May 19, 2015

ပုစ္ဆာဆန်သော................ ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၃၃)ပါ ဆောင်ပါး ( ၁၂- ၅- ၂၀၁၅)


စာရေးသူတို့ ငယ်ငယ်က ကြည့်ရသော ရုပ်ရှင်ဇာတ်ကားနာမည်တစ်ခုကို သတိရမိသည်။ " ပုစ္ဆာဆန်သော မိန်းကလေး" တဲ့၊
ဇာတ်ဝင်သီချင်းကလည်း ပုစ္ဆာဆန်သော မိန်ကလေးရေ........................... တဲ့။
ဝန်ထမ်းလစာတွေ တိုးသည့် သတင်းကြားရသည့်အခါ ထိုသီချင်းကလေးက ပါးစပ်ထဲ အလိုလို ရောက်လာသည်။ အဘယ့်ကြောင့်ဆိုသော် ဝန်းထမ်းအားလုံးကို တန်းတူပေးထားခဲ့သည့် အပို ထောက်ပံ့ကြေး( ရှားပါးစားရိတ်) သုံးသောင်းကျပ်ကို မပေးတော့ဟု လခတိုးနှုန်းထွက်သည့် စာနှင့်အတူ ထုတ်ပြန်ရာ အနိမ့်ဆုံးက ဘယ်လောက်တိုးပါလိမ့်ဟု သိချင်ဇောဖြင့် ကမန်းကတန်း ထို သုံးသောင်းကို နှုတ်လိုက်ရာ တစ်သောင်းခွဲ တိုးသည်ဟု အဖြေထွက်လေသည်။ တစ်သောင်းခွဲဆိုတော့ တစ်ရက် ငါးရာကျပ်တိုးတာ ဖြစ်သည်။ နေ့စဉ် အသုံးစားရိတ် ဖြစ်သော ကားခ ၊ ဆန် ဆီ ဆပ်ပြာ စတာတွေ ဝယ်ရမှာ အဲဒါတွေ တစ်ရက် ငါးရာ တိုးမလာပါစေနဲ့လို့ ဆုတောင်းမိလေသည်။
ဝန်ထမ်းတွေလခ တိုးသည့် သတင်းထွက်သည်နှင့် တပြိုင်နက် အမျိုးအမျိုး ဝေဖန် တွက်ချက်မှုတွေ တွက်လာလေတော့သည်။ ဝန်ထမ်းတွေရမည့် လခနှင့် ကုန်ဈေးနှုန်းကို တွက်ချက်ကြပြီး အဆုံးသတ်ကတော့ ကုန်ဈေးနှုန်းတွေ တက်မလာပါစေနှင့် ဆိုသော ဆုတောင်းသံနှင့် အဆုံးသတ်ကြလေသည်။
ဆရာမ တစ်ယောက်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ " ကျမတို့ရဲ့ ဆရာကြီး ပါမောက္ခ ...........ပြောတာသတိရတယ်
အပြင်က ဒရိုင်ဘာလစာက ပါမောက္ခထက်သာတယ်ဆိုပြီး ပြောနေကြတယ်
ဒီတစ်ခါ မင်းတို့ မင်္ဂလာဆောင်ရင် ငါ့လာပြီး မင်္ဂလာပန်းကုန်းစွပ်ပေးဘို့ မပြောကြနဲ့ အဲဒီ ဒရိုင်ဘာကို ခေါ်စွပ်ခိုင်းတဲ့"
တစ်ယောက်ကတော့ " ရာထူးကြီးငယ်အလိုက် လစာကွာခြားမှုကတော့ ရှိမှာပဲ
မိုးနဲ့မြေ လောက်တော့ မဖြစ်သင့်ဘူးပေါ့
နောက်တစ်ခု ဒီရာထူးတွေကိုရဘို့ တရားမျှတစွာ ကြိုးစားခွင့်လည်းရှိရမှာပေါ့
ဟိုဘက် ဒီဘက် အစွန်းလွတ်အောင် တွေးရေးပေးကြပါ
အထက်အောက် တန်းတူပေးရင်တော့
ကြိုးစားအားထုတ်မှုမပြုဘဲ မှိန်းလိုက်နေကြတော့မပေါ့" လို့ ရေးထားတာ စိတ်ဝင်စားစရာ ရယ်စရာ စသဖြင့် အမျိုးအမျိုး ဖတ်ရလေသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ယခုလစာတိုးပေးမှုမှာ သုံးကြိမ်မြောက်တိုးပေးခြင်း ဖြစ်သည်။ ၂၀၁၃ ဧပြီမှစ၍ ၀န် ထမ်းများကို လစာ ကျပ်နှစ်သောင်းစီနှင့် ၂၀၁၄ ဧပြီတွင်လည်း ကျပ်နှစ်သောင်းစီတိုးမြှင့်ပေးခဲ့သည်။ ထို့အပြင် ၂၀၁၂ ဧပြီ ၁ ရက်မှစ၍ နိုင်ငံ့ဝန် ထမ်းအားလုံးကို အပိုထောက်ပံ့ ကြေး ကျပ် သုံးသောင်းစီတိုးမြှင့် ပေးခဲ့သည်။ အပို ထောက်ပံ့ကြေးပေးအပ်သော အ ကြိမ်ပါထည့်တွက်လျှင် ယခုအ ကြိမ်မှာ လေးကြိမ်မြောက် ဖြစ် သည်။
နဝတ၊ နအဖ အစိုးရလက်ထက်မှ စသော် လခတိုးသည့်အကြိမ်ပေါင်းမှာ ကိုးကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ကိုးကြိမ်ကိုးခါ တိုးသည်ကို ကြုံခဲ့ရသည့် ဝန်ထမ်း တစ်ယောက်နှင့် ဆုံမိရာ သူကတော့ ပိုက်ဆံတွေ ကိုင်ရတာ များလာတယ်၊ ဈေးဝယ်ရင် ပေးရတာ အရေအတွက်များလာတယ် ဒါပဲကွာတယ်။ လက်ထဲမှာ လောက်လောက်ငင မရှိတာက မရှိတာပဲ၊ ဒုံရင်း ဒုံရင်းပဲဟု ဆိုလေသည်။
စာရေးသူလည်း လက်ရှိ အစိုးရဝန်ထမ်း မဟုတ်ပေမယ့် ထိုပုစ္ဆာကို စိတ်ဝင်စားစွာ ဝင်ရောက် တွက်ချက်မိလေသည်။
စာရေးသူ ဝန်ထမ်းဘဝ ၁၉၈၉ ခုနှစ် ကစသည်။ ထိုစဉ်က နဝတလက်ထက် ပထမဆုံး လခတိုးထားသည့် ဝန်ထမ်းလခကို စတင်ခံစားရသည်။ မူလတန်းပြဆရာမ လခ ၇၅၀ကျပ်၊ အလယ်တန်းပြက ၈၇၅ကျပ်ရသည်။ ကုန်ဈေးနှုန်းက ကြက်သားတစ်ဆယ်သား ၁၀ကျပ်၊ နောက်တော့ တစ်ဆယ့်ငါးကျပ်၊ တပိဿသာကို တစ်ရာ၊ တစ်ရာ့ငါးဆယ်၊ ဝက်သားက တစ်ဆယ်သား ၈ကျပ်၊ နောက် တစ်ဆယ်ကျပ်၊ ယခု လခတိုးသည့် အနိမ့်ဆုံးဝန်ထမ်းတစ်ယောက် အနေနှင့် တွက်သော် လခက (၂၆)နှစ် အတွင်း အဆ(၁၆၀) တိုးသည်။ ကုန်ဈေးနှုန်းက ဝက်က အဆ(၅၀)၊ ကြက်က အဆ(၆၀)၊ တိုးတာ တွေ့ရသည်။ အခြေခံစားကုန် ဆန် ဆီ ကြက်သွန် အာလူး ငရုတ် မပါသေး၊ ကန်စွန်းရွက် တစ်စည်း တစ်ကျပ် ကနေ (၃၀၀)ကျပ် တိုးတာ မပါသေး၊ ကားခ အစရှိသည့် လမ်းစားရိတ်တွေ အဆပေါင်းများစွာ ထိုးတက်လာသည်။
ကောက်ချက်ချလိုက်ရသည်က လခနှင့် ကုန်ဈေးနှုန်း မျဉ်းပြိုင်တစ်စုံလို သွားနေခြင်းဖြစ်သည်။ ၂၀၀၅ခုနှစ်ခန့် အစိုးရဝန်ထမ်းတွေ လခ (၁၀) ဆတိုးတာ ကြုံဖူးသည်။ လခ( ၄၈၀၀)ကျပ်ရရှိသော စာရေးသူသည် ပိုက်ဆံတွေ ပိုရင် ဘာလုပ်ရမှာပါလိမ့်လို့ စိတ်ကူးတွေ ယဉ်ခဲ့ဖူးလေသည်။ (၄၈၀၀)ကျပ်မှ လေးသောင်းရှစ်ထောင်တည်းဟူသော ငွေတွေကို လခထုတ်သည့်အခါ အတော်ကြာကြာ ရေတွက်ယူရမှာပါလားဟု ကြောင့်ကြမိသေးသည်။ ခါတိုင်းလခ ထုတ်ရာမှာ နှစ်ရာကျပ်တန်တွေ ရေတွက်ရရာမှ တစ်ထောင်ကျပ်တန်တွေ ပြောင်းပြီး ရေတွက်ရသည့်အခါ ထင်သလို အများကြီး မရတော့သည့် အပြင် သိပ်မကြာသည့် လပိုင်းအတွင်းမှာ ဝယ်သုံးရသည့် ကုန်ပစ္စည်းအတွက် ပေးရတာ များလာပြီး ဒုံရင်း ဒုံရင်းသာ ဖြစ်လေသည်။ ရသည့်လခ များလာသည်၊ သုံးစွဲရတာ ပိုပေးရသည်။ တိုက်ရိုက် အချိုးးကျနေလေသည်။ လခ( ၁၀)ဆတိုး၍ မည်မျှပိုလာသနည်း တွက်ကြည့်သော် မတိုးခင်က အတိုင်းပါပဲ၊ ဂဏန်းကိုင်ကြီးလာတာနှင့် ဈေးဝယ်ပါက ပေါင်းရနှုတ်ရတာ များလာတာသာရှိလေသည်။

မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအရ ပို့ ကုန်ထက် သွင်းကုန်များနေပြီး ကုန်သွယ်မှုလို ငွေကြီးမားနေချိန်မှာ ယခုကဲ့သို့ လစာတိုးမြှင့်ပေး မှုက တိုင်းပြည်စီးပွားရေးကို ပိုမိုကျပ်တည်းစေနိုင်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်ကပြောလိုက်တာ ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရသည်။ တဆက်တည်းမှာပင် မွေးမြူရေးလုပ်ငန်းရှင် တစ်ယောက်က
‘‘လစာတက်ရင်တော့ ကုန် ဈေးနှုန်းက တက်မှာပဲ။ မုန့်လုံး စက္ကူကပ်သလို ဖြစ်နေတာ’’ဟု ဆိုလေသည်။ အဓိက ပြဿသာနာက ကုန်ဈေးနှုန်းကြီးမြင့်နေတာကို မထိန်းချူပ်နိုင်တာပဲ ဖြစ်သည်။
ယခုလအတွင်း အမေရိကန်ဒေါ်လာအပါအ၀င် ပြည်ပငွေ တန်ဖိုးမြှင့်တက်မှု ကြောင့် ပြည်တွင်းမှာ ငွေကြေး ဖောင်းပွမှုကို စတင်ခံစားနေရလေ သည်။ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းမှာ ၂၀၁၄နှစ်ဆန်းပိုင်းနှင့်ယှဉ်ကြည့်ပါက ၂၀ ရာခိုင်နှုန်းခန့်မြင့်တက်လာသည်။ အကျိုးဆက်ကပြည်တွင်းဆန်ဈေးနှုန်း တစ်အိတ်ကို ပျမ်းမျှ တစ်ထောင်ကျပ်ခန့် ဈေးမြင့်လာလေသည်။
အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာအသစ်မှာ ပြည်တွင်းမှာ လုပ်ခလစာတိုး မြှင့်မှုကြောင့် ၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှု ၈ဒသမ၄ ရာခိုင် နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပြန်ရာ မြန်မာငွေတန်ဖိုး ဖောင်းပွပြီး ကုန်သွယ်ရေးလိုငွေပြမှုများနေချိန် မှာ ၀န်ထမ်းလစာ တိုးပေးမှုကြောင့် ငွေဖောင်းပွကာ ကုန်ဈေးနှုန်းတွေ တက်လာမှာကို အားလုံးက စိုးရိမ်မကင်း ဖြစ်နေကြရလေသည်။ လခတိုးတာကို တိုးလာမည့် ကုန်ဈေးနှုန်းကို ကြိုတင်မြင်ယောင်ပြီး စိုးရိမ်စွာဖြင့် မဝံ့မရဲ ဖြစ်နေကြရသည်။ အစိုးရဝန်ထမ်းမဟုတ်သည့် ပုဂလိက ဝန်ထမ်းတွေ၊ နေ့စား အလုပ်သမားတွေ၊ ခေါင်းရွက်ဗြတ်ထိုး၊ တနေ့လုပ်မှ တနေ့စားရသည့် ပြည်သူတွေအဖို့ ဆိုဖွယ်ရာမရှိပေ။
ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် ပြဿသာနာကြီး တစ်ခု ဖြစ်နေရာ ထိုပြဿသာနာကို ဆေးမြီးတိုဖြင့် ဖြေရှင်းနေသမျှ မုန့်လုံးစက္ကူကပ်နေမှာပင်။
ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းရာတွင် တစ်နှင့် တစ်ပေါင်း နှစ်ဆိုသော ရိုးရှင်းသည့် အဖြေထွက်သည့် ပုစ္ဆာာများ ရှိသလို အခြေခံသီအိုရီကို မသိရှိပါပဲ ဖြေရှင်းလို့ မရသည့် ပုစ္ဆာတွေ များစွာရှိပါသည်။ သီအိုရီကို မသိ နားမလည်ပါက မည်မျှပင် အားထုတ်ပါစေ ထိုပြဿသာနာ၊ ထိုပုစ္ဆာကား ရှင်း၍ ရနိုင်မည်ဟု မထင်ပေ။
သီအိုရီ သဘောတရားများဖြင့် ဖြေရှင်းရသည့် ဂျီဩမေထြီ ဘာသာရပ်တွင် သီအိုရီ သဘောတရားကို မသိက မည်သို့မျှ အဖြေထွက်မလာပါ။ အရိုးရှင်းဆုံး ပုစ္ဆာတစ်ပုဒ်ကို ပြောပြရလျှင် သုံးနားညီတြိဂံ တစ်ခုမှာ ထောင့်တစ်ထောင့်ကို ဒီဂရီ ဘယ်လောက်ရှိသလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြည့်ရအောင်ပါ။ ပုစ္ဆာမှာ ဂဏန်းတစ်လုံးမှ ပေးမထားပါ။ သို့သော် အဖြေက ဂဏန်းနှင့် ဖြေရတော့မည်။ တြိဂံဆိုတာကို ပုံသာမြင်ဖူးပြီး တြိဂံနှင့်ပတ်သက်သည့် အခြေခံသဘောတရားကို နကန်းတစ်လုံးမှ မသိသူသည် တြိဂံပုံတွေကို အနားတွေ ရှည်ရှည်ဆွဲလိုက်၊ သူနဲ့လိုက်ဖက်အောင် ကျန်အနားတွေကို တိုလိုက် ရှည်လိုက် လိုက်ဆွဲနေတာသာ အဖတ်တင်မည်။ လိုချင်သည့် ထောင့် ပမာဏကတော့ ထွက်လာမည်မဟုတ်။
အခြေခံ သဘောတရားသိသူကတော့ သုံးနားညီတြိဂံတစ်ခုမှာ အနားသုံးနားညီပြီး ထောင့်သုံးထောင့် အားလုံးတူညီသည်။ ထို့အပြင် မည်သည့်တြိဂံမှာ မဆို အတွင်းထောင့်သုံးခုပေါင်း (၁၈၀) ဒီဂရီ ရှိသည်။ သို့ဖြစ်ရာ ထောင့်တစ်ခုစီသည် (၆၀) ဒီဂရီ ရှိသည်ဟု အဖြေမှန်ထွက်ပါလိမ့်မည်။
တိုင်းပြည်မှာ ငွေကြေးဖောင်းပွားမှုတွေ မြင့်မားလာရသည့် အကြောင်းနှင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်ရသည့် အကြောင်းကို သေသေချာချာ နားလည်သည့် သူတွေများစွာ ရှိပါလိမ့်မည်။ ရှိနေပါသည်။ သဘောတရားနားလည်သူတွေ၊ တတ်ကျွမ်းသူတွေ ရှင်းလင်းတွက်ထုတ် ပါက အလွယ်လေး အဖြေရရှိမည့် ပုစ္ဆာတစ်ပုဒ် ၊ ထိုပုစ္ဆာကား လောလောဆယ်တော့ ပုစ္ဆာတစ်ပုဒ် အသွင်ပဲ ရှိနေပါသေးသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment