June 28, 2015

" စိမ်း မြ သစ်ရွက်တို့ ကြွေနေဆဲ"၂၃ရက် ဇွန်လ ၂၀၁၅ထုတ် အတွဲ(၁) အမှတ်(၃၉) ပြည်သူ့အရေးဂျာနယ်မှ

             စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မှာ မြန်မာ U23 အမျိုးသား ဘောလုံးအသင်းကို အင်တိုက်အားတိုက် အားပေးကြသည့် ရန်ကုန်၊ မန္တလေး နေပြည်တော်အပါအဝင် အခြားပြည်နယ် တိုင်း အသီးသီးက မြို့တွေမှာပါ လူငယ် လူရွယ် ပရိတ်သတ်ကိုကြည့်ပြီး စိုးရိမ်နေမှုတွေ အနည်းငယ် လျော့သွားမိသည်။ ယခုရက်ပိုင်းမှာတင် လူငယ်တွေ မူးယစ်ဆေးစွဲနေသည့် ပြဿနကို ကိုယ်တိုင်မြင်တွေ့ခဲ့သည့် လူများ ပြန်ပြောတာ နားထောင်ရသည်သာမက သတင်းတွေမှာ စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေအနေများ အဖြစ် ဖတ်နေရတဲ့ အတွက် စိုးရိမ်နေတာ ဖြစ်လေသည်။
မြစ်ကြီးနားဖက်က ရွာတစ်ရွာမှာ မူးယစ်ဆေးစွဲသူတွေ များပြားလာတာ အစိုးရက ထိထိရောက်ရောက် လုပ်ပေးတာ ဘာမှ မရှိသဖြင့် ဒေသခံများကိုယ်တိုင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ မူးယစ်ဆေးစွဲသူများကို ဆေးဖြတ်နိုင်အောင် ပညာပေးရေး အစီအစဉ်များ လုပ်ကြတာ တွေ့ရသည်။
နယ်စပ်ဒေသ တိုင်းရင်းသားဒေသတစ်ခုကို အလည်သွားပြီး ပြန်လာသည့် မိတ်ဆွေ တစ်ယောက်က ခေါင်းတရမ်းရမ်းဖြင့် စိတ်မသက်မသာ ဖြစ်ကာ ပြန်ပြောပြတာကြားရသည်။
" ကျွန်တော်တို့ တစ်ရွာလုံးတင်မက အနီးအနားက ရွာတွေမှာပါ လူငယ်တွေ လူလတ်တွေ တချို့ဆို အသက် ငါးဆယ်ကျော် အရွယ်တွေပါ ဆေးစွဲနေကြတယ်၊ တစ်ရွာလုံး တနယ်လုံး ဘိန်းသမားချည်းပဲ"
တာဝန်ရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းက လူတွေကရော မသိဘူးလား ဆိုတဲ့ အမေးကို " မသိယောင်ဆောင်နေကြတယ် " လို့ ပြန်ဖြေလေသည်။
တော်တော်ဆိုးတဲ့ အစိုးရ၊ သူတို့ကို မထိရင်ပြီးရော၊ သူတို့ကို အတိုက်အခံ မလုပ်ရင် ဘာပဲလုပ်နေလုပ်နေ မကောင်းတာ ဘာလုပ်လုပ် ၊ ကိုယ်ဖြစ်ကိုယ်ခံ လွှတ်ထားတာ၊ သူတို့ကို အတိုက်အခံ မလုပ်မယ့် သူတွေ ဆိုပြီး အရေးကို မလုပ်ဘူး လို့ ဆက်ပြောနေသေးသည်။
" ကြောက်စရာပါလား" လို့ ရေရွတ်မိရင်း ဒီလိုပုံစံဖြင့် တိုင်းပြည်ကို၊ ပြည်သူကို မျက်နှာလွှဲ ခဲပစ် လုပ်သူတွေရဲ့ ဆိုးဝါးလှသည့် စိတ်ဓါတ်ကို ရွံရှာမိလေသည်။
ထိုမျှမက ထိုင်းနိုင်ငံသား ဆိုင်ရှင်ထံမှာ ဈေးရောင်းအကူ လုပ်နေရသည့် ရှမ်းပြည်နယ်က အမျိုးသမီးကြီးမှာ သူ့သားလေးကို အလုပ်မယ်မယ်ရရမရှိပါပဲ အနားကို ခေါ်ထားလိုက်ရသည်တဲ့။ တစ်ရွာလုံး ဘိန်းစား ဆေးသမားတွေ ဖြစ်နေရာ ရွာမှာထားပါက သူရှာတဲ့ ပိုက်ဆံ ဘိန်းဖိုးပေးဖို့ ဖြစ်သွားလိမ့်မည်တဲ့။ ယခုလို အနားကို ခေါ်ထားလိုက်တော့ သားဖြစ်သူအတွက် စားစရိတ် ပိုကုန်သွားတာ မှန်ပေမယ့် စိတ်အေးရသည်တဲ့၊
ထိုအမကြီးရဲ့ သားဖြစ်သူကို ကြည့်လိုက်တော့ ပီဘိ ကလေးမျက်နှာလေး၊ အသက်က (၁၅) နှစ်တဲ့၊ ကျောင်းပညာ တိုးလို့တန်းလန်း ဖြစ်ရသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန် ပြောဆိုချက်အရ မြန်မာတစ်နိုင်ငံလုံးမှာ ဆေးသုံးစွဲသူ ခြောက်သိန်းကျော် ရှိသည်သု သိရလေသည်။ ဒါက ဆေးရုံတွေမှာ ဆေးကုသတဲ့ မှတ်တမ်းနဲ့ ဆေးသုံးလို့ ဖမ်းမိတဲ့ တရားခံစာရင်း အရ သိနိုင်တာ ဖြစ်မည်။ အထူးသဖြင့် မြို့ကြီးပြကြီးက စာရင်းတွေ ဖြစ်ဖို့များသည်။ တိုင်းရင်းသားဒေသ နယ်စွန်နယ်ဖျားအထိ လိုက်လံကွင်းဆင်း စာရင်းကောက်ထား မထား မသေချာ။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် အပါအဝင် ဘိန်းစိုက်ရာဒေသတွေမှာ ဘိန်းစိုက်ဧရိယာဟက်တာပေါင်း ငါးသောင်းခုနစ်ထောင့်ရှစ်ရာ စိုက်ပျိုးခဲ့ကြပြီး ဘိန်းစိမ်းတန်ချိန်( ၈၇၀ )ထွက်ရှိခဲ့သည် ဆိုရာ တစ်နှစ်တစ်နှစ် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖမ်းမိဖျက်ဆီးခံသည့် တန်ချိန်နှင့်ဆိုပါက အဆရာနှင့်ချီ၍ သုံးစွဲ ရောင်းဝယ်ဖောက်ကားနေသည်ဟု တွက်ဆ၍ ရလေသည်။
၂၀၀၆ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့ပြီး ၂၀၀၇ခုနှစ်မှစပြီး ဘိန်းစိုက်ပျိုး မှု ပိုမို များပြားလာခဲ့လေသည်။ ဘိန်းဖြူအပါအဝင် မူးယစ်ဆေး သုံးစွဲသူတွေမှာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပိုမိုများပြားလာသည်ဟု သတင်းတွေမှာ ဖတ်ရလေသည်။
ဘိန်းဖြူအပါအဝင် ဆေးခြောက်၊ ဆေးပြား အစရှိသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု ပြဿနာကို အိမ်နီးချင်း ထိုင်းနိုင်ငံလည်း စာရေးသူတို့ တိုင်းပြည်လို ရင်ဆိုင်နေခဲ့ရသည်။ သို့သော် မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရာမှာတော့ ထိုင်းက ပိုမို ထိရောက်သည့် နည်းလမ်းတွေကို အသုံးပြုနိုင်ယုံမက အဓိကပြဿနာဖြစ်သည့် တိုင်းပြည်၏ အညွန့်ကလေးများ ဖြစ်သော လူငယ်များကို မူးယစ်ဆေးစွဲဘဝသို့ ရောက်မသွားအောင် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့လေသည်။ ၁၉၉၀ခုနှစ်မှ ၂၀၀၆ ခုနှစ် အတွင်း ထိုင်းနိုင်ငံမှာလည်း လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲသည့် ပြဿနာ အကြီးအကျယ်ဖြစ်ခဲ့ဖူးသည်ဟု ထိုင်းလူမျိုး မိတ်ဆွေ တစ်ယောက်က ပြောပြဖူးသည်။ ထိုစဉ်က မူးယစ်မှုဖြင့် ထောင်ကျနေသည့် သူတွေ ယခုတိုင် ထောင်ထဲမှာ ရှိနေသေးသည်တဲ့။ ဒါပေမယ့် အခုခေတ်လူငယ်တွေ မှာတော့ အဲဒီတုန်းကလို မူးယစ်ဆေးစွဲတဲ့ ပြသဿနာတွေ ၊ ဆေးစွဲနေတဲ့ လူငယ်တွ အင်မတန် ရှားပါးသွားပါပြိလို့ ဆိုလေသည်။
၂၀၀၆ခုနှစ်မတိုင်မီ အထိ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကဲ့သို့ပင် ဘိန်းဖြူ၊၊ ယာဘ၊ အက်ဖ်တမင်း အစရှိသော မူးယစ်ဆေးသုံးစွဲမှုနှင့် ပတ်သက်သော ပြဿနာများ ဖြစ်ခဲ့သည်။ ကြံစိုက်တောင်သူတွေ၊ အဝေးပြေးယာဉ်မောင်းတွေ အပါအဝင် စက်ရုံအလုပ်ရုံက အလုပ်သမားတွေက စလို့ ကျောင်းတွေအထိပါ ဆေးစွဲသူတွေ များပြားလာခဲ့သည်။ လမ်းပေါ်အကြမ်းဖက်မှုတွေ များပြားလာပြီး မိသားစု ပြဿနာ၊တွေနဲ့ လူမှုဘဝတွေမှာ အကျပ်အတည်းတွေ တွေ့ကြုံနေခဲ့ရသည်။ ၁၉၉၉ခုနှစ်မှာ ထိုင်းနိုင်ငံရှိ ခရိုင် (၇၆)ခုအနက် ဘန်ကောက်အပါအဝင် ခရိုင် (၃၂)ခုမှာ ကောက်ယူတဲ့ စစ်တမ်းအရ " ယာဘ" လို့ခေါ်တဲ့ ဆေးပြားသုံးစွဲသူဟာ ဒုတိယအဆင့်နဲ့ အထက်တန်းအဆင့် ကျောင်းသားတွေရဲ့ ( ၁၂.၄%) ရှိနေတာ တွေ့ရပြီး၊ methamphetamine သုံးစွဲသူဟာ (၅၅%) အထိ ရှိတယ်လို့ ဖော်ပြထားလေသည်။
ကျောင်းသားလူငယ်ထု အတွင်း ပျံနှံ့ရောက်ရှိလာတဲ့အခါ ထိုင်းဘုရင်အပါအဝင် နိုင်ငံအုပ်ချူပ်သူများက တိုင်းပြည်အနာဂတ်အတွက် လူငယ်တွေ မူးယစ်ဆေးစွဲဘဝသို့ လမ်းမလွဲသွားအောင် နည်းလမ်းများ ကြံဆကာ လုပ်ငန်းများ အကောင်အထည် ဖော်ခဲ့ကြလေသည်။ အထူးသဖြင့် စာသင်ကျောင်းများမှာ မူလတန်းအဆင့်မှ စတင်ပြီး ကျောင်းသားတွေ လူငယ်တွေ ဝါသနာပါရာကို လက်တွေ့ လုပ်နိုင်အောင် လေ့ကျင့်ပေးခြင်းနှင့် မြေတောင်မြှောက်ပေးခြင်းဖြင့် စတင်ခဲ့လေသည်။ သီချင်းဆို ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပေးသည်။ သီချင်းဆိုပြိုင်ပွဲ အကပြိုင်ပွဲတွေကို ကျောင်းတွင်းမှတဆင့် နိုင်ငံအဆင့်အထိ ပြိုင်ပွဲ များပြုလုပ်ပေးသည်။ အဓိကကတော့ လူငယ်ယောင်္ကျားလေးများကို ငယ်စဉ်ကပင် ဘောလုံး ၊ လက်ဝှေ့( ထိုင်းရိုးရာ မွေထိုင်း) စသည်တို့ကို သေသေချာချာ စခန်းသွင်းလေ့ကျင့် ပေးခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု တွေဆီက လမ်းလွဲအောင် လုပ်နိုင်ခဲ့သည်။ အားကစားကို မြှင့်တင်ပေးခြင်းဖြင့် လူငယ်တွေကို ကောင်းသည့်ဖက်ကို အားသန်လာအောင် လမ်းပြပေးခဲ့သည်။
မူးယစ်မှုဖြင့် ထောင်ကျတစ်ဦး ထောင်ထဲမှာ အားကစားထူးချွန်သည့်အခါ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်စေရင်း နိုင်ငံဂုဏ်ကို ဆောင်နိုင်သည့်အခါ ကျန်ရှိသည့် ထောင်ကျသက်ကို လျှော်ပေးလိုက်တာမျိုးလုပ်ခဲ့လေသည်။
(၂၈) ကြိမ်မြောက် အားကစားပြိုင်ပွဲမှာ ထိုင်းနိုင်ငံက ရွှေတံဆိပ် ( ၉၅) ခုရကာ ထိပ်ဆုံးမှ အောင်ပွဲဆင်နိုင်ခဲ့သည်။ အားကစားပွဲတော်တော်များများမှာ ထိုင်းအားကစား သမားတွေ အောင်ပွဲခံခဲ့ကြသည်။ အကြီးအကျယ် ချိန်းခြောက်ခံခဲ့ရသည့် လူငယ်ထုကြား မူးယစ်ဆေးစွဲ ပြဿနာကို လမ်းမှန်ရောင်အောင် မြှင့်တင်ပေးခဲ့ကြရင်း တိုင်းပြည်ရဲ့ ဂုဏ်ကိုပါ မြှင့်တင်ရာရောက်ခဲ့ကြသည်။ ဤကား ပြည်သူလူထုကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနိုင်သည့် အစိုးရ၏ ဆောင်ရွက်ချက်ကြောင့်ပဲ ဖြစ်လေသည်။
မြန်မာပြည်မှာကရော ၊ အသိပညာနည်းပါးတာ၊ ပညာပေးမှု မရှိတာ စတာတွေ အပါအဝင် တိုက်ထျက်မှု အားနည်းတာ၊ မသိယောင်ဆောင်ရတာတွေကနေ မူးယစ်ဆေးစွဲနေကြသူတွေ ပိုလို့ပင် များပြားလာနေလေသည်။ အထူးသဖြင့် ဘိန်းရောင်းဝယ်ဖောက်ကား ခြင်းဖြင့် ချမ်းသာလာကြပြီး ၊ ထိုသူများက တရားဝင် စီးပွားရေးတွေ လုပ်လာသည့် အခါ မြို့ကြီးပြကြီးအထိ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပျံနျှံ့လာနေချေပြီ။
မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချရေးကို ဆောင်ရွက်လာကြသည်မှာ နှစ် ၅၀ ပင် ရှိလာပြီ ဖြစ်သော်လည်း ထူးထူးခြားခြား တိုးတက်လာခြင်းမရှိဘဲ သုံးစွဲသူများသာ ပိုမိုတိုးပွားလာတယ်ဆိုတာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းဌာနမှ တာဝန်ရှိသူတစ်ယောက်က ပြောသွားတာ ဖတ်ရသည်။
ပြည်သူကို မျက်ကွယ်ပြုသော၊ ပြည်သူပြည်သားအရေးကို ကိုယ်နဲ့မဆိုင်သလို နေတတ်သော အစိုးရမျိုးကို ပြည်သူတွေ ရွံမုန်းလှပေသည်။ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်ဓါတ်မျိုး ဖြင့် လက်ပိုက်ကြည့်နေနိုင်သည့် အုပ်ချူပ်သူလူတန်းစားကို အံ့ဩလို့ပင် မဆုံးချေ။ ပြည်သူတွေအတွက် မျှော်လင့်ချက် အလင်းရောင် ရှိပါသေးသည်။ မကြာမီ ပြည်သူတွေကို အလင်းရောင်ပေးနိုင်မည့်၊ တိုင်းပြည်ကို ကယ်တင်နိုင်မည့် အစိုးရကို ရွေးချယ်ဖိုကလည်း အချိန်နီးကပ်လာချေပြီ။ ဘက်ပေါင်းစုံ ဒုက္ခနွံတောမှ နစ်နေသော ပြည်သူတွေကို ကယ်တင်နိုင်မည့် အစိုးရကို မြန်မာပြည်သူတို့ မှန်မှန်ကန်ကန် ရွေးချယ်ရတော့မှာ ဖြစ်ကြောင်းပါ။
ခိုင်ခိုင်စောလွင်

" အရောင်းအဝယ် နှစ်ခြောက်ဆယ်" ၂၉ဇွန် ၂၀၁၅ နေ့ထုတ် ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၂၄)ပါ ဆောင်းပါး

" မြန်မာပြည်မှာ ကျမတို့ဆီက ပစ္စည်းတွေချည်းပဲ သုံးကြတယ်နော်" ဆိုတဲ့ အိမ်နားက ထိုင်း အမျိုးသမီး တစ်ယောက်ရဲ့ စကားကို စာရေးသူလည်း သိသိကြီးနဲ့ပဲ " ဟုတ်လား" လို့ စကားထောက်မိသည်။
" လွန်ခဲ့တဲ့ နှစ်နှစ်က မြန်မာပြည်ကို ရောက်ခဲ့တယ်၊ ဧည့်လမ်းညွှန်က ဈေးတွေ၊ ကုန်တိုက်တွေ လိုက်ပြတော့ အပြန်ဝယ်ဖို့ ကြည့်တာ ထိုင်းပစ္စည်းတွေချည်းပဲ မို့ ဘာမှ ဝယ်ချင်တာ သိပ်မရှိဘူး၊ အိုဗာတင်းတို့ ခေါက်ဆွဲခြောက်တို့တောင် ထိုင်းကဟာချည်းပဲ" လို့ သူကဆက်ရာ စာရေးသူလည်း ဟုတ်တိုင်းမှန်ရာ ပြောနေတဲ့ သူ့ကို စကားမပြန်နိုင်ပဲ သူ့ကိုလိုက်ကြည့်ရင်း သူစီးတဲ့ ဘိနပ်ကို သတိထားလိုက်မိလေသည်။
" ဒါ မြန်မာပြည်က ဘိနပ်ပဲ၊ ကတ္တီပါဘိနပ် ယောင်္ကျးစီး" လို့ ဝမ်းသာအားရ ပြောလိုက်မိသည်။
ထိုအခါမှ သူက သတိရဟန်ဖြင့် ဒီဘိနပ်ကို သူသိပ်ကြိုက်တဲ့ အကြောင်း၊ မြန်မာပြည်ကို အလည်မသွားခင်ကတည်းက မယ်ဆိုင် ရောက်စဉ် ဝယ်စီးပြီး ကြိုက်လို့ မြန်မာပြည်ရောက်တဲ့အခါ နောက်ထပ် (၃) ရံ အပိုဝယ်လာတဲ့ အကြောင်းပြောလေသည်။ တံဆိပ်ပြပါ ဆိုတော့ ဆင်ခြောက်ကောင်၊ သူကဈေးကြီးတဲ့ အကြောင်း ဘိနပ်ဝယ်တော့ ပိုက်ဆံပေးတာ သုံးသောင်းနီးပါး ပေးရတာ အများကြီးပဲလို့ ထင်မိကြောင်း၊ ထိုင်းဘတ်နဲ့ တွက်ကြည့်တော့ သိပ်မကွာပါဘူးလို့ ပြောလေသည်။
အဲဒီကစလို့ မြန်မာပြည်က အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ အကြောင်းနဲ့ ယခင်က ထုတ်တဲ့ ပစ္စည်းတွေအကြောင်း၊ သူတို့ အဘိုးလက်ထက်ကဆိုရင် မြန်မာပြည်ကနေ ဝယ်သုံးရကြောင်းတွေဆီ ရောက်သွားရာက စာရေးသူကို ပြစရာရှိလို့ သူ့အိမ်ကို ခေါ်ပြီး အပေါ်ထပ်ကို လိုက်ပြလေသည်။
သူတို့ အဘိုးလက်ထက်က ဝယ်ထားသည့် မြန်မာပြည်က ကြေးမီးပူ၊ ချိန်ခွင်၊ လက်ကိုင်ရိုး အရှည် အနက်ရောင်ထီးတစ်လက် ၊ တုတ်ကောက်၊ ဆေးတံ စတာတွေ မှန်ဘီရိုထဲ ထဲ့ပြီး သိမ်းထားတာ ပြလေသည်။ စိတ်ထဲက အော် လွမ်းစရာပါလား၊ မြန်မာပြည်က ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ခဲ့တယ်ဆိုတာ ပြတိုက်ထဲမှာ ပြရသည့် အခြေအနေမျိုးဆိုက်နေပါလား တွေးမိလေသည်။
အခြေခံ စားကုန်နှင့် လူသုံးကုန်ကိုပင် အိမ်နီးချင်းထိုင်းနိုင်ငံမှ ဝယ်ယူ သုံးစွဲနေရသည်။ တချိန်က ဆပ်ပြာ၊ သွားတိုက်ဆေး၊ ပေါင်ဒါ၊ ရေမွှေး စတာတွေ ထုတ်သည့် သုဝဏလူသုံးကုန်ပစ္စည်း စက်ရုံဆိုတာရှိသည်။ သင်းပေါင်ဒါ၊ မဉ္ဖူရေမွှေးဆိုလျင် အဆင့်မီသည်။ သို့သော် ထိုပစ္စည်းတွေက အုပ်ချုပ်သူ အာဏာပိုင်အဖွဲ့အစည်းက လူပုဂိုလ်တွေသာ ဝယ်ခွင့်ရ၇ျိသည်။ ထိုသူတွေကို အမှန်တကယ် ကျသင့်သည့် ဈေးနှုန်းထက် လျှော့ရောင်းပေးရသည်။ ထိုသူတွေက လေဟာပြင်ဈေးလို မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းရာက အဲဒီကနေ လိုချင်သည့် ပြည်သူက ဝယ်ယူရသည်။ ပြည်သူတွေက ကုန်တိုက်မှာ တန်းစီ၊ သမဝါယမမှာ ကိုယ်တာနှင့် ဝယ် ဒီလို သုံးရသည်။
နောက်ဆုံးတော့ စက်ရုံတွေ ပိတ်ရသည်။ အမှန်တကယ် စနစ်တကျထုတ်၊ စနစ်တကျ ရောင်းချပါက သူ့ဈေးနှင့်သူ အရည်အသွေးမီပစ္စည်းတွေ ထုတ်လုပ်နိုင်မှာ ဖြစ်ပေမယ့် အာဏာကို အလွဲသုံးစားလုပ်ပြီး တိုင်းပြည်ကထွက်တာ တို့ဟာ၊ တို့နဲ့ဆိုင်တယ် ဆိုတဲ့ အာဏာရှင် အစိုးရကြောင့် စက်ရုံအတော်များများ ပိတ်ခဲ့ရသည်။ ဘီပီအိုင်ဆေးဆိုတာ အင်မတန်ဆေးစွမ်းထက်သည်လို့ နာမည်ရခဲ့သည်။ စနစ်ကောင်းကောင်းဖြင့် တိုင်းပြည်အတွက်။ ပြည်သူလူထုအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပါလျင် ယခုလို ဆေးဝါးကို တရုတ်၊ အိန္ဒိယ၊ ထိုင်းက ဝယ်ရန်လိုမည်မထင်၊
နှစ်ပေါင်းများစွာ ကိုယ်ကျိုးရှာ စနစ်ကြောင့် လက်ရှိ ပြည်သူတွေမှာ ကိုယ့်ပြည်က ထွက်တာထက် ပြည်ပက ဝယ်စားနေရတာ ချည်းဖြစ်လာသည်။ တိုင်းပြည်ဆင်းရဲရတဲ့အထဲ အိပ်ထဲကချည်း ထုတ်ပြီး ဝယ်စားနေကြရသည်။ ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ ဆိုတဲ့ မြန်မာပြည်မှာ မြေပဲက ဈေးမရလို့ မစိုက်၊ ဆီကို နိုင်ငံခြားကပဲ တင်သွင်း ကြတော့သည်။ ကိုယ့်အိမ်စားဖို့သာ စိုက်ကြသည်တဲ့ ကြားရတာ မသက်သာ၊ သိပ်မကြာခင် သတင်းတစ်ပုဒ် နားထောင်ရလို့ စာရေးသူ ဆောင်းပါးတစ်ပုဒ် ရေးလိုက်သေးသည်။ ထိုင်းနယ်စပ် မဲဆောက်ကနေ မြန်မာပြည် မြဝတီဖက်ကို တစ်ရက်ကို ခရမ်းချဉ်သီး၊ သခွားသီး အပါအဝင် ဟင်းသီးဟင်းရွက်တွေ တစ်ရက် ဘတ်တစ်သိန်းဖိုးနီးပါး ပို့ရသည်တဲ့၊ ဖရဲသီး၊ သင်္ဘောသီး အစရျိတဲ့ အသီးအနှံတွေအပါအဝင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ တစ်လကို ဘတ် သိန်းတစ်ရာဖိုး နီးပါး မြန်မာပြည်ကို တင်သွင်းရသည်တဲ့။
ခရမ်းချဉ်သီးဆိုတာ မြန်မာပြည်မှာ ဟင်းချက်စရာထဲကမှ အပေါဆုံးအသီးအနှံ၊ ယာရှင်က ခရမ်းချဉ်သီးဆွတ်ချိန်ဆိုပါက ခံတောင်းတွေနှင့် ယူနိုင်သလောက် ဆွတ်သွားဟု အလကားပင်ပေးကြသည်။ အိမ်အပေါ်ထပ်မှာ ယိုင်ပတ်တွေနှင့် တစ်နှစ်စာ ကျင်းထားကြသည်။ ခရမ်းချဉ်ထက် မတ်ပဲက ဈေးပိုရသည်ဆိုကာ မတ်ပဲစိုက်ပြီး ခရမ်းချဉ်ကို အစိတ်သား၊ သုံးဆယ်သား လက်လီ ဝယ်စားနေကြသည့် တောင်သူတွေ ဖြစ်လာသည်။
နည်းစနစ် အတွေးအခေါ် ဈေးကွက် စတာတွေကို အစိုးရက လုပ်မပေးနိုင်တာ အဓိကဖြစ်သည်။ အကျိုးဆက်က အခြေခံစားကုန်ကိုပင် အားလုံး တင်သွင်းရသည့် အဖြစ် ရောက်ရှိကုန်တာဖြစ်သည်။
၁၉၅၀ခုနှစ်က ထိုင်းနိုင်ငံမှာ ဘုရင်ဘူမိဘောနန်းတက်ကတည်းက ပြည်သူသာ အဓိက ဆိုတာ ကျင့်သုံးခဲ့တာဖြစ်သည်။ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးကို ဦးစားပေးလုပ်ပေးသည်။ အခြေခံအကျဆုံးဖြစ်သော စားစရာအတွက် မပူရသည့် ပြည်သူတွေ ဖြစ်လာသည်။ ဟင်းသီးဟင်းရွက် အသီးအနှင်္ စိုက်ပျိုးဖို့ လမ်းစဖွင့်ပေးသည်။ နည်းပညာတွေ စိုက်ပျိုးသူတွေထံ မျှဝေပေးသည်။ သားငါး မွေးမြူဖို့ စနစ်တွေ ဖော်ဆောင်ပေးသည်။ နှစ်ခြောက်ဆယ်ကျော်အကြာ မှာ ပြည်သူတွေ စားဖို့သာမက ပိုလျံသည့် အဖြစ်ရောက်လာသည်။ ဆန်ကို ပြည်တွင်းစားသုံးတာ ဖူလုံ၍ ပြည်ပသို့ တင်သွင်းခြင်းဖြင့် နိုင်ငံခြားငွေရသည်။ ရေထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့သည်။ ယခုသော် ဟင်းသီးဟင်းရွက် သစ်သီးဝလံများပင် မြန်မာအပါအဝင် အခြား ပြည်ပနိုငံများကို တင်ပို့နိုင်နေပြီ။
အရေးကြီးသည့် လျှပ်စစ်မီးအတွက် လိုအပ်သည့် သဘာဝဓါတ်ငွေ့ကို ပြည်ပမှ တင်သွင်းပေးသည်။ ပြည်ပပို့ကုန် တင်သွင်းနိုင်မှ ပြည်သူတွေအတွက် လိုအပ်တာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်တာပဲ ဖြစ်သည်။
" ထိုင်းတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းအောင် မြန်မာပြည်က ပေးတာဆို" လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမား တစ်ယောက်ရဲ့ အမေးကို ရုတ်တရက် ပြန်ဖြေဖို့ လုပ်တုန်း သူက ကိုယ့်မြန်မာပြည်မှာ မီးဖြင့်မမှန်ပဲ ထိုင်းကိုကျ ဘာလို့ပေးတုန်းလို့ သူပြောချင်တာ ဆက်တိုက် ပြောလာတာ စောင့် နားထောင်လိုက်သည်။
မြန်မာပြည်က သဘာဝဓါတ်ငွေ့ထွက်တယ်၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်မီးပေးတဲ့စက် လုံလုံလောက်လောက်မရှိဘူး၊ လျှပ်စစ်ပေးဖို့ သွယ်တန်းတဲ့ စနစ် မလုပ်ရသေးဘူး။ ဒီတော့ ပိုနေတဲ့ သဘာဝဓါတ်ငွေ့ကို ပြည်ပ တရုတ်နဲ့ အခုဆို ထိုင်းပေါ့ သူ့ကို ရောင်းရတယ်၊ ပိုနေတာ ပြည်သူတွေ အလုံအလောက် သုံးပြီးလို့ ပိုနေတာ မဟုတ်ဘူး၊ အစိုးရ အသုံးမကျလို့ သုံးစရာနေရာ မရှိပဲ ပိုနေတာလို့ သူနားလည်အောင် ပြောပြမိသည်။ ယခုတိုင် စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေး အသက်ဝင်ဆဲဖြစ်သည့် အာဏာရှင်စနစ်ကို ၁၉၅၈ခုနှစ်က စတင်ခဲ့တာဆိုတော့ မြန်မာပြည်ရဲ့ အနှစ်ခြောက်ဆယ်နှင့် ထိုင်းပြည်သူတွေရဲ့ အနှစ်ခြောက်ဆယ် ချိန်ထိုးကြည့်ပါက ဆယ်စုနှစ်ကာလ မကွာလှ။
သူတို့ဆီက အနှစ်ခြောက်ဆယ်မှာ ပြည်သူတွေလိုအပ်တာ ဖြည့်ဆည်းပေးလို့ ပြည့်စုံပေမယ့် ကိုယ့်ဆီက နှစ်ခြောက်ဆယ်မှာ ပြည်သူတွေမှာ လိုအပ်နေတာချည်းဖြစ်နေလေသည်။ တိုင်းပြည်က ထွက်တာ အကုန်ရောင်းခဲ့တာတောင် ပြည်သူတွေအတွက် ဖြည့်ဆည့်ပေးတာ ဘာမှမရှိ၊ ပြည်သူ့အတွက် ရှေ့မရှုပဲ အတ္တကြီးစွာကိုယ်ကျိုးရှာ ခဲ့ကြသည့် ခေါင်းဆောင်များ ဖြစ်နေကြောင်း လက်ရှိအခြေအနေက သက်သေပြနေလေသည်။တိုင်းပြည်က မြေပေါ်မြေအောက် သယံဇာတတွေ ချမ်းသာသော်လည်း ပြည်သူတွေ ဆင်းရဲနေရသည့် ဘဝကလွတ်အောင်၊ အတိတ်က နှစ်ခြောက်ဆယ်ကို ရောင်းဝယ်ခဲ့ကြသည့် ကိုယ်ကျိုးရှာသူတွေကို ရပ်တန့်အောင် လုပ်ရမည်က ပြည်သူတွေသာ ဖြစ်ပေတော့သည်။
ခိုင်ခိုင်စောလွင်

June 21, 2015

" အရှုံးကို အပြီးထားခဲ့" ၂၂- ၆- ၂၀၁၅ နေ့ထုတ် အတွဲ(၄) အမှတ်(၂၃) ဒီလှိုင်းစာစောင်ပါ ဆောင်းပါး


                             စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ( ဆီးဂိမ်း) မှာ မြန်မာ U23 အမျိုးသား ဘောလုံးအသင်းက တဖက်အုပ်စုမှ ထိုင်းအသင်းနှင့် ဗိုလ်လုပွဲယှဉ် ပြိုင်ရလေသည်။ ဗိုလ်လုပွဲမှာ ခြေစွမ်းအရ လက်ရှိ ချန်ပီယံလည်းဖြစ်၊ ဒေသအတွင်းမှာ အတောင့်တင်းဆုံး အသင်းလည်း ဖြစ်သည့် ထိုင်း အသင်းကို နိုင်ပါ့မလားဆိုသော အတွေးနှင့်အတူ ရှုံးခဲ့ရင် ဆိုသော အတွေးက နေရာယူနေလေသည်။
မြန်မာဘောလုံးအသင်း ကစားသည့်ပွဲတွေမှာ မြန်မာအသင်းရှုံးနိမ့်ပါက ပရိတ်သတ်၏ တုန့်ပြန်မှုကို နိုင်ငံတကာက သိရှိပြီး မြန်မာပရိတ်သတ်ကို လန့်ကြသည်။ ဒါက ကောင်းသော အချင်းအရာမဟုတ်၊ ပြီးခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းမှာ မြန်မာဘောလုံးအသင်း ရှုံးနိမ့်၍ ကွင်းထဲကို ရေသန့်ဘူးများ ပစ်ပေါက်ခြင်း၊ တဖက်ကစားသမားများကို ရန်ရှာခြင်း၊ ပွဲအပြီး ထိုင်ခုံများကို ရိုက်ချိုးခြင်း၊ ကွင်းပြင်ပမှာလည်း ဆိုင်းဘုတ်များကို ရိုက်ချိုးခြင်း စတာတွေ သတင်းတွေမှာ တက်လာတာ နိုင်ငံတကာသို့ ပျံ့နှံ့သွားလေသည်။
ထိုကဲ့သို့ တိုင်းပြည်ပုံရိပ်၊ လူမျိုးပုံရိပ်ကို ထိခိုက်စေနိုင်သည့် အဖြစ်အပျက်တွေများ ဖြစ်လာမလားလို့ တွေးရင်းက ရှုံးခဲ့ရင်ဆိုတာကို တွေးပူမိတာ ဖြစ်လေသည်။
သို့သော် ယခု ဗိုလ်လုပွဲ အပြီးတွင်တော့ မြန်မာလူမျိုးတွေ ယဉ်ကျေးမှုနှင့် စိတ်ဓါတ်အဆင့်အတန်း မြင့်မားလာတာကို မြင်တွေ့ရလေသည်။ တနည်းပြောရပါက အရှုံးကို ရင်ဆိုင်နိုင်သော၊ အရှုံးကို သတ္တိရှိရှိဖြင့် အရှိတရားအတိုင်း လက်ခံနိုင်သည့် နိုင်ငံကြီးသားစိတ်တွေ ရှိတာ တွေ့ရ၍ ဝမ်းသာပီတိ ဖြစ်ရလေသည်။
မြန်မာဆိုတာ ခပ်ညံ့ညံ့မဟုတ်ပါ၊ စနစ်မကောင်း၍ သားကောင်အဖြစ် ကောင်းတာ မကောင်းတာ မသိခင်က လုပ်မိပေမယ့် မကောင်းမှန်းသိသော် ပြုပြင်ယူတတ်သည့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်သည့် လူမျိုးပါလားဟု ကျေနပ်ပီတိဖြစ်ရပါသည်။
ယခင်က မြန်မာဘောလုံး အသင်းရှုံးပွဲ ကြုံတွေ့ရပါက ပြည် တွင်းနှင့် နိုင်ငံတကာသတင်းစာ မျက်နှာများတွင် အရှုံးကို လက်မ ခံဘဲ ပေါက်ကွဲခဲ့ကြသည့် မြန်မာ ဘောလုံးပရိသတ်များ၏သတင်း များသာ နေရာယူခဲ့သော်လည်း ၂၀၁၅ ဆီးဂိမ်းဗိုလ်လုပွဲအပြီးမှာ စင်ကာပူရှိ မြန်မာဘောလုံးပရိသတ်များသာမက ပြည်တွင်းက ပရိတ်သတ်များပါ ကိုယ့်အမှိုက်ကိုယ်သိမ်းသည့် သတင်းနှင့် မြန်မာအသင်းအား နှစ်သိမ့်ခဲ့ ကြသည့် သတင်းများက နေရာယူခဲ့သည်။
မြင်းခြံမြို့တွင်လည်း ဘောလုံးပွဲ စုဝေးကြည့်ရှုရန် လူငယ်များကြိုးစားမှုကို ပထမတော့ တာဝန်ရှိသူတွေက က စိုးရိမ်မှုများရှိခဲ့သော်လည်း မြို့ခံပရိသတ်က ယဉ်ကျေးစွာ အားပေးခဲ့ကြသည့် အပြင် ဘောလုံးပွဲရှုံးသော်လည်း အမှိုက်ကောက်ပြီး ပြန်သွားကြတယ်ဟု သတင်းများတွင် ဖတ်ရလေသည်။
ပရိတ်သတ်တင်မက ဘောလုံးအသင်းမှ အားကစားသမားများနှင့် နည်းပြများပါ နိုင်ငံတကာအဆင့် စိတ်ဓါတ်ရှိနေတာကို တွေ့ရလေသည်။ ပွဲသိမ်းခရာမှုတ်သည်နှင့် လက်မှိုင်ချခြင်း၊ တဖက်အသင်းကို နှုတ်ပင် မဆက်နိုင်ပဲ ခြေပစ်လက်ပစ် ထိုင်နေခြင်း၊ စတာတွေ မတွေ့ရပဲ ဖက်လှဲတကင်း အပြန်အလှန် နှုတ်ဆက်သည်။ ထိုင်းအသင်းမှ သုံးဂိုးတိတိ သွင်းထားပြီး မြန်မာအသင်း အရေးနိမ့်နေသော်လည်း ပရိတ်သတ်က ဆဲခြင်းဆိုခြင်း ပေါက်ကွဲဒေါသထွက်ခြင်း မရှိပဲ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကာ အားကစားသမားတွေကို အားပေးနေခဲ့လေသည်။ အရှုံးကို တည်တည်ငြိမ်ငြိမ် လက်ခံလာနိုင်သည့် စိတ်ဓါတ်တွေကို ကြည့်ရင်း ပီတိဖြစ်ရသည်။
ယခင်က ရှုံးပွဲတွေ အပေါ် တုန့်ပြန်မှုကို မြင်ရ ဖတ်ရတိုင်း တို့လူမျိုးတွေ ဘယ်တော့များမှ ပြောင်းလဲပါ့မလဲ တွေးမိသည်။ ထိုင်းနိုင်ငံက ရုပ်မြင်သံကြား ချန်နယ်တွေမှာ ကလေးအရွယ်၊ ကျောင်းသားအရွယ်တွေပင် ရှုံးနိမ့်သူက အပြုံးမပျက်တာ၊ အနိုင်ရသူက ရှုံးနိမ့်သူကို ဖေးမတာ၊ စတာတွေကြည့်ရင်း မြန်မာပြည်သူတွေ ဒီလို စိတ်ဓါတ်တွေ ဖြစ်လာစေချင်သည့် စိတ်တွေ မကြာမကြာ တမ်းတမိပါသည်။
ထိုင်းရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် သီချင်းဆို ပြိုင်ပွဲ တွေမှာပင် ယခုပွဲစဉ်အတွက် အရွေးခံရသူက မည်သူမည်ဝါ ဟု ကြေညာလိုက်ပါက ဆုရသူကိုပင် ရုတ်တရက် ခွဲရခက်လှအောင် အားလုံး ဟေးကနဲ အော်ပြီး ဝမ်းသာအားရ လက်ခုပ်တီးကြသည်။ နောက်ဆုံးအဆင့် နှစ်ယောက်အနက် တစ်ယောက်က အရွေးခံရသူဖြစ်က အရွေးမခံရသူကပင် ဝမ်းသာဂုဏ်ယူစွာ ပြေးဖက် နှုတ်ဆက်ရှာသည်။ အနိုင်ရသူကလည်း သူ့ပြိုင်ဖက်ကို ပြန်လည် ပွေ့ဖက်ရှာသည်။
အားကစားပွဲတွေမှာလည်း ထို့အတူပင်၊ ရှုံးသည်ဆိုတာနှင့် အပြုံးမပျက် ရင်ဆိုင်နိုင်သည်၊ ထိုအဖြစ်အပျက်တွေကို တွေ့မြင် ကြည့်ရှုနေရသည့် အခိုက်မှာ ရှုံးပါက ပေါက်ကွဲ ဖျက်ဆီး တဖက်ကို ရန်ရှာတတ်သော မြန်မာလူမျိုး တို့၏ ပုံရိပ်ကို အားမလိုအားမရ ဖြစ်ကာ ယဉ်ကျေးသော နိုင်ငံကြီးသားပီသသော စိတ်ဓါတ်မြင့်မားသော နိုင်ငံသားတွေ ဖြစ်စေချင်လာသည်။ အိမ်နီးချင်း ထိုင်းလူမျိုးဆိုတာ မြန်မာလူမျိုးတွေနှင့် မကွာလှပါ။ မြန်မာတွေကပင် သမိုင်းအစဉ်အလာ ဘာသာ သာသနာနှင့် စာပေ ယဉ်ကျေးမှု အဆင့်အတန်း သာလွန်မြင့်မားသေးသည်။
စနစ်ကြောင့် ပြည်သူတွေ အမှောင်တွင်းမှာ နေခဲ့ရာက ယခုတော့ နိုင်ငံတကာ မျက်နှာစာကို လှမ်းကြည့်လို့ ရလာသည့် အခိုက်အတန့်တွင် ပြောင်းလည်းယူနိုင်ခဲ့သည်။ မြန်မာတွေ မညံ့ပါ။ မြန်မာလူမျိုးတွေသည် မကောင်းမှန်းသိပါက မလုပ်ပါ၊
ယခု ၂၀၁၅ခုနှစ် အတွင်း မွန်ပြည်နယ် ခရီးစဉ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းကို ပြန်ပြောင်းသတိရမိသည်။
" “ဒါပေမဲ့ နောက်ဆုံးကျတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ အဓိက ရတနာ၊ အဓိက သယံဇာတ ပစ္စည်းလို့ ဆိုရမယ့် တန်းဖိုးအရှိဆုံးကတော့ ပြည်သူ၊ ပြည်သားတွေပဲ ဖြစ်ပါတယ်။ ကျွန်မ တို့ ပြည်သူပြည်သားတွေရဲ့ အရည်အချင်းမြင့်မှ၊ အရည်အချင်းမြင့်အောင် လုပ်ပေးနိုင်မှ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ကျွန်မတို့ သွားပြီးတော့ အလုပ်လုပ်နေရတဲ့ နိုင်ငံတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေ သွားပြီးတော့ အလုပ်ရှာနေရတဲ့ နိုင်ငံတွေဟာ ကျွန်မတို့နိုင်ငံနဲ့ ယှဉ်လို့ရှိရင် သယံဇာတ ဘာမှသာတာ မရှိပါဘူး။ ဒါပေမဲ့ စနစ်အရသာလို့ တိုးတက်ခဲ့တာ ဖြစ် တယ်။ စနစ်အရ သာသွားလို့ စီးပွားရေးအရ ကောင်းတယ်”
စနစ်ကို အကောင်အထည်ဖော်ခဲ့ကြသူတွေရဲ့ ကိုယ်ကျိုးရှာလုပ်ရပ်များ၊ ပြည်သူကို အရာရာမှာ နိမ့်ကျအောင် ချိုးနှိမ်ထားခဲ့တာတွေ ကြောင့် လောင်းရိပ်မိနေခဲ့ ကြရတာဖြစ်သည်။
ဘောလုံးပွဲ အပြီးမှာ ရှုံးနိမ့်ခဲ့ရသည့် အဖြေကိုလည်း မျက်ဝါးထင်ထင် တွေ့ခဲ့ သိခဲ့ကြရသည့် ပြည်သူတွေရဲ့ စကားသံတွေက တဆင့် သိရသည်။ ဖေ့စ်ဘွတ်မှာလည်း ရေးကြသည်။
" ဘောလုံးကွင်းတွေ ပြန်ပေးပါ"
" ကျောင်းဝင်းထဲက မြေပိုတွေ အပိုင်သိမ်းပြီး ကျောင်းတွေကို တိုက်ပေါ်တင်ခဲ့လို့ ကလေးတွေ ကစားဖို့ မြေပိုမရှိ" စတဲ့ ရင်ဖွင့်သံတွေ ရေးကြ ပြောကြသည့် အပြင်
" ထိုင်းကျောင်းတွေမှာ ဘောလုံးကွင်းဆိုတာ ဟီးထ။ ကလေးတွေကို ကျောင်းမှာပဲ အစားအစာကျွေးတော့ ကယ်လိုရီတွေ နဲ့ တွက်ချက် အသား ဟင်းသီးဟင်းရွက်မျှတအောင်ကျွေး။ ၆တန်းထိ ကျောင်းတိုင်းက ကလေးတွေကို နို့တိုက်။ ကျောင်းပိတ်ရက်ကို တနေ့တဗူးနှုန်းနို့ဗူးတွေ ဝေ။ မရောင်းရလို့ တံဆိပ်တပ်ပေး။ ကလေးတန်းကနေ အထက်တန်းထိလဲ ကျောင်းတွင်း အားကစားပွဲတွေမှာ ဘောလုံးပွဲပါ ထည့်။ ဒီလိုလူတွေနဲ့ တို့မြန်မာက လူငယ်တွေ ဘယ်လိုယှဉ်နိုင်ပါ့မလဲ။ အခု အဖြေက တရားပါတယ်လေ။" အစရှိသော
ထိုင်းနိုင်ငံမှာ ဆယ်နှစ်နီးပါး ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖေ့စ်ဘွတ်က စကားသံ၊ ဒီစကားနဲ့ပင် မြန်မာအားကစားသမားတွေမှာ ဘာတွေ လိုအပ်နေတာလဲ ဆိုသည့် အဖြေက ပေါ်နေပြန်သည်။
အားကစားအကယ်ဒမီကျောင်း ဆိုတာမရှိ၊ လေ့ကျင့်ရေးကွင်းဆိုတာမရှိ၊ အားကစားနဲ့ပတ်သက်ပြီး မြှင့်တင်ဆောင်ရွက်ပေးတာ ဘာမှမရှိ၊ ကလေးဘဝ၊ ကျောင်းသားဘဝကတည်းက ဝါသနာပါရာ လေ့ကျင့်ပေးသည့် စနစ်မရှိ၊ လက်ဆင့်ကမ်း မျိုးဆက်မွေးမြူတာမရှိ၊ အဆိုပါ မရှိ မရှိတဲ့ အထဲက ရှိတာလေးနှင့် တဖက်က တောင့်တင်းသော စနစ်တကျ ပြုစုပျိုးထောင်ထားသော အသင်းကို သန့်ရှင်းစွာ အားကစား စိတ်ဓါတ်အပြည့်ဖြင့် ကစားနိုင်ခဲ့သည့် စိတ်ဓါတ်ကို ဆက်လက် ထိမ်းသိမ်းရပေမည်။
ထို့အတူ နိုင်ငံသူနိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည့်ပေးနိုင်မည့် အစိုးရ၊ ပြည်သူတွေ လိုအပ်နေတာကို အကောင်အထည်ပေးနိုင်မည့် အစိုးရ၊ နိုင်ငံတကာအလည်၊ အိမ်နီးချင်းတို့ အပါးမှာ ကိုယ့်ပြည်သူကို ဂုဏ်တက်အောင် လုပ်ပေးနိုင်မည့် အစိုးရ လိုအပ်နေတာ ပိုသိရသည်။ နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် နောင်လာမည့် ဆီးဂိမ်းများတွင် သာမက အခြားသော ယှဉ်ပြိုင်မှုတွေမှာပါ မြန်မာတွေ အောင်ပွဲခံနိုင်ဖို့ စနစ်ကောင်းကို အကောင်အထည်ဖော်ပေးနိုင်သည့် အစိုးရကို ရွေးချယ်ဖို့ လက်တကမ်းသာလိုပါသည်။ ထိုအစိုးရမျိုး မြန်မာတွေ ရရှိပါက အရှုံးကို အပြီးထားခဲ့နိုင်ပါလိမ့်မည်။ အရှုံးကို အပြုံးဖြင့် ရင်ဆိုင်နိုင်သော သတ္တိတွေ ရလာပါလိမ့်မည်။
ဘောလုံးပွဲအပြီး ဖေ့စ်ဘွတ်မှာ ရေးတင်လိုက်သော ကဗျာဆရာကြီး ကိုလေး( အင်းဝဂုဏ်ရည်) ရဲ့ ကဗျာလေးက ပြည်သူအားလုံးရဲ့ ရင်ထဲက အသံနဲ့ ထပ်တူကျနေပါလိမ့်မည်။
သိ
ဒို့ကလေးတွေကထမင်းမဝဘူး
ဆာဆာနဲ့ကန်တာတောင်
ငွေ
ဒီတော့
ဖတ်
ဒါ
ကဗျာ
" သူဆင်းရဲမ
ထမင်းဝမည့်
လောကတခေတ်
ဝိုင်း ထုဆစ်စို့ "

June 15, 2015

ရင်ဝယ်ထားသားလည်းမဟုတ် ၁၅- ၆- ၂၀၁၅ ရက်ထုတ် အတွဲ(၄) အမှတ်(၂၂) ဒီလှိုင်းစာစောင်မှ


                               ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းမိုင်မြို့မှာ အလုပ်သမားကဒ် (ခေါ်) ယာယီနေထိုင်ခွင့် ကဒ်( ပန်းရောင်ကဒ်) တွေကို သက်တမ်းတိုးပေးတဲ့ ဆီက ပြန်လာကတည်းက ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အလုပ်သမားတွေရဲ့ ဘဝပုံရိပ်တွေ အကြောင်း ခေါင်းထဲ ရောက်ရောက်လာနေလေသည်။ ၁၉၉၅ခုနှစ်က ဆီးဂိမ်း( အရှေ့တောင်အာရှ အားကစားပွဲကျင်းပခဲ့ရာ)  နှစ်(၇၀၀) အားကစားကွင်း၊  ထိုင်းအခေါ် ကျဲ့လွိုင်းပီး ဆိုတဲ့ အားကစားကွင်းကြီးရဲ့ ကပ်လျက်က ကွင်းပြင်အကျယ်ကြီး ရှိတဲ့ အဆောက်အဦမှာ မြန်မာအလုပ်သမားတွေ နေ့စဉ် ပျမ်းမျှ (၅၀၀) ခန့် သက်တမ်းလာတိုးကြလေသည်။ 
                                    အဆိုပါ ပန်းရောင်ကဒ်မှာ ထိုင်းနိုငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တရားမဝင်လာရောက်နေထိုင်သည့် အလုပ်သမားများကို တရားဝင် နေထိုင်ခွင့်ရရန် ထုတ်ပေးထားခြင်းဖြစ်သည်။ အဆိုပါ ကဒ်များ ထုတ်ပေးရသည့် အကြောင်းရင်းကလည်း ရှိသည်။
ထိုင်းစစ်တပ်က သူတို့ အာဏာယူထားစဉ်ကာလအတွင်းမှာ လုပ်ကိုင်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ တရားမဝင်နေထိုင်သည့် အလုပ်သမားများ အရေးလည်းပါဝင်လေသည်။ တရားမဝင် လာရောက်နေထိုင်သည့် အလုပ်သမားများကြောင့် အမှုအခင်းများ ဖြစ်လာပါက ဖော်ထုတ်ရ ခက်သည်။ ကူးစက်ရောဂါများ ဝင်ရောက်လာနိုင်သည်။ တဖက်ကလည်း တရားမဝင်အလုပ်သမားများ အနေနှင့်လည်း လုပ်ခလစာကို အများရသလို မရပဲ ထိုင်းအလုပ်ရှင်တွေက ပေးချင်သလို ပေးရာ အလုပ်သမားများ နစ်နာသည် စသည့် အကြောင်းပြချက်များဖြင့် တရားမဝင် နေထိုင်သည့် အလုပ်သမားများကို စစ်ဆင်ရေးသဖွယ် ဖမ်းဆီးလေတော့သည်။
                ထိုအခါ အလုပ်သမားများက စိုးရိမ်ကြောက်လန့်စွာ ထွက်ပြေးကြရာ ထိုသတင်းသည် ကမ္ဘာ့မီဒီယာမှာ ထိပ်တန်းရောက်သွားလေသည်။  အထူးသဖြင့် ကမ္ဘောဒီးယား အလုပ်သမားများ အထုတ်အပိုး တိုးလို့တွဲလောင်း ကလေးကိုလက်ဆွဲ၍ တဖုံ ရင်ခွင်ပိုက်၍ တသွယ် ကား ရထား တွေအပေါ် အလုအယက် တက်နေသည့် သတင်းများ၊ ကမ္ဘောဒီးယားဝန်ကြီးချူပ်ကိုယ်တိုင်က နယ်စပ်မှ လာရောက်ကြိုဆို ခေါ်ဆောင်သည့် သတင်းများ တက်လာခဲ့လေသည်။ ထိုအဖြစ်အပျက်ကြောင့် ထိုင်းအလုပ်ရှင်များနှင့် ထိုင်းစစ်တပ်တို့ ဆွေးနွေးကြရသည်။ အလုပ်သမားများ အလုပ်လာမဆင်းသည့်အခါ  ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းရတော့မည့် အခြေအနေတွေ ဖြစ်လာသည်။ သို့ဖြင့်ရာ ထိုင်းစစ်တပ်မှ အလုပ်သမားများကို မဖမ်းပါဟု ကတိပေးပြီး လောလောဆယ် မည်သူမည်ဝါဆိုတာရယ် ဘယ်နိုင်ငံက ဆိုတာရယ် သိရအောင် အထောက်အထားတွေ လုပ်ပေးမည်ဟု ဆိုကာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ 
                   ဖမ်းဆီးစဉ်က ထွက်ပြေးကြသူများ အထဲ မြန်မာအလုပ်သမားတွေ မတွေ့ရသလောက်ပင်၊ မည်သို့မည်ပုံ ခိုကပ် ပုန်းအောင်းနေကြသည် မဆိုနိုင်။  မဖမ်းတော့ပါ အထောက်အထားလုပ်ကြဟုဆို၍  အထောက်အထားများ လုပ်ရန် ထွက်လာကြသည့်အခါ  မြန်မာအလုပ်သမား (၆)သိန်းကျော် ထွက်လာသည်။   ထိုအလုပ်သမားကဒ် သက်တမ်းက ၂၀၁၅ ခုနှစ်မတ်လ ၃၁မှာ ကုန်ဆုံးလေသည်။  ထိုင်းအစိုးရက ကနဦး သဘောတူညီချက်အရ လောလောဆယ် ၆လ သက်တမ်းပေးထားမည်။ ထိုအတောအတွင်း သို့မဟုတ် သက်တမ်းကုန်သည့်အခါ  သက်ဆိုင်ရာ နိုင်ငံများက နိုငံကူးလက်မှတ်များ ထုတ်ပေးဖို့ ဖြစ်လေသည်။ နိုင်ငံကူးလက်မှတ်ဆိုရာမှာ အလုပ်သမားတွေ အခေါ် စာအုပ်အကြီး (အနီ) ၊ ယာယီနိုင်ငံကူးလက်မှတ်( ခရမ်းရောင်) တနည်း အလုပ်သမားပတ်စ်ပို့ တခုခုကို ထုတ်ပေးဖို့ ဖြစ်သည်။  ထိုင်းအစိုးရက အလုပ်လုပ်ခွင့် ဝပ်ပါမစ် နှင့် နေထိုင်ခွင့်ဗီဇာ( ၂) နှစ်ပေးမည်။ နှစ်နှစ်ပြည့်က ဆက်လက်ပြီး သက်တမ်းတိုးပြီး နေထိုင်ခွင့်ပေးမည်ဟု ဆိုလေသည်။ သို့သော် ပန်းရောင်ကဒ်နေထိုင်ခွင့် ကုန်ဆုံးကာနီးမှာ မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရာ  ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ မြန်မာအစိုးရဖက်က အဆင်သင့် ဖြစ်မနေ၊
အလုပ်သမားတွေမှာ စာအုပ်အကြီး( တရားဝင် မြန်မာနိုင်ငံသားများ အသုံးပြုသည့် နိုင်ငံကူးလက်မှတ်) ပဲ ရတော့မလို၊ မဟုတ်ပြန် ခရမ်းရောင် အလုပ်သမားပတ်စ်ပို့ပဲ ရတော့မလို၊ နောက်ဆုံး မည်သူမည်ဝါအထောက်အထား အဖြစ် အစိမ်းရောင်စာအုပ် ထုတ်ပေးတော့မလိုလို ဖြစ်ရာက ဘာမှမရပဲ နေထိုင်ခွင့် သက်တမ်းကုန်သွားလေတော့သည်။
                       ထိုအခါ ထိုင်းအစိုးရက လက်ရှိပန်းရောင်ကဒ် သက်တမ်းတွေကို တစ်နှစ်သက်တမ်း ထပ်မံတိုးပေးလိုက်လေသည်။ ဒါတင်မက မြန်မာအစိုးရရဲ့ ပြည်သူတွေအပေါ် လျစ်လျှူရှုနေတာကိုပဲ သိလေရော့သလား၊ ကဒ်သက်တမ်းကို ၂၀၂၅ခုနှစ်အထိ (၁၀) နှစ်သက်တမ်း ပေးလိုက်လေသည်။  သို့သော် နေထိုင်ခွင့် တစ်နှစ်မပြည့်ခင် စပ်ကြား နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ မြန်မာအစိုးရကို အကြောင်းကြားထားလေသည်။
                          သတင်းတွေကတဆင့် တဆင့် သိရသည်မှာ  မြန်မာအစိုးရက ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေးအတွက် အလုပ်သမားပတ်စ်ပို့ ပြုလုပ်ပေးဖို့ရာ ဘတ်ဂျက်မရှိ၊ လူအင်အား မလုံလောက်ဟု ဆိုလေသည်။ တကယ်တန်းက စေတနာသာ အဓိကပင်။  ထိုင်းအစိုးရက အလုပ်သမားတွေ အတွက် အထောက်အထားများ ထုတ်ပေးရာမှာ  one stop service  တစ်ခုမှာ သူတို့ဆီက ကျန်းမာရေး၊ လဝက အလုပ်သမားရုံး စတဲ့ ဌာနတွေက လူအင်အား (၄၀) မှ (၅၀) ခန့်သာ လုပ်ကိုင်တာဖြစ်သည်။ အဓိကက လုပ်ပေးချင်သည့် စိတ်စေတနာနှင့် စနစ်ကျနမှုပဲ ဖြစ်သည်။  ပထမဆုံးအကြိမ် လုပ်ပေးစဉ် ၂၀၁၄ခုနှစ်က စစ်အုပ်ချူပ်ရေးကာလ ဖြစ်၍ စစ်တပ်က ဝိုင်းဝန်း ကြီးကြပ်ပေးသည်။  လူတန်းစီတာမှာ လူပေါင်း ငါးရာက ရှစ်ရာဝန်းကျင်ကို ဘယ်သူ့ဘယ်သူကမှ ကျော်တက်ခြင်း၊ ကျော်သွားခြင်း၊ ကြားဖြတ်ခြင်း လုံးဝ မရှိစေပဲ စနစ်ကျလှသည်။ ကျန်သည့် ဆေးစစ်သည့် ဓါတ်မှန်၊ သွေးစစ်တာလုပ်သည့် ကျန်းမာရေးဌာန၊ ဗီဇာပေးသည့် လဝက၊ ကဒ်ထုတ်ပေးသည့် အလုပ်သမားဌာနက ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိ။
                           ၂၀၁၅ခုနှစ် သက်တမ်းတိုးပေးချိန်တွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပြီဖြစ်၍ စစ်တပ်မှ အစောင့်ပင် လာမထားတော့တာ တွေ့ရသည်။ အရပ်ဖက်ဝန်ထမ်းချည်းသာ  စည်းစနစ်တကျ လုပ်ကိုင်တာ တွေ့ရသည်။
                                 ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိနေထိုင်နေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားဦးရေ  သန်းနှင့်ချီ ရှိရာ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ စာရင်းများအရ  ၂၀၁၂ခုနှစ်  တွင်   ယာယီနိုင်ငံကူးလက်မှတ် ရရှိပြီးသူ -  ၁၃ သိန်းခန့်၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် လျှောက်ထားသူ - ၇ သိန်းကျော်၊ အထောက်မထားမရှိဘဲနေထိုင်နေသူ - ၁၀ သိန်းကျော် ဟု ဆိုလေသည်။ ထိုဆယ်သိန်းကျော်မှ (၆)သိန်းကျော်က ၂၀၁၅ခုနှစ်မှာ ပန်းရောင်ကဒ် ( ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်) ရရှိတာ ဖြစ်သည်။
                  ပြောရမည်ဆိုလျင် မြန်မာအလုပ်သမားတွေမှာ ကိုင်ထားသည့် အထောက်အထားတွေက အရောင်တွေ စုံလှသည်။ ယခင့်ယခင် ကထုတ်ပေးခဲ့ဖူးသည့် အလုပ်သမားပတ်စ်ပို့( အနီ) ဆိုတာ ရှိသေးသည်။ နောက် ခရမ်းရောင်၊ ပန်းရောင်၊   ထိုပန်းရောင်ကဒ်ဖြင့် ခရီးသွားလို့ရသလား အမေးကို ကိုင်ထားသည့် အလုပ်သမားကိုယ်တိုင်ပင်မသိ။  စာရေးသူက မေးကြပါလား မြန်မာပြည်ကို အကြောင်းကိစ္စရှိလို့ ပြန်ချင်ရင် ဘယ်လိုပြန်ရမလဲဆိုသည့် အပြောကို မျက်လုံး အကြောင်သားဖြင့် ပြန်ကြည့်သည်။ သူတို့ မြန်မာပြည် မပြန်လိုတော့ပြိလား၊ ပြန်ဖို့ တွေးပင်မတွေးလား မဆိုနိုင်။ ထိုင်းမှာ နေဖို့ရတာနဲ့ပင်  လုံလောက်ပြီ ဆိုကာ ကျေနပ်ကြဟန်တူသည်။  အသက်နှစ်ဆယ်ခန့် ရျိ အလုပ်သမားကောင်လေး တစ်ယောက်ကတော့ သူ့ရဲ့ညီဖြစ်သူက သက်တမ်းမကုန်ခင် မြန်မာပြည်ပြန်ရာ ထိုင်း လဝက က ပြန်လာမှာလား မေးသည်တဲ့၊ သူက မလာတော့ပါ ဆိုလေရာ ထိုကဒ်ကို အမှိုက်ပုံးထဲ ပစ်ထဲ့လိုက်သည်ဟု ပြောပြသည်။
                    တာဝန်ယူလုပ်ပေးနေသည့် အလုပ်ရှင်ရဲ့ မန်နေဂျာ မြန်မာလူမျိုးကို မေးကြည့်တဲ့အခါ ထိုကဒ်သည် ထိုင်းနိုင်ငံရှိ အခြားမြို့များကို အလည်အပတ် ခရီးသွား၍ ရသည်။ သို့သော် အလုပ်လုပ်၍မရ၊ မိမိမှတ်ပုံတင်ထားသည့် ခရိုင်မှာသာ အလုပ်လုပ်ရမည်ဟု ဆိုလေသည်။
                ယခုတလော ထွက်လာသည့် ဗီဒိယိုဖိုင်တွေမှာ  အထောက်အထားရှိပါရက်နှင့် မြန်မာအလုပ်သမားများကို ငွေညှစ်သည့်ရဲ အစစ်၊ ရဲအယောင်ဆောင်ပြီး ဖမ်းဆီး ငွေညှစ်နေတာ စတာတွေ တွေ့ရသည်။ အကြောင်းကတော့ အရောင်စုံလှသည့် အထောက်အထားတွေ အကြောင်း အလုပ်သမားတွေကိုယ်တိုင် ဥပဒေကို သေချာမသိတာလည်းပါသည်။ ခရမ်းရောင်စာအုပ်ကိုင်ကာ မြန်မာပြည်ပြန်မည်ဆိုပါက Re-entry ကို လဝကမှာ တုံးထုသွားရမည်။  ဒါမှမဟုတ် Re-entry တုံးမထုပဲ အလုပ်ရှိရာ မဲဆောက်မှ ဘန်ကောက်သို့ အလည်သွားမည်ဆိုက လမ်းမှာရဲက ငွေညှစ်သော် ကျွန်တော်/ ကျမ မြန်မာပြည် ပြန်မှာမဟုတ်၊ ဘန်ကောက်သို့ အလည်သွားတာဖြစ်တယ် ၊ အလည်သွားတာမို့ တုံးထုဘို့ မလိုဘူးလေလို့ စကားပေါက်စွာနဲ့ ဥပဒေကို နားလည်စွာ ပြန်ပြောနိုင်ရမည်။ မပြောနိုင် မသိက ထိုင်းရဲက ခပ်တည်တည်နှင့် တောင်းတာကို ပေးရပေလိမ့်မည်။   တခါက အသိအမျိုးသမီးကြီး တစ်ယောက် ချက်ကျလက်ကျ ပြန်ပြောရာ တော်တော်နားလည်နေ၊  တော်တော်တတ်နေဟုတ်လားလို့ ထေ့ပြီး ပြန်လွှတ်ပေးသည်တဲ့။
                ရဲအယောင်ဆောင်သူတွေကတော့ သူတို့ထိုင်းမှာ လွယ်လွယ်နဲ့ ငွေတောင်းရတာ မြန်မာအလုပ်သမားတွေလို့ တွက်ထားပြီး မြန်မာအလုပ်သမားတွေဆီက ခြိမ်းခြောက်နေခြင်းဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းမှာတော့ ထိုင်းအစိုးရရဲ့ လုပ်ကိုင်ပေးမှုကြောင့် မြန်မာအလုပ်သမားတွေ တရားဝင် ဖြစ်နေကြပြီ။ ဒါ့ကြောင့် ရဲအယောင်ဆောင်ပြီး အကြောင်းအမျိုးမျိုးပြ ငွေတောင်းလည်း အရင်လို လွယ်လွယ်မပေးကြတော့၊ ရဲစခန်းကိုပင် သွားတိုင်လို့ ရနေပြီ။  လူမှုကွန်ယက်တွေမှာ ဓါတ်ပုံ ဗီဒီယိုနှင့် တင်လိုက်လျှင် ချက်ချင်း အရေးယူသည်။ ဒါ့ကြောင့် ရဲအယောင်ဆောင်တွေကို ဖမ်းမိနေခြင်းဖြစ်သည်။
             တကယ်တော့ မြန်မာအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် စေတနာမထားတာကနေ ယခုကဲ့သို့ အဖြစ်အပျက်တွေ ဖြစ်နေရခြင်းဖြစ်သည်။ အလုပ်သမားတွေအပေါ် နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးလိုက်ပါက အားလုံးသည် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် တရားဝင်အလုပ်သမားများ ဖြစ်ကြပေလိမ့်မည်။
                  
                       ယခုသော်  ထိုင်းကို ရောက်နေသည့်  မြန်မာအလုပ်သမားတွေသည် တရားမဝင်သွားရောက် သည့်အတွက် ထိုင်းပြည်တွင်းကိုလိုက်ပြီး  ထုတ်ပေးထားသည့် နိုငံကူးလက်မှတ်ကို ခရမ်းရောင်ဖြင့် ခွဲခြားကာ အလုပ်သမားပတ်စ်ပို့( ယာယီနိုငံကူးလက်မှတ်)ဟု အစိုးရကိုယ်တိုင်က ခွဲခြားလိုက်သည်။ ထိုအခါ ထိုင်းရဲ လဝက အဖို့ အထူးအထွေ ခွဲစရာမလို၊ စစ်လိုက်သည်နှင့် ထုတ်ပြသည့် စာအုပ်ကိုကြည့်ကာ ဒါဟာ မြန်မာပြည်က တရားမဝင်လာနေတဲ့ အလုပ်သမား၊ ဒါကတော့ အနီ  မြန်မာပြည်ကနေ တရားဝင် ဝင်လာပြီး ရောက်လာတဲ့သူ ခွဲခြားသိလေသည်။
              အထူးသဖြင့် ကိုယ့်ရပ်မွေးရာမြေမှ ဒုက္ခအပေါင်းနှင့်  ပြေးရလေသော ပြည်သူတွေအပေါ် ရင်ဝယ်သားကဲ့သို့ သဘောမထားတာ ရှင်းနေလေသည်။ အားလုံးအရောင်တူတော့ရော မြန်မာပြည်က လူတွေ မြန်မာပြည်သူတွေပဲ မဟုတ်ပါလား။
ထိုင်းအစိုးရကတော့ သူ့လူမျိုး ၊ အိမ်နီးချင်းကွဲပြားအောင် သတ်မှတ်ထားသည်။ သို့သော် သူ့တိုင်းပြည်ရဲ့ အလုပ်တွေကို အောက်ခြေသိမ်း လုပ်နေသည့် ဒီအိမ်နီးချင်းတွေကိုတော့ ရင်ဝယ်ထား စောင့်ရှောက်ထားလို့သာ  မြန်မာအလုပ်သမားများ လူလူသူသူ မြန်မာ လို့ အသိအမှတ်ပြုခံနေရဆဲ ရှိနေတာပဲ ဖြစ်လေသည်။
ခိုင်ခိုင်စောလွင်

June 13, 2015

ဘောပွဲကြည့်နည်း နိဿသာရည်း

ကိုယ်က ဘောလုံးပွဲ သိပ်ကြိုက်တာ၊ ငယ်ငယ်တုန်းကတော့ စိတ်လွတ်လက်လွတ် အားပေးတတ်တာပေါ့၊
မှတ်မှတ်ရရ အသက်(၃၀) ကျော်လောက်အထိ စိတ်ထဲရှိတဲ့ အတိုင်း အသားကုန် လွှတ်အားပေးတာ၊
သန်းတိုးအောင်၊ ဝင်းအောင်၊ မျိုးလှိုင်ဝင်းတို့ ခေတ်က အောင်ဆန်းကွင်းအထိ လိုက်ကြည့်တာ ဘောလုံးပွဲကို၊
ဘောလုံးပွဲရေစက်ကလည်း မသေးဘူး၊ ချင်းမိုင် ရောက်တာတောင် ချင်းမိုင် FC နဲ့ ကမ္ဘောဇ FC တို့ ချင်းမိုင်က ကျဲ့လွိုင်းပီး နှစ်၇၀၀ အားကစားကွင်းမှာ လာပြိုင်လို့ ကွင်းထဲအရောက် သွားအားပေးလိုက်သေးတယ်၊ အားကစားသမားတွေ ကိုတော့ ကောင်းကောင်းမမှတ်မိတော့ဘူး၊ ဂိုးသမားကတော့ အောင်အောင်ဦး ဆိုတာမှတ်မိလိုက်တယ်။
အားကစားသမားတွေထဲကမှ မျိုးလှိုင်ဝင်းနဲ့ အောင်ကျော်ကျော်ဆိုရင် ကိုယ့်အိမ်ရောက်လာလို့ ကိုယ်တိုင် စကားပြောဖူးလိုက်တယ်။
မျိုးးလှိုင်ဝင်း အိမ်ရောက်လာတာ ထူးဆန်းတယ်၊ လူမှားပြီး ရောက်လာတာ။
သူ့သမီးလေးက အထက (၂) စမ်းချောင်းမှာ တက်တယ်၊ အဲဒါ ကလေးအစီအစဉ်တစ်ခု မြန်မာ့အသံမှာ လာရိုက်ရမှာဆိုတော့ သူက သူနဲ့ ၁၉၉၅ခုနှစ် ဆီးဂိမ်းပွဲမှာ အတူသွားပြီး သိကျွမ်းခဲ့တဲ့ ဦးဝင့်အောင်ကို သူ့သမီးနဲ့ အဖွဲ့ကို ကြည့်ပေးဖို့၊ သူကိုယ်တိုင်က လေ့ကျင့်ရေး ဆင်းရမှာမို့ လိုက်မလာနိုင်လို့ အပ်ချင်တာ၊ အဲဒါ မြန်မာ့အသံကို လာပြီး ကိုဝင်းအောင်နဲ့ တွေ့ချင်တယ်ပြောတော့ ဂိတ်ပေါက်က လုံခြုံရေးက ကိုဝင်းအောင် ပြန်သွားပြီ သူ့အိမ်က ဒီနားတင်ဆိုပြီး လမ်းညွှန်လိုက်တာမှာ ကိုယ့်အိမ်ရောက်လာတာ၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ကိုဝင့်အောင်ကို အပြင်ကတချို့က ကိုဝင်းအောင်လို့ အလွယ်ခေါ်ကြ မှတ်ကြတယ်၊ ဖြစ်ချင်တော့ ကိုယ့်အိမ်ဦးနတ်က မြန်မာ့အသံ( ရေဒီယို)က ကိုဝင်းအောင်၊ ဘောလုံးပွဲလည်း ကြေညာတယ်လေ ပြောတော့ လုံခြုံရေးက ဟုတ်တာပေါ့ သူပဲဆိုပြီး အိမ်လွှတ်လိုက်တာ၊
အဲဒီအချိန် အိမ်ဦးနတ်က အလုပ်ကိစ္စနဲ့ စစ်တွေဖက် ခရီးထွက်နေတာ ဆိုတော့ ကိုယ်နဲ့တွေ့ပြီး စကားပြောရတာပေါ့။
မျိုးးလှိုင်ဝင်းနဲ့ ရပ်ပြီး စကားပြောနေတုန်း အောက်ထပ်မှာ ကလေးတွေက ဝိုင်းကြည့်ပြီး မျိုးးလှိုင်ဝင်းကွ နဲ့ အော်နေပြီ။ ဒါတောင် အဲဒီအချိန်က ၂၀၀၅ခုနှစ် ပတ်ဝန်းကျင်၊ မျိုးလှိုင်ဝင်းတောင် ဘောလုံးမကန်တော့ဘူး၊ နည်းပြလုပ်နေတဲ့အချိန်။
အောင်ကျော်ကျော်နဲ့ ဆုံတာလည်း သူ ဘောလုံးနည်းပြလုပ်နေတဲ့ အချိန်ပဲ။ ကိုယ့်အိမ်ဦးနတ်က ဖောင်ကြီးမှာ သင်တန်းတက်ရတယ်၊ ထုံးစံအတိုင်း ဝန်ထမ်းဆိုတော့ သင်တန်း(၃လ) တက်ရတာ၊ အဲဒီမှာ ဘဏ္ဍာအခွန်က အောင်ကျော်ကျော်ကလည်း ဖောင်ကြီး သင်တန်း လာတက်ရတယ်၊ သူတို့ချင်း ပြောကြတာ သူတို့တွေက ဖောင်ကြီးသင်တန်းကို မတက်ချင်လို့ ရှောင်ရင်း ရှောင်ရင်းက နောက်ဆုံးမှ တက်ကြတဲ့ သူချင်းဆိုတော့ ခင်သွားကြရော၊ တလပြည့်လို့ အပြင်ထွက်ခွင့်ရတော့ သောကြာနေ့ညနေဆို အိမ်ပြန်ကြရင် အောင်ကျော်ကျော်က သူ့ကားနဲ့လိုက်ပြန်ဖို့ အိမ်ဦးနတ်ကို ခေါ်တယ်၊ တနင်္ဂနွေညနေ အဆောင်ပြန်ဝင်ရရင် အိမ်ကို လာဝင်ခေါ်တယ်။
၁၉၉၃ခုနှစ် ဆီးဂိမ်းမှာ ဖြစ်တဲ့ အဖြစ်အပျက်ကို မေးရင် ပြုံးနေတယ်၊
အခိုက်အတန့် ဖြစ်တဲ့ စိတ်ပေါ့တဲ့၊( ကိုယ့်ကို အိမ်ဦးနတ်က ပြန်ပြောပြတယ်) သူက
စိတ်တို ဒေါသကြီးတတ်တဲ့ လူစားမဟုတ်ဘူး၊ အေးအေးဆေးဆေး နေတတ်တဲ့ သူပါပဲ၊ စကားလည်းနည်းတယ်၊
သူ့လက်ထဲ ဘောလုံးကို ဖမ်းမိပြီးကာမှ လူကိုလာကန်တော့ သူလည်း လျှပ်တပျက်အတွင်း ဖြစ်သွားတဲ့ စိတ်ကြောင့် လက်တုန့်ပြန်မိတာ၊
အဲဒီအဖြစ်အပျက်က ကိုယ်တွေတင်မက သူလည်း သူ့ဘဝမှာ တော်တော်လေး စူးနစ်ဝင်ရောက်ထားပုံရတယ်။
အဲ...ဆက်ရရင်၁၉၉၅ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပတဲ့ ဆီးဂိမ်း တုန်းကဆိုရင် ကိုယ့်မှာ ဒုတိယသမီးလေးကို ကိုယ်ဝန်ဆောင်ထားတာ၊ ဒါလည်း အားပေးတာပဲ၊
အဲဒီတုန်းက သန်းတိုးအောင်၊ မျိုးးလှိုင်ဝင်း၊ ကြည်လွင်၊ တင်မြင့်အောင်၊ သန်းဝေ၊ စိုးနိုင်၊ စသဖြင့်ပေါ့လေ အခု နိုင်ပွဲတွေရနေတဲ့ ကလေးတွေလိုပဲ တစ်သင်းလုံး တော်ကြတယ်၊
အသက်(၄၀) ကျော်လာတဲ့ အချိန်ထိ ကိုယ်က ကြည့်နိုင်၊ အားပေးနိုင်တယ်၊ ဒါပေမယ့် ဘောလုံးပွဲကြည့်ပြီး နှလုံးရောဂါ ဖောက်လာလို့ ဆေးရုံတင်လိုက်ရတာတို့၊ ဘောလုံးပွဲကြည့်ပြီး သေဆုံးသွားတာတို့စတဲ့ ကမ္ဘာအရပ်ရပ်က သတင်းတွေ ဖတ်ရတဲ့အခါ နဲနဲ စိုးရိမ်သွားတယ်၊
အဲဒီမှာစတာပဲ၊ ကိုယ်တိုင်က သွေးတိုးရှိနေပြိဆိုတော့ လူက ဘာမှ မဖြစ်ဘူး၊ စိတ်က အော် ကျော်မကောင်းကြားမကောင်း တခုခု ဖြစ်ရင် မလွယ်ဘူး ဆိုပြီး စိတ်ကို လျှော့ပြီး ကြည့်ရတယ်။
ဘောလုံးပွဲအရသာ ပျက်တာပေါ့၊
သူနိုင်ကိုယ်နိုင် ကစားတဲ့ ပွဲတွေဆိုရင် မသိမသာ ကွန်ပျူတာရှေ့က ခွာပြီး အိမ်ရှေ့ထွက် လမ်းလျှောက်သလို ဘာလိုလို ၊ လှန်းထားတဲ့ အဝတ်တွေ ရုတ်သလိုလိုနဲ့ အသံလေး အသာနားစွင့်ရတယ်။
တခါတလေ ကိုယ့်အသင်း အနိုင်ဂိုး သွင်းတာ မကြည့်လိုက်ရဘူး။
ဒီနှစ် ဆီးဂိမ်းကို ငယ်ငယ်တုန်းကလို အူလှိုက်သဲလှိုက် ငယ်ငယ်တုန်းက စိတ်နဲ့ အားပေးချင်တာ၊ သို့သော်လည်းပေါ့နော်
ဒီမှာတင် နည်းလမ်းတစ်ခု ရလိုက်တယ်၊
ကိုယ်က စင်္ကာပူက တိုက်ရိုက်လွှင့်တင်နေတဲ့ စင်္ကာပူ ဘောလုံးအဖွဲ့ချူပ်ရဲ့ ယူကျူ ကနေ ကွန်ပျူတာနဲ့ ကြည့်လိုက်တယ်။ သမီးဖြစ်တဲ့သူက အဲဒီလင့်ကိုပဲ ဖုန်းနဲ့ ကြည့်တယ်။
ဖုန်းနဲ့ကြည့်တာက ကွန်ပျူတာနဲ့ ကြည့်တာထက် ၂မိနစ်ခွဲလောက် စောတယ်၊
အဲဒီတော့ ကိုယ်ကကြည့်နေရင်း " ဟယ် ဟိုဖက်က ဂိုးသွင်းတော့မယ် ဝင်တော့မယ် ဆိုရင် သမီးက အမေ အေးဆေး မဝင်ဘူး ကျော်သွားတယ်၊ ဒါမှမဟုတ်လည်း အမေ မဝင်ဘူး ဂိုးသမား ဖမ်းမိတယ်' ဒီလို ကြိုပြောပေးတော့ စိတ်သက်သာရာရပြီး ကြည့်ရတာ အဆင်ပြေတယ်။
ကမ္ဘောဒီးယားနဲ့ ပွဲမှာဆို ပွဲကပြီးပြီ၊ နာကျင်အချိန်ပို (၃)မိနစ်ပေးတဲ့ အချိန်မှာ ကမ္ဘောဒီးယား ၃- မြန်မာက ၂ ဖြစ်နေပြီ၊ ဘာပဲဖြစ်ဖြစ် ဆီမီးတက်ရမယ်ဆိုပေမယ့် ဒီနေ့တော့ ရှုံးပြီလို့ ထင်ထားတာ၊ ရှုံးနေပါပြီ ဆိုတော့ သမီးက အမေ မြန်မာက နောက်တဂိုး သွင်းလိုက်ပြီ ၊ သရေ၊ ၃-၃ ဖြစ်သွားပြီတဲ့၊
သူပြောတော့ စိတ်အေးလက်အေး ထိုင်ကြည့်တာ မြန်မာသွင်းလိုက်တာ ကြည့်လိုက်ရတယ်၊
ဒီနေ့ ဆီမီးဖိုင်နယ်ကို ဒီနည်းနဲ့ ကြည့်လိုက်တာ တယ်ဟန်ကျသွားတယ်၊
အမေ မြန်မာ ပယ်နယ်တီ ရဘီတဲ့
ဘာလို့လဲ ဆိုတော့ မသိဘူးတဲ့၊ ကိုယ့်ဆီမှာက ကန်တုန်း၊ ရဘီဆိုတော့ အေးဆေး ကြည့်တာပေါ့၊ အဲဒီတော့မှ တံတောင်ဆစ်နဲ့ ထိတာ၊ အဲဒီကစားသမားကိုလည်း အဝါကဒ်ပြတာ သေသေချာချာ ကြည့်ရတာပေါ့။
ဒုတိယပိုင်း ရောက်တော့ ဟော အမေ ဗီယက်နမ်က ပြန်သွင်းလိုက်ဘီဆိုတော့ ဟုတ်လား ဆိုပြီး စိတ်လျှော့ပြီး ကြည့်လိုက်တယ်၊
မြန်မာပြန်သွင်းတော့ အမေ ထပ်သွင်းလိုက်ဘီ မပူနဲ့ဆိုတော့ ကိုယ့်ဆီမှာက ဗီယက်နမ်က ကိုယ့်ဂိုးပေါက်မှာ တဒိန်းဒိန်း ချိန်းခြောက်တုန်း၊ ခါတိုင်းလိုဆို အသဲတယားယားပေါ့၊ ဟိုဘက်ကနေ သမီးက မပူနဲ့ မဝင်ဘူး ဆိုတော့ အေးဆေးကြည့်ရတာပေါ့။
ပွဲပြီးကာနီးမှာလည်း အချိန်ကလည်း မကုန်နိုင်ဘူး၊ ၉၆မိနစ်တောင် ဖြစ်နေပြီ၊ ပြန်သွင်းရင် သားရေဆို အချိန်ပို ကန်နေရမယ်၊ မြန်မြန်ပြီးပါတော့ ဆိုတော့ သမီးက ဟေးးးးး နိုင်ဘီကွ အမေ ပွဲပြီးပြီ ဦးကြည်လွင်ကြီးတောင် ကွင်းထဲ ပတ်ပြေးနေပြိတဲ့
ကိုယ့်ဆီမှာက ကန်ကောင်းတုန်း၊ နိုင်နေပြီဆိုတာ သိတော့ အေးဆေးပဲ ဆက်ကြည့်ရင်း ၂မိနစ်လောက် ဆက်ကန်နေတာ ထိုင်ကြည့်နေတာပေါ့။
အဲဒါ သားအမိနှစ်ယောက် အတူထိုင်ပြီး သူက ဖုန်းနဲ့ ကိုယ်က ကွန်ပျူတာနဲ့ ဖြစ်နေကြတာ။
ဘာပဲပြောပြော ငယ်ငယ်တုန်းကလို အားမပေးနိုင်တောင် ပွဲပြီးတဲ့အထိ အားပေးကြည့်နိုင်တယ်လေ။
တခြားကြောင့် မဟုတ်ပါဘူး၊ ဖေ့စ်ဘွတ် သူငယ်ချင်းတွေ ဘောလုံးပွဲပြီးတော့ ကိုယ်နဲ့ သက်တူရွယ်တူ တချို့ သွေးတိုး နှလုံး ရှိလို့ စိတ်ရှိတိုင်း အားမပေးရဲပဲ ဖြစ်တာရေးတင်တာ ဖတ်ရလို့ မျှဝေလိုက်တာပါ။
ခိုင်ခိုင်စောလွင်

June 11, 2015

မြတ်သောဆရာ မြတ်ဆရာ ( ၉ရက် ဇွန် ၂၀၁၅ ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၃၇) ပါ ဆောင်းပါး


                             
                  ဒီရက်ပိုင်းလေးမှာ ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ဖတ်ရသည်။  ကျောင်းဖွင့်ကာနီးပြီ ဆိုတော့ ထုံးစံအတိုင်း  ပညာရေးဆိုင်ရာ အစည်းအဝေးတွေကနေ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေ  သတင်းတွေ ဖတ်ရ ကြားရသည်။ အဲဒီထဲကမှ ဝမ်းသာစရာ သတင်းတစ်ခုကို ပထမ ဖတ်ရသည်။
                 မေလ(၂၁)ရက်နေ့က သတင်းမှာ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားသည့် မေ ၂၅ ရက်မှ ၃၁ ရက်အတွင်း မူလတန်းကျောင်းသား ဦးရေ ငါးသန်းကျော်အတွက် ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်သွား မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။  ''ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ မူလတန်းကလေးငယ် ငါးသန်းကျော်ကို ကျောင်းဝတ်စုံတွေ အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်စုံစီ ပေးအပ်မှာဖြစ်ပါတယ်''ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။               ထိုသတင်းမှာပင် ကျောင်းဝတ်စုံ အပြင် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းသုံး ပုံနှိပ်စာအုပ် တစ်စုံစီ ကိုပါ အခမဲ့ ပေးသွားမှာ ဖြစ်တယ်လို့ ပြောသွားတာ ဖတ်ရသည်။ မိဘများအနေနှင့် မူလတန်း ကလေးတစ်ဦးစီအတွက် ငွေတစ်သောင်းကျပ်မျှ သက်သာသွားသည်ဆိုတော့ ဝမ်းသာစရာပါ၊ ကျောင်းအပ်ချိန်မှာ ထိုငွေကြေး ပမာဏကိုပင် မတတ်နိုင်၍ ကျောင်းမအပ်နိုင်သည့် မိဘများ အဖို့ ဝမ်းမြောက်ဖွယ်ရာမက ကျောင်းမနေနိုင် ကျောင်းမတက်နိုင်သည့် ကလေးအရေအတွက် လျော့နည်းသွားဖွယ်ရာ ရှိသည်လို့ ကျေနပ်မိသည်။            တဆက်ထဲမှာပင် ပြည်နယ်နှင့် တိုင်း ဒေသအသီးသီးရျိ ကျေးရွာများထံ တပြေးညီ ရောက်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်တော့ ဖြစ်မိလေသည်။ သိပ်မကြာပါ၊ ကျောင်းအပ်နှံသည့် ရက်ဖြစ်သော မေလ(၂၅)ရက်မှ မေလ(၃၁) ရက်အတွင်း လာရောက်အပ်နှံသည့် မူလတန်းကလေး အချို့  အဆိုပါ အခမဲ့ ပေးသည့် ကျောင်းဝတ်စုံ မရကြသေး၊ ကျောင်းဖွင့်အမီတော့ ပေးပါမည်လို့ စကားရကြသည် ဆိုတာ ကြားရ ဖတ်ရလေသည်။  ဒါမျိုးက မြန်မာပြည်မှာ ဖြစ်နေကျ ထုံးစံဆိုတော့ ထိုထုံးစံကို လူတွေက ရိုးလို့ပင် နေရာ အချိန်တန် ရရင် ပြီးတာပဲဟု နေလိုက်ကြလေသည်။  အစိုးရဆီက ပြည်သူအပေါ် အလကားပေးတာ ရှာမှရှားဆိုတော့ အခု ရလာသည့် အလကားကို ချေးမများပဲ အင်းလိုက်ကာ လက်ခံကြရသည်။

 မြန်မာလူမျိုးပီပီ " ပေးတဲ့သူတွေမှာလည်း အလုပ်များကြရှာမပေါ့ တစ်နိုင်ငံလုံးက မူလတန်းကျောင်းသား ငါးသန်းကျော်အတွက် လုပ်ရတာ ဘယ်လွယ်ပါ့မတုန်း"  ဒီလို ပြောကြသူကများလေသည်။ 
                ဝမ်းသာစရာ သတင်းနှင့် တဆက်ထဲ ဒွိဟဖြစ်စေသည့် သတင်းတစ်ပုဒ်ကို ဖတ်ရပြန်သည်။                 
ယခုပညာသင် နှစ်မှစတင်ပြီး အခြေခံပညာ ဆရာ၊ ဆရာမများ၏ ရာထူးတိုးကိစ္စများကို လုပ်သက်ကိုမကြည့်တော့ဘဲ လုပ်ရည် ကိုင်ရည်ကိုသာကြည့်၍ ဆုံးဖြတ်သွား တော့မည်ဖြစ်ကြောင်း ၊
မေ၂၁ရက်က မရမ်းကုန်းမြို့ နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင်ပြုလုပ်ခဲ့သည့် ရန် ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး ခရိုင်နှစ်ခုရှိ ကျောင်း အုပ်ကြီးများတွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။               
ဆရာ၊ ဆရာမများအနေဖြင့် မိမိ တို့လုပ်ဆောင်ရမည့် သင်ကြားရေး အပါအဝင် အခြားသောလုပ်ဆောင် ချက်များကို အကောင်းဆုံးပြုလုပ်ကာ နေ့စဉ်မှတ် တမ်းရေးသားကြရန် လို အပ်ပြီး သက်ဆိုင်ရာကျောင်းအုပ် ကြီးများမှ သေချာစိစစ်ကာ အခြေခံ ပညာဦးစီးဌာနသို့ တင်ပြကြရမည်ဟု ဆိုလေရာ အကဲဖြတ်မည့်သူက ကျောင်းအုပ်ကြီးထက် မြင့်တဲ့ အခြေခံပညာကလား၊ ကျောင်းအုပ်ကြီးကိုယ်တိုင်ကပဲလား ဆိုတာ မသဲမကွဲပေ၊
              တကယ်တော့ နေ့စဉ်မှတ်တမ်း ရေးတာ၊ သင်နည်းမှတ်ချက်ရေးတာ၊ အပတ်စဉ်အလိုက်၊ လစဉ် အလိုက် သင်နည်းမှတ်ချက် ၊ သင်ကြားရေးပုံစံ ရေးရတာ ဆရာ ဆရာမ လောကမှာ ရှိပြီးသားပင်၊  ကျောင်းအုပ်ကြီးထံ နေ့စဉ် အပတ်စဉ် လစဉ်အလိုက် တင်ရာမှာပင် အလွန်အလုပ်များသည့် ကျောင်းအုပ်ကြီးတို့မှာ ဆရာမတစ်ယောက်ချင်း ရေးထားတာ ဖတ်ဖို့ နေနေသာသာ  ပုံမှန် လက်မှတ်ပင် မထိုးနိုင်ကြပါ။  မြို့ကြီးပြကြီးမှ ကျောင်းအုပ်များမှာ အစည်းအဝေးချည်း လှိမ့်တက်နေရ၍ ကျောင်းကိုပင် မရောက်တာ ရှိကြသည်။  ကျေးရွာ ၊ နယ်မြို့အသီးသီးက ကျောင်းအုပ်ကြီးများကတော့ အစည်းအဝေးတက်ရတာ နည်းသော်လည်း ဆရာဆရာမ မလုံလောက်၍ ကိုယ်တိုင် ဝင်ကျဲကာ စာသင်နေရသေးသည်။ ဒီလိုသင်လို့လည်း ဆရာမလစာတခု ကျောင်းအုပ်လစာ တခု ရတာ မဟုတ်၊ လူမရှိတော့ မတတ်နိုင် သင်ကြရတာပင်။ ထိုရွာတွေမှာ ဆရာမတစ်ယောက်ကို အနည်းဆုံး အတန်းနှစ်တန်း ကိုင်ကြရသည်။ ထိုဆရာမမျးသည် စာသင်ဖို့ အတန်းထိမ်းဖို့ မနိုင်မနင်း လုပ်နေကြရသည့်အပြင် တစ်ယောက် တစ်ယောက် လေးဘာသာ ငါးဘာသာ သင်ကြရာ အဘယ်မှာ နေ့စဉ်မှတ်တမ်း၊ သင်နည်းမှတ်ချက် ရေးနိုင်ပါအံ့၊
အခြေခံပညာရုံးချုပ်ကို  နေ့စဉ်မှတ်တမ်း ရေးပြီး မပို့နိုင်က အဆိုပါ ဆရာမများသည် တာဝန်မကျေ၊  စာမသင်ကြ၊ ပါဖောမန့်မရှိလို့ ဆုံးဖြတ်လိုက်ပါက တရားပါမည်လား၊
              စာရေးသူ အလယ်တန်းပြ ဆရာမအဖြစ် တွံတေးအပိုင် ရွာကလေးတစ်ရွာမှာ တာဝန်ကျစဉ်က ငါးတန်းမှ ရှစ်တန်းအထိ( ထိုစဉ်က အတန်းကို Grade နှင့်မသတ်မှတ်သေး) သင်္ချာ(၁) ပြရသည်။ ထို့အပြင် ငါးတန်းကို သချာင်္(၂)ပါ တွဲပြရသည့် အပြင် မြန်မာစာပါ သင်ပေးရသေးသည်။  ဒါတင်မက သမိုင်းဆရာက အတန်းစုံ သမိုင်းဘာသာ သင်ရာမှာ တစ်ချိန်မှ မနားရတဲ့ အတွက် စာရေးသူက သတ္တမတန်းကို သမိုင်းဘာသာရပ် သင်ပေးရပြန်သည်။  စာရေးသူလိုပင် ဆရာ ဆရာမ တစ်ယောက် အနည်းဆုံး (၃)ဘာသာ သင်ကြရသည်။
ကျောင်းအုပ်ကြီးကိုယ်တိုင်ပင်  ရှစ်တန်းကို သင်္ချာ(၂) ကူပြပေးရသည်။  
              ကျောင်းအုပ်ကြီးက ထုံးစံအတိုင်း မြို့နယ်မှ အစည်းအဝေးက ပြန်လာပြီဆိုပါက  အစည်းအဝေးမှတ်ချက်တွေ စည်းမျသ်းတွေ စည်းကမ်းတွေ ပြန်ပြောပြီး စာအုပ်ကြီးအတိုင်း သင်နည်းမှတ်ချက် ရေးဖို့ပါ မြို့နယ်ပညာရေးမှုးက တိုက်တွန်းကြောင်း ဆိုလေရာ ဆရာ ဆရာမတွေနှင့် ကျောင်းအုပ်ကြီး လေနှင့်  နောင်ဂျိန် ချကြတော့သည်။  သူလည်း ရေးပါမည်ဟု ဆိုလေရာ သူက အဌမတန်းတစ်ခုထဲကို သချာင်္(၂) ဂျီဩမေထြီ ဘာသာရပ် တစ်ခုထဲ သင်တာဆိုတော့ ရေးနိုင်လေသည်။ ကျန်ဆရာ ဆရာမများမှာ အတန်းက ၅ ၆ ၇ ၈ အကုန်၊ ဘာသာက အနည်းဆုံး တစ်ယောက်(၃) ဘာသာ၊ ဘယ်လိုမှ ရေးဖို့ မဖြစ်နိုင်၊ လက်တွေ့ကျကျ ဆုံးဖြတ်ဖို့ ပြောမှ လက်ခံလေသည်။
            ယခုလည်း ပြည်နယ်နှင့် တိုင်း အသီးသီး၊ ကျေးရွာ တွေမှာ ဆရာ ဆရာမတွေ ဒီလိုပဲ စခန်းသွားနေကြရတုန်း ဆိုတာ မေးစမ်းပြီး သိနေရသည်။
ယခင်ကတော့ ရာထူးတိုးလိုချင်ပါက နယ်ကို သွားဟု သတ်မှတ်တာဖြစ်သည်။  နယ်စပ်ဒေသက ကျောင်းတွေမှာ ဆရာတွေ လိုစဉ်က အခြေခံပညာအထက်တန်း အောင်သူတွေကို မူလတန်းပြဆရာမ အဖြစ် ခန့်ထားပေးပြီး၊ တာဝန်ကျရာ နယ်စပ်မှာ လုပ်သက်(၃)နှစ်ပြည့်က ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးဆီ ပြန်ပို့ပေးသည့် စနစ်ဖြစ်ခဲ့ဖူးသည်။  ထိုဆရာမတွေသည် ဘွဲ့မရသည့်အတွက် လုပ်သက် ဘယ်လောက်များများ ရာထူးတိုး မရပါ။  သူတို့မှာ ကျောင်းတဖက်နှင့် ဘွဲ့ရအောင် ကျိုးစားကြရပြန်သည်။
               ၁၉၈၂ခုနှစ် မတိုင်မီက ပညာရေးဘွဲ့ဆိုပြီး ပြည်လမ်းက ပညာရေးတက္ကသိုလ်မှာ ဆယ်တန်းအောင်သည်နှင့် သတ်မျတ်ထားသည့် အမှတ်မီက တက်လို့ ရတာ ရှိသည်။  ပညာရေးတက္ကသိုလ်က ဘွဲ့ရသည်နှင့် အထက်တန်းပြ ရာထူး တန်းပေးသည်။ ထိုအချိန်မှာ ဆယ်တန်းအောင်က ဆရာမဖြစ်ချင်လျင် အမှတ်ကလည်း ပညာရေးတက္ကသိုလ်ကို မမီတာပဲ ဖြစ်ဖြစ်။ တက္ကသိုလ်တက်ဖို့  ငွေအကုန်အကျ မခံနိုင်တာပဲ ဖြစ်ဖြစ် ရှိပါက ဆရာအတတ်သင်သိပ္ပံသို့ သွားကြသည်။  ဆရာအတတ်သင်ကျောင်းက တစ်နှစ်သင်တန်း ဆင်းပြီးပါက မူလတန်းပြ ရာထူးရသည်။  ထိုမှတဆင့် အလယ်တန်းပြ အထက်တန်းပြ ရာထူးတိုးသွားကြသည်။ ယခု ရန်ကင်း၊ သင်္ကန်းကျွန်း ဆရာအတတ်သင်ကောလိပ်ဆိုတာတွေက ထိုစဉ်က ဆရာအတတ်သင်လေ့ကျင့်ရေး ကျောင်းတွေ ဖြစ်သည်။
             ၁၉၈၂ခုနှစ် နောက်ပိုင်း ဆယ်တန်းအောင်သည့် သူတွေမှာ ပညာရေးတက္ကသိုလ်ဆိုတာ မရှိတော့ပေ၊  ၂၀၀၇ခုနှစ် ဆယ်တန်းအောင်သည့် သူတွေကျမှ ပညာရေးတက္ကသိုလ်ဆိုတာ ပြန်ဖွင့်ပြန်သည်။
           ထိုကြားကာလ (၂၅)နှစ်မှာ ဆရာ ဆရာမ ခန့်ထားသည်က ရိုးရိုးဘွဲ့ရ၊ မဟာဘွဲ့ရ တွေဖြစ်သည်။ မည်သူမှ ဘာသင်တန်းမှ တက်ရောက်ရခြင်း မရှိပဲ ဆရာ ဆရာမတွေ ဖြစ်ကြရသည်။ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာ မဟာဘွဲ့ရ ပြီး မူလတန်းပြ ဖြစ်နေသည့် ဆရာ ဆရာမတွေကို လုပ်သက်မကြည့်ပဲ ( လုပ်သက် တစ်လပဲ ဖြစ်ဖြစ် (၇) ရက်ပဲ ရှိရှိ)  အလယ်တန်းပြ ၊ အလယ်တတန်းပြ ဖြစ်နေပါက အထက်တန်းပြ ရာထူးတိုးပေးသည့် စနစ် ရှိခဲ့ဖူးသည်။
       ထိုအချိန်က တစ်လအတွင်းမှာ မူလတန်းပြကနေ အထက်တန်းပြ ရာထူးတိုးသွားသည့် အခြေခံပညာလူကြီး တစ်ယောက်ရဲ့ သမီး ဖြစ်သူက အတော်ပင်နာမည်ကြီးခဲ့ဖူးသည်။ သူက မဟာဘွဲ့ရ မူလတန်းပြ ဖြစ်နေ၍ လုပ်သက် တစ်လပင်မရှိပေမယ့် အလယ်တန်းပြရာထူး  ရသွားသည်။ သူပြောင်းသွားသည့် ကျောင်းရောက်တဲ့အခါ မဟာဘွဲ့ရ အလယ်တန်းပြ ဖြစ်ပြီဆိုကာ လုပ်သက် (၇)ရက် အတွင်းမှာ အထက်တန်းပြ ထပ်တိုးသည်။
      ဆိုလိုချင်တာက  ချမှတ်လိုက်သည့် စသ်းမျဉ်းက ခိုင်မာမှု မရှိသည့်အတွက် အခွင့်အရေးစောင့်နေသူတို့ အကွက်ဆိုက်သွားတာ ဖြစ်သည်။
        ယခု တဖန် ဆရာဆရာမများ ရာထူးတိုးအတွက် စဉ်းမျဉ်း စဉ်းကမ်း လုပ်ထုံးလုပ်နည်း တစ်ခု ချမှတ်တာ ဖတ်ရသည့် အခါ အတွေးတွေက ပျံလေသည်။  ဆရာမတစ်ယောက် ခွင့်လိုချင်ရင်တောင် လိုလိုလားလား ပေးအောင် ကျောင်းအုပ်ကြီးကို လက်ဆောင်ပေးရသည့်ခေတ်၊ အတန်းကောင်းကောင်း ရအောင် ကျောင်းအုပ်ကြီးကို လာဘ်ထိုးရသည့်ခေတ်၊ ကျူရှင်သင်လို့ရသည့် ဘာသာ သင်ခွင့် ရအောင် ကျောင်းအုပ်ကြီးကို ဦးတိုက်ရသည့် ခေတ်မှာ ရာထူးတိုးဖို့ အတွက်ကတော့ ဆိုဖွယ်ရာမ၇ျိပေ။ တဖန်  အဆိုပါ ကျောင်းအုပ်ကြီးကရော ဒီတိုင်းနေလို့မရပါ။ သူ့ရဲ့ ကျောင်းကိစ္စ စီမံခန့်ခွဲမှု၊ ကျောင်းရံပုံငွေရရှိဖို့ ကိစ္စများအတွက် အခြေခံပညာရုံးက အပေါက်စောင့်ကိုပင် သွားဖြဲပြနေရသည့် အဖြစ်၊ ဒိလို အခြေအနေကနေ ဆရာ ဆရာမတွေကို ရာထူးတိုးဖို့ကိစ္စ စဉ်းစားဖို့ လိုနေလေပြီ။
               သတင်းမှာတော့ စင်္ကပူမှာလည်း ဒီလိုပဲ ကျင့်သုံးသည်ဟု ဆိုထားလေသည်။  ထိုင်းနိုင်ငံမှာတော့ အထက်တန်းက (၁၂)တန်းအထိ တက်ရရာ (၁၂) တန်းအောင်သည်နှင့် တက္ကသိုလ်တက်ရသည်။ ဆရာ ဆရာမ လုပ်ချင်ပါက ပညာရေးတက္ကသိုလ်ကျောင်းလို တက္ကသိုလ်ကို သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ဝင်ခွင့် ဖြေပြီး တက်ရသည်။ (၅)နှစ်တက်ပြီး ဘွဲ့ရသည်နှင့် ရော့ အင့် ဆရာမ တန်းမဖြစ်ပါ။ ကျောင်းဆရာ လိုင်စင် ဝင်ဖြေရသည်။ စာသင်ဖို့ လိုင်စင်ရ ဆရာ ဆရာမ ဖြစ်လာသူတွေကို သူတို့ရဲ့ စွမ်းဆောင်ရည် ပါဖော့မန့်ကိုကြည့်ပြီး ရာထူးတိုးပေးပါက လက်ခံ နိုင်လေသည်။
           စာရေးသူတို့ တိုင်းပြည်မှာက ဆရာ ဆရာမ ဖြစ်လာတာတောင်  တစ်ယောက်နျင့်တစ်ယောက် ဖြတ်သန်းရတာ မတူကြတဲ့ အပြင်  နေရာ ဒေသ ရောက်ရှိတာလည်း မတူကြ၊ အသင်အပြကောင်းသည်ဆိုကာ ကျူ ရှင်ကျောင်းသား အများကြီးရပြီး ဝင်ငွေ ကောင်းသည့် ဆရာ ဆရာမက ရာထူးတိုးလည်း မက်မည်မထင်။ ရာထူးတိုးပြီး နယ်ပြောင်းရမည်ဆိုပါက ရာထူးတိုမည်ကိုပင် စိုးရွံ့စိတ် ဖြစ်နေပေမည်။ ကျောင်းသားများနှင့် နီးနီးစပ်စပ် မနေ ၊ ကျောင်းသားကြိုက်အောင် အလိုမလိုက်သည့်ဆရာမ၊ ကျောင်းအုပ်ကြီးကို တလေးတစား ရှိသော်လည်း အဝင်အထွက် ဂါရဝ မြ့ပုမိသော ဆရာ ဆရာမက ပါဖော့မန့် မကောင်းဟု ဆိုက လက်ခံရမည်လား။
           ပါဖောမန့်မကောင်း၍ ရာထူးမတိုး လုပ်သက်တွေက အများကြီး ရျိသောလည်း မူရင်းရာထူးမှာ ကျောက်ချနေသည့် ဆရာ ဆရာမ ဖြစ်လာအံ့၊ အခုခေတ်လို ဆရာ ဆရာမတွေ အပေါ် အ ဂါရဝ ရှိပြီး အတိုင်အတောတွေ ထူနေသည့် ခေတ်မှာ ဘယ်မိဘ အဘယ်ကျောင်းသားက လေးစားပါမည်နည်း။
             ဆရာ ဆိုတာ အနန္တောအနန္တ ငါးပါးမှာ တပါးဖြစ်တယ်ဆိုတာ မေ့နေကြတဲ့ ခေတ်ကြီးမှာ ဆရာ ဆရာမတွေအတွက် ပိုပြီး ဖိနှပ်ခံရမည့်၊  မေ့လျော့ခံ ဖြစ်စေမည့်  ခိုင်မာမှု စိုးမိုးမှု မရျိသည့် ယခုလို စဉ်းမျဉ်းတွေသည် လက်ခံနိုင်ဖွယ် မရှိဟု စာရေးသူ ယူဆသည်။ ဆရာဆိုတာ မြတ်သော ဆရာ မြတ်ဆရာတွေချည်းသာမို့ လက်တွေကျသည့် ပိုမိုကောင်းမွန်သည့် ၊ ဆရာကို အလေးထားသည့် စဉ်းမျဉ်းတွေ ထွက်လာဖို့သာ မျှော်လင့်မိပါသည်။
 
ခိုင်ခိုင်စောလွင်

June 8, 2015

ကြေကွဲ မြန်မာ့အသံ – ရွှေကူမေနှင်း( မြန်မာသံတော်ဆင့်ပါ ဆောင်းပါး) ဆရာမရွှေကူမေနှင်းမှာ မြန်မာ့အသံဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပါသည်။

ကြေကွဲ မြန်မာ့အသံ – ရွှေကူမေနှင်း

ဟံသာဝတီ ဘက်လမ်းဘေးတွင် ၉ ထပ် အဆောက်အအုံကြီး ဆောက်သည် . . .MRTV-4 အား ပေးမည်ဟု ကြားရ၏ … ဤနည်းဖြင့် အသံလွှင့်ရုံကြီး တစ်ခုလုံးကို ရှင်းပစ်ပြီး… တစ်ဦးတည်းပိုင်လုပ်ရန် ဖြစ်သည် . . .
Vol(4)_No(13)_24
”ပြန်ကြားပေးရန် မြန်မာ့အသံ xxx ပညာပေးရန် မြန်မာ့အသံ xxx ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ မြန်မာ့အသံ xxx ပြည်သူ့အတွက် မြန်မာ့အသံ မြန်မာ့အသံ xxx ”
အထက်ပါသီချင်းကို ၁၉၇၁ ခုနှစ်၊ မြန်မာ့အသံ တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုသဘင်မှာ စတင် ရေးစပ် အသံလွှင့်ခဲ့ပါသည်။ မြန်မာ့အသံ ဝန်ထမ်းအားလုံး စိတ်ပါလက်ပါ အော်ဟစ်သီဆိုခဲ့ကြသည်။ ဂုဏ်ယူ ဝင့်ကြွားစွာ သီဆိုခဲ့ကြသည်။ သီချင်းစာသား ကိုယ်တိုင်က မူဝါဒဖြစ်၏။ မြန်မာ့အသံ၏ ထုတ်လွှင့်မှု အားလုံးကို သတင်းပြန်ကြားမှု ၂ဝ ရာနှုန်း၊ ပညာပေးမှု ၂ဝ ရာနှုန်းနှင့် ဖျော်ဖြေရေးက ၆ဝ ရာနှုန်းဟု သတ်မှတ်ထားသည်။ ထိုအတိုင်း စီမံရသည်။ နောက်ဆုံး ကြွေးကြော်သံကား ”ပြည်သူ့အတွက်မြန်မာ့အသံ” ဟူ၍ဖြစ်၏။ ဤကြွေး ကြော်သံကို အသံလွှင့်ရုံ ခေါင်မိုး၌ မီးရောင်စုံဖြင့် တပ်ဆင် စာလုံးဖော်ထားသည်။ ညဘက်ဆို လင်းခနဲ ထင်းနေ ခဲ့သည်။
ရေဒီယို ရွှေခေတ်ဖြစ်၍ ထိုကာလက မြန်မာ့အသံမှာ ဝန်ထမ်းလုပ်ရလျှင် လက်နှိပ်စက် စာရေးလေးပင် ဂုဏ်ရှိ၏။ မျက်နှာလုပ်ခံရ၏။ (သူကအနည်းဆုံး သောတရှင်လိုရာ သီချင်းတောင်းပေးနိုင်၍ ဖြစ်သည်) အဆောက်အအုံရှေ့ ပေါ်တီကို အဝင်ဝတွင် ၁၉၅၉ ခုနှစ်၌ နိုင်ငံတော် ဝန်ကြီးချုပ်ဦးနု အုတ်မြစ်ချ တည်ဆောက်ခဲ့သည်ဟူသော ကမ္ပည်းကျောက်စာရှိသည်။ ၁၉၈၁-၈၂တွင် မြန်မာ့ရုပ်မြင်သံကြား စတင် ပေါ်ပေါက် လာသောအခါ ခြံဝင်းအတွင်း ဝန်ထမ်းတန်းလျားများကို ဖယ်ရှားပြီး ရုပ်မြင်သံကြား ရိုက်ကူးရန် စတူဒီယိုကို နှစ်ထပ်ဆောက်ခဲ့သည်။ နောက်ဘက် ခြံစည်းရိုး ကပ်လျက်တွင် ရုံးခန်းများအတွက် ၃ ထပ် အဆောက်အအုံ ထပ်၍ဆောက်သည်။ လုံလောက်ပါသည်။
၂ဝဝဝ ဝန်းကျင်မှာကား မြန်မာ့အသံရော၊ ရုပ်မြင်သံကြားကိုပါ တပ်ကုန်းသို့ ပြောင်းရွှေ့လိုက်ရာ ပြည်လမ်း အသံလွှင့်ရုံကြီးမှာ စွန့်ပစ်ခံခဲ့ရတော့၏။ ”ပျားတို့ စွန့်ခွာသွားသော ပျားအုံကြီး”ကဲ့သို့ ကျန်ရစ်လေ၏။ များစွာ မကြာခင် အခြားအစိုးရပိုင် အဆောက်အအုံများ (ဥပမာ- ၆ထပ်ရုံး) ကဲ့သို့ပင် ရောင်းပစ်တော့မည်ဟု အသံကြားလာရသည်။ ”ပြည်လမ်း၊ မြန်မာ့အသံ” ဆိုသည်မှာ မြေကွက်နံပါတ်၊ ခြံနံပါတ်ပင် မလိုချေ။ ပြည်လမ်းဟုဆိုရုံနှင့် ဤအဆောက်အအုံကိုသာ မြင်ကြသည်။ ယခင်က ပြည်လမ်း အသံလွှင့်ရုံသစ်ကြီးဟု နာမည်ကြီးသည်။ ယခုတော့ ပျားအုံဟောင်းကြီး ဖြစ်သွားပြီ။
သို့သော် …
ပုဂ္ဂလိက အသံလွှင့် FM များ ပေါ်လာသောအခါ၊ FM တစ်ခုက ထိုပျားအုံဟောင်းကြီး၏ အခန်းအချို့ကို အသုံးပြုခွင့် ရသွားသည်။ သူ့မတိုင်မီက MRTV-4 က ထိုပျားအုံဟောင်းကြီး နံဘေးတွင် (ယခင်ကင်တင်း နေရာ) အဆောက်အအုံ အသစ်ဆောက်ပြီး နေရာယူထားသည်။ တစ်ဖန်နောက် FM တစ်ခု ပေါ်လာပြန်ရာ သူက ယခင်ရုပ်မြင်ရုံးခန်း ၃ ထပ်ဆောင်ကိုရသည်။ အသံလွှင့်သောအခါ သီးသန့်ရှာနေရန် မလိုပေ။ ပထမ ရောက်လာသော FM က ယခင်တိုင်းရင်းသား အစီအစဉ်များ အသံလွှင့်သည့် စတူဒီယို F မှ လွှင့်သည်။ နောက်ရောက် သူက ယခင်ပင်မ မြန်မာ့အသံ ရေဒီယို တိုက်ရိုက်အသံလွှင့်ခဲ့သော စတူဒီယို (G+H) ကို ရသည်။
သူတို့အားလုံး မြန်မာ့အသံ၏ ဓာတ်ပြား ပိဋကတ်တိုက်ကိုလည်း အပိုင်ရခဲ့ကြသည်ဟု သိရသည်။ တပ်ကုန်း ပြောင်းသူများက ဓာတ်ပြားများ ယူမသွားဘဲ ကွန်ပျူတာစနစ်နှင့် သယ်သွားသည်ဟု ဆိုသည်။ တိုက်ရိုက် လွှင့်စက်များနှင့် စတူဒီယိုများကို ယခုကဲ့သို့ ယူသုံးနေမှန်းသော တရှင်များ မသိခဲ့ကြပါ။ စာရေးသူပင်လျှင် လွန်ခဲ့သော ၄-၅ လက တိုက်ရိုက် လွှင့်ထုတ်မှု တစ်ခုအတွက် ဖိတ်ခေါ်၍ သွားရသဖြင့် မြင်ခဲ့ရခြင်းဖြစ်၏။
အရာရာကောင်းစွာ လည်ပတ်နေခြင်းကို မည်သူမျှ မမြင်ခဲ့ကြပါ။ ယခုတစ်လောကမှ (မေလ ၂ဝ ရက်ခန့်) ရေကူးကိစ္စ အထိတ်တလန့် ဖြစ်လာခဲ့သည်။ ကျွန်မတို့က အတိုကောက်ဖြင့်”ရေကူး”ဟု ခေါ်ကြ၏။ အမည် မှန်မှာ ”ရေကူး … Transmitter” ဖြစ်၏။ ထပ်ဆင့်အသံလွှင့်စက်ရုံရှိရာ ရေကူးအရပ် ဖြစ်သည်။ ၄င်းစက်ရုံ မြေနေရာက မြောက်ဥက္ကလာခုံးတံတားဘေး လယ်ကွင်းထဲတွင် ရှိ၏။ ဧက ၉ဝ ကျော်ရှိရာ ပုဂ္ဂလိကသို့ လွှဲပေးရန် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါ စည်းကမ်းအရ တင်ဒါလျှောက်သူသည် အသံလွှင့် အတွေ့အကြုံ ၃ နှစ်ရှိရမည်။ တင်ဒါရလျှင် ဧက ၃ဝ ကို အသံလွှင့်ဆိုင်ရာများ ဆောက်ပေးပြီး ကျန် ၆ဝ ကို စိတ်ကြိုက် သုံးနိုင်သည် စသဖြင့်ပါကြောင်း သိရသည်။ ရည်ရွယ်ချက်က အစိုးရနှင့် ပလဲနံပသင့်နေသော ရုပ်မြင်သံကြား ဌာန (ပုဂ္ဂလိက) အားပေးရန် မြင်နေရသည်။ ထို့ကြောင့် ပရိသတ်အများစုက Online မှ ဆူပူကြသည်။ ဤအခါ တောင်ဥက္ကလာ အမတ်က အရေးကြီးအဆိုတင်ပြီး ဆိုင်းငံ့ရန် ပြောသည်။
ဤကိစ္စမတိုင်ခင် ရက်ပိုင်းမှာလည်း တယ်လီဖုန်းအခွန် ကောက်မည်ဆို၍ ဆူပူအုံကြွကြရာ ချက်ချင်း ဆိုသလိုပင် အမရပူရအမတ်က အရေးကြီးအဆိုတင်ကာ အခွန်ကိစ္စကို ယခုဘဏ္ဍာနှစ်အတွင်း မလုပ်ဘဲ ဆိုင်းငံ့ရန် တင်သွင်းခဲ့သည်။
ဟုတ်သည်ရှိစေ၊ မဟုတ်သည်ရှိစေ ပြဿနာနှစ်ခုက ဖြစ်ပေါ်ပုံနှင့် ဖြေရှင်းပုံ တူလွန်းနေသည်။ ရက်ကလည်း တစ်ပတ်တည်း ဖြစ်နေသည်။ ပါတီကလည်း တစ်ပါတီတည်း ဖြစ်နေသည်။ မြန်မာပြည်သူတို့ကား အထာကျွမ်း နေလေပြီ။ ဤကိစ္စနှင့် ပတ်သက်ပြီး အဆိုတင်သူများအား ”ကယ်တင်ရှင်”ဟု မမြင်ကြတော့ပြီ။ ”ဒီဖဲကို ကိုယ်တိုင် ချိုးပြီး ကိုယ်တိုင်ဝေတာ”ဟု ပြက်ရယ်ပြု နေကြလေသည်။ မရည်ရွယ်ဘူး ဆိုလျှင်ပင် မပြေးသော်၊ ကန်ရာရှိ ဖြစ်နေပေသကိုး။ အထူးသဖြင့် ရွေးကောက်ပွဲ နီးကာလဖြစ်ရာ ဘာလုပ်လုပ် အကောင်းမမြင်ကြတော့ ဟု ထင်ပါသည်။
ကျွန်မမှာမူ ရေကူးကျမှ မြင်ကြသူများကို ကြည့်ပြီး ကျွန်မ ကြေကွဲနေရတာကြာပြီ…ဟု တီးတိုးညည်းမိ၏။ မြန်မာ့အသံမှာ မလုပ်ချင်၍ အစောကြီး ထွက်ခဲ့သော်လည်း မြန်မာ့အသံကို သံယောဇဉ် မပြတ်နိုင်ပါ။ ဝန်ထမ်းဟောင်း အသင်းဖွဲ့ရန် Founder လုပ်ခဲ့သေးသည်။ မြန်မာ့အသံနှင့် နီးနီးဆိုပြီး ဝဂ္ဂီမှာ အိမ်ရာ ဝယ်ခဲ့သူဖြစ်ရာ ယခုလည်း မြန်မာ့အသံနှင့် နီးနေဆဲဖြစ်၏။ MRTV-4 တစ်ဖြစ်လဲ ဝန်ထမ်း ကလေးတွေနှင့် ကူးလူးနေဆဲဖြစ်၏။ Forever Group ကလေးများနှင့် ဆက်ဆံနေဆဲဖြစ်၏။ သည်တော့ မြန်မာ့အသံဝင်းကြီးကို မြင်နေရဆဲဖြစ်နေသည်။
မြန်မာ့အသံကတော့ ဝန်ထမ်းဟောင်းများကို ဂိတ်ဝအထိကလွဲပြီး ဝင်ခွင့်မပေးချေ။ ပင်စင်ကိစ္စသွားကြစဉ် လက်ဖက်ရည်ဆိုင်မှာသာ စောင့်နေရသဖြင့် စက်ဆရာတစ်ဦး (သင်္ကန်းဝတ်နှင့်)က မျက်ရည်ကျရှာသည်။ ဤသို့ အပြင်လူများအား တားမြစ်ခဲ့သည့် အဆောက်အအုံကြီးထဲသို့ ၂၅ နှစ်ကြာမှ ကျွန်မဝင်မိခဲ့ရာ ပျက်စီး နေသော ရုံးခန်းများကိုမြင်ပြီး ကြေကွဲခဲ့ရသည်။
ကျွန်မတို့ မိန်းကလေးများ အလှပြင်သောနေရာ၊ သန့်စင်ခန်းမှာ ယခင်က ဖိတ်ဖိတ်လက်၊ နံရံပြည့်မှန်ကြီးများကို ခွာပစ်ခဲ့ကြပြီ။ မှန်အငယ်လေးတစ်ခုသာ ထောင့်ထဲမှာ ရှိနေသည်။ လှဲအိပ်၍ရသော ဖိုင်ဘာမှန်တင်ခုံ အရှည်ကြီး မရှိတော့ပေ။ အနံ့အသက်လည်း မကောင်း။ ခပ်မြန်မြန် ပြန်ထွက်ခဲ့ရ၏။
Master Control Room ခေါ် ဗဟိုအသံထိန်း အခန်းကြီးက ဈေးဆိုင်တန်းထဲ ရောက်နေသည် ထင်ရ၏။ မှန်တစ်ဝက် အကန့်လေးတွေဖြင့် ဝန်ထမ်းများ အလုပ်လုပ်နေကြသည်မှာ ပန်းထိမ်ဖိုနှင့်တူသည်။ ကြမ်းပြင်က မြင်မကောင်းအောင် ပေါက်ပြဲနေသည်။ မည်မျှလေးလံသော အရာတွေ ကြိတ်နင်းခဲ့သည်မသိ။ ညစ်ပတ် စုတ်ပြတ်နေသည်။ ယခင်ကဆိုလျှင် နေ့ခင်းရုံးခန်းမှာ အလုပ်ပြီး၍ အပန်းဖြေ အနားယူချင်လျှင် ဤမာစတာခန်း သို့ လာရသည်။ ကြီးမားကျယ်ပြန့် အေးစိမ့်ပြီး မွှေးပျံ့နေသော အခန်းကြီးတွင် နားအေးပါးအေး စကားပြော နိုင်ကြသည်။ အသံသွင်းစတူဒီယို (B နှင့် C)ထဲက အလှည့်မကျ သေးသူများလည်း ထွက်လာပြီး နားနေ နိုင်သည်။ မှန်လုံးပြည့် ကာထားသော ကွန်ထရိုးခန်းကြီးထဲကိုမူ ဝင်ခွင့်မရှိ။ သို့သော် ခန်းမတွင်းမှာပင် အပန်းပြေ နေလေပြီ။ ယခုတော့အပန်းပြေဖို့ နေနေသာသာ ခလုတ်မတိုက်မိအောင် မနည်းရှောင်နေရသည်။
စိတ်ညစ်ညူးစွာ အပြင်ထွက် လာသောအခါ ဓာတ်ပြားတိုက်နှင့် သတင်းဌာနခန်းများ သော့ပိတ် ထားတာ မြင် ရ၏။ ရေသောက်ရကောင်းမလားဟု ယခင်”ဝါတာကူလာ”စက်ရှိရာသို့ ဝေ့ကြည့်ရာ အမှိုက်ပုံး ဖြစ်နေ သည်။ ပျော်မွေ့ခဲ့ဖူးသော မြန်မာပိုင်းအစီအစဉ် ရုံးခန်းဘက်ဝင် မကြည့်ချင်တော့ပါ။ သည်လောက်နှင့်ပင် ရင်နာလှပါပြီ။
သူတို့က အခုမှ ”ရေကူးကိစ္စထပြီး ပွက်လောရိုက်နေကြတာပါ။ ကျွန်မတစ်ယောက်တည်း ”ပြည်လမ်းကိစ္စ” ကြေကွဲနေခဲ့ရတာ ကြာပြီ။ ပြည်လမ်းမှာ အစီအစဉ်များ ထုတ်လုပ်ပြီး တိုက်ရိုက်လွှင့်၍ မရပါ။ ရေကူး ထပ်ဆင့် လွှင့်စက်သို့ မြေအောက် ကေဘယ်လ်ကြိုးများဖြင့် ပို့ရသည်ဟု ကြားဖူးသည်။ လျှို့ဝှက်ချက်ဖြစ်၍ မမြင်ဖူးပါ။ ယခုရေကူးကို လူသိရှင်ကြား (ဟန်ပြတင်ဒါ) ခေါ်၍ လူသိခဲ့ကြရတာပါ။ လူမသိ သူမသိ ပြည်လမ်းကို သိမ်းယူ ခဲ့ကြတာက ကြာပြီ။
နောက်ထပ်သိမ်းဖို့ ရှိသေးသည်။
ပြည်လမ်းဝင်းထဲမှာပင် ဟံသာဝတီ ဘက်လမ်းဘေးတွင် ၉ ထပ်အဆောက် အအုံကြီး ဆောက်သည်။ ပါဝါတိုင်ကြီး တစ်ခုဆောက်သည်။(လူတစ်ယောက် ပြုတ်ကျ သေဆုံးခဲ့သည်) ထို ၉ ထပ်ကို MRTV-4 အားပေးမည်ဟု ကြားရ၏။ ဤနည်းဖြင့် အသံလွှင့်ရုံကြီး တစ်ခုလုံးကိုရှင်းပစ်ပြီး တစ်ဦးတည်းပိုင် လုပ်ရန် ဖြစ်သည်။ ယခုလည်း ဌာနစိတ်တစ်ခု ရောက်နေပြီ။ နောက်အရေးပါသော ဌာနစိတ်တစ်ခုရောက်မည်။
”ပြည်သူ့အတွက်၊ မြန်မာ့အသံ”
ဆိုင်းဘုတ်ကိုပင် ပယ်ဖျက်ခဲ့ပြီးပြီ။
ယခု ”ပြည်သူ့အတွက် xxx ” (ကာရန်တူ)ဟု ကြွေးကြော်နေပြီ။
အစိုးရပိုင် (ပြည်သူပိုင်) သမိုင်းဝင် အဆောက်အအုံများကို ပြည်သူ့အကျိုး မဟုတ်ဘဲ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရိုး ထုံးစံမရှိပါ။ ၆ ထပ်ရုံးလို အဆောက်အအုံကို ဟိုတယ်လုပ်လုပ်၊ ကုမ္ပဏီလုပ်လုပ်၊ ပြဿနာမရှိပါ။ သမိုင်းတန်ဖိုး ကြီးမားသော မြန်မာ့အသံဝင်းနှင့် အဆောက်အအုံကိုကား ပုဂ္ဂလိကလက် မအပ်သင့်ဟု အများက ယူဆပါသည်။
ဒါဖြင့် ဒီပျားအုံဟောင်းကြီး ဘာလုပ်မလဲ။
အလွန်သင့်လျော်သော ကိစ္စရှိနေပါသည်။
နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် အနုပညာလုပ်ငန်း၊ ဖျော်ဖြေရေးပွဲများအတွက် ”ဇာတ်ရုံ” လိုနေကြောင်း တင်ပြကြသည်။ သမ္မတကလည်း လုပ်ပေးပါမည်ဟု သဘောတူသည်။ (မမေ့လောက်သေးပါ) ဒီတော့…
သွားလာရေး မလွယ်သော၊ သီးခြားဖြစ်နေသော အမျိုးသားဇာတ်ရုံကြီးကို အသုံးမပြုနိုင်သဖြင့် အသေးစား ပွဲများကို ပြည်လမ်းက စတူဒီယို A မှာ ပြဖို့ ငှားရမ်းလျှင် မကောင်းပါလား။ ရုံဝင်ခပေးပြီးကြည့်မည့် ပရိသတ် မလာမှာ မပူရပါ။ အနုပညာရှင်များ အလုပ်ရကြမည်။ ပြည်လမ်းအသံလွှင့်ရုံကြီး၏ ဂုဏ်သိက္ခာလည်း ဆက်လက် ကြီးမားနေမည်။
ယခုသမ္မတကြီး သက်တမ်းအတွင်း အမြန်ဆုံး ဆုံးဖြတ်ပေးခဲ့ရန် ပြန်ကြားရေး ဝန်ကြီးကိုလည်း တောင်းဆို ပါသည်။ ပြန်ကြားရေးပိုင် ဌာနဖြစ်၍ လွယ်ကူစွာ ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ပါသည်။ မြန်မာ့အသံ ဝန်ထမ်း ဟောင်းများ အသင်းအနေနှင့်လည်း တောင်းဆိုသင့်ပါသည်။ (သူတို့ ခရိုနီတွေအတွက်က နေရာပေါ ပါတယ်နော်) ကျွန်မတို့အားလုံး၏ ငယ်ချစ် ”ပြည်လမ်း မြန်မာ့အသံ”ကိုဖြင့် ချမ်းသာပေးပါဟု ပြန်ကြားရေး ဝန်ကြီးထံ ကြေကွဲစွာ တင်ပြလိုက်ရပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

June 3, 2015

မြင်စေချင်စမ်းလှသည်( ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၃၆) ၂ရက် ဇွန် ၂၀၁၅) ပါ ဆောင်းပါး

                             
          
“ဒါဖြင့် ကျွန်မစဉ်းစားတယ်။ ကလေးလေးတွေက အများကြီးပဲပေါ့နော်။ လူငယ်၊ လူလတ်တွေ သိပ်မများဘူး ဘယ်များရောက်နေလဲ ဆိုတော့ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်တယ်ဆိုတဲ့ အဖြေက ထွက်သွားတယ်။ ဒါက ကျွန်မတို့ နိုင်ငံအတွက် ဝမ်းသာစရာ မဟုတ်ဘူး။ အလုပ်ရှိတယ် ဆိုတာက အလုပ်မရှိတာထက် သာတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ အလုပ်မရနိုင်လို့ အခြားမှာ သွားပြီးတော့ အလုပ်လုပ်ရတယ်ဆိုတာ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ
၂၀၁၅ ခု၊ မေလ (၁၆)ရက်နေ့။ သထုံမြို့ မှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်ရပြီး  လူငယ်လူရွယ်တွေ တဖက်နိုင်ငံမှာ သန်းချီ အလုပ်လုပ်နေရသည့် အဖြစ်တွေကို တွေးမြင်မိလေသည်။
                     ရန်ကုန်၊ မန္တလေး မြို့ကြီးပြကြီးမှ လွဲပြီး အခြား အရပ်ဒေသများ အထူးသဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများမှ အလုပ်လုပ်နိုင်သည့် အရွယ်ကောင်း ဟူသမျှ တဖက်နိုင်ငံသို့ ရောက်ရှိနေကြလေသည်။ စာရေးသူ ကြုံတွေ့ရသမျှ အလုပ်သမားများမှာ အသက်(၁၇) (၁၈) မှသည် အသက်(၅၀) ခန့် အရွယ်အထိ သွားရောက် လုပ်ကိုင်ကြလေသည်။ အချို့က မိသားစုလိုက်၊ အချို့က တစ်ယောက်ထဲ၊ တချို့က သားသမီးတွေကို မိဘများဖြင့်ထားခဲ့ပြီး လင်မယားနှစ်ယောက် စသဖြင့် လုပ်ကြလေသည်။
                    တိုင်းပြည်ကို  နှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်ပြီး ၊ အုပ်ချူပ်သူ စစ်ခေါင်းဆောင်များနှင့် လုပ်ပိုင်ခွင့်ရှိသူ များ ၎င်းတို့ မိသားစုဝင်များ ကြွယ်ဝချမ်းသာလာ သော်လည်း ပြည်သူများနှင့် တိုင်းပြည်မှာ ဆင်းရဲမွဲတေလှပေသည်။ အထူးသဖြင့်  အာဏာပိုင်တို့ လက်လှမ်းမမီသည့် နယ်စပ်ဒေသ တိုင်းရင်းသားဒေသများမှာ အခြေအနေ အလွန်ပင် ဆိုးဝါးလှပေသည်။  (၂၀၀၀) ခုနှစ် ပတ်ဝန်းကျင်ခန့်က  လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သည့် အစီအစဉ်ဖြင့် တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးရပြီ ဆိုကာ " နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန" ကို ဖွဲ့စည်းပြီး တိုင်းရင်းသားဒေသများ တိုးတက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်လေသည်။  တိုင်းရင်းသားဒေသများ တိုးတက်သည်က အထက်လူကြီးများ လာရောက်စစ်ဆေးစဉ် ရုပ်ပြ တည်ဆောက်ထားသည်က များလေသည်။ တကယ်တိုးတက်သွားသည်က ထိုဝန်ကြီးဌာနနှင့် နတလ ဟုခေါ်သော အဖွဲ့တွင် ပါဝင် ပူးပေါင်း ဆောင်ရွက်ကြသည့် ပုဂိုလ်များ မိသားစုများ ကြီးပွားတိုးတက်သွားကြတာ အမှန်ပင် တွေ့ခဲ့ဖူးပါသည်။
                          ရလဒ်ကတော့ တိုင်းရင်းသားဒေသမှ လူများ ဆင်းရဲမွဲတေကာ အလုပ်အကိုင် မယ်မယ်ရရ ဘာမှမရှိခြင်း၊ အတတ်ပညာ သင်ယူခွင့်မရှိခြင်း၊ ပညာရေးဆိုတာ ဝေးသထက်ဝေးပြီး မိသားစု လူတကိုယ် အသက်ရှင်ရေးသာ အဓိက အနေဖြင့် ကြီးပြင်း လာခဲ့ကြရလေသည်။  တိုက်ပွဲတွေဖြစ်၊ စားဖို့ရာက အဆင်မပြေ၊ စစ်တပ်က ရွာထဲဝင်လာရင် သူပုန်အားပေး၊ သတင်းပေးဆိုကာ နှိပ်စက်မှာ ကြောက်ရတာက တဖုံ၊ အရွယ်ကောင်း လူငယ်လူရွယ်တွေ ဆိုပါက ဆေးသမား ဘိန်းသမား ဖြစ်သွားမလား ပူရတာကတဖုံ စသဖြင့် အကြောင်းတရား မျိုးစုံဖြင့် စိုးရိမ်သောကကြားမှာ နေရသည့်အတွက် တဖက်ကမ်း( ဒေသခံတွေက ထိုင်းဖက်ကို ထိုသို့ခေါ်တတ်ကြသည်) သို့ ထွက်သွားကြ၊ ထွက်သွားစေကြ ခြင်းစဖြင့် ရောက်ကြလေသည်။
                    လူကုန်ကူးခံရသည့် သတင်းတခုအောက်မှာ ကော့မန့်တွေ ရေးတာ ဖတ်ရသည်။
 "မင်းတို့ ဘာဖြစ်လို့ အဲဒီထိုင်းကိုပဲ သွားနေကြတာလဲ၊ ကိုယ့်နိုင်ငံမှာ လုပ်စားစမ်းပါကွာ ထမင်းတစ်နပ် အေးဆေး ရှာစားလို့ရပါတယ် "
"  ထိုင်းတွေကို တို့က တစ်သက်လုံးနိုင်လာတာ မြန်မာတွေကို ဒါမျိုး လာလုပ်လို့ မရဘူး  တနေ့သိမယ် "
                   တိုသို့သော အဓိပ္ပါယ်ရှိသည့်စကားပေါင်းများစွာကို ဖတ်ရ ကြားရ ခြင်းဖြင့် ကိုယ့်နိုင်ငံက လူတွေမှာတောင် ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေ ဘယ်လောက် ဆင်းရဲ ဒုက္ခရောက်သလဲ ဆိုတာ မသိကြသေးတာ ထင်ရှားလေသည်။ ပညာရေး စနစ်၏ အားနည်းမှုတွေကိုလည်း ထိုစကားတွေမှာ ပေါ်လွင်နေသည်။ ထိုင်းလူမျိုးတွေမှာ  ဒီမိုကရေစီအကျင့်တွေ အမြစ်တွယ်နေပြီး လူမျိုးရေးခွဲခြားသည့် အမြင်များ မရှိကြပြီ။  လူဆိုး လူကောင်းကတော့ ဘယ်တိုင်းပြည်မှာမဆို ရှိနေတာပဲ ဖြစ်သည်။
                ထိုင်းဖက်မှာ အလုပ်လာလုပ်သည့် မြန်မာအလုပ်သမားတွေမှာ အနည်းဆုံး တစ်နေ့ ဘတ်(၂၀၀) ရကြသည်။ ထိုင်းအစိုးရက သတ်မှတ်ထားသည့် တစ်နေ့ဘတ်(၃၀၀) နှုန်းက စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ ရကြတာများသည်။ သာမန် ဈေးရောင်းအကူ၊ စားပွဲထိုး၊ ပန်းကန်ဆေး ၊ ကြုံရာကျပန်းကတော့ အလုပ်ရှင် တစ်ယောက်နှင့် တစ်ယောက် မတူကြ။ သို့သော် အနည်းဆုံး တစ်လကို ဘတ်ခြောက်ထောင်ကတော့ ရကြသည်။ ယခင်တုန်းကတော့ တစ်လ ဘတ်(၃၀၀၀) လောက်သာ ရကြသည်။ တဖြေးဖြေး တိုးပြီး ရလာကြခြင်းဖြစ်သည်။  ယခင်က စားသောက်ဆိုင် စားပွဲထိုးတစ်ယောက် စားပြီးသောက်ပြီး နေစရာပါ ပေးတာ ဘတ်သုံးထောင် လောက်သည့် အပြင် အိမ်ကို ပြန်ပို့နိုင်သည်ဟု ဆိုလေသည်။  ယခု အဆိုပါ အလုပ်သမားလေးသည် နေစားရိတ် စားစရိတ်ငြိမ်း ဘတ်ခြောက်ထောင်ရသည်။  အလုပ်ရှင်လည်း မပြောင်းပဲ (၇)နှစ်ခန့် စွဲမြဲစွာ လုပ်နေလေသည်။ သူများတွေ တနေ့ဘတ်သုံးရာ ရသည်ဆိုသော်လည်း ယခု အလုပ်ရှင်နှင့် အဆင်ပြေ၍ မပြောင်းပဲ လုပ်ကိုင်နေသည်။ အလုပ်ရှင်က အလုပ်သမားကဒ်လည်း လုပ်ပေးသည်တဲ့။ သူ့လို အဆင်ပြေနေသည့် အလုပ်သမားတွေလည်း များစွာ ရှိနေသည်။
                   ရွာတွေမှာ အလုပ်မလုပ်နိုင်သည့် သက်ကြီး ရွယ်အိုတွေ ကလေးတွေသာ ကျန်ရျိကြသည်။  အဖိုးအဖွားတို့မှာ ကလေးထိန်းရင်း သူတို့ သားသမီးတွေဆီက ပို့လာသည့် ငွေဖြင့် ရပ်တည်ကြသည်။  စာရေးသူနှင့် ခင်မင်နေသည့် စားသောက်ဆိုင်မှ အကြော်ဆရာဟု သူတို့ သုံးနှုံးသည့် အမျိုးသမီးကြီးမှာ ရွာမှာ  ကလေး နှစ်ယောက် ကျောင်းနေရင်း ကျန်ခဲ့သည်၊  ခင်ပွန်းဖြစ်သူက ကလေးတွေကို စောင့်ရှောက်ရင်း ကျန်ခဲ့သည်ဟု ဆိုလေသည်။  ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ယောင်္ကျားဆုံး၍ ပြန်သွားတာ သိလိုက်သည်။ ထိုဆိုင်သို့ ရောက်တိုင်း ပြန်မလာတော့ဘူးထင်ပါရဲ့၊ ကလေးနှစ်ယောက်ပဲ ကျန်နေတာ ဆိုတော့ သူရျိမှ ဖြစ်မည်ဟု သူ့အဖော်က ပြောပြသည်။ သိပ်မကြာလိုက်၊ သုံးလခန့်အတွင်းမှာ ပြန်ရောက်လာသည်။  ကလေးတွေပါ ခေါ်လာသလား ဟု မေးမြန်းကြည့်ရာ မခေါ်နိုင်သေးပါ၊ ကျောင်းတက်နေတဲ့ အရွယ်တွေမို့ ထားခဲ့ရသည်တဲ့။ ဆွေမျိုးညာတိလည်း မရှိပဲ ရွာမှာ အိမ်နိးချင်းတွေကို အပ်ထားခဲ့သည်ဟု ဆိုလေရာ မျက်လုံးပြူးမိလေသည်။

" ဘယ်တတ်နိုင်မလဲ အမရယ်၊ ရွာမှာနေရင် ဘာအလုပ်မှ မယ်မယ်ရရ မ၇ျိတော့ ဘာနဲ့ သွားစားမလဲ၊ နောက်ဆုံးတော့ ကျမလည်း ဒီမှာပဲ လုပ်တတ်တယ် ဒီကပဲ ပိုက်ဆံရှာလို့ ရတော့ ပြန်လာရတာပေါ့၊ အိမ်နီးချင်းတွေက အားကိုးရပါတယ်၊ သူတို့ကိုလည်း နဲနဲပါးပါး ပေးရတာပေါ့တဲ့"

           ကလေးတွေကို အမေပိုက်ဆံ ရှာပြီး ပြန်ပို့ပေးမယ် လိမ်လိမ်မာမာ နေကြလို့ ပြောခဲ့ရသည် ဟု ဆိုလေသည်။ ကလေးတွေကို  ဘဝကသင်ပေးသဖြင့် နေတတ်နေကြဟန်တူသည်။ စာရေးသူစိတ်ထဲမှာ မိခင်ချင်းကိုယ်ချင်းစာစိတ်ဖြင့် စကားပင် မဆက်နိုင်။ ဒီလိုမျိုးးက သူတစ်ယောက်ထဲ မဟုတ်၊ တချို့  တစ်ရွာလုံးမှာ၊ တချို့  တချို့  များစွာ များစွာ ရှိနေ ဖြစ်နေကြလေသည်။
           ထိုင်းနိုင်ငံ၏ အောက်ခြေသိမ်း အလုပ်မှန်သမျှ မြန်မာပြည်သား ချည်းဟု ပြောကြလျှင် မခံချင်ပေမယ့် ဟုတ်နေတော့လည်း ပြန်မပြောသာ။  ဈေးမှာ ငါးခုတ်လိုပါက မြန်မာလိုပြောပြီး ခပ်သေးသေးပဲ တုံးပေးပါ ဆိုလျင် " အဒေါ် ကျတော် မြန်မာစကား နဲနဲပဲ တတ်တယ်ခဗျာ့၊ ကျတော်က ရှမ်းပါ၊ ဒေါ်ဒေါ် ဘယ်လိုသိလဲ" ပြန်မေး တတ်ကြသလို မြန်မာလို ပြောလိုက်ပါက မျက်လုံးလေးပြူးပြီး  သူတို့ကို မြန်မာပြည်ကမှန်း ဘယ်လိုသိပါလိမ့် ဆိုသည့် အံ့ဩဟန်ဖြင့် ပြန်ကြည့် တတ်ကြသည်။
           စားသောက်ဆိုင်မှာ မှာရင်းက တချို့အစားအစာတွေ ပြောဖို့ ခက်လာလျှင် အကူအလုပ်သမား တစ်ယောက်ယောက်ဆီ မြန်မာလို လှမ်းပြော အဆင်ပြေလေသည်။
           သူတို့ကို ပြန်မပြောဖြစ်တာက " ဒေါ်ဒေါ် ဘယ်လိုသိရမလဲကွယ်၊ ဈေးတွေ ဆိုင်တွေ ရောက်ရင်  စားပွဲထိုး၊ အောက်ခြေသိမ်း အလုပ်တွေ၊ ငါးကိုင် ပုစွန်ရွေး လုပ်နေတဲ့ သူတွေက တို့တိုင်းပြည်က တို့မြန်မာပြည်က လူတွေ ချည်းပဲဆိုတာ သိနေလို့ပေါ့"
           ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကြည့်မလား၊ လမ်းပေါ်မှာ သွားနေတဲ့ ကားတွေအထဲကမှ နောက်ဖွင့် ကားတွေပေါ်မှာ နည်းမျိုးစုံနဲ့လိုက်ပါသွားတဲ့ မြန်မာပြည်က လူတွေ တွေ့နေရလေသည်။
           ယခုလဆန်းပိုင်းမှာပင် အလုပ်သမားကဒ် သက်တမ်းတိုးသည့်နေရာမှာ ရင်ခွင်ပိုက် အပါအဝင် ဘုစုခရု ကလေးများ၊ အသက် တစ်ဆယ့်ခုနှစ်၊ ဆယ့်ရှစ် ပတ်ဝန်းကျင်ကနေ အသက်(၂၀) အစိတ်၊ အဲဒီကနေ သုံးဆယ် လေးဆယ် အရွယ် အမျိုးသမီး အမျိုးသားတွေ များစွာ တွေ့လိုက်ရလေသည်။
         စာရေးသူကို အနားက အသက်(၄၀)ခန့်ရှိမည့် အမျိုးသား တစ်ယောက်က အခုလို လှမ်းပြောလေသည်။
"  အော် ကြည့်ပါအုန်း လူကြီးတွေတင်မက ကလေးတွေပါ သူများတိုင်းပြည် လာနေကြရတယ်၊ အစိုးရ မကောင်းလို့၊ ကိုယ့်အစိုးရက ကိုယ့်ကို ထမင်းကျွေးမထားနိုင်တော့ ကျွေးတဲ့ နေရာ လိုက်နေရတာပေါ့"
မှန်တာပြောတော့လည်း ဘာပြန်ပြောနိုင်မှာလဲ၊ အင်း လိုက်ရသည်။ သို့သော် ထို အင်းးးးးးးးးးးးးး ဆိုတာက လေးလံနေမှန်း ကိုယ့်ဘာသာပဲ သိလေသည်။

"  “ဒါပေမဲ့ နောက်ဆုံးကျတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ အဓိက ရတနာ၊ အဓိက သယံဇာတ ပစ္စည်းလို့ ဆိုရမယ့် တန်းဖိုးအရှိဆုံးကတော့ ပြည်သူ၊ ပြည်သားတွေပဲ ဖြစ်ပါတယ်။ ကျွန်မ တို့ ပြည်သူပြည်သားတွေရဲ့ အရည်အချင်းမြင့်မှ၊ အရည်အချင်းမြင့်အောင် လုပ်ပေးနိုင်မှ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ကျွန်မတို့ သွားပြီးတော့ အလုပ်လုပ်နေရတဲ့ နိုင်ငံတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေ သွားပြီးတော့ အလုပ်ရှာနေရတဲ့ နိုင်ငံတွေဟာ ကျွန်မတို့နိုင်ငံနဲ့ ယှဉ်လို့ရှိရင် သယံဇာတ ဘာမှသာတာ မရှိပါဘူး။ ဒါပေမဲ့ စနစ်အရသာလို့ တိုးတက်ခဲ့တာ ဖြစ် တယ်။ စနစ်အရ သာသွားလို့ စီးပွားရေးအရ ကောင်းတယ်”
                လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားထဲ ပြန်ကြားယောင်လာသည်။  သွေးထွက်အောင် မှန်ပါသည်။  မြန်မာပြည်သူများမှာ စနစ်ဆိုး၏ သားကောင်များ ဖြစ်နေကြရလေသည်။ နိုင်ငံတိုင်းရဲ့  တန်ဖိုးအရှိဆုံး သယံဇာတပစ္စည်းလို့ ဆိုတဲ့  ပြည်သူပြည်သားတွေ ပြည်ပနိုင်ငံကို ရောက်ကုန်ကြသည်။ ၂၀၁၄ခုနှစ်မှာ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအကြို အချက်အလက်များထွက်လာရာမှာ  ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများနှင့် တကွ ပြည်သူလူထု အံ့အားသင့်ခဲ့ရသည်။

                       
မြန်မာအစိုးရက  မြန်မာနိုင်ငံ၏ လူဦးရေကို သန်း( ၆၀) ဟု ခန့်မှန်းထားရာ ယခုသန်းခေါင်စာရင်းအရ  ၅၁ ဒသမ ၅ သန်းသာ ရှိနေရာ လူဦးရေ ၉ ဒသမ ၅ သန်း ပျောက်ဆုံးနေလေသည်။  အထူးသဖြင့် ဧရာဝတီတိုင်းမှာ မျှော်မှန်းထားသည်ထက် နှစ်သိန်းခန့် လူဦးရေ လျှော့နည်း ကျဆင်းနေသည်။ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ရွှေ့ပြောင်းနေထိုင်ကြသည်ဟု ယူဆရဖွယ် ရှိသော်လည်း အခြားသော ပြည်နယ်တိုင်းများ ဖြစ်သည့်
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့မှာ လူဦးရေ  တစ်သိန်းဝန်းကျင်မျှ ကျဆင်းသွားခဲ့သည်။
                 တရားမဝင် ဝင်ရောက်လာသူများ များပြားလာသည့်   ရခိုင်ပြည်နယ်မှာလည်း လူဦးရေ ကျဆင်းနေတာ တွေ့ရလေသည်။
မြန်မာလူငယ်နှစ်ဦး လူသတ်မှု ကျူး လွန်သည်ဟု ဆိုသော အရပ်ဖြစ်သည့်  ကော့တောင်ကျွန်းမှာ ရခိုင်လူမျိုးတွေ များစွာ ရောက်ရျိနေသည်ဟု သိရသည်။ စွပ်စွဲခံထားရသည့် ထို လူငယ်နှစ်ဦးပင်လျှင်  ရခိုင်ပြည်နယ်မှ ဖြစ်လေသည်။  ထိုင်းနိုင်ငံမှာ  မြန်မာလုပ်သား ငါးသန်းကျော် ရှိသည်ဟု ဆိုလေသည်။ အခြားသော စင်္ကာပူ၊ မလေးရှားတို့တွင် သိန်းချီပြီး အလုပ်လုပ်နေကြလေသည်။
                   ထိုင်း- မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများ၊ ထိုမှတဆင့် တတိယနိုင်ငံသို့ ရောက်ရှိသွားကြသူများလည်း ရှိလေသည်။
မြန်မာနိုင်ငံမှ အခြားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများမှာ ငါးသန်းမှ ၁၀ သန်းအကြား ပမာဏအထိ ရှိနိုင်သည်ဟု ဆိုရာ ပြည်တွင်းမှ လူသားအရင်းအမြစ်များ ၊ တန်ဖိုးရှိသော သယံဇာတများ တိုင်းပြည်အတွက် များစွာ ဆုံးရှုံးနေပါလားဟု တွက်ဆမိလေသည်။
              
                 စာရေးသူ အသံလွှင့်ရုံမှာ အလုပ်လုပ်စဉ်က စစ်သည်တို့လိုရာ၊ စစ်သည်အတွက် တေးလက်ဆောင်စတဲ့ ကဏ္ဍတွေမှာ အဆိုတော် တင်တင်မြ သီဆိုထားတဲ့ " တောင်တန်းပြာနဲ့ ကျောပိုးအိတ်" သီချင်းလွှင့်ပြီ ဆိုတာနှင့် စာရေးသူ အသံလွှင့်ရာ စက်ခန်းထဲ ဝင်လာပြီး စကားလာပြောတတ်သည့် အရာရှိ တစ်ယောက်ရျိသည်။ သူက စစ်တပ်က အရပ်ဖက် ပြောင်းလာတာ ဖြစ်သည်။
" ဒီသီချင်းကြားရင် ရှေ့တန်းမှာနေခဲ့ရတာတွေ သတိရမိတယ်၊ တောထဲ တောင်ထဲမှာ  ကျောပိုးအိတ် တစ်လုံးနဲ့ ဟန်းကောချိုင့်လေးနဲ့ ချက်စားပြီး
မိသားစုနဲ့ ဘယ်တော့ ပြန်တွေ့ရမယ်မသိ၊ အစားအသောက်ကလည်း ခက်ခဲ ၊  ညနေ နေဝင်ရီတရော ဆိုရင် တောင်တန်းတွေကြည့်ပြီး  အိမ်ကို မှန်းပြီး လွမ်းရတယ်၊ ပြီးတော့ ဘယ်တော့ အိမ်ပြန်ရောက်ပါ့မလဲ တွေးနေမိတယ်၊ အဲဒီအချိန်မှာများ မမကြီး အသံနဲ့ ( ဒေါ်တင်တင်မြကို ဝန်ထမ်းတွေက ထိုသို့ ခေါ်ကြပါသည်) ဒီသီချင်းများကြားရင်  ဘယ်လို ခံစားရမှန်းမသိဘူး၊  လူကြီးတွေကို ကိုယ်တွေရဲ့အဖြစ်ကို တကယ်မြင်စေချင်တယ်"
" မြင်စေချင်စမ်းလှသည်  တောင်တန်းပြာစစ်စခန်းမှ  ကျောပိုးအိတ်ကို သယ်ချီ စစ်သည်များစွာ အားမာန်နဲ့ အသက်ပေးကာချီ

                    ယခုလည်း စာရေးသူနားထဲသို့  ထိုသီချင်းတပိုင်းတစက နေရာဝင်ယူလာသည်။  ကိုယ့်နိုင်ငံမှာ သယံဇာတပေါစွာ ထွက်ရှိပါလျှက် လူတွေက ဆင်းရဲမွဲတေ စားစရာမရှိ၊ သူများတိုင်းပြည် ကျွန်ခံ အလုပ်လုပ်နေကြတာတွေ မြင်စေချင်စမ်းလှသည်။   သယံဇာတ အကျိုးအမြတ်တွေ အပေါ်  အုပ်စီး ဖင်ခုထိုင်ထားသော၊   ကြွယ်ဝချမ်းသာနေသော ၊ တိုင်းပြည်မျက်နှာ ပြည်သူတွေရဲ့ မျက်နှာကို မထောက်ထားပဲ ကိုယ်ကျိုးရှာနေကြသည့်  လူကြီးမင်းအပေါင်းတို့ကို  မြင်စေချင်စမ်းလှပေသည်။
ခိုင်ခိုင်စောလွင်