထမတခါက ဆေးရုံမှာ စောင့်နေတုန်း အလုပ်သမားတယောက် လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပြီး သတိမေ့လျက် ရောက်လာသည်။ သူနာပြု ဆရာဝန်နှင့် အခြားကျန်းမာရေးဝန်ထမ်းတွေ အရေးပေါ်အခန်းဖွင့်ပြီး ချက်ခြင်းကုသပေးသည်။ ဆေးထုတ်သည့်အခန်းပြေးပြီး ဆေးသွားထုတ်သူက ထုတ်၊ ပြေးပြေးလအားလွှား ကုကြသည်။ ပြီးမှ ဝန်ထမ်းတယောက်က လူနာနှင့်အတူပါလာသည့် အဖော်ကို မှတ်ပုံတင်ဌာနကို သွားပြီးစာရင်းသွင်းခိုင်းသည်။ ဆရာဝန်နှင့် သူနာပြုများ အခန်းထဲကနေ လိုတာတောင်း ဆေးအပါအဝင် ပစ္စည်းကရိယာ အသင့် ၊ လူနာစိတ်ချရပြီဆိုမှ ဆရာဝန်က ထွက်လာကာ လုပ်ဆောင်ရမှာတွေကို လူနာရှင်ကိုပြော၊ ငွေစကားကို ဆရာဝန်ကပြောစရာမလို၊ ဒီလောက်ကုန်မယ် တတ်နိုင်လား၊ ဒီဆေးက ဈေးကြီးတယ် ဆေးရုံမှာမရှိဘူး ဘယ်ဆေးခန်းမှာသွားဝယ် ပြောစရာမလို၊ ပြောတောင်ပြောဖူးကြရဲ့လားမသိ။ ဆရာဝန်က ကုသရေးသက်သက်၊ သူကုဖို့ လိုအပ်တာ အသင့် ၊
နောက်တယောက်ကတော့ မြန်မာပြည်ကနေ ချင်းမိုင်ကို အလည်လာတဲ့ မိတ်ဆွေတယောက်၊ ဆိုင်ကယ်မှောက် သတိလစ်ပြီး ဆေးရုံရောက်တာ အရေးပေါ်ခန်းထဲထည့်ပြီး လိုအပ်တာအကုန်ကုသမှုပေးထားသည်။ အသက်ကို မရရအောင် ကယ်ထားသည်။ အသက်ရှုနေပေမယ့် သတိမရသေး၊ ဘယ်သူကမှ ငွေရေးကြေးရေး တပြားမှ မပေးရသေးပဲ လူ့အသက်ကို ကယ်ရမည်ဆိုသည့် စိတ်ဖြင့် ကုသမှုကို ဦးစားပေးထားတာဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ စာရေးတဲ့အခါ အချက်အလက် မှားမှာဆိုးတဲ့အတွက် ထိုင်းလူမျိုး ဆရာမကို သေချာ မေးမြန်းရသည်။ သူက ကျန်းမာရေးစောင့်ရှောက်မှုမှာ ထိုင်းက မြန်မာထက်အများကြီးသာပါတယ်လို့ ပြောတာကို မှန်ပါတယ်လို့ ပြောလိုက်ရတာပါပဲ၊ စိတ်ထဲကတော့ သူတို့ကံကောင်းလိုက်တာ၊ တို့လူမျိုးတွေ ဘာလို့ ဒီလို အခွင့်အရေးမရကြတာလဲ လို့ တွေးနေမိသည်။ ကိုယ်တိုင်ပင် ထိုင်းရောက်ကာစက ဘာအာမခံမှုမှ မရှိတာကနေ မြန်မာရွှေ့ပြောင်းကျောင်းမှာ ဆရာမဝင်လုပ်တဲ့အခါ ထိုင်းအစိုးရက ပေးသည့် ကျန်းမာရေးအာမခံကို ရရှိခံစားခွင့် ရလေသည်။ လစဉ်အာမခံကြေး ဘတ်(၇၅၀) ပေးသွင်းရသည်။ ထိုင်းဆရာမက ပြောတာက ကိုယ့်ရဲ့အာမခံကို ကိုယ်တိုင်မသုံးရလို့ ကျန်းမာရေးကောင်းလေလေ ကုသိုလ်ပိုရလေပေါ့တဲ့၊ ဘာလို့လည်း ဆိုတော့ ဒီငွေတွေနဲ့ ဝေမျှပြီး ကုသပေးနေတာမို့ တခြားကုသဖို့လိုတဲ့သူတွေကို ကျန်းမာရေးစားရိတ် share ပေးတဲ့သဘောပေါ့တဲ့၊ အစိုးရက ဒီလောက်လူအများကြီး အလကား ဘယ်တတ်နိုင်ပါ့မလဲတဲ့၊ ဒါအစိုးရက ဖော်ဆောင်ထားတဲ့ ဝေမျှစနစ်တခုပေါ့လို့ ဆိုသည်။
ထိုင်းကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိက ထားသည့် ဆရာဝန်တွေ ပြောသည့်စကားတခွန်းက " When most doctors see patients they don't see schemes...... they treat diseases. "
ဘယ်သူပဲဖြစ်ဖြစ် ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကို နောက်ဆံတင်းတင်း နဲ့ ပြည့်ပြည့်ဝဝ လုပ်ရက စိတ်အေးလက်အေး ရှိကြပေမည်။ မိမိအလုပ်ကို ကြောင့်ကျခပ်သိမ်းမရှိပဲ လုပ်နေရက လုပ်ငန်းခွင်ပျော်ရွှင်မှုရရှိမည်။ အဆိုးဆုံးဖြစ်သည့် ကိုယ့်အလုပ်ကို စော်ကားတာ ကိုယ့်ဋ္ဌာနကို စော်ကားတာမျိုးကို ဘာမှပြန်မပြောပဲ စိတ်လျှော့လက်လျှော့ ပြောချင်တိုင်းသာပြောကြပါလို့ လည်စင်းပေးနေရသည့် ဘဝတွေက လွတ်ချင်ကြသူချည့်သာ၊ အခုတော့ ငါဘယ်သူလဲ မင်းဘယ်သူလဲ ဆိုတာတွေကြားမှာ အပြစ်ရှိသူပမာ အပြုံးမပျက် ရပ်ပီး နားထောင်နေပေးရတဲ့ ဘဝတွေ ဘယ်လောက်တောင် ဘယ်အချိန်ထိ နေပေးနေကြရမှာပါလိမ့်။
ခိုင်ခိုင်စောလွင်