September 25, 2016

" စနစ်ဆိုးအောက်က ရဲရဲတောက်တွေ" ၂၆ရက် စက်တင်္ဘာလ ၂၀၁၆ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၇)မှ

"  စနစ်ဆိုးအောက်က ရဲရဲတောက်တွေ"
                             
                    ယခုရက်ပိုင်းမှာ ဖတ်ရ ကြားရ မြင်ရတဲ့ သတင်းတွေက မထိတ်သာမလန့်သာ၊ ထိုးခုတ် သတ်ဖြတ် လုယက် သတင်းတွေကို သွေးရဲရဲသံရဲရဲ မြင်ရ ကြားရတာတင်မက နှိပ်စက်သည့် သတင်းလည်း အဆစ်ပါ၊ ကြားရနားဝ မချမ်းသာရုံမက မြန်မာပြည်မှာ ရှိတဲ့ ဆွေမျိုး မိဘညီအကိုမောင်နှမ နဲ့ သမီးတို့ကို စားသတိ လာသတိ သွးသတိလို့ သတိမပြတ်ဖို့ လှမ်းပြောရသေးသည်။ အဲဒီလိုမျိုး ကိုယ်တယောက်ထဲမဟုတ်၊ ကမ္ဘာတဝှမ်းအကြောင်းအမျိုးမျိုးနဲ့ ရောက်ပြီး အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုးအပေါင်းကလည်း အိမ်မှာကျန်နေတဲ့ မိသားစု ဆွေမျိုးအပေါင်းကို အမှာတော်တွေ ပါးကြရတယ်လို့ ပြောကြတာ သိရပြန်သည်။
                                             လူမြင်ကွင်းမှာ ကိုယ်ချစ်ခင်တဲ့ လူကိုပင်  ရက်ရက်စက်စက် သတ်တာ၊ မြို့လည်ခေါင်မှာ လုယက်ပြီး လူသတ်တာ၊  မူးယစ်ဆေးစွဲနေတဲ့ သားဖြစ်သူက မိခင်အရင်းကို ဒါးနဲ့ထိုးတာ၊  ကလေးငယ်ကလေးရှေ့မှာ မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ တယောက်နဲ့တယောက် မသေမချင်းထိုးသတ်တာ၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အိမ်အကူအဖြစ် ခိုင်းစေပြီး နှိပ်စက်တာ စတာ စတာတွေ  ကြားရတဲ့အခါ  ပညာရေးနိမ့်ကျလို့၊ ပညာမတတ်ကြလို့ဆိုက  အမှားကြီး မှားပေမည်။ ပြစ်မှုကျူးလွန်သူတွေ အားလုံးနီးပါး ပညာတတ်တွေချည်းဖြစ်ကြလေသည်။ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသူ/ ကျောင်းသားတွေ၊ ဘွဲ့ရ ပညာတတ်တွေ ဖြစ်ကြသည်။ သို့ဖြင့် ပညာတတ်တယ်ဆိုတာမှာ စာတတ်တာ တခုတည်းကိုသာ ဦးတည်ခဲ့ကြတဲ့ အတွက် စာသာတတ်ပြီး အသိသညာ စဉ်းစားတွေးခေါ်မှု  နိမ့်ကျခဲ့လို့ အခုလို ဖြစ်စဉ်တွေ ပေါ်လာတာ ဖြစ်လေသည်။ ပညာရေးမှာ မလိုအပ်ပါ အတင်းပြိုင်ဆိုင်ခိုင်းသည့် စနစ်ကို ဖော်ဆောင်ခဲ့ကြသည်။ ကျောင်းစာမှာ အမှတ်များမှ တော်သူလို့ သတ်မှတ်ခဲ့ကြသည်။ လူတယောက် ကောင်းမွန်စွာကြီးပြင်းပြီး လူနဲ့ လူ့ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းစွာ ဘယ်လိုနေထိုင်ကြရမလဲဆိုတဲ့ အတွေးအမြင် အယူအဆတွေ ရှင်သန်အောင် ပြုစုပျိုးထောင်ခြင်း မရှိသည့် ပညာရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။ အနှစ်( ၆၀) နီးပါး ကြာလာသည့် အခါ အခုလို ရုတ်ပျက်ဆင်းပျက် လူမှုဘဝတွေ ဖြစ်လာကြရပြီ။
                              
          စာတတ် စာတော်တဲ့ နေရာမှာ မြန်မာလူမျိုးတွေ အင်မတန်တော်ပါသည်။ ကမ္ဘာအရပ်ရပ်မှာ ပညာသင်ကြားကြသည့် မြန်မာလူမျိုးတိုင်း ထိပ်ကချည်းလို့ ဖတ်ရ ကြားရ သိရပါသည်။ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာပင် မြန်မာကျောင်းသားတွေက ထိပ်ကနေရာယူတာ ဖြစ်သည်။ ချင်းမိုင်တက္ကသိုလ်၊ အင်တာနေရှင်နယ်ကျောင်းသားတွေအထဲ  လတ်တလော (၄)နှစ်တာ ကာလအတွင်းမှာပင် နှစ်စဉ်ဆုပေးတာ ထိပ်က မြန်မာကျောင်းသားတွေပဲ ဖြစ်သည်။ နောက် အင်တာနေရှင်နယ် တခုဖြစ်သည့် PAYAP တက္ကသိုလ်မှာ ကျောင်းဝင်ခွင့် လူတွေ့တွေမှာ " မြန်မာ" ဆိုက ဝမ်းပမ်းတသာ လိုလိုလားလား လက်ခံ ချင်သည်။ မြန်မာကျောင်းသားတွေက စာတော်သည်၊ အင်္ဂလိပ်စာကောင်းသည်။ နာခံမှု( obedience) ရှိသည်တဲ့၊  အခြား နိုင်ငံခြားသားများနှင့် မြန်မာကျောင်းသား၊ ထိုင်းကျောင်းသား စကားပြောခိုင်းက မြန်မာကျောင်းသားက အင်္ဂလိပ်လို ရဲရဲတင်းတင်း ပြောနိုင်ပေမယ့် သူတို့ ကျောင်းသားက အင်္ဂလိပ်လို ပြောဖို့ တွန့်ကြသည်။ သို့သော် မြန်မာကျောင်းသားတွေ အချင်းချင်း အဆောင်တခုထဲ အတူနေကြမလား ဆိုက အတူနေဖို့ တွန့်ဆုတ်ကြသည်။  တုပြိုင်မှာ၊ ရန်ဖက်ပြုမှာ၊ အတင်းစကားဆိုမှာ၊ ရှေ့တမျိုး နောက်တမျိုး ဆက်ဆံမှာ၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်ကာ မနာလိုပြီး ရန်စောင်တာတွေ ကြောက်သည့်အတွက် အတူနေဖို့ အချင်းချင်း စိုးရိမ်ကြသည်။ မြန်မာလူမျိုး အချင်းချင်း နီးနီးကပ်ကပ် နေဖို့ စိုးရွံ့ကြသည်တဲ့၊ ဒါက စာတတ်တဲ့သူတွေရဲ့ ဖြစ်အင်ပါပေ၊
                              
  မြန်မာလူမျိုးဆိုတာနှင့် ပြောစမှတ်က မြန်မာတွေက "တယောက်ထဲနေရရင် အိပ်နေတယ်၊ နှစ်ယောက်ဆို ရန်ဖြစ်ပြီး သုံးယောက်ဆို အုပ်စုဖွဲ့တယ်" တဲ့၊ ဒီလို ယုံတမ်းစကားတွေက အလကားသက်သက် ပေါ်လာတာတော့ မဖြစ်နိုင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ မှာ ဘဘဦးတင်ဦး ပြောသွားတဲ့ စကားထဲ မှတ်မှတ်သားသား ကြားလိုက်တာလေး သတိရမိသေးသည်။ တိုင်းရင်းသား စကားပုံတခုကို ပြောသွားတာဖြစ်သည်။
" လူသုံးယောက်ညီက ပင်လယ်ရေကိုပင် ကုန်အောင် ခပ်နိုင်ပါတယ်" တဲ့
