June 8, 2014

" လွမ်းမောစရာ"

မနေ့က ထိုင်းရုပ်မြင်သံကြား ချန်နယ်တစ်ခုမှာ မြန်မာပြည်အကြောင်း documentary တစ်ခု လွှင့်တာ ကြည့်လိုက်ရတယ်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပုဂံ တစ်လျှောက် သွားပြီး ရိုက်ခဲ့တာ။
ပထမဆုံး ရန်ကုန်က စတယ်။ သူကတော့ သည့်ပြင်သူတွေနဲ့ မတူဘူး။ဈေးနဲ့ ဈေးသည်တွေကို ရိုက်ပြတယ်။
ကားလမ်းပေါ်က ဈေးလို့ ပြောပြတယ်။
ကြည့်မြင်တိုင် ညဈေးတစ်ခုတော့ သေချာမှတ်မိလိုက်တယ်။ နောက်ဈေးတစ်ခုက မြို့လယ်ခေါင်က ဈေးတစ်ခုပဲ။
အဲဒီမှာ ကားလမ်းပေါ်မှာ ဈေးရောင်းတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်မှာ ရောင်းတာတင်မက လမ်းအလယ်မှာ ဈေးဗန်းချပြီး ရောင်းတာကိုပြတယ်။ လမ်းအလည်က ဈေးသည်တွေက ကားလာတဲ့အခါ ဗန်းတွေကို မသိမ်းဘူး။လူပဲ ရှောင်နေကြတာ၊ ဖြတ်သွားတဲ့ ကားတွေက ဈေးဗန်းတွေပေါ်က လွတ်အောင်မောင်းသွားတာ၊ ဈေးဗန်းတွေ ကားအောက်မှာ လွတ်လွတ်ကျွတ်ကျွတ် ကျန်နေတာတွေ အထပ်ထပ် ပြန်ရိုက်ပြတယ်။
အဲဒီထိုင်း အမျိုးသားက မြန်မာဝတ်စုံ ရှပ်အင်္ကျီအဖြူ၊ ၊ စတစ်ကော်လာလက်ရှည်၊ ကချင်ပုဆိုးဝတ်ထားတယ်။ သူပြောပြနေတဲ့ ဈေးဗန်းတစ်ခုထဲမှာ မုန်လာဥနီ ပိန်ချောက်ချောက် (၃)လုံးလောက်ကို တစ်ပုံစီပုံထားတာ သုံးလေးပုံရယ်၊ ပဲတောင့်ရှည်သီး အစည်းလေးတွေ လေး ငါးစည်းရယ်ရှိတယ်။
အဲဒါကိုကြည့်ရတဲ့ ထိုင်းတွေက အတော်အံ့ဩမှာသေချာတယ်။
သူတို့ဆီမှာက နည်းပညာနဲ့ လမ်းပမ်းဆက်သွယ်ရေး ကောင်းတော့ အသီးအနှင်္၊ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်တယ်။ ဆိုင်တွေမှာ ခင်းကျင်းထားရင် ပစ်ရမစ်လိုပဲ တောင်ပုံယာပုံ စီထားကြတတ်တာ အများကြီး။ ဈေးတွေမှာလည်း ရေပိုက်နဲ့ ဆေးတဲ့ကန်နဲ့ လုပ်ပေးထားတဲ့အတွက် ရေမရှားတော့ တစ်ချိန်လုံး ရေဆေး ရေဖြန်း လုပ်နေတာဆိုတော့ ခြောက်သွေ့နေတာ မရှိသလောက်ပဲ၊
သူတို့ဆီက ဈေးသည်တွေက မကောင်းတဲ့ မလတ်တဲ့ အသီးအရွက်ဆို ကိုယ်တိုင်လဲ မစားတဲ့အတွက် သူများကိုလည်း မရောင်ဘူး။ ကောင်းတာပဲ ရောင်းတယ်။
ဒါ့ကြောင့် ထင်ပါရဲ့ ဈေးဗန်းလေးကို ရိုက်ပြ ပြောပြနေပြန်တယ်။
အဲဒီကမှ တခြားမြို့တစ်မြို့ကို ရောက်ပြန်တယ်။ လမ်းဘေးမှာ ပလတ်စတစ်အိတ်တွေ၊ ကျွပ်ကွပ်အိတ်တွေ ပစ်ထားတာ ပြတယ်။
အမှိုက်ပုံတစ်ခုမှာ ကလေးတွေ တစ်ခုခု လုပ်နေတာ တွေ့တော့ စကားသွားပြောတယ်။ သူတို့ သေချာရိုက်ပြတာ ကြည့်တော့ ကလေး(၅)ယောက်၊ (၇)နှစ် (၈) နှစ်အရွယ်က ၄ယောက်နဲ့ (၁၂)နှစ်အရွယ် ကလေးမလေးတစ်ယောက်၊ အမှိုက်ပုံမှာ တစ်ယောက်ယောက် ပစ်သွားတဲ့ ငရုပ်သီးစိမ်းအညှာတွေနဲ့သိပ်မကောင်းတဲ့ ငရုပ်သီးစိမ်းတွေထဲကမှ ကောင်းမယ်ထင်တာတွေ ရွေးယူနေကြတယ်။
ကလေးတွေက ပထမတော့ မရဲတရဲနဲ့ မေးတာတောင် မဖြေရဲကြဘူး။ နောက်တော့ တစ်ရင်းတစ်နှီး ဓါတ်ပုံတွေ ရိုက်တယ်။ ပြန်ကာနီးမှာ မုန့်ဖိုး ပိုက်ဆံပေးတယ်။ အငမ်းမရ အလုအယက် မဟုတ်ပဲ ရှက်ကိုးရှက်ကန်းနဲ့ လှမ်းယူတာတွေ့တော့ တော်ပါသေးရဲ့ တွေးမိသေးတယ်။ ပီးတော့ လက်ဆောင်ပေးတယ်။ ကလေးတွေက ပထမ ဘာမှန်းမသိဘူး။ နောက်မှ နားကပ်ကလေးတွေ နားစွဲလေးတွေဆိုတာ ပြောလို့ သိသွားရော ကလေးမလေး တစ်ယောက်က နားကပ်ပါတဲ့ စက္ကူကဒ်ကလေးကို သူ့နားမှာ ကပ်ကြည့်တယ်။ ပြလိုက်တဲ့ ဖျတ်ကနဲမှာ မျက်ရည်စို့ကနဲ ဖြစ်သွားတယ်။
ထိုင်းမှာ အဲဒါလေးတွေ ကလေးတွေ ကြိုက်ကြတယ်၊ ဝယ်ကြတယ်။ ဖန်စီလေးတွေ မျိုးကိုစုံနေတာပဲ။ ၁၀ဘတ်၊ ဘတ်(၂၀) အဲလောက်ပဲ။ သူတို့မုန့်ဘိုးနဲ့ပဲ ဝယ်လို့ရတော့ ကျောင်းဆင်းရင် အဲလိုဆိုင်တွေမှာ ကလေးတွေ တိုးတိုးဝှေ့ဝှေ့ ဝယ်ကြတာ တွေ့နေရတယ်။ မိဘတွေကို ပူဆာစရာ မလိုဘူး။
အဲဒီ ထိုင်းအမျိုးသားနဲ့ နောက်တစ်ယောက်ရယ်၊ စကားပြန်ရယ် (၃)ယောက် စက်ဘီးကိုယ်စီနဲ့ စစ်ကိုင်းတံတားပေါ်က သွားကြတာ ပြတယ်။
စစ်ကိုင်းအဝင်၊ ရွာတစ်ရွာအရောက်မှာ ဝင်ကတည်းက မုခ်ဦးနဲ့ အလှုခံအုပ်စုကို ရိုက်ပြတယ်။ စကားတွေလည်းပြောကြနဲ့ တစ်ထောင်တန်ကို တဂျောက်ဂျောက်ခေါက်နေတဲ့ ငွေဖလားစေ့အောင် ထဲ့တယ်။ ပြီးတော့ ဖြတ်သွားတဲ့ ကားတွေပေါ်က ပစ်ချလိုက်တဲ့ ပိုက်ဆံတွေကို အပြေးအလွှားကောက်ပီး ငွေဖလားတွေထဲ ထဲ့တာပြတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တည်းကြ၊ ရေချိုးကြပြန်တယ်။
အဲဒီနောက် ပုဂံကိုသွားတာ ပြတယ်။ အဲဒီလိုပဲ ပုဂံလို့ သိလိုက်ပီးတဲ့နောက် မြို့အဝင်က မုခ်ဦးက ငွေဖလားနဲ့ အလှုခံ အုပ်စုကို အရင်ပြတာပဲ။
ဘုန်းကြီးကျောင်းမှာတည်းတယ်။ ရေချိုးတော့ ဆရာတော်က အမ်ပရီရယ်လယ်သာ ဆပ်ပြာခဲ အသစ်လေး ထုတ်ပေးတာ သဘောကျနေကြတယ်။ အဲဒီနားက ရွာတစ်ရွာကို သူတို့ သွားကြတယ်။
စက်ဘီးနင်းရင်းက ရပ်ပီး လမ်းမှာကတည်းက ညောင်းညာနေတဲ့ဟန် မောပန်းနေတဲ့ဟန်ပြတယ်။
သူ့နားမှာ ရွာကကလေးတွေ ဝိုင်းနေကြတယ်။ ပထဆုံး မြင်လိုက်ရတဲ့ ပြကွက်ကြောင့် ကြည့်ရင်း ဒေါသထောင်းကနဲ ဖြစ်ရတယ်။ ကလေးတစ်ယောက်စီက သူ့ရဲ့အောက် မြေကြီးပေါ်မှာ ထိုင်ပြီး ခြေထောက်တစ်ဖက်စီကို နှိပ်ပေးနေတယ်။ ခြေသလုံးတွေကို နှိပ်နယ်ပေးနေတာပြတယ်၊ ပြီးတော့ တစ်ချို့က လက်၊ တစ်ချို့ကကျော၊ အဲ ပြီးတော့မှ ယောင်္ကျားကလေးတစ်ယောက်က သူ့ကုပ်ပေါ်ခွထိုင်လို့ နှဖူးနဲ့ခေါင်းကို နှိပ်နေတာတွေ့မှ " ဟင်းကနဲ" ဖြစ်ရပြန်တယ်။
အဲဒီကလေးတွေကို တစ်ထောင်တန်တွေ ပေးပြန်တယ်။ ကလေးတွေနဲ့ရွာသားတွေက ရယ်လို့မောလို့ လက်ပြနှုတ်ဆက်ကြတယ်။
နေဝင်ကာနီး တိမ်တောက်နေတဲ့ ကောင်းကင်ကို နောက်ခံထားပြီး၊ ဘေးတစ်ဖက်တစ်ချက်မှာ ကုက္ကိုပင်တွေ ထနောင်းပင်တွေ အစီအရီရှိနေတဲ့ လမ်းပေါ်က စက်ဘီးကိုယ်စီနင်းပြီး ပြန်သွားကြတာကို နောက်ခံတီးလုံး ပါးပါးလေးတီးပီး နရေတာရဲ့ ပျော့ပျောင်းတဲ့ စကားင်္သလေးတွေနဲ့ လွမ်းမောဘွယ်ရာ နိဂုံးချုပ်သွားတဲ့ documentary လေးကိုကြည့်ပီး မြန်မာပြည်ကို လွမ်းရင်း မောသွားတယ်

No comments:

Post a Comment