April 9, 2015

" လီကွမ်ယု" အံ့ဩခဲ့ရသည့် မြန်မာပြည် ( ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၂၉) ပါ ဆောင်းပါး

  
                           "လီကွမ်ယုဟာ စင်ကာပူကို ၁၉၅၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး စင်ကာပူနိုင်ငံကို ဆင်းရဲတဲ့ တံငါရွာ ဘ၀ကနေ ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်အောင် ဦးဆောင်ပေးခဲ့သူ ဖြစ်တယ်" လို့ ဖတ်ရသည့်အခါ မြန်မာပြည်က ခေါင်းဆောင်တွေရဲ့ မျက်နှာ ပြေးမြင်မိလေသည်။
           မျက်မှောက်ကာလ စင်္ကာပူကို သိမြင်ကြသူတိုင်း ခေါင်းဆောင်ကြီး လီကွမ်ယုကို လေးစားကြလေသည်။ အနှစ်(၃၀)ကာလ အုပ်ချုပ်ခဲ့သည့်ကာလရဲ့  နောက်ပိုင်းတွေမှာ အာဏာရှင်ဆန်သော ခေါင်းဆောင်လို့ ဝေဖန်ခဲ့ကြပေမယ့် သူတည်ထောင်ခဲ့တဲ့ တိုင်းပြည်က တိုးတက်အောင်မြင်နေပါပြီ။
                  လီကွမ်ယု ကွယ်လွန်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ status တွေ အမျိုးမျိုး ရေးကြတဲ့အထဲက စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက် သူ့ဘော့စ်ရဲ့ အပြောကို အံ့ဩဟန်ရှိတဲ့ status လေးတင်ထားတာ ဖတ်ရသည်။

" ကိုယ့်ရဲ့ လူကြီးဟာ PAP ပါတီကမဟုတ် ။ အသုဘကိုငါမသွားဘူးတဲ့ ..။ ပြိုင်ဘက်ပါတီကလူတွေကို ဘယ်လောက်နှိပ်ကွပ်တယ်ဆိုတာ နင်သိသလားတဲ့ ။ ၉၁နှစ် ... သေသင့်ပါပြီတဲ့ ..။ စင်ကာပူအသစ်ကို ငါတို့ပြန်စမယ်တဲ့ .." 
                      ဘယ်လိုပဲပြောပြော လီကွမ်ယုရဲ့ ခေါင်းဆောင်မှုအောက်မှာ စင်္ကာပူက တောက်ပဝံ့ကြွားစွာ အာရှကျားတစ်ကောင် ဖြစ်လာခဲ့တာပင်။
စည်းကမ်းပြည့်ဝသော ၊ ခေတ်မီတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့သည်။
                       မရှေးမနှောင်းပင် ထိုကာလ အတိအကျ ပြောရပါမူ တစ်နှစ်ပင် စောခဲ့သည့် သူကြီး မြန်မာပြည်ကို ဦးဆောင်ခဲ့သည့် ၁၉၅၈ခုနှစ်မှသည် ၁၉၈၈ခုနှစ်တွင် မြန်မာပြည်သည် ဆင်းရဲမွဲတေ ခဲ့ရသည်။ သူလက်ဆင့်ကမ်းခဲ့သည့် အာဏာရှင်အဆက်ဆက် ဦးဆောင်ခဲ့ရာ ဆင်းရဲမွဲတေမှု ထိပ်ဆုံးအဆင့် နိုင်ငံစာရင်းဝင်သွားလေတော့သည်။
  တိုင်းပြည်တစ်ခုမှာ ခေါင်းဆောင်သူတွေရဲ့ အရည်အချင်း စီမံခန့်ခွဲမှုနဲ့ နှလုံးရည်က အရေးပါကြောင်း သက်သေပြနေလေသည်။
              လွန်ခဲ့တဲ့ တစ်ပတ်ခန့်က သတင်းတစ်ပုဒ်မှာ ထိုင်း- မြန်မာ နယ်စပ်ကနေ ထိုင်းဖက်က မြန်မာနိုင်ငံ မြဝတီမြို့ဖက်ကို နံနံပင် ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဂေါ်ဖီထုပ် အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပို့ရာမှာ တစ်နေ့ကို ဘတ်တစ်သိန်းကျော်ဖိုးခန့် တင်ပို့နေရကြောင်း၊ တစ်လကို ဟင်းသီးဟင်းရွက်နဲ့ ဖရဲသီးအပါအဝင်  သစ်သီးဝလံတွေကို ဘတ်သိန်းတစ်ရာဖိုးခန့် တင်သွင်းရကြောင်း နားထောင်လိုက်ရသည်။  ထိုကဲ့သို့ ကုန်စိမ်းသာမက ဖရဲသီး၊ နာနတ်သီး ၊ အစရှိတဲ့ သစ်သီးဝလံတွေလည်း မြန်မာဖက်ကို ပို့ကုန်အဖြစ် တင်ပို့နေရကြောင်း နားထောင်ရသည့်အခါ ကွယ်လွန်သွားပြီ ဖြစ်သော စာရေးဆရာ မင်းလူရဲ့ ကဗျာခေါင်းစဉ်လို " ဘာတွေဖြစ်ကုန်ကြပြီလဲ " လို့ ရေရွတ်မိလေတော့သည်။
                 
                    အသိတစ်ယောက် ပြောပြတာက ထိုင်းကလာတဲ့ ပိန္နဲသီးတစ်လုံးကို မြန်မာငွေ ကျပ် နှစ်သောင်းခွဲနှင့်ဝယ်စားရာ ကောင်းမှကောင်းဟု ဆိုလေသည်။ စာရေးသူ မျက်စေ့ထဲတွင်လည်း  ယိုးဒယား ဒူးရင်းသီးဟု ဆိုကာ ဆူးခပ်ကျဲကျဲ  အလုံးကြီးကြီးတွေ ရောင်းနေကြတာ မြင်ယောင်လာသည်။
                စူပါမားကက်များမှာ ထိုင်းကလာသည့်  ခေါက်ဆွဲခြောက်၊ ဆီ၊ ငံပြာရည်ကအစ ရောင်းနေကြရာ မြန်မာပြည်ကနေ နိုင်ငံခြားကနေ မှာယူတင်သွင်းရတာတွေ ချည်းပဲ ဖြစ်နေချေပြီ။ ပြည်တွင်းမှာ ထွက်ရှိတာတွေကို  ပြည်တွင်းထွက်ကုန် အဖြစ် ပြည်သူတွေစားသုံးဖို့  လောက်ငအောင် မစွမ်းဆောင်နိုင်ကြတော့ပေ၊ ထိုင်းမှ တင်သွင်းလာတာတွေ အားလုံးသည် မြန်မာပြည်မှာ မရှိလို့လား၊ မထွက်လို့လား မေးပါက မြန်မာမျိုးရင်းတွေပင် များစွာ ပါနေသည်ဟု ဆိုရပေမည်။
             ခရမ်းချဉ်သီးကိုပင် ထိုင်းက မှာယူ ရသည်ဆိုသောအခါ စာရေးသူတို့ ငယ်စဉ်အခါက မကြာခဏ အလည်ရောက်သည့် အမေကြီးတို့ ရွာက အဖြစ်ကိုသတိရမိသည်။  အမေကြီးတို့ရွာသည် ယခုနေပြည်တော်အနီးမှာ ရှိသည်။ လွန်ခဲ့သည့် အနှစ်(၄၀)ခန့်က ရွာမှာ စပါး၊  ခရမ်းချဉ်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြံနှင့် ကိုင်းသီးနှံအချို့ စိုက်ပျိုးကြသည်။ ခရမ်းချဉ်သီး ဆွတ်သည့်အချိန်ဆိုပါက တင်းတောင်းတွေဖြင့် ရွာမှ မြို့သို့ သွားရောင်းကြသည်။ မြို့နှင့်ရွာက နွားလှည်းဖြင့် တစ်နာရီနီးပါး သွားရပြီး ခြေလျင်လျှောက်ပါက (၄)နာရီနှင့်( ၅) နာရီခန့် ကြာမြင့်သည်။
ခရမ်းချဉ်သီး ပေါ်ချိန်မှာ ဝမ်းစာအတွက် အိမ်အပေါ်မှာ ထပ်ခိုးလုပ်ပြီး ခရမ်းချဉ်သီးများကို ကျင်း ထားလေသည်။ နံနက်စောစော ကောက်စိုက်မသွားခင် ခရမ်းချဉ်သီးကို ဖဲထီးသံချောင်း အဟောင်းလေးမှာ ထိုးကာ သီတံလေးဖြင့် ထမင်းအိုးတည်ထားသည့် ထင်းမီးဖိုအောက်မှာ ထိုးထဲ့လိုက်သည်။ ငရုတ်သီးကိုလည်း ထို့အတူ ကင်ပြီး ကျက်သည်နှင့် ခရမ်းချဉ်သီးမီးဖုတ်ကို ငရုတ်သီးမီးကင်နှင့် ကြက်သွန်ဖြူတို့ဖြင့် ရောထောင်းထားသည့်  ခရမ်းချဉ်သီးထောင်း တချို့အရပ်အခေါ် ပန်ထွေဖျော်ဖြင့် ထမင်းကြမ်းကို စားကာ နေ့စဉ် လယ်ထဲ ဆင်းကြသည်။ သို့ဖြင့် ခရမ်းချဉ်သီးနှင့် ငရုတ်သည် မရှိမဖြစ်၊ တစ်နှစ်စာ သိုမှီးထားကြလေသည်။
                    မြို့ဈေးမှာ ခရမ်းချဉ်သီး ပေါ်ချိန်ဆို ဈေးကဘာမှမရ၊ တင်း တောင်းတစ်လုံးမှ တစ်ကျပ်ခန့်နှင့် ရောင်းခဲ့ရသည်လည်း ရှိသည်။ မရောင်းပါက ပြန်သယ်ဖို့ကလည်းမလွယ်၊ မှည့်ကုန်ပါက ပစ်လိုက်ရန်သာရှိသည်။ ရသည့်ဈေးဖြင့် ရောင်းခဲ့ရလေသည်။ ထိုအချိန်မှာ ရန်ကုန်မြို့လို မြို့ကြီးပြကြီးတွေမှာ  ခရမ်းချဉ်သီး တစ်ပိသာကို နှစ်ကျပ်၊ သုံကျပ်ဖြင့် ဝယ်စားရသည်။ ရှာပါးသည်။ ပိဿသာချိန်ဖြင့် ဝယ်မစားနိုင်၍  အစိတ်သား ၊ သုံးဆယ်သား အလီလီ ဝယ်စားရသည်။  နယ်မှာ လွှင့်ပစ်ရမလောက် ပေါနေသည်ကို မြို့တွေမှာ ရှားရှားပါးပါး၊ အဓိကက လမ်းပန်းဆက်သွယ်ရေးနှင့် စားရိတ်စက ကြီးမြင့်မှုကြောင့် စိုက်ပျိုးသူနှင့် စားသုံးသူကြား ကွာဟချက်ဖြစ်ကာ စိုက်ပျိုးသူမှာလည်း လုံလောက်စွာ အမြတ်မရသလို၊ စားသုံးသူမှာလည်း ဈေးကြီးကြီးပေးကာ ဝယ်ယူရပေသည်။ အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုသည် ပြည်သူကို ထိခိုက်စေသည့် အချက်တစ်ခုပင်။
                   လွန်ခဲ့သည့်(၁၀)နှစ်ခန့်မှာတော့ ခရမ်းချဉ်မှာ နာမည်ရသည့် အဆိုပါရွာကလေးက လူတွေသည် ခရမ်းချဉ်သီးကို မြို့ဈေးကနေ တစ်ဆယ်သားချင်း၊ အစိတ်သား၊ ငါးဆယ်သား စသဖြင့် ဝယ်စားနေကြသည်ကို အံ့ဩဖွယ်ရာ တွေ့ရသည်။ အကြောင်းကတော့ ဈေးမရသည့် ခရမ်းချဉ်သီးကို အချိန်ကုန်ခံ၊ မြေအပိုကုန်ခံပြီး မစိုက်တော့ပါတဲ့၊ မြေကို ပြုပြင်ပြီး ဈေးကောင်းရသည့် မတ်ပဲကို တစ်ရွာလုံးလိုလို စိုက်ကြသည်တဲ့၊ မတ်ပဲပေါ်ပြီးပါက ပဲခင်းပိုင်ရှင်တွေ  ရွှေတွဲလဲ ငွေတွဲလဲဖြင့် ဆိုင်ကယ်တွေ ဝယ်စီးကြ တီဗွီတွေ အောက်စက်တွေ ဝယ်ကြသည်။
                   ဆန်ကို ရွာထိပ်က ကုန်စုံဆိုင်ကနေ တစ်ပြည်ချင်း ဝယ်စားကြသည်၊  ပြောင်းဖူးပြုတ်ကို မြို့ကြီးမှာလို ဈေးသည်ဆီက ပြုတ်ပြီးသားကို တစ်ဖူးချင်း ဝယ်စားကြသည်၊  တစ်နှစ်မှာတော့ ပဲဈေးကမောက်ကမ ဖြစ်ပြီး ရှုံးကြရာ စားစရာ ဝမ်းစာမှာ စပါးမရှိ၊ မနက်စောစော အဆာပြေထမင်းကြမ်းဖြင့်စာသည့် ခရမ်းချဉ်သီးမီးဖုတ်ထောင်းပင် နပ်မမှန်တာတွေ ဖြစ်ကုန်သည်။ ယခင်ကတော့ ရွှေမရှိ ငွေမရှိပေမယ့် မိုးလင်းလာရင် စားဖို့က  စားဖိုချောင်ထိပ်က ကျပ်ခိုးစင် တက်နှိုက်ရုံပင်၊ သို့ဖြင့် နေ့စဉ်စားဖို့ ချေးငှား အကြွေးသံသရာလည်တော့သည်။ ယခုသော် အိမ်နီးချင်းနိုင်ငံမှ ဝယ်ယူတင်သွင်းနေရချေပြီ။
                 အစိုးရက စိုက်ပျိုးးရေးနှင့်ပတ်သက်ပြီး အသိပညာပေးမှု ၊ နည်းပညာဖြန့်ဝေမှု အားနည်းချက်တစ်ခုပင်။
           အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စိုက်ပျိုးသီးနှံများ ပေါများစွာ ထွက်ရှိလေသည်။ တရုတ်နံနံကို မြန်မာပြည်မှာ လက်သန်းဖျားခန့် အစည်းကလေးကို ပဲပင်ပေါက် ပဲပြားရောင်သည့် ဈေးသည်ဆီက ဝယ်ခဲ့ရသည့် စာရေးသူမှာ ထိုင်းကဈေးတွေမှာ လက်တစ်ပွေ့စာ အစည်းကြီးများ ကိုတွေ့ရသည့် အခိုက် အံ့ဩမိလေသည်။ နံနံပင်၊ ရှမ်းနံနံလည်း ထို့အတူပင်၊ ဈေးနှုန်းက ငွေဈေးဖြင့်တွက်ကြည့်က မကွာလှပေမယ့် ပေါပေါများများ မြင်ရသည်၊ ပေါပေါများများ စားရလေသည်။
           မိတ်ဆွေ ထိုင်းအမျိုးးသမီးတစ်ယောက်ကို ထိုင်းနိုင်ငံမှာ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ သားငါးတွေ ဘာဖြစ်လို့ ဒီလောက်ပေါပေါများများ ထွက်သလဲလို့ မေးကြည့်ရာ ထိုင်းဘုရင်ကြီး၏  ပြည်သူတွေကောင်းစားရေး  အစီအစဉ်တွေကို  ကြားသိရလေသည်။
           ထိုင်းဘုရင်ဖြစ်လာမည့် ဘူမိဘောအဒူရာ မှာ  ဘုရင်အဖြစ် ရုတ်တရက် နန်းတက်ခဲ့ရပေမယ့် သူထီးနန်းတက်သည့် အချိန်ကစပြီး တိုင်းသူပြည်သားတွေရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးဖို့ လုံးပမ်းခဲ့လေသည်။ တစ်နိုင်ငံလုံးအနှံ့ လှည့်လည်ပြီး အောက်ခြေလူတန်းစားအထိ ဘာတွေ လိုအပ်သလဲ ဆိုတာ အမြဲ ကြည့်ရှုသည်တဲ့၊ တိုင်းပြည်မှာ အဓိက အရေးကြီးဆုံးထဲကမှ ပြည်သူတွေ အစားအစာ ပေါပေါများများ  ဝဝလင်လင် စားသုံးနိုင်ပါက ကျန်းမာရေးကအစပြုပြီး  လူတွေမှာ အဓိက ချမ်းသာရာဖြစ်မယ်လို့  တွက်ဆပြီး စိုက်ပျိုးဖို့ လုပ်ဆောင်ပေးခဲ့သည်တဲ့၊ မြေမရှိသူတွေကို စိုက်ပျိုးမြေချပေးပြီး၊ မိမိအိမ်ပတ်ဝန်းကျင်မှာပါ တပိုင်တနိုင် စိုက်ပျိုးနိုင်အောင် နည်းပညာတွေ၊ ခေတ်မီ နည်းစနစ်တွေ အကောင်အထည်ဖော်ပေးခဲ့လေသည်တဲ့၊ “ပြည်သူတို့အတွက် ချက်ချင်းဆောင်ရွက်”ဆိုသည့် ဆောင်ပုဒ်သည် ပြည်သူတို့အတွက် လက်တွေ့ကျင့်သုံးသည့် ဘုရင်ဘူမိဘော၏  ဆောင်ပုဒ်တစ်ခုပင်ဖြစ်သည်ဟု ဆိုလေသည်။
          နှစ်ပေါင်း(၆၀) ကြာလာသော ယနေ့အချိန်ဝယ် ပြည်သူတွေမှာ စာစရာပေါလျှံပြီး ပြည်ပသို့ပင် တင်ပို့နိုင်သည့် အခြေအနေသို့ ရောက်လာခဲ့လေသည်။

 "  ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံသော ဘဝမှနေ၍ မြေကြီးပေါ်သို့ ဆင်းကာ ဗျိုင်းတောနှင့်ရွှံ့နွံ ခြေအစုံပင်ကျွံစေ ဦးတော့ တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့်အလုပ်မှန်လျှင် အားမာန်အပြည့်နှင့် တစိုက်မတ်မတ် အမျှင်မပြတ်သယ်ပိုးခဲ့သည်။
ဆည်မြောင်းနှင့် တာတမံတည်ဆောက်နိုင်ဖို့အတွက် ခြင်ပေါ၍ဗွက်ထူသော ဗျိုက်တောသို့ပင် ကိုယ်တိုင်ဝင်၍ တိုင်းတာသူ၊ ကိုယ်လက်မကောင်းသူများကိုပင်လျှင် အကြင်နာတရားနှင့် အားပေး နှစ်သိမ့်စကားပြောကြားသူ၊ တောင်ပေါ်နေဆင်းရဲသားများအား ဘိန်းအစား အခြားငွေရသီးနှံများဖြင့် အစားထိုးစိုက်ပျိုးရန် ကိုယ်တိုင်လိုက်လံစည်းရုံးသူ၊ မျိုးကောင်းမျိုးသန့် စပါးအထွက်များစေဖို့အတွက် လယ်ကွင်းများအတွင်း တကယ်ဆင်း၍ ပညာပေးရင်း စည်းရုံးသူ၊ လယ်သမားများနှင့် အသိချင်း ဖလှယ်သူဖြစ်သည်။ " လို့ ဆောင်ပါးရှင် သန်းဝင်းလှိုင် ရေးသားထားတာ ဖတ်ခဲ့ရဖူးလေသည်။
                ထိုင်းနယ်စပ်က ကျေးရွာတလျှောက် စာရေးသူဖြတ်သန်းသွားခဲ့စဉ်က လယ်တော အိမ်လေးတွေ တွေ့ဖူးလေသည်။ လယ်တောထဲမှာရှိ၍ လယ်တောအိမ်ဟု ခေါ်လိုက်ရသော်လည်း  တိုက်ခံအိမ်ကလေးတွေ ဖြစ်လေသည်။ ထိုလယ်တောအိမ်ကလေးတွေရဲ့ အရှေ့မှာ ကုန်ပစ္စည်းသယ်လို့ရတဲ့ ဟိုင်းလတ်စ်လို အမိုးဖွင့်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးစီ အနည်းဆုံး ရှိနေတာ တွေ့ရလေသည်။ ဒါ့ကြောင့်  ထိုင်းလူမျိုး လယ်သမား ယာသမား စိုက်ပျိုးရေးသမားတွေမှာ သူတိုကလယ်က ထွက်ရှိတဲ့ စိုက်ပျိုး သီးနှံတွေကို ရောင်းချမယ့်နေရာကိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ရောင်းချနိုင်ကြလေသည်။ ဟင်းသီးဟင်းရွက်စိုက်သူသည် သူ့စိုက်ခင်းက ထွက်သည့် ကုန်များကို ကိုယ်တိုင်ကိုယ်ကျ ဈေးသို့ပို့လေသည်။ သို့အတွက် သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစားရိတ် သက်သာကာ   စားသုံးသူလည်း သက်သာ၊ ပေါပေါများများစားရပြီး စိုက်ပျိုးသူအတွက်လည်း နစ်နာမှု မရှိတော့ပေ။
          ပြည်သူကို ဗဟိုပြုသည့် ပြည်သူကိုအကျိုးရှိစေသည့် ရလဒ်များပင်ဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ကုန်များ၏ မျိုးရင်းများကို ထိုင်းလူမျိုး တောင်သူနှင့်တကွ မွေးမြူရေးသမားတွေ အလွန်သဘောကျကြကြောင်း သိရသည်။ ယခုသော် မြေကြီးမှရွှေသီးသည့် မြန်မာနိုင်ငံမှ မြေကြီးတွေ စိုက်ပျိုးသူလက်ထဲလည်း မရှိတော့သည့်အပြင် နည်းပညာပံ့ပိုးမှုဆိုတာကတော့ သတင်းတွေမှာသာ တွေ့ရတော့သည်။ သတင်းထုတ်ရန်သာ အပေါ်ယံပံ့ပိုးနေသ၍ လူထုလက်ထဲ ဘာမှမရောက် ဘာမှလည်း ဖြစ်မလာ။
မြန်မာပြည်မှာ လယ်သိမ်းယာသိမ်း ဖြစ်နေချိန်၊ စိုက်ပျိုးသူတွေကို ထောင်ချနေချိန်မှာ ထိုင်းနိုင်ငံမှာ တစ်နှစ်ဝင်ငွေ ဘတ်သုံးသောင်းအောက် ဝင်ငွေ ရှိသူတွေကို စိုက်ပျိုး လုပ်ကိုင်စားသောက်နိုင်ရန် မြေဧက နှစ်သောင်းကျော်ကို ယခု ၂၀၁၅ခုနှစ်မှာ ခွဲဝေပေးမည့် အကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်တာ ဖတ်ရလေသည်။

              "  ဒီလောက် သယံဇာတတွေ ပေါများစွာ ထွက်ပြီး သဘာဝသယံဇာတ အရင်းအမြစ်တွေ ပေါကြွယ်လှတဲ့ နိုင်ငံတစ်နိုင်ငံကို ဆင်းရဲမွဲတေသွားအောင် ဘယ်လိုများ အုပ်ချူပ်ခဲ့ပါလိမ့်လို့"  စင်္ကာပူကို ရန်ကုန်လို ဖြစ်အောင် လုပ်ရမယ်လို့ ရည်မှန်းခဲ့တဲ့ လီကွမ်ယု ကိုယ်တိုင်က အင်တာဗျူးတခုမှာ ပြောသွားခဲ့ဖူးတာ သတိရရင်း  ရေကိုပင် မလေးရှားမှ ပိုက်ဆံဖြင့် ပေးဝယ်ခဲ့ရပြီး သယံဇာတအရင်းအမြစ် ဘာမှမထွက်သည့် အထဲကမှ ရုန်းထကာ တိုင်းပြည်ကို ထူထောင်ခဲ့သည့် ဘိုးလီကွမ်ယု တစ်ယောက် မြန်မာပြည်က အုပ်ချုပ်သူတွေအပေါ်  တော်တော့်ကို အံ့ဩသွားလို့သာပင် ဒီလိုဖွင့်ဟ ပြောသွားခဲ့တာဖြစ်မှာဟု  တွေးမြင်မိလေသည်။

ခိုင်ခိုင်စောလွင်

No comments:

Post a Comment