October 2, 2016

၃ရက်အောက်တိုဘာလ ၂၀၁၆ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၈)မှ

" သူ့အသံလေးများကြားချင်စေသလား"

                                                                                         " စကားပြောရင် တိုးတိုးပြော
                                                                                            တိုးတိုးပြော
                                                                                           စကားကျယ်ကျယ်ပြောရင်
                                                                                           စကားကျယ်ကျယ်ပြောရင်
                                                                                          ရှက်စရာ၊ ရှက်စရာ "
                          မူလတန်းအရွယ်ကလေးတိုင်း လိုလို ရွတ်ဆိုခဲ့ရတဲ့ ကဗျာလေး၊ စကားပြောတာမှာလည်း ယဉ်ကျေးမှု ရှိသည်။ မြန်မာ့ယဉ်ကျေးမှုတွေထဲမှာ စကားပြောတာသာမက ကိုယ်အမူအယာ နှုတ်အမူအယာ စသဖြင့် လိုက်နာရတာတွေ များစွာရှိလေသည်။ စကားကျယ်ကျယ်ပြောတာ ပင် ရှက်စရာ အဆိုရှိက လော်စပီကာလို  အသံချဲ့စက်ကနေ အင်မတန်ကျယ်သည့် အသံဖြင့်အော်  ပြောနေကြတာ ဆိုက ပြောဖွယ်ရာမရှိ။  ယခင် ခေတ်ဟောင်း တုန်းကနှင့် အခုခေတ် လော်စပီကာယဉ်ကျေးမှုချင်းက ခြားနားသွားလေပြီ။ တချိန်က ကျေးလက် မြို့ပြတွေမှာ ထွန်းကားခဲ့သော လော်စပီကာအသံမှာ လူတို့ကြောင့်ပဲ အရိုင်းဘဝရောက်ကာ လော် ဆို တော်ကွယ် ဆိုသည့် အခြေအနေကို ဆိုက်ရောက်ခဲ့ရလေတော့သည်။
                  လော်စပီကာအသံကြောင့် ခံစားနေရတဲ့ သူတွေရဲ့ ရင်ဖွင့်သံတွေ ကြားရသည့်အခါ အသုံးပြုသည့်လူတွေနှင့် အသုံးပြုသည့် ပုံစံကြောင့် လော်စပီကာအသုံးပြုဖို့ ဥပဒေတွေနဲ့တောင် သတ်မှတ်သင့်ပြီဆိုတဲ့ အသံတွေ သောသောညံလာလေတော့သည်။ ဓမ္မရုံမှာ တရားရွတ်ဖတ်နေတုန်း နိုင်ငံခြားသားတယောက်က  မိုက်ကရိုးဖုန်း  ကြိုးတွေ ဖြုတ်ဖြတ်သည်ဆိုသည့် သတင်းကို ဖတ်ရသော် လူအမျိုးမျိုးရဲ့ ဝေဖန်သံတွေ ထွက်လာသည်။ ဘာသာတရားကို နှောင့်ယှက် ဖျက်ဆီးလိုတာ မဟုတ်ပဲ နားညည်းလို့ မခံနိုင်၍ ဖြုတ်တယ်ဆိုတာမျိုး ကိုယ်တိုင်ခံစားဖူးသူတွေ ရေးကြသည်။ အဖြစ်မှန်ကို သေချာမသိသေးသော်လည်း အားလုံးက လော်စပီကသံ နားမခံနိုင်၍ ဖြစ်ရသည်လို့ ကောက်ချက်ချကြတာ တူနေသည်။ လော်စပီကာရဲ့ ဒဏ်ကို လူတော်တော်များများ မချိမဆန့် ခံစားနေရတဲ့အတွက်အဆိုပါ  ဖြစ်ရပ်အကြောင်း ကြားတာနဲံတင် ချက်ဆိုနားခွက်မီးတောက်ကာ အဖြေတန်းပြောကြလေသည်။ လော်စပီကာရဲ့ ဒဏ် ခံကြရပုံတွေကို တယောက်တမျိုး ရေးကြပြောကြတဲ့အထဲ "ကျတော်ဆိုရင်ဗျာ ဓမ္မာရုံနဲ့မျက်နှာချင်းဆိုင်မှာ နေရတာ စဉ်းစားသာကြည့်ကြပါတော့"  တဲ့ ၊ အတော်လေးကို စိတ်ပျက်နေဟန်က အထင်းသား။
                အမေရိကားကနေ မြန်မာပြည်မှာရှိတဲ့ သူ့ဇာတိရပ်ရွာကို အလည်ပြန်တဲ့ ကရင်တိုင်းရင်းသူလေးတယောက် လော်စပီကာသံကြောင့် နားမခံသာအောင် ဖြစ်လို့ ရေးထားတာ ဖတ်ရဖူးသည်။ ရပ်ကွက်ထဲ ဖွင့်ထားတဲ့ လော်စပီကာအသံကြောင့် တအိမ်ထဲ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူနှစ်ယောက် အချင်းချင်းစကားပြောတာ မကြားရလို့ အော်ပြောနေရတဲ့ အကြောင်း၊ ဒီလိုသာ ပြောနေရရင် လိပ်ခေါင်းရောဂါတောင် ရနိုင်ကြောင်း ရေးထားသည်။
တချိန်တုန်းက ကျေးလက်ဒေသတွေမှာ လော်စပီကာ ဖွင့်ရင် ပျော်ကြသည်။ အပြေးပင် ကြိုကြသေးသည်။ စက်ပစ္စည်းတွေနဲ့  လော်စပီကာတင်လာသည့် နွားလှည်း၊ ဒါမှမဟုတ် မြင်းလှည်းနောက် ကလေးတွေ တပုံတပင်ဖြင့် လှည်းနောက်မြီးကိုင်ကာ လိုက်ကြလေသည်။
"  လော်စပီကာလာပြီဟေ့"
ဒီလိုပင် ဝမ်းသာအားရ အော်လာကြသည်။ လူကြီးတွေက ခြံစည်းရိုးအဝ၊ တခါးဝတွေ ပြတင်းပေါက်တွေ ဖွင့်လို့ တဖုံ တပြုံးပြုံးဖြင့် ကျေနပ်ကာ နေကြသည်။ မကြာခင်မှာ သူတို့ နားထောင်ချင်သည့် ဇာတ်ထုတ်တွေ၊ ဇာတ်တော်တွေ နာရကြားရ နားထောင်ရပေတော့မည်။ အလှုသွားပြီး တရားနာရေစက်ချ စားသောက်ရပေအုန်းမည်။ တရွာလုံးပျော်လို့ မော်လို့၊ တို့ရွာမှာအလှု ရှိတယ်ပေါ့။
            ခြေင်းလက်ခင်း သာတဲ့အချိန်၊  လယ်သိမ်းပြီးလို့ စပါးပေါ်ချိန် ပဲပေါ်ချိန် လှုကြတန်းကြ ဂုဏ်ယူကြတဲ့ အချိန်၊ လော်စပီကာသံလေး နာနာဖွင့်နိုင်တဲ့ ရွာက အလှုအတန်း လုပ်နိုင်တဲ့ရွာပေါ့၊ လှုနိုင်တန်းနိုင်တဲ့ ရွာပေါ့။ ရွာတို့ ထုံးစံ အလှုရက်က တပတ်ဆယ်ရက်၊ အလှုရက်မတိုင်ခင်ကတည်းက လော်စပီကာ စဖွင့်သည်။ ရွာသားတွေ အကြိုက် စက်ဆရာကလည်း သိသည်။ သီချင်းဖွင့်မည်၊ နေ့လည်နေ့ခင်းဆိုက သက်ကြီးဖိုးဖွားတွေ ကျောဆန့်ချိန်၊ သူတို့အကြိုက် ဇာတ်ထုတ်တွေ ဖွင့်သည်။ အဖိုးအဖွားတို့ကလည်း ကျောလေးခင်း မျက်စေ့လေးစင်းကာ ကောင်းလိုက်တဲ့ ဇာတ် ၊ ကျေနပ်လို့၊
             လော်စပီကာကို ရွာရဲ့ အမြင့်ဆုံး အပင်ပေါ်ချိတ်ပြီး စက်ဆရာက လိုသလို ချိန်ဆကာ လွှင့်တာဖြစ်သည်။ တရွာနှင့်တရွာက အဝေးကြီး၊ လယ်ကွင်းတွေကို ဖြတ်ကာ အခြားရွာက ခပ်သဲ့သဲ့ကြားရမည်၊ ပင်တိုင်ရွာကတော့ တရွာလုံး စိတ်ကြိုက် နားထောင်ပေရော့၊ ဘယ်မလဲ လော်စပီကာ အသံမုန်းတဲ့သူ၊ လော်စပီကာကို ပိတ်ပေးပါပြောတဲ့သူ၊ အသံဒဏ်မခံနိုင်လို့ ခဲနဲ့ပေါက်သူ တခါမှာ မကြားခဲ့ မရှိခဲ့ပါ။
             လွန်ခဲ့ နှစ်ထဲ လယ်ဝေးမြို့နယ်မှာရှိတဲ့ အမေ့ဇာတိရွာကို အလည်သွားကြစဉ်က အမေကြီးတို့အိမ်ဝိုင်းထဲ မဝင်ခင် မျက်နှာချင်းဆိုင် အိမ်ဝိုင်းထဲက ဆောင်းဘောက်စ်သံ ဆူဆူညံညံ အသံကိုကြားရလေသည်။ သီချင်းဖွင့်ထားတာ ဘာသီချင်းမှန်းကို မသိရလောက်အောင် ကွဲအက်နေသည့်အသံ ထွက်သည်။ သီချင်းသံဟုပင် မထင်ရ တဝုန်းဝုန်း အသံသာထွက်နေလေသည်။ ငယ်ငယ်ကတည်းက မကြာခဏ အလည်ရောက်ဖူးတိုင်း အလှုရှိတဲ့ရက်ကလွဲလို့ တရွာလုံး တိတ်တိတ်ဆိတ်ဆိတ် နေကြတဲ့ ဓလေ့ရှိတာမို့ " အိမ်ရှေ့ဝိုင်းက အလှုရှိလို့လား" မေးမိရာ ဘာအလှုမှမရှိဘူး၊ နေ့နေ့ညည သိပ်ဆူတယ်၊ အဲလိုချည်း ဖွင့်နေတော့တာပဲတဲ့ အဖြေရသည်။ လူတွေကလည်း တခြားကပြောင်းလာ၊ မရင်းနှီးတော့ မပြော၊ ပြောပြန်က ရန်ပြုမှာဆိုးလို့ ကျိတ်မှတ်နေရတဲ့ ဒုက္ခက မသေး၊ အနှစ်သုံးလေးဆယ်အတွင်း ပြောင်းလဲသွားတာ လူတွေက ဆူညံသံတွေ ဖန်တီးလာတာ ဖြစ်သည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်သည့် အကျင့်တွေ ဖြစ်လာသည်။
            မြို့ပေါ်ကျပြန်တော့ ရပ်ကွက်အသီးသီးမှာ လော်စပီကာကို မနက်(၄)နာရီကတည်းက စဖွင့်သည်တဲ့၊ အကြောင်းကတော့ ဘာသာရေးပါပဲ၊ ဒါပေမယ့် နိစ္စဒူဝ ဆူညံလာတော့ လက်ခံတာ လွဲကုန်သည်။ လက်မခံချင်တာတွေ ဖြစ်လာသည်။ အနှေးယာဉ်တွေ ကားတွေဖြင့် အသံကုန် လိုက်အော်တာ ရှိသေးသည်။ လော်စပီကာ ဆိုတဲ့ အမျိုးက အသံကုန်ကြားနိုင်အောင် ရပ်ကွက်အတွင်းနေတဲ့သူတွေ သိအောင် အော်ပြောရတာ မှန်ပေမယ့် ၊ အသုံးပြုပုံလွဲနေတော့ လူတွေ ရဲ့ ချဉ်ဖတ် ဖြစ်သွားရတာ ဖြစ်မည်။ တိုက်နား လမ်းနား ရောက်မှ ရုတ်တရက် စက်ဖွင့်ပြီး အော်တာက ရှိသေးသည်။ နှလုံးရောဂါ ရှိသူ၊ ကျန်းမာရေး မကောင်းသူ၊ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ အိပ်နေက ရုတ်တရက် လန့်နိုးသော် ဘယ်လောက် အထိတ်တလန့် ဖြစ်မည်နည်း၊ လော်စပီကာက တန်ဘိုးရှိပါသည်။ သူ့ကို မသုံးပဲ နေလို့ မရတဲ့ အလုပ်တွေ ရှိပါသည်။ သို့သော် တန်ဘိုးတည့်အောင်၊ နားခံသာအောင် သုံးတတ်ဖို့ လိုနေတာဖြစ်သည်။ အဓိကကတော့ လူတွေပါပဲ။
                    ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာ ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊ ဈေးတိုင်းမှာ လော်စပီကာ ရှိပါသည်။ အမြဲလိုလို တပ်ထားတာဖြစ်သည်။ သို့သော် အမြဲလိုလို ဖွင့်ထားတာ မရှိပါ။ သူ့ကို လိုတဲ့ အချိန်မှာ သုံးတာ ဖြစ်သည်။ သုံးတာတောင်မှ လော်စပီကာသုံးစရာရှိလို့ သုံးတာပဲ ဆိုကာ ဂွီဂွီဂေါ်ဂေါ် အသံတွေ ဆူညံပြီး စက်ကို ကလိနေတာမျိုးကို မိုက်ဖွင့် မသုံး။ လုပ်စရာရှိတာ ချိန်ဆပြီးမှ ၊ အခြားလူတွေ မကြားအောင် လုပ်ပြီးမှ မိုက်ဖွင့်သုံးတာဖြစ်သည်။ ရုတ်တရက် လော်စပီကာအသံထွက်လာပြီး လန့်ဖြန့် မသွားအောင် သီချင်းအေးအေးကို ဖြေးဖြးညင်ညင်သာသာ စဖွင့်သည်။ ကြားရသည့် ရပ်ကွက်သူရပ်ကွက်သား၊ လမ်းသူလမ်းသားအပေါင်းက " ဟော ရပ်ကွက်က လော်စပီကာဖွင့်တယ်၊ ဘာများ ပြောမလို့ပါလိမ့်၊ ဘာကိစ္စရှိပါလိမ့်" သေသေချာချာ နားစိုက်ထောင်ကြရသည်။
 ရပ်ကွက်အတွင်းက မိဘညီအကိုမောင်နှမများခင်ဗျား ဆေးရုံကဆရာဝန်တွေ မျက်မှန်လာလုပ်ပေးပါမယ်၊ အသက်(၄၀) နဲ့အထက်တွေ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာကို လာကြပါ၊ ဒါမှမဟုတ် ခြင်ဆေး၊ ပိုးဟတ်နှိမ်နင်းဖို့ ဆေးတွေ ဝေပါမယ်၊ ဒါမျိုး၊ တခါတလေ ဒီနေ့က ဘာနေ့ထူးနေ့မြန်မို့ အပင်လေးတွေ ဝေပါမယ်၊ စိုက်ပျိုးဖို့ အပင်ပေါက်လေးတွေ ရပ်ကွက်ရုံးမှာလာယူနိုင်ပါတယ်၊ တခါတလေ ခွေးတွေ ကာကွယ်ဆေး ထိုးပေးမှာမို့ ကိုယ့်အိမ်ကခွေးတွေ ဆေးလာထိုးဖို့ ဘုန်းကြီးကျောင်းကို ဘယ်အချိန်လာကြပါ ဒီလို ကြေညာတတ်သည်။
၂၀၁၁ခုနှစ် ထိုင်းနိုင်ငံတဝှမ်း ရေကြီးစဉ်က ရပ်ကွက်တွေမှာ လော်စပီကာနေ ရေမှတ်ဘယ်ကို ရောက်နေပါပြီ။ ရေကြီးနိုင်ပါတယ် စသဖြင့် ကြေညာပေးနေပြီး ရပ်ကွက်ထဲကို ရေဝင်လာတော့မယ့် နေ့မှာ ဒီနေ့ ရေတက်လာမှာ ဖြစ်တဲ့ အကြောင်း ကြေညာလို့ အချိန်မီ နေရာ ပြောင်းကြရသည်။ တချို့ နှစ်ထပ်တိုက်တွေက အပေါ်မှာ နေလို့ ရတဲ့အတွက် မပြောင်းပဲ အပေါ်ထပ်မှာပဲ နေခဲ့ကြတဲ့အခါ လော်စပီကကနေပဲ တာဝန်ရှိသူတွေက အချိန်နဲ့အလိုက်  စားစရာ၊ သောက်ရေ၊ ဆေးဝါး ဝေနေတဲ့ အကြောင်း  ရေဘေးသင့်သူတွေ သိအောင်  ကြေညာပေးကြလေသည်။
             နောင်လည်း  မြစ်ရေတက်ချိန်ဆိုက ရပ်ကွက်ထဲ ဘယ်အချိန်ကြေညာမလဲ နားစွင့်ကြရသည်။ ကြေညာသံမကြားရက စိတ်အေးရသည်။
             ယခုလို သာမန်အချိန်မှာပင် အလှုအတန်းရှိက အလှုခံသည့်အကြောင်း ဘယ်နေရာမှာ လှုနိုင်ကြောင်း၊ အလှုပြီးက ဘယ်သူကဘယ်လောက် ငွေစာရင်းရွတ်ပြတာ (၁၅) မိနစ်အပြင် ပိုမကြာ ပြီး ပိတ်ထားလိုက်တာ ဖြစ်သည်။ နံနက်(၈)နာရီ တကြိမ်၊ ညနေ (၆)နာရီ တကြိမ် ရေဒီယို၊ ရုပ်မြင်သံကြားကနေ နိုင်ငံတော်သီချင်း ထုတ်လွှင့်ပေးရာ အဆိုပါ လမ်း၊ ရပ်ကွက် ကျောင်း ဈေးတွေရဲ့ လော်စပီကာကနေ နိုင်ငံတော်သီချင်းသံထွက်လာက ဈေးထဲလျှောက်နေသူ၊ လမ်းလျှောက်နေသူ လူအပေါင်းက ခေတ္တငြိမ်သက် အလေးပြုကြတာ ဖြစ်သည်။  လော်စပီကာကို စနစ်တကျဖြင့် အသုံးတည့် အောင် သုံးလို့ ရပါသည်။ သုံးလည်း သုံးရမည်သာ ဖြစ်သည်။
           ချင်းမိုင်က အကြီးဆုံး ဈေးကြီး ဖြစ်သည့် " ကာဒ်လုံ" ဈေးမှာ လော်စပီကာတွေ များစွာရှိသည်။ သို့သော် ဆူညံမနေပါ၊ မနက်စောစော တရားခွေ ဖွင့်တာ ကြားရသည်။ တရားသံကို ဈေးတွင်းကြားနိုင်အောင်ဖွင့်ပေးထားပြီး အသံကြားအေးချမ်းနေသည့် အနေအထားသာဖြစ်သည်။ ဈေးပိတ်ကာနီး  ဈေးသယ်ဈေးဝယ်တွေ အပြင်ထွက်ပေးဖို့ လော်စပီကာကနေ အသိပေးတာ ဖြစ်သည်။ အချင်းချင်း သတိပေးသလို တိုးတိုးသက်သာ သာ၊ မခံနိုင်အောင် အတင်းကုန်းအော်သည့် လေသံနှင့် အသံ( Tone) မမြင့်၊ မအော်၊ သတိပေးရုံသက်သက်၊ ရောင်းလို့မပြီးသူတွေ သတိတရ လော်စပီက အသံထွက်တာနှင့် ဈေးပိတ်ချိန် ရောက်ပြီ သိမ်းမှ ဆိုပြီး တန့်လှန့်ရုံသာ။ နှင်ထုတ်သလို နင်းကန် ဖွင့်ပြောတာမဟုတ်၊
              ရန်ကုန်၊ စမ်းချောင်းမှာ နေစဉ်က အလှုခံလာတာ  မလှုတဲ့အခန်းကို မော့်ကြည့်ပြီး လောစပီကာနဲ့ အဆက်မပြတ် အော်အော် နေတာ ၊ စောင်းသလို ချိတ်သလိုဖြင့် အလှုဒါနနဲရင် ဘယ်လိုဖြစ်မှာ ပြောဆိုကြတာ သတိရမိသေးသည်။ ဒါက ရုတ်တရက် ရပ်ကွက်ထဲ လှည့်လာတဲ့ လော်စပီကာအဖွဲ့၊ ပင်တိုင် လော်စပီကာဖွင့်တာက သတ်သတ် ရှိသည်။ အိမ်ရဲ့ အနောက်ဖက်မှာ ဟံသာဝတီဘူတာသို့ ဆင်းသည့် လမ်းကလေးရှိသည်။  အထက်ကြည့်မြင်တိုင်လမ်းကတဆင့် သွားရသည့် ဘတ်စ်ကားဂိတ်တွေရှိသည်။ ဒါ့ကြောင့် အဆိုပါ လမ်းကလေးမှာ လူသွားလူလာများသည်။ ဘူတာဘက်ကို ဆင်းတဲ့ တက်တဲ့ လမ်းကလေးဘေး ကုက္ကိုပင်အောက်မှာ အလှုခံမဏ္ဍပ်ရှိသည်။ လော်စပီကာက အဆိုပါ ကုက္ကိုပင်ပေါ်မှာ၊ မနက် (၄)နာရီထိုးတာနှင့် ဘွန္တော သဗုရိသသူတော်စင်အပေါင်းတို့ အစချီကာ ဖွင့်သည်။ ဒီဘက် ရပ်ကွက်က ဝန်ထမ်းတွေဆိုတော့ သူ့အသံကြားတာနှင့် အိပ်ယာထကြရလို့ အဆင်ပြေသည်။ အိမ်ရှင်မတို့ တနေ့တာ စကြရပြီ။ သူကတော့ သီချင်းသံတွေ ဆူညံအောင်မဖွင့်၊ ဥပသကာ အဘိုးကြီးတယောက်က နေ့စဉ် ဘုရားရှစ်ခိုးနှင့် ဇာတ်တွေ ပင်တိုင် ရွတ်တာဖြစ်သည်။ တယောက်ထဲ ပင်တိုင်ဆိုတော့ " ကွက်စိပ်" ဟောသလို နားထောင်လို့ အကောင်းသား၊ ဒါပေမယ့် ခက်တာက သူက မိုက်ကို လက်ကမချ၊
"  ဒီလိုနဲ့ သောနုတ္ထိုမုဆိုးကြီးဟာ....  ဟော လာပါပြီခင်ဗျ  သဒ္ဒါထက်ထက်သန်သန်နဲ့ကို ရောက်လာတဲ့ လူငယ်ကလေးခဗျာ့ ဘယ်လောက်လှုမလဲ မသိ အိတ်ကို နှိုက်နေတုန်းပေါ့ဗျာ ဟော တစ်ရာ ခင်ဗျ တစ်ရာ လှုပါမယ်တဲ့ နာမည်လေးပြော လိပ်စာကရော ..." စတဲ့ မေးမြန်းတုန်းကိုပဲ မိုက်ကမလွတ် ကြေညာနေတော့တာ ၊ နောက်ဆုံး သာဓု သာဓု သာဓု သုံးကြိမ်ကနေ ဆုတောင်းပေးလိုက်တာ နောက်လူလာမှရပ် ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ဟာ ဝါတွင်းသုံးလသာ ကုန်ရော ဇာတ်မသိမ်းနိုင်သေး၊ ဝါတွင်းသုံးလပြီးလို့ ဆွမ်းသိမ်းပွဲ တရက် ပြီးတာနဲ့ နောက်ရက်ကစ ကထိန်အတွက် အလှုဆက်ခံ ဆိုတော့ ဒီလော်စပီကာက အသံက နားယဉ်လို့ပင်နေလေသည်။ အခုခေတ် လော်တွေထက်စာရင် သူက ဆူဆူညံညံ အသံမဖြစ်ပဲ တယောက်ထဲ ပြောဟောနေတော့ နားခံသာတယ် ပြောရမည်၊ တခါတလေ ဇာတ်တော်ထဲ မပါပဲ သူဖာသာထည့်ပြောတဲ့ အကြောင်းတွေ ကြားရတဲ့အတွက် မီးဖိုချောင်မှာ ချက်ရင်းပြုတ်ရင်း ရယ်ရတာတွေ ရှိသည်။
                လော်စပီကာကို အသုံးပြုတာမှာ စနစ်တကျနဲ့ ပတ်ဝန်းကျင်အနှောင့်အယှက် မဖြစ်အောင် သုံးလို့ရတာပဲ ဖြစ်သည်။ သုံးခွင့်ရသူတွေက လက်ထဲ မိုက်ကရိုဖုန်းရောက်သည်နှင့် ပြောချင်တာတွေ ပြော၊ စက်ဆရာကလည်း မလိုအပ်ပဲ အသံကုန်တင် ကွဲအက် စူးရှ နားမခံသာတဲ့ အဖြစ်မျိုး တွေ မလုပ်ကြဖို့ လိုတာတော့အမှန်ပင်၊ ရပ်ကွက်ထဲ လှည့်တာမျိုး၊ ဖွင့်တာမျိုးက ပိုလို့ပင် ဆင်ခြင်ရပေမည်၊ ရုတ်တရက် စက်ဖွင့်လိုက်လို့ လူအများ လန့်သွားမလား ကိုယ်ချင်းစာ စိတ်မွေးဖို့လိုလေသည်။  လော်စပီကာဖွင့်ရသည့် အကြောင်းနှင့် ဆူညံနေတဲ့ သီချင်းသံတွေ ဖွင့်ရတာ ကိုက်ရဲ့လား တွေးခေါ်စဉ်းစားတတ်ဖို့လည်း လိုသေးသည်။ တရားခွေ ဖွင့်ထားတာ တရားရွတ်နေတာပဲ ဆိုကာ ရှိသမျှအသံနှုန်း တင်ထားဖို့လည်းမလိုပေ။ လူအိပ်ချိန်၊ အများသူငါ အနားယူချိန်၊ ကျောင်းသားတွေ စာကြည့်ချိန်၊ စာမေးပွဲအချိန် စသဖြင့် အသိတရားကိုယ်စီဖြင့် လော်စပီကာကို သူ့နေရာနဲ့သူ တန်ဘိုးရှိရှိ အသုံးပြုနိုင်ကြမယ်ဆိုရင်ဖြင့် လော်စပီကာအသံ ယောင်လို့တောင် မကြားချင်ဆိုသည့် အဖြစ်မျိုး မရောက်နိုင်ပါ၊ လိုအပ်လို့ အသုံးပြုပြီး စနစ်တကျ တန်ဘိုးရှိရှိ အသုံးချကြပါက  လော်စပီကနေ တို့တတွေ ဘာတွေသိရမလဲလို့ လူအများက မျှေ်လင့်လာသည့် အခြေအနေသို့ပင် ရောက်လာနိုင်ပါသေးတော့သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment