February 12, 2014

ဖေဖေါ်ဝါရီကို အမှတ်ရစေသူများ- ၂

ဒေါ်ဒေါ်( ဒေါ်မြကြည်)

ဖေဖေါ်ဝါရီလ ရောက်တဲ့ အခါ ကိုယ့်ဘဝမှာ  အမှတ်တရဆိုတာထက် ရင်ထဲမှာ စူးတွေ ဆောက်တွေနဲ့ သပ်လျှိုထားခဲ့ သလို အမှတ်ရစေတဲ့ အကြောင်းတွေကို ဖြစ်ပေါ်စေတဲ့ အမှတ်ရစေတဲ့သူတွေ တော်တော် များများ ရှိနေပါလား ဆိုတာ သတိပြုလာမိတဲ့ အခိုက် ဒီစာတွေကို ရေးဖြစ်ပါတော့တယ်။

ဒေါ်ဒေါ်က ကျမနဲ့ သွေးသားတော်စပ်သူ မဟုတ်ပေမယ့် ကျမ အမှတ်ရနေရတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ တကယ်တန်း ပြောရရင် ဖေဖေါ်ဝါရီလကို အမှတ်ရစေတဲ့ ပထမဆုံးသော သူ  တစ်ယောက်ပါ၊ အဖေ့ကို အရင် ရေးဖြစ်ခဲ့ပေမယ့် တကယ်တန်း ဖေဖေါ်ဝါရီလ ရောက်တိုင်း အမှတ်ရဖို့ အရင်ဆုံး ဖြစ်ခဲ့တာကတော့ ဒေါ်ဒေါ်ပါ။ ဒေါ်ဒေါ်ဟာ ကျမဘဝမှာ ပထမဆုံး တွေ့ကြုံခဲ့ရတဲ့ သက်ရှိ ဝတ္ထုတစ်ပုဒ်လို့ ပြောရရင် မမှားနိုင်သလို ကျမ မိခင်ပြီးရင် အမေအရွယ် အမျိုးသမီးကြီး တစ်ယောက်ကို  ပထမဆုံး ခင်မင် သံယောဇဉ်  ဖြစ်ခဲ့ရသူလဲပဲ ဖြစ်ပါတယ်။ ဒေါ်ဒေါ်ဟာ လူ့ဘဝစတယ်လို့ ပြောကြတဲ့ အသက်(၄၀) စွန်းကာစမှာပဲ လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်တဲ့ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၃၀) ကတည်းက ကွယ်လွန်ခဲ့တာ သက်ရှိထင်ရှား ရှိနေမယ်ဆိုပါက အသက်(၇၀) နီးပါး ရှိနေမှာ ဖြစ်ပါတယ်။ ကျမ အမေထက် တစ်နှစ်ကျော်ကျော်ခန့် ကြီးပါတယ်။
          
           ဒေါ်ဒေါ်နဲ့ ကျမ ခင်မင်ခဲ့ကြတာ ဒေါ်ဒေါ့်သမီး ဖြစ်တဲ့ ကျမ သူငယ်ချင်းကြောင့် ဖြစ်ပေမယ့် တကယ်တန်းကြ မိဘချင်း  မိတ်ဆွေ သူငယ်ချင်း ဖြစ်တာကြောင့်  ပိုပြီး ရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါ်ဒေါ့် ခင်ပွန်းက ကျမ ဖေဖေရဲ့ သူငယ်ချင်းပါ။ ဘဏ်ဝန်ထမ်းတွေ ဖြစ်ပေမယ့် ဌာနတော့ မတူပါဘူး။ အိမ်ချင်းကလဲ တစ်မြို့နယ်ထဲ နေပေမယ့် လမ်းနဲနဲ ခြားပါတယ်။
