December 18, 2011

အဖြေရှာမရသည့်ပုစ္ဆာ


(၁)
ဖုန်းသံမြည်လာ၍ ကြည့်လိုက်ရာ နာမည်မပေါ်၊ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ ကျမ မသိသည့် နံပါတ်၊ကျမဖုန်းထူးရမလား ၊မထူးရင်ကောင်းမလား ချီတုံချတုံ ဖြစ်နေမိသည် ၊ဖုန်းမှားဝင်လာမှာစိုးရိမ်၍ မကိုင်လိုခြင်းဖြစ်သည်။ ဒီမှာဖုန်းမှားဝင်လာလျှင် တဘက်သူယောင်္ကျားလေးသည် ဒီဖက်က ဖြေသူသည်    မိန်းကလေးဖြစ်နေပါက မကြာမကြာ ထပ်မံဆက်နေခြင်းကို စိတ်ပျက်မိခြင်းပါ၊ အချိန်ကြည့်လိုက်တော့ နံနက်စောစောဖြစ်နေပြန်သည်၊ တစ်ခါတလေ သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းထဲပိုက်ဆံမဖြည့်ရသေးးလျှင် တခြားသူဖုန်း ငှားပီးဆက်တတ်ပြန်ရာ နားထောင်ဘို့ ဆုံးဖြတ်လိုက်မိသည်၊
“အမနေကောင်းလား” ဆိုသောအသံသည် နားစည်ထဲသို့ တုန်ခါပီးဝင်လာသည်၊ မိမိကျော်ပါလား၊ မကြားရတာ ကြာဘီဖြစ်သော ဒီအသံ၊ ဝမ်းသာစိတ်ကြောင့်လားမသိ သူ့အသံများ တုန်ခါနေသည်၊ ကျမထခုန်မိမတတ် ဝမ်းသာသွားသည်၊ ကျမတို့နှစ်ယောက် ဝမ်းသာအားရစကားတွေပြောကြသည်၊ မတွေ့ရတဲ့နှစ်တွေအတွင်း ကြုံတွေ့ခဲ့ရသည်များကို  အလုအယက်ပြောကြသည်၊ ယခုသူရောက်နေသည့်အရပ်တွင် အသီးအနှံများအလွန်ပေါသည့် အပြင် လတ်ဆတ်လှကြောင်း၊ လိုက်ချီးသီး ၊ကြက်မောက်သီးများတွေ့ရင် အသီးအနှံများကို ထမင်းလွတ်
စားတတ်သည့် ကျမကိုအရမ်းသတိရပါကြောင်း စုံနေအောင် ပြောပီးဖုန်းချသွားသည်။
မိမိကျော်…၊မိမိကျော်…..ကျမစိတ်ထဲမှာ သူ့နာမည်ကိုတီးတိုးရေရွတ်ရင်း၊ ရင်ထဲမှာအမည်မဖော်ပြနိုင်အောင်တင်းကျပ်နေမိသည်  ၊သူနှင့်လက်ပွန်တတီးနေခဲ့ရသည့်ကာလများ ၊သူ၏ရင်ဖွင့်သံများ၊ ဝမ်းနည်းစွာငိုရှိုက်နေပုံများ၊ ထိုမှတစ် ဖန်နာကြည်းစွာခံစားရပုံများတရေးရေးပေါ်လာသည်။
ကျမ၏စိတ်သည်မိမိကျော်ကြောင့်ဝမ်းနည်းခဲ့ရဖူးပါသညိ ၊သူနာကျည်းသလိုနာကျည်းခဲ့ရဖူးသည်၊ သူခံစားသလိုခံစားခဲ့ရပါသည်သို့သော်ာ်မိမိကျော်သည်ကျမနှင့်သွေးသားတစက်မှမတော်စပ်ပါ၊ ပြောရကြေးဆိုလျှင်အသက် အရွယ် ၊အခြေအနေခြင်းပင်မတူပါ၊ သို့သော် မိမိကျော်သည် အမျိုးသမီးတယောက်ဖြစ်သလို၊ ကျမသည်လည်း အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းက တူညီသောချစ်ခင်ရင်းနှီးမှုကိုဖြစ်စေခဲ့ပါသည်။
(၂)
               မိမိကျော်သည် အတန်းးပညာအနေနှင့်မူလတန်းအဆင့်သာတတ်မြာက်ခဲ့သည်ဟုပြောလျှင်ယုံနိုင်ဖွယ်မရှိပါ ။သူသည်ပါးနပ်သည်၊ သွက်လက်ချက်ချာသည် ၊ရုပ်ရည်အသင့်အတင့်ရှိသည်၊ အသားအရေကတော့မော်လမြိုင်သူပီပီလှပသည် ၊ကျမအဒေါ်၏အိမ်သို့ယခုမှရောက်ဖူးသော တစိမ်းတယောက်ဆိုလျှင် သူသည်ဒီအိမ်ကသမီးအငယ်(သို့မဟုတ်)တူမတစ်ယောက်ဟုထင်မြင်နိုင်သည ၊အိမ်မှုကိစ္စအောက်ခြေသိမ်းမှစ၍ ကျမအဒေါ်၏ဘဏ်ကိစ္စ ၊ဆိုင်၏စာရင်းဇယားများ၊ ဖောက်သည်ဆိုင်များ၏ပစ္စည်းအမှာစာရင်း ၊ဆိုင်မှပို့သည့်စာရင်း ၊ဘယ်ဆိုင်ကိုဘယ်နေ့အရောက်ပို့ရမည် ။စသည်စသည်အားလုံးသူ့လက်သူ့ခြေ၊ ဖုန်းလက်ခံစကားပြောပီး သူလက်ခံစရာရှိလက်ခံ ၊အန်တီမရှိသည့်အချိန်သူနှင့်ပင်ပီးသည် ၊အဒေါ်၏အားကိုးရသောသူတစ်ယောက်ပင်။
                     မိမိကျော်သည် ကျမအဒေါ်နှင့်သွေးသားတစက်မျှမတော်စပ်ယုံမက အိမ်တွင်အကူခေါ်ထား၍ အိမ်ဖော်ဟုပြောရန်လည်းအိမ်ဖော်မမည်၊ လစာလဲပေးရသည်မဟုတ်ပ ၊သူသည်အကောင်းမှကြိုကသည်။် အလှအပ အသုံးအဆောင်များက တံဆိပ်ကောင်းကောင်းသာသုံးသည်၊ အပြင်ထွက်လျှင် ကြော့နေအောင်ဝတ်တတ်စားတတ်သည်၊ ထို့ကြောင့်အဒေါ်ကအလှုပွဲလမ်းများတွင်သူ့ရဲ့လက်ကတုံးတောင်ဝှေးအတူသွားသည် ။အဒေါ်၏မိတ်ဆွေများက အိမ်လလျှင်မိမိကျော်ရောဟုအရင်မေးကြ သည်။
 မိမိကျော်အန်တီ့ထံရောက်လာပုံမှာ အဆန်းတော့မဟုတ် အန်တီ၏သူငယ်ချင်းဖြစ်သူအန်တီမော်သည် ခင်ပွန်းဖြစ်သူအလုပ်ကိစ္စအတွက် နိုင်ငံရပ်ခြားသို့သွားရောက်နေထိုင်ရာလိုက်ပါသွားခဲ့ရသည် ၊အန်တီ မော်၏ အိမ်တွင်မိမိကျော်သည် အိမ်ဖော်မမည်အိမ်သားမမည်နေခဲ့ရာမှ သူ၏လိမ္မာမှုကြောင့် အန်တီမော်သည် ချစ်ခင်လှစွာမွေးစားခဲ့သည့်အတွက်အန်တီမော်၏မွေးစားသမီးအဖြစ်နေခဲ့၇သည်၊အန်တီမော် ပြည်ပတွင်နေထိုင်စဉ် ကျမ၏အဒေါ် သူမ၏သူငယ်ချင်းထံသမီးတစ်ယောက်အဖြစ်အပ်နှံခဲ့ခြင်းဖြစ်သည် ၊တစ်ချိန်ကျလျှင် လှမ်းခေါ်မည်ဟုပြောပါသည်၊ လစဉ်မုန့်ဖိုးမှန်မှန်ပို့ပေးယုံမကအဝတ်အစား။အသုံးအ ဆောင်အစပို့ပေးသည် ၊ကျမအဒေါ်ကဘာမှပေးရန်မလိုပေ ၊သူ့မုန့်ဖိုးသူသုံးသည်၊ ကျမအဒေါ်ကို အမေတစ်ယောက်ကဲ့သို့ပြုစုသည် ၊အန်တီကလည်း သမီးအရင်းပမာ စောင့်ရှောက်သည် ဆုံးမသည်၊ တစ် ယောက်နှင့်တစ်ယောက် သံယောဇဉ်နှောင်ဖွဲ့မိကြသည်၊ အန်တီမော်လှမ်းခေါ်လျှင်ပင် မထည့်တော့ဟုရယ်သလိုမောသလိုပြောသည်။
                        ကျမသည် အဒေါ်နှင့် တစ်လမ်းထဲတွင်ပင်နေသည်၊ ကျွန်ဝယ်ရာအဆစ်ပါဆိုသလို ကျမအိမ်တွင်လိုအပ်သည်များရှိပါက မိမိကျော်ပါမနေရ ၊ကျမအပြင်သွား၍ ပြန်မရောက်နိုင်လျှင် ကလေးများကျောင်းကြိုပေးရသည်ကအစ အိမ်တွင်မီးဖိုပျက်၊ ဘုံဘိုင်ခေါင်းပျက်၍ပြင်ရသည်အဆုံး သူ့လက်သူ့ခြေပင်၊ ကျမအပြင်သွားချင်၍ အဖော်လိုက်ခဲ့ပေးပါဆိုလျှင်လည်ဲးမနှေး ၊ကြာတော့ကျမနှင့်လဲညီအမကဲ့သို့ သွားအတူလာအတူဖြစ်ရသည်၊ ၊ထိုအချိန်ထိ ကျမသည် မိမိကျော်နှင့်ပတ်သက်ပီး ပုစ္ဆာတစ်ပုဒ်ကိုအဖြေထုတ်ရမည်ဟုယောင်လို့ ပင်မတွေးမိ၊
(၃)
မိမိကျော်က ကိုလတ်နှင့်သူချစ်သူတွေဖြစ်နေဘီဟု ကျမကိုဖွင့်ပြောပြသောအခါ ကျမအထူးတလည်မအံ့ သြပါ၊ ကျမသည် ကလေးများကျောင်းသွားသည်နှင့် အိမ်မှုကိစ္စများလက်စသတ်ကာ အန်တီ့အိမ်တွင် သွားရောက်နေသည်ကများသည် ၊အန်တီသည် ဆိုင်အတွက်လိုအပ်သည်မျာကို ကားတစ်စီးနှင့် သွားလာနေရသည်ကတစ်ကြောင်း ၊သားတစ်ယောက်မှာ ကျန်းမာရေးမကောင်း၊ တစ်ယောက်မှာလည်းအဝေးမှ ပြန်ရောက်လာသည်မှာ မကြာလှသေးသည့်အတွက် ဆိုင်နှင့်ကျင့်သားမရသေးသည်က တစ်ကြောင်းတို့ကြောင့် အန်တီတစ်ယောက်ထဲအပြေးအလွှားလုပ်ကိုင်နေရတာ မကြည့်ရက်တဲ့အတွက်ကျမတတ်နိုင်သလောက် ကူပီးလုပ်ကိုင်ပေးရပါသည် ၊မိမိကျော်မီးဖိုချောင်ကိစ္စ ။လျှော်ဖွတ်မီးပူတိုက်အလုပ်များနေ လျှင် ကျမကရှေ့မှာဆိုင်စောင့်ပေးရပါသည်၊ ထိုအခါတွင်ကိုလတ်နှင့် မိမိကျော်တို့အခြေအနေကို မသိမသာ ရိပ်မိနေမိဘီ၊ ကိုလတ်က တခြားသူတော့မဟုတ်ပါ အန်တီ၏ သားအငယ်က မွေးသည့် မြေးဖြစ်သူကို စာလာပြပေးနေသူဖြစ်သည် ၊ရိုးသားသည်၊တည်ကြည်သည်၊ရုပ်ရည် ချောမော လှပ ခြင်းမရှိသော်လည်း ယောင်္ကျားပီသသည့် အရပ်အမောင်းနှင့့််ကြည့်ကောင်းသူတစ်ဦးပင်၊ကျမ၏မောင်အငယ်ဖြစ်သူ ကိုလင်းနှင့်ရော အဒေါ်၏သားအငယ်ကိုမိုးနှင့်ပါ ရင်းနှီးချစ်ခင်သည့်သူငယ်ချင်းပင်၊ အန်တီ့         အိမ်သို့ တံခါးမရှိဓါးမရှိဝင်ထွက်နေသူပင ။ ကိုလတ်၊ ကိုမိုး၊ ကိုလင်းတို့သည် မိမိ မိသားစုနှင့် အင်မတန်ဝေးကွာသည့်အရပ်ဒေသရှိ အခန်းကျဉ်းတစ်ခုတွင် အတူတစ်ကွနေထိုင်လျှက် မရှိအတူရှိ အတူမျှဝေစားသောက်ပီး နေခဲ့ကြဘူးသည်၊ သာမာန်သူငယ်ချင်းထက်ပို၍ချစ်ခင်ကြသည့် သွေးသောက်ညီအကိုများပင်၊ ဒါ့ကြောင့်မို့ကျမရိပ်စားမိသော်လည်း မသိယောင်ဆောင်နေခဲ့ခြင်းပင်၊ အန်တီလဲရိပ်မိမှာပင် ၊ကျမအဒေါ်သည် စီးပွားရေးသမားပီပီ အင်မတန်ပါးနပ်သည်၊ မသိမရှိသိမည်ပင်၊ တစ်ခါတစ်ရံ ကိုလတ်စာသင်ပီးသည်အထိိ မိမိကျော်ထွက်မလာနိုင်ဘဲမီးဖိုချောင်တွင်အလုပ်ရှုပ်နေလျှင် မိမိကျော်ရှိရာမီးဖိုချောင်သို့် ဝင်ရောက်ပီး စကားစမည်သွားပြောသည် ။ထိုအချိန်မျိုးတွင် ကိုလတ်၏မျက်ဝန်းတွင မိမိကျော်အ ပေါ်
ကြင်နာရိပ် ၊ဂရုဏာရိပ်များလွှမ်းနေသည်ကို တွေ့ရသည်၊ တခါတလေ ကိုလတ်အတွက် စားစရာတခုခုဧည့်ခံပီး လက်သုပ်ဖို့တစ်ရှုးကို တယုတယလှမ်းပေးသည့်အခါ ကိုလတ်မျက်နှာကြည်ကြည်နူးနူးနှင့်တွေ့ရပြန်သည်။
ကျမကိုအတိအလင်းဖွင့်ပြောပြသောအခါ ကျမစိုးရမ်သည့်အချက်ကိုတော့ အလေးအနက်ထားပီးသတိပေးရသည်။ ကိုလတ်သည်ရိုးသားတည်ကြည်သည်ကမှန်သည် သို့သော် ယောင်္ကျားလေးတစ်ယောက်နှင့်မိန်းကလေး
တစ်ယောက် ဆိတ်ကွယ်ရာတွင် အတူရှိမနေသင့်သည့်အတွက် အန်တီအပြင်သွားသည့်အချိန် ၊အိမ်မှာမည်သူမျှ
မရှိသည့်အချိန်ဆိုရင် အမကိုလာခေါ်ပါ ၊လာခေါ်ဖို့မလွယ်ရင် ဖုန်းဆက်ခေါ်ပါဟုပြောထားသည်။ ၊မိမိကျော်အိမ်
စောင့်နေရသည်ကများပီး လူမရှိသည့်အချိန်ကများ၍ ကျမစိတ်ပူမိခြင်းပါ ။ကိုလတ်ကိုမယုံ၍မဟုတ် ကျမကဲ့သို့မိမိကျော်သည်ကိုလတ်ကိုယုံကြည်ပါသည် ၊အလုံးစုံယုံကြည်ပါသည် ၊ကိုလတ်ကလည်းယုံကြည်ရသည့်လူတစ်ဦးပင။်
              ကြာတော့လည်း ကိုလတ်ရောက်လာ၍ မိမိကျော်နှင့်ကိုလတ်နှစ်ယောက်ထဲအတူရှိနေခြင်းသည် ကျမတို့အတွက်အဆန်းမဟုတ်တော့ပေ ၊တခါတရံပင်အန်တီအပြင်သွားကာနီး ကိုလတ်ရောက်လာလျှင်ပင်“အေးအေး….
အတော်ဘဲ  မိမိကျော်နဲ့အတူ ဆိုင်ဝိုင်းကြည့်ပါအုန်း ၊အန်တီအပြင်သွားစရာရှိလို့“ဆိုကာထွက်သွားသည်မှာ သမရိုးကျပင်ဖြစ်လို့နေပေဘီ။
         လောကကြီးသည် ဤသို့သမရိုးကျနေသားတကျမနေနိုင်ပါ ၊သူ့သဘာဝအရပြောင်းလဲခြင်းကို စတင်လေသည်၊
သို့သော် သူပြောင်းလဲခြင်းသည်အသိမပေး၊ ဘာသံမှမကြားရဘဲရုတ်တရက်ပြောင်းလဲခြင်းက ဆိုးလှသည်။
(၄)
ငိုရှိုက်သံများရောပြွမ်းလျှက်ဗလုံးဗထွေးပြောနေသည့် မိမိကျော်စကားသံများကို အဓိပါယ်လိုက်ကောက်ကြည့်တော့မှညကကိုလတ်မိန်းမခိုးသွားသည်ဟုအဖြေပေါ်
တော့သည် ၊ကိုလတ်မှာ မိမိကျော်အပြင် ကျမတို့မသိသည့့််ချစ်သူတစ်ယောက်ရှိနေတာလား ၊ကျမတို့တကယ်ပင်
ရိုးတိုးရိပ်တိတ်ပင်မသိခဲ့ပါ၊ မိမိကျော်အငိုစဲအောင်စောင့်ရသည်၊ ကိုလတ်တွင်ရီးစားမရှိပါတဲ့ ၊မနေ့နေ့ခင်းကပင်
ကျမနှင့်အန်တီ့အိမ်တွင်တွေ့သဖြင့်စကားပြောခဲ့သေးသည် ၊သူ့ကြည့်ရသည်မှာ မိန်းမတစ်ယောက်နှင့်လက်ထပ်
တော့မည်ဟု အရိပ်အယောင်မျှပင်မမြင်၊ ကျမတို့ကဘဲအလို့လားမသိ၊
“အဲဒီမိန်းမကမနေ့ကညဖက်ကျောင်းကအပြန်အိမ်မပြန်ရဲတော့လို့၊သွားစရာလဲမရှိဘူးတဲ့ ၊အဲဒါနဲ့ကိုလတ်က
သူငယ်ချင်းအိမ်ခေါ်သွားတာ ၊သူ့အိမ်က ကိုလတ်နဲ့အတူပါသွားတာ သိသွားတော့ ဒီနေ့မနက်ကိုလတ်အိမ်ကိုလာပီးပြောသွားတယ်တဲ့၊တစ်ညအတူတူရှိနေပီးဘီဆိုတော့ ၊လာအပ်ပါတဲ့၊ အဲဒါမအပ်ခင်ဒီနေ့နေ့လည်မှာ ရပ်ကွက်ရုံးမှာလက်မှတ်ထိုးကြတော့မယ် ၊ခုကိုမိုးလိုက်သွားဘီ“၊
“အဲဒီမိန်းမဆိုတာဘယ်သူလဲ“ ကျမလဲမျက်စေ့လည်၍ မေးစရာတွေတပုံတပင်ကြားမှ အရင်ဆုံးမေးခွန်းတခုလွှတ်ခနဲထွက်သွားသည်၊
“ကိုလတ်နဲ့အတူအဲဒီကျူရှင်မှာစာပြနေတဲ့ဆရာမလေ“
“အေးလေ ဟုတ်ပါဘီ..နာမည်ကရော“
“မသိဘူး“
“ဟင်“
“ကိုလတ်ကနာမည်တောင်မသိတဲ့မိန်းမကိုခိုးပြေးရလား..အံ့ပါရဲ့  ဒီလောက်အားနာစရာလား“
“မဟုတ်ဖူးလေအမရဲ့….ကိုလတ်ကတော့သိမှာပေါ့….မိကျော်မသိဘူးပြောတာ၊“
“အော်..ဆရာမဖြစ်ပီးခိုးရာလိုက်ရလား၊သူ့အိမ်ကလဲကိုယ့်သမီးဆရာမဖြစ်နေဘီ၊အိမ်ပြန်နောက်ကျရင်ရိုက်တာဘဲလား“
“ကိုလတ်ကိုအမိဖမ်းတာနေမှာပါ၊ကြည့်ပါလားလာအပ်ဖိုချည်းပြောနေတာ.ချက်ချင်းလက်မှတ်ထိုးဖို့လုပ်နေတာ
မိန်းမကအလည်နေမှာပေါ့..ဟီး…………….“
ကျမနှင့်မိမိကျော် မေးခွန်းများနှင့်လုံးလည်ခြာလည်လိုက်နေတုန်း အန်တီရောက်လာသဖြင့်တော်တော့သည်။
မိမိကျော်ငိုချင်သလောက်ငိုပစေလွှတ်ထားလိုက်ဆို၍ ကျမလဲဒီတိုင်းနေလိုက်သည် တော်တော်ကြာတော့အန်တီ့ကို
ထမင်းခူးကျွေးရအုန်းမည် ၊ဆိုင်တွင်လည်းလူမရှိဆိုကာပြန်သွားသည်၊
ညနေစောင်းတော့မှ သမီးတို့ကိုစာကျက်နေရစ်ဟုထားခဲ့ကာ အန်တီ့အိမ်ဖက်ထွက်လာခဲ့သည် ၊အမြဲတမ်းဧချမ်း၍
နေချင့်စဖွယ်အိမ်လေးသည် ပူပင်သောကရိပ်ကြောင့်မွန်းကျပ်သလိုဖြစ်နေသည်၊ အန်တီ့မျက်နှာတွင်လည်းမသိမသာပူပင်ရိပ်နှင့်အတူမခံချင်စိတ်ကလေးစွက်နေသည်၊
နောက်ဆုံးကောက်ချက်ချတော့ ကိုလတ်သည် ထိုဆရာမလေးအိမ်မပြန်ရဲသည်ကို ကူညီရာကမိန်မခိုးမှုမြောက်ကာ
ဂုဏ်သိက္ခာအရ မိန်းမတစ်ယောက်ကို လက်မှတ်ထိုးပီးတရားဝင်ယူလိုက်ရသည်ဟုဆိုရမည်ပင် ၊အန်တီနှင့်
ကျမသည် ကိုလတ်အပေါ်တွင် တူသားမောင်နှယ်ခင်မင်ရင်းစွဲရှိသည်ကတကြောင်း ၊မိမိကျော်အပေါ်တွင်လည်း ထိုနည်းတူထားရှိသည်ကတကြောင်းတို့ကြောင့် ဘာမှလဲလုပ်၍အကြောင်းမထူးတော့မည့်အတူတူကံကိုပဲပုံချ
ရင်းဖျောင်းဖျရပေသည်၊
             “ကိုလတ်ကရိုးသားတယ် ။သူတစ်ပါးကိုကူညီချင်တဲ့စိတ်အမြဲရှိတယ် ၊ဒါ့ကြောင့်ဒီလိုဖြစ်သွားတာနေမှာပေါ့ညီမရယ် ၊နောက်ပီး သူဟာခုချိန်မှာ အိမ်ထောင်သည်ဖြစ်သွားဘီဆိုတော့ ၊ကိုယ်ကတမ်းတပီးငိုနေလို့မသင့်တော်ပါဘူး
စိတ်ကိုဖြေပါဟု“တတွတ်တွတ်ပြောရသည်၊
“ကြာရင်အချိန်ကကုစားသွားမှာပါ၊ ခုလိုတငိုငိုတရီရီဆိုအန်တီတို့လဲအိမ်ရှေ့ပူအိမ်နောက်မချမ်းသာဖြစ်ရတယ်“
ကျမသည်ရီးစားပစ်၍ခံစားရသူများကို တွေ့ဖူးကြုံဖူးပေါင်းများလှသော်လည်း မိမိကျော်လောက် ဝမ်းနည်းပက်လက်ခံစားသည်ကို မတွေ့ဖူးပေ။ သူဝမ်းနည်းစွာရှိုက်ငိုလျှင် ကျမမှာဝမ်းနည်းစွာခံစားရသည် ။ကြာလျှင် အချိန်က စကားပြောလိမ့်မည် ၊အရာခပ်သိမ်းပီးသွားမှာဟ ယူဆခဲ့သောကျမသည်  ယခုမှပုစ္ဆာတစ်ပုဒ ကိုအဖြေထုတ်ရန်မေးခွန်းစ
ခြင်းဖြစ်မှန်းသိရတော့သည်။
(၅)
မိမိကျော်သည် ထမင်းလဲကောင်းကောင်းမစား ၊တွေတွေငေးငေးနှင့်သာနေသည်၊ အိမ်ရှိမိသားစုများစားရန်ချက်
ပြုတ်ပေးသည် ၊လျှော်ဖွတ်ပေးသည်။ သို့သော် စက်ရုပ်တစ်ရုပ် အလုပ်လုပ်နေသည်နှင့်တူနေသည်၊ အလှအပအလွန်ကြိုက်ပြီး
ကြော့မော့စွာနေတတ်သော မိမိကျော်သည် မိုးလင်းမိုးချုပ်မျက်နှာပြောင်နှင့် တွေးတောငေးမောနေတတ်သည်။ ၊သူမကြာခင်တရားစခန်းဝင်မည်ဟုအန်တီ့ထံတွင်ခွင့်တောင်းသည် ။အန်တီကလဲဝမ်းသာအားရခွင့်ပြုသည်၊ ခါတိုင်းဆိုလျှင် မိမိကျော်မရှိလျှင်မဖြစ်ဟု တားတတ်သောအန်တီသည် အထူးလိုက်လျောသည် ၊အန်တီစိတ်မကောင်းတော်တ်ာဖြစ်ယုံမက အခံရလည်းခက်နေပုံရသည် ၊ဘာဘဲပြောပြောမိမိကျော်သည် သူ့အုပ်ထိမ်းမှုအောက်တွင်ရှိသော ၊သူ့အရိပ်ကိုခိုနေရသောမိန်းကလေးတစ်ယောက်ပင် ၊မိမိကျော်အရမ်းခံစားနေရ၍ မီးလောင်ရာလေပင့်ဖြစ်
မည်စိုးကာ လူကြီးပီပီိဟန်လုပ်နေရခြင်းဖြစ်မည်ဟုကျမရိပ်မိသည်၊
“ကိုလတ်က အန်တီ့ကိုဘာမှမပြောရင်တောင် အန်တီ့်ကိုတော့ဖုန်းဆက်ပီး တောင်းပန်သင့်တယ်“ဟု
ကျမကိုမပြောသာပြောသာပြောသည်။
 တရက်တွင်တော့ “ ခိုင်ရေ မိမိကျော် အသဲကွဲမယ့်အစား အန်တီသာကွဲလိုက်ချင်တော့တာပါဘဲ ဟု”
ဆိုကာ အိမ်ရောက်လာသည်။
မည်သို့ဖြစ်သနည်းဆိုလျှင် ဟင်းချက်ရာတွင် ဆားမထဲ့မိ၍ တမျိုး ဟင်းချိုမှုန့်မထဲ့မိ၍ တဖုံ အရသာမရှိသောဟင်းကို
ကြိတ်မှိတ်စားရသည်။ အသုပ်သုပ်တော့လည်း ဆီချက်မထဲ့မိဘဲ ဘာလိုမှန်းမသိစားကြရသည်တဲ့ ၊တခါဆိုလျှင်
ဟင်းဆီသတ်ရန် ဒယ်အိုးထဲဆီထဲ့ရာ တစ်ပုလင်းလုံးကုန်မှရပ်တော့သည် ၊ပိုဆိုးသည်က ဒယ်အိုးထဲဆီထည့်ထားပြီး
ဆီဆူသည်ကိုဒီတိုင်းထားကာ တခြားတခုလုပ်နေသည်၊
“အမလေး..အိမ်တော့မီးလောင်တော့မှာဘဲ“အန်တီမြင်၍ တော်သေးသည်တဲ့၊ အန်တီသည်တနေ့တမျိုးမရိုးအောင် ခံနေရသော်လည်း သည်းခံရှာသည် ၊ကျမကိုခေါ်၍ မိမိကျော်နှင့်အတူအန်တီပါလမ်းလျှောက်ကြသည်၊
မိမိကျော်အစားကောင်းကောင်းမစားဟုဆိုကာ ဆိုင်တစ်ဆိုင်ဝင်ပီး အတင်းမှာကာ စားစေသည်၊
                   တစ်ရက်တွင်တော့ ကိုမိုးတစ်ယောက် ရှုးရှုးရှဲရှဲနှင့် အိမ်ရောက်လာသည် ၊ထမင်းကျက်ဘီလား
ပေးပါဟု လာတောင်းသည်။ ၊မိမိကျော်သည် ထမင်းအိုးတည်ပီး ခလုပ်မနှိပ်ထားသည့်အတွက် စားခါနီးဖွင့်ကြည့်တော့ ထမင်းမဖြစ် ဆန်သားပကတိ ။ကြာတော့ အန်တီသည်းခံနိုင်သလောက် ကိုမိုးကလူငယ်ပီပီသီးမခံနိုင်တော့ပေ။
၊ထိုမှသည် ကိုလတ်နှင့်တွေ့သောအခါ “မင်းလုပ်တာငါတို့လိမ့်နေအောင်ခံနေရဘီ““မင်းနဲ့မိမိကျော်ကြိုက်
နေရက်နဲ့ခုလိုတွေဖြစ်ကုန်လို့ငါတိုတစ်အိမ်လုံးအိမ်ရှေ့ပူအိမ်နောက်မချမ်းသာဖြစ်ရဘီ“ဟုပြောလေတော့သည်။
(၆)
ကျမသည် တသိမ့်သိမ့်ရှိုက်နေသော မိမိကျော်ကိုကြည့်ရင်း မောင်ငယ်တမျှခင်မင်ရသော ကိုလတ်ကိုအမုန်းကြီး
မုန်းမိသည်။ ၊နာကျည်းမိသည် ၊ကိုလတ်က ကိုမိုးကိုပြောလိုက်သည်တဲ့ ၊“သူမိမိကျော်ကိုချစ်တယ်လို့ဘယ်တုန်းကမှမပြောခဲ့ပါတဲ့““သူနဲ့မိမိကျော်ဟာချစ်သူရီးစားများမဟုတ်ပါတဲ့“
ကိုလတ်စကားကို  ကိုမိုးတစ်ယောက် အကြွင်းမဲ့ယုံကြည်သည်၊ ကိုလတ်လိုလူမျိုးသည် မဟုတ်တာမပြောပါတဲ့။
ကျမစိတ်တိုသည်ကိုပင် ကျမမောင်ကိုမိုးက  “အမ..ဘာသိလို့လဲ ဒါယောင်္ကျားချင်းယုံကြည်မှုဘဲ“ ပြော၍ကျမကလဲ  “အေး…အမတို့လည်းဒါမိန်းမချင်းယုံကြည်မှုဘဲ“ဟုအားကျမခံပြန်ပြောပီးမှ ဘာမှမဆိုင်ဟုရယ်ချင်နေမိပြန်သည်။
ဒီစကားတွေကိုတော့့ ရေနစ်သူဝါးကူထိုးဖြစ်မှာစိုး၍ ကျမနှင့်ကျမအဒေါ်တို့မတိုင်ပင်ဘဲ မိမိကျော်ကိုမပြောပဲမသိယောင်ဆောင်နေကြသည် ။သို့သော် မိမိကျော်က အချိန်နှင့်လိုက်ပီးမကုစားနိုင်ယုံမက သူ့အပူများကပိုဆိုးလာသည်၊ တစ်လခန့်အကြာတွင် ကိုလတ်တို့မင်္ဂလာဧည့်ခံပွဲလုပ်မည်ဟုကြားသောအခါအခြေအနေကပိုဆိုးလာသည်၊
ချက်ရေးပြုတ်ရေးပင်မလုပ်တော့၊ အန်တီကိုယ်တိုင်မီးဖိုချောင်ဝင်ရတော့သည်၊
ကိုလတ်သည် မင်္ဂလာဆောင်ကို ကျမအားမဖိတ်ပါ ၊ကျမနှင့်မိမိကျော်ရင်းနှီးသည်ကိုသိ၍ သူမျက်နှာပူသည်ထင့်၊ မေ့နေတာလား ၊ဒါတော့မဖြစ်နိုင် ၊သူသာမိမိကျော်နှင့်ချစ်သူမဖြစ်ခဲ့ဘူးဆိုလျှင်ဘာဖြစ်လို့ကျမကိုမျက်နှာပူ
ရမှာလဲ။ မင်္ဂလာဆောင်သွားဖို့ အန်တီကပြောလာသည့်အခါ “ခိုင့်အားမဖိတ်ပါ၊ ဒါပေမယ့်ကိုယ့်မောင်တစ်
ယောက်ရဲ့ မင်္ဂလာဆောင်ကို အမတစ်ယောက်အနေနဲ့ မဖိတ်လဲသွားရမှာပေါ့“ဟုပြောလိုက်သည်၊
နောက်တစ်နေ့တွင် ကိုမိုးမှတစ်ဆင့် ဖိတ်စာရောက်လာပါသည်၊ အန်တီသည် ကိုလတ်ကို သားအရင်းကဲ့သို့ ချစ်ခင်စိတ်ဖြင့်မင်္ဂလာကိစ္စများ ဝိုင်းဝန်းဆောင်ရွက်ပေးသော်လည်း သူ့အိမ်သို့ကိုလတ်မိန်းမခေါ်လာခြင်းကိုလက်မခံဟုအတိအလင်းပြောသည်၊ ကိုမိုးကတော့သွေးသာက်ညီအကို၏ မင်္ဂလာဆောင်မို့ တက်ကြွလှုပ်ရှားနေတော့သည်၊ သို့ဖြင့်မိမိကျော်သည် ကိုမိုးကိုတချိန်လုံးဆူပူစောင်းမြောင်းတော့သည်၊ ကိုယ့်ညီမကိုသစ္စာမရှိသည့်သူကိုအားတက်သရောကူညီရပါမည်လားဟု အပစ်တင်သည် ၊ကြာတော့ကိုမိုးနှင့်မိမိကျော်မသင့်မြတ်ကြတော့။
ကျမသည်ယောင်္ကျားတွေရဲ့အချစ်ကိုအံ့သြရသည်။ ရုတ်တရက်တာဝန်ယူပီး လက်ထပ်လိုက်လိုက်ရသည့်
အတွက် ဝတ်ကျေတန်းကျေပုံစံမျိုးတွေ့ရမည်လားဟုထင်ထားသည်က တက်တက်စင်လွဲချေပြီ။ သူတို့သမီးရဲ့
လက်ကလေးကို တယုတယတွဲလျက် ဧည့်သည်များကို နှုတ်ဆက်သည်၊ ပြုံးရွှင်သောမျက်နှာဖြင့်သူတို့သမီး၏
မျက်နှာလေးကိုအရိပ်တကြည့်ကြည့်၊သူတို့သမီးသည်အသားညိုညိုစိမ့်စိမ့်နှင့်ချစ်စရာလေးပင် မိုးချုပ်လျှင်
အိမ်မပြန်ရဲလောက်အောင်စိတ်အားငယ်တတ်သည့်ပုံစံမျိုးတော့မဟုတ်။ ခေတ်လူငယ်တို့ပုံစံအတိုင်း ခပ်ထက်ထက်၊်ခပ်သွက်သွက်ပင်၊ ၊ကိုလတ်တိုက်ပုံမှမသိမသာစောင်းနေသည့်ပန်းခက်ကလေးကို ခြေဖျားလေးထောက်၍
ပြန်ညှပ်ပေးနေပီး ကိုလတ်ကကြည်နူးစွာ ခေါင်းလေးငုံ့ပီးလက်ခံနေပုံကကြည်နူးစရာပင်၊ ၊ဗြုန်းကနဲမိမိကျော်ကိုသတိရလိုက်သည်ကအခါတွင်တော့အတွေးများချာချာလည်ရပြန်သည်။ ဒီတစ်လအတွင်း ကောင်မလေးကို ချစ်သွားတာဘဲလား ၊ဒါလဲဖြစ်နိုင်တာဘဲ ၊ဒါဖြင့်နဂိုထဲကချစ်နေကြတာလား။ မိမိကျော်နှင့်အန်တီတို့မိသားစု စိတ်ဆိုးမည်စိုး၍ ညာပြောတာလား၊ ကျမသည် ပုစ္ဆာတစ်ပုဒ်အဖြေထုတ်သလို ဟိုလိုဖြစ်နိုင်သည်။ ဒီလိုဖြစ်နိုင်သည်ဟု တွေးနေတော့သည် ၊မိမိကျော်နဲ့ချစ်သူတွေမဖြစ်ခဲ့ကြပါဘူးဆိုတာ တကယ်ဘဲလား ၊ဒါဆိုမိမိကျော်က မဟုတ်ဘဲနဲ့ဘာလို့
ပြောရတာလဲ၊ ဘာလို့ ဒီလောက်တောင်ခံစားနေရတာလဲ ၊မိမိကျော်သည် အရှက်နဲသည့်မိန်းကလေးမျိုးလဲမဟုတ်၊
ကိုလတ်အမနှင့်မိမိကျော်ဖုန်းပြောစဉ်ကပင်အမမောင် မိကျော်ကိုရက်စက်သည်ဟုပြောသေးသည်၊ မိမိကျော်သည်လောက်
အရှက်မနဲပါ။
“ခိုင်…စားလေ“ဟုအန်တီပြောမှ ကျမလဲအစားစားဖို့သတိဝင်လာသည် ၊ပီးတော့မှအန်တီ့ကိုသတိထားမိတာ
တစ်ခုပြောရသည် “အန်တီရေ…သမီးတို့ကိုလာလဲနှုတ်မဆက်ဘူး“ဆိုတော့အန်တီက“အိုအေ….ဒီလူတွေက
လာနှုတ်ဆက်စရာလား“ဟုပြောရင်းရယ်နေသည်၊ အန်တီနှင့်ကျမမှာ ထူးခြားစွာတူညီနေသည့်အချက်မှာ အ
ရယ်သန်ခြင်းပင်၊ စိတ်ဆိုးစရာရှိလျှင် ထိုစိတ်ဆိုးစရာဖြစ်ရသည့်အဖြစ်ကိုပင် ပြောရင်းရယ် ။ရယ်ရင်းပြောသည်။
မင်္ဂလာဆောင်မှအပြန်တွင်တော့အန်တီက“ကဲပီးဘီ၊မိမိကျော်ကိုလဲပြောရမည်၊ ဘာတွေဖြစ်ဖြစ်ပီးဘီ၊မပီးလို့မရ“
ဟုပြောသည်။
(၇)
အားလုံးပီးဘီဟုပြောခဲ့သောအန်တီသည် ခိုင်ရေ..အိမ်ဖက်ခဏလာပါအုန်းခေါ်ပီးမိမိကျော်ကိုနှစ်သိမ့်ဖို့ပြောလာပါသည်၊ြ ဖစ်ပုံက မိမိကျော်သည်ဖြစ်ပျက်ခဲ့သည်ကိစ္စများအတွက် ကိုလတ်က သူ့ကိုတလုံးတပါဒမျှပြောခြင်းမရှိသည့်အတွက် ကိုလတ်ကိုနာကျည်းမိသည်။ မုန်းတီးမေ့ပစ်လိုက်တော့မည်။ ၊ဒါပေမယ့်သူနှင့်ချစ်သူဖြစ်စဉ်က သူ့ထံမှချေးငှားထားသောငွေကြေးကို ပြန်တောင်းထားသည်တဲ့ ၊ထိုငွေများကိုဆိုင်တစ်ဆိုင်သို့ ကိုလတ်ကလာပေးမည်၊ မိမိကျော်ကသွားယူမည်တဲ့ ၊အန်တီက သူတို့နှစ်ယောက်ကို မဆုံတွေ့စေချင်တော့ပေ၊ မဖြစ်သင့်တာတွေဖြစ်မှာစိုးသည် ။သို့ဖြင့်ကိုမိုးကိုသွားယူခိုင်းသောအခါ မိမိကျော်သည် သွားမတွေ့ရ၍ဆိုကာ မျက်ရည်ကျပြန်သည်တဲ့၊ အန်တီသည်ပူလောင်လှချည်ရဲ့မိမိကျော်ဟု
မြည်တွန်သည်။
သူချေးငှားထားသောငွေသည်ထောင်ဂဏန်းသောင်းဂဏန်းမက ၊ဒါဆိုကိုလတ်သည်ပိုင်းလုံးလား။ ဒီလိုတွေးလိုက်မိတော့စိတ်ကမကောင်း။ ကိုလတ်တို့သည် ကိုယ်ကျိုးစွန့်၍တိုင်းပြည်အတွက်အနစ်နာခံ ၊ထောင်ပင်အကျခံ
သည့်လူစားမျိုး။ ထိုရက်ပိုင်းအတွင်း မိမိကျော်သည် ကျမ၏အိမ်တွင်အနေများလာသည်။ မီးခြစ်ဆံဗူးသာသာ
ငါးသေတ္တာပုံတိုက်ခန်းကျဉ်းကျဉ်းတွင် ကျမ၏သမီးများသည် မပြောလဲသိပြောလဲသိ၊ မမြင်မနေရကြားရင်းက
ကိုလတ်အပေါ်တွင်မုန်းတီးကြလေသည်၊မိမိကျော်ကိုဂရုဏာသက်ကြလေသည်၊
“ကိုလတ်ကတော့အဲဒီကထဲကပြောရှာပါတယ်။ ကိုလတ်ကလေ မိကျော်နှဖူးလေးကိုနမ်းပီး မိကျော်ကိုယ့်ကို
ယူရင်ဆင်းရဲလိမ့်မယ် မိကျော်ခုနေတဲ့အဆင့်မျိုး ၊မိကျော်ခုသုံးနေရတာမျိုးတွေ ကိုယ်ကဝယ်ပေးနိုင်မှာမဟုတ်ဘူး၊ လို့ပြောတယ်၊ မိကျော်သိပါတယ်အမရယ် ဒါပေမယ့်မိကျော်..ကိုလတ်ကိုအရမ်းချစ်တယ် ၊မိကျော်လေ နိုင်ငံ
ခြားက မွေးစားအမေဆီလိုက်သွားဖို့စဉ်းစားပါသေးတယ်၊ ဒါပေမယ့် မိကျော်သူ့ကိုမခွဲနိုင်ဘူးလေ“
မိမိကျော်က ခုလိုပြောလေ ကိုလတ်က မိမိကျော်နဲ့မချစ်ခဲ့ပါ၊ သမီးရီးစားမဖြစ်ခဲ့ပါဆိုတဲ့စကားတွေက တဝဲလည်လည် ပေါ်လို့လာပြန်သည်၊ ကျမလဲမြန်မြန်အေးပီးတာဘဲသဘောထားကာ “ညီမရယ် ကိုလတ်ကညီမကိုချစ်ပါတယ်လို့ပါးစပ်ကဖွင့်ပြောခဲ့တာလား ၊စာနဲ့ရေးပီးပြောတာလား“လို့မေးလိုက်မိပါတော့တယ်၊
“အမရယ်…သူညီမအပေါ်ဆက်ဆံတာ၊ဂရုစိုက်တာ၊သူ့ရဲ့အကြည့်သူ့ရဲ့အကြင်နာတွေကိုညီမနားလည်တာပေါ့“
ဟုပြောလာသည်၊ လယ်ပြင်မှာဆင်သွားသလိုထင်ရှားလေပြီ။ အချစ်ဆိုတာကိုဖွင့်မပြောဘဲ။ မျက်လုံးချင်း၊
အကြည့်ချင်းယုံကြည်ရာကစခဲ့ခြင်းဖြစ်မည်။ မိမိကျော်က ချစ်ခင်မြတ်နိုးစွာဆင်ပေးဝယ်ပေးသည့်အဝတ်အစားများကိုလက်ခံသည်။ မိမိကျော်ထံလာလျှင်ဝတ်လာခဲ့ပါဆိုတော့ဝတ်လာခဲ့သည်၊ မိမိကျော်က ကိုယ်နဲ့လိုက်တယ်
ပြောသောအခါ ကျေနပ်ကြောင်းပြသည် ။ကိုလတ်ဖက်ကပြောလျင်လဲမမှားပါ၊ သူသည် မိမိကျော်ကိုချစ်သည်ဟု
နှုတ်မှဖွင့်မပြောခဲ့ပါ၊ သို့သော် အမူအယာဖြင့်ပြခဲ့ပေလိမ့်မည်။ သူငြင်းနိုင်ပါသည်၊ သူသည် မိမိကျော်ကိုချစ်သည်ဟု မပြောခဲ့ပါ။ သို့သော် ဘာလို့ချစ်ကြောင်းအမူအယာနဲ့ပြခဲ့ပါသလဲ။ နှစ်ဦးစလုံးစိတ်ချင်းသိခဲ့ကြပီးလက်ခံခဲ့ကြသည်၊ သို့သော်နှုတ်မှတရားဝင်မဟုတ်သည့်အတွက်ယောင်္ကျားသားဖြစ်သူသည်ရုန်းထွက်ခဲ့ချေပြီ။ မိန်းမသား
ဖြစ်သူသည် အခံရခက်စွာ ပူဆွေးဝမ်းနည်းရချေဘီ၊ မိမိကျော်နောက်ပိုင်းသိလာရသည်က ထိုမိန်းကလေးသည်
ကိုလတ်၏ ရီးစားဟောင်းဖြစ်နေခြင်းပင် ထို့ကြောင့်မိမိကျော်နာကျည်းသည်၊ သို့သော်မုန်း၍မရ။ မိမိကျော်တရား
စခန်းဝင်သည်၊ မိမိကျော်တော့မသိ။ အန်တီနှင့်ကျမတို့အပူလျော့၍ြှုငိမ်းချမ်းကြလေသည်။
                   ကျမသည် ကျမနေထိုင်ရာအရပ်ဒေသမှ ခင်ပွန်းဖြစ်သူရှိရာအရပ်သို့ ပြောင်းရွှေ့ရတော့မည်။
အန်တီ့ကိုနှုတ်ဆက်ရင်း မိမိကျော်ကိုလည်း အားပေးရသည် ၊သူလည်းသူ့မွေးစားအမေထံသွားရန် ဆုံးဖြတ်ထားသည်ဟု ပြောသည် ။အန်တီ့ကိုကူချင်ပေမယ့်ဒီပတ်ဝန်းကျင်တွင်သူမနေလိုတော့ပါ ၊သို့နှင့်မတွေ့ရတာနှစ်အတန်ကြာသွားခဲ့ကြသည်၊ ကိုလတ်နှင့်မိမိကျော်ချစ်သူရီးစားများဖြစ်သည်မဖြစ်သည်တို့သည်ကြာခဲ့လေဘီ၊
ကိုလတ်လဲခုချိန်ဆိုသားသမီးတွေတောင်ရနေလောက်ဘီ၊ ကျမသည် ထိုပုစ္ဆာကိုအဖြေမထုတ်ပဲမေ့ထားခဲ့တာ
ကြာလေပြီ။ မိမိကျော်ဖုန်းဆက်လာသည်ဆိုတော့ ကျမရဲ့သမီးကြီးက“မေမေ…မမမိကျော်နဲ့ဦးကိုလတ်က
တကယ်သမီးရီးစားတွေဖြစ်ခဲ့တာလား ၊အဲဒီတုန်းက မမမိကျော်သနားပါတယ်နော်“ဟုသတိတရပြောလာပါ
သည်။ ပီးတော့ဆက်ပြောသည်.၊ “ဦးကိုလတ်လိုတည်ကြည်ပါတယ်ဆိုတဲ့သူတောင် သစ္စာမရှိတာ၊ ယောင်္ကျားတွေကမကောင်းဘူးနော်“ဟုပြောလေရာ ကျမလဲ “ဒါတွေကသူတို့ကာယကံရှင်တွေသူတို့ဖာသာသူတို့သိလိမ့်
မယ်၊ မေမေကဘယ်လိုသိနိုင်မလဲ၊ သမီးတို့လဲသေချာမသိဘဲပြောမနေနဲ့တော့“ဟု ပိတ်လိုက်ရသည်။
သမီးအငယ်က သီချင်းတစ်ပုဒ်ကိုထဆိုသည်၊
♫♫အချစ်ဆိုသည်မှာ….ကြည်နူးကြတဲ့အခိုက် လမင်းတစ်ရာ အချစ်ဆိုသည်မှာ ………..၀မ်းနည်းတဲ့အခါ နေမင်းကုကေဋာ..... အချစ်ဆိုသည်မှာ............တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ပြသာနာ အချစ်ဟာ အဖြေရှာမရတဲ့ပုစ္ဆာ ငါကိုယ်တိုင် အချစ်ဟာဘာလည်းမသိတော့ပါ..........♫♫
အမှန်ကတော့ပေးချက်မပြည့်စုံလျှင် ဘယ်ပုစ္ဆာမှမှန်ကန်သည့်အဖြေမထုတ်နိုင်ပါ။ ပုစ္ဆာမှန်လျှင်အဖြေရှိပါသည်၊အဖြေမထုတ်နိုင်တာကတော့
ပေးထားချက်ကပဲမှားနေတာလား၊ မပြည်စုံတာလား၊ တစ်ခုခုတော့လွဲနေသည်ပင်။ ကျမတို့ဘဝတွင်မပြည့်စုံသည့်ပေးထားချက်များနှင့်ပုစ္ဆာများစွာကိုမရရအောင် ဖြေရှင်းခဲ့ကြရဖူးသည်၊ ရွေးချယ်စရာပုစ္ဆာများရှိလျှင်တော့
ကျော်လွှားနိုင်ပီး မရွေးနိုင်တော့လည်း ကြက်ခြေခတ်လိုက်ယုံပင်၊ ဒါပေသည့်လူ့သဘာဝအရပေးထားချက်ပြည့်
ပြည့်စုံစုံလေးကိုအဖြေအတိအကျလေးထုတ်ပီး ကျေနပ်နေချင်သေးသည်။
   
                                                                         ခိုင်ခိုင်စောလွင်
                                                                         ၂၇.၇.၂၀၁၁
                                                                          ၁၁း၄၉ နာရီ                

No comments:

Post a Comment