September 5, 2016

" အတိတ်ရဲ့ အရိပ်" ၅ရက် စက်တင်္ဘာ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်( ၃၄)မှ

" အတိတ်ရဲ့ အရိပ်"
                                             
                                              ဒီလ ဩဂုတ်လ(၁၆)ရက်မှာ  ဘန်ကောက်မြို့ကနေ  ကားဖြင့်တစ်နာရီ ၊ မီးရထားဖြင့် သွားပါက တစ်နာရီ မိနစ်လေးဆယ် လောက်ပဲ  သွားရတဲ့ အယုဒ္ဒယမြို့ ကအပြန် လွမ်းလွမ်းဆွတ်ဆွတ် သတိရမိသည်က ပုဂံ၊ လွန်ခဲ့သည့် (၁၇)ျနှစ်ခန့်က တစ်ကြိမ်သာ ရောက်ခဲ့ပြီး ပြန်မရောက်သေးသည့် ပုဂံအကြောင်း ပြောဖြစ်ရင်းက နောက်တစ်ကြိမ် သွားရအောင် အစီအစဉ်တွေ ပြောနေရင်း ပုဂံသတင်းကို မထင်မှတ်ပဲ ကြားရလေတော့သည်။ ၂၀၁၆ခုနှစ် ဩဂုတ်လ ၂၄ရက် ညနေ ၅နာရီ ၅မိနစ်မှာ ချောက်မြို့ကို ဗဟိုပြု လှုတ်ခတ်ခဲ့တဲ့  ငလျင်ဒဏ်ကြောင့် ပုဂံရှိ ဘုရားစေတီ (၁၈၇) ဆူ ခန့် ပျက်ဆီးတဲ့ သတင်း ဖတ်ရသည်။ လှုမှုကွန်ယက်နဲ့တကွ နိုင်ငံတကာမီဒီယာတွေမှာ သတင်းတွေ ချက်ခြင်း တက်လာတာစိတ်မကောင်းစွာ ကြည့်နေရလေသည်။
                    တကယ်တော့ မြန်မာပြည်မှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ဖို့ ရှိတယ်ဆိုတာ ပညာရှင်တွေက ကြိုတင် ခန့်မှန်း သတင်းထုတ်ထားတာ ရှိပြီးဖြစ်သည်။ အိန္ဒိယကျောက်ချပ်ထုနဲ့ မြန်မာပြည် ကျောက်ချပ်ထု တိုက်မိပြီး  ဩဂုတ်လဆန်းမှာ ငလျင်လှုပ်နိုင်တယ်လို့ ကြိုတင် ပြောကြားထားတာ ရှိသည်။ သို့သော် တချို့ကလည်း ငလျင်ဆိုတာ ဘယ်တော့မှ ကြိုမသိနိုင် ဆိုကာ မဖြစ်နိုင်လို့ ဆိုကြသည်။ ရှေးတုန်းကတော့ ဟုတ်သည်။ ငလျင်လှုပ်မယ်ဆိုတာ ဘယ်သူမှ ကြိုမပြောနိုင်၊   လှုပ်ကာမှသာလှုပ်တယ်လို့ သိကြတာလို့ ဆိုသည်။ ယနေ့ခေတ်မှာတော့ တိုးတက်လာသည့် နည်းစနစ်တွေ တိုင်းထွာတွက်ချက်မှုတွေအရ ဘယ်နေ့ဘယ်ရက်မှာ လှုပ်မယ်လို့ အတိအကျ မပြောနိုင်သေးပေမယ့်  ဘူမိဗေဒ သဘောတရားတွေအရ ငလျင်လှုပ်လာနိုင်မယ့် အခြေအနေ ကို ကြိုတင် တိုင်းတာ ပြောကြားနိုင်နေပြီဆိုတာကို လက်ခံကြရပေမည်။ ယခုလှုပ်သောငလျင်မှာ အင်အားပြင်းသော်လည်း နောက်ဆက်တွဲ ငလျင်ငယ်ကလေးတွေ မလှုပ်တာ ဆန်းသည်လို့ ပညာရှင်တွေ ဆွေးနွေးနေကြပြီး အင်အားပြင်း ငလျင် ထပ်မံ လှုပ်ဖို့ ရှိနေသေးတာကို နေရာဒေသနှင့်ပါ ပြောပြ ဆွေးနွေးတာ ကြည့်ရလေသည်။
