(၁)
ယခု မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ် အဖက်ဖက်မှ ချွတ်ခြုံကျနေသည်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ခြင်း မရှိ၊ ပညာရေးစနစ် ခေတ်နောက်ကျလျှက် ရှိချေပြီ၊ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်
လိုအပ်နေချေပြီဟု ပြောကြဆိုကြသံများ ညံနေပါသည်။
ပြောင်းလဲမှုလုပ်ရန် တာဝန်အကြီးဆုံးနှင့် မကြာခဏပြောင်းလဲရန် မသင့်တော်သည့်စနစ်မှာ ပညာရေးစနစ်ပင်။ သို့သော် ပညာရေးကို ချိုးနှိမ်၊ ပညာတတ်များကို အလေးမထား ပညာရှင်များကို အသိအမှတ်မပြုခဲ့သည့် စစ်အာဏာရှင် အစိုးရလက်အောက်တွင် ပညာရေးစနစ်သည် နှစ်ပေါင်းများစွာ နောက်ကျနေသည်ကတော့ အသေအချာပင်။ မြန်မာပြည်၏ နိမ့်ကျနေသော ပညာရေးစနစ်အပေါ် ပညာရှင်များ စိုးရိမ်မကင်း ဖြစ်နေကြရသည်က ဧကန်မလွဲပင်။
"ပညာရေးစနစ်ဆိုတာ ခဏခဏ ပြင်လို့ကောင်းတာမဟုတ်ပါဘူး၊ မြန်မာ့ပညာရေးစနစ်ကတော့ အကြီးအကျယ် ပြောင်းလဲဖို့လိုတာ သေချာပါတယ်။ ပညာရေးစနစ်ကြီးတစ်ခုလုံး ပြောင်းတယ်ဆိုတာ လွယ်တာမဟုတ်ပါဘူး၊ သတိကြီးစွာနဲ့စေ့စပ်သေချာပြီး အပြန်အလှန်ဆွေးနွေးနှီးနှော အကြံဥာဏ်တွေ ဖလှယ်ပြုလုပ်ရမှာပါ။
အစီအစဉ်ဆွဲတဲ့အခါမှာ အတတ်နိုင်ဆုံး အမှားမပါအောင် လုပ်ရမှာပါ၊ အမှားပါသွားလျှင် တိုင်းပြည်လူငယ်တွေရဲ့ အနာဂတ် ဆုံးရှုံးမှုက တိုင်းတာလို့ခက်တဲ့ ပမာဏမှာ ရှိပါလိမ့်မယ်" စသဖြင့် စိုးရိမ်မကင်းစွာ ရေးသားထားသည့် ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ ပညာရေးဆောင်းပါးကို ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ်(၅၂) မှာ ဖတ်ရှုရပါသည်။
စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးခင်ညွန့် မြန်မာနိုင်ငံပညာရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်နေခဲ့သည့်ကာလ တစ်လျှောက် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့ ဟူသော ဆောင်ပုဒ်ဖြင့် ပညာရေးစနစ်ကို ပြောင်းလဲရင်း စမ်းသပ်နေသော ကာလဖြစ်ခဲ့ရသည်။ ကျောင်းသား ကျောင်းသူများမှာ အစမ်းသပ်ခံများဖြစ်ခဲ့ရသည်။
သိပ္ပံနှင့် ဝိဇ္ဇာကို တော်ကြာခွဲလိုက် တော်ကြာပေါင်းလိုက် တွဲရေးခွဲရေးပြဿနာနှင့် လုံးလည်ချာလည် လိုက်နေကြရသည်။ စစ်အစိုးရအုပ်ချုပ်နေစဉ်ကာလအတွင်း သိပ္ပံဘာသာရပ်နှင့် ဝိဇ္ဇာဘာသာရပ်တို့သည် မကြာခဏ ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ဖြစ်ခဲ့ကြရလေသည်။
(၂)
ဆရာမတစ်ယောက်က မေးဖူးပါသည်၊ "ဗိုလ်ချုပ်ခင်ညွန့်က တောသားလား"တဲ့၊