        ညနေ ထမင်းစားသောက် ပြီးရင် ဒေါ်ဒေါ်တို့ မိသားစုက ကျမတို့ အိမ်ဘက်ကို လမ်းလျှောက်ရင်း ဝင်လာလည်လေ့ရှိပါတယ်။ ကျမတို့က မိသားစုလိုက် သွားလည်တာ မရှိသလောက်ပါ။ အမေက ကျောင်းဆရာမ ဆိုတော့ ကျောင်းက အပြန် အိမ်မှုကိစ္စ လုပ်စရာတွေ လုပ်တာနဲ့ ဘယ်မှ မထွက်ဖြစ်ပဲ အိမ်လာလည်ရင် ဝမ်းသာ အားရ စကားပြောဖြစ်ကြပါတယ်။
    ကျမတို့ ကလေးတွေကလည်း အင်မတန် ဝမ်းသာကြပါတယ်။ ကျောင်းမှာ တစ်ခန်းထဲပေမယ့် ထင်သလောက် မဆော့ရပဲ အိမ်လာမှ  လွတ်လွတ်လပ်လပ် ဆော့ကစားကြရတဲ့ အတွက် ပျော်ကြတာပါ။

  ဒေါ်ဒေါ်နဲ့ ကျမအမေက ကလေးမွေးထားတာ တစ်ဖက်နဲ့တစ်ဖက် အဖော်ရအောင် မွေးထားလား မှတ်ရပါတယ်။ ဒေါ်ဒေါ့်သား အကြီးဆုံးက ကျမအကို အကြီးဆုံးနဲ့သက်တူ ရွယ်တူ။ ဒုတိယ သမီးက ကျမနဲ့ သက်တူရွ.ယ်တူ၊ ကျောင်းမှာလဲ စာသင်ခန်းတစ်ခန်းထဲအတူ၊ ကျမအောက်က မောင်လေးနဲ့ ဒေါ်ဒေါ့်သား တတိယမြောက်နဲ့က သက်တူရွယ်တူ၊ တစ်ခါ အဲဒီအောက်က မိန်းကလေးနဲ့ကျမ ညီမနဲ့သက်တူရွယ်တူ၊ ဒေါ်ဒေါ်က သားသမီး(၅)ယောက် မွေးထားတာ၊ အဲဒီ (၅)ယောက်စလုံး အစဉ်အတိုင်း ကျမတို့ မောင်နှမတစ်တွေနဲ့ သက်တူရွယ်တူတွေ ဖြစ်နေပါတယ်။ ဒါတင်မက ယျောင်္ားလေးနဲ့မိန်းကလေး အဲလိုတောင် မဟုတ်ပဲ ယောင်္ကျားလေးဆို ဒီဘက်က ယောင်္ကျားလေး၊ မိန်းကလေးဆို ဒီဘက်က မိန်းကလေး ဆိုတော့  အတန်းတူ သူငယ်ချင်းတွေပါ ဖြစ်ကုန်ပါတယ်။ တစ်မိသားစုလုံး သူငယ်ချင်းတွေ ချည်း ဖြစ်ကြတာပါ။
   ဒေါ်ဒေါ်နဲ့ ကျမအမေက ခင်ပွန်းသည်ချင်း သူငယ်ချင်းဖြစ်ရာက ခင်မင်ကြတာဖြစ်ပါတယ်။ နောက်ပိုင်း ဖေဖေက တာဝန်ကျရာ နယ်မှာ သွားနေရတဲ့အခါ ဒေါ်ဒေါ်တို့က အဝင်အထွက် မပျက်ခဲ့ပါဘူး။
  ဒေါ်ဒေါ်က ပိန်ပိန်ပါးပါး အသားဖြူဖြူနဲ့ မျက်နှာ အင်မတန် ချိုပါတယ်။ ပြေပြစ်လှပတဲ့ ဒေါ်ဒေါ့်ရဲ့ ရုပ်ရည်နဲ့ မလိုက်ဖက်တာက ကွမ်းအမြဲစားနေတတ်တာပါ။ ကွမ်းကို အိမ်မှာ ကိုယ့်ဘာသာ ယာစားတတ်ပါတယ်။ ဝန်ထမ်းဖြစ်တဲ့ ခင်ပွန်းသည် ရတဲ့ လစာနဲ့ လောက်ငှအောင် သုံးစွဲတတ်တာကို အတုယူဖွယ် တွေ့ရပါတယ်။ ဒေါ်ဒေါ့်ခင်ပွန်းဟာ အသောက်အစား လဲ မရှိတဲ့အတွက် အပို ကုန်စရာ မရှိပေမယ့် သားသမီး(၅)ယောက် အပါအဝင် မိသားစု  စုစုပေါင်း(၇) ယောက် စားစရိတ် ကျောင်းစားရိတ်ကို အရာရှိငယ်တစ်ယောက်ရဲ့ လစာနဲ့ အကြွေးလဲ မတင်အောင် တော်တော့်ကို ခြိုးခြံ နေထိုင် စားသောက်တာကို မှတ်မှတ်သားသား တွေ့ရပါတယ်။
  ကျမတို့ မိသားစုကလဲ ပြည့်စုံတဲ့ မိသားစုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဖေဖေ့ရဲ့ အရာရှိလစာ၊ အမေကလဲ ဝင်ငွေရှိတဲ့ ကျောင်းဆရာမ ဖြစ်တဲ့အပြင် ကျောင်းချိန် ပြင်ပမှာ ကျူရှင်ကျောင်း ဖွင့်ထားတဲ့ အတွက် ဝင်ငွေ အထိုက်အလျှောက် ရှိတဲ့ အပြင် အစားကောင်းကို ကြိုက်နှစ်သက်တဲ့ အတွက် ဆီပြန်ဟင်း ၊ အရည်သောက်ဟင်းနဲ့ တို့စရာ ငပိ မပါမဖြစ် အဲဒီလို စားပါတယ်။
 ဒေါ်ဒေါ်ကတော့ ဆီပြန်ဟင်းချက်တာ သိပ်မတွေ့ရပဲ ဘဲဥကြော်တာတောင် တစ်ယောက်တစ်လုံးနှုန်း သတ်မှတ်တာမျိုး မဟုတ်ပဲ ဘဲဥ ၃လုံးလောက်ကို ခေါက်ပြီး ကြက်သွန်နီများများ ခရမ်းချဉ်သီး ထဲ့ကာ ကြော်ပြီး ဟင်းချို ဒါမှမဟုတ် ချဉ်ရည်ဟင်းနဲ့ တွဲပြီး ချက်တတ်ပါတယ်။ ထမင်းစားတဲ့ အခါ ဆာတဲ့သူကစား အဲလိုမျိုး မဟုတ်ပဲ မိသားစု ဆုံမှ အတူ စုစားကြပါတယ်။ ကျမက ချွေတာရေး လုပ်မှန်းမသိပဲ အဲလို စားတာကို သဘောကျနေပါတယ်။ ဘယ်လောက်ဆာဆာ မစားသေးပဲ သူ့ရဲ့ ခင်ပွန်းနဲ့ သားသမီးတွေစုံမှ အတူစားတာကို သဘောကျ နေခဲ့ဖူးပါတယ်။  သူငယ်ချင်းနဲ့အတူ လိုက်လည်ရင်း ဒေါ်ဒေါ်က ထမင်းစားခိုင်းပါက မကြာခဏ ဝင်စားတတ်ပါတယ်။ အားနာရမှန်းမသိခဲ့၊ အကြောင်းက ကျမက ဆီပြန်ဟင်းတွေ မကြိုက်၊ သားငါးမပါပဲ ဖွယ်ဖွယ်ရာရာ ချက်ထားတတ်သည့် ဒေါ်ဒေါ်ချက်သည့် ဟင်းတွေကို စားချင်၍ပဲ ဖြစ်ပါတယ်။
     ကန်စွန်းရွက်ကို အစိမ်းရောင်မပျက် ရေနွေးဖြောပြီး မန်ကျည်းရေ၊ ကြက်သွန်ကြော်၊ နှမ်းတို့နှင့် သုပ်ထားသည့် ကန်စွန်းရွက်သုပ်လိုမျိုး၊ ကန်စွန်းရွက် အနီ၊ ကင်ပွန်းချဉ်ရွက် ဇရစ်ရိုးတို့ကို ပုစွန်ခြောက်မှုန့် ငါးမူးဖိုး ပြေးဝယ်ပြီးထဲ့ကာ ခပ်စပ်စပ်ချက်ထားသည့် စပ်ချဉ်ဟင်း လို့ ဒေါ်ဒေါ်ပြောသည့် ဟင်းမျိုးတွေ ကို ဒေါ်ဒေါ့် အိမ်မှာသာ ပထမဆုံး စားဖူးတာ ဖြစ်ပါတယ်။
   ကျမအမေက ဒေါ်ဒေါ့်အိမ်မှာ ထမင်းစားခဲ့ပြီးပြီ ဆိုပါက အမြဲဆူပါတယ်။
" မမြကြည်က ခြစ်ခြုပ်ပြီး ချက်ထားရတာ ဘာလို့ သွားစားနေရတာလဲ"
အဲဒီကနေ ဟင်းအကုန်အကျ သက်သာအောင် ညနေစာကို မိသားစု ရုံးပြန် ကျောင်းပြန် အတူစု စားရတာဆိုတာပါ သိသွားတော့မှ ဒေါ်ဒေါ် ခေါ်ကျွေးရင် မစားတော့ပါ။ မစားရက်တော့တာဖြစ်ပါတော့တယ်။
   ဒေါ်ဒေါ်က ရိပ်မိပြီး မစားမှန်းသိတဲ့အခါ ကျမတို့ နားလည်မှု တစ်ခု လုပ်ပါတယ်။ အဲဒါကတော့ အသားငါး ဆီပြန်ဟင်း ကြိုက်တဲ့ ဒေါ်ဒေါ့်သမီး ကျမရဲ့ သူငယ်ချင်းက ကျမအိမ်မှာ ကျမရဲ့ ကိုယ်တာ ဟင်းကို ယူစားပြီး ကျမက ဒေါ်ဒေါ်ချက်တဲ့ ဟင်းကို စားပါတယ်။ ဒီလိုနဲ့  သူ့လက်ရာကိုမှ ကြိုက်တဲ့ ကျမနဲ့ သံယောဇဉ်တွေ ပိုပီး ရှိလာခဲ့တဲ့ အပြင် မိသားစု ကိစ္စ၊ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းတွေ ဖွင့်ပြောပြတဲ့ အထိ သမီး တစ်ယောက်လို ဖြစ်လာပါတော့တယ်။ သူ့သမီးကိုတောင် ပြောမပြတဲ့ အကြောင်းတွေ ကျမကို ရင်ဖွင့် ပြောပြလာပါတယ်။
  အဲဒီ အချိန်ကာလက ဒေါ်ဒေါ့် ခင်ပွန်း ရတဲ့ လခက (၃၀၀) ကျော်ပဲ ရှိပါတယ်။ ဒါက အရာရှိငယ် တစ်ယောက်ရဲ့ လစာပါ။ ကျောင်းစားရိတ်၊ ကလေး မုန့်ဖိုး နဲ့ လမ်းစားရိတ် ဖယ်လိုက်ပြီး ဆန်ဝယ်၊ ဆီဝယ် ပြီးပါက ဟင်းချက်စရာ အတွက် တစ်နေ့ ငါးကျပ်သာ သုံးရပါမယ်။ ဒါ့ကြောင့်  အပို ဆိုလို့ ဘာတစ်ခုမှ မဝယ်နိုင်ပါဘူးတဲ့။ သူ အခုလောလောဆယ် လုပ်ချင်တာ တစ်ခုက သူ့ခင်ပွန်းကို တိုက်ပုံ အကျ င်္ီ တစ်ထည် ချုပ်ပေးချင်ပါတယ်တဲ့။
  ဒေါ်ဒေါ် ပြောပြမှ သတိထားမိပါတယ်။ ဒေါ်ဒေါ့် ခင်ပွန်းမှာ တိုက်ပုံ အင်္ကျီ တစ်ထည်သာ ရှိပါတယ်။ အဲဒီ တစ်ထည်တည်းသော တိုက်ပုံ အနက်ရောင်ကိုပဲ ဝတ်တတ်တာ သတိပြုမိပါတယ်။ ဒေါ်ဒေါ့် အိမ်မှာ အဆောင်အယောင် ဘာမှ မရှိပေမယ့် အိမ်ထဲဝင်လိုက်ရင် စိတ်ချမ်းမြေ့ စရာ ကောင်းလောက်အောင် ရှင်းသန့်နေပါတယ်။ ဧည့်ခန်းမှာ ထိုင်စရာခုံ တစ်လုံးမှ မရှိပဲ ပြောင်လက်အောင် တိုက်ထားတဲ့ သစ်သားကွပ်ပျစ်ခုသာ ရှိပါတယ်။ အဲဒီ ကွပ်ပျစ်မှာ ထိုင်ကြ၊ ထမင်းစားတော့လဲ အဲဒီ ကွပ်ပျစ်နားမှာပဲ စားပွဲအဝိုင်းလေး ချပြီး ဝိုင်းဖွဲ့ စားကြပေမယ့် ပျော်စရာ ကောင်းလှပါတယ်။
 ဒေါ်ဒေါ်ဟာ သူသာ ကွယ်လွန်သွားတာ သူ့ဆန္ဒမပြည့်သွားရှာပါဘူး။ ဒါ့ကြောင့် သူကွယ်လွန်ပြီး မကြာခင်နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ သူ့ခင်ပွန်းဟာ အဲဒီ တိုက်ပုံအနက်ကလေးနဲ့ပဲ လွှမ်းခြုံ သဂြိုလ်ခြင်း ခံခဲ့ရတာ မှတ်မိပါသေးတယ်။
   ကျမက နံနက်စာကို ထမင်းကျော်စားပါက ရင်ပြည့်ပြီး တစ်နေ့လုံး ဘာမှ စားလို့ မရတဲ့ အကြောင်း၊ ဒါ့ကြောင့် အမေက မိသားစု အားလုံး ထမင်းနဲ့ ပဲပြုတ်ကျော် စားပေမယ့် ကျမက မစားပဲ နေတဲ့အခါ   ဈေးထဲမှာ စားချင်တာ သွားစားဆိုကာ မုန့်ဖိုး တိတ်တိတ်လေး ပေးတဲ့ အကြောင်း ပြောရင်းက ဘာတွေ ဝယ်စားလဲ မေးပါတယ်။ ကျမက အသုပ်စုံတို့၊ မုန့်ဟင်းခါးတို့ ဝယ်စားတဲ့ အကြောင်း၊ ကျောင်းဖွင့်ရက် ဆိုပါက ကျောင်းမှာ ကိုယ့်မုန့်ဖိုးနဲ့ ဝယ်စားဖြစ်ကြောင်း၊ ကျောင်းပိတ်ရက် ဆိုပါက မုန့်ဖိုးမရရင် အမေက တခါတလေ အဲဒီလို ပေးတယ်ဆိုတာ ပြောပြပါတယ်။ ဒေါ်ဒေါ်က သူဆိုရင် အဲဒီလို နံနက်စာ ဝယ်မစားတာ အိမ်ထောင်ကျကတည်းက ဖြစ်တဲ့ အကြောင်း ၊ မုန့်ဟင်းခါး၊ အသုပ် သူမကြိုက်ပေမယ့် အုန်းနို့ခေါက်ဆွဲကို အရမ်းကြိုက်တဲ့ အကြောင်း ပြောပါတယ်။
   ကျမက ကျမ အမေ ဝယ်စားတဲ့ ဆိုင်က အုန်းနို့ခေါက်ဆွဲ အရမ်းကောင်းတဲ့ အကြောင်း၊ အုန်းနို့ခေါက်ဆွဲနဲ့ ကြက်ခြေထောက် ကြက်ခေါင်း ပဲသွေး စတာတွေပါ ထဲ့စားလို့ ရတဲ့ အကြောင်း ပြောပြတဲ့အခါ အံ့ဩ သွားပြီး အဲဒီလို ရောင်းနေတာ စားကြတာ သူမသိ၊ သူမစားတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ စားချင်လိုက်တာ၊ တစ်ခါလောက် ဝယ်စားမယ်လို့ ပြောပါတော့တယ်။ ဆိုင်နေရာကို ကျမက သေသေချာချာ ညွှန်ပြလိုက်ပါသေးတယ်။
  ဒေါ်ဒေါ့်ဆီ ရောက်တဲ့အခါ သတိရတဲ့အခိုက် အုန်းနို့ခေါက်ဆွဲဆိုင် ရှာလို့တွေ့သလား၊ ကောင်းတယ် မဟုတ်လား၊ ကြိုက်တယ်မှလား မေးလိုက်တိုင်း ရယ်နေပါတော့တယ်။ ဆိုင်ကို တွေ့ပြီ ဒါပေမယ့် ဝယ်မစားဖြစ်သေးဘူး လို့ မကြာခန ပြောပါတယ်။
  တစ်ရက် ညနေဖက် ဒေါ်ဒေါ့်သမီးဖြစ်သူ  ကျမသူငယ်ချင်းနဲ့ စကားတွေ ပြောကြရင်း ဒေါ်ဒေါ်က ကန်စွန်း၇ွက် ဝယ်ခိုင်းပါတယ်။ ဒေါ်ဒေါ်တို့နေတဲ့ အိမ်နားမှာ အားကစားကွင်းကြီး တစ်ခု ရှိပါတယ်။ အဲဒီကွင်းရဲ့ ပတ်ပတ်လည်မှာ ကန်စွန်းခင်း တမျှော်တခေါ်ရှိပါတယ်။ ကန်စွန်းစိုက်တဲ့ သူတွေက ကန်စွန်းခူးတဲ့သူ ငှားပြီး ခူးကာ အစည်းတွေ စည်းပြီး ကျမတို့ရပ်ကွက် ဈေးမှာ ဖောက်သည် သွင်းကြပါတယ်။ အဲဒီ စိုက်ခင်းမှာ သွားဝယ်ရင် ငါးမူးဖိုး  ဆိုပါက အစည်းလိုက်မဟုတ်ပဲ တစ်ပွေ့တစ်ပိုက်ကြီး ရပါတယ်။ အဲဒီ ကန်စွန်းရွက်တွေကို ဝိုင်းနွှင်ပေးရင်း ဒေါ်ဒေါ်က ပြောပါတယ်။ ဒီညနေ ကန်စွန်းရွက်သုပ်ရင် ကြက်သွန်ကြော်၊ နှမ်း မြေပဲ အားလုံးပေါင်း ငါးမူးဖိုး ဝယ်လိုက်ရင် ဒီဟင်းတစ်ခွက် တစ်ကျပ်ကျတယ်။ ဒေါ်ဒေါ် အုန်းနို့ခေါက်ဆွဲ ဝယ်စားဖို့ ဈေးထဲမှာ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်၊ ဆိုင်ရှေ့ ရောက်မှ ပြန်လှည့်လာခဲ့တာ အကြိမ်ကြိမ်ပဲ၊
  အုန်းနို့ခေါက်ဆွဲတစ်ပွဲ တစ်ကျပ်၊ ပဲသွေးရယ် ကြက်ခြေထောက် ဖြစ်ဖြစ် ကြက်ခေါင်းဖြစ်ဖြစ် ထဲ့စားလိုက်ရင် ငါးမတ်၊ တစ်ကျပ်ခွဲ လောက် ကျမယ်၊ ဒေါ်ဒေါ် မစားတော့ပါဘူး သမီးရယ်တဲ့။
  ဒီတော့မှ ရိပ်မိပြီး ဒေါ်ဒေါ့်ကို အံ့ဩသွားပါတယ်၊ စိတ်ထဲမှာ သနားသလို ဘယ်လိုဖြစ်မှန်း မသိပဲ၊
" ဒေါ်ဒေါ် ၊ ဒေါ်ဒေါ့်ကို ကျမ ဝယ်ကျွေးမယ်၊ ကျမက ကျောင်းတက်တဲ့နေ့မှာ ကားခနဲ့မုန့်ဖိုးတစ်နေ့(၁၀)ကျပ်ရတယ်။ အဲဒါ တစ်ခါတလေ စနေတနင်္ဂနွေ ကျောင်းပိတ်တဲ့ ရက်အထိ ပိုတတ်တယ်၊ ပိတ်ရက်ကျ ကျမ ဝယ်ခဲ့မယ် သိလား " ဆိုတော့
ဘာမှ ပြန်မပြောပဲ သူ့စတိုင် အတိုင်း ပြုံးနေပါတော့တယ်။
  ဒေါ်ဒေါ် လေဖြတ်ပြီး ဆေးရုံတင်လိုက် ရတယ်လို့ သိလိုက်ရတဲ့အခါ ကျောင်းက အပြန် ကမန်းကတန်းပဲ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြော အဆောင်ကို သွားခဲ့ပါတယ်၊ သတိမရပဲ အိပ်နေသလို အသက်ရှုသံ ခပ်ပြင်းပြင်းနဲ့ ပက်လက်ကလေး ငြိမ်သက်နေတဲ့ ပုံစံကို ကြည့်ပြီး  ဘာမှလဲ မဖြစ်ပါဘူး၊ ဆေးတွေ တစ်လုံးပြီး တစ်လုံးထိုးနေတာ ဆိုတော့ ပြန်နိုးလာမှာလို့ ထင်နေမိပါတယ်။ ကျမအသက်(၁၈)နှစ် အရွယ် ရောက်သည်အထိ  ခင်မင်ရတဲ့ သူတစ်ယောက် သတိလစ်နေတာကို တွေ့ရတာ ပထမဆုံး မြင်ကွင်းပါ။
  ဒေါ်ဒေါ်က အဲဒီနေ့မှာ ရေချိုး ခေါင်းလျှော်ပြီး အင်္ကျီတောင် မဝတ်ရသေး ပါးစပ် နဲနဲ ရွဲ့နေတာကို ဒေါ်ဒေါ့်ရဲ့ သမီး အငယ်ဆုံး လေးတန်းကျောင်းသူက
" အမေ့ပါးစပ် ရွဲ့နေတယ်"
ပြောတော့ မှန်ထဲ လှမ်းကြည့်လိုက်သေးတယ်၊ ပြီးတော့ သတိလစ်သွားတယ်လို့ သိလိုက်ရပါတယ်။
 မလှုပ်မယှက် ဘာမှ မလုပ်နိုင်တော့တဲ့ သူကို  သားသမီး  တစ်တွေ တစ်လှည့်စီ စောင့်ရင်းက (၃) ရက်မြောက်မှာ ကျမသူငယ်ချင်း စောင့်ရတဲ့ အချိန်မှာ ကျမပါ အတူ ကူစောင့်ပေးခဲ့ပါတယ်။ ဒီ(၃) ရက်အတွင်း အကိုတွေ မောင်တွေလဲ ပင်ပန်းနေပြီဖြစ်တဲ့ အတွက် နားခိုင်းလိုက်ပါတော့တယ်။
 ဒေါ်ဒေါ့်ကို စောင့်နေရင်း အစာတောင်းတာလဲ မတွေ့၊ အချိန်တန်ရင် ပါးစပ်ကနေ အရည်တစ်ခုခု ထဲ့၊ ခန္တာကိုယ်ကို ဟိုဘက် ဒီဘက် စောင်းပေး စတာတွေ လုပ်ပေးနေရင်းက ဗြုန်းကနဲ ဒေါ်ဒေါ့်ကို အုန်းနို့ခေါက်ဆွဲ မကျွေးဖြစ်သေးတာ သတိရလိုက်မိပါတော့တယ်။
   တကယ်တန်းပြောရရင် အဲဒီခေတ်က အခုခေတ်လို  ကျွပ်ကျွပ်အိတ်လို အိတ်တွေနဲ့ဝယ်လို့ရရင် ဒီလို ဖြစ်မှာမဟုတ်ပါဘူး။ မုန့်ဆိုင်ရောက်တိုင်း " ဟာ" ကနည်း ဖြစ်ဖြစ်သွားပါတယ်။ ထဲ့စရာ ချိုင့် မေ့ခဲ့လို့ပါ။ ဈေးသည်ကတောင် ချိုင့် မေ့ပြန်ပြီ ပြောပြီး ထိုင်စားလိုက်တိုင်း ချိုင့်မပါလဲ စားသွားပေါ့ ဗိုက်ထဲ ထဲ့သွားပေါ့ အဲဒီလိုစတတ်ပါသေးတယ်။ ဒေါ်ဒေါ့်ကိုလဲ ပြောဖြစ်ပါသေးတယ်။ ဆိုင်ရောက်မှ ချိုင့်မပါလို့ မဝယ်ဖြစ်ဘူး ဖြစ်နေတယ်။ ဒီတစ်ခါ သေသေချာချာ သတိထားပြီး ယူသွားမယ်၊ စသဖြင့် ပြောပြောနေတာလဲ မကြာခဏ ဖြစ်နေပါတော့တယ်။
 သတိလစ်နေတဲ့ ဒေါ်ဒေါ့်ကို ကြည့်ပြီး ဒေါ်ဒေါ် သတိရလာရင် သေသေချာချာကို ဝယ်ကျွေးမယ်၊ ဒါပေမယ့် သွေးတိုးရှိတာလဲ အခုမှ သိတာဆိုတော့ တည့်ပါ့မလား လို့ တွေးနေမိပါတယ်။
  အဲဒီညကို ကျော်ပြီး မနက်လင်းအားကြီးမှာ ဒေါ်ဒေါ် ကွယ်လွန်သွားပါတော့တယ်။
ကျမတို့ လက်ပေါ်မှာ အသက်ထွက်သွားတာ ဖြစ်ပါတယ်။ ကျမရဲ့ အသက်(၁၈)နှစ် တက္ကသိုလ် တတိယနှစ် တက်နေတဲ့ အရွယ်မှာ လူတစ်ယောက် ကိုယ့်လက်ထဲ အသက်ထွက်သွားတာ ပထမဆုံး တွေ့လိုက်ရခြင်းပင်။ လူတစ်ယောက် သေတာကို ပထမဆုံး ဒက်ထိ မြင်ရတဲ့ အပြင် နဘေးမှာ အားကိုးစရာ လူကြီးသူမ တစ်ယောက်မှ မရှိတဲ့အတွက်  ကျမနဲ့သက်တူသူငယ်ချင်းနှစ်ယောက် ရုတ်တရက် ငိုဖို့နေနေသာသာ ကြောင်တောင်သာ ကြည့်နေမိပါတော့တယ်။ တာဝန်ကျ ဆရာဝန်က ဆုံးသွားပြီ၊ အသက်မရှိတော့ဘူး ပြောတာတောင် ဟုတ်ရဲ့လားလို့ ဒေါ်ဒေါ့်ကို တွေတွေ ကြည့်နေတာ အိမ်ကလူတွေ ရောက်လာပြီး ဆေးရုံ အအေးခန်းဆီ ယူသွားတဲ့ အထိပါပဲ။
     အမေနဲ့ ပတ်သက်တဲ့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ ကြည့်ရတဲ့အခါ  ထမင်းနည်းနေရင် အမေမဆာသေးဘူး သားတို့စား၊ သမီးတို့စား၊ ဒါမှမဟုတ် ကြက်သားဟင်းချက်တာကို ပြပြီး အမေက ကြက်ဆိုရင် ခြေထောက်ကိုက်ရတာ ကြိုက်တာ၊ အသားတွေ မကြိုက်ဘူး စသဖြင့် သရုပ်ဖော်တာ သရုပ်ဆောင်တာ ကြည့်ရတာ အတော်နောက်ကျပါတယ်။ အမေတစ်ယောက်ရဲ့ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံတဲ့ စိတ်တွေကို ဒေါ်ဒေါ့် ဆီက အစောကြီး ကတည်းက သိခွင့်ရခဲ့ပါတယ်။ ဒေါ်ဒေါ်ဟာ ကျမ ဘဝ အတွက် သက်ရှိ ရုပ်ပြ၊ သက်ရှိ ဝတ္ထု တစ်ပုဒ်အဖြစ် အစောကြီးကတည်းက ဖတ်ခဲ့ မြင်ခဲ့ရပါတယ်။
  ဒါတင်မက သေခြင်းတရားကိုပါ  ထင်သာ မြင်သာအောင် ပြခဲ့ပါတယ်။ ရုတ်တရက် အိပ်မက်လို့ ထင်ရလောက်အောင် အကောင်းပကတိကနေ ခွဲခွာ သွားတဲ့ အတွက် သေခြင်းတရားကို သိရှိယုံမက သေခါနီး ခံစားသွားရတာကိုပါ တရားသဘောနဲ့ ပြခဲ့လေသလား မသိပါ။
ဒေါ်ဒေါ်နဲ့ ပတ်သက်ပြီး အုန်းနို့ခေါက်ဆွဲ မကျွေးရလိုက်ရတဲ့ အဖြစ်မျိုး မရောက်ရလေအောင် သတိထားနိုင်တဲ့ အဖြစ်တွေ အသိတွေ ရခဲ့ပါတယ်။ လူတစ်ယောက် သေခါနီးမှာ ခံစားရတဲ့ ဝေဒနာကို မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးရပါတယ်။
အခုလို ဖေဖေါ်ဝါရီလ ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်ထဲ ကျမရင်ထဲမှာ စူးစူးရှရှ သတိရနေမိတဲ့ ကျမ ချစ်ခင်ရတဲ့ ပထမဆုံး မိခင်အရွယ် လူကြီးသူမတစ်ယောက် ဖြစ်တဲ့ ဒေါ်ဒေါ်(ဒေါ်မြကြည်) ကို ကျမဘဝမှာ ဘယ်တော့မှ မမေ့နိုင်၊ မေ့လဲ မမေ့ အမှတ်ရနေပါတော့တယ်။
 

  


No comments:

Post a Comment