July 23, 2012

သမီးအတွက် မွေးနေ့လက်ဆောင်

လွန်ခဲ့သော နှစ်ဆယ့်တစ်နှစ်က ဒီနေ့ရက်မှာ သမီးကြီးကို မွေးဖွားခဲ့သည်။ ယောင်္ကျားလေးမှ မိန်းကလေးမှ ဟူ၍ စိတ်မှာ မရှိ။ သမီးဖေဖေရော ကျမပါ ဘာလေးဖြစ်ဖြစ်ဟု ပြောဖြစ်ကြသည်။ မွေးကာနီးတော့ ဘာလေးဖြစ်မလဲ မသိဘူး၊ ဘာလေးလိုချင်သလဲ မေးတော့ သမီး  ဖေဖေက လူလေး ဟုဆိုလေရာ ကျမ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရသည်။ ဒါက သူ့စကား မဟုတ်။ ခုနှစ်စဉ်အလွမ်း ဇာတ်ကားမှာ သုမောင်ပြောတာကို ပြန်ပြောသည့် အတွက် ရယ်ရခြင်းပင်။ ဒီရုပ်ရှင်ကလည်း ကြည့်ထားတာ မကြာသေး။ နေ့စေ့ လစေ့နှင့် သွားကြည့်ဖြစ်သည်။  ကိုယ်ဝန် နေ့စေ့ လစေ့နှင့် ကြည့်ရသည်က အပျော်အပါး ဝါသနာပါလွန်း၍ မဟုတ်သလို ရုပ်ရှင်ဆိုလျှင် မကြည့်ရ မနေနိုင်လွန်း၍လည်း မဟုတ်ပါ။ ကျမတို့ နှစ်ယောက်စလုံး ရုပ်ရှင်ကြည့်လျှင် ဒါရိုက်တာနှင့် ဇာတ်လမ်းကို အရင်ကြည့်ပီးမှ ကြည့်လေ့ရှိသည်။ ဒါရိုက်တာဆိုလျှင် မောင်ဝဏ ကားဆို မလွတ်တမ်းကြည့်သည်။ သရုပ်ဆောင်ထဲတွင် သဘာဝမင်းသား သုမောင်ကို ကြိုက်သည်။ စာရေးဆရာထဲတွင် မင်းလူကိုကြိုက်သည်။ မင်းလူရဲ့ ဝတ္ထုကို သုမောင်က သရုပ်ဆောင်ပီး ဒါရိုက်တာ မောင်ဝဏရိုက်သည့် ဒီ ခုနှစ်စဉ်အလွမ်းကို ကြည့်ဖြစ်အောင် ကြည့်တော့သည်။ ဒါရိုက်တာ မောင်ဝဏကလည်း ကားရိုက်ကျဲသည်။ တော်ရုံရိုက်တာ မဟုတ်တော့ ကြည့်ဖြစ်အောင် ကြည့်ရလေသည်။ ကိုယ်ဝန်က နောက်အပတ်ထဲ မွေးမှာဖြစ်သည့်အတွက် ကျမမှာ တကယ့်ကို လေးလံလျှက် ရှိနေသည်။ ထိုင်ခုံတွင် ကြာကြာမထိုင်နိုင်၊ ခုံတန်းတွေ အနောက် ထွက်သွားပီး မတ်တပ်ရပ် ကြည့်ရပြန်သည်။ မတ်တပ်ကြာကြာ ရပ်ပြန်တော့လည်း ခါးက မခံနိုင်အောင် နာလာသည့်အတွက် ထိုင်ရပြန်သည်။ ထိုင်လိုက်ထလိုက် အကြိမ်ပေါင်းမနည်း လုပ်ပီးကြည့်နေရသည်။ နောက်ဆုံးတွင် ရုပ်ရှင်ရုံ ဝန်ထမ်းတစ်ယောက်က ကျမအဖြစ်ကို သိသွားပီး ခုံတန်းများနောက်တွင် ပလတ်စတစ်ခုံလေးတစ်ခုံ လာချပေးလေသည်။ ထိုင်ခုံရှိရာ နေရာကို ထွက်လိုက်ဝင်လိုက် လုပ်စရာမလိုပဲ နောက်ဆုံးတွင် တစ်ယောက်ထဲ ထိုင်လိုက်ထလိုက်ဖြင့် ကြည့်ခဲ့လေသည်။ တိုက်တိုင်ဆိုင်ဆိုင် ဇာတ်ဝင်ခန်းတစ်ခုမှာ ခင်သန်းနုက ကိုယ်ဝန်ဆောင်နှင့်ဖြစ်နေ၍ ကြည့်ရင်းရီရသေးသည်။ အဲဒီမှာ ခင်သန်းနုက သုမောင်ကို ဘာလေးလိုချင်လဲ မေးရာ သုမောင်က လူလေး လို့ ရုပ်တည်သံပြတ်နှင့် ပြောပီး သရုပ်ဆောင်လေသည်။ သူက ဒါကို သဘောကျသည်ထင့် ။ ကျမအမေးကို သုမောင်အိုက်တင်နှင့်ဖြေလေသည်။ ဒါတင်မက သမီးကြီး လေးဘက်သွား၍ ဟိုဆွဲဒီဆွဲ လုပ်သည့်အခါ  စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်မှ မကျန်အောင် ဆွဲချလေသည်။ ပီးတော့ စာအုပ်ပုံကြားတွင် သွားကလေး ငုတ်တုတ်ဖြင့် အဖေကို တလှညိ့ အမေကို တလှည့် ရယ်ပြနေသေးသည်။ ကျမက စာအုပ်များကို ပြန်ထပ်ရင်း ပွစိပွစိ လုပ်လေရာ သမီးဖေဖေက လုပ်ပစေ ဒါမှ စာအုပ်တွေနဲ့ ရင်းနှီးမှာဆို၍ ခုနှစ်စဉ်အလွမ်းမှ ဇာတ်ဝင်ခန်းတခုကို မြင်ယောင်လာရပြန်သည်။
                ကျမတို့နှစ်ယောက်စလုံးသည် သမီးကို အတန်းပညာသာမက ပြင်ပဗဟုသုတ အသိဥာဏ်ပညာ ပြည့်စုံစေလိုကြသည်။ ဒီအတွက် စာများများဖတ်စေချင်သည်။ သမီးစာမဖတ်တတ်ခင်ကတည်းက စာအုပ်များကို ဖတ်ပြသည်။ သမီးက သဘောကျသည့်အတွက် ကျေနပ်မိကြသည်။ တဖြေးဖြေးနှင့် သမီးသည် စာအုပ်များကို ကြိုက်နှစ်သက်လာလေသည်။ အလုပ်နားရက် တပတ်တခါ အိပ်ခန်းရှင်းလျှင် အိပ်ယာပေါ် နှင့် ကုတင်အောက်တွင် ကျနေသော စာအုပ်များ ရွှေသွေး မိုးသောက်ပန်း ပုံပြင်စာအုပ်များ ဇာတ်ကြီးဆယ်ဘွဲ့ သရုပ်ဖော် စာအုပ်များ စသည်တို့ကို တထပ်ကြီး စာအုပ်စင် ပြန်ပြန်ပို့ရသည်။ သူ့ဘာသာ ဖတ်တတ်လာသည့်အခါတွင် ကာတွန်းများကို ဖတ်လာသည်။ ဖတ်ပြဘို့ မလိုတော့။ ကျမသည် လောဘကြီးစွာပင် သမီး ဘာစာအမျိုးအစားတွေ ကြိုက်မလဲဆိုတာကို သိချင်နေမိသည်။  သူ သူငယ်တန်းအရောက်တွင် အဆိုတော်ဗဒင် သီချင်းအခွေက တော်တော်ပေါက်ရာ အဲဒီသီချင်းအားလုံးကို တစ်ပုဒ်မကျန် တလုံးမကျန် ဆိုနိုင်လေသည်။ ကျမအိမ်အလုပ်များ လုပ်စရာရှိသဖြင့် လုပ်နေလျှင် သူက တခါးပေါက်မှာ ခြေထောက်ကလေးချပီး ဌာဏ်ကရိုင်းကျကျ စိတ်လွတ်ကိုယ်လွတ် ဆိုလေရာ ကျမတို့နှင့် မျက်နှာချင်းဆိုင် တိုက်ခန်းတွင်နေထိုင်သည့် ဆိုင်းဆရာ ရွာစား စိန်စတင်းရဲ့တပည့် မြစတင်းက ပြုံးပြုံးဖြင့် ထိုင်ထိုင်ကြည့်ရင်း အားပေးလေသည်။ ကျမနှင့် ဆုံမိသည့်တနေ"့ ညည်းသမီး (၇) နှစ်လောက်ဆို ဦးလေးဆီပို့လိုက်၊ ပတ္တလားနဲ့ အဆိုချပေးမယ်၊ အခု ကလေးမို့ စည်းဝါး သံစဉ် မသိတာတောင် သူက အဝင်အထွက် အနိမ့်အမြင့်ကို မှန်အောင်ဆိုနိုင်တယ်။" ဟုဆိုလေရာ ကျေနပ်ရပြန်သည်။ အနုပညာဆိုတာ ဘာပဲဖြစ်ဖြစ် သိမ်မွေ့နူးညံ့စေသည် မဟုတ်ပါလား။
                အချစ်ဝတ္ထုတွေ သမီးဖတ်လာတာတွေ့ရတော့ သမီးဖေဖေက ဖတ်ပလေ့စေ။ လူဆိုတာ အချစ်ဆိုတာရှိမှာပဲတဲ့။ နောက်ပိုင်းတော့ သူက ဂျူး ကိုကြိုက်လာပြန်သည်။ ဆရာမ ဂျူး ရဲ့ဇာတ်ကောင်တွေကလည်း ထက်ထက်မြက်မြက် ရှိသဖြင့် သဘောကျသည်တဲ့။ ထိုစာရေးဆရာများက စာရေးကျဲသည့် အတွက် ဖတ်စရာ ရှားလာသည့်အခါ အိမ်က စာအုပ်တွေထားသည့် အခန်းထဲ ဝင်မွှေရာက မစန္ဒာကို ကြိုက်သည်တဲ့။ မိုးမိုး(အင်းလျား) ရဲ့ ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား ကိုဖတ်အပြီး " လောကမှာ စု လို စိတ်ကူးယဉ်တဲ့ မိန်းကလေးတွေ ရှိမှာပဲန်ာတဲ့" သမီးရဲ့ မေးခွန်းအသွားအလာကို နားထောင်ရင်း ကျေနပ်ရပြန်သည်။ ပျောက်သောလမ်းမှာ စမ်းတဝါးကို ဖတ်ပီးပြန်တော့ " ဒီဝတ္ထုဖတ်ပီး စိတ်ညစ်လိုက်တာ၊ သမီး အပျိုကြီးပဲ လုပ်တော့မယ်" ဆိုပြန်သေးသည်။ သမီးဖေဖေက လူဖြစ်လာရင် လောကတာဝန်ကျေပွန်ရတယ်၊ အပြောကို ရီရသေးသည်။ ကျမကတော့ စာဖတ်ပါ။ လောကကိုလေ့လာပါ။ တဖြေးဖြး လူတွေအကြောင်း လောကအကြောင်း သိလာပါလိမ့်မယ်လို့ တဖွဖွပြောဖြစ်သည်။  ဘဝဆိုတာ လွယ်လွယ်နဲ့ဖြတ်သန်းရသလို ခက်ခက်ခဲခဲ ရုန်းကန်ရတာတွေလည်းရှိတယ်။ တကယ်တော့ ဘဝဆိုတာ ရုန်းကန်နေရတာပါပဲ။ အဲဒီအခါ အခက်အခဲတွေ့တဲ့ အခါ စိတ်မပျက်အောင်၊ စိတ်ဓါတ်မကျအောင် နေနိုင်ဘို့က ကိုယ်ခံအားကောင်းမှ ဖြစ်မှာ။ အဲဒီအတွက် စိတ်ဓါတ်ခွန်အားတွေ ကြံ့ခိုင်ဘို့က စာပေဖတ်ရှုလေ့လာထားရင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိတယ်စသဖြင့်ပြောပြရသည်။
              သမီးက တက္ကသိုလ်တက်ရာ ကျမတက်ခဲ့သည့် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) တွင်ပင်တက်ရသည်။ သူတို့ခေတ်ကျတော့ အမျိုးသားစီမံခန့်ခွဲမှုကောလိပ် ဟုခေါ်လေသည်။ ကျောင်းစာကြည့်တိုက်မှာ  စာအုပ်ငှား ခိုင်းရာ ဖတ်ချိန်မရပါတဲ့။ ကျမလဲ ရတဲ့အချိန် ရသလောက်ဖတ်ဆိုကာ တပတ်တအုပ် ငှားဖြစ်အောင်ငှားခိုင်းရလေသည်။ တိုင်းပြည်ရဲ့ သမိုင်း၊ ကျောင်းသားတွေရဲ့ သမိုင်းကို သိရပေမည်။ အရှေ့ကနေဝန်းထွက်သည့်ပမာ ငှားခဲ့ပါ ဆိုပီး ဖတ်ကြည့်ဆိုရာ ကျောင်းစာတဖက်နှင့်မို့ မပီးခင် အချိန်စေ့သဖြင့် ပြန်အပ်ရပြန်သည်။ သမီးသည် နိုင်ငံရေးစာပေတွေ စိတ်မဝင်စားဘူးလား  တွေးမိပြန်သည်။ ကျောင်းပိတ်ရက်တရက်တွင်တော့ ကုန်းဘောင်ရှာပုံတော်ကို ဖတ်နေပြန်သည်။ ဒီလိုဆိုတော့လဲ ဟုတ်သားဟု ကျေနပ်ရပြန်သည်။ ဆရာတော်ဦးဇောတိက စာအုပ်များ ဖတ်ပီး ရွှေတိဂုံဘုရား အရှေ့မုဒ်က မင်္ဂလာဗျူဟာအသင်းမှာ တရားစခန်းဝင်တော့ ယောဂီများဝတ်တော့မလား တွေးရပြန်သည်။
ကျမကို သမီးဖေဖေက သူတို့ရုံးက ရာထူးနေရာအတွက် အလုပ်စာမေးပွဲစစ်တော့ စာမေးပွဲခန်းစောင့်သည့် အတွေ့အကြုံကို ပြောပြသည်။ လိုချင်တာက အမျိုးသားဝန်ထမ်း၊ လာလျှောက်သည်က အမျိုးသမီးတွေ များသည်။ ဒီဘက်ခေတ်မှာ အစိုးရအလုပ်ကို ယောင်္ကျားလေးတွေ သိပ်မလျှောက်ကြတော့ လုပ်ငန်းသဘာဝအရ ယောင်္ကျားလေးလိုချင်သည့်အခါ တော်ရုံဖြေနိုင်ရင် ခေါ်လိုက်သည်သာ။ အခုလည်း မိန်းကလေးအများကြားတွင် ယောင်္ကျားလေးက (၃)ယောက်သာပါသည်တဲ့။ သမီးဖေဖေစောင့်သည့် အခန်းတွင် တစ်ယောက်ပါလာလေသည်။ ဒီတယောက်ကို ကြည့်လိုက်တော့ ပြောတာဆိုတာ အသံသြဇာ မဆိုးလို့ တွက်မိသည်။ ဒါ့ကြောင့် ရေးဖြေအောင်ရင် အခြေအနေကောင်းသည့်အတွက် သူဖြေသည့်အနား ခနခန ဖြတ်လျှောက်ရင်း အကဲခတ်ကြည့်သည်တဲ့။ အဲဒီကောင်လေးကလဲ သူဖြတ်သွားရင် မော့ကြည့်ပီး ပြုံးပြုံးပြသည်။ သူကလဲ ပြန်ပြုံးပြရင်း မျက်မှန်းတန်းမိလေသည်တဲ့။ တော်တော်လေးကြာတော့ သမီးဖေဖေကို ခေါင်းလေးဆတ်ပြပြီး မေးခွန်းနေရာကို လက်ကလေးထောက်လို့ ပြလေရာ အသာလေးကပ်ပြောမယ်ပြင်မိသည်တဲ့။ မေးခွန်းကိုလဲ ကြည့်မိရော ဒေါသက ဘယ်လိုဘယ်လို အထွတ်အထိပ်ရောက်သွားမှန်း မသိတာနဲ့ ချာကနဲလှည့်ထွက်ခဲ့တာ ဖြေဆိုချိန်ပီးတဲ့ အထိ အဲဒီကောင်လေးနား မသွားတော့ပါတဲ့။ မေးခွန်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ခုနှစ် လ ရက် ကို ကွက်လပ်ကလေးထဲ ဖြည့်ခိုင်းတာပါ။ ဒါကို ကျမနားထောင်အပီးမှာ သမီးစာကျက်နေတာကို ရပ်ခိုင်းပီး မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ ခုနှစ် လ ရက် ပြောလို့ မေးခွန်းထုတ်မိလေသည်။ သမီးရဲ့ အဖြေကြားမှ တော်ပါသေးရဲ့ဆိုရာ သမီးက ကျမကို ကြောင်ကြည့်နေလေသည်။ သမီးဖေဖေကတော့ တို့သမီးက ဒါမျိုးဖြစ်မလားဟတဲ့ ပြောနေသေးသည်။
          ကျမသည် သမီးကို သိသင့်သိထိုက်သည်များ မသိမှာကိုလဲပူသည်။ ပညာတတ်တာ မတတ်တာထက် အသိဥာဏ်နုံ့နဲ့မှာကို ပူသည်။ အရာရာတိုင်းကို ကျောင်းပညာမှာ မရနိုင်သလို ၊ အရာရာတိုင်းကိုလည်း မိဘက ပြောပြနေလို့ မရနိုင်ပေ။ အဲဒီအတွက် လိုအပ်ချက်က စာများများဖတ်မှ ဖြစ်မည်။ အတိက်ကအကြောင်းကို အတိတ်ကလူတွေ ရေးသည့်စာတွေ ဖတ်ခြင်းဖြင့် သိနိုင်သည်။ မျက်မှောက်ကာလအကြောင်းကို ခေတ်စနစ်တွေ ဖြတ်သန်းရင်း သိနိုင်သည်။ အဲဒီအတွက် ခေတ်ရဲ့ သရုပ်ဖော် စာရေးဆရာ သမိုင်းဆရာ သတင်းစာဆရာ ပန်းချီ ပန်းပု အနုပညာ စသည်တို့ကို လေ့လာရမည်။ ခေတ်ကို မျက်ခြေမပြတ်ရန် ထိုခေတ်ရဲ့ သမိုင်းကို ဖြစ်စဉ်ကို သိနေဖို့လိုသည်။ အဲဒီအတွက် သမီးကို ပြောခဲ့သည်မှာ ယခုဆိုလျှင် အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ ဆက်လက်ပီးလဲ ဒီစကားကို ပြောနေရအုန်းမည်သာ။ အဲဒီစကားကတော့ " သမီးရေ... ဘယ်နေရာရောက်ရောက် ဘယ်အချိန်ပဲဖြစ်ဖြစ်... စာဖတ်ပါ၊ " လို့ပဲဖြစ်လေသည်။

No comments:

Post a Comment