August 27, 2017

" ဘယ်ဆီကိုရောက်ရောက် ဘယ်လောက်ပဲဝေးဝေး "၂၈ရက် ဩဂုတ်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၃)


လူမှုကွန်ရက်မှာ ဓါတ်ပုံတပုံတွေ့လိုက်ရသည်။ မြို့ပတ်ရထားပေါ်မှာ လူနှစ်ယောက်အရက်သောက်နေတဲ့ပုံ၊ လူနှစ်ယောက်မှာ လူငယ်တွေ မဟုတ် အသက်အရွယ်အားဖြင့် အနည်းလေး လေးဆယ်အထက်လို့ မှန်းလို့ရသည်။ အတော်လေး စိတ်ဓါတ်ရင့်ကျက်နေရမည့် အရွယ်တွေ ဖြစ်သည်။ သူတို့ မြို့ပတ်ရထားပေါ်က ခုံတန်းပေါ်မှာ အရက်ပုလင်းထောင်ပြီး အရက် သောက်နေကြသည်။ ဓါတ်ပုံကို စာသားနဲ့ အတူ တွဲတင်ထားရာ " မြို့ပတ်ရထားပေါ်မှာ စည်းမဲ့ကမ်းမဲ့ လွတ်နေတဲ့ပုံ တာဝန်ကျ ရဲလည်း ရှိတယ် အရေးမယူဘူး ဒါလား ဒီမိုကရေစီ၊ တခါတခါ မြန်မာနိုင်ငံက လူတချို့ကို ကြည့်ပြီး စိတ်ကုန်တယ်၊ လွဲနေတယ်ဗျာ လွဲနေတယ်၊ ခြံထဲမှာပဲ မနေနဲ့ ခြံပြင်လည်း ထွက်ကြပါ၊ သူတပါးတိုင်းပြည်မှာ ဘယ်လိုနေထိုင်ပြောဆို လုပ်ကိုင်စားသောက်လဲဆိုတာလေ့လာပါ" တဲ့ သူ ရေးထားတာ ဖတ်မိပြီး ဒီနှစ်အစမှာ စာသွားသင်ရင်း ရောက်ခဲ့ရသည့် ချင်းမိုင်မြို့ပြင်က မြန်မာဆောက်လုပ်ရေး အလုပ်သမားတွေ နေထိုင်သည့် camp စခန်းဆီက မြင်ကွင်းကို မြင်ယောင်မိလေသည်။
ကျမ စာပြနေတဲ့ ကျောင်းကနေ ပရိုဂရမ်အသစ်တခုကို ဒီစာသင်နှစ်မှာ စပါသည်။ ကျမတို့ကျောင်း တနည်းအားဖြင့် ဖောင်ဒေးရှင်းရဲ့ အဓိက ရည်မှန်း ထားရာက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ဖို့ အလုပ်ခွင်နဲ့ ပညာရေးကြား ပညာရေးတံတား ထိုးပေးပြီး လျှောက်လှမ်းနိုင်သည့် အစီအစဉ် ဖြစ်သည်။ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြသည့် လူငယ်အများစု ရှိကြသည်။ အချို့မှာ စာကောင်းကောင်း မသင်ခဲ့ရသလို အချို့ကတော့ အလယ်တန်း၊ အချို့ကတော့ အထက်တန်းအထိ တက်ရောက်ခဲ့ကြပြီး ကျောင်းပညာကို ဆက်လက်သင်ယူခွင့် မရရှိတော့ပဲ ဝမ်းရေးအတွက် တဖက်နိုင်ငံကို ရောက်လာကြသည်။ အချို့က မိမိရပ်ရွာမှာ စစ်ဘေးကြောင့် ဘယ်လိုမှနေမရတဲ့ အတွက် စွန့်စားကာ တဖက်နိုင်ငံအသီးသီးကို ထွက်လာကြသည်။ ထိုလူငယ်တွေ ထဲကမှ ကျောင်းပညာကို အလုပ်တဖက်ဖြင့် သင်ယူကြရင်း တက္ကသိုလ်အဆင့်အထိ လှမ်းနိုင်ကြသူများ ရှိလာပြီဖြစ်သည်။ ကျောင်းကနေ တဆင့် ထိုင်းတက္ကသိုလ်အသီးသီးတက်ရောက်ပြီး ဘွဲ့ရသွားသည့် လူငယ် ဆယ်ဂဏန်းပင် ရှိလာပြီဖြစ်သည်။ တက္ကသိုလ်တက်ဆဲက (၇၆) ယောက် ရှိသေးသည်။ ယခုနှစ် စာသင်နှစ်မှာ စတဲ့ အစီအစဉ်ကတော့ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို ရောက်လာတဲ့အခါ ကလေးဘဝကနေ ရွှေ့ပြောင်းပါလာပြီး ထိုင်းကျောင်းမှာ ပညာဆက်သင်၊ ထိုင်းစကားသာ ပြောတတ် ထိုင်းလိုသာ ရေးတတ်ဖတ်တတ်ဖြစ်နေသည့် မြန်မာကလေးတွေအတွက် မြန်မာဘာသာစကားကို ရေးတတ် ဖတ်တတ်အောင် သင်ကြားပေးဖို့ ဖြစ်သည်။
တကယ်တန်း အဆိုပါ လူငယ်ကလေးတွေနေသည့်နေရာက မြို့ပြင်မှာ ရှိတာမို့ ကျောင်းရှိရာ နေရာသို့ စာလာသင်ယူဖို့ မဖြစ်နိုင်ပါ။ တနေ့လုံး ကျောင်းတက်ပြီး ကျောင်းဆင်းချိန်မှာ နောက်တခု ထပ်တက်ဖို့ တော်ရုံဇွဲဖြင့် မရနိုင်ပါ။ သို့သော် မြန်မာပြည်သားများပီသပါပေသည်။ ကျောင်းက ပြန်ရောက်သည်နှင့် သူတို့ကို လာသင်ပေးသည့် ရှမ်းဘာသာ၊ မြန်မာဘာသာတို့ကို အားတက်သရော သင်ယူကြလေသည်။ အဓိက ရည်ရွယ်ထားတာ လူငယ်တွေ ဖြစ်သည့်အတိုင်း အသက် ( ၁၅)နှစ်မှ အထက် ဖြစ်ရာ အချို့ကလေးများမှာ အသက်( ၅)နှစ်ကနေ (၁၀) နှစ်ဝန်းကျင်ပေမယ့်လည်း မြန်မာစာသင်လိုကြရာ သင်ပေးရလေသည်။ အဆိုပါကလေးတွေက သူတို့မိဘတွေ ထိုင်းနိုင်ငံကို ရောက်ပြီးမှ မွေးကြသည့် ကလေးတွေ အများစု ဖြစ်ကြလေသည်။ ချင်းမိုင်မှာ ရှိတဲ့ အိမ်ယာဆောက်လုပ်ရေးမှာ နာမည်ကျော် ဆောက်လုပ်ရေး လုပ်ငန်းကြီး တခုဖြစ်သည့် "ကန်ကနုတ်" ဆိုသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာပြည်သား အလုပ်သမားတွေ များစွာ ရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းက လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်နေရရာ အလုပ်သမားများကို အိမ်ယာဆောက်လုပ်နေသည့် ပတ်ဝန်းကျင်က သူဌေးပိုင် မြေမှာ ခေတ္တနေထိုင်ခွင့်ပေးထား သည်။ ၎င်းတို့အတွက် အလုပ်သမားလိုအပ်သည့် ပြဿနာမဖြစ်အောင် အလုပ်သမားများကို တစုတည်း စုဆောင်းထားသည့် သဘောဖြစ်သည်။
အဆိုပါ အလုပ်သမားများမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရင်း စုရပ်အဖြစ် အဆိုပါ ကမ့်မှာ နေထိုင်လာရာ (၁၀) နှစ်ကျော်လာပြီ ဆိုလေသည်။ အိမ်ယာအသစ်များ ထပ်မံဆောက်လုပ်သည့်နေရာက အနည်းငယ် လှမ်းသည့် နေရာသို့ ရောက်သွားသော်လည်း နေထိုင်ရာ ကမ့်ကနေ ကားတွေဖြင့် စုဝေးသွားရောက်ပြီး လုပ်ကိုင်ကြ၊ ညနေ အလုပ်သိမ်းသည့်အခါ ကြိုပေးသည့် အလုပ်သမားကားတွေဖြင့် ပြန်လာကြဖြင့် ကမ့်တွေမှာ ဆက်လက်ပြီး နေထိုင်ခွင့်ရနေကြတာ ဖြစ်သည်။ သို့ဖြစ်ရာ အသက်(၁၆)နှစ်အရွယ် ရှိသည့် ကလေးဆိုက သူ(၆)နှစ်အရွယ်က မိဘတွေနဲ့ အတူ မြန်မာပြည်ကနေ ပါလာတာလို့ မှန်းလို့ရသလို၊ အသက်( ၇) နှစ် ရှစ်နှစ်ခန့် ရှိသည့် ကလေးဆိုက အလုပ်သမားကမ့်ကို ရောက်ရှိပြီးမှ မွေးကြတာလို့ ခန့်မှန်း၍ ရလေသည်။ အားလုံးသော ကလေးတွေကတော့ မြန်မာစကားလုံးဝ မပြောတတ်ကြတော့ပေ။
အဆိုပါ ကလေးတွေမှာ ချင်းမိုင်မြို့ပြင်မှာ ရှိသည့် အလုပ်သမား ကမ့်မှာ နေထိုင်ရရာ သူတို့ ဆီအရောက် သွားရောက်သင်ပေးနိုင်မှ အဆင်ပြေသဖြင့် မိုဘိုင်းပညာရေးစနစ်ကို စတင်ဖြစ်ခဲ့လေသည်။ မြို့တွင်းကနေ (၁၄) ကီလိုမီတာ ခန့်ဝေးသည့် အဆိုပါ နေရာကို ကားဖြင့် နာရီဝက်နီးပါး သွားရလေသည်။ ကလေးတွေကလည်း အားတက်သရော ပညာသင်ယူလိုကြလေသည်။ နေထိုင်ရသည့် အလုပ်သမားကမ့်မှာ မိသားစု (၉၆) စုရှိသည်တဲ့၊ လမ်းမြေက ရွှံမြေ၊ တွင်းတွေ ချိုင့်တွေ များစွာရှိသည်။ လမ်းခင်းပေးမထားပါ၊ အိမ်ယာမဟုတ်သည့်အပြင် ခေတ္တနေဖို့ ပေးထားပြီး လုပ်ငန်းပြီးက ရွှေ့ရမှာမို့ အတည်တကျ သတ်မှတ်ထားတာမဟုတ်၍ဖြစ်သည်တဲ့။ ခေတ္တ နေဖို့ ထားသည့်နေရာမှာ ကိုယ့်မြန်မာပြည်သားတွေက ဟန်ကျပန်ကျ ရှေ့နောက်ပူပင်မှုမရှိပဲ နေနေကြတာ ဖြစ်သည်။ သွပ်ပြားစတြွေ့ဖင့် မိုးကာ ထားသည့် မြေစိုက် အခန်းကလေးတွေမှာနေကြသည်။ ဘုံ အိမ်သာ၊ ဘုံရေချိုးတဲ့နေရာ စသဖြင့် ရှိသည်။ အရွယ်ရောက်လာသည့် မိန်းကလေးတွေနေရာကနေ သူတို့ လုံခြုံမှု ရှိကြရဲ့လား တွေးနေမိသည်။ အဆိုပါအလုပ်သမားကမ့်ထဲကို ဝင်လိုက်သည်နှင့် မျက်နှာစာတန်းမှာ ဘုံဆိုင် ( အရက်ဆိုင်) ကို တန်းကနဲ မြင်ရသည်။ အလုပ်သမားတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ပြန်လာကြသည်နှင့် အရက်ဆိုင်ထိုင်ကြသည်။ အချို့က အလုပ်သမားတွေ တင်လာသည့် ကားပေါ်ကနေ ဆွဲချနေရပြီ။ အိမ်ပြန်ရောက်လို့ ရောက်မှန်းပင်မသိ၊ အလုပ်ခွင်မှာကတည်းက သောက်လာကြပြီ။ ပင်ပင်ပန်းပန်းလုပ်လို့ရသည့် ငွေတွေမှာ တန်ဘိုးတွေကမနဲ၊ သူတို့ ဒါတွေကို စဉ်းစားမိရဲ့လားမဆိုနိုင်၊ သူတို့ ပတ်ဝန်းကျင်ဘေးမှာ နံရံအမြင့်တွေ ကာရံထားသည့် ဗီလာ( အိမ်ယာ) တွေကို လက်ညှိုးထိုးပြပြီး ဒါတွေ သူတို့ဆောက်ခဲ့တာပေါ့ ဆိုကြသည်။ လှပပြီး တန်ဘိုးရှိသည့် အိမ်တွေကို ဆောက်လုပ်ပေးကြပြီး သူတို့ကတော့ ဗွက်တွေ ရွှံ့တွေထဲ လူဖြစ်ရုံနေနေကြရလေသည်။
တရက် စာသင်ဖို့ အသွား ကားရှင်းသဖြင့် နာရီဝက်ခန့် စောရောက်သွားသည်။ စာသင်ဖို့ လုပ်ပေးထားသည့် အဆောင်လေးက သုံးထပ်သားအဟောင်းတွေကို ကြမ်းခင်းလုပ်ထားပြီး တဖက်ပိတ် ဝါးထရံကာလေး ရှိသည်။ စာသင်ရတာ လေတဖြူးဖြူးတော့ ရသည်။ အဆိုပါ ပေါက်ပြဲ ယိုင်နဲ့နေသည့် ဇရပ်လိုအဆောင်မှာ ဘုရားကျောင်းဆောင်လေးနှင့် ဘုရားဆင်းတုတော် တဆူရှိသည်။ ဒီလိုမြင်ရပြန်တော့ မဆိုးပါဘူးလို့ ကောက်ချက်ချမိသည်။ အဆိုပါ စောရောက်သွားသည့်နေ့က အဲဒီအဆောင်ပေါ်မှာ လူစုလူဝေးကို လှမ်းတွေ့လိုက်သည်။ စနေနေ့ ဖြစ်၍ အလုပ်ပိတ်ရက်ဖြစ်ရာ အလုပ်သမားတွေ အစည်းဝေး ဒါမှမဟုတ် ဆွေးနွေးပွဲ တခုခု လုပ်နေသလား တွေးရင်း အဆောင်အထိ လျှောက်သွားမိသည်။ အမျိုးသမီး အမျိုးသား နှစ်ဆယ်ကျော်ခန့် ရှိသည်။ အားလုံး ခေါင်းတွေ လည်ပြန်ကြည့်ပြီး တိုးတိုး တိုးတိုး စကားတွေ ပြောနေတာ မြင်မှ သူတို့ ဝိုင်းနေသည့် မြင်ကွင်းကို သေချာတွေ့ရတော့သည်။ ဖဲဝိုင်း နှစ်ဝိုင်း၊ အမျိုးသားတွေရော အမျိုးသမီးတွေပါ ဖဲရိုက်နေကြတာဖြစ်သည်။ ဆရာမလာတာ မြင်တော့ ဖဲချပ်တွေ ကပျာကယာ ကောက်ယူပြီး အလျိုအလျို ထွက်သွားကြသည်။ အချို့လည်း အတူပါသည့် ကလေးတွေကို ငေါက်ငန်းရင်း အချို့က ဘတ်(၂၀)တန်ကလေးကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်လို့ မချင့်မရဲ ထွက်သွားကြလေသည်။
အဆောင်ပေါ် ကျန်ခဲ့သည့် ဆေးလိပ်တို ဆေးလိပ်ပြာ၊ အချိုရည်ဘူးခွံအချို့ မုန့်ထုတ်သည့် အိတ်အခွံတွေ ဟိုတစသည်တစ စတာတွေကို ကြည့်ရင်း ကိုယ့်လူမျိုးတွေ ဘယ်နေရာရောက်ရောက် ဘယ်နေရာ နေနေ နေချင်သလို နေကြတာ၊ စည်းလွတ်ဝါးလွတ် နေချင်တာ၊ ပရမ်းပတာ နေချင်ကြတာ စတာတွေ တောင်စဉ်ရေမရ တွေးနေမိသည်။ သူတို့မှာ မြန်မာပြည်ကနေ အခြေအနေအရပ်ရပ်ကြောင့် သူတပါး တိုင်းပြည် လာရောက် အလုပ်လုပ်နေကြသော်လည်း ကိုယ့်ဘဝကို ပြောင်းလဲအောင် တိုးတက်အောင် စိတ်ကူးမှ ရှိပါလေစ၊ ကိုယ့်အတွက်သာမက ကိုယ့်သားသမီးတွေ ရှေ့ရေး တွေးကြည့်ကြပါရဲ့လား ၊ သူတို့ ပြောနေကြတာ မြန်မာပြည်မှာ ဘာမှ မပြောင်းလဲသေးလို့ သူတို့လည်း ပြန်မရသေး ဆိုတာပင်၊ ပြောင်းလဲတယ်ဆိုတာ သူများက လာပြီး ပြောင်းလဲပေးရတာလို့ ထင်နေဟန်တူသည်။ ကိုယ်ကစလို့ ကိုယ့်မိသားစု အားလုံး ကောင်းသော အနေအထားတခုကို တဖြည်းဖြည်း ကျင့်ယူ ပြောင်းလဲပေးရမှာ၊ သူတို့ ဘဝတွေကို ကိုယ်တိုင် အရင်ဆုံး ပြောင်းလဲရမှာ မေ့နေကြဟန်တူသည်။ ဘဝပေးအခြေအနေအရ ဆင်းရဲကြပေမယ့် သန့်သန့်ရှင်းရှင်း စည်းကမ်းတကျ နေထိုင်တတ်တာကတော့ လူတဦးချင်း အမူအကျင့်နှင့်သာဆိုင်သည်။ ရသည့်လုပ်အားခကို ဖဲရိုက် အရက်သောက်ဖို့ သုံးလိုက်သည်ဆိုတာထက် ဖဲရိုက် အရက်သောက်သည့် အလုပ်ကို လွတ်လပ်၍ လွယ်လွယ်လုပ်နေကြသည့် ပုံစံမျိုးဖြစ်နေသည်။ လွတ်လွတ်လပ်လပ် နေထိုင်ရတာ ဒီမိုကရေစီအခွင့်အရေးမဟုတ်၊
" တကယ့် ဒီမိုကရေစီရဖို့ဆိုတာ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ စိတ်ဓာတ်တွေ မွေးမြူနိုင်မှရမှာ။ ဒီလိုမွေးမြူနိုင်မှ ကျွန်မတို့ရဲ့ ဒီမိုကရေစီကလည်း တည်တံ့ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ စိတ်ဓာတ်တွေကို ပြုပြင်ဖို့လိုပါတယ်။ အင်္ဂလိပ်လိုပြောရရင် mindset ပေါ့နော်။ ကိုယ့်ရဲ့ အတွေးအခေါ်၊ အမြင်၊ အနေအထား၊ ရပ်တည်မှုအားလုံးပေါ့။ ဒါတွေကို မပြုပြင်ဘဲနဲ့ ဒီမိုကရေစီကို နိုင်ငံအတွက် အကျိုးရှိအောင်လုပ်လို့ မရပါဘူး။ ဒီမိုကရေစီ ဆိုတာ အခွင့်အရေးတွေပါလာပါတယ်။ "
ဩဂုတ်လ (၁၁)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန့်ခွန်းပြောကြားသည့် စကားထဲက ဒီစကားစုလေးကို သေချာ ပြန်သတိရမိလေသည်။ အဲဒီနေ့ကပဲ အစီအစဉ်ကြေညာသူ အမျိုးသမီးက အတိုင်ပင်ခံပုဂိုလ်ကို အမှာစကားပြောပေးဖို့ ကြေညာပြီးတဲ့နောက် လက်ခုပ်တီးပြီး ကြိုဆိုဖို့ ပြောတာမှာ အတိုင်ပင်ခံပုဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမျိုး သူမကြိုက်တဲ့အကြောင်း စကားမပြောခင် ထည့်ပြောသွားလေသည်။ အဆိုပါ အမျိုးသမီးလေးမှာ ပတ်ဝန်းကျင်လေ့လာမှု အားနည်းတာပဲလား၊ ဒီလို ကိစ္စတွေဟာ ပြောင်းလဲပစ်ရမယ်ဆိုတာ မသိလေသလား၊ ဒီလို အကြောင်းအရာတွေကို နိုင်ငံတော်အဆင့် အခန်းအနားမှာပင် ပြောင်းလဲရမှန်းမသိကြသေးတာ တွေ့မြင်နေရလေသည်။
အကျင့်ပါနေသည့် မကောင်းသည့် အမူအကျင့်တွေကို တဖြည်းဖြည်း ပြောင်းပစ်နိုင်မှ တယောက်ချင်းကနေ တအိမ်ထောင်၊ တအိမ်ထောင်ကနေ တရပ်ကွက်၊ တရပ်ကွက်ကနေတမြို့ ၊ တနိုင်ငံ အဆင့်ဆင့် ကောင်းသောအနေအထားကို ရောက်မှာဖြစ်လေသည်။
" တချို့တွေက ဒီမိုကရေစီအခွင့်အရေးတွေကို အပြုသဘောဆောင်တဲ့ပုံစံ၊ အပေါင်းလက္ခဏာဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြပါတယ်။ တချို့တွေကတော့ ဒီလိုမဟုတ်ဘဲ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဏာ ဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ ဘယ်သူတွေက ဘယ်လို့သုံးစွဲနေတယ်ဆိုတာတော့ ပြည်သူပြည်သားတွေက သိမယ်လို့ ထင်ပါတယ်။ တချို့က နိုင်ငံမှာ ဒီမိုကရေစီ မရှိခဲ့တာ အင်မတန်ကြာခဲ့လို့ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေဟာ ဒီမိုကရေစီနိုင်ငံရေး နားမလည်ဘူးလို့ ထင်ကြပါတယ်။
ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ၊ အုပ်ချုပ်ရေးစနစ်အရ၊ နားမလည်တာရှိနိုင် ပါတယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေဟာ မှန်ကန်မှုနဲ့ မမှန်ကန်မှု ကိုတော့ ခွဲခြားပြီး မြင်တဲ့သူက များပါတယ်။ ဒါကြောင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဟာ မှန်ကန်တဲ့ ပုံစံနဲ့သွားနေသလား၊ မသွားဘူးလားဆိုတာ အသိဆုံးကတော့ ပြည်သူပြည်သားတွေပါပဲ။ မှန်ကန်တဲ့ပုံစံနဲ့ သွားရင်တောင်မှ အားလုံးဟာ ချက်ချင်း လက်ငင်း ကောင်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နေရာတိုင်းမှာလည်း အောင်မြင်မှု ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဖက်ဖက်က ကြိုးစားရ ပါတယ်။ တချို့ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမြင်တစ်ခုတည်းနဲ့ပဲ မြင်ပါတယ်။ တစ်ဖက်ကနေပဲ မြင်ပါတယ်" တဲ့
လူမှုကွန်ယက်တွေမှာ တနေ့တပုဒ် မကောင်းရေးပေး၊ ဆဲပေးလို့ အခကြေးငွေတွေ ရယူထားသလား ထင်ရအောင် ပုံမှန် မကောင်းထိုင်ပြောနေသည့် လူတန်းစားတွေ ရှိသည်။ ထိုအထဲမှာ အမတ်ဟောင်းတယောက်မှာ အဆိုးဆုံးဖြစ်သည်။ အပြုသဘောဆောင်သည့် လက္ခဏာ တစုံတရာမရှိပဲ မီးကုန်ယမ်းကုန် ဒီမိုကရေစီအခွင့်အရေးကို အနုတ်လက္ခဏာဆောင်တဲ့ဘက်က သုံးစွဲနေတာဖြစ်သည်။ သူလဲ အသိပညာရှိပေမယ့် လွတ်လပ်ခြင်းကို တလွဲသုံးတဲ့ ပညာရေနိမ့်ပါးတဲ့ အလုပ်သမားတွေနဲ့ အတူတူပင်၊ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ ကိုယ်ကစလို့ ခက်ခဲသည့် ဘဝအခြေအနေကနေ စားဖို့ နေဖို့ ရတဲ့အခိုက်အတန့် နောင်အနာဂတ်အတွက် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်အောင် လွတ်လပ်ခြင်းအရသာကို တန်ဘိုးရှိရှိ အသုံးချကြစေလိုပါသည်။ ဘယ်နေရာမှာပဲနေနေ ဘယ်ဆီကိုပဲရောက်ရောက် လွပ်လပ်ခြင်းကို စည်းမဲ့ကမ်းမဲ့ တလွဲ သုံးနေသ၍ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်လာမှမဟုတ်တာသေချာလေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment