March 5, 2012

စွယ်တော်ရွက် ပုံပြင်

    (၁)    စွယ်တော်ရွက်နှင့် ပတ်သက်ပြီး ဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ ဖတ်ရ၊ ကြည့်ရသည်။ အဲဒီနောက် တော်တော်လေးကြာမှ အပြင်မှာ စွယ်တော်ပင်ကို မြင်ဖူးလေသည်။ ဒါကလည်း တမင်သက်သက် ရှာပြီး လိုက်ကြည့်၍ မြင်ဖူးခြင်းဖြစ်သည်။ ကျမ ဆယ်တန်းအောင်ပြီးမှ ပြင်ပ လောကသို့ တစ်ယောက်ထဲ သွားဖူးသည်။ သွားဖူးသည်ဆိုတာထက် ကျမ မေမေက တစ်ယောက်ထဲ လွှတ်ပေးပြီး သွားစေခြင်းဖြစ်သည်။ ဒါတောင် တက္ကသိုလ် စတက်သည့်နေ့က ကျမတို့ အိမ်နှင့် တစ်လမ်းကျော်က  မေမေ့သူငယ်ချင်း၏ သမီးဖြစ်သူက ကျမတို့ သူငယ်ချင်းတစ်စုကို ကိုယ်တက်ရမည့် အခန်းဝအထိ လိုက်ပို့ပေးသေးသည်။ လိုက်ပို့ပေးသည့် အမက ကျမတို့တက်ရမည့် ရန်ကုန်တက္ကသိုလ်( ဗိုလ်တစ်ထောင်နယ်မြေ) တွင် ပထမနှစ်၊ ဒုတိယနှစ် နှစ်နှစ်တက်ခဲ့ပြီး  ဆေးတက္ကသိုလ်တက်ရောက်နေသူပင်။ ဒီအကြောင်းကို ကျမ အိမ်ထောင်ကျပြီးနောက် ခင်ပွန်းဖြစ်သူကို အကြောင်းတစ်ခု တိုက်ဆိုင်၍ ပြောပြမိရာ ကျမအား ရယ်၍ မဆုံးပေ။ ကျမသည် စာထဲတွင် ဖတ်ဖူးသည်များ ၊ ရုပ်ရှင်များတွင် ကြည့်ဖူးသည်များကို အပြင်ရောက်သည်နှင့် ရှာကြည့်တတ်သည်မှာ အကျင့်ဖြစ်နေလေသည်။  ရန်ကုန်တက္ကသိုလ်(ပင်မ) သို့ရောက်သည်နှင့် ကျမ ပထမဆုံး သွားကြည့်သည်က ကျောင်းသားသမဂ္ဂ အဆောက်အအုံမြေနေရာ၊ နောက်ပြီး ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်လေး။ ကျမနှင့် အဖော်လိုက်ပေးသည့် သူငယ်ချင်းများက ပွစိပွစိ ၊ ဖြတ်သန်းနေရသည့် စနစ်ကြောင့် သူတို့သည် ဒါတွေကို မေ့နေပြီ၊ မဆိုင်သလိုဖြစ်နေသည်။ ကျမသည်သာ ဖေဖေ့ ကျေးဇူးကြောင့် စိတ်ဝင်စားနေခြင်း၊ မမေ့နိုင်ခြင်းပင်။ ( ၁၉၈၄ ခုနှစ်ကအခြေအနေပါ။)၊ နောက်တော့ အဓိပတိလမ်းကို အစအဆုံး တမင် လျှောက်ကြည့်သည်။  ထိုသို့ တမင်သက်သက် လျှောက်ကြည့်၍သာ အဓိပတိလမ်းကို လျှောက်ဖူးလေသည်။ မလျှောက်ခဲ့လျှင် ယခုအချိန်ထိ အဓိပတိလမ်းကို မြင်တောင်မြင်ဖူးပါ့မလား မသိ။ အိမ်မှ လိုင်းကားစီးလာရင် မာလာဆောင်မှတ်တိုင်မှာ ဆင်းရသည်၊ စီးပွားရေးတက္ကသိုလ် ဝင်ပေါက်မှ ဝင်ပြီး  A5 စာသင်ဆောင်သို့ ဝင်လေလျှင် အဓီပတိလမ်းကို ယောင်လို့ပင် မမြင်ရ မဖြတ်ရ။ ထိုစဉ်က ကျမတို့ ရူပဗေဒ(ဂုဏ်ထူးတန်း) ကို ဝိဇ္ဖာခန်းမ အနီးက ဝိဇ္ဖာစာသင်ခန်း များတွင် သင်ကြားစေခြင်းဖြစ်သည်။ သစ်ပုတ်ပင်လည်း ထို့အတူပင် တမင်သွားကြည့်မှ မြင်ရသည်။ ဒီတိုင်းဆို ဘယ်လိုမှ ထိုဘက်အခြမ်းသို့ မရောက်ပေ။  ထို့နောက် တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ ပဲခူးဆောင်၊ အင်းဝဆောင်၊ မန္တလေးဆောင် စသဖြင့်။ ကျမအတွက်တော့ အရာရာကို တမင်ပင် လိုက်၍ ကြည့်ရလေသည်။ ထိုမှ  စာရေးဆရာတို့စိတ်ကူး ဖြင့် အများဆုံး ရေးဖွဲ့လေ့ရှိသည့် ကံ့ကော်( ကံ့ကော်ကတော့ ငယ်ငယ်ကတည်းက မြင်ဖူး တွေ့ဖူးပြီးသား ဆိုတော့ မဆန်း)  စွယ်တော်၊  စွယ်တော်ရွက်ကို မြင်တော့ " အော်.... ဒါ့ကြောင့် စာရေးဆရာတွေ စိတ်ကူးယဉ် ရေးကြတာကိုး၊ စိတ်ကူးယဉ်စရာပင်၊" ဟုသိလာရသည်။ အစိမ်းရောင်သစ်ရွက်ကလေးသည် အသဲနှလုံးပုံ နှစ်ခု တွဲရက်ကလေး၊ စွယ်တော်ရွက်ကလေးကို မြင်ဖူးသည်နှင့် ကျမသဘောကျမိသည်။ ကျမသူငယ်ချင်းများက စွယ်တော်ရွက်ကို ခုမှမြင်ဖူး၍ အံ့သြနေသည့် ကျမကို တအံ့တသြ ဖြစ်ကြသည်။
 (၂)          ထုံစံအတိုင်း လူငယ်သဘာဝ ချစ်သူရလာပြန်တော့ စွယ်တော်ရွက်က တခန်းတစ်ကဏ္ဍ ပါဝင်လာသည်။ ဒါကမဆန်းပါ။ ထုံးစံအတိုင်း ယခု ကျမခင်ပွန်း ဖြစ်လာမည့် ကိုလေးက စွယ်တော်ရွက် တစ်ခြမ်းတွင် ကိုလေး၊ နောက်တစ်ခြမ်းတွင် ခိုင် ဟုရေးပြီး ကျမကို ပေးသည်။ စာအုပ်ကြားထဲညှပ်ထားလိုက်သည်။ ကိုလေးနှင့် ကျမ အိမ်ထောင်ကျပြီး အတော်လေးကြာပြီး၊ တနေ့ အိမ်ရှင်း၊ စာအုပ်စာတမ်းများ ရှင်းရင်း ကိုလေးရဲ့ ဒိုင်ယာရီ ကြားက ထိုစွယ်တော်ရွက်ကလေး ထွက်ကျလာသည်။ စွယ်တော်ရွက်ကလေးက ခြောက်နေသော်လည်း နာမည်များကဒီအတိုင်း တွေ့နေရသည်။ ကိုလေးက ကြွေသွားမှာ စိုးရိမ်စိတ်ဖြင့် ရွရွလေးလှမ်းယူသည်။ တဆက်တည်း သတိတရ မေးလေသည်။" ကျမကို ပေးထားသည့် စွယ်တော်ရွက် ဘယ်မှာလဲတဲ့။ " ကျမဖြင့် မေ့နေတာကြာပြီ။ ဘယ်စာအုပ်ကြားထဲ ညှပ်လိုက်မိမှန်း မသိ။ ကြာလဲကြာပြီ ဆိုတော့ ကျောင်းစာအုပ်တွေလည်း မရှိတော့။ " ဒန်ဝယ်တယ်၊ ကြေးဝယ်တယ် ကုလားဆီ ရောက်သွားပြီ ထင်တယ်ဟု" ဟု ဖြေလိုက်ရာ  စိတ်ဆိုးလေသည်။ ထိုတစ်ရက်လုံး ကျမကို စကားကောင်းကောင်း မပြောတော့ပေ။  ကိုလေးသည်  နည်းနည်း စိတ်ကူးယဉ်သည်။ သူကတော့ စိတ်ကူးယဉ်တာမဟုတ်ပါတဲ့၊ အလေးအနက်ထားတာပါ ဆိုလေသည်။  အိမ်ထောင်သက် ဆယ်နှစ်လောက် ရောက်အပြီးမှာတောင် ဘယ်လိုက ဘယ်လို စိတ်ကူးပေါက်သည် မသိ။ မြို့ပတ်ရထားစီးပြီး ပြန်အလာ လက်မှတ်မှာ နေ့စွဲရေးပီး  ကျမကို သိမ်းထားဟုဆိုလေသည်။ ဘာလုပ်မှာလဲ၊ ရှုပ်ကရှုပ်နဲ့ ဟု ကျမကပြန်ပြောရာ သူ့သူငယ်ချင်း တစ်ယောက်ရဲ့ အဖေနဲ့အမေ မင်္ဂလာနှစ်ပတ်လည်ရတု လုပ်တော့ သူတို့ သွားထား လာထားတဲ့ လက်မှတ်ကလေးတွေ၊ ဘောက်ချာစာရွက် ကလေးတွေကို ဘုတ်ကလေးမှာ ကပ်ထားပြီး လာတဲ့ ဧည့်သည်တွေကို ပြထားတာ သဘောကျလို့ ပါတဲ့။ နောက်တော့လည်း လွှတ်ပစ်လိုက်သည်ထင့်။ ဘယ်တွေရောက်မှန်း ပင်မသိ။ ကျမက လွှင့်ပစ်သန်သည် ကိုသူသိသည်။ အိမ်ရှုပ်လျှင် ကျမ မနေတတ်။ ဒါ့ကြောင့် တော်ရုံဆို ဘာမှမထား အကုန်ပစ်သည်။ စာရွက်စာတမ်း သေးသေးမွှားမွှား ဆိုပိုဆိုးသည်၊ လုံးခြေပြီး အကုန်ပစ်သည်။ ဒါ့ကြောင့် ကလေးများ ကျောင်းအပ်ထားသည့် ဖြတ်ပိုင်းများ၊ ကျောင်းတက်ပီးသည်နှင့် လွှတ်ပစ်သည်။ တစ်နှစ်မှာတော့ ကျမတို့ ဋ္ဌာနက ကျောင်းသားရှိသည့်  ဝန်ထမ်းမိဘများကို ထောက်ပံ့ကြေး  ပေးမည်၊ ကျောင်းအပ်ထားသည့် ဖြတ်ပိုင်းများ ယူလာခဲ့ပါ ဆိုတော့ ကျမ မနည်းပြောယူရသည်။ နောက်ဆုံး မရလည်း နေပစေ ဟုပင် သဘောထားလိုက်သည်။ နောက်တော့ အမှန်တကယ်လည်း အပ်ထားသည် ဖြစ်ရာ ထုတ်ပေးပါသည်။ ဒါကိုတောင် စွယ်တော်ရွက် လွှင့်ပစ်သလောက်  စိတ်မဆိုးပေ။
၂၀၀၅ ခုနှစ် တုန်းကဖြစ်သည်။ ကိုလေးကို ဌာနမှ သင်တန်းတစ်ခု တက်ရန် စေလွှတ်သည်။ ထိုသင်တန်းသို့တက်ရန် အကြိမ်ကြိမ်ငြင်း ခဲ့ပြီး ဖြစ်သည်။ အကြောင်းပြချက်က အိမ်မှာ ကလေး (၃) ယောက် နှင့် ကျမ ကိုယ်ခွဲလည်းမရှိ၍ ဘယ်လိုမှ သူတက်လို့ မဖြစ်ဟု အကြောင်းပြထားသည်။ သူသင်တန်း သွားတက်လျှင် ကျမ အလုပ်မှ ခွင့်ယူရမည်။ သင်တန်းက ဖောင်ကြီးတွင်ရှိသည်။ လှည်းကူးမြို့နယ် အတွင်းမှာရှိသည်။ စုစုပေါင်း သင်တန်းကာလ (၃) လ တွင် ပထမ တစ်လ မှာ၊အပြင် လုံးဝ မထွက်ရ။ တစ်လပြည့် ပြီးနောက် ကျန်နှစ်လတွင် တစ်ပတ်နှစ်ရက်( စနေ- တနင်္ဂနွေ) အိမ်ပြန်ခွင့်ရသည်။  သို့ဖြင့် ငြင်းရင်း ငြင်းရင်း တခြားသူများ ကုန်ရာ သူ့အလှည့် ရောက်လာခြင်းပင်။ အစားထိုးရန် လူလည်းမရှိတော့။ ရာထူးတိုးပေးရန် အကြောင်းကလည်းရှိနေသည်။ ဖောင်ကြီးသင်တန်း မတက်လျှင် ဘယ်လောက်လုပ်သက်ရှိရှိ  ဘယ်လောက်တော်တော် ရာထူးတိုးမပေးပေ။ အကြောင်းတွေဆုံလာသဖြင့် တက်ကိုတက်ရတော့သည်။ တစ်လပြည့်၍ အိမ်ပြန်ခွင့်ရသည့် အခါမှာတော့ စာအုပ်ကြားတွင် စွယ်တော်ရွက်ခြောက် လေးတွေပါလာသည်။ စုစုပေါင်း (၄) ရွက်။ အသဲနှစ်လုံး နှစ်ခုစီ ပူးယှက်နေသည့် စွယ်တော်ရွက် ပေါ်မှာ စာလေးတွေ ရေးထိုးထားသည်။
      ၁။ အဖေကြီး--- အမေကြီး။
      ၂။အဖေကြီး---- သမီးကြီး
     ၃။အဖေကြီး----သမီးလတ်
     ၄။အဖေကြီး----သမီးငယ်
ကလေးများနှင့်အတူ ကျမပါ ရယ်မောကြရသည်။ ထိုအချိန် ကိုလေး အသက်ပင် (၄၀) ပြည့်လု ပြည့်ခင်။ သမီကြီးကပင် အဖေကြီးက စိတ်ကူးယဉ်လိုက်တာ ဟုဆိုလေသည်။ အငယ်နှစ်ယောက် ကတော့ သမီးတို့ စာအုပ်ကြားထဲ သိမ်းထားမယ် ဆိုကာ သူတို့ နာမည် ပါတာ သူတို့ ယူကြလေသည်။
၃ ။မဂ္ဂဇင်းတစ်ခုမှာ ကျမ ဖတ်လိုက်ရသည့် ၀တ္ထုတိုလေး အကြောင်း ကိုလေးကို ပြောပြမိလေသည်။ ထိုဝတ္ထု တွင် စာအလွန်ဖတ်သော၊ စာပေတွင် မွေ့လျော်သော ၊ စာပေမြတ်နိုးသော ချစ်သူနှစ်ယောက် အလွန်ချစ်ကြသည်။ ချစ်သူဘ၀ စွယ်တော်ရွက် ကလေးတွင် နာမည်ထိုး၍ သိမ်းထားကြသည်။ တစ်ယောက်နှင့်တစ်ယောက် စိတ်တူ ကိုယ်တူ ၀ါသနာတူ၍ ဘွဲ့ရ အလုပ်ရပြီးနောက် မကြာမီ လက်ထပ် လိုက်ကြသည်။ လက်ထပ်ပြီး နေထိုင်ရန် အိမ်ငှားရာတွင် အိမ်ကို သိပ်သဘောမကျလှသော်လည်း အိမ်ရှေ့မှာ စွယ်တော်ပင်လေးရှိနေတာ တွေ့ပြီး နှစ်ဦး သဘောတူ ငှားဖို့ဆုံးဖြတ်လိုက်သည်။ ဒီလိုနဲ့ နှစ်ယောက်သား  ဘ၀ကို ရုန်းကန်ရင်း နေခဲ့ကြသည်။ သူတို့ တစ်လအသုံးစားရိတ်မှာ စာအုပ်တန်ဘိုးတွေက သိသိသာသာ ကုန်ကျလာသည်။ စာမဖတ်ပဲ မနေနိုင်။ မစားပဲ နေနိုင်သည် ကြွေးကြော်ကာ လင်မယားနှစ်ယောက် စိတ်တူကိုယ်တူ ရှိခဲ့သည်။ လကုန်ရက် တစ်ရက်မှာတော့ သူတို့လက်ထဲ ပိုက်ဆံပြတ်လေသည်။ ထမင်းကို ဘာနှင့်စားမည်နည်း။ နောက်ဆုံးတွင် ဇနီးသည်က စိတ်ကူးရပြီး ဟင်းတစ်ခွက် ရအောင်၊ စီမံလေသည်။  လင်မယားနှစ်ယောက် ခေါင်းမဖော်တမ်း မြိန်ရေယှက်ရေ စားလိုက်ကြသည်တဲ့။ စွယ်တော်ရွက်နုနုလေးများကို ရေနွေးဖျောပြီး သုပ်ထားသည့် စွယ်တော်ရွက်သုပ် ကိုစားပြီး သူတို့ စိတ်ကူးမယဉ်နိုင်တော့ပြီတဲ့။
       ကိုလေးက" စွယ်တော်ရွက်က စားလို့ရလို့လား၊ အဲဒါ စာရေးဆရာက စိတ်ကူးပြီး ရေးတာ နေမှာပေါ့ "တဲ့ ပြောလေသည်။   ကျမလည်း သေချာတော့မသိ။ စားလို့ရလို့ ရေးတာနေမှာပေါ့ လို့ပဲ ပြန်ပြောလိုက်မိသည်။
စွယ်တော်ရွက်က စားလို့ရလားသလား မရဘူးလားဆိုတာ ကြာတော့မေ့လို့ပင်နေမိသည်။ 
ယခု တလော ကိုလေးသည် ထမင်းစားတိုင်း  ဟင်းချို တစ်ခုခု မပါလျှင်။ ဟင်းချိုသောက်ချင်တယ်၊ ချက်ပေးပါဟု မကြာမကြာ ပြောလေသည်။ သူက အရွက်တွေကို သိပ်မသိ။ ကျမကို မေးပြီး ကျမသိသည့် အရွက်မှ သူဝယ်သည်။ နောက်တစ်ခုက သူ့မှာ သွေးတိုးရှိကတည်းက တခုခုစားခါနီးလျှင် ဒါ  သွေးတိုးတတ်လား မေးပြီးမှစားသည်။ ဆူးပုပ်၊ နံနံ စသည်ဖြင့် လောက်တော့ တက်မှန်း သူသိသည်။  ဖြစ်ချင်တော့ ကိုယ့်တိုင်းပြည် မဟုတ်သည့် နေရာတွင် ရောက်နေသည်ဖြစ်ရာ အရွက်တော်တော်များများကို မသိ။ ဘာလုပ်စားရမှန်းလည်းမသိ။ ဈေးထဲမှာ ဟင်းချိုချက်ရန် အရွက်ရှာရင်း ကိုယ်နှင့်ရင်းနှီးသည့် အရွက် မတွေ့ပေ။ တခါတလေ မကျီးရွက်နုနု လေးတွေပင် ရတတ်ပေမယ့် ထိုနေ့က ကိုယ်သိသည့် အရွက် မတွေ့ရ။ခါတိုင်း မကျီးရွက်တွေ့လျှင် အပြေးအလွှား ၀ယ်နေကျ။ တစ်နေရာမှာ အရွက်တွေ ပုံ့ထားတာတွေ့ရလေသည်။ ၀ယ်သူတစ်ချို့ကိုလည်းတွေ့နေရသည်။ ၀ယ်သည်မှ တစ်ယောက်တယောက် အများကြီးဝယ်ကြသည်။ ကျမတို့ အပြေးအလျွှား ကြည့်လိုက်တော့ စွယ်တော်ရွက်နုနုလေးများ ဖြစ်နေသည်။  "ဟင်းချိုချက်လို့ ရလား" မေးကြည့်ရာ" ရတယ်၊ သူတို့လဲ ဟင်းချိုချက်မှာ" ဟု ဆိုလေသည်။   ကျမလည်း ဘယ့်နဲ့လည်း ဆိုတဲ့သဘောနဲ့ မေးဆတ်ပြီး မေးလိုက်ရာ ကိုလေးက" သူတို့စားတယ်ဆို စားရလို့ပေါ့ ၀ယ်လေ"
ဟု ပြောတော့သည်။စွယ်တော်ရွက် ဟင်းချိုပူပူကို မှုတ်သောက်ရင်း ချိုလိုက်တာ ကောင်းလိုက်တဲ့ စွယ်တော်ရွက် လို့ ပြောလည်းပြော၊ သောက်လည်းသောက် နေသည့် ကိုလေးကို ကြည့်ရင်း ကျမစိတ်ထဲ ရယ်ချင်နေမိသည်။ ထိုအချိန်မှာ သမီးကြီးက ထမင်းစားခန်းထဲ ၀င်လာပြီး  "ဟင်..အဖေကြီး... ဟင်းချိုက စွယ်တော်ရွက်တွေပါလား"  အလန့်တကြားထအော်သည်။ "စားလို့ ရလို့လား၊ စွယ်တော်ရွက်က စားလို့ရလား"
 ဟင်းချိုက ပူလွန်းလို့ တဖူးဖူး   မှုတ်သောက်နေရတာနဲ့ မအားလို့လားတော့ မသိ ။ သမီးကြီးရဲ့ မေးခွန်းကို မဖြေပေ။

2 comments:

  1. မခိုင်တို့ရဲ့ ချစ်စဖွယ် စွယ်တော်ရွက် မိသားစုလေးဘဝကို အားကျမိပါတယ် ..
    ( မြောက်ပိုင်းဒေသ အကြောင်းတွေ လာဖတ်ရင်းနဲ့ အလည် ရောက်ဖြစ်တာပါ ..)
    ချမ်းမြေ့ပါစေ..

    ကိကိ

    ReplyDelete