                               တိုင်းရင်းသားတွေအကြောင်း  ပြောမိတော့ ထိုင်းနိုင်ငံ ရောက် တိုင်းရင်းသားတွေအကြောင်း သတိရတာတွေ  ပြောချင်ပါသေးသည်။ စစ်ဘေးစစ်ဒဏ်တွေ၊ မငြိမ်းချမ်းမှုတွေနဲ့ ဖွ့ဖြိုးမှုနှေးကွေးပြီး ဆင်းရဲဒုက္ခတွေကြောင့် ထိုင်းနိုင်ငံဖက် ရောက်လာရတဲ့ တိုင်းရင်းသားပြည်သူတွေ အတော်တော်များများ အတန်းပညာပြီးဆုံးအောင် သင်ယူနိုင်ခဲ့သူ အရှားသားပင်၊ တချို့ ဆိုပါက အတန်းပညာ တတန်းမှပင် မတက်ရခဲ့ပါတဲ့၊ တချို့လည်း အထက်တန်းပညာသင်ခဲ့ရတာရှိပါသည်။ အများအားဖြင့် စာကို ဖြစ်ဖြစ်မြောက်မြောက် မသင်ခဲ့ရရှာပါ၊ ပြောရရင် စာမတတ်ပေမတတ်ပေါ့၊
ဒါပေမယ့် စာတတ်ပါတယ် ဆိုတဲ့ ပုဂိုလ်တွေထက် ယဉ်ကျေးသိမ်မွေ့သည်။ " ဟုတ်ကဲ့ရှင့်" " မသိပါဘူးရှင့်/ ခင်ဗျ စကားဆုံးတိုင်း ထည့်ပြောတတ်တာ ချစ်စရာကောင်းသည်။ တိုးတိုးသက်သာ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး ပြောကြတာများသည်။ သူတို့ကို ကြည့်ပြီး " ကျေးညီနောင်" ပုံပြင်ကို သတိရသွားသည်။ လေပြင်းတိုက်ခတ်တဲ့အတွက် သစ်ပင်ကြီးပေါ်မှာ နေကြတဲ့ ကျေးညီနောင်မှာ တကွဲတပြားလွင့်စင်ပြီး ရသေ့ကြီးရှိရာ ကျောင်းသင်္ခန်းကို ရောက်တဲ့ ကျေး နဲ့ လူဆိုးဓါးပြတွေ ရှိရာကို ရောက်သွားကြတဲ့ ကျေးရယ် အကြောင်း သိသူများပါသည်။ ရသေ့ရှိရာရောက်သည့် ကျေးကလေးက ချိုချိုသာသာ ဖြင့် လာပါ ထိုင်ပါ နားပါ သစ်သီးသစ်ဖုတွေ စားပါလို့ လာသမျှလူကို ချိုသာစွာ ပြောဆိုပေမယ့် ဓါးပြတွေလက်ထဲ ရောက်ရရှာတဲ့ ကျေးကလေးက သတ်ကြဟေ့ ပစ္စည်းတွေလုယူကြ  ဒီလို ဖြစ်သွားသတဲ့၊
                        " ဘာပဲပြောပြော တိုင်းရင်းသားတွေကို အရင်အစိုးရအဆက်ဆက် မျက်ကွယ်ပြုပြီး  စောင့်ရှောက်မှု မလုပ်ပေးနိုင်ခဲ့ပေမယ့် တဖက်နိုင်ငံကို ရောက်ပြီး ရှာဖွေစားသောက် နေထိုင်ခွင့်ရတာ တော်သေးတယ်၊ တို့နိုင်ငံက လူတွေ တဖက်က ထိုင်းတွေ အဲလို ဖြစ်လို့ အခုလို လက်ခံပေးနိုင်မယ် ထင်သလား" ဆိုတဲ့ စကားဝိုင်းတခုမှာ မိတ်ဆွေတယောက် ပြောတာ သတိရမိတော့သည်။ သူက ဆက်ပြောသေးသည်။
" သတင်းအချက်အလက်တွေအရ တိုင်းရင်းသားဒေသအသီးသီးမှာ လုပ်ကိုင်စားသောက်နေထိုင်တဲ့ တိုင်းရင်းသားလူမျိုး အရွယ်ကောင်းတွေ သိပ်မရှိတော့ဘူးတဲ့ သူတို့ကိုယ်တိုင် ပြောတာကြားရတာ၊ တကယ်တန်း မြန်မာပြည်မှာ ဒုက္ခရောက်ကျန်နေတာ ဗမာတွေ" လို့ သူကပြောသေးသည်။ ဒါတွေက အကြောင်းတိုက်ဆိုင်လို့  အရပ်သားစကား ကြားရတာ ရေးပြတာဖြစ်သည်။
                        ထိုင်းနိုင်ငံကို ရောက်လာပြီး သူတို့ အနေအထိုင် အပြုအမူ အတိုင်း လိုက်နာနေထိုင်ကြရင်း အတန်းပညာ မသင်ခဲ့ စာမတတ်သော်လည်း ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်လာကြလေသည်။ ထိုင်းပညာရေး စနစ်မှာကိုက စာမေးပွဲအောင်ဖို့ အဓိက၊ စာတွေ ချည်းသင် ဆိုတဲ့ ပုံစံမဟုတ်၊ ပြောရကြေးဆိုက အင်္ဂလိပ်စာအရည်အချင်းမှာ မြန်မာကို မမီပါ၊ စာတော်တာမှာ မြန်မာကို မမီပါ၊ မြန်မာတွေ တော်တာကို သူတို့ မကြာခဏ ထုတ်ဖော်ပြောသလို လက်ခံလေသည်။ ထိုင်းကျောင်းတွေမှာ စာပဲကျက် စာပဲတော် နေလို့ မရပါ၊ ကျောင်းစာကို (၆၀ %) ခန့်သာ အမှတ်ပေးထားပြီး အခြား လှုမှုရေး၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဆောင်ရွက်မှု၊  အတန်းတွင်း အတန်းပြင် ကျောင်းတွင်းကျောင်းပြင် လှုပ်ရှားမှု စသဖြင့် အကဲဖြတ်ပေးပြီး ထိုအမှတ်တွေ ထည့်ပေါင်းပြီးမှ အတန်းတက်ဖို့ အမှတ်ရတာဖြစ်သည်။  မိဘ ဆရာ ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားညှာတာဆိုတဲ့ စိတ်ထားတွေကို မူလတန်းအဆင့်မှာကတည်းက မိဘ ဆရာ ပူးပေါင်းပြီး လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ ဖြစ်သည်။ သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်က လူငယ်တွေကောင်းပါမှ တိုင်းပြည်အနာဂတ် ကောင်းမှာလို့ မျှော်လင့်ပြီး လူငယ်တွေကို စနစ်တကျ ပြုစုပျိုးထောင်နေခြင်းဖြစ်ေ
လသည်။
                          မြန်မာ့ ပညာရေးစနစ်မှာ အလွတ်ကျက် နှုတ်တက် အာဂုံဆောင်သည့် စနစ်ကြောင့် စာမေးပွဲမှာ အမှတ်တွေများလှပါသည်။ ပတ်ဝန်းကျင်နှင့် ကင်းကွာ ၊ လူအချင်းချင်းဆက်ဆံရေး မသိတော့သည့် ကလေးတွေ ဖြစ်လာကြသည်။ မိဘတွေကိုယ်တိုင်ကလည်း စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ဖို့သာ အာရုံစိုက်ကာ အခြား လူမှုဘဝပေါင်းသင်းဆက်ဆံရေးတွေ မေ့လျော့၊ ဖြတ်သန်းရသည့် ကလေးတွေက သူတို့ နေထိုင်ခဲ့ရတဲ့ အတိုင်း ကြီးပြင်းလာတော့ ငါမှငါ ငါရှေ့ရောက်ဖို့ ငါတော်ဖို့ ငါကောင်းဖို့ စတဲ့ အတ္တသမားတွေဖြစ်ကုန်ကြသည်။ လူတကိုယ်ရေ ကောင်းစားဖို့လုပ်သည့် အကျင့်တွေ ဖြစ်ကုန်သည်။ ဆရာ/ ဆရာမတွေအဖို့လည်း ပြဋ္ဌန်းထားသည့် သင်ရိုးညွှန်တန်း ကုန်အောင် ရသမျှအချိန် အားစိုက် သင်ရသည့်အတွက် ဆိုဆုံးမချိန်မရှိ၊ အတန်းထဲဝင်စာသင် ပြန်သွား၊ သင်ရိုးညွှန်းတန်းမှာကိုက စာပဲ ရှိတော့ စာပဲသင်၊ လောကနီတိ လူကျင့်ဝတ် သင်ချိန်ပြောချိန်မရ၊ ပညာရေးစနစ်ကိုက စာမှစာ၊ စီးပွားရေးအခြေအနေတွေကြောင့် မိဘတွေကဆိုဆုံးမချိန်မရှိ၊ မိဘတိုင်းကို မဆိုလို၊ သို့သော် အများစုက သားသမီးအတွက် ငွေပေးနိုင်ပြီး အချိန်မပေးနိုင်တာတွေ များလာသည်။ ရသည့်အချိန်မှာ အတိုဆုံးဆုံးမစကားက စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်အောင်လုပ်။ စာမေးပွဲမကျဖို့၊ ဒါတွေသာဦးတည်ကြရသည့် အခြေအနေ။
                    အာဏာရှင်တို့ကတော့    နှစ်ပေါင်းခြောက်ဆယ်အတွင်း လူငယ်တွေကို ပြုစုပျိုးထောင်ဖို့ ဝေးစွ၊ အညွန့်ဆိတ်၊ အညွန့်ချိုးခဲ့သည်။  အာဏာရှင်တို့ရဲ့ လုပ်ရပ်ကို ယခုတိုင် ပြည်သူတွေ ခံစားနေရဆဲဖြစ်သည်။ ယခုတက်လာသည့် အစိုးရမှာလည်း အဖက်ဖက်က နိမ့်ကျနေသည့် အခြေအနေတွေကို ပြန်လည်ပြုပြင်ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားနေကြရလေသည်။ မြေသိမ်းယာသိမ်း ကိစ္စကို ဥပဒေတွေ နဲ့ ပြောင်းလဲဖို့ ကြိုးစားနေပေမယ့် ယခင်အစိုးရလက်ထက် နှစ်ပေါင်း(၂၀)ကျော် မတရားပြုခဲ့သည့် ကိစ္စတွေကြောင့် ရှေ့တိုးရခက်နေတာတွေ ဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားတဲ့ စကားထဲ ကြားလိုက်ရသည်။ နိမ့်ကျနေသည့် အခြေအနေအရပ်ရပ်အထဲ ပညာရေးက အရေးကြီးတယ်လို့ ပြောတာလည်း သိရပါသည်။ ယခုသော် ယခင်ကဆိုးမွေကို ပြည်သူတွေ ခံနေရပြီး မလုံခြုံသည့် လူမှုဘဝကို ရောက်ရှိနေရပြီဆိုသော် နောင်မှာ အခုထက်ပိုမဆိုးအောင် ယခုအချိန်ကစပြီး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အသိုင်းအဝန်း၊ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး အားလုံးကို လူတယောက်ရဲ့ တန်ဘိုးနဲ့  လူ့ဘဝမှာ ငြိမ်းချမ်းစွာ ရှင်သန်နိုင်ဖို့ ပြောဆို ဆုံးမ သွန်သင်ပြကြဖို့ အထူးလိုအပ်နေပါပြီဆိုတာ မီးမောင်းထိုးပြနေလေပြီ။အစိုး
ရမှာချည်းတာဝန်ရှိတယ်ဆိုတာထက် နိုင်ငံတဝန်းမှာ နေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်တတ်စွမ်းသမျှ ကိုယ့်ပတ်ဝန်းကျင်ကနေ စတင်ကာ  ပူးပေါင်းပါဝင် ပြုပြင်ပြောင်းလဲကြပါမှ လုံခြုံနွေးထွေးသည့် လူ့ပတ်ဝန်းကျင်အသိုင်းအဝန်းအဖြစ်ကို ရောက်ရှိနိုင်ပါလိမ့်မည်။ 
ခိုင်ခိုင်စောလွင်

No comments:

Post a Comment