April 8, 2015

လောကကို သံလက်သီးနဲ့ ရင်ဆိုင်သွားတဲ့သူ ( ကိုရွှေအောင်) စံတော်ချိန်( ၂)နှစ်ပြည့် လက်ရွေးစင်ဆောင်းပါးများ စာအုပ်ပါ ကိုရွှေအောင် ရဲ့ ဆောင်းပါး

     မနက်တကြိမ် ညတကြိမ် နေ့တိုင်း ထုတ်လွှင့်ပေးရတဲ့ ရေဒီယိုသတင်းသမားဘ၀မှာ သင်္ကြန်ရုံးပိတ်ရက်ရှည်ဆိုတာလဲ မရှိဘဲ သင်္ကြန်တွင်း အလှည့်ကျ အနဲဆုံးတရက်တော့ ဂျုတီဆင်းရပါတယ်။ဒီနှစ်သင်္ကြန်အတက်နေ့ဂျုတီကျလို့ဆင်းတော့ သင်္ကြန်တွင်း သတင်းပုလင်းရှားမယ်ထင်ထားတာ ကချင်စစ်ပြေးဒုကသည်တွေ ထောင်နဲ့ချီထွက်ပြေးနေရပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကျန်းမာရေးအခြေအနေစိုးရိမ်ရတဲ့သတင်းတွေက သတင်းကြီးတွေဖြစ်နေပါတော့တယ်။(ကောက်ကာငင်ကာရေးမိလိုက်တာ သတင်းစာဆရာကြီး၊တကယ်တော့ ဦးဝင်းတင်ဟာ စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေးသမားကြီး ဖြစ်ပါတယ်)သင်္ကြန်အတက်နေ့က ဦးဝင်းတင်ရဲ့ မိသားစုဆရာဝန်ဒေါက်တာမြင့်သိန်းနဲ့ ဖုန်းအဆက်အသွယ်ရတော့ ကျောက်ကပ်ဆေးရမယ်၊မဆေးဘဲထားရင် ၃ရက်လောက်နေ သေမယ်၊အဲဒီတော့ ဒီတိုင်းထိုင်ကြည့်နေမယ့်အစား ဆေးမယ်၊အသက်ဆက်ရှင်ဖို့ကတော့ ၁၅-၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိလိုက်ရပါတယ်။ဒီလို သိလိုက်ရတာက ဧပြီလ ၁၆ရက်၊ဦးဝင်းတင်ရဲ့ ကျောက်ကပ်ကို ၃ကြိမ်မြောက် ဆေးအပြီး ဧပြီလ ၂၁ရက် မနက် ၆နာရီခွဲလောက်မှာတော့ ဦးဝင်းတင် ဆုံးပါးသွားပါတော့တယ်။

ဦးဝင်းတင်ဆုံးတော့ မီဒီယာမျိုးစုံက နိုင်ငံရေးနဲ့ စာပေနယ်၊လူမှုရေးနယ်ပယ်အသီးသီးက ထင်ရှားတဲ့သူတွေကို ဦးဝင်းတင်အပေါ်အမြင်သဘောထားတွေ ၀ိုင်းမေးကြပါတယ်။အားလုံးလိုလို
ကလဲ ၀မ်းနဲကြောင်း၊အစားထိုးမရတဲ့ ဆရာကြီး တဦးဖြစ်တဲ့အကြောင်း တညီထဲ ပြောကြပါတယ်။ဒီထဲ ထူးတာလေး ၂ခု ပြန်ဖောက်သည်ချပြပါရစေ။၈၈ ကိုမင်းကိုနိုင်က ပြောပါတယ်။ဦးဝင်းတင် ကျန်းမာရေးစိုးရိမ်ရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ သူ့ဆီကို အနယ်နယ်အရပ်ရပ် ရေခြားမြေခြား တိုင်းပြည်တွေက ဗမာတွေ တိုင်းရင်းသားတွေဆီက ဖုန်းတွေ အဆက်မပြတ်လာတယ်၊ဦးဝင်းတင်ရောဂါကို သူတို့ ရိုးရာ ဆေးနည်းတွေနဲ့ လာကုပေးလို့ ၇မလား၊ဦးဝင်းတင်ကို သူတို့ရောက်နေတဲ့  နိုင်ငံပို့ပေးပါလား၊ဘယ်လောက်ကုန်ကုန် သူတို့အကုန်ခံပြီး ကုပေးပါ့မယ်၊ဒါမျိုးတွေ ဆက်သွယ်ပြောလာကြတော့ ဦးဝင်းတင်အပေါ်ထားတဲ့ စိတ်စေတနာတွေကို မြင်မိတယ်။ဒါတွေဟာလဲ ဦးဝင်းတင်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ စိတ်စေတနာတွေ ရောင်ပြန်ဟပ် ဖော်ပြနေတာပဲ၊သူ (မင်းကိုနိုင်) ကံကောင်းထောက်မစွာနဲ့ ဦးဝင်းတင် ကျောက်ကပ်ဆေးအပြီး အထဲဝင် တွေ့ခွင့်ရတော့  ဒီအကြောင်း ဦးဝင်းတင်ကို ပြောပြတယ်၊ဘဘ ကျေနပ်အားရတဲ့ အပြုံးပြုံးတယ်။
နောက်တဦးက ဆရာဖေမြင့် ပြောတာပါ။ဦးဝင်းတင်ဟာ သတင်းစာသမားဘ၀ကနေ နိုင်ငံရေးနယ်ပယ်ထဲ ရောက်သွားတာမို့  အဲဒီထဲကမှ ထူးခြားတဲ့ သဘာဝ ကတော့ သူက ကိစ္စရပ်တွေမှာ သတင်းစာ သမားများကဲ့သို့ပေါ့ဗျာ ဘယ်ဟာသည် အဖြစ်မှန်လည်း ဆိုတာကို ပိုပြီးတော့ အာရုံစိုက်တယ်။ အဲဒါသည် ဘာဖြစ်သွားသလဲ ဆိုရင် မူဝါဒ အပေါ်မှာ တိတိကျကျ ရပ်တည်တဲ့သူ ဖြစ်လာတယ်။ နိုင်ငံရေးသမား အများစုကဲ့သို့ အလျှော့ အတင်း၊ အပေးအယူတွေကို သူထပ်ပြီးတော့ လုပ်ဖို့ ဝါသနာ မပါဘူး။ သူယုံကြည်တဲ့ နေရာကို ခိုင်ခိုင် မာမာ ရပ်တည်တယ်။ဒါပဲ ဖြစ်ပါတယ်။

ဦးဝင်းတင် သေမင်းနဲ့ နပမ်းလုံးနေချိန် ၂၀၁၄ သက်ြန်တွင်းမှာ အတွေးအမြင်စာစဉ်ဟောင်းတွေ ပြန်ဖတ်မိပါတယ်။ဒီထဲ တပုဒ်မှာ ဆရာမောင်ဝံသရဲ့ စာတပုဒ်ဖတ်မိပြီး ကျနော် လန့်ဖျတ်သွားမိပါတယ်။ဆရာက သတင်းစာဆရာကြီး ဦးထွန်းဖေရဲ့ စူးရှထက်မြက်တဲ့ နိုင်ငံရေးအမြင်နဲ့ ဝေဖန်ရေးသားထောက်ပြခဲ့ပုံတွေ သဘောကျ ကျေနပ်အားရမိတာတွေ ရေးရင်း တနေရာမှာ ဆရာကြီး ဦးထွန်းဖေရေးတဲ့ အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရသလဲ စာအုပ်ပါ ဦးထွန်းဖေရဲ့ ရေးသားချက်တွေကို ဖတ်မိပြီး သူတွေးမိတာ တခု အခုလို ရေးသားဖော်ပြခဲ့ပါတယ်။

"အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရသလဲ စာအုပ်ကို တကယ်ဖတ်ပြီးချိန်မှာ ပထမဆုံး ကျနော် စဉ်းစားမိတာကတော့ ကျနော်တို့ခေတ် ပြီးတော့ ကျနော်တို့ နောက်မျိုးဆက်ခေတ်မှာ ဆရာကြီး ဦးထွန်းဖေတို့လို နိုင်ငံရေးဝေဖန်ချက်များ ပီပီပြင်ပြင် ရေးနိုင်တဲ့ စာနယ်ဇင်းသမားတွေ ပေါ်လာနိုင်ပါ့မလား ဆိုတာပါပဲဗျာ။သည်လို ဝေဖန် သုံးသပ်ချက်မျိုးဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင်သိမှ ပြီးတော့ စူးရှတဲ့ ဝေဖန်ရေးအမြင်လဲ ရှိမှ ရေးလို့ ရနိုင်တာကလား "


စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေးသမားကြီး နှစ်ဦးစလုံး ဆုံးပါးကုန်ပါပြီ။တဦးက ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ စာရေးဆရာ သတင်းစာဆရာ ဘ၀နဲ့ ဆုံးပါးခဲ့တာ ဖြစ်ပြီး၊တဦးက ရဲရဲတောက် နိုင်ငံရေးသမားကြီး ဘ၀နဲ့ ဆုံးပါးခဲ့တာပါ။သူတို့ ပိုင်ဆိုင်ခဲ့တဲ့ စာရေးဆရာ သတင်းစာဆရာ နိုင်ငံရေးသမား ဆိုတဲ့ ဂုဏ်ထူးဝိသေသတွေ ပိုင်ဆိုင်ဖို့ နေနေသာ တခုခုမှာ ရပ်တည်နိုင်တောင် တော်လှပြီ မှတ်ရမယ့်ဘ၀၊ တော်လှတတ်လှ ပါရမီကြီးလှ စေတနာကြီးလှတဲ့ ဆရာတွေ ဦးခိုက် ကန်တော့လိုက်ပါတယ်။

သတင်းသမားဘ၀ နာရေးသတင်းတွေနဲ့ အကြိမ်ကြိမ် ကြုံရပါတယ်။စာရေးဆရာ သတင်းစာဆရာ ဆရာ မောင်ဝံသဆုံးတော့ ဆရာ့ရဲဘော်ကြီးတဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဆက်သွယ်ပြီး ဆရာမောင်ဝံသအကြောင်း အင်တာဗျုးလုပ်ရပါတယ်။ဦးဝင်းတင်
က မောင်ဝံသဟာ လောကကို ကတ္တီပါစွပ်ထားတဲ့ လက်သီးနဲ့ ရင်ဆိုင်သွားတဲ့သူ လို့ ကဗျာဆန်ဆန် တင်စားပြီး ပုံဖော် ပြောဆိုခဲ့ပါတယ်။အခုတော့ လောကကို ကတ္တီပါလက်သီးနဲ့ ရင်ဆိုင်သူနောက်  လောကကို သံလက်သီးနဲ့ရင်ဆိုင်သူတယောက် လိုက်သွားပြန်ပါပေါ့။လောကအတွက် တာဝန်ကျေခဲ့တဲ့ဆရာတွေကို နှစ်ဆွေးဆွေး ဆွေးနေမိအုန်းတော့မှာပါပဲ။

(ကိုရွှေအောင်)

No comments:

Post a Comment