September 18, 2016

၁၉ရက်စက်တင်္ဘာ ၂၀၁၆ခုနှစ် ၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၆)မှ

"  ချမ်းမြေ့ ချမ်းမြေ့ပါစေ"

                             
                         နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ်မှာ တွေ့ရတဲ့ မိသားစုပြန်လည် ဆုံဆည်းခွင့်ရတဲ့ ဓါတ်ပုံလေးတွေဟာ လူတော်တော်များများရဲ့ နှလုံးသားကို ကိုင်လှုပ်ခဲ့လေသည်။ ဓါတ်ပုံတွေကို ကြည့်ရင်း နှလုံးသားတွေ နာကျင်မိသည်။ မျက်ရည်ဝဲမိသည်။ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာတော့ ဓါတ်ပုံတွေအောက်မှာ" မျက်ရည်များ ဘယ်လိုကျလားမှန်းမသိပါ၊ မျက်ရည်ကျမိပါတယ်"စတဲ့ ကောမန့်တွေ များစွာ ဖတ်ရလေသည်။ ဒီမိုကရေစီရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့  ရှည်လျးလှသည့် အရေးတော်ပုံကာလအတွင်း  မိသားစုတွေ သေကွဲ ရှင်ကွဲ ကွဲကွာကြရတယ်ဆိုတဲ့  ပုံရိပ်များစွာကိုပင် ပြန်လည် မြင်ယောင်လာမိလေတော့သည်။
                               နိုင်ငံသားတယောက်အနေနဲ့ လူထုခေါင်းဆောင်လို့ သုံးနှုန်းလိုက်ပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တကြိမ်တခါမှ မမြင်ဖူးခဲ့ပါ။ သူ့မိန့်ခွန်းတွေ၊ သူ့စကားတွေ၊ လမ်းညွှန်စကားတွေနဲ့ ဓါတ်ပုံတွေသာ မြင်ခွင့်ရခဲ့ပေမယ့် ကိုယ့်မိခင်နဲ့ ရွယ်တူတွေမို့ မိခင်တယောက်လို ခံစားချက်က အမြဲရှိလေသည်။ ကိုယ့်မိခင်က ငယ်ရွယ်စဉ်မှာ သားသမီးတွေအတွက် ရုန်းကန်ရင်း ပင်ပန်းခဲ့ရပေမယ့် အခုလို အသက်(၇၀)ကျော်တန်း ရောက်ရှိချိန်မှာ အေးအေးဆေးဆေး နေနိုင်ပြီ ဖြစ်သည်။ စားချင်တာစား၊ လှုချင်တာလှု၊ ပင်ပန်းတာဘာတခုမှ မလုပ်ရတော့ပဲ တကယ့်အငြိမ်းစား စစ်စစ်ကြီး ဖြစ်နေပြီ။ လူထုခေါင်းဆောင်မှာ အစစ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်အတွက် အလုပ်တွေ အဆမတန် လုပ်နေရတာ မြင်ရတိုင်း သူ့ပုံလေးတွေ ငေးကြည့်ကာ အတွေးပွားနေမိတာ အမှန်ပါ။  ငယ်ငယ်ကတည်းက အိမ်မှာရှိတဲ့  ဗိုလ်ချူပ်တို့ မိသားစု ဓါတ်ပုံလေးကို ကြည့်ရင်း ကိုယ်တိုင်က ကလေးပေမယ့် ပုံထဲက ကလေးတွေကို ကလေးလေးပဲ မြင်ကာ သူတို့ ဘယ်ရောက်နေသလဲ၊ ဘာလုပ်နေကြသလဲ၊ ဘာဖြစ်လို့လဲ မေးခွန်းတွေ အမြဲလိုလို မေးခဲ့မိလေသည်။
                       လူထုခေါင်းဆောင်ကို အပြင်မှာ မြင်ဖူးခွင့်ရအောင် ကြိုးစားခဲ့တာတော့ ရှိပါသေးသည်။ ထိုအချိန်ကတော့ ၁၉၈၈ခုနှစ်၊ ဩဂုတ်လ  ရွှေတိဂုံဘုရားအနောက်ဘက်မုခ် လူထုအစည်းအဝေးမှာဖြစ်လေသည်။ ထိုသို့ ကြိုစားတာ ကိုယ်တယောက်တည်းမဟုတ်ပဲ လူ သိန်းပေါင်းများစွာဆိုတာ ဘုရားရောက်မှ သိရလေသည်။  အိမ်က စီးလာသည့် ဘတ်စ်ကားမှတ်တိုင် အနီးဆုံးရှိရာ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှာ ဆင်းပြီး ဘုရားရင်ပြင်ပေါ် တက်လာရာမှာ လူတွေ လူတွေ မနည်းမနော၊ တောင်ဘက်မုခ်ကတက်ပြီး အနောက်ဖက်မုခ်မှာ ဆင်းကြမည့်သူတွေ၊ စိတ်အားတွေ ထက်သန်နေကြကာ အချို့မှာ အပြေးတပိုင်းပင် ခပ်သုပ်သုပ် သွားကြလေသည်။ သို့သော် ရင်ပြင်ပေါ် ရောက်သည့်အခါ ဘုရားကို ပိတ်လိုက်လေရာ  အနောက်ဖက်မုခ်ကို သွားနိုင်ဖို့ လူတချို့  ကျော်လွှားဆင်းကြသည့် နေရာကို ရောက်ကြလေသည်။ တရားဟောသည့်နေရာ သွားမှာလား လို့ အချင်းချင်းလက်တို့ရင်း တကြိမ်မှ မမြင်ဖူးသည့် သူတွေအချင်းချင်း ရှေ့ကသွားသည့်နောက် အနောက်က လိုက်ကြလေသည်။  သီလရှင်ကျောင်းတွေ ဖြတ်ရသည်၊ မြက်တောတွေတွေထဲ တိုးရသည်။ သံဆူးကြိုးတွေ၊ ဖန်ကွဲ မှန်ကွဲတွေ ရှေင်ရင်းတိမ်းရင်း သွားရသည်။ အုတ်တံတိုင်းတွေကို ကျော်ရသည်၊ အုတ်တံတိုင်းတွေ ကျောင်နံရံတွေပေါ်ကနေ ခုန်ချရသည်။ တခါမှ မသိသည့်သူတွေက လက်ဆွဲ တွန်းတင်ပေးကြရင်း သွားရသည်။ စိတ်ထဲမလည်း ဟောပြောပွဲ မီပါ့မလား၊ ရောက်နေတာကလည်း တောထဲတောင်ထဲ ရောက်နေသလိုလို၊ လမ်းအဆုံးကိုလည်း မတွေ့၊ အတူပါသည့် သူငယ်ချင်းက အားပေသည်။ လမ်းဆုံးရင် ရွာတွေ့မှာပဲတဲ့၊ ဘယ်ကနေ ဘယ်လမ်းကြိုလမ်းကြားက သွားနေမှန်းမသိပဲ ရောက်တော့မယ် ချည်းပဲ ဆိုကာသွားနေရင်းက နောက်ဆုံး လူပေါင်းများစွာ ရှိသည့် တောင်ကုန်းသေးသေးလေးပေါ် ရောက်သွားလေတော့သည်။ ဟောပြောသည့်နေရာကို ပြပြလေးသာ မြင်ရပြီး ဟိုမှာလေ လို့ မျက်စေ့တဆုံး လှမ်းကြည့်ရသည့်နေရာ ဖြစ်နေသည်။ မြင်ရပါသည်။ လူပင်လယ်ကြီး၊  စင်မြင့်ကိုလည်း မြင်ရသည်၊ ဟောပြောနေတာကိုလည်း စပီကာကနေကြားရပါသည်။ သို့သော်သဲ့သဲ့သာ၊
                      အဲဒီနောက်ပိုင်း ၁၉၈၈ စက်တင်္ဘာလ(၁၈) ရက်မှာ စစ်တပ် အာဏာသိမ်း၊ ၁၉၉၀ ရွေးကောက်ပွဲ  ၊ နောက်ပိုင်းတော့ လူထုခေါင်းဆောင်မှာ နေအိမ်အကျယ်ချူပ်ကျ စသဖြင့် ကျန်သော ဒီမိုကရေစီအရေးလှုပ်ရှားသူများ ထောင်ကျသူကျ၊ လက်နက်ကိုင်သူကိုင်၊ ပြည်ပကိုရောက်ကြ စသဖြင့် နှစ်ပေါင်း (၂၈)နှစ် တိုင်သော် လို့ ရုပ်ရှင်ထဲကလို ခပ်မြန်မြန်စာတန်းထိုးလိုက်သလို ယခုကာလကို ရောက်လာခဲ့လေသည်။ အချိန်တွေအကြာကြီး  ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာ ကြာညောင်းခဲ့ပေမယ့် ယခုအချိန်က အနောက်ကို ပြန်ကြည့်လိုက်တဲ့အခါ အားလုံးဟာ ခဏလေးလိုပါလားလို့ ထင်မိရသည်။ အဖြစ်အပျက်တွေမှာ မနေ့တနေ့ကလိုပဲလို့ ထင်မှတ်မှားရသည်။ မမေ့နိုင်စရာ အဖြစ်အပျက်တွေကြားကမှ အကောင်းဆုံး အခြေအနေတရပ်ကို လက်ဝယ်ပိုင်ပိုင် ရရှိထားလေပြီ။ အခြေအနေကောင်းတွေကို ဖန်တီးနိုင်ခွင့် ရရှိနေပြီ။ လူထုခေါင်းဆောင်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ပုဂိုလ်အဖြစ် တိုင်းပြည်ကို ဦးဆောင်နေပြီ။
                    နိုင်ငံတော်အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ်က ဓါတ်ပုံတွေက နှလုံးသားကို ကိုင်လှုပ်ရုံမက မသွားခင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံမှာ ပြောသွားတဲ့ ကျေားဇူးတင် အမှာစကားကလည်း နိုင်ငံသူနိုင်ငံသား အပေါင်းရဲ့ စိတ်ကို လှုပ်ခတ်စေခဲ့တာ အမှန်၊
" ကျွန်မတို့ အသက် ဘယ်လောက်ရှည် နိုင်မလဲ။ ကျွန်မသိသလောက် ကမ္ဘာဆုံးအသက်အရှည်ဆုံး ပုဂ္ဂိုလ်ဟာ (၁၂၀) လောက် ဖြစ်ပါတယ်။ (၁၂၀) ဆိုတာ ဘာမှမဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သက်တမ်းနဲ့ စာလို့ရှိရင် ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့စာလို့ရှိရင်( ၁၂၀) ဆိုတာ ဘာမှ မဟုတ်ပါဘူး။ ကျွန်မတို့တွေ ကံကောင်းလို့ ကျန်းမာရေးကောင်းလို့ (၁၂၀) ထိနေနိုင်တယ်ပဲ ဆိုပါဦးစို့ ဒီ (၁၂၀) ဆိုတာ တခဏလေးပါပဲ။ ကျွန်မတို့လို အသက်ရောက်နေတဲ့သူတွေဆိုရင် ၁၂၀ ထိနေဖို့ဆိုတာ သိပ်တော့ မကျန်တော့ပါဘူး။ ဒီတော့ ကျွန်မတို့ဟာ ကိုယ်ရှိတဲ့ အချိန်လေးကို တန်ဖိုးရှိအောင် သုံးကျပါစို့ ကိုယ်ရှိတဲ့ အချိန်လေးကို အရင်တုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်လှည့်ကြည့်ပြီး အာဃာတတွေ ပွားနေမယ့် အစား တစ်ဦးပေါ်တစ်ဦး သံသယတွေပွားနေမယ့်အစား ကျန်တဲ့အချိန်အတွင်းမှ ဘယ်လို အာဃာတတွေ ပျောက်အောင် လုပ်မလဲ။ဘယ်လိုဒီသံသယတွေ ကင်းစင်အောင်လုပ်မလဲ။ ဘယ်လိုကောင်းမွန်တဲ့ အမွေအနှစ်တစ်ခုကို ချန်ထား ခဲ့မလဲ ဆိုတာကို စဉ်းစားကြပါစို့လို့ ကျွန်မကနေပြီး တော့တိုက်တွန်းချင်ပါတယ်။"ဒီလို စကားမျိုးကို အဲဒီအရင်ကလည်း မကြာခဏ ပြောတတ်တာ ကြားရသည်။
                တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ပေါင်းစု ခေါင်းဆောင်တွေနဲ့ တွေ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အသက်တွေ မေးတယ်လို့ သတင်းသမားတစ်ယောက်ကြုံရကြားရတာ  ပြန်ပြောတာကို သတိရသည်။ ပြီးတော့ အသက်နဲ့ ဆက်စပ်ပြီး အခုလို စကားတစ်ခွန်းကို ပြောခဲ့တာ ဖတ်ရပါသည်။
" "ကျမတို့ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ တူညီချက်တခုရှိတယ်။ ကျမတို့ဘယ်လိုမှအမြဲနေသွားလို့မရဘူး။ ကျမတို့ သက်တမ်းဆုံးတဲ့ အခါမှာ ကျမတို့ဒီလောကကနေ ထွက် သွားရမှာဘဲ။ ကျမတို့ဒီလောကကနေမထွက်သွားခင်မှာ အားလုံး စုပေါင်းပြီးတော့ နိုင်ငံ့ တိုးတက်မှုလုပ်သွားချင်တယ်။အဲဒါကျမစိတ်ထဲရောက်လာတယ်။ကျမတို့ဒီမှာရှိတဲ့အားလုံး လူငယ်တွေအပါအ၀င်ပေါ့၊ပြောလို့ရတာမဟုတ်ဘူး၊လူငယ်၊လူကြီးဘယ်သူဟာဤလောကကြီးကနေအရင်ထွက်သွားမလဲဆိုတာတနေ့တချိန်တခါမှကျမတို့ထွက်သွားရမှာဘဲ။ဘယ်သူမှငြင်းလို့မရဘူး။ကျမတို့အားလုံးတခြားကိစ္စတွေ NCA နဲ့ဘယ်လောက်ဘဲငြင်းခုံခုံ၊ ဖက်ဒရယ် နဲ့ပတ်သက်ပြီးဘယ်လောက် ဘဲငြင်းခုံခုံတူညီတဲ့ ကိစ္စတခုကတော့ ကျမတို့ တချိန်ချိန်မှာ ဒီလောကကနေထွက်သွားရမှာဘဲ။မထွက်သွားခင်မှာကျမညီညွှတ်မှုကိုလိုချင်တယ်။ကျမတို့အစဉ်အဆက်ကျမတို့ခေါင်းဆောင်တွေတိုင်းရင်းသားခေါင်းဆောင်တွေ၊နိုင်ငံရေးခေါင်းေ ဆာင်တွေမျှော်မှန်းခဲ့တဲ့ညီညွတ်မှုကိုရယူပြီးတော့ထားပစ်ခဲ့ချင်တယ်ဆိုတဲ့စိတ်ကျမပေါ်ပေါက်ခဲ့ပါတယ်။"
                 ဒီစကားတွေ နားထောင်ရတိုင်း အသက်အရွယ်နဲ့မမျှအောင် အလုပ်လုပ်နေရသည့် လူထုခေါင်းဆောင်အတွက် ဝိုင်းဝန်းကူညီကြဖို့ လိုနေပြီဆိုတာ သိကြရမည်။ တိုင်းပြည်တိုင်းမှာ စွန့်လွှတ်အနစ်နာခံတဲ့ ခေါင်းဆောင်ပေါ်လာဖို့ဆိုတာ နှစ်တစ်ရာသက်တမ်းမှာ တယောက်ပေါ်လာဖို့ ခဲယဉ်းပါသည်။ ကိုယ်ကျိုးမရှာသည့် ခေါင်းဆောင်ဆိုတာ အရှားသားပင်၊ ယခုလို တိုင်းပြည်အတွက် ရှားပါးသည့် ခေါင်းဆောင်မျိုး ဦးဆောင်နေချိန်မှာ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းကြပါမှ ချွတ်ခြုံကျနေသည့် တိုင်းပြည်အဖြစ်က ရုန်းထွက်နိုင်ပေမည်၊ အချင်းချင်းရန်ဖြစ်ဆဲ၊ အပြစ်မြင်ဆဲ၊ အပြစ်တွေပြောမြဲဆိုက ရှေ့တိုးဖို့ မလွယ်သည့် အခြေဆိုက်ကြပေလိမ့်မည်။
             ဖေ့စ်ဘွတ်စာမျက်နှာက သတင်းတွေရဲ့ ဓါတ်ပုံအောက်မှာ " အမေ အမေ့မှာ အရင်က သား(၂)ယောက်ရှိတယ်၊ အခုတော့ အမေ့မှာ သားသမီးပေါင်း သန်း(၅၀) ရှိနေပါပြီ။ သားသမီးတွေရဲ့ အားကိုးရာ ချစ်ခင်တာခံရတဲ့ အမေပါ" လို့ ရေးထားတာ ဖတ်ရသည်။ အားလုံး မိသားတစုတည်းဆိုတဲ့ စိတ်ဓါတ်တွေ ပြည်သူတွေမှာ ရှိနေလေပြီ။  မိသားစုတစုမှာပင် ညီအကိုမောင်နှမ မိသားစုဝင်တွေ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ရှိပါမှ မိဘစိတ်ချမ်းသာတာ မဟုတ်ပါလား၊ မိသားစုအားလုံး စိတ်ချမ်းမြေ့ပါမှ အဆင်ပြေပြေ ရှိကြတာ မဟုတ်ပါလား၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အရာအားလုံးကို စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ပေးနေတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့ မိခင်နေရာမှာ ထားကြပါတယ်ဆိုတဲ့ မြန်မာပြည်သား ညီရင်းအကိုမောင်နှမများ သွေးစည်းကြရင်ဖြင့် အားလုံးပဲ ချမ်းမြေ့သာယာကြပါလိမ့်မယ်လို့ မျှော်လင့်ရင်း ဆုတောင်းသီချင်းလေးကို သတိတရ ထည့်ရေးလိုက်မိပါသည်။
" ချမ်းမြေ့.. ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ ၊ ချမ်းမြေ့ ချမ်းမြေ့ပါစေ
ဖေဖေလည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ သားသမီးလည်း ချမ်းမြေ့ပါစေ
ဘဝထိုထိုအတွင်းမှာ ငိုခြင်းရှည်များ ကင်းဝေးကာလေ
ရနံ့ကင်းသောပန်းလည်း လန်းပါစေ..... ရနံ့မွှေးသောပန်းလည်း လန်းပါစေ
အနီးအဝေး အနိမ့်အမြင့် ဆင်တိုင်းတင့်တယ်လေ
(စမ်းသီတာ ရင်နှယ်အေးစေ)၂  မေတ္တာတေးနဲ့ အသံလေးတော့ ပြုလိုက်ချင်ပေ
ချမ်းမြေ့ ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ ချမ်းမြေ့ ချမ်းမြေ့ပါစေ
ခိုင်ခိုင်စောလွင်

No comments:

Post a Comment