                  ၁၉၇၅ခုနှစ် ဇူလိုင်လတုန်းက  ပုဂံမှာ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ အခုငလျင်က ရစ်ခ်ျတာစကေး ၆.၈ အတူတူဖြစ်သည်။ ထိုစဉ်ကလည်း မော်ကွန်းရုပ်ရှင်က မှတ်တမ်းတွေ ကြည့်ရတိုင်း နှမြောတသ စိတ်မကောင်းဖြစ်ရသည်။ ထိုစဉ်က မူလတန်းကျောင်းသူအရွယ်မို့ ဘုရားတွေ ပျက်စီးလို့ နှမြောတာသာ သိတာဖြစ်ပြီး ယခုအရွယ်မှာတော့  မြန်မာလူမျိုးတွေရဲ့ သမိုင်းကြောင်း အထောက်အထား နဲ့တကွ ထိန်းသိန်းစောင့်ရှောက်ထားရမယ့် ဂုဏ်ယူစရာ ရှေးဟောင်းအမွေအနှစ်တွေလို့ သိတဲ့ အတွက် ပိုလို့ပင် နှမြောတသ စိတ်မကောင်းဖြစ်ရလေသည်။
                 အယုဒ္ဒယကို မသွားခင် ဘန်ကောက်မှာရှိတဲ့ မြဘုရားကို ဖူးမျှော်စဉ်ကတည်းက ရှေးအတိတ်သမိုင်းတွေက ပစ္စု ပ္ပန်ကို ထင်ဟတ်စေတာ သတိပြုမိလေသည်။ ပုဂံမှာ ရှိတဲ့ မနူဟာဘုရားကို ဖူးမျှော်ရတဲ့အခါ မနူဟာဘုရင်နဲ့ အနော်ရထာတို့အကြောင်း ပြန်ပြောင်းသတိရသလို မြဘုရားကို ဖူးရတဲ့အခါ အစောင့်အရှောက်၊ လုံခြုံရေးတင်းကျပ်မှု၊ ဘုရားကိန်းဝပ်စံပယ်တဲ့ ကျောင်းဆောင် ဗိမ္မာန် အနေအထား စတာတွေကို ကြည့်ရှုရင်း ရှေးအတိတ်သမိုင်းကြောင်းက ရင်ကို လာဟတ်စေတာ သတိထားမိသည်။ သီရိလင်္ကာနိုင်ငံ၊ အဲဒီကတဆင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် လန်းပန်း၊ နောက်တော့ လာအိုနိုင်ငံ ၊ လာအိုဘုရင်နဲ့  ရာမမင်းဆက် (၁) နောက်တော့ ဘန်ကောက် စတာတွေကို ပြန်သတိရစေတာတော့အမှန်၊ ဒါတွေက သမိုင်းအထောက်အထားတွေ မဟုတ်ပါလား၊
              အယုဒ္ဒယကို မရောက်ခင်မှာ သိထားဖူးတဲ့ သမိုင်းတွေအရ မြို့ကို ရောက်ခဲ့ရင် မြို့ပျက်ကြီးကို တွေ့ရမှာလား၊  မြန်မာဘုရင် အလောင်းဘုရားလက်ထက် တိုက်ခိုက်ခဲ့ပြီး ဖျက်ဆီးခဲ့တယ်ဆိုတာတွေ မြင်ရရင် ပြထားရင် စိတ်ထဲ ဘယ်လို ခံစားရမှာပါလိမ့် ဒီလို အတွေးတွေ ဖြစ်သည်။ ခံစားချက်တွေ ကို ကြိုပြီး ပုံဖော်နေမိသည်။  ဒါမျိုးက ကြုံခဲ့ဖူးတာတွေလည်း ရှိခဲ့တာဖြစ်သည်။ ပုဂံဖူးရောက်ခဲ့စဉ်က ကားပေါ်ကအဆင်း မြေကြီးပေါ် ခြေချလိုက်ကတည်းက ဒါ မြန်မာတို့ရဲ့ ပထမမြန်မာနိုင်ငံတော် တည်ရှိခဲ့ရာ မြေ၊ တို့ဘိုးဘွားတွေ နင်းခဲ့ရာမြေဆိုတဲ့ အသိက ချက်ခြင်း ရင်ထဲရောက်သည်။ သရပါ တံခါးရောက်တဲ့အခါ ရှေးခေတ်ပုဂံပြည်ကို တန်းကနဲ မြင်ယောင်သည်။ အာနန္ဒာဘုရားက တံခါးကြီးကို မြင်သော် ရှေးခေတ် မြန်မာတွေ အရပ်တွေ ရှည်သလား မျှော်မှန်း တွေးဆကြည့်မိရသည်။ ကျောက်စာတွေ မှတ်တမ်းတွေ ကဗျည်းထိုးတာတွေ ဖတ်ရင်း ကြက်သီးထသည်အထိ အလှုတွေကို သာဓုခေါ်ရသည်။ အနော်ရထာ၊ ကျန်စစ်သား သာမက တိုင်းသူပြည်သားတွေ သွားလာနေကြသည့် အလား မြင်ယောင်မိသည်။ တသွင်သွင်စီးနေတဲ့ ဧရာဝတီကို တိုက်ခတ်လာတဲ့ လေတဖြူးဖြူးနဲ့ များပြားလှတဲ့ ဘုရားစေတီတွေရယ်က ရှေးဟောင်းသမိုင်းရဲ့ အတိတ်ပုံရိပ်တွေ ပစ္စုပ္ပန်မှာ လာထင်ဟပ်နေသည်။
                အယုဒ္ဒယ ဆိုတာ ထိုင်းလူမျိုးတွေ အခေါ် စစ်မနိုင်တဲ့မြို့ ၊ မြန်မာတွေက အ ဖြုတ်ပြီး ယိုးဒယား ( စစ်နိုင်တဲ့မြို့ တနည်း စစ်အောင်ရာမြို့) လို့ ခေါ်တယ်လို့ သမိုင်းမှာဖတ်ရသည်။ မြို့ကို ဝင်ဝင်ခြင်းမှာ မြို့ဟောင်းနဲ့မတူပဲ နယ်မြို့လေး တစ်မြို့ရဲ့ ပုံရိပ်က ပေါ်လွင်သည်။  ကားပေါ်ကအဆင်း ဘုရားတွေ ဖူးဖို့ ကားငှားရန် သူ့ထက်ငါ အလုအယက် ခေါ်ကြသည်။ ဈေးကလည်း ဆိုသည်။ တုတ်တုတ်( သုံးဘီးကား) ဖြင့် တနေကုန်လည် ဘတ်(၁၈၀၀) ကို တစ်ထောင်ဖြင့် စစ်ရာ (၁၂၀၀) ဖြင့် ဈေးတည့်သွားသည်။  လိုက်ပို့သည့် ကားသမားက စောစောက ဈေးစကားပြောသည့် သူတွေထဲက တစ်ယောက်မှမဟုတ်၊ သဘောကောင်းသည့် အသက်ကြီးကြီး လူတစ်ယောက်၊ စိတ်ရှည်လက်ရှည် စောင့်ရှာပါသည်။ ပထမဆုံး ဖူးခွင့်ရသည့် wat yai chai mongkhon ဘုန်းကြီးကျောင်းမှာ ဘုရင် နရဲစွမ်ရုပ်တု အကြီးကြီး ရှိပြီး လာရောက် ဆုတောင်းသူတွေ များပြားလှသည်။ ဝပ်ယိုင်မှာ  ယိုင်ဆိုတာ ထိုင်းဘာသာဖြင့် ကြီး တာကို ဆိုလိုသည်၊  ဝပ်က ဘုန်းကြီးကျောင်း စေတီ မြင့်မြတ်သော ဝတ္တကနယ်မြေ၊ အဆိုပါဘုန်းကြီးကျောင်းဝင်းထဲမှာ မြင့်မားတဲ့ အုပ်ချပ်စေတီတစ်ဆူအပေါ် ဘုရားဖူးတွေ တက်ရောက်ဖူးမျှော်ကြသည်။ နိုင်ငံခြားသားများ အံ့ဩတကြီး ဓါတ်ပုံတွေ ရိုက်ကြသည်။ အတူပါလာသည့် မိတ်ဆွေက သူတို့ ပုဂံရောက်ဖူးရင် ဒီလို အံ့ဩမယ် မထင် ဆိုတဲ့ မှတ်ချက်ကို ကိုယ်တိုင်လည်း ထူးမခြားနား မအံ့ဩမိတဲ့ အတွက် ထောက်ခံစကားပြောမိသည်။ အံ့ဩမိတာက များပြားလှတဲ့ နိုင်ငံခြားသား ခရီးသွားများကိုသာ၊  တို့များ ပုဂံမှာ သည့်ထက်မက ကြီးမား များပြားလှသည့် ဘုရားစေတီ အဆူဆူ ရှိတာ၊ လွတ်လပ်စွာ ဖူးမျှော်ခွင့်ရတာ စတာတွေကို နိုင်ငံခြားသား ခရီးသွားတွေ သိရှိပြီး ခရီးသွားလုပ်ငန်းက ဝင်ငွေလည်း များစွာရ၊ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု သမိုင်းဖြစ်စဉ်ကို နိုင်ငံတကာက သိရှိစေ လိုသည့် စိတ်တွေ တဖွားဖွား ပေါ်နေမိလေသည်။
                          မြန်မာလူမျိုးတွေ ဖျက်စီးသွားသည် ဆိုသည့် ဘုန်းကြီးကျောင်းမှာတော့ အဝင်မှာ နိုင်ငံခြားသားတစ်ယောက်ကို  ဝင်ခွင့် ဘတ်( ၅၀) ၊ ထိုင်းနိုင်ငံသားဆိုက တစ်ယောက် (၁၀) ဘတ် ဝင်ခွင့်လက်မှတ် ဝယ်ပြီးမှ ဝင်ခွင့်ရတာ ဖြစ်သည်။ အဲဒီမှာ တို့မြန်မာတွေရဲ့ ကြမ်းတမ်းမှုကို ခံစားရတော့မယ်လို့ တွေးထားသမျှ ဘယ်လိုမှမနေ၊ ဆိုင်းဘုတ်က Burmese ဆိုတာလေး အမှတ်တရ မှတ်မိနေတာပဲ ရှိသည်။ အခုက Myanmar မြန်မာ ဖြစ်သွားလို့များလား တွေးလိုက်သေးသည်။ အတူပါသည့် မိတ်ဆွေကို ခံစားချက်မျှလိုက်ရာ သူကလည်း ဘယ်လိုမှမနေတဲ့၊ အပြန်လမ်းရဲ့ တဖက်တချက်မှာ အဲဒီလို ခေါင်းပြတ်နေတဲ့ ဘုရားဆင်းတုတော်တွေ များစွာ တွေ့ရရာ ဒီဘုရားတွေရော ဘားမိစ်တွေ ဝင်ဖျက်သွားတာလား၊ ဒါကိုတော့ ဘာလို့ ဆိုင်းဘုတ်မတင်ပဲ ဒီအတိုင်း မြေကွက်လပ်မှာ ထားတာလဲ အမေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀၀)ကျော်က သမိုင်းကို ကိုယ်တိုင်သေချာမသိပဲ မဝေဖန်ချင်ပါလို့ ပြန်ဖြေသည့် အဖြေသာရလေသည်။ အတူပါလာသည့် မြန်မာအလုပ်သမားတွေအထဲ သူတို့စက်ရုံမှာ အတူတူအလုပ်လုပ်ပြီး သူငယ်ချင်းဖြစ်ပြီး ခင်မင်ရင်းနှီးနေသည့် ထိုင်းလူမျိုး ကလေးမလေးလည်း ပါလာရာ သူက ပိုလို့ပင် ဘာမှမသိ၊ ဘုရင်နရဲစွမ်ရုပ်တုကို တွေ့ရပြီး စာတန်းက ထိုင်းဘာသာဖြင့် ရေးထားသည့် အတွက် အသံထွက်ကို မှန်းဖတ်ရင်း သေချာအောင် ဒီဘုရင်က(  ဗြနရာဇ်) နရဲစွမ်လား အမေးကို မသိဘူး ဖြေတဲ့ အတွက် မြန်မာကလေးမလေးတွေက " သွား စာသွားဖတ်ပြီး ပြောလေ " ဆိုမှ ကဗျဉ်းစာကို ဖတ်ပြီး ဟုတ်ပါတယ် နရဲစွမ်လို့ ဖြေသည်။ ကျောင်းမှာ မသင်ရဘူးလားဆိုတော့ သင်တော့ သင်ရတယ် ငယ်ငယ်တုန်းကဆိုတော့ မေ့သွားတာတဲ့၊
                 သူက မေ့ယုံတင်မဟုတ် သမိုင်းက အဖြစ်အပျက်တွေကို ပစ္စုပ္ပန်မှာ ထည့်မတွက်တာ သေချာတာက အယုဒ္ဒယရေပေါ်ဈေး အရောက်မှာ ပိုသိရသည်။ ရေပေါ်ဈေးမှာ ထိုင်းအစားအစာမျိုးစုံ ရောင်းချတဲ့ဆိုင်တွေသာမက လှေစီးလို့လည်းရ၊ ဆင်စီးလို့လည်းရ ဆိုတော့ ပျားပန်းခပ်မျှ လူတွေ သွားလာနေကြတာ တိုးမပေါက်၊ ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ နေရာကတော့ မြန်မာစစ်သားတွေ အယုဒ္ဒယကို ဝင်တိုက်ပြီး မြို့သူ မြို့သားတွေကို နှိပ်စက်သည့် ဇာတ်ကွက်ကို သရုပ်ဖော်ပြနေသည့် ဇာတ်လည်းမဟုတ်၊ အော်ပရာလည်းမဟုတ်သည့် ထိုးဇာတ်တစ်ခု ခင်းနေသည့် နေရာပဲဖြစ်သည်။ စင်ပေါ်မှာက  သေနတ်သံကလည်း တဂျိမ်းဂျိမ်း၊ ညာသံပေးပြီး ဒါးခုတ်နေသံတွေကလည်း တညံညံ၊ ( ၁၅) ပေ ပတ်လည်ခန့်ကျယ်သည့် အဆိုပါကွင်းထဲမှာ အမြောက်တွေလည်း ချထားသည်၊ ပရိတ်သတ်တွေ ခံစားချက်အရှိန်မြင့်အောင် ကွင်းပတ်ပတ်လည်မှာ ကောက်ရိုးပုံတွေကို မီးရှို့ထားရာ  မြို့ကို မီးရှို့ လူတွေကို သတ်နေသည့်ဟန် ပေါ်လွင်စေလို၍ ဖြစ်မည်၊ စင်ရဲ့နောက်ခံ ကားချပ်မှာလည်း မီးတောက်တွေ တဟုန်းဟုန်း တောက်လောင်နေသည့် ပုံရိပ်တွေ ပရိုဂျက်တာဖြင့် ထိုးပေးထားပြီး စစ်ချီသီချင်းသံကလည်း ဟိန်းထွက်နေသည်။ မိန်းကလေးတွေကလည်း ဒါးတဝင့်ဝင့် ၊ တအောင့်နေတော့ သွေးတွေ ပန်းကနဲထွက် တုံးလုံးလေးလဲကျ၊ မြန်မာစစ်ဘီလူးတွေက တဟားဟားရယ်၊ စင်ပေါ်မှာ သွေးတွေဖုံးလွှမ်း၊  တကယ့် သမိုင်းကို သရုပ်ဖော်နေတာမဟုတ်ပဲ ရက်စက်မှုကို ပုံဖော်ကာ ခုတ်ထစ်နေတာချည်းမို့ ဆက်မကြည့်ပဲ ပြန်ရအောင်ဆို ကွင်းထဲကနေ ဆိုင်ခန်းတွေရှိရာ လမ်းဖက်လှမ်းအကူး သွေးသံရဲရဲနဲ့ မိန်းမတစ်ယောက်၊ ပါးစပ်မှာလည်း သွေးတွေ စီးကျ ၊ အဝတ်အစားကလည်း အပေါ်ပိုင်းတွေ စုတ်ပြဲလို့၊ လက်ထဲမှာ ကလေးလေးကို မီးလောင်ခံထားရဟန် သရုပ်ဖော်ထားသည့်  မဲတူးနေသည့် ကော်ပတ်ရုပ်ကလေးပွေ့လို့၊ ငွေဖလားလေး ထိုးပေးအလာ ဖြတ်ကျော်ခဲ့သည်။
                 ဆိုင်မှာ ဝင်ထိုင်ကြရင်း   ထိုင်းသင်္ဘောသီးထောင်းကို တခြားဒေသတွေနဲ့ မတူ ကြွေရည်သုတ်လင်ဗန်းကြီးထဲ အရွက်မျိုးစုံ အပြည့်နဲ့ စားရတဲ့ ပုံစံမို့ ထူးဆန်းနေမိသည်။့  ကြက်ကင်၊ မုန့်ဟင်းခါးဖတ် တို့နဲ့ တွဲစားတာကတော့ ဘယ်အရပ်ဒေသဖြစ်ဖြစ် အတူတူပဲ ဖြစ်သည်။ စားသောက်ရင်း ထိုင်းကလေးမလေးကို စောစောက ထိုးဇာတ်ကို ဘယ်လိုသဘောရလဲ ဆိုတော့ ဒါကတော့ ဒီကလူတွေရဲ့ အလုပ်ပဲလေတဲ့၊ ရှေးတုန်းက မြန်မာတွေ အယုဒ္ဒယကို တိုက်တယ်ဆိုတာ သိလားဆိုတော့ ကြာပါပြီ၊ သမိုင်းမှာတောင် မသင်တော့ဘူး သူကဆိုလေသည်။ ပြောရင်း ဖုန်းပွတ်မပျက်သည့် သူ့အမူအယာကြည့်ပြီး ဒါနဲ့ပတ်သက်ပြီး ဘာတခုမှ ခံစားနေဟန်မရှိ သေချာသည်။ တချိန်က မြန်မာဘုရင်တွေနဲ့ အယုဒ္ဒယဘုရင်တွေ အကြိမ်ကြိမ် စစ်ပြင်ကြတာ စစ်ဆင်ကြတာ ပြီးခဲ့ပြီတဲ့၊ တကယ်လည်း အကြိမ်တိုင်းမြန်မာဘက်က မနိုင်သလို၊ အကြိမ်တိုင်း ထိုင်းကလည်း အရေးနိမ့်တာမဟုတ်၊ အယုဒ္ဒယဘုရင် နရဲစွမ်က  မြန်မာဘုရင်မဟာဥပရာဇာနဲ့ စီးချင်းထိုးတာ မဟာဥပရာဇာကျဆုံးသွားလို့ စစ် နိုင်ခဲ့တာတွေ၊  နရဲစွမ်လက်ထက်မှာ မြန်မာဘုရင်လက်အောက်ခံ အဖြစ်က ရုန်းထွက်နိုင်တာတွေ ကို ရုပ်ရှင်တွေပင် ရိုက်ခဲ့ကြသေးသည်။
             ပြန်ကြမည်ဆိုကာ ကားနဲ့ အဆိုပါ ရေပေါ်ဈေးနေရာကို ကားနဲ့ ပတ်အထွက် နေပူကျဲကျဲမှာ ခေါင်းငိုက်စိုက်ချ၊ လက်ကဒါးကို မြေကြီးမှာ ထောက်ကာဖြင့် ခပ်သုတ်သုတ် သွားနေသည့် စစ်သူကြီး တယောက်ကို တွေရတဲ့အခါ သူ့အခန်းပြီးလို့ ပြန်ပြီထင်တယ် ပြောရင်း ရယ်မောကြသည်။ အယုဒ္ဒယက အပြန်ခရီးကတော့ဖြင့် အမြတ်ရတာ ဘုရားတွေ စုံအောင်ဖူးရတာနှင့် လူနေမှုစရိုက်တွေ လေ့လာခွင့်ရခဲ့တာသာ ရှိသည်။ အတိတ်က ပုံရိပ် ဖမ်းစားမှုကတော့ ပုဂံမြို့ဟောင်းကို မမီ၊  နယ်မြို့ကလေးတမြို့ရဲ့ ရှေးဟောင်းပြတိုက်ကို ဝင်ကြည့်ပြီး သူတို့ မှတ်တမ်းတင်ပြသထားသည့် စာတွေ ဖတ်ခဲ့ရတဲ့ ပုံစံသာ ခံစားလို့ရသည်။ ပုဂံကတော့ ထိုသို့မဟုတ် ဘာစာတန်းမှ မဖတ်ခင်ကတည်းက သဘာဝအတိုင်းရှိသည့် ပုံရိပ်တွေက လူတို့ရဲ့ နှလုံးသားကို ဖမ်းဆုတ်နိုင်စွမ်း ရှိလေသည်။
                   အယုဒ္ဒယကအပြန် ပုဂံ တမ်းချင်း ရွတ်လို့မှမဆုံး ငလျင်ဒဏ်ကို ခံလိုက်ရသည့် သတင်းတွေ ကြည့်ရသည့်အခါ နှမြောတသ စိတ်မကောင်းတာတွေ ဦးစွာဖြစ်သည်။ နောက်ဆက်တွဲ သတင်းတွေအရ ပြိုကျ ပျက်ဆီးသွားသည်များမှာ စစ်အစိုးရလက်ထက် ဝေစုခွဲကာ ဘုရားဒကာ နာမည်ခံလို၍ ပြင်ဆင်လိုက်သည့် အဆောင်အယောင်များ ပြိုကျတာ အများဆုံး လို့ သိရလေရာ အဆိုးထဲက အကောင်း ပုဂံသည် သူ့နဂို မူလ အတိုင်းပြန်ပေါ်လာတာလို့ ဖြေသိမ့်နိုင်ရပြန်သည်။ အင်အားပြင်းသည့် ငလျင်ဒဏ်ကို နှစ်ကြိမ်တိုင် ခံခဲ့ရသည့် ဘုရား ပုထိုး စေတီ များကို အစိုးရတာဝန်ရှိသူများက ရှေးလက်ရာ မပျက် ပြန်လည် ပြင်ဆင်ခွင့် ရရှိကြတော့မည် ဖြစ်သည်။ ပထမတစ်ကြိမ် ငလျင်တုန်းက ဘုရား ပုထိုးစေတီပေါင်း ထောင်ချီ ပြိုလဲ ခဲ့ပြီး ယခုတစ်ကြိမ်မှာ ရာဂဏန်းသာ ရှိသည့်အပြင် ခေတ်လက်ရာများဖြင့် ဖြည့်စွက်ထားသည့် ဟန်ပြများသာ ပျက်ဆီးသွားသည်ဆိုရာ တော်ပါသေးရဲ့ ဆိုရမည်။
                        နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပုဂံဘုရားတွေကို အလျင်စလိုမပြင်ဘဲ ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)ရဲ့ နည်း အကူအညီနဲ့ စနစ်တကျ စီမံချက်ချပြင်ဆင်ကြ ဖို့မှာကြားသည်။ ပြည်ထောင်စုဝန်ကြီးနဲ့ဝန်ကြီးချု
ပ်တို့ကလည် နောင်မှာ သေချာခိုင်မာတဲ့ပြင်ဆင်မှုတွေဖြစ်အောင် စနစ်တကျစီမံကိန်းဆွဲပြီး ပြင်ဆင်လုပ်ဆောင်မယ်၊ပြည်တွင်းပြည်ပပညာရှင်တွေအကြံဥာဏ်နဲ့ ငလျင်ဒဏ်ခံနိုင်ရည်ရှိ တဲ့ စေတီပုထိုးမျာဖြစ်အောင် သေချာပြင်ဆင်လုပ်ဆောင်မယ်လို့ မီဒီယာတွေကို ပြောတာ ကြားသိရသည်။ အမြော်အမြင်ကြီးတဲ့ နိုင်ငံ့ခေါင်းဆောင် အစီအမံနဲ့ ယူနက်စကို၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့က ပုဂံဘုရားတွေရဲ့ အပျက်အစီးတွေကို စနစ်တကျစာရင်းကောက်ယူထိမ်းသိမ်းနေပြီ ၊ ပုဂံဘုရားတွေကို ထိမ်းသိမ်းခြင်းလုပ်ငန်း အားလုံးလုပ်ပြီးမှပြုပြင်ဆင်ခြင်းလုပ်မယ်လို့ ဆြိုပန်တော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂိုလ်ရဲ့ လမ်းညွှန်ကို လိုက်နာပြီး ဘာတခုမှ အလျဉ်စလို မလုပ်ဘဲ စနစ်တကျနဲ့ ရေရှည်တည်တံ့ခိုင်မြဲအောင် ကြံဆောင်ကြိုးပမ်းနေကြတာ ဝမ်းမြောက်ဖွယ်ရာ ကောင်းသတင်းပင်၊  နောင်တချိန်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာပြီး နိုင်ငံတကာက စိတ်ဝင်စားမှု တိုးလာကာ  ကြည်နှုးဆွတ်ပျံ့ဖွယ်ရာ အတိတ် ခြေရာကောက်နိုင်မယ့် သမိုင်းအထောက်အထားအစစ်  မြန်မာ့အသဲနှလုံးနေရာတစ်ခု ဖြစ်လာနိုင်တော့မယ်ဆိုက ဘယ်သူငြင်းနိုင်ပါ့မလဲ။ 
ခိုင်ခိုင်စောလွင်

No comments:

Post a Comment