October 9, 2016

၁၀ရက်အောက်တိုဘာ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၉)မှ

" ငွေလမင်းလား .......      စမ်းရေလား "

                             
               နေပြည် တော်၊ သင်္ဂဟဟိုတယ်မှာ  ကျင်းပတဲ့ "၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ အသေးစိတ် သုတေသန စာတမ်း( ၃) စောင် ထုတ်ပြန်ခြင်း အခမ်းအနား" မှာ ထုတ်ပြန်တဲ့ အချက်အလက် သတင်းတွေ ထွက်လာပြီး  ပြည်သူတွေအကြား အပြန်အလှန်ပြောကြတာတွေ ကြားရတော့သည်။ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း စတဲ့ စာတမ်းသုံးစောင်ထုတ်ပြန်လိုက်တာမှာ အရွယ်ရောက်သူ အမျိုးသမီးတွေ အိမ်ထောင်ပြုနှုန်းကျဆင်းတာကိုလည်း  ဆွေးနွေးသွားရာ လူမှုကွန်ယက်မှာ အပြန်အလှန်ပြောကြ၊ ရေးကြ၊ ဝေဖန်ကြ ဖတ်ပြီး  " နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်ဘူးလို့ သတ်မှတ်လို့မရဘူး၊ မီးဖိုချောင်ထဲမှာ ထမင်းချက်ေ
နတဲ့ အိမ်ရှင်မလည်း နိုင်ငံရေးလုပ်နေတာပါပဲ" ဆိုတဲ့ ၂၀၁၀ခုနှစ် မှာ နေအိမ်အကျယ်ချူပ်က လွတ်လွတ်ချင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားတချို့ကို သတိရမိလေသည်။
                              
     အိမ်ထောင်သားမွေးအလုပ်က လူ့အဖွဲ့အစည်းအတွင်းက လူတဦးချင်း၊ မိသားစုတစုအတွင်း အရေးလို့ ထင်ရပေမယ့် တကယ်တန်းကျ နိုင်ငံ့အရေးလည်း ဖြစ်လေတော့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဂျပန်နိုင်ငံမှာ ဒီလို စစ်တမ်းမျိုး ထွက်လာဖူးပြီး သက်ကြီးရွယ်အို ဦးရေ များပြားလာကာ အရွယ်ရောက်ပြီး  အိမ်ထောင်မပြုသည့် လူဦးရေလည်း အလွန်များပြားနေသည်တဲ့၊ အဖြေရှာတော့ အရွယ်ရောက်လူငယ်တွေ ပညာနှင့်အလုပ်အကိုင် ရှာဖွေနေရတဲ့အတွက် ဖြစ်သည်တဲ့၊  ထိုင်းနိုင်ငံမှာလည်း လူဦးရေ စစ်တမ်း ထွက်လာတာမှာ လူငယ်မျိုးဆက်သစ်တွေ မရှိတော့မှာ စိုးရိမ်ရတဲ့ အထိ ကလေးမွေးဖွားနှုန်းကျဆင်းနေတာ တွေ့ရတယ်လို့ ထုတ်ပြန်တာ ဖတ်ရသည်။ မွေးဖွားနှုန်းကျဆင်းလာက  အနာဂတ်မှာ လူငယ်ဦးရေနည်းသွားပြီး သက်ကြီးပိုင်းတွေချည်း ဖြစ်လာမှာ စိုးရိမ်နေရပြီလို့ သိရလေသည်။ မြန်မာပြည်ကတော့ အရှေ့တောင်အာရှမှာ အိမ်ထောင်မပြုသည့် အမျိုးသမီး ရာခိုင်နှုန်းမြင့်တက်မှု ဒုတိယလိုက်သည်တဲ့။
                              အမျိုးသမီးတွေ အိမ်ထောင်ပြုမှု နည်းမှတော့ ကလေးမွေးဖွားနှုန်းကျတယ်ဆိုတာ ဓမ္မာတာ၊ ဒါ့အပြင် အိမ်ထောင်ပြုတဲ့ အမျိုးသမီးတွေအဖို့လည်း သားသမီး ယူဖို့ စဉ်းစားတာမှာ ရှေးကလို ဘုရားပေးတဲ့  ရတနာလို့ ရတိုင်းမယူနိုင်ကြတော့ပေ၊ စီမံကိန်းဖြင့် သားသမီးယူကြရသည်။ မွေးတာလွယ်သည် ကျွေးတာခက်သည်၊ ပညာသင်ရတာ ပိုတောင်ခက်သည်လို့ ပြောကြတာများတော့ ရှေးက ဒါဇင်နှင့်ချီမွေးကြသည့် မိဘဘိုးဘွားများကို အားနာစရာ၊ တဖြည်းဖြည်းနှင့် မွေးရတာပင် မလွယ်တော့တဲ့ အခြေအနေဆိုတော့ သားသမီးတယောက်မျှပင် မယူကြသည့် အခြေသို့ ဆိုက်ကုန်တော့သည်။ မိသားစုစီးပွားရေးကနေ နိုင်ငံစီးပွားရေးအထိ သက်ဆိုင်လာပြန်လေသည်။ မိသားစုတဦးချင်းစောင့်ရှောက်မှု
ကနေ နိုင်ငံတော်က ပြည်သူတွေအပေါ်စောက်ရှောက်နိုင်မှု အဆင့်အတန်းကိုပါ ပြနေတာဖြစ်သည်။
                        လွန်ခဲ့သည့် နှစ်ပေါင်း(၆၀) ကာလအတွင်း ပြည်သူတွေက ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတြာ
ဖစ်သည်။ အစိုးရက ပြည်သူအပေါ်စောင့်ရှောက်တာ ဘာမှမရှိ၊ အနှီးပိတ်စကိုပင် ကလေးမွေးပြီးမှ ထောက်ခံစာနှင့် သမဝါယမဆိုင်က ထုတ်ယူရတာဖြစ်သည်။ " အူဝဲ" ဆိုအမေ့ဝမ်းက ကျွတ်တာနှင့် အနှီးကတန်းပတ်ရတာဖြစ်သည်။ ဒီတော့ ကိုယ့်ဖာသာဝယ်၊ အပြင်က မှောင်ခိုဈေးနှင့် ဝယ်ရတာဖြစ်သည်။ မှောင်ခိုဈေးကွက်မှာ ပစ္စည်းရှိပြီး အစိုးရဆိုင်ကျ ကိုယ်တာနှင့်ရောင်းတာဖြစ်သည်။ နို့မှုန့်ဆိုက ကလေးကို သန်းခေါင်စာရင်းထဲထည့်ပြီး သန်းခေါင်စာရင်းပြမှ ရောင်းပေးတာဖြစ်သည်။  ကလေးတနှစ်လောက်မှ အစိုးရထံက  နို့မှုန့်စရသည်။ ဒီလို အခက်အခဲတွေကြားက ကျမရဲ့  အမေတို့ တကျိပ်မွေးနိုင်ခဲ့သေးသည်။ အဲဒီအမေတို့ခေတ်မှာ သားဆက်ခြားရေး ပညာပေးတွေ ပေါ်လာပြီး  မိသားတစုမှာ သားသမီး (၅)ယောက်၊ (၆) ယောက်သာ အလွန်ဆုံး မွေးကြတော့သည်။ အမေ့အမေတို့ခေတ်မှာ ဘာအတားအဆီးမှ မရှိ၊ သိလည်းမသိ၊ သားသမီးဆိုတာ ရတနာ ဆိုကာ မွေးကြတာ အချို့များဆို (၁၃)ယောက်တဲ့၊ တဒါဇင်တောင်ကျော်သေးသည်။ အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းရင်း  ကြီးကြသည်။ ပညာရေး စီးပွားရေး လှုမှုရေး စီမံကိန်း ဘာမှ မတွက်ကြ၊
                ကိုယ်တို့ခေတ်ကျ တယောက်နှုန်း၊ တယောက်ဆိုတော်ပြီ၊ ဒီတယောက်ကိုပဲ လူတလုံးသူတလုံး ဖြစ်အောင် ပြုစုလိုက်တော့မယ်ဆိုတဲ့ အဖြစ်တွေ ရောက်လာသည်။ အဓိကက စားဝတ်နေရေးပါပဲ၊ နောက် ရှေ့ရေးနောင်ရေး ပညာရေး၊ စားရိတ်စားက ကြီးမြင့်လာပြီး အစိုးရရဲ့ ပြည်သူအပေါ် ထောက်ပံ့မှု မရှိတဲ့ စနစ်ကြောင့် ကိုယ့်အားကိုယ်ကိုးရတာမို့ ကလေးတယောက် ယူဖို့ ကုန်ကျစားရိတ်ကို မိဘတွေ တွက်ချက်လာရသည်။
             ကိုယ်ဝန်စဆောင်ကတည်းက မိခင်ကလေးစောင့်ရှောက်မှု ဆိုတာ မရှိ၊ ကိုယ့်ဖာသာ စောင့်ရှောက်ရမည်၊ ဆေးရုံပြတာ၊ ဆရာဝန်ပြခ၊ ဆေးဝါးစားရိတ် တွက်ရပြီ။ မွေးဖွားသည့် ကုန်ကျစားရိတ်တွက်ရပြီ၊ မွေးပြီး စောင့်ရှောက်ဖို့ ဝန်ထမ်းဖြစ်က ကလေးကို ထိန်းဖို့ စုံနဖာစီအောင် များပြားသည်။ ဒါကကလေး ပိစိပဲရှိသေးသည်။ ကြီးလာပါက ကျောင်းထားရမည်၊ ဝန်ထမ်းဖြစ်က ကြိုပို့မလုပ်နိုင်၊ ကျောင်းကားက၊ ကျောင်းစားရိတ် ၊ တဖြည်းဖြည်း အတန်းကြီးလာသည့်အခါ သိန်းနှင့်ချီသော ပညာသင်ကြားရေးစားရိတ် စသဖြင့် ကြုံတွေ့ရတာတွေ  ကြုံရသူက လက်ဆင့်ကမ်းရင်း နောက်လူတွေ မြင်တွေ့ရင်း ကလေးယူဖို့ တွန့်ကုန်တာဖြစ်မည်။ နောက်ပိုင်း အိမ်ထောင်ပြုပြီး သားသမီး မယူသူတွေရှိလာသည်။ ထိုကတဆင့် အိမ်ထောင်ပြု ပြီး အတူနေဖို့ နေစရာ အိမ်၊ အိမ်ငှားခတွေကြီးမြင့်တာ၊ အိမ်ငှားဆိုလို့ တလောကတင် ကာတွန်းတကွက်မှာ မြန်မာလူမျိုးမှန်ရင် အိမ်ပိုင်မရှိပါဘူးကွဲ့ဆိုတဲ့ ကာတွန်းပင် သတိရမိသေးသည်။ အာဏာရှိသူတွေက သူတို့ပိုင်ဆိုင်တဲ့ အိမ်တွေ မြေတွေ များလွန်းလို့ မှတ်တောင်မမှတ်မိဆိုတဲ့ကလာမှ ပြည်သူတွေက နေစရာအိုးပိုင်အိမ်ပိုင်မရှိ၊ နိုင်ငံရေးစနစ်ဆိုးကို ကြုံခဲ့ရတာ အခုတိုင် ရှင်းမရနိုင်တဲ့အဖြစ်၊  တအိုးတအိမ်ထူထောင်ဖို့ ငွေကြေးအင်အားက အဆမတန်၊ အိမ်ငှားခတွေက မြင့်၊  ၊ ဒီတော့ အိမ်ထောင်မပြုသူတွေများလာ။
နှစ်ပေါင်းကြာလာတော့ အခုလို လူဦးရေလျှော့ကျ၊ အိမ်ထောင်မပြုပဲနေသူများလာ  ဖြစ်လာတာပင်၊ နိုင်ငံရေးတွေပါလာတာပေါ့။
                အိမ်ထောင်မကျသည့် အမျိုးသမီး ရာခိုင်နှုန်းမြင့်တက်မှုနှင့်အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာတာကြောင့် အဆိုပါကိစ္စမှာ တိုင်းပြည်၏ အနာဂတ်နှင့်ပါ သက်ဆိုင်နေသဖြင့် လူဦးရေ ထိန်းညှိနိုင်ရန် “လူဦးရေမူဝါဒ” တရပ်ကို ရေးဆွဲ ပြဌာန်းရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြင်ဆင်လျက်ရှိတယ်လို့ စစ်တမ်း ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောသွားသည်။
           " သူတို့ မွေးခိုင်းတိုင်းမွေးရမလား။ ဘယ်သူကကျွေးမှာလဲ၊ သူတို့ယူခိုင်းတိုင်းယူရမလား" စတဲ့ ကောမန့်တွေနဲ့ အတူ အမျိုးသမီးတွေရဲ့ဘဝ၊ အိမ်ထောင်သည်တွေရဲ့ ရင်ဖွင့်သံ မျိုးစုံကို  လူမှုကွန်ယက်မှာ ဖတ်ရသည်၊ အများပြောကြတာကတော့ စားဝတ်နေရေးကိစ္စတွေပါပဲ၊ မွေးဖွားနှုန်းကျဆင်းတာကတော့ သမရိုးကျ တွက်ကြည့်တာနှင့်ပင် သူတို့ ကောက်ယူထားသည့် စစ်တမ်းနှင့်ကိုက်သည်။ အမေက အခု အသက်(၇၃)နှစ်၊ အဲဒီကာလအပိုင်းနှင့် တွက်သော် အဖွားတို့ ခေတ်က မိခင်တယောက်ကို သားသမီး(၁၀)ယောက်၊ အမေတို့ခေတ်မှာ တအိမ်ထောင် သားသမီး(၅)ယောက်သာယူကြသည်။ ကိုယ်တို့ခေတ်မှာ တယောက်သာ ယူကြတာ များသည်။ အချို့  နှစ်ယောက်၊ အချို့  သုံးယောက် ယူကြတာ အနည်းအကျဉ်းရှိသေးသည်။   အားလုံးခြုံသော် မိခင်တယောက်ကို (၃)ယောက်နှုန်း မွေးကြသေးသည်။ ယခုနောက်ပိုင်းကတော့ စစ်တမ်းအရ နှစ်ယောက်ခွဲနှုန်း ဖြစ်နေသည်တဲ့၊ ဒါက ကျေးလက်ဒေသမွေးဖွားနှုန်းက ခြောက်ယောက်၊ ခုနှစ်ယောက် ရှိနေလို့ ဖြစ်သည်တဲ့။

''အမျိုးသမီးတစ်ယောက်က ပျမ်းမျှကလေးနှစ်ယောက်ခွဲနှုန်းမွေးနေပါတယ်။ မြန်မာနိုင်ငံက အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလယ်အလတ်အနေအထား မှာရှိနေတယ်။ လေ့လာချက်တွေအရ ဆယ်စုနှစ်တစ်စုမှာ ကလေးတစ်ယောက် နှုန်း မွေးနှုန်းကျလာတယ်။ အခုလက်ရှိ နှစ်ယောက်ခွဲအထိကျလာတယ်။ အဲဒါ ဟာ အမျိုးသမီးတစ်ယောက် ကလေးမွေးနှုန်းက အမျိုးသမီးအားလုံးကို အခြေခံ ပြီးတွက်တာပါ။ အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေကို အခြေခံပြီးတွက်တဲ့ အခါမှာတော့ ကလေးမွေးနှုန်းက ငါးယောက်ဖြစ်သွားပါတယ်။ မြို့တော်တော် များများနဲ့ ပညာတတ်အသိုင်းအဝိုင်းတွေမှာ ကလေးမွေးနှုန်း နည်းလာတာတွေ့ရပေမယ့် ကျေးလက်ဒေသတွေမှာတော့ ခြောက်ယောက်၊ ခုနစ်ယောက်ထိမွေးပါတယ်။ ဒါကြောင့် ကလေးမွေးနှုန်းကျတယ်ဆိုတာက ကိုယ့်နိုင်ငံအနေအထားနဲ့ နှိုင်းယှဉ်ရင်တော့ ကျလာတာမှန်ပါတယ်။ အာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်တော့ ဒီလောက်ကြီးမကျပါဘူး''ဟု ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
            ကျေးလက်ဒေသက မိခင်တွေကြောင့် နှစ်ယောက်ခွဲနှုန်း ဖြစ်သွားတာ ဖြစ်နိုင်သည်။ တဖန် ကျေးလက်ဒေသက မိခင်တွေကျ မိသားစုစီမံကိန်းတွေ၊ သားဆက်ခြားရေး ပညာပေးတွေ လုပ်ကြရပြန်သည်တဲ့။ တရက်က ကျောင်းမှာ အစည်းဝေးလုပ်ရင်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလူဦးရေအကြောင်း စကားစပ်မိကြသည်။ အဲဒီကမှတဆင့် ထိုင်းမှာလည်း လူဦးရေ မွေးဖွားနှုန်းတွေ ကျလာတာ ပြောမိကြတာမှာ ထိုင်းဆရာမက " ကလေးမွေးဖွားနှုန်းတွေ ကျမှာပေါ့ နည်းပညာတွေ တိုးတက်လာတယ်၊  အိုင်ဖုန်းတွေ အိုင်ပက်တွေ ဂိမ်းတွေ ပေါ်လာတော့ ညလည်း တော်တော်နဲ့ မအိပ်ကြဘူး" တဲ့
အဲဒီကနေ စလိုက်တာ မြန်မာပြည်ကျေးလက်ဒေသမှာ  သားဆက်ခြားရေးပညာပေးတင်မက လျှပ်စစ်မီးလင်းရေးအထိ ရောက်ကုန်တော့သည်။ 
            အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး နောင်ပြင်နိုင်ရန် ခက်သည့်အမျိုး  စကားအတိုင်းပြင်နိုင်ရန်ခက်ခဲသမို့ စဉ်းစားတာ ထားပါတော့၊ သားသမီးယူဖို့ အရေးပင် စဉ်းစားလာကြရတာ ဖြစ်သည်။ တကယ်က မိသားစုသိုက်သိုက်ဝန်းဝန်း ကြီးပြင်းကြက ပျော်စရာပေါ့။ ဒါပေမယ့် အများစုက ပျော်စရာကနောက် ခက်ခက်ခဲခဲ ဖြတ်သန်းရသည့် ဘဝတွေကို တွေးရင်းမောကြကာ စီမံကိန်းတွေ ပြောင်းကုန်တာဖြစ်သည်။ ကလေးတယောက်ထဲရှိက မိဘတွေမရှိတဲ့အချိန် ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖော်သဟဲ မရှိမှာတွေးမိကာ (၃)ယောက်တိတိ ယူခဲ့သော ကျမကို သတ္တိခဲကြီးပမာ လာရောက်ချီးကျူးစကားပြောသူပင် ရှိခဲ့ပါသည်။ ထိုဦးလေးကြီးနှင့် သူ့အမျိးသမီးတို့က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် သားလေးတယောက်ကို ဘယ်ထားရမှန်းမသိ၊ အလုပ်ကအပြန် ကလေးထားကို ပို့ထားရသည့် အိမ်ကို သွားကြိုရတာတမျိုး  ကလေးကကျောင်းပိတ်ရက် မိဘတွေအလုပ်က ပိတ်ရက်မဟုတ်လို့  အလုပ်ကို ကလေးတန်းလန်းနဲ့ ခေါ်လာရသည့်အတွက် အဆင်မပြေတာတွေ ပြောကြရင်း အလုပ်တဖက်နဲ့  ကလေးသုံးယောက်မိခင်ကို အံ့ဩချီးကျူးလေတော့သည်။ သူတို့မှာ နေရေးထိုင်ရေး စီးပွားရေး ပြည့်စုံသူတွေ ဖြစ်သည်။ သို့သော် သားသမီးမွေးပြီး မိဘရင်ခွင်မှာ သေသေချာချာ စောင့်ရှောက်ဖို့ အချိန်မပေးနိုင်သည့်အတွက် တယောက်နဲ့တင် တော်ပါပြီ ဖြစ်လေတော့သည်။ ဒါမျိုးတွေလည်း  တော်တော်များများ ကြုံရတာပဲဖြစ်သည်။ မွေးနိုင်ပါသည်။ ကြွေးနိုင်ပါသည်၊ ထိန်းဖို့ အချိန်မရှိတာပါ ဆိုတာလည်း ရှိသည်။ လူတကိုယ် တမျိုးစီ အဆင်မပြေကြတာတွေ ရှိလာသည့် လူမှုပတ်ဝန်းကျင် ဖြစ်လာတာက အဓိက အချက်ပင် ။
                           ပညာရှင်တွေကတော့ ကလေးမွေးဖွားနှုန်းကျဆင်းတာ၊ ကလေးသူငယ်သေဆုံးမှုနဲ့ အမျိုးသမီးတွေအိမ်ထောင်ပြုနှုန်း ကျဆင်းတာ၊ အမျိုးသားတွေ သက်တမ်းတိုတာ စသဖြင့် လေ့လာသုံးသပ်ပြီး လူဦးရေမူဝါဒ ချမှတ်ကြမယ်လို့ ဆိုကြသည်။ "
" အိမ်ထောင်မရှိသူ အပျိုကြီးများသည် လွတ်လပ်မှုကို နှစ်သစ်၍ ဖြစ်စေ၊ ပညာနှင့်အလုပ်အကိုင် ရှာလို၍ ဖြစ်စေ အိမ်ထောင် မပြုကြ သော်လည်း ၄င်းတို့ အသက်အရွယ် ကြီးရင့်လာပြီး မှီခိုစရာ အသိုင်းအ၀ိုင်း မရှိသည့်အခါ ထိုအမျိုးသမီးများကို မည်ကဲ့သို့ ဆောင် ရွက်ပေးရမည်ကို စဉ်းစားရန် လိုအပ်လာမည်ဖြစ်ကြောင်း" ထည့်သွင်းပြောထားရာ သားသမီးမွေးဖွားလာသည့်အခါ မွေးဖွားလာသည့် ကလေးရဲ့ အနာဂတ်အတွက် အစိုးရက မည်သို့မည်ပုံ တာဝန်ယူတယ်ဆိုတာတွေ ရှိလာက လူဦးရေတိုးလာနိုင်စရာ အကြောင်းရှိလေသည်။
ထိုင်းနိုင်ငံမှာပင် သားသမီးမွေးဖွားပြီးက လုပ်ငန်းခွင်ပြန်ဝင်ဖို့အတွက် ကလေးကို အဖိုးအဖွားတွေလက်ထဲ အပ်ထားရတာ၊ ကလေးထိန်းကျောင်းတွေပို့ရတာ၊ အိမ်အကူခေါ်ရတာ စတာတွေ ရှိလာသည်။ တိုးတက်လာသည့် လူနေမှုစနစ်နှင့်အညီ  လူတိုင်းအလုပ်လုပ်ပြီး မိသားစုဝင်ငွေရအောင် လုပ်ကြရသည်။ အမျိုးသမီးတွေ အိမ်မှာပဲ နေရသည့် အခြေအနေမျိုးမဟုတ်ကြတော့ပေ။  ကလေးတယောက်မွေးက ထောက်ပံ့ကြေးမည်၍မည်မျှ ပေးပါတယ်ဆိုတဲ့ တိုင်းပြည်တွေမှာတောင် ကလေးမယူနိုင်သည့် အခြေအနေတွေ ရှိနေဆဲဖြစ်သည်။
                    ဆွေစဉ်မျိုးဆက်၊   ဆွေမျိုးအသိုင်းအဝန်းနှင့်  မိသားစုအသိုင်းအဝန်းဆိုတာကို ဂုဏ်ယူစရာ၊ နွေးထွေးစွာ ပြုစုပျိုးထောင်ကြသည့် ၊ မိသားစုသံယောဇဉ် ထားတတ်ကြသည့်  မြန်မာလူမျိုးတွေပင် မိသားစုပုံစံမပျက်အောင် ကျားကန်ကြရင်းက လူဦးရေ မွေးဖွားနှုန်းတွေ ကျဆင်းနေပြီ။
  " သမီးလေးတဲ့ စမ်းရေပေါ့  ကြင်နာသူရယ် မွေးဖွားခဲ့ ရင်မှာလေတကယ်ပဲ အေးသွား ..." သံသရာစမ်းရေ သီချင်း၊ "

 မေ့သားကြီးရင် ဘာလုပ်မလဲ မေးတော့ ပြုံးယောင်ယောင် ဂီတသမားလုပ်မလား မေးတော့  ပြုံးယောင်ယောင်" မေ့သားမောင် သီချင်း

" ကမ္ဘာကြီးထဲ ဘယ်သူ ဘယ်အရာမှ နှိုင်းမရ ရင်ထဲကရတနာတပါး  အို အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား၊ သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ ရင်မှာ စိမ့်စမ်းရေအလား စီးဆင်းနေ ဒီမေတ္တာ.........." ဆိုတဲ့ တုနှိုင်းမဲ့မေတ္တာ
" အရယ်အပြုံးများနဲ့ အကြည်ဆုံးမျက်နှာလေးတွေ ငွေလမင်းလား စမ်းရေလား နှလုံးသားမှာ ညီမျှမေတ္တာ ဘဝမှပျော်တယ်  ဆွဲလဲသံလား တေးသံလား သားတို့သမီးတို့ စကားချိုတယ် ဖေဖေကြီးမှာ စိတ်ချမ်းသာပါတယ်........................."  ဖေဖေကြီးကိုချစ်တယ် သီချင်း
ဒီလို သီချင်းတွေ ပေါ်လစီသီချင်း၊ မူဝါဒဆိုင်ရာသီချင်းတွေ  မဟုတ်ပါ၊ သားသမီးဆိုတာ ရတနာ ဆိုတဲ့ ချစ်ခြင်းမေတ္တာဖွဲ့ သီချင်းတွေသာ ဖြစ်နေမှာပါ၊ လူဦးရေမူဝါဒကို ချမှတ်ရာမှ အိမ်ထောင်ပြုရေး၊ ကလေးမွေးဖွားရေးတွေထက် မိသားစုတွေ၊ နိုင်ငံသူနိုင်ငံသားတွေ ဘဝကို ဘယ်လို ဖြတ်သန်း ရုန်းကန်နေရသလဲ ဆိုတဲ့ အချက်ပေါ်မှာစဉ်းစားပြီး နိုင်ငံသူနိုင်ငံသားတွေ အတွက် ဖြည့်ဆည်းပေးနိုင်ပါမှ နိုင်ငံတော်အတွက်လိုအပ်တဲ့ အရင်းအမြစ်တွေ ပေါ်ထွက်လာမှာကတော့ သေချာလေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment