December 31, 2015

" ပြည်သူအားလုံး ပါဝင်ကြရမည့် အပြောင်းအလဲခရီး"၇ရက် ဒီဇင်ဘာ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၄၈)မှ


၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလနှင့် ရွေးကောက်ပွဲ အလွန် ကာလ တွေမှာပါ ပြည်သူအားလုံး အဓိက ပြောင်းလဲချင်တာ ပညာရေး နဲ့ ကျန်းမာရေး လို့ သတင်းစကားတွေ ကြားရလေသည်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ပြည်သူတွေ မဲပေးရွေးချယ်ခဲ့ကြသည်။ ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ကြွေးကြော်ကာ ပြည်သူ့ဆန္ဒကို ပြည်သူ့အင်အားဖြင့် ဖော်ထုတ်ပြသနိုင်ခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အနိုင်ရရှိပြီးနောက် အစိုးရဖြစ်လာသည့်အချိန်မှာ ပြည်သူတွေက နိမ့်ကျနေသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆိုးရွားလှသည့် ကျန်းမာရေး အခြေအနေတွေကို အဓိကထားပြီး ပြောင်းလဲလိုကြဟန်ရှိသည်။ အမှန်တကယ်လည်း မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး အဆင့်အတန်းမှာ များစွာ နိမ့်ကျနေပြီး ကျန်းမာရေးစောင့်ေ၇ှာက်မှု အပြည့်အဝ မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကိုယ့်ပြဿနာကိုယ်ရှင်း ကိုယ့်တာဝန် ကိုယ်ယူ ၊ အစိုးရဆိုတာ ပြည်သူကို စောင့်ရှောက်ရမှာဆိုတာကိုပါ ပြည်သူတွေ ထည့်မတွက်ခြဲ့တာကြာပါပြီ။ ယခုသော် ပြည်သူက ရွေးချယ်လိုက်သော အစိုးရအဖွဲ့ ဖြစ်လာပါက ပြည်သူတွေ အတွက် လိုအပ်ချက်ကို အလုံးစုံ ဖြည့်ဆည်းပေးနိုင်တော့မည်ဟု မျှော်မှန်းကြလေသည်။
တကယ်တော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အစိုးရမှာ တာဝန်ရှိသလို ပြည်သူတစ်ဦးချင်းထံမှာလည်း တာဝန်ရှိပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားသည့်ကိစ္စမှအစ နာမကျန်းသည့် သက်ကြီးရွယ်အိုများ၊ ဘဝအာမခံချက် မရှိသည့် သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ အခြေခံလူတန်းစားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အစရှိတာတွေကို ပြည်သူတွေအတွက် ယခင်အစိုးရက ဘာတစ်ခုမှ လုပ်ကိုင်ပေးခဲ့တာ ၊ စနစ်တကျ စီစဉ်ပေးခဲ့တာ မရှိခဲ့ယုံမက ပြည်သူတွေကို အခြေခံကျန်းမာရေး ပညာပေး အဆင့်တောင် ပြည့်ပြည့်ဝဝ မပေးခဲ့ကြပါဘူး။
ဒါ့ကြောင့် နှစ်ပေါင်းများစွာ ကျန်းမာရေး ဗဟုသုတ အားနည်းခဲ့ကြတဲ့ အတွက် မလိုလားအပ်ပဲ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံကြရတာဖြစ်လေသည်။ အစိုးရသစ်လက်ထက် ရောက်လာပါက ဒီတာဝန်တွေ အစိုးရအလုပ်ပဲလို့ အားလုံးပုံချလို့ မဖြစ်သေးပါ၊ ပြည်သူတွေဖက်ကလည်း ကျန်းမာရေးနဲ့အညီ ကျင့်ကြံ နေထိုင် လိုက်နာရမယ့် အချက်တွေကို လိုက်နာဖို့ လိုပါမယ်၊ ခေတ်မီဆေးရုံတွေ၊ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးလျှင်တောင် ပြည်သူတစ်ဦးချင်း၊ လူတစ်ကိုယ်စာစီက ကျန်းမာရေးအသိစိတ်နဲ့ ပူးပေါင်း ပါဝင်ကြဖို့ လိုပါသည်။ ဒါကလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ရ၍ ရေးရတာဖြစ်ပါသည်။
မိတ်ဆွေ ဆွေမျိုးသားချင်း၊ သူငယ်ချင်း မိသားစုအိမ်တွေ ရောက်တိုင်း ၊ ကျန်းမာရေး လူမှုရေး ကိစ္စအဝဝကို စကားပြောဖြစ်တိုင်း အသဲရောင် ဘီပိုး စီပိုး ရှိသူတွေ များလာတာ ကြားရသည်။ ကျမလည်း မနေနိုင် " တွေ့သမျှ လူတိုင်း ကျန်းမာရေး ကိစ္စ မေးတိုင်း
ဘယ်သူ့ကတော့ စီပိုးလေ ဘယ်သူကတော့ ဘီပိုး" လို့ ထမင်းစားရေသောက် ပြောတာကို တအံ့တဩ ပြန်ပြောတဲ့ အခါ မြန်မာပြည်မှာတော့ အသဲပိုးတွေက လူတိုင်းလိုလို ရှိတာပဲလေလို့ ခပ်အေးအေး ပြန်ဖြေသံကြားရလေသည်။
လမ်းမတွေမှာ ကွမ်းတံတွေးတွေ ရဲရဲနီအောင် ထွေးထားကြသည်။ နီရဲနေသော လမ်းမတွေ ဖြစ်နေသည်။ လတ်လတ်ဆတ်ဆတ် ထွေးထားသော ကွမ်းတံတွေးမြင်တိုင်း အော့နှလုံးနာမိသည်။ ဒီလူတွေ ဘာဖြစ်လို့ ဒီလောက် စည်းကမ်းမဲ့ရသလဲ အတွေးအမြဲပေါ်သည်။ လမ်းမတွေပေါ်မှာ နောက်ဆုံးပေါ် ကားတွေ များစွာ သွားလာနေကြသည်။ အငှားယာဉ်များမှာလည်း ဟောင်းနွမ်းတာ မတွေ့ရသလောက်၊ သို့သော် ထိုကားရဲ့ ဘေးတံခါးတွေမှာ ကွမ်းတံတွေး စီးကြောင်းတွေက အတန်းလိုက်၊ ကားမောင်းရင်း ဖတ်ကနဲ လမ်းပေါ် လှမ်းထွေးလိုက်၍ အမြန်ရှောင်ရတာက ရှိသေးသည်။ ထိုသူတွေမှာ ကွမ်းစား၍ ကျန်းမာရေး ထိခိုက် ရောဂါ ရမည်ဆိုတာ ခဏထား၊ သူတို့ ဖိုးကနဲ ဖတ်ကနဲ ထွေးလိုက်တာကနေ စောစောက ပြောသည့် ပိုးရှိသူတွေဆိုပါက လေထဲကနေ ပိုးတွေ ပျံ့လေပြီ။
ခရီးသည်တင်ကားပေါ်မှာ ပါးစပ်မပိတ်၊ လက်မကာပဲ ဟတ်ချိုး ချေချသူတွေ ၊ ချောင်းဆိုးသူတွေ၊ လမ်းလျှောက်ရင်း လူနဲ့ မျက်နှာချင်းဆိုင် ဆုံမိခိုက်မှာ ချောင်းဆိုးလိုက်တာတွေ အများအပြားဖြစ်လာသည်။
" နှာချေ ချောင်းဆိုးလျင် ဘယ်လိုလုပ်ရမလဲ၊ နှာချေ ချောင်းဆိုးလျင် ပါးစပ်နှင့် လက်ကို အုပ်၍လည်းကောင်း၊ လက်ကိုင်ပုဝါနှင့် အုပ်၍လည်းကောင်း ဆိုးရပါမည်"
မူလတန်း ဘဝတွက်တာဘာသာရပ်မှာ ကလေးတွေ အလွတ်ကျက်တာ ကြားဖူးသည်။ ယခု လူငယ်လေးတွေသည် ထိုစာကို စာမေးပွဲမှာ ဖြေပြီး မေ့လိုက်ဟန်ရှိသည်။ တကယ်တော့ ထိုဘဝတွက်တာ ဘာသာဆိုတာကို စာထဲမှာ ထဲ့မသင်ခင်ကတည်းက လူဖြစ်လာကြသည့် သူတွေမှာ ယခုလို အပြုအမူမျိုးတွေ မရှိကြပါ။ မှတ်မှတ်ရရ လွန်ခဲ့သော ၇နှစ်ခန့်ကပင် ယခုလို အပြုအမူတွေ မတွေ့ရပါ၊ အတော်ကို ရှားပါသည်။ မထိန်းနိုင်၍ နှာချေမိပါက ကားပေါ်ပါ အခြားခရီးသည်တွေကို တောင်းပန်ဟန်ကြည့်ကာ သူတို့ အမူအယာအတွက် ရှက်ကိုးရှက်ကန်း ဖြစ်ကြသည်။ ယခုသော် ထိုကိစ္စအတွက် ပတ်ဝန်းကျင်ကို ဂရုမစိုက်ယုံမက မယဉ်ကျေးသည့် အပြုအမူဆိုတာ သိပုံပင်မရ၊
လူ့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေ များလာမှတော့ ရောဂါပိုး ကူးစက်တာတွေ များလာတာမဆန်းတော့၊ အခြေခံ လူတစ်ဦးချင်း သိသင့်သည့် လိုက်နာရမည့် အဆင့်ကလေးကိုပင် ဖောက်ဖျက်နေကြလေသည်။ အမှိုက်ကို ပတ်ဝန်းကျင်မှာ အလွယ်တကူ လွှတ်ပစ်တာ ၊ မိမိရဲ့ အညစ်အကြေးကို အလွယ်တကူ လမ်းပေါ် စွန့်ထုတ်လိုက်တာ နိုင်ငံကြီးသား မပီသယုံမျှမက ပတ်ဝန်းကျင်ညစ်ညမ်းကာ မိမိပတ်ဝန်းကျင်ရဲ့ ကျန်းမာရေးကိုပါ ပြန်လည် ထိခိုက်စေသည့် အပြုမူဆိုတာ အသိရှိကြရဲ့လား မေးခွန်းထုတ်စရာပင်၊
နာမည်ကြီး ပလာဇာတစ်ခုရဲ့ အရှေ့မှာ သစ်သီးတွေကို ခွဲခြမ်းပြီး ဗန်းကလေး နဲ့ ရောင်းတာမှာ ဘာအဖုံးအအုပ်မှ မရှိ၊ ယင်ကောင်တလောင်းလောင်း၊ အဆိုပါ ဈေးသည်ကို ကြည့်လိုက်တော့ သနပ်ခါး အဖွေးသား ရွှေတွေ အပြည့်၊ ကျန်းမာရေး ဗဟုသုတ နတ္ထိ၊ ဝယ်စားသူတွေ ရောဂါတွေ ရတာမဆန်း၊ တွန်းလှည်းကလေးနှင့် နောင်နောင်သည် ခေါ်မလား၊ ရှောက်ချိုသီး၊ ဆီးသီး ၊ နာနတ်သီးတွေကို သန့်သန့်ပြန့်ပြန့် ခင်းကျင်းပြီး အုပ်ဆိုင်းကာ ရောင်းနေတာတွေ့သည်။ ကျမလည်း မဆိုးဘူးဆိုကာ ဝယ်လိုက်သည်။ စပ်ထားတဲ့ မဆလာနဲ့ အသီးကို ဘူးထဲ လှုပ်ယမ်းပြီး အိတ်ကလေးထဲ ထဲ့သည်အထိ ဟုတ်နေသည်။ လှည်းမှာ ချိတ်ထားသည့် ပလတ်စတစ်ဘူးထဲက တုတ်တံကလေးကို လှမ်းအပေးမှာ တုတ်က မှိုတွေနှင့်၊ အားမနာပဲ ယူပြီး လွှတ်ပစ်လိုက်မိသည်။ ဈေးသည်က ' အမဘာသာ ရွေးယူလိုက်ပါ " ဆို၍ ဘူးထဲ ကြည့်လိုက်ရာ အားလုံး အောက်ခြေမှာ မှိုတွေနှင့်၊
မယူပဲ လှည့်ထွက်ရင်း တုတ်ကလေးတွေ လဲလိုက်ပါလား စားတဲ့သူတွေ ရောဂါ ရမယ်လို့ ပြောခဲ့လိုက်သည်။ အဆိုပါ ဈေးသည်က မဆိုးပါ၊ နောက်ရက်မှာ ဘူးအသစ်နှင့် တုတ်ကလေးတွေ အသစ်တွေချည်း ဖြစ်နေသည်။ မည်သူတွေ မည်မျှလောက် စားခဲ့ပြီမသိ၊ လူတွမှာ အစားအသောက် စားတိုင်း ရောဂါပိုးပါ အဆစ်ရနေလေသည်။
စားသောက်ဆိုင်တွေလည်း ထို့အတူပင် ကျန်းမာရေးအတွက် ဂရုစိုက်မှု အင်မတန်နည်းပါးပါသည်။ ဆိုင်တွေမှာတော့ ဒီလိုပါပဲလို့ စောဒကတက်ချင်လည်း တက်ပါ၊ သို့သော် ယခုခေတ်မှာ မိသားစုဝင်တွေ အားလုံး အလုပ်ထွက်လုပ်နေကြသည့်အတွက် အပြင်ဆိုင်က မှာစားနေကြတာများပါသည်။ ငါးပိရည်ကျိုကိုပင် မကျိုနိုင်ကြတော့၊ အသင့်ဝယ်ကာ စားနေကြတာ တွေ့နေရသည်။ အစားအသောက် သန့်ရှင်းမှုသည် ကျန်းမာရေးအတွက် အခြေခံ အကျဆုံး အချက်ပင်၊
ရန်ကုန်၊ နေပြည်တော် ရောက်ခဲ့ သမျှ အစားအသောက်ကို လက်အိတ်ဖြင့် ကိုင်သည့် ဆိုင်တစ်ဆိုင်မှ မတွေ့ခဲ့ရပါ၊ အသုပ်စုံဆိုင်ဆိုပါက အသုပ်နယ်သည်၊ ပိုက်ဆံပြန်အမ်းသည်၊ ထိုလက်သည် ပိုက်ဆံကိုင်လိုက် အသုပ်နယ်လိုက်၊ လက်အိတ်ဖြင့် ကိုင်တွယ်တာ မရှိ၊ ပလတ်စတစ်လက်အိတ်ကလေးတွေ မဝယ်နိုင်သော်မှ ထုတ်ပိုးရန်ထားသည့် ကြွတ်ကြွတ်အိတ်ကို လက်မှာ စွပ်ကာ တခါသုံးလက်အိတ်သဖွယ် အသုံးပြု၍ ရလေသည်။ ဆီထမင်းရောင်းသည့် ဈေးသည် တစ်ယောက် ထိုသို့ သုံးတာ တွေ့ရသည်၊ ပိုက်ဆံကို လက်အိတ်ချွပ်ပြီး ကိုင်သည်၊ ဆီထမင်း ထဲ့မည်ဆိုက ထိုအိတ်ကလေး ပြန်စွပ်သည်၊ ထိုသူ့မှာ ကျန်းမာရေးဗဟုသုတ ရှိသားဟု ဆိုတော့ ကောက်ညှင်းတွေ လက်ကို ကပ်မှာဆိုးလို့ ဟု ဆိုလေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစားအသာက်ကို လက်နှင့် မကိုင်တွယ်တာ တော်သေးသည် ပြောရမည်။
ပိုက်ဆံတွေမှာ ပိုးမွှားတွေ တွယ်ကပ်နေသည် ဆိုတာ စာတွေမှာ မဖတ်ရလို့ မသိခဲ့ရင်တောင်မှ သိသာနေသည့် အချက်က ငါးဆယ်တန် တစ်ရာတန် နှစ်ရာတန် တစ်ထောင်တန်တွေ အးလုံး နွမ်းဖတ်ကြေမွကာ ပိုက်ဆံအပေါ်မှာ မှိုလိုအရာဖွေးဖွေးတွေက သာမာန်မျက်စေ့ဖြင့်ပင် မြင်ရသည်။ စားသောက်ဆိုင်ကြီးတွေကတော့ ဟန်ကျသည်။ စားပွဲထိုးနဲ့ ကောင်တာက ငွေကိုင်က သတ်သတ် ၊ အစားအသောက် ကိုင်တွယ်သူက သတ်သတ်၊ သို့သော် အများစုက အခြေခံလူတန်းစားတွေ စားသောက်ရာ ဆိုင်တွေမှာ ဖြစ်နေတာပင်၊ ဆေးမတိုးသည့် တီဘီ၊ အသဲရောင်ပိုး စတာတွေ အတွက် ဆေးဝါးတွေ မိုးပျံအောင်ကောင်းပြီး ကုသမှုတွေ အစွမ်းကုန် ပေးသော်မှ လူတိုင်း ကျန်းမာရေးနေထိုင်မှု အဆင့် မရှိလျင် ကူးစက်မှုက ရပ်လို့ ရပ်မှမဟုတ်၊ အားလုံး ကျန်းမာရေး အသိနှင့် လိုက်နာဖို့လိုပါသည်။
မှတ်မှတ်ရရ အသိမိတ်ဆွေ သုံးလေးအိမ်မှာ ပန်းကန်ဆေးသည့် အဖတ်တွေ ဟောင်းနွမ်းနေတာ၊ ကြမြင့်စွာ မလဲလှယ်ပဲ ဒီအတိုင်း သုံးနေတာ တွေ့ရသည်။ အဓိက အရေးကြီးတာ ဆေးကြောသန့်စင်သည့် ပစ္စည်း၊ တပတ်တခု လဲလှည်းပေးဖို့ အားမနာတန်း ပြောမိသည်။ စီပိုး ရှိနေသည် ဆိုသည့် အသိတစ်ယောက်၊ သူ့ မီးဖိုချောင်က ပန်းကန်ဆေးသည့် အဖတ်က ပါး၍ပေါက်နေပေပြီ၊ အဖတ်ကလည်း မည်မျှကြာသည်မသိ အတော် ညစ်ပတ်နေပြီ၊
ဒါတွေက လူတစ်ဦးချင်း ကျင့်ကြံမှ ဖြစ်မည်။ ပြောင်းလဲခြင်းဆိုတာမှာ ပြည်သူတစ်ဦးချင်းကလည်း လိုက်ပါ ပြောင်းလဲမှ ဖြစ်မည်။
" တို့ကတော့ အာဏာရှင်ကို မကြိုက်လွန်းလို့ NLD ကို ရွေးလိုက်ပြီ၊ သူတို့က တို့ကို ဘာလုပ်ပေးမလဲ၊ တို့ဘဝတွေ ဘာတွေ ပြောင်းလဲ လာမလဲ၊ တို့လိုချင်တာ ပြောင်းပါ့မလားလို့ ထိုင်စောင့်နေ ထိုင်ကြည့်နေ၍ မဖြစ်ပါ၊ မိမိကိုယ်တိုင်နှင့် မိမိမိသားစု၊ မိမိ အသိုင်းအဝန်းက တစ်ဦးချင်း တစ်ယောက်ချင်းကလည်း မကောင်းသည့် အမူအကျင့်၊ ဆိုးဝါးသည့် နေထိုင်ပုံစနစ် ဖြစ်နေသလား၊ ကျန်းမာရေး ထိခိုက်စေမည့် ပုံစံမျိုး မိမိထံက စနေသလား ကိုယ့်ကိုယ်ကို လေ့လာ သုံးသပ်ပြီး အားလုံးပါဝင် ပြောင်းလဲ ရပါလိမ့်မည်၊ မိမိတစ်ယောက်ချင်း၊ မိမိတစ်အိမ်ကစကာ ကျန်းမာရေး အခြေခံ လိုက်နာမှုတွေ ကျင့်ကြံကြရပေမည်၊ ရောဂါကတော့ ဖြစ်မှာပဲ အစိုးရက တာဝန်ယူ ဆိုက မဟုတ်သေး၊ အစိုးရက ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ တာဝန်ယူသော် ကျန်းမာရေးနှင့်အညီ နေထိုင် လုပ်ကိုင်ရမည်က ပြည်သူတစ်ယောက်ချင်း၏ တာဝန်ပင်။ မဲပေးပြီးပြီ တို့တာဝန် ပြီးပြီ မမှတ်စေလိုပါ၊ ပြည်သူအားလုံးပါ ပူးပေါင်းပါဝင်ပြီး ပြောင်းလဲစရာရှိတာ လိုက်ပါ ပြောင်းလဲရပေမည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment