November 18, 2014

ပျိုလေးရဲ့မောင် ထိုင်းယောင်ယောင်- (၄)+ (၅)

ပျိုလေးရဲ့မောင် ထိုင်းယောင်ယောင် - (၄)
စာရေးတာ လက်တွေ့နေတုန်း ဖေ့စ်ဘွတ်မှာ သတင်းတွေကလည်း စိတ်ဝင်စားစရာများလာတော့ စာဆက်မရေးနိုင်ပဲ ဖေ့စ်ဘွတ်မှာ တမော့မော့ လုပ်နေမိတယ်။ မော့လဲမော့ချင်စရာ၊ အာဆီယံထိပ်သီးအစည်းအဝေးကို လာတက်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေက ထိပ်သီးတွေချည်းပဲလေ၊ ဘာတွေပြောမလဲ၊ သိချင်မိတယ်။ မော့ရကျိုးလည်းနပ်ပါတယ်။ " ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်" လို့ အိုဘားမားက ပြောလိုက်တာ ကျေနပ်သဘောကျလွန်းလို့ မကိုင်တာကြာပြီဖြစ်တဲ့ စာအုပ်နှစ်အုပ်ကို ကောက်ကိုင်မိတယ်။ မြန်မာစာအဖွဲ့က ထုတ်ဝေထားတဲ့ မြန်မာဆိုရိုးစကားနဲ့ မြန်မာစကားပုံဆိုတဲ့ စာအုပ်နှစ်အုပ်ပေါ့၊
အဲဒီရက်တွေမှာပဲ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ပြီး ကျောင်းသားတွေ သပိတ်တိုက်ပွဲဆင်နွှဲတဲ့ သတင်းတွေကိုလည်း စောင့်ဖတ်နေရတယ်၊ အန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းရင်းပေါ့၊ အခု ရက်ပေါင်း(၆၀) အချိန်ပေးပြိး သပိတ်ကို ယာယီရပ်ဆိုင်းထားတာ ဖတ်ရပြန်တယ်။ ဖေ့စ်ဘွတ်မှာ မော့ရင်းက ထိုင်းရုပ်မြင်သံကြား ထိုင်းပီဘီအက်စ် က သတင်းထောက်မလေး က သူ့ရဲ့ဖေ့စ်ဘွတ်မှာ သူ့ပုံနဲ့ပဲ နားနှစ်ဖက်၊ မျက်လုံးနှစ်လုံး၊ ပါးစပ်တို့ကို ပိတ်ထားတဲ့ပုံကို တင်ထားတာလဲ တွေ့လိုက်ရတယ်။
"จริงใจปฏิรูป อย่าปิดปากประชาชน..."
" reform ကို တကယ်လုပ်နေတာဆိုပါက ပြည်သူလူထုရဲ့ ပါးစပ်ကို မပိတ်ပါနဲ့"
ဆိုတဲ့ စာကြောင်းလေးပါ ရေးတင်ထားတာ ဖတ်ရတယ်၊
ပြောသာပြောရတာ အခုအချိန်က မြန်မာပြည်အနေအထားက အပေါ်ယံရှပ်ပြီး ပြောကြေးဆို ဒီမိုကရေစီလမ်းကြောင်းကိုသွားေ
နတဲ့ ဒီမိုကရေစီအစိုးရ အုပ်ချုပ်နေတာ၊ ထိုင်းမှာက အခုအချိန်က စစ်တပ်ကအာဏာသိမ်းထားပြီး စစ်အစိုးရက အုပ်ချုပ်နေတာ၊ ဒါပေမယ့် ထိုင်းပြည်သူတွေက ဒီမိုကရေစီနဲ့ကျင့်သားရပြီး အဲဒီအတိုင်းပဲ ပုံမှန်မပျက် အနေအထိုင်မပျက် နေထိုင်နေလို့ ဝန်ကြီးချုပ်အဖြစ်တက်လာတဲ့ ပရာယွတ်က ရုပ်မြင်သံကြားကနေ ထိုင်းနိုင်ငံဟာ လတ်တလော စစ်အုပ်ချုပ်ရေးနဲ့သွားနေတာနော်လို့ မကြာမကြာ သတိပေးစကားပြောနေရတယ်၊
မီဒီယာကို ဘယ်အတိုင်းအတာအထိ ကန့်သတ်ထားသလဲ၊ ဘာတွေ ကန့်သတ်ထားသလဲဆိုတာတော့ သတင်းသမားတွေပဲ သိပါလိမ့်မယ်၊ ဗိုလ်ချုပ်ကြီး ပရာယွတ် အာဏာသိမ်းတဲ့နေ့ အပါအဝင် ရက်အနည်းငယ်အတွင်းမှာတော့ ထိုင်းနိုင်ငံက ရုပ်မြင်သံကြားချန်နယ်အားလုံး ရပ်ဆိုင်းထားသေးတယ်၊ စစ်တပ်က ကြေညာချက်တွေ ထုတ်ပြန်စရာရှိမှ ကြောညာပြီး ကျန်တဲ့အချိန်မှာ စစ်အစိုးရဖွဲ့စည်းလိုက်တဲ့ နာမည်ဖြစ်တဲ့ National Council for Peace and Order ဆိုတဲ့ စာတန်းကြီးပဲ ပေါ်တယ်၊
ပုံမှန်ပြန်လွှင့်ခွင့်ရပြီးတဲ့ အခုနောက်ပိုင်းမှာ နေ့စဉ် ညနေ (၆)နာရီထိုးပြီး နောက်ပိုင်းမှာ ဆွေးနွေးခန်းတခု ပုံမှန်လွှင့်တယ်၊ ဆောက်လုပ်ရေးဆိုရင် အဲဒီကတာဝန်ရှိသူနဲ့ ဆွေးနွေးတာမျိုးပေါ့၊ အခုဆိုရင် ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး အစိုးရက ဘာတွေလုပ်နေပြီ၊ ဘာတွေတော့ ဆက်ပြီး လုပ်ရအုန်းမယ်၊ လုပ်ပြီးတာတွေကတော့ ဒီလိုအခြေအနေမှာ ရှိတယ်၊ ကြုံတွေ့ရတဲ့ အခြေအနေ အကောင်းအဆိုး စတာတွေကို ပြောကြပါတယ်။
ကနဦး စလွှင့်ကာစ ကိုယ်တွေက မကြည့်ချင်ဘူးဆိုပြီး နောက်ချန်နယ်တခု ပြောင်းကြည့်တော့ အဲဒါပဲလွှင့်တယ်၊ နောက်ထပ် နောက်ထပ် ချန်နယ်တွေ ဘယ်လောက်ပြောင်းပြောင်း ဒါပဲ၊ အဲဒီတော့မှ ဟုတ်ပေသားပဲ ဆိုပြီး သိရတာ၊ မြန်မာပြည် အလွမ်းပြေပေါ့၊ ကိုယ်တွေက စစ်အုပ်ချုပ်ရေးအောက်မှာ နေရဖို့ ကံပါပုံရတယ်။ ဒါတင်မကဘူး၊ တပတ်တခါ သောကြာနေ့တိုင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးချုပ်က စကားပြောတယ်၊ အဲဒါလဲ ချန်နယ်တိုင်းက လွှင့်ပေးရတယ်၊ ထိုင်းရုပ်မြင်သံကြားချန်နယ်တွေက ကြော်ငြာတွေ အရမ်းရတော့ ကြော်ငြာခတွေ လျော့သွားတော့မှာပဲလို့ ပြောမိတယ်၊ ထိုင်ရုပ်မြင်သံကြားမှာ ကြော်ငြာတွေ ဘယ်လောက်အားကောင်းသလဲဆိုရင် သတင်းကြေငြာတာမှာ ကြောငြာက ဝင်သေးတာ၊ မြန်မာပြည်မှာက အဲလောက်တော့ မလုပ်ကြသေးဘူး။
ဝန်ကြီးချုပ်ပရာယွတ်က ပေါ်လစီသီချင်းတွေ စပ်ခိုင်းသေးသတဲ့၊ မစပ်နိုင်ရင် ငါကိုယ်တိုင် သီချင်းစပ်ရမလားလို့ ပြောသေးဆိုပဲ၊ သူတို့တပ်ထဲမှာ မြသန်းစံ တွေ မရှိဘူးလားမသိ။ ဒါပေမယ့် အခုတော့ သီချင်းတပုဒ် လွှင့်နေပြီ။ ကျောင်းတွေမှာ နေ့တိုင်းဆိုရမယ်လို့ သတ်မှတ်တယ်ကြားတယ်။ တီဗွီမှာ ညနေ(၆)နာရီ ထိုးပြီဆိုတာနဲ့ ထိုင်းနိုင်ငံတော်သီချင်းလွှင့်( နိုင်ငံတော်သီချင်းကတော့ အရင်ကတည်းက ပုံမှန်လွှင့်နေကြ)၊ ပြီးရင် အဲဒီပေါ်လစီသီချင်းလွှင့်၊ ပြီးတော့မှ ဆွေးနွေးခန်းလွှင့်တယ်။
မသိမသာ ပြောင်းလဲနေတဲ့ ထိုင်းရုပ်မြင်သံကြား အစီအစဉ်တချို့ကို ကြည့်မိရင်း ထိုင်းစာသင်တဲ့ ဆရာမကို သတိရမိတယ်၊ တလောက သင်တန်းတသုတ်ခေါ်တာ သွားတက်လိုက်ရ ကောင်းသားလို့ ကိုယ့်ဘာသာ တွေးနေမိတယ်၊ သင်တန်းတက်နေရင် ဆရာမကို ကိုယ်သိချင်တာတွေ မေးလို့ရတယ်၊ အပြန်အလှန် ဆွေးနွေးလို့ရတယ်၊ အနည်းဆုံး အခုလွှင့်နေတဲ့ ပေါ်လစီသီချင်းရဲ့ အဓိပါယ်ကို မေးလို့ရတယ်။ သီချင်းကို မူလတန်းအရွယ် ကျောင်းသားလေးတွေက အရင်စဆိုပြီး နောက်အပိုဒ်မှ လူငယ်လေးတွေက ဆိုတယ်၊ စင်ပေါ်မှာ ဆိုနေတဲ့ဟန်နဲ့ ရိုက်ထားပြီး မိဘတွေက ထိုင်ကြည့်နေတဲ့ ပရိတ်သတ်ပုံစံမျိုး ရိုက်ထားတာ၊ ထိုင်ကြည့်နေတဲ့ လူကြီးတွေထဲက တချို့က ကလေးတွေသီချင်းသံကြားပြီး မကြာဘူး မျက်ရည်သုတ်တယ်၊ အိမ်ကလူတွေက သီချင်းလာတိုင်း သီချင်းလေးက ချစ်စရာလေး၊ ငိုတဲ့သူကလဲ ငိုလို့ ဆိုပြီး စိတ်ဝင်စားတယ်၊ "
တို့ဆီက တို့တာဝန်အရေးသုံးပါးကို သီချင်းလုပ်ဆိုထားတဲ့ " ပြည်ထောင်စု မပြိုကွဲရေး *** တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ----- အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟာ*** တပ်မတော်ရဲ့ အဓိက တာဝန်ပါ ဒန်ဒန်-- -- ဒန်" ဆိုတဲ့ သီချင်းမျိုးတော့ မဟုတ်လောက်ဘူးထင်တယ်၊ ဘာအဓိပါယ်လဲ ပြောပါ၊ ရသလောက် ဘာသာပြန်ကြည့်ပေးပါလို့ အပြန်ခိုင်းတယ်၊ သီချင်းအစကတော့ ကျမ်းမ်ဒိုက်မိုင်း ( မှတ်မိလား) နဲ့စာတာပဲ၊ ဦးဦး ဒေါ်ဒေါ် အဖိုး အဖွားတို့ မှတ်မိပါရဲ့လား အဲလိုစတာပဲ၊ ပြီးတော့ တစိတ်ထဲအတူတကွ ရှေ့ကို ဆက်လျှောက်ကြမယ် ဆိုတာလဲ ပါတယ်လို့ ကိုယ်ကပြောတယ်၊ အလုံးစုံတော့ မပြန်တတ်ဘူး၊ ဒါ့ကြာင့် ဆရာမကို သတိရနေတာ။ ကိုယ်က ဆရာမဆီမှာ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းကတည်းက ထုံ့ပိုင်း ထုံ့ပိုင်းနဲ့ တက်လာတာ မတက်တဲ့ နှစ်မရှိဘူး၊ ဒီနှစ်ထဲမှာတော့ မတက်ဖြစ်ဘူး ဖြစ်နေတယ်၊
ပထမတော့ တက်မယ်ဆိုပြီး ဆရာမဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်သေးတယ်။ ဆရာမက ဘာဖြစ်လို့ တက်မလဲတဲ့၊ ကိုယ့်ကို စာဖတ်တတ်နေပြီပဲ ကိုယ့်ဘာသာ ဆက်ပြီး လေ့လာလေတဲ့။ ပြီးတော့ စကားပြောကိုလည်း ထိုင်းစကားပြောတတ်တဲ့သူနဲ့ လိုက်ပြောပါ၊ မခိုင်က ရနေပါပြီတဲ့၊ ဒါက ဆရာမဘက်က အမြင်၊ ကိုယ့်မှာက ဒီလောက်မရသေးဘူးထင်နေတုန်း၊ ဆရာမက အခြေခံအဆင့်သင်ပေးတာလည်း တက်ခဲ့ပြီးပြီ။ အဆင့်မြင့်အတန်းကို လာတက်ပါဆိုတော့လည်း တက်ခဲ့ပြီးပြီ၊ ဒါပေမယ့် မိခင်ဘာသာစကားလို ရေးတတ်ပြောတတ်ချင်ပေမယ့် ထင်သလောက် မဖြစ်လာဘူး၊ အကြောင်းကလည်း ရှိတာကိုး၊ တပိုင်းကတော့ စတက်တဲ့ ၂၀၁၁ခုနှစ်ကနေ အခုအထိ သင်တန်းကို တခါမှ ပြီးဆုံးအောင် မတက်ဖြစ်ခဲ့တာ၊ နောက်တပိုင်းက ဈေးဝယ်လို့ပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်တွေမှာပဲ ဖြစ်ဖြစ် မြန်မာအလုပ်သမားတွေ ရှိနေကြတာများတယ်၊ စားသောက်ဆိုင်မှာ မြန်မာလိုပြောလို့ရလား မေးလိုက်ရင် မြန်မာအလုပ်သမားကို ခေါ်လာပေးတယ်၊ များသောအားဖြင့် မြန်မာရှိတဲ့ဆိုင်တွေမှာ ဈေးဝယ်ဖြစ်၊ စားဖြစ်တော့ ထိုင်းစကား တတ်ဖို့ ပိုပြီးနှေးကွေးနေတာ။
ပထမတပိုင်း ဖြစ်တဲ့ ထုံ့ပိုင်းထုံ့ပိုင်း တက်ဖြစ်ပုံကို ပြောပြပါအုန်းမယ် ။ ၂၀၁၁ခုနှစ် ပထမဆုံး သင်တန်းစဖွင့်တဲ့ အသုတ်မှာ ကိုယ်တွေက အရင်ဆုံးပေါ့၊ အဲဒီမှာ တက်နေရင်းက ရေးခဲ့ဖူးတဲ့အတိုင်း အလုပ်သမားတွေဆိုတော့ ပုံမှန်မတက်ကြနိုင်ကြတော့ တဖြေးဖြေး သင်တန်းသားက နဲလာတယ်၊ အချိန်မရတာ၊ ညဖက်အလုပ်က နောက်ကျတော့ မနက်အိပ်ယာမထနိုင်လို့ သင်တန်းကို မလာနိုင်တော့တာ၊ အလုပ်ချိန်နဲ့တိုက်နေတာ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ လျော့လာလိုက်တာ ကိုယ်တယောက်ပဲ ကျန်တယ်။ အဲ ဒါပေမယ့် ထိုင်းစာအရေးအဖတ် အခမဲ့ သင်တန်းဖွင့်တယ် ကြားတာ နောက်ကျပြီးမှ သိလို့ဆိုကာ တဖွဲဖွဲ ရောက်လာကြတဲ့ သူတွေကို ဆရာမက တဖွဲဖွဲ လက်ခံပြီး သင်ရတာဆိုတော့ စာတွေက မညီတော့ဘူး၊ တယောက်တမျိုး ဖြစ်ကုန်တယ်။ အဲဒီတော့ အရှေ့ကို ရောက်နေတဲ့ ကိုယ်က စောင့်ရတယ်၊ ဆရာမကို ကူရတယ်၊ တယောက်တမျိုးစီ သင်ပေးနေရတော့ ဆရာမက တယောက်ကို အသံထွက်ချပေးနေရင် နောက်တယောက်ရဲ့ သတ်ပုံအမှားအမှန်ကို ကိုယ်က စစ်ပေးရတယ်၊ မရေးတတ်ရင် ဘယ်လိုရေးလို့ ပြောပြရတယ်၊
ကိုယ်က ဆရာမလုပ်ဖို့ ကံက မညှိုးသေးဘူး၊ ကျောင်းသားပြန်လုပ်တာတောင် ဆရာပြန်လုပ်နေရသေးတယ်။ ကိုယ်တို့ အဖွဲ့တွေ စသင်ကာစမှာလဲ ဒီလိုပဲ၊ ဆရာမ ပြောတာကို သူတို့ သဘောမပေါက်ရင် ကိုယ်က ဝင်ပြီး ထပ်ဆင့် ပြောလိုက်သေးတယ်၊ ဗျည်း (၄၄)လုံး သင်ပြီးတော့ သရ (ထိုင်းလို စရ) သင်ရတယ်၊ ပြီးတော့ ဗျည်းနဲ့စရ တွဲပြီး အသံထွက်ရတယ်၊ မြန်မာစာမှာဆိုရင် ကကြီးရေက ကကြီးရေးချာ ကာ အဲလိုပေါ့၊ အဲဒီမှာ သင်တန်းသားတွေ ပြဿနာတက်တာက ဗျည်းကို မမှတ်မိပဲ သရနဲ့ တွဲတော့ အသံမထွက်တတ်တော့ဘူး၊ အဲဒီတော့ ကိုယ်က ဆရာဝင်လုပ်တာပေါ့၊ အသက်ကြီးတာ အဲဒီနေရာ ကောင်းတယ်၊ ကိုယ်ပြောရင် သူတို့ တလေးတစား နားထောင်တယ်၊
ငယ်ငယ်တုန်းက ကကြီး ခခွေး သင်တော့ ဗျည်းတွေကို မှတ်မိအောင် ချရေးရတယ်၊ ဗျည်းကို မှတ်မိမှ စာလုံးပေါင်းသင်ရတာလေ၊ အဲဒီတော့ ထိုင်းစာမှာလဲ ဒီအတိုင်းပဲပေါ့၊ သူ့ရဲ့ ဗျည်းစာလုံးတွေ မမှတ်မိရင် ရှေ့တက်ဖို့ အဆင်မပြေနိုင်ဘူး၊ ကိုယ်အဲလို ပြောတော့ ဆရာမက မှတ်မိအောင် ဘယ်လိုလုပ်မလဲပေါ့ ကိုယ့်ကိုမေးတယ်၊ ကိုယ်က ဆရာမကို ရှေ့ကို မတက်သေးပဲ ဗျည်းကို မှတ်မိအောင် တစ်မျက်နှာ အပြည့်ရေးခိုင်း၊ ပြီးရင် သတ်ပုံခေါ်၊ တနေ့ကို (၅)လုံး ခေါ်ပါပေါ့၊ ရရင် (၁၀)လုံးအထိ တိုးပြီးခေါ်ပေါ့ လို့ပြောတော့ ပထမ ဆရာမက သိပ်လက်မခံချင်ဘူး၊ အကြောင်းက သင်တန်းက ရက်အကန့်အသတ် သတ်မှတ်ထားပြီး သင်ခန်းစာ ဆွဲထားတာ၊ မပြီးရင် ဘယ်လိုလုပ်ရမလဲပေါ့၊ ကိုယ်တွေကလဲ ဒီတိုင်းရှေ့ဆက်သွားရင် စာလုံးပေါင်းမတတ်ပဲ ပြီးတာပဲ အဖတ်တင်မယ် ဆိုမှ လက်ခံပြီး အဲလိုပုံစံနဲ့ သင်ဖြစ်သွားတယ် ဆိုပါတော့၊
ဒါနဲ့ သင်တန်းသားတွေ စာလုံးပေါင်းတွေ ဘာတွေ ပေါင်းတတ်နေပြီ။ အဲဒီမှာ အသံထွက် အညံ့ဆုံးက ကိုယ်ပဲ၊ အရေး အဖတ် ရတယ်၊ ( အဖတ်ကတော့ အသံထွက်မမှန်ဘူး)။ ကိုယ်အသံထွက်ပြီဆိုရင် အားလုံးက ရယ်ကြတယ်၊ ကိုယ့်ကိုလဲ သိတယ်၊ ကိုယ်မထွက်တတ်တဲ့ အသံရှိတယ်။ အဲဒီအသံဆိုရင် ကိုယ်က အသံမထွက်တတ်လို့ စာလုံးပေါင်းပြလိုက်တယ်၊ သင်တန်းသား တယောက်က ကိုယ့်ကို အန်တီက ထိုင်းလို ပြောလို့မရဘူး၊ အင်္ဂလိပ်လိုပြောတဲ့၊ အင်္ဂလိပ်စကားပြောရင် တော်တော်ကောင်းမယ့်အသံလို့ ပြောတယ်၊ ဘာ့ကြောင့်လဲလို့ မမေးလိုက်မိဘူး၊
ထိုင်းစကားက အယိမ်းအနွဲ့များတယ်၊ အသံကို လျှာနဲ့ရော အာခေါင်ကပါ လိုက်ယိမ်းရတာ၊ ကိုယ်က မူရင်းအသံကိုက အသံမာကြီး၊ မိန်းကလေးတန်မယ့် အသံက ချိုလွင်မနေဘူး၊ အဆိုတော် ခင်မောင်တိုးတို့လို အသံမျိုး၊ ထိုင်းစာမှာ အသံထွက်ရင် အသံနိမ့်မြင့်ကိုလိုက်ပြီး အသံက (၅)သံရှိတယ်၊ ကိုယ့်အသံက ဒီလောက်မာနေတာ ဘယ်ယိမ်းနိုင်ပါ့မလဲ၊ ဒီကြားထဲ လျှာကို ခုန်ရတဲ့ အသံရှိသေးတယ်။ ဆရာမက ကိုယ့်ကို လျှာခုန် လျှာကိုခုန်လိုက်လို့ ပြောရင် လူသာမတ်တတ်ရပ်ပြီး ခုန်လိုက်ချင်တယ်၊ လျှာက ခုန်မရဘူး၊ ဒါနဲ့ အဲဒီစာလုံးကို စာလုံးပေါင်းပြီး အသံထွက်ခိုင်းရင် စာလုံးကို မှန်အောင်ပေါင်းပြပြီး လျှာခုန်တဲ့ အသံဆရာမ။ အဲလိုပြောလိုက်ရင် ဆရာမက ရီပါလေရော၊ နောက်တခုက အာခေါင်သံ ၊ ဗိုက်ကိုလဲ ရှပ်ထားရသေးတယ်၊ အဲဒီ နှစ်သံကတော့ ဘယ်လိုမှ မတတ်ဘူး၊
အဲဒီလို စာလုံးပေါင်းတွေ သင်ပြီးလို့ စကားလုံး အဓိပါယ်တွေ သိလာတဲ့ အချိန်မှာ ပြောခဲ့သလို ကိုယ်နဲ့တန်းတူ သင်ခဲ့တဲ့သူတွေက ဆက်မတက်ကြတော့ဘူး၊ နောက်လူတွေက ဗျည်းသင်နေတဲ့သူနဲ့ သရနဲ့တွဲကာစလူနဲ့ အဲလို ဆိုတော့ ကိုယ်က သင်တန်းသာ သွားတက်ရတာ ရှေ့တော်တော်နဲ့ မသွားဖြစ်တော့ဘူး၊ ဒါနဲ့ ဆရာမကို ကိုယ့်ကို တပတ်မှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ (၅) ရက်တက်ရာက (၃)ရက်လောက်ပဲ လုပ်ပေးပါလားဆိုတော့ သင်တန်းစည်းကမ်းအရ တယောက်ထဲ လုပ်ပေးလို့မရဘူး၊ ကိုယ့်ဘာသာ (၃) ရက်ပဲ လာတက်ချင်လဲ တက်လို့တော့ ခွင့်ပြုတယ်၊
ကိုယ်ကလည်း တခါတလေ သင်တန်းချိန်သာကုန်သွားတယ် တလုံးမှ မသင်ပဲ ပြန်ခဲ့ရတာလဲ ရှိတော့ စဉ်းစားနေတုန်း အိမ်ဦးနတ်က ကိုယ့်ကို စာလုပ်တာ မတွေ့ပါလားပေါ့ မေးပါလေရော၊ ခါတိုင်းဆို မနက်ဖန် ဆရာမ သတ်ပုံခေါ်မှာဆိုပြီး ပါးစပ်ကဆိုလိုက် လက်ကချရေးလိုက် လုပ်နေကျ။ အကျိုးအကြောင်းသိသွားတော့ အချိန်ပေးပြီး သွားတက် ပြန်လာတော့ ဘာမှ မသင်ခဲ့ရရင် အလကားပေါ့၊ တပတ်( ၃) ရက် လောက်ပဲ တက်ကြည့်ပါလား ဆိုတာနဲ့ ကိုယ်လဲ အဲဒီလိုပဲ တက်လိုက်တယ်၊
သင်တန်းချိန် မနက် ၉နာရီကို မီအောင် မနက်( ၆) နာ၇ီထပြီး မိသားစု စားဖို့ မနက်စာနဲ့ အလုပ်အသွား ထမင်းဘူးထဲ့ဖို့ပါ အပြီးအစီး ချက်ပေးခဲ့ရသေးတယ်။ ချက်တာပြုတ်တာ ဆေးတာကြောတာ (၈)နာ၇ီထိုးကို အပြီးအစီးလုပ်၊ ရေမိုးချိုးပြီး အိမ်ကနေ ၈နာ၇ီခွဲမှာ စထွက်မှ အချိန်မီရောက်တယ်၊ ခရီးက တကယ်တန်း ကိုယ့်ဆိုင်ကယ်၊ ကား စသဖြင့်နဲ့ သွားရင် (၁၀) မိနစ်ပဲ၊ ကားငှားသွားရတော့ ကားကတော့ ပေါတယ်၊ ဒါပေမယ့် ကိုယ်သွားမယ့်နေရာက ရှေ့ဆက်ထွက်ရင် ဟိုင်းဝေးလမ်းဖြစ်သွားတော့ အပြန်ကျ လူမရတော့ မလိုက်ချင်ကြဘူး၊ အမှန်က ဘတ်(၂၀) ခရီးကို ပိုတောင်းကြတယ်၊ ကိုယ်က ဘတ်(၃၀)လောက်တောင်းရင် ပေးလိုက်တာပဲ၊ (၄၀)တို့ (၅၀)တို့ဆိုရင် မငှားတော့ဘူး၊ တခါများဆို ဘတ်(၁၀၀) တောင် တောင်းတဲ့ ကားသမားနဲ့တွေ့လို့ စိတ်တိုရသေးတယ်။
ကားသမားတွေက ပိုင်းနိုင်ခပ်( ဘယ်သွားမလဲခင်ဗျ) လို့ ကိုယ့်ကို မေးတဲ့အထိ ထိုင်းအမျိုးသမီး တယောက်လို့ အထင်နဲ့ပဲ၊ အဲ ကိုယ်က ပိုင်----- ဆိုပြီး ကိုယ်သွားမယ့်နေရာကို ပြောလိုက်တယ်ဆို အသံကြားတာနဲ့ ထိုင်းမဟုတ်မှန်းသိတာနဲ့ ဈေးက ပြောချင်သလို ပြောတော့တာပဲ။ ဒါပေမယ့် ကားသမားတိုင်းတော့ မဟုတ်ပြန်ဘူး၊ တချို့ကျ ဘာမှမပြောပဲ တက် ဆိုပြီးပြောရော၊ ဒါဆို အေးဆေးပဲ ဆင်းရင် (၂၀) ပေးလိုက်ယုံပဲ၊
အဲဒီတော့ ဒီလိုကြားက သွားနေရတော့ (၃)ရက်တက်၊ အဲဒီကနေ တရက် အဲဒီကနေ လုံးလုံးလျားလျား မတက်ဖြစ်တော့ပဲ ကိုယ့်ဘာသာ သင်တန်းဆင်းလိုက်ပါလေရော၊ ဒါပေမယ့် တော်တော့်ကို အကျိုးရလိုက်တယ်။ အဲဒါက ဆိုင်းဘုတ်တွေတွေ့တိုင်း လိုက်ဖတ်ကြည့်ရင် စာလုံးပေါင်းဖတ်တတ်နေတာ ကိုယ့်ဘာသာ သိလိုက်တယ်။ ဆရာမက အဆင့်မြင့်ဆက်သင်ဖို့ ရှိတယ်၊ ဆက်တက်ပါ၊ ပထမ တက်ထားတာက နဲနဲပဲ ကျန်တာဆိုတော့ လိုက်မီပါတယ် ပြောပါတယ်။
နောက်တစ်နှစ် ၂၀၁၂ခုနှစ်ရောက်တော့ ဆရာမက လောလောဆယ် အခြေခံတတ်ထားပြီးသားသူတွေကို ထိုင်းစကားပြော သင်ပေးမယ်၊ လာတက်ပါလား ဆိုတာနဲ့ စကားပါ သင်ရအောင်ဆိုပြီး တက်မယ်လို့ ဆရာမကို ပြောပြီး အိမ်ဦးနတ်က သူပါ လိုက်သင်မယ်တဲ့၊ စာတော့ မရေးချင်ဘူး၊ အပြောပဲလဲ ဖြစ်တယ်၊ သူ့အလုပ်နားရက်(၂)ရက်နဲ့လဲ ကိုက်တယ်၊ တပတ်မှ (၂)ရက်ပဲ ဆိုပြီး လင်မယားနှစ်ယောက် ချီတက်သွားကြတယ်၊ အဲဒီအချိန် ကျောင်းက ပထမနေရာ မဟုတ်တော့ဘူး၊ အိမ်နဲ့ ပိုနီးတဲ့ နေရာကို ပြောင်းလာပြီ။ ပုစွန်တောင် ရေကျော်ကနေ လမ်း(၅၀)လောက် ခရီးပဲ ရှိမယ်၊ အဲ အိမ်ဦးနတ်က အဲဒီ ပထမရက်မှာတင် တပ်ခေါက်သွားလေရဲ့၊ သူမပြောနိုင်ဘူး၊ ဆရာမကလဲ ပြောရှာတယ်၊ မြန်မာယောင်္ကျားတွေ ထိုင်းစကားပြောဖို့ မလွယ်ဘူးတဲ့၊အသံ နွဲ့ရတာလေ၊ သူမနွဲ့တတ်တော့ တပ်ခေါက်သွားပါလေရော၊
ကိုယ်လဲ တယောက်ထဲပဲ ဆက်တက်တုန်း မှတ်မှတ်ရရ ၂၀၁၂ က ချင်းမိုင်မှာ ရေကြီးတဲ့နှစ် ၊ ရေကြီးတော့ ကျောင်းတွေပိတ် ၊ ကိုယ်တွေတောင် အိမ်က တထပ်အိမ်မို့ စိတ်မချရတာနဲ့ ကလေးတွေ ကျောင်းရဲ့ အပေါ်ထပ်မှာ သွားနေလိုက်ရသေးတယ်၊ ကံကောင်းချင်တော့ စာကြည့်တိုက် လုပ်ထားတဲ့ အခန်းမှာ နေရာရတော့ ရေဘေးဒုက္ခသည် ဖြစ်ရတာတောင် စာအုပ်ပုံထဲ ခေါင်းစိုက်နေရတာ ဇိမ်ကိုကျနေတာပဲ၊


ပျိုလေးရဲ့မောင် ထိုင်းယောင်ယောင်--(၅)
ချင်းမိုင်မှာ ရေကြီးတော့ ကျောင်းတွေပိတ်တာမှာ ကိုယ်ကတော့ ကိုယ့်ဘာသာ ဆက်ပိတ်ပြီး ထိုင်းစာ သင်တန်းကို မသွားဖြစ်တော့ဘူး။ ဒါပေမယ့် သိသိသာသာ တိုးတက်လာတာ ကိုယ့်ဘာသာ သတိထားမိလာတယ်၊ သူများ စကားလာပြောရင် ဘာပြောတယ်ဆိုတာ၊ ဘာမေးတယ်ဆိုတာ သိလာတယ်၊ အထိုက်အလျောက် ပြန်ပြောတတ်လာတယ်၊ ဈေးဝယ်ရင် ကိုယ်လိုချင်တာကို ဆိုင်ထဲမှာ မတွေ့ရင် ပစ္စည်းနာမည်ပြောပြီး မေးတတ်လာတယ်၊
အကြွေမရှိလို့ ၅၀၀တန်ပေးတာပါ၊ စိတ်မရှိပါနဲ့ ဒီလိုတွေ တွန့်တတ်လာတယ်။ အဝတ်အစားဝယ်ရင်လဲ ကိုယ်လိုချင်တဲ့ အရောင်ကို ပြောပြီး ရှာခိုင်းတတ်ယုံမကဘူး၊ ဝတ်ကြည့်လို့ရမလားလို့ ပြောတတ်လာပြီ။ အရောင်တွေ မပြောတတ်ခင်ကဆို ကိုယ်လိုချင်တာ သူ့ဆိုင်မှာ ချိတ်ထားတာ မတွေ့ရင် သူများဝတ်ထားတာ ဖြစ်ဖြစ်၊ သူများကိုင်ထားတဲ့ အိတ် စသဖြင့်တခုခုကို လှမ်းထိုးပြရတယ်၊ အဲလို ၊ အဲဒီဒုက္ခတွေကတော့ လွတ်သွားတော့ ထိုင်းစကားပြောရတိုင်း ဆရာမကို ကျေးဇူးတွေတင်နေမိတယ်၊ အလကားလဲ သင်သေး ဂျီးကလဲများသေးဆိုတာ ကိုယ်လိုလူတွေလေ၊ ဆရာမက အင်မတန် စိတ်ရှည်တာ၊
ကိုယ်နဲနဲ ပြောတတ်၊ ဖတ်တတ်တာ သိတော့ အိမ်ဦးနတ်က ကိုယ့်ကို ဆက်သင်ပါအုန်းလို့ တွန်းတယ်၊ ကိုယ်တတ်ရင် သူတတ်သလိုပေါ့၊ ဒါနဲ့ ဘယ်မှာတက်ရင် ကောင်းမလဲ စုံစမ်းမေးမြန်းနေတုန်း ကိုယ်တို့ရဲ့ တအိမ်ကျော်ကို ထိုင်းစာသင်တဲ့ ကျောင်းက ပြောင်းလာပါလေရော၊ ဆရာမက သင်တန်းဖွင့်မယ်၊ အခြေခံနဲ့ အဆင့်မြင့် နှစ်ခု ဖွင့်မယ် ပြောတော့ ကိုယ်က အခြေခံက ပြန်တက်မယ်ဆိုတော့ ဆရာမက အဆင့်မြင့်ပဲ တက်ခိုင်းတယ်၊ ကိုယ်က ကိုယ့်ကိုယ်ကို စာမပီးခဲ့ဘူးဆိုပြီး ထပ်တက်ချင်တာ၊ တကယ်တန်း တက်ကြည့်တော့ ဗဲရီးအီးဇီး ဖြစ်တာနဲ့ အဆင့်မြင့်တန်း ပြောင်းတက်တာပေါ့၊
ဖွင့်ကာစမှာ အခြေခံရော၊ အဆင့်မြင့်ရောကို တချိန်ထဲမှာ အတူတူ တက်ရသေးတယ်၊ အဲဒီမှာ ဆရာမက ကိုယ်တို့ အဆင့်မြင့်က ကျောင်းသားတွေကို ဖတ်စာထဲက စာပိုဒ်ကို အပိုဒ်လိုက် တယောက်ချင်း ဖတ်ခိုင်း အဓိပါယ် ပြန်ခိုင်းတယ်၊ ပြီးမှ မသိတဲ့စာလုံးပါရင် ရှင်းပြတယ်၊ ကိုယ်က ဖတ်ပြ အဓိပါယ်ပြန်ပြ တော့ အခြေခံက ကကြီး ခခွေး အဲ ကော ကိုင်၊ ခေါ ခိုင် စသင်ရတဲ့ ကျောင်းသားတွေက ပါးစပ်အဟောင်းသားနဲ့ ငေးပြီး အားကျကြတယ်၊ ဆရာမ ကျတော်/ ကျမတို့ လဲ အဲဒီလို ရေးတတ် ဖတ်တတ်ချင်တယ် ၊ ဘယ်တော့လောက်ဆို အဲလို တတ်မလဲ လောဘတကြီး မေးကြတယ်၊
အဲဒီနှစ်က အသုတ်မှာ ကိုယ်နဲ့မတိမ်းမယိမ်း အမျိုးသားကြီး တယောက်ပါတယ်၊ မတိမ်းမယိမ်းဆိုတာတောင် သူက ကိုယ့်ထက် (၂)နှစ်ငယ်သေးတယ်၊ သူက ကိုယ့်ကို ကြည့်ပြီး ဒီအမကြီးတောင် တတ်တာ သူလဲ တတ်မှာပါနော်လို့ ဆရာမကို ပြောတယ်၊ သူက ထိုင်းစကားကို မွှတ်နေအောင် ပြောတတ်တယ်၊ အသက်(၁၇) နှစ်ကတည်းက ထိုင်းကိုရောက်နေတာ၊ အရင်က ဘာအလုပ်လုပ်လဲ မသိပေမယ့် အခုက ဗေဒင် ဟောစားသတဲ့၊ အလုပ်ဖြစ်လား မေးကြည့်တော့ ထိုင်းလူမျိုးတွေက မြန်မာတွေထက်တောင် ဗေဒင် ယတြာ ယုံသေးတယ်ဆိုပဲ၊ တယောက်ကို ဘတ်(၁၀၀) ယူတယ်ဆိုတော့ အလုပ်ဖြစ်သားလို့ တွေးမိတယ်၊ ဒါက ပုံမှန်မေးတာတဲ့၊ ဓါတ်ရိုက်ဓါတ်ဆင် ယတြာ ဘာညာလုပ်ရမယ်ဆို ဒီ့ထက် ပိုကျတယ်တဲ့၊ ဗေဒင်လာမေးတဲ့ သူတွေကို ပါးစပ်နဲ့ပဲ ဟောရတာ၊ စာမရေးတတ်တော့ စာရေးပြီး ဟောစာတမ်း ပေးရရင် သိပ်ကောင်းမှာလို့ သူ့ရဲ့ စီးပွားရေးကို သူက ချဲ့ထွင်ချင်တာ၊ အခုတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ထိုင်းစာ အရေးအဖတ် သင်တန်းရှိတယ်ဆိုတာနဲ့ စုံစမ်းပြီး လာတက်တာ၊ လာရတာ အဝေးကြီးကလို့ သူပြောပြတယ်၊ ပြီးတော့ အသက်ကလဲ ကြီးတော့ ရပါ့မလားလို့ စိတ်အားငယ်နေတာ ကိုယ့်ကိုတွေ့တော့ အားတက်သွားသတဲ့၊ ကိုယ်ကလဲ အားပေးရတာပေါ့လေ၊
အဲဒီမှာ အညာက အလုပ်လာလုပ်နေတဲ့ ညီအကို နှစ်ယောက်နဲ့လဲ သိကျွမ်းရတယ်၊ စစ်ကိုင်းကတဲ့၊ ဘယ်လိုဖြစ်ပြီး ရောက်လာသလဲဆိုတော့ အကိုအကြီးဆုံး ဖြစ်တဲ့သူက ရှင်းပြတယ်၊ သူတို့နေတဲ့ စစ်ကိုင်းနားက ရွာကို သူ့မိန်းမ ဖြစ်လာမယ့် ထိုင်းမလေးက အလည်လာရင်း သူနဲ့ အိမ်ထောင်ကျသတဲ့၊ ဒါပေမယ့် ထိုင်းမလေးက မြန်မာပြည်မှာ ကြာကြာမနေနိုင်တော့ သူ့ကိုပါ ခေါ်ပြီး ပြန်လာနေကြတာ၊ သူက ဟိုတယ်တခုမှာ အလုပ်လုပ်တယ်၊ အင်္ဂလိပ်လို နဲနဲ ပြောတတ်လို့ အလုပ်ဖြစ်သွားတယ်တဲ့၊ ထိုင်းစကား နဲနဲရတယ်၊ စာမတတ်ဘူး၊ သူဌေးက ထိုင်းစာ ရေးတတ်ရင် ဒီ့ထက်ကောင်းတဲ့ အလုပ်နေရာ ပြောင်းပေးမယ် ၊ ရာထူးလဲ ပိုရမယ် ပြောတာနဲ့ ထိုင်းစာ လာသင်တာ၊
ကိုယ်တက်တာ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ရည်ရွယ်ပြီး ဖွင့်တဲ့ ကျောင်းဆိုတော့ လာတက်ကြတဲ့ အလုပ်သမားတွေရဲ့ ဘဝတွေကို တယောက်နဲ့ တယောက် မတူတာတွေ အများကြီး ကြားရ မြင်ရတယ်။ ဆရာမဆိုရင် သူဒါ့ကြောင့် မြန်မာအလုပ်သမားတွေ အပေါ်မှာ စေတနာထားတာ ဖြစ်မယ်။ များသောအားဖြင့် တိုင်းရင်းသားတွေများတော့ သူတို့က ရိုးသားကြတယ်၊ ရိုးလွန်း အားကြီးတော့ သူတို့ပြောတာတွေက တခါတလေ ဆရာမကို အားနာစရာတွေတော့ ဖြစ်တယ်၊
စစချင်း သင်ကာစက စောစောက ပြောခဲ့တဲ့ စစ်ကိုင်းဆိုတဲ့ တယောက်က ကော ကိုင် ခေါ ခိုင် အဲလို လိုက်ဆိုရင်း ဆရာမကို သူက ပြောတယ်၊
ဆရာမရေတဲ့ အရှေ့က ကော ခေါ အဲဒါတွေက ရှုပ်နေတယ်၊ မှတ်ရတာ မလွယ်ဘူး၊ အနောက်က ကိုင်၊ ခိုင် ဆိုတာတွေက ဆိုရလွယ်တယ်၊ ကိုင်ဆိုရင် ကြက်ဆိုတာသိတယ်လေ၊ ခိုင် ဆိုတာ ကြက်ဥ မှလား အဲဒါတွေပဲ ဆိုလို့ ရမလား ဆိုတော့ ဆရာမက မျက်လုံး ပြူးသွားတယ်၊ တခြား ကျောင်းသားတွေကပါ ဟုတ်တယ် ဆရာမ အရှေ့က ဆင်တူတွေ မှတ်ရတာ ရှုပ်တယ်တဲ့၊ ဝိုင်းပြီး အရေးဆိုကြတာပေါ့၊ ဆရာမက မရဘူးလေတဲ့၊ ကျောင်းသားက ဘာလို့မရတာလဲတဲ့၊ ဆရာမက ကိုယ့်ကို လုပ်ပါအုန်း ကျမကို ကူပြီး ပြောပေးပါ၊ ကျမ မရှင်းပြတတ်ဘူးဆိုလို့ ကိုယ့်မှာ ငိုအားထက် ရယ်အားသန်ဖြစ်ရတယ်၊
ထိုင်းစာ ဗျည်းစာလုံးမှာ အသံထွက် တူတဲ့ စာလုံးရယ် နဲနဲပဲ ကွဲတဲ့ စာလုံးရယ် ရှိတယ်၊ ရေးရင်လဲ ပုံစံတူတွေ ရှိတယ်၊ စောစောက ခေါမှာ (၄)လုံးရှိတယ်၊ ပထမ ခေါ (၂)လုံးက အသံတူတယ်၊ ဒုတိယ ခေါ( ၂)လုံးက ခေါ်လို့ အသံတိုပဲ ၊ အနိမ့်သံလို့ ပြောတယ်၊
ခေါ ခိုင်၊ ခေါ ခုဝါ့၊ ခေါ် ခွိုင်း ၊ ခေါ် ခွန်း အဲလို ၊
ခိုင်က ကြက်ဥ ( ကြက်ဥပုံလေးပြထားတယ်)
ခုဝါ့ က ပုလင်း ( မြန်မာတွေကဒီစာလုံးကို ပုလင်းကို ခွက် လို့ ခေါ်သဟ လို့ အလွယ်မှတ်ကြတယ်)
ခွိုင်းက ကျွဲ
ခွန်းက လူ ( စောင်ခွန်းဆို လူနှစ်ယောက်) ( ကီခွန်း ဆိုရင် ဘယ်နှစ်ယောက်လဲ)
ဒီတော့ စာဆိုရင် ကော ကိုင်၊ ခေါ ခိုင် ၊ ခေါ ခုဝါ့ ၊ ခေါ် ခွိုင်း ၊ ခေါ် ခွန်း ၊ အဲလို ဆိုရတယ်၊ ပုံလေးတွေ ကြည့်ပြီး၊
အဲဒါ သင်တန်းသားက ရှေ့က စာလုံးတွေ ရှုပ်တယ်ဆိုတော့ ဆရာမလဲ မျက်လုံးပြူးတာပေါ့၊
ကိုယ်က သူတို့ကို ငယ်ငယ်တုန်းက သူငယ်တန်းမှာ ကကြီး ခခွေး သင်တဲ့အခါ က ကလေးငယ်ချစ်စဖွယ်၊ ခ ခရေကုံး မလေးပြုံး၊ ဂ ဂဏန်း ရေမှာဖမ်း၊ င ငါးချိတ်ပေါင်း စားလို့ကောင်း အဲလို ဆိုခဲ့ရတာ မှတ်မိလား ဆိုတော့ မှတ်မိတယ်တဲ့၊ အဲဒီမှာ အဓိက စာလုံးက ဘာလဲဆိုတော့ ကကြီး ခခွေးပေါ့၊ ကကြီး ခခွေးကို မှတ်မိအောင် နောက်က ကလေး ခရေကုံး ဂဏန်းတို့ကို လိုက်ရွတ်တာ၊ အဲလိုပဲ ကော ဆိုတာ စာလုံး၊ ကိုင် ဆိုတာ ကော နဲ့ပေါင်းရတယ် စာလုံးသိအောင်ဆိုရတာ၊ အခု မင်းတို့က အရှေ့က ဗျည်းကို ရှုပ်လို့ ဖြုတ်မယ် မမှတ်ချင်ဘူးဆိုတော့ ဘယ်လို ဆက်သင်မတုန်း ဆိုမှ ရယ်လိုက်ကြတာ ပတ်တုတ်ရမတတ်၊
ထိုင်းစာ သင်တန်းကို ပျော်ပျော်ရွှင်ရွှင် တက်ခဲ့ရတာတွေ ပြန်ပြောဖြစ်တိုင်း ကြည်နူးရတယ်၊ ကိုယ့်အတွက်က ကုန်ကြမ်းတွေတောင် ရလို့ စာတွေ ရေးဖြစ်တာ လေး ငါးပုဒ်လောက်ရှိမယ်၊ ဒီကြားထဲ ဆရာမပြောတာ တခုက အမြဲ သတိရစရာဖြစ်နေတယ်၊ အသက်ကြီးလာတဲ့အခါ ဘာသာစကား တခုခုကို သင်ယူနေမယ်ဆိုရင် ဦးနှောက်ကို အားကောင်းစေတယ်တဲ့၊ သတိမေ့တာတွေ မဖြစ်ဘူး၊ အထူးသဖြင့် ပါကင်ဆန်လို အယ်ဇိုင်းမားလို ရောဂါမျိုး တွေ ဖြစ်မလာအောင် တားဆီး နိုင်တယ်တဲ့၊
ကိုယ်လဲ အခုတော့ ထိုင်းစာသင်တန်းကို သွားမတက်ဖြစ်တော့ပေမယ့် အင်တာနက်ကနေ နေ့စဉ် သင်ယူတဲ့ အကျင့်လုပ်နေလိုက်တယ်၊ ကိုယ့်မိခင် ဘာသာစကား မဟုတ်တဲ့ အတွက် အမြဲတန်း လေ့လာ ဖတ်မှတ်နေရတာပဲလေ၊

No comments:

Post a Comment