ကျမက "ရန်ကုန်၊ ကျောက်တန်းသားပဲ၊ ကျောက်တန်းဇာတိပါ ဆိုတော.့" အော်... ကျောက်တန်းလဲ တောပေါ့ တဲ့" "ဘာလို့လဲ" ဟု ကျမကမေးရာ "တောသားတွေက အကတွေ၊ ပြဇာတ်တွေ၊ အတီးအမှုတ်တွေ အင်မတန်ကြိုက်တယ်လေ" ဟု ပြန်ဖြေရာ ကျမတို့ မှာရယ်မောကြရပေသည်။
ဗိုလ်ချုပ်ခင်ညွန့် ဘယ်အရပ်ရောက်ရောက် အကအဖွဲ့ အတီးအမှုတ်အဖွဲ့များက စောင့်ကြိုကြရသည်။ ထိုစဉ်က တစ်နိုင်ငံလုံးအနှံ့ ကျောင်းများ ဌာနဆိုင်ရာများကို လှည့်ပတ်သွားနေလေရာ မြန်မာတစ်နိုင်ငံလုံးရှိလူများ ကပဲကနေကြသလား ထင်မှတ်ရသည်။ ကျောင်းများတွင် အဆိုအကအရေးအတီးကို မဖြစ်မနေ သင်ကြရပေသည်၊
တိတိကျကျပြဋ္ဌာန်း ထားခြင်းမရှိသော်လည်း၊ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် ကျောင်းသူကျောင်းသားများ အဆို အက အရေး အတီး တစ်ခုတစ်ခုကို သင်ယူကြရပေသည်၊ ကျမ၏သမီးကြီး ဒုတိယတန်း အရောက်တွင် အဆိုပါ ဘက်စုံပညာရေးဂယက်ဖြင့် စည်းနှင့်ဝါး ဝယ်ပေးရန် ပူဆာလေသည်။ စည်းနှင့်ဝါးသည် ကျမတို့အတွက် အလှမ်းဝေးသည့်အရာဖြစ်လေရာ ရုတ်တရက် ဘယ်မှာဝယ်လို့ ဝယ်ရမှန်းမသိ၊ နောက်မှ ကလေးမိခင်တစ်ယောက်က ရွှေတိဂုံဘုရားဆောင်းတန်းက ဝယ်ခဲ့သည်ဆို၍ ဝယ်ပေးလိုက်သည်။
တစ်ချိန်လုံး တချွင်ချွင် ကလောက် ကလောက် လုပ်ပေတော့သည်၊ တစ်ရက်တွင်တော့ ကျမ၏ယေက္ခမ သမီး၏အဘိုး နေ့လည်နေ့ခင်း တရေးတမော အိပ်နေစဉ် ချွင် ကလောက် ချွင်ကလောက် လုပ်လေရာ အိပ်မရဖြစ်လာဟန်တူသည်၊
"ညည်းတို့ကျောင်းက ဆရာမတွေက ကျောင်းမှာ စာမသင်တော့ဘဲ သူတောင်းစားလုပ်နည်းတွေ သင်ပေးနေတာလား " ဟု ထပြီး ဘုတောလေတော့သည်။
ထိုစဉ်က အဆို အက အတီးတတ်သော ဆရာ ဆရာမများ အင်မတန်မျက်နှာပွင့်ကြလေသည်၊ ကျောင်းအုပ်ကြီးများ၏ အချစ်တော်များဖြစ်ကြလေသည်၊ ဆိုကရေးတီးပြိုင်ပွဲများတွင် ကျောင်းပေါင်းစုံမှ ဝင်ရောက်ယှဉ်ပြိုင်ကြရလေသည်။ ထိုပြိုင်ပွဲတွင် ဆုချိတ်သည့် ကလေးကို စာမေးပွဲ အကျမရှိစေရ၊ အအောင်ပေးရသည်၊ ပညာရေးစနစ်ဘယ်အချိန်က ပြောင်းလိုက်မှန်းမသိလိုက်ပါ၊ အချို့ကလေးများသည် သူတို့ ဘိုးဘွားများ တတ်မြောက် ကြသဖြင့် သူတို့လည်းပညာအမွေရကာ အံ့သြဘနန်း တတ်မြောက်ကြလေသည်။
မည်သည့်အချိန်ကနစ်မြုပ်နေသည် မသိသည့် အဆိုအကပညာများ အလျှိုအလျှို ထွက်ပေါ်လာကြလေသည်၊ အရွယ်နှင့်မလိုက်ဖက်စွာ အိုးစည် ဒိုးပတ် ဝါးလက်ခုပ် လင်းကွင်းများကို တီးမှုတ်ပြကြလေသည်၊ ဆိုင်းများကို တီးကြလေသည်။ သူတို့ ဘိုးဘွားလက်ထက် နောက်ပိုင်းတွင် ဘုန်းကြီးပျံပွဲပင် ဝင်မနွှဲရတော့သည့် အချိန်မှာမှ ဆိုကရေးတီးပြိုင်ပွဲကြီး ပေါ်လာလေသောအခါ ဝင်နွှဲကြလေတော့သည်။ သူတို့သည် ဗေထိ ဆိုလက်ချိုးပြီး ဖြစ်သည့်အတိုင်း၊ စည်း ဝါးကို ဗိုက်ထဲမှာကတည်းက လိုက်တတ်နေသည့်အတိုင်း ငယ်ငယ်ရွယ်ရွယ်နှင့် တစ်ဖက်ကမ်းခပ် တတ်ကြလေသည်၊
ဗိုလ်ချုပ်ကြီးများသည် စင်မြင့်ပေါ်တွင် ထိုကလေးများကို နမ်းရှုံ့နှုတ်ဆက်လေသောအခါ မိဘများသည် မိမိတို့သားသမီးများကိုလည်း ထိုသို့ပွဲလယ်တင့်စေချင်သည်ထင့်၊ ကျူရှင်အပြင် အဆို အက အတီး သင်တန်းများသို့ ပို့ကြလေသည်၊
အချို့မိဘများဆိုလျင် ကလေးကို ကျူရှင်ထားမည့်အစား အိမ်မှာဆရာမခေါ်ပြီး အဆိုသင်လေသည်၊ ဤနည်းဖြင့် စာမေးပွဲအောင်မည့်နည်းလမ်းကို ရွေးကြလေသည်၊
ရန်ကုန်မြိ့မှ နာမည်ကျော်ကျောင်း အချို့မှ ကျောင်းအုပ်ကြီးများသည် မိမိကျောင်းနာမည်ရရန် ဆို က ရေး တီး ပြိုင်ပွဲတွင် ဆုရသည့်ကလေးများကို သူ့ထက်ငါ အလုအယက် လေလံဆွဲကြလေသည်။ သို့ဖြင့် အညာကျေးလက်ဒေသမှ ကလေးများသည် ဆိုခြင်း ကခြင်း တဖက်ကမ်းခတ်အောင်တတ်မြောက်သဖြင့် ရန်ကုန်မြို့၏ အထင်ကရကျောင်းများသို့ တက်ရောက်ခွင့်ရကြလေသည်။ ပညာရဲရင့်ပွဲလယ်တင့်ကြလေပြီ။
ထိုနာမည်ကြီးကျောင်းများသို့ ဗိုလ်ချုပ်ကြီးများ တိုင်းခန်းလှည့်လာပါက " အော်....ဒီကလေးက ဒီကျောင်းကပါလား" ဟု နာမည်လိုချင်ကြ၍ ဖြစ်သည်။ ပညာရေးစနစ်သည် အမှန်တကယ် ပြောင်းလဲသွားပြီး အပေါ်ယံ အလှပြရုံသက်သက် ဖြစ်ခဲ့လေသည်။
(၃)
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ဆီသို့ ဟူသော ဆိုင်းဘုတ်ကြီးများကလည်း ကျောင်းတိုင်း ကျောင်းတိုင်းတွင် ငွားငွားစွင့်စွင့် တင့်လျက်ရှိသည်။ အခြားတိုင်းပြည်များသို့ လှမ်းကြည့်လိုက်ပါက နည်းပညာများ အတတ်ပညာများ အံ့မခန်း တိုးတက်လျက်ရှိနေလေပြီ၊ ကျောင်းသူကျောင်သားများ တီထွင်ထားသည့် စက်ရုပ်များ၊ အိုင်တီကွန်ယက်များ၊ ဆော့ဖ်ဝဲများ များစွာပေါ်ထွက်နေချေပြီ။
မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများ ဝါးလုံးခေါင်းထဲလသာနေကြလေသည်၊ အိုးစည်တီးရင်း ဒိုးပတ်တီးရင်း လင်းကွင်းတီးရင်း ဘယ်လိုသွားကြမည်နည်း။ သူများတိုင်းပြည်တွေ လကမ္ဘာသို့ အခေါက်ခေါက် ရောက်နေကြပြီ၊ အာကာသထဲသို့ ဂြိုလ်တုများတစ်လုံးပြီးတစ်လုံး လွှတ်တင်နေကြပြီ။
လင်းကွင်းတီးရင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဆီသို့ ရောက်ရှိမည်ဆိုပါက အထက်ဘဝဂ် အောက်အဝီစိ ရောက်သည်အထိ ကမ္ဘာမြေသိမ့်သိမ့်တုန်အောင် တီးခပ်လိုက်ချင်စမ်းပါဘိတော့သည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment