သင်ယူသူနှင့် သင်ကြားသူ ကြားက ကွာဟချက်
အသိပညာ
အတတ်ပညာ သင်ကြားသူ တွေကို ဆရာ လို့ အသိအမှတ်ပြု ကြပါတယ်။ အဲဒီကမှ ကျောင်းပညာ
အတန်းပညာ သင်ကြားပေးတဲ့ ဆရာတွေကတော့ အင်မတန်ကျေးဇူးကြီးလှပါတယ်။ ငယ်ရွယ်စဉ်
ကလေးဘဝမှာ အဖေအမေ ပြီးရင် စာသင်ပေးတဲ့ဆရာဟာ ကိုယ်အလေးစားဆုံးနဲ့ အားကိုးမိတာ
ဆရာပါ။ အမေ့လက်ထဲကနေ လက်တွဲဖြုတ်ပြီး သူစိမ်းလက်ထဲကို စိတ်ချလက်ချ ထဲ့ပေးလိုက်တာ
ဆရာတွေထံပဲ ဖြစ်ပါတယ်။ အမေက ဘယ်သူခေါ်ခေါ် မလိုက်နဲ့ ၊ ဘယ်သူမှ စိတ်မချလို့
ဘယ်သူစိမ်း လက်မှ မထဲ့ရာက အမေ စိတ်ချလက်ချ ထဲ့လိုက်ပြီး အဲဒီ သူက အမေ့လိုပဲ
ကိုယ့်ကို ဆုံးမသွန်သင်ယုံမက စာတွေ ကဗျာတွေပါ သင်ပေးတဲ့အခါ အားကိုးတကြီး
ဖြစ်ရပါတယ်။ ဒါ့ကြောင့်လည်း လက်ဦးဆရာ မည်ထိုက်စွာကား၊ ပုဗ္ဗာစရိယ မိနှင့်ဖ လို့ဆိုကြတာပါ။ ဆရာတွေရဲ့
ကျေးဇူးကတော့ ပြောလို့ကုန်နိုင်မယ် မထင်ပါဘူး။ ယနေ့ ခေတ်မှာတော့ အဲဒီ ဆရာတွေအပေါ်မှာ
အထင်မှား အမြင်မှားတာလား၊ အထင်လွဲ အမြင်လွဲတာ တွေလား မသိပါဘူး၊ ပြောကြဆိုကြ တာတွေ
နားမဆံ့အောင် ကြားရတဲ့ အခါ အံ့ဩ မိပါတယ်။ လူတိုင်းမဟုတ်သလို၊ ဆရာတိုင်းတော့
မဟုတ်ပါဘူးဆိုတာတော့ စကားပလ္လင်ခံပါရစေ။ ကံကောင်းထောက်မတယ် ပြောရမလား မသိပါဘူး၊
သူငယ်တန်းကနေ ဘွဲ့ရသည်အထိ သူ့ဆီ ကျူရှင်လာတက်ဘို့ ခေါ်တဲ့ ဆရာမျိုးမတွေ့ဘူးသလို၊
ဆရာ၊ဆရာမ သင်တာ နားမလည်ဘူး၊ စာသင်မကောင်းတဲ့ ဆရာ၊ အသင်အပြ မကောင်းတဲ့ဆရာ ဆိုတာတွေ
ကျမ ပညာသင်ယူခဲ့တဲ့ သက်တမ်း (၁၇) နှစ်အတွင်း မှာ တခါမှတောင် မတွေ့ဘူးပါဘူး။
ကိုယ်ကိုယ်တိုင် ကျောင်းဆရာမလုပ်ခဲ့တဲ့ သက်တမ်း တစ်လျှောက် မှာလည်း
ကျောင်းသားတွေကို အချောင်ခိုပြီး သင်လိုက်မဟဲ့ ဆိုတဲ့ ဆရာ/ဆရာမ မျိုး
မတွေ့ခဲ့ပါဘူး။ တစ်ခုတော့ရှိပါတယ်။ သူရှင်းပြတာကို ကျောင်းသားတွေ နားမလည်တာနဲ့
ပတ်သက်ပြီး စိတ်ဓါတ်ကျတတ်တဲ့ ဆရာ/ဆရာမ တစ်ချို့ရှိသလို၊ ဘယ်လောက်ရှင်းပြ ရှင်းပြ
ဘယ်လိုမှ သဘောမပေါက်တဲ့ အင်မတန် နားဝေးတဲ့ ကလေးမျိုး ကိုလည်း တွေ့ခဲ့ဘူးပါတယ်။
အဲဒီမှာ သင်ယူတဲ့သူနဲ့ သင်ကြားသူကြားက ပြဿနာ စတာပါပဲ။
သင်ကြားသူ ဆိုတဲ့ ဆရာတွေ ဘက်ကကြည့်ရင်၊ ကျောင်းဆရာ ဘယ်လိုဖြစ်လာသလဲ၊ ဘာ့ကြောင့်
ကျောင်းဆရာ ဖြစ်လာတာလဲ၊ ကျောင်းဆရာ တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ
ပြည့်ဝစွာနဲ့ ဖြစ်လာတာလား၊ မေးခွန်းတွေ အများကြီး ပေါ်လာနိုင်ပါတယ်။ အလုပ်မရှိလို့
ရတဲ့ အလုပ်ဝင်လုပ်ရာက ဖြစ်လာတာ။ ဒိထက် တက်လမ်းရှိတဲ့ အလုပ်ရရင် ပြောင်းဖို့ ခေတ္တ
ယာယီ ဝင်လုပ်တာ၊ အဲဒီလိုဝင်လုပ်ရာက ကံမကောင်း အကြောင်းမလှစွာပဲ ဆရာဘဝ မှာသောင်တင်
နေတာ။ အဲ..အဲဒီလို ဆရာ/ဆရာမ မျိုးတွေ ရှိသလို၊ ကျောင်းဆရာမှ မလုပ်ရရင် ဘယ်အလုပ်မှ
မလုပ်လို၊ ပညာသင်ပေးရင်း ဘဝကို ကျောင်းဆရာဘဝ မှာပဲ ပျော်ပျော်ကြီး
မြှုပ်နှံထားလိုတဲ့ ဆရာ/ဆရာမ မျိုးတွေလည်း အများကြီးပါ။ ကျောင်းဆရာ လုပ်လိုသူတိုင်း
ဆရာဖြစ်လာတာ မဟုတ်သလို၊ ဆရာဖြစ်လာသူတိုင်း ကျောင်းဆရာ လုပ်လိုသူများ မဟုတ်ကြပါဘူး။
ဒီအခြေအနေတွေကို ကျမတို့ငယ်စဉ်က မကြားခဲ့ရပါဘူး။ ဒီအခြေအနေတွေ ဖြစ်ရတာဟာ ခေတ်ကာလ
ခေတ်စနစ်ကြောင့်ပါလို့ ဆိုရင် မှားနိုင်မယ် မထင်ပါဘူး။ ကျမ မူလတန်းပြဆရာမ
စတင်လျှောက်စဉ်က အဖြစ်အပျက် ကလေးပါ။ ၁၉၈၈ခုနှစ် ရှစ်လေးလုံး
အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းတွေ ပိတ်လိုက်ရပါတယ်။ အဲဒီနောက် ၁၉၈၉ မှာ
အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ပါတယ်။ တက္ကသိုလ်တွေကတော့ မဖွင့်သေးပါဘူး။
အရေးအခင်းကာလမှာ ကျောင်းသားတွေ ဘက်ကရပ်တည်ခဲ့တဲ့ ဆရာ/ဆရာမ တော်တော်များများ
အလုပ်ပြုတ်ကုန်ပါတယ်။ တစ်ချို့လည်း ကျောင်းသားတွေနဲ့ အတူ တောတွင်းရောက်ကြပါတယ်။
အဲဒီတော့ ဆရာ/ဆရာမ တော်တော် လစ်လပ်ပါတယ်။ အရေးအခင်း အပြီး အလုပ်အကိုင်ရှားပါး
နေချိန်မှာ ပထမဆုံး ဝန်ထမ်းခေါ်တာ ကျောင်းဆရာ ရာထူးပါ။ ဘွဲ့ရ ကြီးကြီးငယ်ငယ်
ပုပုရွရွ အကုန်လာလျှောက်ကြပါတယ်။ ဘာလို့ ဒီလို လျှောက်ကြ သလဲ ဆိုတော့
အသက်ကန့်သတ်ချက်က အသက်(၄၀) အထိ ပေးထားလို့ပါ။ အရင့်အရင်က မူလတန်းပြဆရာမ ခေါ်ရင်
အသက်ကန့်သတ်ချက်က (၂၅)နှစ်ပါ။ ဘယ်လိုဖြစ်သလဲဆိုတာ နားစွင့်တော့မှ ဖြစ်ပုံကို
သိရပါတယ်။ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရှစ်လေးလုံးကာလမှာ
နိဋ္ဌိတံသွားပါတယ်။ လမ်းစဉ်ပါတီ ရုံးက ဝန်ထမ်းတွေ အကုန် အလုပ်လက်မဲ့ ဖြစ်ပါတယ်။
သူတို့ကို အလုပ်ပြန်ပေးဘို့ အတွက် ခေါ်တာလို့ ဆိုပါတယ်။ ဒီသတင်းကြားတဲ့ တချို့တွေက
တို့တော့ ရဖို့မမြင်ဆိုပြီး လျှောက်လွှာပြန်ရုပ်တဲ့သူ ရှိသလို ရေးဖြေ
မဖြေတော့တာတွေတောင် ရှိပါတယ်။ ကျမကတော့ ကျောင်းဆရာမ လုပ်ချင်သူ ဖြစ်တဲ့အတွက်
ဒီတစ်ခါ မအောင်လည်း နောက်ထပ်ဖြေ၊ မရမချင်း ဖြေပြီး ဆရာမဖြစ်တဲ့ အထိ ဖြေဘို့
စိတ်ကူးရှိတာမို့ အတွေ့အကြုံရလည်း ရဆိုပြီး ဝင်ဖြေလိုက်ပါတယ်။ တကယ်လည်း
ပါတီပြုတ်(ထိုစဉ်ကအခေါ်အဝေါ်) တွေ အများသားပင်၊ သူတို့ ကြည့်ရတာလည်း ယုံကြည်မှု
အပြည့်ရှိတဲ့ ပုံစံပါပဲ။ သူတို့ပဲ ရမှာဆိုတဲ့ ပုံစံပါ။ ရေးဖြေမှာ
မေးတဲ့မေးခွန်းတွေ အားလုံး မမှတ်မိပေမယ့် မမေ့နိုင်ဖြစ်ရတဲ့ မေးခွန်းလေးရှိပါတယ်။
အဲဒါကတော့ ဆရာကျင့်ဝတ် ဘယ်နှစ်ပါးရှိသလဲ။ ဖော်ပြပါတဲ့။ မေးခွန်းက ရိုးရိုးလေးပါပဲ။
မမေ့နိုင်တာက စာမေးပွဲ ဖြေအပြီး ပြန်အထွက်မှာပါ။
“ ဆရာ့ကျင့်ဝတ်
ငါးပါးရှိမှန်း သိတယ်။ တခုချင်း မသိလို့ မဖြေခဲ့ဘူး” ဆိုတဲ့ အသံတွေ ထွက်လာပါတယ်။
တစ်ယောက်ကတော့ ကျမကို လက်ညှိုးထိုးပြီး “ အဲဒီ ညီမလေး ဖြေတာတွေ့လို့ ပြပါဆိုတာ
မပြဘူးတဲ့”
ကျမလည်း “
ကျောင်းဆရာမ လုပ်မယ့်သူက ဆရာ့ဝတ်တောင်မသိဘဲ လုပ်ချင်လား၊ ဒါ့ကြောင့် မပြောတာလို့ “
ပြန်ပြောလိုက်ပါတယ်။ အဲဒီ ပါတီပြုတ်တွေ အများအပြား ဆရာ/ဆရာမ တွေဖြစ်ကြပါတယ်။
ကျမလည်း ဒီတစ်ကြိမ်ဖြေပြီး ဆရာမ ဖြစ်ခဲ့ပါတယ်။ ကျမတို့ ဘာသင်တန်းမှ မတက်ရပါပဲ
တာဝန်ကျတဲ့ ကျောင်းမှာ တာဝန်ပေးတဲ့ အတန်းကို သင်ကြရပါတယ်။ ယခုလက်ရှိက အဲဒီ ၈၈
နောက်ပိုင်း ဆရာလောကထဲ ရောက်လာတဲ့ သူတွေများတာကို တွေ့နေရပါတယ်။ ကလေးဗဟိုပြုတာတွေ၊
ဆရာဗဟိုပြုတာတွေ ဘာမှမသိပါဘူး၊ ကိုယ့်တုန်းက ဆရာတွေ ဘယ်လိုသင်သလဲ၊ အဲဒီလို
ပုံစံနဲ့ပဲ သင်ကြတာပါပဲ။ နောက်ပိုင်း တဖြည်းဖြည်း ကိုယ့်ဘာသာ လေ့လာမှတ်သား၊
စာသင်ကောင်းတဲ့ ဆရာတွေရဲ့ သင်ကြားမှု ပုံစံကို လေ့လာမှတ်သားပြီး သင်ကြရတာပါ။
စာသင်ခန်းထဲ ဝင်လာရင် စာအုပ် လုံးဝ မကိုင်ပဲ မြေဖြူလေး လက်ကကိုင်ပြီး သင်တဲ့
ဆရာကို အားကျလွန်းလို့ ကိုယ်လဲ ဆရာဖြစ်ရော အဲဒီလို ဖြစ်အောင် လေ့ကျင့်ယူပြီး
လုပ်တော့တာပါပဲ။ အဲဒါမျိုးက ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို အတွေ့အကြုံရယ်၊
အလေ့အကျင့်ရယ် အများကြီးလိုပါတယ်။ နောက်စာသင်နည်း ဆိုတာ သင်တန်းဘယ်လောက် တက်တက်
လက်တွေ့ ကြုံရတာက ပိုထိရောက်တာလည်း ရှိပါတယ်။ ကျမ ရှစ်တန်း အရောက်မှာ မမေ့နိုင်တဲ့
ဆရာမတစ်ယောက်နဲ့ ဆုံရပါတယ်။ ကျမက ပထဝီဘာသာရပ်ကို လုံးဝ စိတ်မဝင်စားပါဘူး။ ဘယ်လိုမှ
မှတ်လို့ နားမလည်နိုင်တဲ့ အတွက် နားမလည်ပဲ အသေကျက်တာ ပင်ပန်းလှပါတယ်။ နားမလည်ပဲ
အလွတ်ကျက်လို့လား မသိပါဘူး၊ စာမေးပွဲဖြေရင် မေ့ကုန်ပါတယ်။ အစမေ့ရင် ဘာမှ
မရတော့ပါဘူး။ မြေပုံလဲ မဆွဲပါဘူး၊ ချန်ထားခဲ့ပါတယ်။ တခြားဘာသာတွေ အမှတ်(၈၀)၊ (၉၀)
ရပြီး ပထဝီဆိုရင် (၆၀) တခါမှမကျော်ပါဘူး။ အဲဒီတော့ အမှတ်စာရင်း ပြောလို့ အမှတ်တွေပေါင်းထားရင်
ကျမအမှတ်က အဆင့်(၁)ပါ။ ပထဝီ အမှတ်ထွက်လာပြီဆို အားလုံးနဲ့ မတိမ်းမယိမ်းကနေ ထခါထဲ
စောက်ထိုးကျသွားတော့တာပါပဲ။ သူများနဲ့ (၁၅) (၂၀) က အဲဒီမှာ ကွာတော့တာကိုး။
ရှစ်တန်းရောက်တဲ့ နှစ်မှာ ဒီဆရာမနဲ့ ဆုံရတာက ဆရာမ သင်ပေးတဲ့ ပုံစံကြောင့် ပထဝီကို
စိတ်ပါဝင်စား လာပြီး ကောင်းကောင်းလည်း နားလည်လာပါတော့တယ်။
မှတ်လည်းမှတ်လာနိုင်ပါတယ်။ အမှတ်တွေလည်း တက်လာပြီး ပထဝီဘာသာရပ်
ကိုစိတ်ဝင်စားလာပါတယ်။ ဆရာမက အတန်းထဲဝင်ရင် ဘာစာအုပ်မှ မကိုင်ပါဘူး။ အဲဒီ ခေတ်က
ဆရာက မှတ်စု ခေါ်ပေးရတာကိုတောင် မှတ်စု မခေါ်ပါဘူး။ သူရှင်းပြပြီးရင်
ဖတ်စာအုပ်ထုတ်စေကာ ဘယ်ကနေ ဘယ်အထိ ဝိုက်ကွင်းခတ်၊ အဲဒီ အပိုဒ်ကျော် ဒီလိုပြောပြီး
အဲဒါပြန်ဖတ်။ မှတ်စု မှတ်ချင်ရင် တခေါက်ဖတ်ပြီး ကိုယ့်ဘာသာ အိမ်မှာရေး၊
ဒီလိုသင်တာပါ။ မြေပုံဆိုတာ လှဘို့မလို၊ မှန်ရင်ရဘီ ဆိုလို့ ကျမနဲ့
အံကိုက်ပါပဲ။ ကျောက်စိမ်းထွက်တဲ့မြို့၊ ခဲမဖြူ၊ ရေနံ စသဖြင့် ထွက်တဲ့ မြို့တွေကို
အသေအလဲ ကျက်ရာက ဘာ့ကြောင့် ဒီနေရာမှာထွက်ရတာ၊ ဒါတွေက ဘယ်လိုအရပ်ဒေသမှာမှ
ဖြစ်ထွန်းနိုင်တာ သိလာတော့ အထူးတလည် ကျက်စရာမလိုပဲ မှတ်ရလွယ်သွားလိုက်တာ
အခုထိတောင် မမေ့တော့ပါဘူး။ ဆရာမက စာသင်ချိန် အပြည့် စာချည်းသင်တာ မဟုတ်ပါဘူး။
ဆုံးမစရာတွေ အတွေ့အကြုံတွေကိုလဲ ပြောပြတတ်ပါတယ်။ အဲဒီ အချိန်က ယောင်္ကျားလေး၊
မိန်းကလေး ပုဆိုး ထမီဝတ်ရင် အောက်မှာ ကြမ်းတိုက်ပြီး တရွတ်ဆွဲပါတယ်။
ဆရာမတူလေးတွေလည်း အဲလို တရွတ်ဆွဲပြီး ဝတ်တတ်တဲ့ အကြောင်းနဲ့ တရွတ်ဆွဲ ဝတ်တော့
အောက်နားတွေ ဂျီးပေလို့ အမေ၊ကြီးတော်တွေက လျှော်တဲ့ အခါ ပင်ပန်းပုံကို သေသေချာချာ
ရှင်းပြတာ မဝတ်တော့ကြောင်း ရီစရာတွေနဲ့ ပြောပြပါတယ်။ ဆရာမ မဆူပါပဲ အတန်းထဲက
တရွတ်ဆွဲတွေ ပျောက်ကုန်ပါတယ်။ စာသင်ရင်း ကျောင်းသားတွေ ညီးငွေ့တာ ကိုလည်း သိပါတယ်၊
အဲလိုသိရင် ကလေးတို့ ဒီအခန်းကတော့ အဲဒီလိုပဲ ပျင်းစရာကောင်းတယ်၊ ခဏ သီးခံ
နားထောင်လိုက်လို့ ပြောတဲ့အခါ ပြော နားလိုက်ရင်ကောင်းမယ်ဆိုပီး နားချင်
နားပေးပါတယ်။ အတုယူစရာ ကောင်းလှပါတယ်။ စာသင်ပေးတဲ့ ဆရာဆိုတာ တတ်အောင်သင်ကြတာပါပဲ။
ဒါပေမယ့် သင်ကြားရာမှာ စေတနာ၊ ဝါသနာ၊ အနစ်နာ သာမက အခြေအနေ အချိန်အခါ လိုက်ပြီး
သင်ကြားနည်း စနစ် လဲလိုပါတယ်။ စာအုပ်ထဲက စနစ်ကို တသမတ်ထဲ ကျင့်လို့လည်း
မဖြစ်ပါဘူး။
“
ငါဆရာပဲ၊ငါပြောတာနားထောင်၊ ဒီအချိန်မှာ ဒါပြီးမှ ဖြစ်မှာ ၊ နားလည် မလည်
ပြီးအောင်သင်မယ် ၊ ဒါမှမဟုတ် ကျောင်းသား စိတ်ဝင်စားလား၊ စိတ်မဝင်စားလား၊ မသိ၊
သင်နေခဲ့ပါက သင်ယူသူ ကျောင်းသားနဲ့ အံမကိုက်တော့ပါဘူး။
အချို့ဆရာ/ဆရာမများကတော့
စာသင်ရင် ဖတ်စာအုပ်ကို မျက်နှာမှ မခွာ၊ အတန်းကိုလည်း မကြည့်ပဲ သင်ကြပါတယ်။
ထိုဆရာမျိုးနှင့် ကြုံရပါက ကျောင်းသားတစ်ချို့က တိုးတိုး တိုးတိုး ကြိတ်ပြီး
စကားပြောသူကပြော၊ မုန့်ခိုးစားသူက စား လုပ်တတ်ကြပါတယ်။ စာထဲ စိတ်မရောက်ကြတော့ပေ။
ဗရုတ်ကျသော ကျောင်းသားတချို့ဆိုပါက စာ`ရွက်ကို လိုက်လှန်သယောင်လုပ်ပြီး
စာမျက်နှာဂဏန်းများကို စာရွက်လှန်ကြေး ဆော့ကြပါတယ်။ အချို့ဆရာ/ ဆရာမ ကတော့
ကျောက်သင်ပုန်းနှင့် မျက်နှာချင်းဆိုင်ကာ အတန်းကို ကျောခိုင်းပြီး တတွတ်တွတ်
ရွတ်ပါတယ်။ ခပ်ဆိုးဆိုး ကျောင်းသား များကတော့ အတန်းနောက်မှာ လက်ဝှေ့ပင်
ထိုးနေကြပါတော့တယ်။။ဆရာချင်း အတူတူပင် ဖြစ်သော်လည်း သင်နည်း အဖုံဖုံဖြင့်
သင်ကြပါတယ်။ အကြောင်းရင်းမှာ ဟိုး အရင်က ဆရာမများ ကဲ့သို့ စနစ်တကျ
သင်တန်းတက်ရောက်ပြီး ပညာရေး လောကသို့ ရောက်ရှိလာသူများ နည်းပါးခြင်းကြောင့်ပင်။
ခေတ်စနစ် ပြောင်းလဲမှုနှင့်အတူ ပညာရေးစနစ် အမျိုးမျိုး ပြောင်းကာ
ဆရာအရင်းအမြစ်များကလည်း နည်းမျိုးစုံဖြင့် ထွက်ပေါ်လာခြင်းကြောင့်ပင်။
ဆရာ/ဆရာမ လုပ်သက် (၁၀) နှစ်ခန့် အရောက်မှာမှ
စနစ်တစ်မျိုး ပြောင်းပြီး ဘာသာရပ်အလိုက် မွမ်းမံ သင်တန်းများ တက်ကြရပြန်ပါတယ်။ သို့သော်
သင်နည်းကား ခေါက်ရိုးကျိုးနေပြီ ဖြစ်၍ ဘာသင်တန်း ထပ်တက်တက် ကိုယ်သင်နေသည့် ပုံစံ
အတိုင်းပင် ဆက်လက် သင်ကြားမြဲ ဖြစ်ပါတယ်။ ကျမတို့ငယ်စဉ် ကလေးဘဝက ကြုံတွေ့ခဲ့ရသည့်
ဆရာ/ဆရာမများကတော့ ဆရာဖြစ်သင်တန်း အောင်ပြီးမှ ဆရာဖြစ်လာသူ တွေချည်းပင်။
ပညာရေးတက္ကသိုလ်၊ ဆရာအတတ်သင်ကျောင်း( ရန်ကင်း၊ သင်္ကံန်းကျွန်း) ( ထိုစဉ်က အခေါ်)၊
များမှ သင်တန်းဆင်းပြီး၊ တာဝန်ကျရာ ကျောင်းများသို့ ရောက်ရှိ လာကြခြင်း ဖြစ်ပါတယ်။
သင်တန်း မဆင်းမီ တန်းပြဆင်းတဲ့ အနေနဲ့ ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးရပါသေးတယ်။
အဲဒီ တန်းပြဆင်းရင်း သင်ကြားပုံကိုလည်း စာမေးပွဲ အမှတ်ယူပါတယ်။ ၂၀၀၀ ခုနှစ်
နောက်ပိုင်းမှာ ဆရာအတတ်သင်ကောလိပ် တွေ တိုးချဲ့ဖွင့်လှစ်ပြီး ဆရာများ
မွေးထုတ်လျက်ရှိတယ် ဆိုတဲ့ အတွက် နောင်နှစ် အနည်းငယ် အတွင်းမှာ စနစ်တကျ
သင်ကြားနည်းစနစ်တွေနဲ့ ပညာရေးမြှင့်တင် လာနိုင်မယ်လို့ ယူဆရပါတယ်။ အဓိက ကတော့
စနစ်တကျ၊ နည်းစနစ်မှနမှန်နဲ့ ကျောင်းသား နားလည် လက်ခံအောင် သင်ကြားပေးနိုင်တဲ့
ဆရာအရင်းအမြစ်ပါပဲ။
သင်ယူသူ ကျောင်းသားဆိုတာကလည်း အမျိုးမျိုး
ရှိတာပါပဲ။သင်ယူသူ ကျောင်းသားဆိုတာ
များသောအားဖြင့် ဥာဏ်ရည်က အတူတူပါပဲ၊ မှတ်ဥာဏ်အားနည်းတဲ့ ကလေးက ဝီရိယပိုစိုက်ရင်
သင်ယူရတာ အခက်အခဲ မရှိလှပါဘူး။ ကျောင်းသူ/ကျောင်းသားတွေဟာ များသောအားဖြင့်
ထိန်းချုပ်မှု အပေါ် မူတည်ပြီး ပညာကို သင်ယူကြရပါတယ်။ တချို့က စာကျက်လို့ ပြောမှ
စာကို ကျက်သလို၊ တချို့က သူ့အသိစိတ်နဲ့သူ ပြောစရာမလိုပဲ ကျက်မှတ် တတ်ပါတယ်။ အဓိက
ကတော့ သင်ကြားသူဆရာရဲ့ ဦးဆောင်မှု အောက်မှာ ကလေးတွေက စနစ်တကျ သင်ယူကြရတာပဲ
ဖြစ်ပါတယ်။ မိဘရဲ့ ပံ့ပိုးမှုကတော့ အနည်းငယ်လိုအပ်ပါတယ်။ ဆိုလိုတာက ကလေး အိမ်စာ
မှန်မှန် လုပ်မလုပ် ၊ အချိန်မှန် ကျောင်းတက်မတက်၊ အချိန်မှန် စာကျက်ဖို့ ဆိုတာတွေက
မိဘတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါ့ကြောင့် မိဘဆရာပူးပေါင်း ကလေးပညာကောင်းလို့
ဆိုခဲ့ကြတာပါ။ ဒါပေမယ့် မိဘတချို့ကျပြန်တော့ မိဘဆရာ ပူးပေါင်းပုံက
မှားယွင်းနေပြန်ပါတယ်။ အဲဒီ မှားယွင်းမှုဟာ ကလေးအပေါ်မှာ သွားပြီး သက်ရောက်ပါတယ်။
ကျောင်းမှာသင်တာ နားမလည်ရင် သူ့ကျူရှင်ဆီ သွားတက်ခိုင်းတာမျိုး၊
အတန်းပိုင်ဆရာထံမှာ ကျူရှင်တက်မှ စာမေးပွဲ အောင်မယ်ဆိုတဲ့ အမြင်မျိုးဟာ ကလေးတွေကို
သင်ယူလိုမှု လျော့ကျစေပါတယ်။ ဆရာစာသင်တာကို တချိန်ထဲ တပြိုင်ထဲ နားထောင်တာချင်း
အတူတူ အချို့ကလေးက ဒက်ကနဲ သဘောပေါက်ပြီး၊ အချို့က အခေါက်ခေါက်အခါခါမှ
သဘောပေါက်တတ်ပါတယ်။ ဒါ့ကြောင့် ဆရာ/ဆရာမတော်တော်များများက စာသင်ရင် နှစ်ခေါက်ကတော့
အနည်းဆုံး ရှင်းပြ ပြောပြလေ့ရှိပါတယ်။
ဆရာ/ဆရာမတွေရဲ့ အပြုအမူ အနေအထိုင်ကလည်း
စာသင်ရာမှာ စိတ်ဝင်စားဖွယ် စွဲဆောင်စေတတ်ပါတယ်။ ဆရာ/ဆရာမ အတန်းဝင်လာမှာကို
မျှော်လင့်စောင့်စား စေနိုင်တဲ့ အထိ စွမ်းရည်ရှိပါတယ်။ သင်မယ့်ဆရာက ပျင်းပျင်းရိရိ
အမူအယာ ရှိနေရင် သင်ယူတဲ့ ကလေးတွေကလည်း လိုက်ပြီး ပျင်းတတ်ပါတယ်။
ကျောင်းသူ/ကျောင်းသားဆိုတာက ဆရာမ စာသင်ဖို့ အတန်းထဲဝင်လာရင် ဆံထုံး ထုံးတာ ၊
ပန်းပန်တာက အစ စိတ်ဝင်စားပါတယ်။ အရာရာကို အတုမြင် အတတ်သင်ကြမယ့် အရွယ်ကိုး၊
သဇင်ပန်း မပေါ်တဲ့ရာသီမှာ သဇင်ပန်း ပန်လာရင်လည်း စိတ်ဝင်စားတာပါပဲ။ ဆံထုံးကို
တနေ့တမျိုး ပုံစံပြောင်းပြီး ထုံးတတ်တဲ့ ဆရာမဆိုရင် နေ့တိုင်း သူ့ဆံထုံးကို
စောင့်ကြည့်ကြတတ်ပါတယ်။ အဲဒီတော့ ဆရာမ စာသင်တာကို စိတ်မဝင်စားခင် ဆရာမ
အတန်းဝင်လာမှာကို စိတ်ဝင်စားစေတာကလည်း အဲဒီဘာသာရပ် သင်ကြားမယ့်အချိန်ကို သင်ယူဖို့
စိတ်ပါဝင်စားစွာ စောင့်နေမိခြင်းတမျိုးပါပဲ။ ကျမ အလယ်တန်းကျောင်းသူ ဘဝက ကြုံခဲ့ရတဲ့
ဆရာမတစ်ယောက် ဆိုရင် သူနေတဲ့ ရန်ကုန်မြို့ထဲကနေ ကျောင်းရှိရာ မြို့သစ်( ထိုစဉ်က)
ကို နေ့စဉ် ဘတ်စ်ကားနဲ့ လာရပါတယ်။ အတန်းထဲ ရောက်ရင် ကားစီးရင်းကြုံရတဲ့
အဖြစ်အပျက်တွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပြောပြတတ်ပါတယ်။ ဆရာမက ဘာကိုပဲ
ဖြစ်ဖြစ် စိတ်မညစ်တတ်ပဲ အရာရာကို ခွင့်လွှတ်တဲ့ အမြင်နဲ့ ကြည့်လေ့ ပြောလေ့ရှိပါတယ်။
တော်ရုံတန်ရုံ ကိစ္စကို ရယ်ရယ်မောမောနဲ့ပဲ ပြီးသွားတတ်ပါတယ်။ ဒါ့ကြောင့်
ဘတ်စ်ကားစီးရင်း ကြုံရတဲ့ အကြောင်းတွေကို ကျမတို့ အားလုံး နားထောင်ပြီး သဘောကျ
ကြပါတယ်။ တခါတလေ ဆရာမက အမူအယာပါလွန်းရင် ကျမတို့ကလေးတွေ အူတက်မတတ် ရယ်ရတာ
မှတ်မိပါသေးတယ်။ အဲဒီလို ဆယ်မိနစ်လောက် ပြောဆိုပြီး “ ကဲ စာစသင်ကြရအောင်” လို့
ပြောပြီး သင်ခန်းစာကို သင်တာပါ။ အဲဒီအချိန်မှာ ကျမတို့ စိတ်တွေဟာ ပေါ့ပါးပြီး
စာသင်တာနားထောင်ဖို့ အဆင်သင့်ဖြစ်ပြီး တက်ကြွ နေကြပါတော့တယ်။ အဲဒီတော့ ကျမတို့
ကျောင်းသား/ကျောင်းသူတွေက ဆရာမ အတန်းဝင်လာမယ့် အချိန်ကို မျှော်မိကြပါတယ်။ ကလေးတွေ
ဖြစ်လေ့ရှိတာပါ။ ဒါကြောင့် ကလေးစိတ်ပညာတို့၊ သင်ယူမှု သင်ကြားမှု အခြေခံတို့၊ သင်ကြားမှု
အထောက်အကူပြု ပစ္စည်းတို့ ဆိုတာတွေဟာ အရေးပါတာပါ။ သင်ကြားမှု အထောက်အကူပြု ပစ္စည်းဆိုတာက
ကိုင်တွယ်လို့ရပြီး မြင်တွေ့ရတဲ့ အရာသာမဟုတ်၊ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေလည်း
ပါဝင်ပါတယ်။
ဒါ့ကြောင့် သင်ကြားသူ ဆရာ/ဆရာမတွေနဲ့ သင်ယူသူ
ကျောင်းသား/ကျောင်းသူတွေ အကြားမှာ ကွာဟချက် ကြီးကြီးမားမား ရှိနေလို့ မဖြစ်ပါဘူး။
အဓိက ကတော့ စနစ်မူမှန်ပြီး နားလည်မှုပုံစံ ထပ်တူကျနေဖို့သာ လိုအပ်ပါတယ်။ ကွာဟချက်
ကျဉ်းမြောင်းလေ အနာဂတ်ပညာရေး ပုံဖော်မှုတွေ အောင်မြင်ဖို့ လမ်းစ ကျယ်ပြန့်
လာလေသာဖြစ်ပါတယ်။
No comments:
Post a Comment