March 21, 2014

               မြန်မာ့အသံ ရေဒီယိုမှာ တိုင်းရင်းသားဘာသာ(၈)မျိုးကို တိုင်းရင်းသားအသံလွှင့် အစီအစဉ်ကနေ နေ့စဉ် ညနေ(၄)နာရီကနေ ည (၈)နာရီ အထိ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား ဘာသာတစ်ခုကို နာရီဝက် (မိနစ် ၃၀) လွှင့်ပါတယ်။  ၂၀၀၄နဲ့၂၀၀၅ ပတ်ဝန်းကျင်လောက် မှာတော့  တိုင်းရင်းသား အသံလွှင့် ချိန်ကို မူရင်းလွှင့်နေတဲ့ တစ်ဘာသာကို နာရီဝက်ကနေ (၄၅) မိနစ်အထိ အချိန်တိုးပြီး အသံလွှင့်ပါတယ်။ ကချင်၊ ကယား၊ ကရင်( စကော)၊ ကရင်(ပိုး)၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် (၈) မျိုး လွှင့်ပါတယ်။ ဒါက ၂၀၀၈ခုနှစ် အထိ ဖြစ်မယ်ထင်ပါတယ်။ နောက်ပိုင်း ရေဒီယို နားမထောင်ဖြစ်တော့ ဘယ်အချိန်တွေ လွှင့်နေသလဲ မသိတော့ပါ၊  မြန်မာ့အသံ(နေပြည်တော်) ကနေ တိုင်းရင်းသား ချန်နယ် တစ်ခု သီးသန့်ထားပြီး လွှင့်တယ်လို့တော့ သတင်းတွေ ဖတ်ရပါတယ်။ ဘာသာစကား အရေအတွက်လည်း တိုးပြီး လွှင့်နေတယ်လို့တော့ ကြားမိပါတယ်။
           ပြောချင်တာက အရင် လွန်ခဲ့တဲ့ အနှစ်(၂၀) အတွင်း အသံလွှင့်စဉ်က အဖြစ်အပျက်  တစ်ခုကို သတိရမိတာလေး ပြောချင်တာပါ။  တိုင်းရင်းသားဘာသာ တစ်ခု အသံလွှင့်တဲ့ အချိန်မှာ သတင်းက (၁၀)မိနစ် ဖတ်ပါတယ်။ အဲဒီနောက် နေ့အလိုက် သီချင်းပဒေသာဆိုပါက သီချင်းလွှင့်၊ ဟောပြောချက် ဆိုပါက ဟောပြောချက်လွှင့်၊ ဇာတ်လမ်းပမာလွှင့်မည့်နေ့ ဆိုပါက ဇာတ်လမ်းပမာ အဲဒီလို လွှင့်ကြပါတယ်။ ဇာတ်လမ်းပမာ လွှင့်တဲ့နေ့ဆိုပါက ကျမတို့ စက်ခန်းထဲက အသံလွှင့် အင်ဂျင်နီယာ ဝန်ထမ်းတွေ သက်သာ ကြပါတယ်။ တိုင်းရင်းသား အစီအစဉ်တွေမှာက စစချင်း သတင်း(၁၀) မိနစ်ကြေညာပါတယ်။ ကျန်တဲ့ အချိန် မိနစ်(၂၀) မှာ တစ်ခြား အစီအစဉ်တွေ လွှင့်ရတာ ဖြစ်တဲ့ အတွက် ဇာတ်လမ်းပမာ လွှင့်မည့်နေ့ ဆိုပါက သတင်းပြီးတာနှင့် ဇာတ်လမ်းလွှင့် ၊ ပြီးရင် တစ်ဘာသာ ပြီးသွား ဆိုတော့ အတော်သက်သာခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်း လွှင့်နေတဲ့ မိနစ်(၂၀) စလုံး ထိုင်နေရုံသာ။ တစ်ချို့ဆိုပါက တိပ်ခွေနဲ့အသံလွှင့် ထားခဲ့ပြီး စက်ခန်း အပြင်ထွက်ပြီး လမ်းတွေ ဘာတွေတောင် ထွက်လျှောက်ကာ ကိုယ်လို ဂျူတီကျနေသည့် အခြားဝန်ထမ်းတွေဆီ သွားလည်ပြီး စကားဖောင်ဖွဲ့ နေတတ်ပါတယ်။
           မှတ်မှတ်ရရ  ...... ဘာသာကို အသံလွှင့်တဲ့ အချိန်မှာ သတင်းကြေညာတဲ့ တိုင်းရင်းသား ဦးလေးကြီးကေ -ာက်ကောင် ခင်ညွန့်၊ေ-ာက်ကောင် ထွန်းကြည်၊ေ-ာက်ကောင် မျိုးညွန့်၊ေ-ာက်ကောင် မျိုးသန့် စသဖြင့် သူ့အသံဩဇာ ကောင်းကောင်း အသံမာမာ အသံလုံး ကြီးကြီးနှင့် ကြေညာလေရာ ကျမက သူသတင်းဖတ် နေသည့် စက်ခန်းနဲ့မှန်ခြားထားတဲ့ အောက်ဖက် အခန်းဆီ လှမ်းကြည့်မိပါတယ်။ သတင်းဖတ်တဲ့ ဦးလေးကြီးက ခပ်မှန်မှန်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဖတ်နေတာတွေ့ရတဲ့ အတွက်ေ-ာက်ကောင် ဆိုတာ ဗိုလ်ချုပ်ကို သူတို့ဘာသာစကား အခေါ်ပါလားလို့ မှတ်လိုက်ပေမယ့်၊ ကျမနဲ့ အတူ တွဲဖက် ဂျူတီကျတဲ့ သူငယ်ချင်းက အင်မတန် အရယ်သန်တဲ့ သူမို့ အူတက်အောင် ရယ်နေပါတော့တယ်။ ရယ်ရုံမက သူကပါေ-ာက်ကောင်ခင်ညွန့်ေ-ာက်ကောင် ထွန်းကြည် ဆိုပြီး လိုက်ရွတ်နေတာမို့ ကျမလဲ သူနဲ့အတူ လိုက်ရယ်ရင်းက သတင်းကြေညာတဲ့ ဦးလေးကြီး ထွက်လာတော့မှာမို့ မျက်နှာပိုးသတ်ရင်း အရယ်ရပ်ရပါတယ်။ သူ့ကိုလဲ မရယ်ဖို့ တားရပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မကောင်းဘူးမို့လေ။ လေးစားတဲ့အနေနဲ့ ခပ်တည်တည် ရယ်ရှိန် သတ်ပြီးချိန်မှာ အဲဒီ ဦးလေးကြီး ထွက်လာပါတယ်။ ကျမတို့လည်း သိချင်စိတ်ကို ထိန်းမရပဲ မေးလိုက်တော့ ထင်တဲ့ အတိုင်း၊ စစ်ဗိုလ်တွေကို ရှေ့က တပ်ခေါ်တာ ဖြစ်ပါသတဲ့။
           ဒီနေရာမှာ စဉ်းစားကြည့်တော့ မိန်းကလေးတွေ ကြေညာစဉ်က သတိပဲ မထားတာမိတာလား၊ အဲဒီလို မကြားမိ သလိုပဲလို့ တွေးမိတာနဲ့ အဲဒီဘာသာ မှာပဲ တိုင်းရင်းသူ မိန်းကလေး အနောင်စာ တာဝန်ကျတဲ့ အချိန် နားထောင်တော့ အဲဒီလိုပဲ သုံးတာ ကြားရပါတယ်။ ဒါပေမယ့် မိန်းကလေးဆိုတော့ အသံက ပျော့ပျော့ စကားက ဝဲဝဲမှာ ခပ်နွဲ့နွဲ့ ကြေညာတာ ဖြစ်တဲ့အတွက် အရင်က သတိမထားမိတာပဲ ဖြစ်မှာလို့ ကောက်ချက်ချ မိရပါတယ်။ စော့ကော် ဆော့ကောင် အဲဒါနဲ့ နီးစပ်တဲ့ အသံထွက်  ဖြစ်ပါလိမ့်မယ်။ အဲဒါကို အသံလုံးကြီးကြီးနဲ့ အားရပါးရ ကြေညာတဲ့သူက ဖတ်တဲ့ အချိန်၊  တခြားဘာသာစကားကို နားရည်မဝဖြစ်နေတဲ့ ကိုယ်လိုလူတွေ နားမှာတော့"ေ-ာက်ကောင်" လို့ပဲ နားမှာ ကြားပါတယ်။
          ဘာသာစကားနဲ့ ပတ်သက်ပြီး မိတ်ဆွေ တစ်ယောက် ပြောတာ မှတ်မိပါသေးတော့တယ်။ သူတို့ABSDF ကျောင်းသားတပ်မတော်မှာ နေစဉ်က ထိုင်းဘက်မှာ ကွေ့တီယို လို့ခေါ်တဲ့ ထိုင်းအစားအစာ မှာစားကြရင် ကနဦးက မခေါ်တတ်တဲ့အတွက် ကွေ့တီယိုကို ကိုယ့်မြန်မာလို ခွေးတရုတ် လို့ ကြားသတဲ့၊ ဒါနဲ့ ကွေ့တီယို မှာစားရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခွေးတစ်ရုပ် တစ်ပွဲလို့ မှာလိုက်တဲ့ အခါ ဆိုင်ရှင် ထိုင်းလူမျိုးက သူ့နားထဲ ကွေ့တီယို လို့ပဲ ကြားတယ်ထင်ပါရဲ့ တဲ့ ၊ ကွေ့တီယို လာချပေးသတဲ့။ နောက်ပိုင်းလဲ အဲလိုပဲ " ခွေးတရုပ်" လို့ပဲ ပြောပြီး မှာစားတာပဲတဲ့။
     ဂျပန်ခေတ်က စစ်တက္ကသိုလ် အကြောင်းမှာလည်း ဘာသာစကားနဲ့ ပတ်သက်ပြီး အဲဒီလို ပြောကြတာ ဖတ်ဖူးပါတယ်။ စာရေးဆရာ မြတ်ထန်ရဲ့ စာအုပ်မှာ ရေးထားတာ ဖတ်ရစဉ်က ရယ်မောခဲ့ ရပါသေးတယ်။ ဂျပန်စကားကို ဘယ်လိုပဲ သင်သင် ပြောပြော မတတ်တဲ့ မြန်မာရဲဘော် တစ်ယောက်စ နှစ်ယောက်စက အဲဒီ ဂျပန်အသံထွက်ကို မြန်မာလို ပဲ လျှောက်ရွတ်တာပါ။ လာစစ်တဲ့ ဂျပန်သင်တန်းဆရာက အသံထွက်တာတူတော့ ဒီစကားပြောတယ်ပဲ ထင်တာပါတဲ့။
    စောစောက ပြောတဲ့ေ-ာက်ကောင် အကြောင်း ဆက်ပြောရပါအုန်းမယ်။ ဒီကိစ္စက ဒီလိုပဲ ပြီးမသွားပါဘူး။  တစ်ရက်မှာ အသံလွှင့်ဋ္ဌာနက ဒုတိယ အကြီးအကဲ ဖြစ်သူက ညဖက်မှာ ရောက်လာပြီး အသံလွှင့်တဲ့ စက်ခန်းတွေကို လှည့်ကြည့်ပါတယ်။ စောစောက ပြောတဲ့ တိုင်းရင်းသားဘာသာ အသံလွှင့်ချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပြီး ကျမတို့ နောက်နားမှာ အသာရပ် နားထောင်ပါတယ်။ ပြီးတော့
" ဘာတွေ ပြောနေတာလဲ ဘာတွေပြောနေတာလဲ"လို့
စကားထပ်ပြီး မေးပြောပြော ပါတော့တယ်။ အဲဒါ ဗိုလ်ချုပ်ကို ခေါ်တာလို့ သိသလောက် ပြန်ပြောပြတော့ မျက်နှာက မသာမယာနဲ့ပဲ သတင်းဖတ်တဲ့ အခန်းထဲကို လှမ်းကြည့်နေပါတော့တယ်။ တွဲဖက် ဂျူတီကျတဲ့ သူငယ်ချင်းရဲ့ မျက်နှာက ရယ်ချင်လွန်းလို့ အတင်းထိန်းနေရတဲ့ အသွင်မို့ စားပွဲအောက်ကနေ ခြေထောက်နဲ့ အသာလှမ်းတို့ပြီး သတိပေးရပါသေးတယ်။ အထဲကေ-ာက်ကောင် သန်းရွှေ လုပ်နေတာ၊ အပြင်က မျက်နှာကြီးက မဲနေတာမို့ အရယ်သန်တဲ့သူ့ အဖို့အတော်ရယ်ချင်နေရှာတာ။ အဲဒီခေတ်က အသံလွှင့်ဋ္ဌာန အကြီးအကဲတွေက စစ်တပ်က ရောက်လာသူတွေချည်းသာ ဖြစ်ပါတယ်။
သူက ဆတ်ကနဲ ထွက်သွားဟန် ပြင်ပြီးကာမှ ကျမတို့ဖက် လှည့်လို့
"  သူတို့ ဘာသာစကားကို ဘယ်သူမှ မသိ၊ နားလည်မလည်၊ သူတို့ ပြောတာ စောင့်ကြည့်မယ်သူ မရှိ ၊ သူတို့ပြောတာ ဟုတ်ရဲ့လား ၊ နောက်တစ်နေ့ ရုံးချိန်မှာ သေသေချာချာ ပြောရတော့မယ်"
ပြောကာ မကျေနပ်တဲ့ ပုံစံနဲ့ ထွက်သွားပါတော့တယ်။
ကျမတို့ ဝန်ထမ်း နှစ်ယောက်က အဲဒီ အကြီးအကဲရဲ့ သူ့ဝန်ထမ်း အပေါ် မှတ်ချက်ချတာကို အတော်ပဲ အံ့ဩ သွားခဲ့ပါတယ်။
                တကယ်ဆိုပါက ဋ္ဌာနအကြီးအကဲဆိုတာ ကိုယ်နဲ့အတူ လက်တွဲ လုပ်နေတဲ့ ဝန်ထမ်းတွေ အပေါ်မှာ ယုံကြည်မှု ရှိနေရမယ်လို့ ကျမတို့က တွက်ဆ ထားတာပါ။
                 အဲဒီ ဦးလေးကြီး သတင်းဖတ်ပြီးတဲ့ အချိန်မှာ သူ့ဋ္ဌာန အကြီးအကဲ လာရပ်ကြည့်သွားတာ သိလိုက်ဟန် တူပါတယ်။
" ဘာလာလုပ်လဲမသိ၊ ဘာပြောသွားသေးလဲ " စသဖြင့် မေးနေပါသေးတယ်။ တစ်ခါတရံ အကြောင်းကိစ္စ ရှိမှ ဒါမှမဟုတ် တစ်ခုခု အမှားအယွင်း ဖြစ်တာရှိမှ တိုက်ရိုက် အသံလွှင့်ခန်းကို လာလေ့ရှိတာမို့ပါ။
" ဒီည တာဝန်မှုးကြီး ဂျူတီကျလို့ လျှောက်ကြည့် နေတာ" လို့ မုသားလွတ်  ပြောဖြစ်ပါတော့တယ်။ တခြား အကြောင်းကတော့ သူ စိတ်အနှောင့်အယှက် ဖြစ်သွားမှာမို့ မပြောလိုက်တော့ပါဘူး။
                တကယ်ဆိုရင် မြန်မာ့အသံရဲ့ တိုင်းရင်းသား အစီအစဉ်တွေမှာ လုပ်ချင်တဲ့ တိုင်းရင်းသားက ရှားပါးပါတယ်။ လခကလဲ နည်းတဲ့အပြင် နေ့မရွေး ညမရွေး အထူးသဖြင့် ညဖက်ချည်းပဲ အလုပ်ဆင်းရတဲ့အခါ အပြန်မှာ ကားခကလဲ ပိုပေးရတဲ့ အတွက် အကုန်အကျ များပါသေးတယ်။ တစ်ချို့ကဝါသနာကြောင့် လာလုပ်နေကြသလို တစ်ချို့ကလည်း ပိုက်ဆံချမ်းသာပေမယ့် အသံလွှင့်ရုံမှာ အလုပ်လုပ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် လာလုပ်ကြတာ ရှိပါတယ်။ အဲဒီထဲကမှ ရှားရှားပါးပါး တစ်ချို့က ကိုယ့်တိုင်းရင်းသားဘာသာစကား အတွက် အသံလွင့်မယ့်သူရှိမှ သူတို့အရပ်မှာ ရှိတဲ့ တိုင်းရင်းသားတွေ မိမိဘာသာစကားနဲ့ သတင်းတွေလည်း သိရမယ်၊ သီချင်းတွေလည်း နားထောင်ရတယ်၊ ပိုက်ဆံရတာ နဲတာကိစ္စမရှိ၊ အသံလွှင့်မယ့်သူ မရှိလို့ သူတို့တိုင်းရင်းသား အစီအစဉ် မရှိတော့မှာ ရပ်လိုက်မှာ ပူပင်ကြတဲ့ အတွက် လာလုပ်ပေးနေကြတာဖြစ်ပါတယ်။ တစ်ချို့ဆိုပါက ကိုယ် ပင်စင်ယူမှာမို့ ဖြစ်စေ အလုပ်က ထွက်ချင်လို့ ဖြစ်စေ သွားတော့မယ် ဆိုရင်  လူစား ရှာပေးခဲ့တဲ့ အထိ လုပ်ပေးခဲ့ပါတယ်။ သူနေရာမှာ အစားဝင်မယ့်သူ ရှိမှ အလုပ်က ထွက်သွားကြပါတယ်။ တစ်ချို့ ဘာသာမှာက ဝန်ထမ်း နှစ်ဦးရှိပြီး တစ်ချို့မှာ တစ်ယောက်ထဲသာ ရှိပါတယ်။ အဲလို တစ်ယောက်ထဲ ရှိတဲ့ ဘာသာ ဆိုပါက လူကြီးတွေ ကိုယ်တိုင်က လူစားရမှ၊ ဒါမှမဟုတ် နောက်တစ်ယောက် အသစ်ခန့် ၊ အဲဒီ ဝန်ထမ်း အသစ်ကို အသံလွှင့်နိုင်တဲ့ အဆင့်ရောက်မှ လက်ရှိဝန်ထမ်းကို ထွက်ခွင့်ပေးပါတယ်။

             စောစောက တိုင်းရင်းသား ဦးလေးကြီး ဆိုပါက ပင်စင်ပြည့်နေပါပြီ။ သူ့သားတွေ သမီးတွေကလည်း ပင်စင်ယူပြီးတဲ့ အထိ အလုပ်ကို ဆက်လုပ်နေတဲ့ အတွက် နားခိုင်းနေပါပြီ။ ညဖက်အပြန် မိုးချုပ်တဲ့ အတွက် စိုး၇ိမ်တာလဲ ဖြစ်ပါတယ်။ သူ့နေရာမှာ ဝင်လာမယ့် ဝန်ထမ်း အသစ်ကို လေ့ကျင့် ပေး၊ သူပါ တွဲပြီး အလုပ် ဆင်းပေးနေတာ ဖြစ်ပါတယ်။ သူ့တိုင်းရင်းသားဘာသာမှာ အဆင်မပြေ ဖြစ်မှာ စိုးတဲ့အတွက် အလုပ်ဆင်းပေး နေဆဲ ဖြစ်ပါတယ်။
               သိပ်မကြာခင်မှာပဲ အသံတွေ ပွစိပွစိ ကြားရပါတော့တယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် သူ့အချိန်နဲ့သူ  အသံလွှင့်ဖို့ ဝင်လာသူတိုင်း သူတို့ကို အစည်းအဝေးခေါ်ပြီး ပြောတဲ့ အကြောင်းတွေ ပြောသွားကြတာပါ။
             တကယ်တန်းက သတင်းကြေညာမယ့် တိုင်းရင်းသားက သတင်းခန်းက သတင်းအယ်ဒီတာ ပေးလိုက်တဲ့ မြန်မာစာနဲ့ ရေးထားတဲ့ သတင်းကို သူတို့ ဘာသာစကားနဲ့ ပြောင်းပြီး ဘာသာပြန် ရပါတယ်။ အဲဒီလို ပြန်တဲ့အခါ  စာရွက် ရှားပါးတာရော၊ တိုင်းရင်းသား အသံလွှင့်ခန်းကို ပေးထားတဲ့ A4 ဆိုဒ် စက္ကူကလဲ ကိုယ်တာနဲ့ သုံးရ တောင်းရ တာဖြစ်တဲ့ အတွက် လက်နှိပ်စက်နဲ့သတင်းရိုက်ပြီးသား ဖတ်ပြီးသား  စာရွက်အဟောင်းရဲ့ တစ်ဖက်လွတ်မှာ ချရေးကြရပါတယ်။ လက်နှိပ်စက်က အချိန်မီ မရိုက်ပေးနိုင်တာ များပါတယ်။ သတင်းခန်းမှာ တာဝန်ကျတဲ့ လက်နှိပ်စက်သမားက တစ်ယောက်ထဲ ဆိုတော့ သူ့ခမျာ မချောဆယ်ယောက် ကိုယ်တစ်ယောက် ဖြစ်နေရုံမက ဟိုလူက အရေးကြီး ဒီလူက အရေးကြီးနဲ့ ဖြစ်နေတော့ အဲဒီ လက်နဲ့ပဲ တစ်ဖက်လွတ်မှာ ရေးထားတာနဲ့ပဲ  သတင်းဖတ်ကြရတာ ဖြစ်ပါတယ်။ အခုတော့ သူတို့ ဘာသာပြန်ထားတဲ့ သတင်းတွေ မှန်မမှန် စစ်မှာမို့ လက်နှိပ်စက် နဲ့ ရိုက်ပြီး ဘုတ်အဖွဲ့ကို တင်ရမယ်တွေ ဖြစ်လာတော့ နောက်ဆက်တွဲ  ပြဿနာပေါင်းက သောင်းခြောက်ထောင် ပေါ်လာပါတော့တယ်။
            လက်နှိပ်စက် သမားက ရိုက်ပေးနိုင်ဖို့ မသေချာတာ လူကြီးတွေလည်းအသိ။ လက်နှိပ်စက်သမားကလည်း နားနေရတာ မဟုတ်၊ တစ်ချိန်လုံး ရိုက်နေရတာပင်။ ဘာတွေ ရိုက်နေရလို့လဲ မေးပါက သူ့မှာ အဖြေက အဆင်သင့်။
 " အရေးကြီးတာတွေ ရိုက်နေရတယ် မအားဘူး၊ ညွှန်မှုး ခိုင်းထားတာ၊ ဒု- ညွှန်မှုး ခိုင်းထားတာ ၊ ဗိုလ်မှုး ခိုင်းထားတာ "
     တစ်ခြားဝန်ထမ်းတွေ တိုးမပေါက်၊ ဒါကိုလည်း သိရက်နဲ့ အခုလို လက်နှိပ်စက် ရိုက်ပြီး တင်ခိုင်းတာ သဘာဝ မကျ လို့ ပြောသူကပြော၊ ဟုတ်ပါပြီ၊ တင်ပါပြီတဲ့ ၊ တိုင်းရင်းသား ဘာသာစကား (၈) မျိုးနဲ့ ရေးထားတဲ့ သတင်းတွေကို သူတို့ လူကြီးတွေက ဘုတ်ဖွဲ့ပြီး ဖတ် ပြီးမှ အသံလွှင့် ဖို့ ပြန်ချပေးမယ် ဆိုတော့ ဒီဘာသာစကားတွေကို လူကြီးတွေက ဖတ်တတ်လို့လား စသဖြင့် ပွစိပွစိ ဖြစ်ကုန်ရာ လူကြီးတွေ မဖတ်တတ်ပဲ သက်သက်မဲ့ အရစ်ရှည်တာ လို့ ပြောသူကပြောကြ ပါတော့တယ်။ တကယ်လည်း  မဖတ်တတ်ပါ။
      တိုင်းရင်းသားတွေ ဘဝင်မကျ တာတင်မက အချိန်လည်း နှောင့်နှေးကုန်ရာ နောက်ဆုံးတော့ သဘောတူညီတာ တစ်ခု ရပါတော့တယ်။ ဒါက တိုင်းရင်းသားဘာသာ အစီအစဉ်ရဲ့ အကြီးအကဲ အရာရှိ( သူလည်း တိုင်းရင်းသားပါ) နဲ့ အဲဒီနေ့ တာဝန်ကျတဲ့ သတင်းဖတ်မည့်သူ က နေ့စဉ် အသံလွှင့်ချိန် မတိုင်ခင်မှာ အသံလွှင့်မယ့် သတင်းကို အသံလွှင့်ညွှန်ကြားရေးမှုးရဲ့  ရုံးခန်းမှာ သွားသွားပြီး ဖတ်ပြရတာပါပဲ။
      တစ်ခါတလေ ညွှန်မှုးက အစည်းအဝေး ရှိလို့ ၊ ဧည့်သည် ရောက်နေလို့၊ ဝန်ကြီးခေါ်ထားလို့ စသဖြင့် မအားလပ်တဲ့ အချိန်ဆိုပါက
" ကဲ...ကဲ  ပြော ပြော ဘာဖတ်မှာလဲ .အေး  ဟုတ်ပြီ ၊ သွားတော့၊ တခြား ဘာသာတွေလဲ ဒါပဲ မှလား ၊ ကျန်တဲ့လူတွေ အပေါ်တက်မလာတော့နဲ့ ရဘီ ရဘီ "
 ဒီလိုနဲ့ ပြီးသွားတာလဲ မကြာခဏ။ ကြာလာတော့လည်း  အပို ဖြစ်နေပြီလို့ မကြားတကြား ပြောကြတော့တယ်။ ပိုဆိုးတာက  တိုင်းရင်းဘာသာ တစ်မျိုး အသံလွှင့်နေချိန်မှာ နောက်မှာ လွှင့်ဖို့ ရှိနေတဲ့ သူကို မော်နီတာ လုပ်ပြီး စောင့်ကြည့် အဲ စောင့်ပြီး နားထောင်စေတာမျိုး လုပ်စေတဲ့အခါ  တစ်ချို့က ပြဿနာမရှိ၊ နားသာထောင်တာ ပြောတာကို နားလည်တာလဲ မဟုတ်တော့ မှတ်တမ်းမှာ အားလုံးချောမော ပေါ့။ အဲ တစ်ချို့ စုန်းပြူးကတော့ ဘယ်နေ့က သီချင်းလွှင့်ရင်း အကြာကြီး ရပ်သွားတယ်၊ ဘယ်နေ့ကတော့ အသံလွှင့်ကာနီး ငါးမိနစ်အလို စက်ခန်းထဲကို ကြိုသွားရမှာကို အဖွင့်တီးလုံး တီးနေမှ အခန်းထဲက ကပျာကယာ ထွက်သွားတယ်၊  အသံလွှင့်နေတဲ့ စက်ခန်းက တယ်လီဖုန်းလှမ်းဆက်တော့မှ ကမန်းကတန်း ပြေးသွားတယ် စသဖြင့် တိုင်ကြ တောကြပါတယ်။
             နောက်ဆုံးတော့ ဘာလို့ ဒီလိုတွေ ဖြစ်ကုန်ကြသလဲ ဆိုတာ သိရှိသွားတဲ့ အခါမှာတော့ စိတ်ဆိုးကြပါလေတော့တယ်။ သူတို့ရဲ့ အကြီးအကဲ ကိုယ်တိုင်က ပြောပြတာဖြစ်သတဲ့။
          အသံလွှင့် စက်ခန်းထဲကို ရောက်လာတဲ့ တိုင်းရင်းသား အစီအစဉ်ကြေညာသူ တွေ တစ်ယောက် တစ်ပေါက် ရင်ဖွင့်ရာက ကျမတို့ပါ  သိလာရတာပဲ ဖြစ်ပါတော့တယ်။
 သူတို့တွေထဲကမှ ဝါရင့် တိုင်းရင်းသူ အမျိုးသမီး တစ်ယောက်က အဲဒီလို အဖြစ်အပျက်ကို သူသဘောမကျတာ ရင်ဖွင့် ပြောပြပါတယ်။
"  ကျမတို့ တိုင်းရင်းသားတွေကို မယုံကြည်ရုံ မကဘူး၊ ရန်ပါတိုက်ပေးလိုက်သေးတယ်.. လူဆိုတာမျိုးက လုပ်ပိုင်ခွင့်လေး ပေးလိုက်တာနဲ့ အချင်းချင်း အပြစ်ရှာဖို့ လုပ်တော့တာပဲ၊ တကယ်ဆိုရင် လူကြီးတွေပဲ လူကြီး ပီပီသသနဲ့ အေးကွာ အဲဒီေ-ာက်ကောင်ဆိုတာ ဘာအဓိပါယ်လဲ မေး၊ ကာယကံရှင်ကို မေးလို့ အမှန်မဖြေဘူးလို့ မယုံကြည်ရင်လဲ ပြင်ပမှာ တိုင်းရင်းသား အသင်းအဖွဲ့တွေ မေးပေါ့၊ လုပ်တာကိုင်တာ မဟုတ်ဘူး၊ ပြီးတော့ ကျမတို့ကို မယုံကြည်တဲ့ သဘောက လုံးဝ ပေါ်လွင်နေတယ်။ ကျမဆိုရင် မိဝေးဖဝေးနဲ့ ကျမနေတဲ့ ပြည်နယ်ကနေ ဒီမှာလာနေတာ (၁၅) နှစ်တောင် ကျော်ပြီ။ တစ်ချိန်လုံး အိမ်ကပဲ လိုတာ ပြန်ယူနေရတာ၊ ကျမ အမ တွေဆို ကျောက်တွင်းက ပိုက်ဆံတွေနဲ့ ချမ်းသာကြတယ်။ ကျမမှာသာ (၁၅) နှစ်ရှိပြီ။ ဘာမှ မရှိဘူး။ အိမ်က တစ်ချိန်လုံး ပြန်ခေါ်နေတာ၊ အလုပ်က ထွက်မယ် စိတ်ကူးတိုင်း အော်... ငါ့တိုင်းရင်းသားတွေ အတွက် ငါလုပ်ပေးနိုင်တာ ဒါပဲ ရှိတယ်။ ဒီအလုပ်ကနေ ကိုယ့်တိုင်းရင်းသားတွေ မသိတာတွေ သိအောင်၊ ပညာပေးရော သတင်းတွေ သိအောင် ပြန်ကြားပေးရတာ စိတ်ချမ်းသာလို့ဝါသနာပါလို့ လုပ်နေတာ၊ ယုံကြည်လို့ ကိုယ့်ဒေသကနေ ဒီ ပြည်မမှာ လာလုပ်နေတာ ကိုယ်က ယုံကြည်သလို ကိုယ်တွေကိုလည်း ယုံကြည်စေချင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရင် အလုပ်လုပ်တာမှ အနှောင့်အယှက် အခက်အခဲတွေ ဖြစ်ရပြီ။ စိတ်မကောင်းစရာပဲ၊ စိတ်လဲ ကုန်ပါတယ်"
                ယုံကြည်မှုဆိုတာကို တော်တော်လေး သိလိုက်ရသလို ယုံကြည်မှု မရှိပဲ အလုပ်အတူ တွဲလုပ်နေပါက  အချိန်ကုန် လူပမ်း ၊  စိတ်အနှောင့် အယှက် ဖြစ်ခဲ့ရဖူးတာကို သိခဲ့ရပါတယ်။
ဒါတွေကို ဘာလို့ ပြန်သတိရနေရသလဲ ဆိုတော့ အခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ အဆင့်ဆင့် လက်မှတ်ထိုးတာတွေ၊ တွေ့ဆုံဆွေးနွေးတာတွေမှာ တစ်ဖက်နဲ့တစ်ဖယုံကြည်မှုရှိဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့ အလွန်အရေးကြီးကြောင်း  ပြောကြတာတွေ ဖတ်ရ နားထောင်ရတဲ့ အခါမှာ တစ်ချိန်က ယုံကြည်မှုနဲ့ ပတ်သက်တဲ့ အကြောင်းလေး မှတ်ညာဏ်ထဲက လျှပ်ပျက်သလို ဖြတ်ကနဲ ပေါ်လာလို့ ဆွဲယူ လိုက်မိတာပဲ ဖြစ်ပါတယ်။
           

No comments:

Post a Comment