September 11, 2016

" တို့များအရွယ်ညောင်းခဲ့ရင်" ၁၂ စက်တင်္ဘာ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၅)မှ

" တို့များအရွယ်ညောင်းခဲ့ရင်"

                              
                         ပြီးခဲ့တဲ့ ကျောင်းအားရက် စနေနေ့မှာ ကျောင်းပွဲ တခုကို ရောက်ခဲ့သည်။  ချင်းမိုင်မြို့  ကျောင်းပြင်ပ ပညာရေး အစီအစဉ်က ကြီးမှုးကျင်းပတဲ့ ပွဲတခုဖြစ်သည်။ " Open House" လို့ နာမည်ပေးထားသည့် အဆိုပါပွဲမှာ တကယ်က ကျောင်းပြင်ပ ပညာရေး အစီအစဉ်မှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုနဲ့ သင်ကြားတတ်မြောက်ခဲ့တာတွေကို ပြသတဲ့ ပွဲဖြစ်လေသည်။  ပြခန်းများမှာ ကျောင်းသားတို့ရဲ့ လက်တွေ့လုပ်ဆောင်ထားတဲ့ ပစ္စည်းမျိုးစုံကို ပြသထားပြီး ချင်းမိုင်မှာရှိတဲ့ မြို့နယ် ကျောင်းခွဲတွေက လာရောက်ပြသတာ ပြခန်းပေါင်း ( ၁၂) ခန်းရှိသည်။ အဆိုပါပြခန်းတွေမှာ ပြသထားသည့် လက်မှုပညာ ထွက်ကုန် ပစ္စည်းတွေနှင့် သူတို့ကိုယ်တိုင် လက်တွေ့ပြုလုပ်နေတဲ့ မြင်ကွင်းကို တွေ့ရသည့်အခါ  မြန်မာပြည်က ကျောင်းသားတွေ ကျောင်းနေရင် စာတတ်အောင်ချည်း သင်နေရသည့် အဖြစ်နှင့် နှိုင်းယှဉ်ကာ အတွေးတွေပွားနေမိလေသည်။
                                      ထိုင်းနိုင်ငံ ရောက်စကတည်းက သတိထားမိတာ တခုရှိသည်။  ထိုင်းလူမျိုး ကြီးငယ်မရွေး ဈေးရောင်းတာ ဝါသနာပါကြသည်။ ကျောင်းသူလေးတွေ ဈေးရောင်းကြသည်။ အိမ်ကြီး ရခိုင် ခြံနှင့်ဝင်းနှင့် နေသူက သူ့ခြံထဲက စောင်းလျားသီးလေး ကြွေကျတာကိုပင် ပန်းကန်ပြားလေးတွေနှင့် ထည့်ကာ ခြံရှေ့မှာ စားပွဲတလုံးပေါ် တင်ထားကာ ရောင်းသည်။ တစ်ပန်းကန် (၁၀)ဘတ် လို့ စက္ကူတရွက်မှာ စာရေးပြီး ချထားသည်။  သူတို့ ကျောင်းသင်္ခန်းစာမှာ မူလတန်းပညာရေးအဆင့်မှာ ကတည်းက business ဘာသာရပ်ကို သင်ကြားပေးတာလို့ သိလာရသည်။ အတန်းကြီးလာလေ ပညာရပ်ဆိုင်ရာ မြှင့်ပြီး သင်ပေးပြီး (၁၂)တန်း ပြီးဆုံးသည်နှင့် တက္ကသိုလ်တက်က ဝါသနာပါလျင် ဘာသာရပ်တခုအနေနှင့် ယူပြီး တက်လို့ရသည်။ တက္ကသိုလ်တက်ဖို့ ဘာသာရွေးသည့်အခါ အဆိုပါ ဘာသာရပ်အကြောင်း သိရှိခဲ့ပြီး ဖြစ်၍ ကိုယ်နဲ့ ကိုက်မကိုက် ရွေးချယ်ရတာ အဆင်ပြေကြပြန်သည်။ တက္ကသိုလ်တက်မှ ဘွားကနည်း တွေ့ရသည့် စနစ်နှင့် အတော်ကွာလေသည်။
