December 31, 2015

" ခပ်ညံ့ညံ့တွေ ယူမလား" ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၂၁)ရက် နေ့ထုတ် ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၅၀)မှ

                         ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ မြန်မာပြည်သို့ ခေတ္တပြန်ရောက်ခဲ့ပါသည်။ နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲထဲ့မည်၊ နှစ်ရက်လောက်နေပြီးက မြန်မာပြည်က ပြန်မည်ဟု တွက်ထားလိုက်သည်။ သို့သော် အကြောင်းကြောင့် နောက်ထပ် နှစ်ပတ်နီးပါး နေဖြစ်သွားသည်။ ထိုင်းက ပါလာသည့် သောက်နေကျ သွေးတိုးရောဂါအတွက်ဆေး မှာ ကုန်သွားသည့်အတွက် ဆေးဆိုင်မှာ တစ်ကဒ် ဝယ်လိုက်သည်။ တစ်ကဒ်မှ မြန်မာငွေ (၄၀၀) ကျပ်ပေးရသည်။ အဆိုပါဆေး နာမည်၊ ထုတ်လုပ်သည့် ကုမ္မဏီနာမည်၊ ပါဝင်သည့် အလေးချိန် ၊ ထုတ်လုပ်သည့်တိုင်းပြည် စတာတွေကို သောက်နေကျ ကုန်သွာသည့် သည့်ဆေးကဒ်နှင့် တိုက်ကြည့်ရာ အင်္ဂလိပ်အက္ခရာ တစ်လုံးမကျန်တူပါသည်။ သို့သော် ကွာခြားတာက မြန်မာပြည်မှာ ပိုပြီး ဈေးသက်သာနေတာပဲ ဖြစ်သည်။
အဆိုပါ သွေးကျဆေးကို စာရေးသူ သောက်လာသည်မှာ (၃) နှစ်ကျော်ခန့် ရှိလာပါပြီ။ ထိုင်းမှာ ဝယ်စဉ်က (၁၀)လုံးပါ တစ်ကဒ်ကို (၃၅) ဘတ် ပေးရပါသည်။ ယခင် ငွေလဲနှုန်းနှင့်ပင် ကျပ် တစ်ထောင်နှင့်ငါးဆယ် ကျသင့်ပြီး ယခုဆိုလျင် တစ်ထောင့်နှစ်ရာကျနေပါသည်။ ဈေးက မြန်မာပြည်မှာ သုံးပုံ တစ်ပုံ သက်သာပါသည်။ အလားတူ သတိထားမိသည့် နောက်တမျိုးမှာ သွားတိုက်ဆေး၊ ထိုင်းနိုင်ငံထုတ် close up သွားတိုက်ဆေး ဘူးကြီးတစ်ဘူးကို ထိုင်းဘတ်ငွေ ( ၄၉) ဘတ်ဖြင့် ဝယ်လာခဲ့ပြီး ကုန်သွားသည့် အတွက် ကုန်တိုက်တစ်ခုမှာ ဝင်ဝယ်ရာ မြန်မာငွေ (၈၀၀) ကျပ်သာ ကျလေသည်။ ကုန်ပစ္စည်းတွေကို စိတ်ကူးဖြင့် တင်သွင်း ရောင်းချကြည့်ရင်း အမြတ်ရပါ့မလား တွေးမိသည်။ ကုန်သည်တွေမှာ မမြတ်ပဲ အလှုပေးသလို လျှော့ရောင်းမှာမဟုတ်ဟု ဆင်ခြင်မိသည်။
မြန်မာပြည်မှာနေရင်း သွေးပေါင်ချိန်က ပုံမှန်အနေအထားမှာ မရှိ၊ ဆေးသောက်နေသည့်ကြားမှ သွေးပေါင်ချိန် အနည်းငယ် မြင့်နေသည်။ ဆိုးဆိုးရွားရွား တိုးနေတာတော့ မဟုတ်၊ သွားရလာရတာ၊ နေပူတာနှင့် ခရီးပမ်း၍ ဖြစ်မည်ဟု တွက်လိုက်သည်။ အဆိုပါဆေးကို စသောက်ကတည်းက နံနက် အစာစားပြီး တစ်ကြိမ်၊ တစ်ကြိမ်လျင် တစ်လုံး ဆရာဝန်က သောက်ခိုင်းရာ သွေးပေါင်ချိန် ပုံမှန်ဖြစ်လာပြီး ရံဖန်ရံခါ သွေးပေါင်ချိန် ပုံမှန်ရှိရမည်ထက် ကျဆင်း နေတတ်တဲ့ အတွက် ဆရာဝန်က သွေးပေါင်ချိန် တိုင်းပြီးမှ တစ်ရက်ခြား၊ ထိုမှတဖန် နှစ်ရက်ခြား တခါသာ သောက်ရတာကြာပြီဖြစ်သည်။ ယခုသော် နေ့စဉ် သောက်သည့်ကြားက မြင့်နေသည်။ ထိုင်းကို ပြန်ရောက်ချိန်မှာလည်း ထို့အတူပင်၊ အစားအသောက်လည်းမမှားပါပဲ တစ်ရက်မှာ အပေါ်သွေးပေါင်ချိန် (၁၅၀) တွေဘာတွေ ဖြစ်ကုန်သည်။ တစ်ရက်မှာ အိမ်ကနေ ဆေးသောက်ဖို့ မေ့ခဲ့၍ ဆေးခန်းမှာ ဆေးဝင်ဝယ်ပြီး သောက်လိုက်သည်။ ဝယ်နေကျ သောက်နေကျ အဆိုပါ ဆေးပဲ ဖြစ်သည်။ ယခုသောက်လက်စ မြန်မာပြည်က ဝယ်လာသည့် ကဒ်က ကုန်ကာနီးပြီ ဆိုကာ တခါထဲ ဝယ်ထားလိုက်သည်။ နောက်ရက်မှာ ဖောက်လက်စနှင့် ထိုင်းမှာဝယ်သည့် ဆေးကဒ်ကိုပဲ ဆက်လက်သောက်ရာ နှစ်ရက်ခြားမှ တခါသာ ပြန်သောက်ရလေသည်။
ထူးခြားတာက အဲဒါသာပင်၊ နောက်ဆုံး ကောက်ချက်ချတော့ ဆေးက သောက်သာသောက်နေရသည်၊ မည်သည့်သက်ရောက်မှုမျှ မရှိတာဖြစ်သည်။ ဆေးတွေသည် မြန်မာပြည်တွင်းကို မည်သည့် လမ်းကြောင်းက လာတဲ့အတွက် ဒီလောက် ဈေးပေါနေတာဘာလဲ အဖြေက ရှင်းနေသည်။
ထိုင်းနိုင်ငံထုတ် ကိုယ်လိမ်းပေါင်ဒါ တစ်ဘူးကို မိတ်ဆွေတစ်ယောက်အား လက်ဆောင်အဖြစ် ပေးဖူးသည်။ အဆိုပါ မိတ်ဆွေက ထိုတံဆိပ်ကို ကြိုက်သဖြင့် မြန်မာပြည်က ဈေးဝယ်စင်တာ တစ်ခုမှ ဝယ်ယူသုံးစွဲရာ အပြင်ပန်း ဘူးခွံ စာသား တံဆိပ် တစ်လုံးမှ မလွဲသော်လည်း အနံ့မရ၊ ယခင်ဘူးလို ကြာကြာ အနံ့မမွှေးဟု ပြောပြဖူးတာ သတိရသည်။
တချိန်က မိတ်ဆွေ တစ်ယောက် ပြောပြသည့် ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေ မြန်မာပြည်ကို တင်သွင်းသည့် တစိတ်တဒေသအကြောင်းကို ပြန်သတိရမိသည်။ နာမည်ကျော် ထိုင်းနိုင်ငံထုတ် အမှတ်တံဆိပ်ပါ ဘိလပ်မြေကို မြန်မာပြည်က ကုန်သည် တစ်ယောက်က ဝယ်ယူဖို့ ဘန်ကောက်အနီးမှာရှိတဲ့ အဲဒီစက်ရုံတိုင်အောင် အရောက်လာပြီး သူဌေးနဲ့ အရောင်းအဝယ်စကား ပြောကြသည်တဲ့။
ဥပမာ ဆိုပါစို့ တစ်အိတ်ကို ဘတ်(၁၀၀)နှင့်ရောင်းပေးမည်၊ ဒါက စက်ရုံဈေး၊ အများကြီးသက်သာသည်။ ဈေးစုံစမ်းပြီး ပြန်သည်။ ဒါကို ကြားသည့် ပွဲစားတစ်ယောက်က အဆိုပါကုန်သည်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ အများကြီးရှိတာ သိသည်။ သူသာချိတ်မိက ရရှိမည့် အကျိုးအမြတ်က မနည်းလှ၊ ထိုကုန်သည်နှင့် တွေ့ရန် ကြိုးပမ်းသည်။ တွေ့သည်။ ပိုင်ရှင်ကိုယ်တိုင် ပြောလိုက်သည့် စက်ရုံဈေးထက် သက်သာသည့်ဈေးနှင့် ရောင်းပေးမည်၊ သူက တစ်ရာနှင့်ရောင်းတာ များသည်၊ ဘတ် ( ၈၀) နှင့် ပေးမည် ၊ ဘယ်လောက်ယူမလဲ၊ မြန်မာပြည်က လာသည့် ကုန်သည် သူဌေး ငိုက်ကနဲ ပါသွားသည်။ တစ်အိတ်ကို ဘတ်(၂၀) သက်သာမည်၊ မနည်းပါလား၊ တံဆိပ်က ဒီတံဆိပ်နော် ဟုတ်ပါတယ် ချွပ်စွပ် ၊ အလေးချိန် တစ်ဂရမ်တောင် မလျှော့စေရ ၊ အိပ်နမူနာ ကြည့်ပါရစေ၊ ကြည့်ပါ ၊ ကိုင်ကြည့် ၊ လျက်ဆားလို လျက်ကြည့်လို့မရလို့သာ ၊ ဖင်ပြန်ခေါင်းပြန် စစ်၊ အိုခေ အတူတူပဲ ဈေးလည်းသက်သာတယ်၊ ထောင်သောင်းချီ ဝယ်သွားသည်တဲ့။ အမှန်တကယ် ထုတ်လုပ်သည့် ပိုင်ရှင်တောင် မရောင်းနိုင်တာ ဒီလူက ဘယ်က ထုတ်ပြီး လို့ ရောင်းသနည်း၊ အတု ၊ အတုလို့ မထင်ရအောင်ကို တုထားသည့် ပစ္စည်း၊ အရောအနှောတွေ ဘယ့်လောက်ပါသလဲ မသိ၊ ရန်ကုန်က မိတ်ဆွေ အန်တီ တစ်ယောက်ပြောပြဖူးသည်။ ကန်ထရိုက်တိုက် တစ်ခုမှာ အပေါ်က အလွှာက ငရုပ်သီးထောင်းရာ အောက်ထပ် အလွှာကို ငရုပ်ဆုံ ထွက်ကျလာသတဲ့၊ ကိုယ်တိုင်မမြင်ရတဲ့ အတွက် ထားပါတော့၊ အပေါ်ထပ်က ရေချိုးပါက အောက်ထပ်ကို ရေစိမ့်တာ ကိုယ်တိုင် တွေ့ဖူးသည်။ နောက်ပိုင်းမှာ ကျော်မကောင်းကြားမကောင်း ဆောက်တာတစ်နှစ်မပြည့်သေးသည့် တိုက်တွေ အက်ကြောင်းတွေထင်လာလို့ ပြောင်းပေးရတဲ့ တိုက်ခန်းတွေမနည်းမနော။
လူတွေရဲ့ အသက်အန္တရာယ်ကို ထိပါးလာသည်အထိ ဖြစ်လာချေပြီ။ ငယ်စဉ်ကတည်းက ကြားဖူးတာ ရှိသည်။ ယိုးဒယားပစ္စည်းက ဈေးကြီးတယ်၊ ဈေးချိုတာလိုက်မိရင် အတုနဲ့ တိုးတယ်၊ အတုလည်းများတယ်၊ တရုတ်ကလာတဲ့ ပစ္စည်းပဲ သုံးတော့မယ်တဲ့၊ တော်တော်များများ ပြောကြတာဖြစ်သည်။
နယ်စပ်မှာ ထုတ်ထုပ်ပြီး မြန်မာပြည်ကို တရားမဝင်သည့် လမ်းကြောင်းမှ တင်သွင်းနေသည့် ပစ္စည်းတွေရဲ့ အန္တရာယ်က မသေးလှပေ။ အဓိကက တရားဝင်ကူးသန်းရောင်းဝယ်မှုကို တင်းကြပ်ထားပြိး နားလည်မှုနှင့် လုပ်နေကြတာများ၍ ထိုသို့ ဖြစ်လာရခြင်းပင်၊ နားလည်မှုဆိုတာ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုတွေပဲ ဖြစ်သည်။
ပေါင်ဒါ၊ ရေမွှေး၊ မျက်နှာလိမ်းခရင် ၊ အစရှိသည့် အလှကုန်တွေပါမကျန် မီးဖိုချောင် အသုံးအဆောင်ဖြစ်သည့် ပန်းကန်ဆေးသည့် အဆီ၊ ရေချိုးခန်းသုံး ကြမ်းတိုက်ဆီ၊ ဆေး အစရှိတာတွေ မှာ အတုတွေ အရောတွေ အရည်အသွေးမမှီတာတွေ များစွာ တင်သွင်းသည်။ေ၇ချိုးခန်းအိမ်သာ ဆေးသည့် ဆေးပါ အရည်အသွေးမမီ၊ မမီယုံမက အန္တရာယ်ပါ ရှိနိုင်သည်။ နာမည်ကြီး ထိုင်းနိုင်ငံထုတ်" ဘဲ "အမှတ်တံဆိပ်မှာ မြန်မာပြည်ကိုရောက်သည့်အခါ အငွေ့တထောင်းထောင်း ထွက်သည့် အက်စစ်တွေ ဖြစ်လို့နေသည်။ သူ့ကုမ္မဏီက ထုတ်သည့်ဆေးမှာ အနံ့သင်း၍ ပိုးသတ်ပေးသည့် အရည်အသွေးမီ ထုတ်တာဖြစ်သည်။ ရေချိုးခန်းထဲမှာ တိုက်ချွတ်ဆေးကြော နေတုန်း အပြင်ကပြန်လာသည့် သမီးက အငွေ့တွေ ဘယ်ကထွက်သလဲ အလန့်တကြား လိုက်ရှာမှ သိရသည်။ စိတ်ထဲမှာ မကျေနပ်သော်လည်း ဘယ်သူ့ကို သွားပြောရမှန်းပင် မသိ၊ ထိုင်းမှာ သူ့ကိုယ်ပိုင် ထုတ်သည့် ပစ္စည်းကို သူကိုယ်တိုင်တောင် မှတ်မိပါ့မလားမသိ၊ အသွင်အပြင် အမှတ်တံဆိပ် ဘူးခွံ ထပ်တူထပ်မျှ အတွင်းက ကျီးအာသီးလို ဖြစ်နေသည်။
မည်သည့်တိုင်းပြည်မှ အရည်အသွေးမမီတာကို တင်သွင်းခွင့်မပြု၊ လက်မခံ၊ အန္တာရာယ်ရှိနိုင်သည်ဆိုက ပိုလို့ပင် ဝေးသေးသည်။ မြန်မာပြည်ကနေ ပြည်ပကို ပို့သည့် ပို့ကုန်တွေ အလွယ်တကူ ပို့လို့ရပါသလား၊ အဆင့်ဆင့် ဖြတ်ကျော်ပြီး ပို့တာတောင်မှ သူတို့တိုင်းပြည်ရောက်ပြီး မကြိုက်က အရည်အသွေးမမီဆိုကာ ပြန်ပင် ပို့လိုက်သေးသည်။ ကိုယ့်တိုင်းပြည်ကတော့ တွေ့ရာ ကြုံရာ အကုန် ဒလဟော စီးဝင်နေသည်။ အင်မတန် အန္တရာယ်များလှပါသည်။ ပြည်သူတွေမှာ အရည်အသွေးမမီသည့် စားကုန်တွေ၊ ပစ္စည်းတွေကို သုံးစွဲရင်း ကျန်းမာရေး ထိခိုက်လာသည့်အခါ အရည်အသွေးမမီသည့် ဆေးဝါးများကို သုံးစွဲပြီး အသက်တိုကြရလေသည်။
ပြည်ပသွင်းကုန် စိစစ်ရေးသည် နာမည်သာရှိသည်။ အစိုးရအဆက်ဆက် ဒီအတိုင်းပဲ သွားနေတာဖြစ်သည်။ တခါတလေ တရားမဝင်လမ်းကြောင်းကလာသည့် ကုန်ပစ္စည်းတွေ၊ အရည်အသွေးမမီတာတွေ ၊ သုံးစွဲရန် မသင့်ဆိုကာ မီးပုံရှို့သည့် သတင်းတွေ ဖတ်ရသည်။ အဆိုပါ ဖြစ်စဉ်သည် မီးရှို့ယုံနှင့် ပျောက်ကွယ်မသွားပါ၊ အဓိကကတော့ မိမိတိုင်းသူပြည်သားများ အသက်အန္တရာယ်ကို ချိန်းခြောက်နေရိုးမှန်က တိတိကျကျ ဥပဒေ၊ စည်းကမ်းများ ထုတ်ပြန်ပြီး တိတိကျကျ အရေးယူ ဆောင်ရွက်ရမည့် အနေအထားဖြစ်လာပါပြီ။
ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးမှုမှာ အရေးကြီးလှပါသည်။ ဒီနေရာကနေ ကုန်သည်ကြီးများ ၊ အရောင်းအဝယ်လုပ်သည့် သူဌေးသူကြွယ်များကို ပြောကြားလိုသည်မှာ အများပြည်သူ ပြေလည် အေးချမ်း စိတ်ချမ်းသာမည့် နည်းလမ်းများဖြင့် ကုန်သွယ်ပါမှ သမာအာဇီဝ ကျပါလိမ့်မည်။ မိမိ အမြတ်များများရဖို့ အတ္တအကျိုးအတွက် ပြည်သူတွေ ဘာဖြစ်ဖြစ် စီးပွားရှာသော် အဆိပ်သင့် စီးပွားရေးသာ ဖြစ်နေပါလိမ့်မည်။ အစားအသောက်၊ အသုံးအဆောင်၊ ဆေးဝါး အစရှိသည့် နိစ္စဓူဝ အသုံးပြုနေရသည့် အရာများ ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း စေတနာကောင်းဖြင့် ရေးသားလိုက်ပါသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment