လူ့ဘဝဆိုတာ
လူရယ်လို့ ဖြစ်လာကတည်းက တစ်ယောက်နဲ့တစ်ယောက် မတူကြသလို ဘဝရပ်တည်ရတာတွေကလဲ ကွာခြား ကြပါတယ်။ ရွှေလင်ပန်းနဲ့
အချင်းဆေးပြီး ငွေဇွန်းကိုက်ကာ ကြီးပြင်းခဲ့ရသူများ ရှိသလို အများသူငါ သူလိုငါလို လျှာက်လှမ်းရတဲ့
လမ်းကို ဆန်ရေမှာ တက်ထိုးလှော်ခပ်ရသလို မိမိရဲ့ လုံ့လဝီရိယ ရှိသမျှ စွမ်းအားတွေ ထုတ်သုံးမှ
ရယူရတဲ့သူများလည်း အများအပြား ရှိကြပါတယ်။ အဲဒီလို ရုန်းကန် ထိုးထွက်ရသူတွေထဲမှာပဲ
တစ်ချို့ကြတော့ ရည်မှန်းချက်က သွေဖည်ပြီး လမ်းစတွေ ပျောက်သွား ကြသလို တစ်ချို့ကလည်း
လမ်းဆုံးအောင် အားမစိုက်တော့ပဲ ဆက်မလျှောက်ကာ အရှုံးပေးသူတွေလည်း ရှိကြပြန်ပါသေးတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးစက်ကျရာ အရုပ်ထင်ဖို့ ကိုယ့်ကိုယ်ကို အရုပ်ဆွဲ ပုံဖော်နေကြသူများကို
တွေ့ရတဲ့အခါ ကြည်နူးပီတီ ဖြစ်စွာ ဂုဏ်ယူစွာ အလေးအမြတ်ပြုဖြစ်ရပါတယ်။ ကိုယ့်နိုင်ငံရဲ့
ခေတ်စနစ်ကြောင့် စားဝတ်နေရေး အတွက်သာမက ပညာသင်ကြားရေးမှာပါ ခါးကျိုးသလို တပိုင်းပြတ်ဖြစ်ရမယ့်
အခြေအနေကနေ ရည်မှန်းချက်ထားကာ ကြိုးစားရုန်းကန်ခဲ့ရတဲ့ ကျောင်းသူလေးအပါအဝင် မြန်မာလူမျိုး
ဖြစ်တယ်ဆိုတာ သိပေမယ့် မြန်မာပြည်ကို မရောက်ဖူးခဲ့ရတဲ့ ကျောင်းသူလေးတွေလို မြန်မာလူမျိုး အတော်များများ ရှိနေကြတာကို သိခဲ့ရပါတယ်။
ထိုင်း- မြန်မာနယ်စပ်ဒေသက
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့သားသမီးတွေ။ စစ်ဘေးရှောင်ပြီး ရောက်နေကြတဲ့
ဒုက္ခသည် စခန်းတွေက ကလေးတွေ အတွက် ဖွင့်လှစ်ထားတဲ့ ရွှေ့ပြောင်းကျောင်းတွေ တစ်ရာကျော်ရှိပါတယ်။
အဲဒီ မြန်မာရွှေ့ပြောင်းကျောင်းများ ကနေ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ တက္ကသိုလ် အသီးသီးမှာ
ပညာဆက်လက် သင်ယူနိုင်ဖို့က မလွယ်လှသလို ကြိုးစားတဲ့ သူတွေအတွက် အစီအစဉ်တွေလည်းရှိပါတယ်။
ရွှေ့ပြောင်းကျောင်းတွေကနေ (၁၂) တန်းအောင်မြင်ပြီးရင် အခွင့်အလမ်းတစ်ချို့ရှိလာပါတယ်။ အမေရိကန်အစိုးရ အသိအမှတ်ပြု ဂျီအီးဒီ အောင်လက်မှတ်ရရှိဖို့အတွက်
ဂျီအီးဒီ စာမေးပွဲကို ဝင်ရာက်ဖြေဆိုရပါတယ်။
ဖြေဆိုဖို့အတွက် ရွှေ့ပြောင်းကျောင်းက ၁၂ တန်းအောင်တဲ့အထဲကမှ အရည်အချင်းစစ်ဆေးပြီး အောင်မြင်တဲ့
သူတွေကိုသာ ရွေးချယ်တယ်လို့ သိရပါတယ်။ ဂျီအီးဒီ စာမေးပွဲ ဝင်ရောက် ဖြေဆိုဖို့ အတွက်
ကျောင်းသားတွေဖက်က အချိန်ကာလ တစ်ခုအထိ လေ့လာ သင်ယူရပြန်ပါတယ်။ ဒီနေရာမှာ ကျောင်းသားရဲ့ ဝိရိယ( အားထုတ်မှု)၊ ဇွဲ
နဲ့ ကြိုးစားမှုတွေက များစွာပဲ အရေးပါလာတာကို တွေ့ရပါတယ်။ အလွတ်ကျက်မှတ်နည်းကို လုံးဝ
ကျင့်သုံးခြင်းမရှိတဲ့ မေးခွန်းပုံစံတွေကို ဖြေဆိုရပါတယ်။ စာမေးပွဲ အတွေ့အကြုံရှိတဲ့ ကျောင်းသူကျောင်းသားတွေကို မေးမြန်းကြည့်ရာမှာ တစ်ချိန်ထဲ
တစ်ပြိုင်ထဲ ဖြေရာမှာတောင် မေးခွန်းက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလို့ ပြောပြသလို ဆရာ
တစ်ယောက်ကလည်း GED စာမေးပွဲဖြေရင် ကြိုက်တဲ့ စာအုပ် အနားထားပြီး ဖြေလဲ ကိုယ်အမှန်တကယ်
လေ့လာထားခြင်း မရှိရင် အလကားပါပဲတဲ့။
မကြာမီ အချိန်ကမှ
GED ဖြေဆို အောင်မြင်ခဲ့တဲ့ ကျောင်းသူလေးတစ်ချို့ကို တွေ့ဆုံပြီး သူ့ရဲ့ အတွေ့အကြုံ
အချို့ကို သိခွင့်ရခဲ့ပါတယ်။ ပထမဆုံး တွေ့ဆုံစကားပြောဖြစ်သူကတော့
ခရစ်စတယ်မောင်ပါ။ ဒီကလေးမလေးကို ကျမနေတဲ့ အိမ်နဲ့
မလှမ်းမကမ်းမှာ လာရောက်နေကာစ ကတည်းက သတိပြုမိပါတယ်။ ကျောင်းကို အချိန်မီအောင် အပြေးအလွှား
သွားရင်းက ကျမကို တွေ့တဲ့အခါတိုင်း အပြုံးလေးနဲ့ နှုတ်ဆက်တတ်ပါတယ်။ အရပ်ရှည်ရှည် သွယ်သွယ်လျလျနဲ့
မျက်နှာလေးက အမြဲပဲ အေးချမ်းနေတတ်ပါတယ်။ သူ့ကို
ဘယ်အချိန်တွေ့လိုက် တွေ့လိုက် ညည်းညူ စိတ်ပျက်နေတဲ့ ဟန်အမူအယာကို တစိုးတစိမှ မတွေ့ရပါဘူး။
နောင်မှ တစ်ဆင့်စကားနဲ့ အဲဒီကျောင်းသူကလေးဟာ မဲဆောက် အခြေပြု ပညာရေး၊ကျန်းမာရေး လူမှုအခြေပြုအလုပ်တွေ
စွမ်းစွမ်းတမံ လုပ်ကိုင်နေတဲ့ မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်ရဲ့ သမီး ဆိုတာ
သိခဲ့ရပါတယ်။
နာမည်က ခရစ်စတယ်မောင်ပါ။ မိဘတွေကရောဆိုတော့ ဒေါက်တာစင်သီယာမောင်နဲ့ဦးကျော်ဟိန်းလို့
ဖြေရာမှာ ရုပ်ရှင်မင်းသား ကျော်ဟိန်းတော့ မဟုတ်ဘူးမှလားလို့ ကျမက ကျီစယ်တာကို အားပါးတရ
ရယ်ရင်းက ကျမတို့ တရင်းတနှီး စကားတွေ ပြောဖြစ်ပါတယ်။ ဇာတိက မဲဆောက် လို့ ပြောပြတဲ့
အခါ ကျမစိတ်ထဲ မအံ့ဩပေမယ့် အတွေးတွေက ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးအရေးတော်ပုံမှသည် တောတွင်း
ကျောင်းသားလှုပ်ရှားမှုများ အဲဒီကနေ မဲဆောက် မယ်တော်ဆေးခန်း စသဖြင့် လျှပ်ပျက်သလို ရောက်ရှိသွားတဲ့
အတွက် စိတ်ကို မူလနေရာ ပြန်ရောက်အောင် စုစည်းလိုက်ရပါတော့တယ်။ မြန်မာပြည်သား မိဘတွေက
မွေးဖွားပြီး ထိုင်းနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့ရပါတယ်။
မြန်မာပြည် ရောက်ဖူးသလားလို့ မေးကြည့်တဲ့အခါ ၂၀၁၂ခုနှစ် မှာ ပထဆုံး ရောက်ဖူးပါတယ်လို့
ပြောပါတယ်။ သူ့အသက် (၁၈) နှစ်အရွယ်ပေါ့လို့ တွက်လိုက်မိပါတယ်။
ကျောင်းစနေကတည်းက
မဲဆောက်မှာရှိတဲ့ CDC ကျောင်းမှာ မူလတန်းကနေ ၁၂တန်းပြီးဆုံးတဲ့ အထိ တက်ရောက်ခဲ့ပါတယ်တဲ့။
CDC ကျောင်းမှာ သင်ယူပြီးတဲ့နောက် GED စာမေးပွဲဖြေဆိုဖို့ လူရွေးချယ်ရာမှာ ဖြေဆိုနိုင်ခဲ့ပါတယ်။
ကျောင်းသားတိုင်းကို ဘာဖြစ်လို့ တက်ခွင့် မပြုသလဲဆိုတော့
အရည်အချင်းမပြည့်ရင် ဖြေဆိုနိုင်မှာမဟုတ်တာရယ်၊ ဘတ်ဂျက် အခက်အခဲတွေရယ် ကြောင့် ဖြစ်ပါသတဲ့။ မသေချာတဲ့ ကျောင်းသားတွေအတွက် အသုံးစားရိတ်တွေ အလကားဖြစ်မှာဆိုးလို့
ထင်ပါတယ်။ သူတို့ အသုတ်မှာတော့ ကျောင်းသား(၅၀) နီးပါး ဖြေဆိုရာမှာ (၁၅)ယောက် အရွေးခံရတာလို့ဆိုပါတယ်။
အဲဒီ အရွေးခံရတဲ့ ကျောင်းသားတွေဟာ CDC ကျောင်းရဲ့ ပံ့ပိုးမှုနဲ့ ချင်းမိုင်မှာရှိတဲ့
BEAM ကျောင်းမှာ ဆက်လက်တက်ရောက်ရပါတယ်။ BEAM ကျောင်းကနေ GED စာမေးပွဲအတွက် ကြိုတင်လေ့ကျင့်
ပြင်ဆင်မှုတွေ လုပ်အြ့ပီး ဝင်ရောက် ဖြေဆိုခဲ့ပါတယ်တဲ့။ အကြိုပြင်ဆင် သင်ကြားချိန်က ၁၀လနီးပါး
ကြာခဲ့ပါတယ်တဲ့။ တစ်ချို့ဆိုပါက တစ်နှစ်ကျော် နှစ်နှစ်နီးပါး လေ့လာ သင်ယူရပေမယ့် သူတို့ကျောင်းက
သင်ယူခဲ့ရတာတွေကြောင့် အမြန်ဆုံးပဲ ဝင်ရောက် ဖြေဆိုနိုင်ခဲ့ပါတယ်တဲ့။ အမှတ်တွေ ကောင်းတဲ့ အကြောင်းပြောမိတော့ ရယ်မောလို့သာနေပါတယ်။
အမေကရော ဘယ်လိုပံ့ပိုးမှုတွေ လုပ်ပေးသလဲလို့ မေးကြည့်တဲ့အခါ အမေက အလုပ်များသူဖြစ်ပေမယ့်
ပညာက အေ၇းကြီးတဲ့အကြောင်း ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ပညာကို ကြိုးစားဖို့ အမြဲ ပြောပြ
ဆွေးနွေးပါတယ်တဲ့။ မသိတာရှိရင်လည်း အမေ့ကို မေးလို့ရပါတယ်တဲ့။ တက္ကသိုလ်ဆက်တက်ဖို့ အစီအစဉ်ရှိပေမယ့်
လောလောဆယ် ဘယ်တက္ကသိုလ်ကို တက်မယ်ဆိုတာ မရွေးထားသေးပါဘူးတဲ့။ ကျောင်းမှာဖြစ်ဖြစ် ဆေးခန်းမှာဖြစ်ဖြစ်
အတွေ့အကြုံရအောင် ကူညီလုပ်ပေးမှာပါတဲ့။ တကယ်လုပ်ချင်တာကတော့ ကျောင်းသင်ခန်းစာတွေမှာ
မလိုလားတာတွေ၊ လိုအပ်တာတွေကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ အသိတွေကနေ ပြန်လည် ပြင်ဆင် ရေးဆွဲတာမျိုး
လုပ်ချင်ပါတယ်တဲ့။ ပညာရေးနဲ့ပတ်သက်ပြီး သုတေသနသဘောမျိုး လုပ်ချင်တာပါလို့ဆိုပါတယ်။
အခုဆိုရင် တက္ကသိုလ်ကိုတက်ရောက်ဖို့ အခွင့်အလမ်းက ရှိနေပြီ ဖြစ်တဲ့အတွက် ကိုယ့်လူမျိုး
ကိုယ့်နိုင်ငံသားတွေ အတွက် လုပ်ပေးလို့ရတာတွေ လုပ်ပေးဖို့ ဆေးခန်းမှာ လေ့လာ ကူညီတာပါလို့ဆိုပါတယ်။
ဆက်လက်တက်ရောက်လာမည့် ကျောင်းသားတွေအတွက် ပြောချင်တာကတော့
ဘယ်လိုနေရာ ဘယ်လိုအခက်အခဲတွေ တွေ့တွေ့ ကိုယ်ကိုယ်တိုင်ကြိုးစားပါက အောင်မြင်ပါတယ်ဆိုတာရယ်၊
ကိုယ်တိုင်ကြိုးစားဖို့ အထူးလိုအပ်တယ်ဆိုတာကို ပြောချင်ပါတယ်တဲ့။ ရိုးရိုးသားသားနဲ့
ဘဝကို အေးဆေးစွာပဲ ကျေကျေနပ်နပ် နေထိုင်နေတဲ့ သမီးလေး ခရစ်စတယ်မောင်ကို ကြည့်ရင်း အသက်ငယ်ပေမယ့်
ကိုယ့်ဘဝအတွက် လုပ်ချင်တာကို ရွေးချယ်တတ်တဲ့ လူငယ်လေးအဖြစ် လေးစားနေမိပါတယ်။
နောက်တစ်ယောက်ကတော့ “ကောကတာ” လို့ သိထားပြီး ခင်မင်ရင်းစွဲရှိတဲ့
နာမည်ရင်းကေကေခိုင် ဆိုသူ ကရင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။ ဇာတိက မြဝတီကပါ။ ပထမဆုံး
“ မောကန်း” ဒုက္ခသည် စခန်းမှာ ကျောင်းတက်ရပါတယ်။ အဲဒီကမှ အလယ်တန်းကို ဘားအံမှာ ကျောင်းပြန်တက်ခဲ့တယ်လို့ပြောပြပါတယ်။
စစ်ကြောင့် ဟိုပြေး ဒီပြေး ဖြစ်ခဲ့ရပါတယ်။ ဆယ်တန်းအောင်အပြီးမှာ အိမ်က မပြေလည်တဲ့ အတွက်
ကျောင်းဆက်တက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အလုပ်လုပ်ဖို့ရာကလည်း ရွာမှာ အလုပ်အကိုင်ကလည်း
ရှားပါးလှပါတယ်။ သူ့အနေနဲ့ကတော့ ပညာဆက်သင်ချင်တဲ့ စိတ်တွေသာ ကြီးစိုးနေပါတယ်တဲ့။ တစ်နှစ်လောက်
အကြာမှာတော့ သူ့ပါးပါးက သတင်းတစ်ခု သူ့ကို ပြောပြပါတယ်တဲ့။
“ပါးပါးက
သမီးကို မေးတယ်။ ဟိုဘက်ကမ်းမှာ ကျောင်းစာ သွားသင်မလားတဲ့။ အဲဒီမှာ အင်္ဂလိပ်တွေ စာသင်ပေးနေတယ်တဲ့”
ဒါကြောင့်
“ သူးမွဲခီး” လို့ခ်ါတဲ့ ရွှေ့ပြောင်းကျောင်းကို သမီးရောက်ခဲ့ရတာပါတဲ့။ ကျောင်းတက်တာမှာ
တွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုတော့ ကိုယ်ရေးကိုယ်တာ အခက်အခဲနဲ့ ကျောင်းနဲ့ဆိုင်တဲ့ အခက်အခဲတွေကို
ခွဲခြားပြီး သေချာ ပြောပြနေပါတယ်။
“ သမီး တက်တဲ့
ပထမနှစ်က ၂၀၀၉ ခုနှစ်ကပါ။ (မြန်မာပြည်မှာက ၁၀တန်းအထိပဲ ရှိပြီး ထိုင်းနိုင်ငံမှာက ၁၂တန်းအထိ
တက်ရောက်ရတဲ့ အတွက် စတက်တဲ့ ၁၁တန်း စတက်တဲ့ နှစ်ကို ဆိုလိုတာပါ) အဓိက အခက်အခဲက ထိုင်းနိုင်ငံကို
တရားမဝင် ရောက်လာတဲ့ အတွက် သွားရေးလာရေးခက်ခဲတာပါ။ နေမကောင်းလို့ ဆေးခန်းသွားပြရင်
အဆင်မပြေလှပါဘူး။ နောက်တစ်ခုက ဘာသာစကားပါ။ ထိုင်းစကား မပြောတတ်တဲ့အတွက် အခက်အခဲ ဖြစ်ရပါတယ်။
ဒါတွေကတော့ သမီးရဲ့ ပုဂလိက အခက်အခဲတွေပါ။ ကျောင်းမှာကတော့ ဆရာ၊ ဆရာမ တွေ လိုအပ်နေတာပါ။ ဘော်ဒါဆောင် (၄)ခုရှိပါတယ်။ အဲဒီအတွက် အစားအသောက်တွေ
ခက်ခဲပါတယ်။ မီးဖိုက ထင်းသုံးတာဆိုတော့ ထင်းရှာရတယ်။
နွေရာသီရောက်ရင် ရေအမြဲခန်းတယ်။ ရေထောက်ပံ့ပေးတဲ့သူတော့ ရှိပါတယ်။ ရေပိုက်နဲ့သွယ်တာဆိုတော့
ပိုက်ပျက်တာနဲ့တင် တစ်ပတ်လုံးမှ သုံးခါလောက်ပဲ ရေလာပါတယ်။ အခုနောက်ပိုင်းတော့ သောက်ရေအတွက်
ရေသန့်စက် လာတပ်ပေးထားပါတယ်။ အခုဆို ထောက်ပံ့ကြေးတွေ နည်းလာတဲ့အခါ ဆရာ ဆရာမတွေဆို တစ်ခါတလေ
လခကို သုံးလ လေးလ ပေါင်းပြီးမှ ရကြတာမျိုးတွေ ရှိလာပါတယ်။ ဒါ့ကြောင့် ဆရာတွေက သူများရဲ့မြေငှားပြီး စိုက်ပျိုးမွေးမြူရေးတွေ
ဇောက်ချ လုပ်ကြပါတယ်။ ဆရာတွေရဲ့ ပေးဆပ်မှုပါပဲ။
“ တို့တစ်တွေ
ထောက်ပံ့ကြေး နည်းတယ်ဆိုပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရမယ်” ဆိုပီးတော့ စနေနေ့ဆိုရင်
သမီးတို့လို ကျောင်းသားကြီးတွေက နေ့စားအလုပ်တွေ ထွက်လုပ်ကြပါတယ်။ အဲဒီက ရလာတဲ့ငွေကို
စားသုံးတဲ့ စားရိတ်အဖြစ် သုံးပါတယ်။”
အရွယ်နဲ့မလိုက်အောင်
တွေ့ကြုံခဲ့ရတာတွေကို နားထောင်ရင်း ဂရုဏာသက်နေမိပါတယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ
post- 10 English Program ကို အောင်ခဲ့ပါတယ်။
ဒီ Post- 10 က အင်္ဂလိပ်စာချည်း သက်သက် သင်တာပါ။ အဲဒီ အချိန်မှာ တက္ကသိုလ်အထိ တက်နိုင်တော့မယ်လို့
ယုံကြည်နေပါဘီ။ သမီးတို့ရှေ့က အဲလို အောင်ပြီး တက်သွားတဲ့ သူတွေ ရှိလာလို့ပါပဲ။ ဒါ့ကြောင့်
ချင်းမိုင်မှာ GED program တစ်နှစ် သင်ယူပါတယ်။”
အဲဒီကျောင်းက
BEAM ကျောင်းမှလားလို့ ကျမက ရယ်မော ပြောတဲ့အခါ သူရယ်ပါတယ်။ BEAM ကျောင်းကမှ တစ်ဆင့်
သူနဲ့ကျမ သိခွင့်ရလာတာမို့ပါ။ သူ ချင်းမိုင်က BEAM ကျောင်းမှာ လာတက်ရင်း ကျမရဲ့ အိမ်ကို
ဝင်ထွက်ရာက ကျမသမီးတွေက ကျမကို ခေါ်သလို အမေကြီး လို့ တရင်းတနှီး ခေါ်ခဲ့သူပါ။ အိမ်ကို ဝင်ထွက်နေကတည်းက ဒုက္ခသည် စခန်းကနေ ကြိုးစားရင်း
ဒီအချိန်ထိ ရောက်လာတယ်လို့ အကြမ်းဖျင်းသိထားပေမယ့် ဒီလောက်အထိ အခက်အခဲတွေနဲ့ ဒုက္ခတွေခံခဲ့
ရတယ်ဆိုတာ မသိခဲ့ပါဘူး။ သနားစိတ်နဲ့ မမေးခဲ့ပါဘူး။ အိမ်လာရင် စားစရာတွေထုတ်ျကျွေးတတ်သလို
တစ်ခုခုလုပ်စားရင်လည်း သတိတရနဲ့ သူ့ကို ခေါ်ကျွေးဖြစ်ပါတယ်။ တခါတလေ စားစရာဘာရှိလဲ မေးတတ်သလို
နောက်ပိုင်းမှာ မမေးလဲ လှန်လှောကာ စားသွားတတ်ပါတယ်။ ကျမ သွားစရာရှိရင်လည်း လိုက်ပို့ပေးတတ်ပြန်ပါသေးတယ်။ တကယ့်ကို ရိုးသားမှုကလွဲ
ပြီး ဘာမှ ပိုင်ဆိုင်မှု မရှိတဲ့ ကလေးမလေးပါပဲ။
ဒီလိုနဲ့
ဒီဘက်ကမ်းကို ရောက်အပြီး (၄) နှစ်မြောက်တဲ့ အခါမှာ GED စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်လို့
ပြောပြပါတယ်။ အခုတော့ ဘန်ကောက်မှာရှိတဲ့ RANGSIST INTERNATIONAL UNIVERSITY က လက်ခံလိုက်ပါပြီ။
၂၀၁၃ ဩဂုတ်လ ထဲမှာ တက်ရမှာပါ။ Philosophy Politic and Economic ဘာသာရပ်ကို ရွေးချယ်ထားပါတယ်တဲ့။
ကျောင်းမတက်ခင်
လောလောဆယ် သူနေခဲ့တဲ့ သူးမွေးခီး ကျောင်းမှာ ဆရာမလုပ်ရင်း ပြန်ကူညီနေပါတယ်တဲ့။
“ သမီးက အစုံ
ဖြစ်ချင်တယ်။ အစုံလဲ သိချင်တယ်။ ကိုယ့်ကို ဘာလာမေးမေး ပြန်ဖြေနိုင်တဲ့ သူဖြစ်ချင်တယ်လို့”
သူ့စိတ်သဘောထားကို ပြောပြပါတယ်။
သမီးဆီမှာ
မွေးရာပါ ဘာအရည်အချင်းမှ မရှိပါဘူး။ ဒါပေမယ့် လောကအလယ်မှာ အသုံးဝင်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။
လူတွေကို ကြင်နာမှုနဲ့ တရားမျှတမှုတွေလည်း ပေးချင်ပါတယ်။ ဒါ့ကြောင့် သမီးဘဝကို
Social Worker တစ်ယောက်ဖြစ်ရမယ်လို့တော့ ရည်မှန်းထားပါတယ်လို့ ဆိုပါတယ်။
မြန်မာပြည်ကနေ
အကြောင်းအမျိုးမျိုးနဲ့ အိမ်နီးချင်း နိုင်ငံမှာ ရပ်တည်နေကြတဲ့ သူတွေ အမျိုးအမျိုးရှိကြပါတယ်။
အဲဒီမှာ ကိုယ့်ဘဝကို တိုးတက်ဖို့အတွက် ရိုးသားစွာ နေထိုင်နေကြတဲ့ ကောကတာ (ခ) ကေကေခိုင်
လို မိန်းကလေးတွေရှိကြသလို၊ မိဘတွေက တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့်
မိခင်နိုင်ငံမှာ မနေကြရတော့တဲ့ အတွက် သူတပါးတိုင်းပြည်မှာ လူဖြစ်ခွင့်ရခဲ့ သော်လည်း
ကိုယ့်လူမျိုးတွေကို ဘယ်လို စောင့်ရှောက်ရပါ့မလဲဆိုတဲ့ အသိတွေနဲ့ ကြီးပြင်းခဲ့ရတဲ့
ခရစ်စတယ်မောင် တို့လို မိန်းကလေးတွေ လောကကြီးမှာ ရှိနေတယ်ဆိုတာ သိခွင့် ကြုံခွင့် ရခဲ့တဲ့အပေါ်
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ မြန်မာပြည်က ကလေးတွေ ဘယ်အရပ်ရပ် ဘယ်တိုင်းပြည်ရောက်နေပါစေ
အခုလို ရိုးသားကြိုးစားစွာပဲ ဘဝ တက်လမ်းကို ရှာဖွေ နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။
No comments:
Post a Comment