                              နောက်တခု သတိထားမိတာက ထိုင်းလူမျိုးတွေမှာ လက်မှု အတတ်ပညာ လူတိုင်းနီးပါး တတ်မြောက်ကြသည်။ စက္ကူကလေးတွေကို ပန်းကလေးတွေ လုပ်တာ ၊ အသီးကလေးတွေ လုပ်တာ၊ အဝတ်စသေးသေးလေးတွေကို ဖန်စီ လေးတွေ လုပ်တာ၊ ချစ်စဖွယ် ပစ္စည်းမျိုးစုံလုပ်ကြတာ  ကျွမ်းကျင်ကြသည်။ သူတို့ ဘာဖြစ်လို့ စွန့်ပစ္စည်းလို့တောင် ဆိုရမယ့် ပစ္စည်းအသေးအမွှားလေးတွေကို လှလှပပလေးတွေ ဖြစ်အောင် လုပ်နိုင်ကြပါလိမ့်၊ ဒီသေးသေးလေးတွေကို ဈေးမှာ၊ အထူးသဖြင့် နိုင်ငံခြားသားတွေ စည်ကားများပြားသည့် လမ်းလျှောက်ဈေးတွေမှာ (၁၀)ဘတ် ၊ ဘတ်(၂၀) စသဖြင့် ခင်းကျင်းရောင်းချ ရောင်းကောင်းလှရာ အရင်းစစ်တော့ ကျောင်းပညာရေးတွေကပဲ ရရှိလာတယ်ဆိုတာ သိရလေတော့သည်။
                          ကျောင်းပညာရေးမှာ ကျောင်းသားတွေ စာတတ်ယုံမက အကြောင်းကြောင့် အသက်မွေးဝမ်းကြောင်းဖို့ ဖြစ်လာက ရပ်တည်နိုင်အောင် ကျောင်းမှာကတည်းက တဖြည်းဖြည်း သင်ကြားပေးလာတာဖြစ်သည်။ ပညာသင်ကြရတယ်ဆိုတဲ့ အဓိပ္ပါယ်ပြည့်စုံလှပါပေသည်။ ကျောင်းနေပျော်၍ စာတော်ရမည် ဆိုတာထက် ကျောင်းနေပျော်ပြီး ပညာတွေ တော်လာ တတ်လာကြသည့် ပညာရေး ဖြစ်သည်လို့ ကောက်ချက်ချမိသည်။
                            အထက်မှာ ပြောခဲ့သည့် ကျောင်းပြင်ပ ပညာရေးက ကျောင်းသားတွေလည်း ထို့အတူ လက်မှုပညာတွေ တတ်မြောက်ကြသည်။ ပြခန်းတွေမှာ လိုက်ကြည့်ရင်း အနုပညာမြောက်စွာ ပြုလုပ်ထားသည့် ပစ္စည်းတွေတွေ့ရရာ အံ့ဩမိရသည်။ တန်ဘိုးကြီးသည့် အရင်းအနှီး တစုံတရာမပါဝင်ပဲ လူတိုင်း အလွယ်တကူ ရင်းနှီး လုပ်ကိုင်နိုင်သည့် ကုန်ကြမ်းတွေဖြင့် လုပ်ထားတာ ဖြစ်သည်။ ဒါ့ကြောင့် ချင်းမိုင်က ဈေးကြီး ( အဆိုပါဈေးကြီးဆိုတာက ရန်ကုန်မြို့က သိမ်ကြီးဈေး၊ မင်္ဂလာဈေးတို့လို လက္ကားဒိုင်တွေ များစွာ ရှိသည့် ဈေးဖြစ်သည်) မှာ လက်မှုအတွက် အသုံးပြုသည့် ပစ္စည်းလေးတွေ ရောင်းသည့် ဆိုင်ကြီးတွေ ဒိုင်ကြီးတွေ မနည်းမနောရှိသည်။ ရောင်းလည်းရောင်းရသည်။ အပ်၊ အပ်ချည်၊ ရောင်စုံစက္ကူစ၊ သိုးမွှေးချည်၊ ရောင်စုံ ကျောက်၊ ပလတ်စတစ်၊ ဘော်၊ ရောင်စုံခဲတံ၊ ဖော့၊ အဝတ်စ၊ အရုပ်စုံ ၊ ပန်းကြိုး၊ ဖယောင်းချည်မျိုးစုံ၊ သံကွင်းလေးတွေ၊ ကီးချိန်း နားစွဲ၊ ကလစ်၊ လက်ကောက်လုပ်ဖို့ ကွင်းလေးတွေ စသည်စသည် များစွာ ရောင်းရာ တိုးဝှေ့၍ ဝယ်ယူကြတာတွေ့နေရသည်။ ဆင့်ကဲ စီးပွားဖြစ်ထွန်းတာလို့ ဆိုရမည်။ အဆိုပါ ဈေးကွက်က ထိုင်းတနိုင်ငံလုံးဆို မနည်းမနော။
               ကျောင်းပြင်ပပညာရေးမှာလည်း လက်မှုပညာတွေ သင်ပေးတာ သိရသည့်အခါ( ကော ဆာ် နော်) လို့ ထိုင်းလို့ အတိုကောက်ခေါ်သည့် ( Non- Formal Education ( NEF) )  ပညာရေး စနစ်ဖြစ်သည့် အဆိုပါ ကျောင်းတကျောင်းက ဆရာမကို သိချင်တာ တွေ မေးကြည့်မိသည်။ ထိုင်းနိုင်ငံမှာ မူလတန်းကစပြီး အခမဲ့ သင်ခွင့်ရပါလျက်နဲ့ အခုလို ကောဆော်နော် မှာ ကျောင်းသားတွေ ရောက်လာရသလဲ မေးမိတော့ မသင်မနေရပညာရေး၊ ကျောင်းနေအရွယ်အားလုံး ပညာသင်ခွင့်ရရေး အတွက် ထိုင်းမှာ အခမဲ့ပညာရေးစနစ် သတ်မှတ်တာ  အချိန်မကြာသေးပါတဲ့၊ (၁၀)နှစ် ခန့်ပဲ ရှိသေးတာလို့ ဆိုသည်။ အသက်(၃၀) မပြည့်သေးသည့် အဆိုပါဆရာမပင် မမီခဲ့ပါတဲ့။ ထိုအခါ ဆင်းရဲ၍ ငွေကြေးမတတ်နိုင်သူ၊ ကျောင်းနေရင်းက မိဘကို ကူဖို့ ပညာတပိုင်းတစနှင့် ကျောင်းထွက်လိုက်ရသူ၊ တချို့က လှုမှုရေးအခက်အခဲ ၊ အထူးသဖြင့် အိမ်ထောင်ပြိုကွဲတဲ့ မိဘတွေ တကွဲတပြားဖြစ်ရာက အဖိုး အဖွားနှင့် သွားရောက်နေထိုင်ရင်း ကျောင်းဆက်မတက်ရတော့သူတွေ စသဖြင့် ကျောင်းပညာရေးနှင့် ကင်းကွာသွားကြတာတွေ များစွာ ရှိလာတော့သည်တဲ့။  နှစ်များစွာ ကြာလာသည့်အခါ အဆိုပါ ပညာရေးတပိုင်းတစ ဖြစ်နေသည့် လူငယ်တွေ များလာရာ နောင်တချိန် တိုင်းပြည်အတွက် စိုးရိမ်စရာရှိလာသည့်အတွက် သူတို့ကို ပညာသင်ပေးဖို့ စီစဉ်ရင်း ယခုလို ကျောင်းပြင်ပပညာရေးစနစ် ပေါ်ပေါက်လာတာလို့ ဆိုလေသည်။
                 စာတွေကလည်း အတန်းကျောင်းနှင့်အတူတူပင်၊ လက်မှုပညာလည်း သင်ပေးသည်။ အရွယ်တွေက အသက်(၁၆)နှစ်အထက် အသက်ကန့်သတ်ချက်မရှိပါတဲ့၊ အသက်(၆၀) (၇၀) ရှိပါကလည်း ပညာဆက်သင်ယူလိုစိတ်ရှိက တက်ရောက်သင်ကြားခွင့်ရှိတယ်လို့ ဆိုလေသည်။ (၁၂) တန်းကို ပုံမှန်ဆိုက(၁၂) နှစ် တက်ရောက်ရပေမယ့် အရွယ်နှင့်သင်ယူနိုင်မှု ရှိသည်ကတကြောင်း၊ သင်လက်စ ရှိပြီးသား ရှိသည်ကတကြောင်း  မူလတန်းပညာ၊ အလယ်တန်းပညာ၊ အထက်တန်းပညာ (၂)နှစ်စီသာ ထားသည်။ တက်ရောက်မည့် ကျောင်းသားရဲ့ မူလ အခြေခံပေါ်လိုက်ပြီး အတန်းအဆင့်သတ်မှတ်ပေးတာ ဖြစ်သည်။ အလယ်တန်းအဆင့် အောင်မြင်က အသက်မွေးဝမ်းကျောင်း ကောလိပ် ဒါမှမဟုတ် ကျောင်းတခုကို ကူးပြောင်းနိုင်သလို အထက်တန်းအဆင့် အောင်မြင်က တက္ကသိုလ်သို့ တက်ရောက်နိုင်သည့် အခွင့်အရေးရှိလေရာ ကျောင်းမနေခဲ့ရသည့် ကလေးတွေနှင့် တက်လက်စ ကလေးတွေအတွက် အလွန် အဆင်ပြေလှပေသည်။ တိုင်းပြည်အတွက်လည်း လေလွင့်သွားခြင်းမရှိသည့် ပညာရေး ဖြစ်သည်။
               အဆိုပါ( ကော ဆော် နော်)ကျောင်းက ကလေးတွေပင် လက်မှုပညာ စီးပွားရေးပညာကို အခြေခံကစပြီး သင်ယူခွင့်ရတဲ့အတွက် များစွာ အကျိုးရှိလှပေသည်။ ပြခန်းမှာ ကျောင်းသူလေးတွေ လက်တွေ့ထိုင်ထိုးနေတာ သွားရောက်ကြည့်ရှုရင်း စက္ကူလေးတရွက်၊ ဒါးသေးသေးလေး တချောင်း၊ သံနန်းကြိုးမျှင်လေး တခု၊ စက္ကတိပ်သားလေးဖြင့် လှပသည့် ဂန္ဒမာပန်းလေး တပွင့် ဖန်ဆင်းလိုက်ရာ အံ့ဩဘနန်းဖြစ်ရလေသည်။
  နိုင်လွန်ပိတ်စပါးပါးလေး ရောင်စုံကို လက်ထဲမှာ ဟိုညှပ် ဒီကပ်လုပ်ရင်း လှပသည့် ပဒုမ္မာကြာပန်းတွေ ဖြစ်လာသည့်အခါ မျက်လှည့်ပြနေသလား ထင်မှတ်မှားရသည်။ ပြခန်းမှာပင် အဆိုပါ ပန်းတွေ၊ ပန်းအိုးတွေ ရောင်းရာ ဝယ်သူတွေလည်း မနည်းမနော။ ပြခန်းတခုပြီးတခု ကြည့်ရှုရင်း ရင်သတ်ရှုမောဖြစ်ကာ အကြောင်းကြောင်းကြောင့် အတန်းပညာကို စွန့်ခွာသွားရသည့် ကိုယ့်တိုင်းပြည်က ကလေးတွေကို များစွာ သတိရမိပြန်လေသည်။
                         ပညာသင်ကြားရေး (တနည်းဆိုသော်) `ပညာရေး´ကို အင်္ဂလိပ်လို Education  ခေါ်ဆိုသည်လို့ သိကြပေသည်။  အဆိုပါဝေါ ဟာရမှာ  Educere  ဆိုသည့် လက်တင်ဘာသာက ဆင်းသက်လာတာ ဖြစ်သည်။ အဓိပ္ပါယ်က `ဦးဆောင်၍ ခေါ်ယူသည်။ ဆွဲထုတ်သည်´ တဲ့။   တစ်ဦးက အခြားတစ်ဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ လိုအပ်သည့် ပန်းတိုင်သို့ ရောက်လေအောင် ဦးဆောင်၍ ခေါ်ခြင်း၊ တစ်ဦးသော ပုဂ္ဂိုလ် (သို့) တစ်ခုသော ပစ္စည်းက ပုဂ္ဂိုလ် တဦး တယောက်ရဲ့ နစ်မြုပ်လျှက် ရှိတဲ့  စွမ်းရည်တို့ကို ဆွဲထုတ် ပေးခြင်း ဖြစ်တယ်လို့ ဆိုကြရာ စာသင်ခန်းပြင်ပရောက်နေသည့် ကလေးတွေမှာ ဆိုင်ရာ ကိုယ်ပိုင် အရည်အသွေး အရည်အချင်းတွေ ရှိနေကြမှာလို့ ယုံကြည်မိသည်။
                      ယခု ထိုင်းနိုင်ငံ ချင်းမိုင်မှာ အကြောင်းအမျိုးမျိုးနဲ့  ရောက်ရှိနေကြတဲ့  မြန်မာပြည်က တိုင်းရင်းသားလူမျိုးစုံ ကျောင်းသားအရွယ်တွေထဲက ပညာကို ဆက်လက်သင်ယူလိုတဲ့  လူငယ်တွေအတွက် ထိုင်းပညာရေးဌာနနဲ့ ပူးပေါင်းဖွင့်လှစ်ပေးမယ့် ကော ဆော် နော် ( NFE) ပညာရေးစနစ်ရှိနေပါပြီ။ ကျမတို့ နိုင်သည့်နေရာမှ ဝင်ရောက် ဆောင်ရွက်ပေးနေကြပါပြီ။
                 နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးဆိုင်ရာနှီးနှောဖလှယ်ပွဲေ
တွနဲ့ ပညာရေးဆိုင်ရာမှာကြားချက်တွေမှာ အသက်မွေးဝမ်းကျောင်းပညာနဲ့ ပတ်သက်ပြီး အလေးထားပြောကြားတာတွေ အမြဲလိုလို နားထောင်ရသည့်အတွက် နောင်မှာတော့ ကိုယ့်တိုင်းပြည်မှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးတွေ၊ လူတိုင်းပညာသင်ကြားနိုင်ခွင့်တွေ ရရှိနိုင်တော့မယ်ဆိုတာ သေချာတယ်လို့ ယူဆမိပါသည်။  မြန်မာပြည်မှာ လေလွင့်နေသည့် ကလေး လူငယ်တွေ သိန်းနှင့်ချီရှိနေပြီး ကျောင်းနေအရွယ်မှာ ပညာမသင်ပဲ ပြင်ပလုပ်ငန်းခွင် ရောက်နေတဲ့ ကလးသူငယ်တွေလည်း များစွာရှိနေရာ အဆိုပါကလေးသူငယ်တွေ၊ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ရှိလာပါမှ တိုင်းပြည်ရဲ့  နောင်အနာဂတ် ဆက်လက်ရှင်သန်နိုင်ပါလိမ့်မည်။
"
      " "ကျမတို့ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ တူညီချက်တခုရှိတယ်။ ကျမတို့ဘယ်လိုမှအမြဲနေသွားလို့မ
ရဘူး။ ကျမတို့ သက်တမ်းဆုံးတဲ့ အခါမှာ ကျမတို့ဒီလောကကနေ ထွက် သွားရမှာဘဲ။ ကျမတို့ဒီလောကကနေမထွက်သွားခင်မှာ အားလုံး စုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှုလုပ်သွားချင်တယ်။အဲဒါကျမစိတ်ထဲရောက်လာတယ်။ကျမတို့ဒီမှာရှိတဲ့အားလုံး လူငယ်တွေအပါအ၀င်ပေါ့၊ပြောလို့ရတာမဟုတ်ဘူး၊လူငယ်၊လူကြီးဘယ်သူဟာဤလောကကြီးကနေအရင်ထွက်သွားမလဲဆိုတာတနေ့တချိန်တခါမှကျမတို့ထွက်သွားရမှာဘဲ။ဘယ်သူမှငြင်းလို့မရဘူး" 
လူ့ဘဝမှာ နေရတဲ့ အခိုက်အတန့် အသက်ရှင်သန်နေထိုင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ စကားတခွန်းကို မှတ်မှတ်သားသား ခံစားကြားယောင်ရင်း   တိုင်းပြည်အတွက် လိုအပ်သည့်နေရာကနေ ဝိုင်းဝန်း ဆောင်ရွက်နိုင်ကြဖို့ ကိုလည်း စိတ်အားထက်သန်မိပါတော့ သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment