June 11, 2015

မြတ်သောဆရာ မြတ်ဆရာ ( ၉ရက် ဇွန် ၂၀၁၅ ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၃၇) ပါ ဆောင်းပါး


                             
                  ဒီရက်ပိုင်းလေးမှာ ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ဖတ်ရသည်။  ကျောင်းဖွင့်ကာနီးပြီ ဆိုတော့ ထုံးစံအတိုင်း  ပညာရေးဆိုင်ရာ အစည်းအဝေးတွေကနေ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေ  သတင်းတွေ ဖတ်ရ ကြားရသည်။ အဲဒီထဲကမှ ဝမ်းသာစရာ သတင်းတစ်ခုကို ပထမ ဖတ်ရသည်။
                 မေလ(၂၁)ရက်နေ့က သတင်းမှာ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားသည့် မေ ၂၅ ရက်မှ ၃၁ ရက်အတွင်း မူလတန်းကျောင်းသား ဦးရေ ငါးသန်းကျော်အတွက် ကျောင်းဝတ်စုံများကို အခမဲ့ပေးအပ်သွား မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။  ''ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ မူလတန်းကလေးငယ် ငါးသန်းကျော်ကို ကျောင်းဝတ်စုံတွေ အခမဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်စုံစီ ပေးအပ်မှာဖြစ်ပါတယ်''ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။               ထိုသတင်းမှာပင် ကျောင်းဝတ်စုံ အပြင် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းသုံး ပုံနှိပ်စာအုပ် တစ်စုံစီ ကိုပါ အခမဲ့ ပေးသွားမှာ ဖြစ်တယ်လို့ ပြောသွားတာ ဖတ်ရသည်။ မိဘများအနေနှင့် မူလတန်း ကလေးတစ်ဦးစီအတွက် ငွေတစ်သောင်းကျပ်မျှ သက်သာသွားသည်ဆိုတော့ ဝမ်းသာစရာပါ၊ ကျောင်းအပ်ချိန်မှာ ထိုငွေကြေး ပမာဏကိုပင် မတတ်နိုင်၍ ကျောင်းမအပ်နိုင်သည့် မိဘများ အဖို့ ဝမ်းမြောက်ဖွယ်ရာမက ကျောင်းမနေနိုင် ကျောင်းမတက်နိုင်သည့် ကလေးအရေအတွက် လျော့နည်းသွားဖွယ်ရာ ရှိသည်လို့ ကျေနပ်မိသည်။            တဆက်ထဲမှာပင် ပြည်နယ်နှင့် တိုင်း ဒေသအသီးသီးရျိ ကျေးရွာများထံ တပြေးညီ ရောက်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်တော့ ဖြစ်မိလေသည်။ သိပ်မကြာပါ၊ ကျောင်းအပ်နှံသည့် ရက်ဖြစ်သော မေလ(၂၅)ရက်မှ မေလ(၃၁) ရက်အတွင်း လာရောက်အပ်နှံသည့် မူလတန်းကလေး အချို့  အဆိုပါ အခမဲ့ ပေးသည့် ကျောင်းဝတ်စုံ မရကြသေး၊ ကျောင်းဖွင့်အမီတော့ ပေးပါမည်လို့ စကားရကြသည် ဆိုတာ ကြားရ ဖတ်ရလေသည်။  ဒါမျိုးက မြန်မာပြည်မှာ ဖြစ်နေကျ ထုံးစံဆိုတော့ ထိုထုံးစံကို လူတွေက ရိုးလို့ပင် နေရာ အချိန်တန် ရရင် ပြီးတာပဲဟု နေလိုက်ကြလေသည်။  အစိုးရဆီက ပြည်သူအပေါ် အလကားပေးတာ ရှာမှရှားဆိုတော့ အခု ရလာသည့် အလကားကို ချေးမများပဲ အင်းလိုက်ကာ လက်ခံကြရသည်။

 မြန်မာလူမျိုးပီပီ " ပေးတဲ့သူတွေမှာလည်း အလုပ်များကြရှာမပေါ့ တစ်နိုင်ငံလုံးက မူလတန်းကျောင်းသား ငါးသန်းကျော်အတွက် လုပ်ရတာ ဘယ်လွယ်ပါ့မတုန်း"  ဒီလို ပြောကြသူကများလေသည်။ 
                ဝမ်းသာစရာ သတင်းနှင့် တဆက်ထဲ ဒွိဟဖြစ်စေသည့် သတင်းတစ်ပုဒ်ကို ဖတ်ရပြန်သည်။                 
ယခုပညာသင် နှစ်မှစတင်ပြီး အခြေခံပညာ ဆရာ၊ ဆရာမများ၏ ရာထူးတိုးကိစ္စများကို လုပ်သက်ကိုမကြည့်တော့ဘဲ လုပ်ရည် ကိုင်ရည်ကိုသာကြည့်၍ ဆုံးဖြတ်သွား တော့မည်ဖြစ်ကြောင်း ၊
မေ၂၁ရက်က မရမ်းကုန်းမြို့ နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင်ပြုလုပ်ခဲ့သည့် ရန် ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး ခရိုင်နှစ်ခုရှိ ကျောင်း အုပ်ကြီးများတွေ့ဆုံပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။               
ဆရာ၊ ဆရာမများအနေဖြင့် မိမိ တို့လုပ်ဆောင်ရမည့် သင်ကြားရေး အပါအဝင် အခြားသောလုပ်ဆောင် ချက်များကို အကောင်းဆုံးပြုလုပ်ကာ နေ့စဉ်မှတ် တမ်းရေးသားကြရန် လို အပ်ပြီး သက်ဆိုင်ရာကျောင်းအုပ် ကြီးများမှ သေချာစိစစ်ကာ အခြေခံ ပညာဦးစီးဌာနသို့ တင်ပြကြရမည်ဟု ဆိုလေရာ အကဲဖြတ်မည့်သူက ကျောင်းအုပ်ကြီးထက် မြင့်တဲ့ အခြေခံပညာကလား၊ ကျောင်းအုပ်ကြီးကိုယ်တိုင်ကပဲလား ဆိုတာ မသဲမကွဲပေ၊
              တကယ်တော့ နေ့စဉ်မှတ်တမ်း ရေးတာ၊ သင်နည်းမှတ်ချက်ရေးတာ၊ အပတ်စဉ်အလိုက်၊ လစဉ် အလိုက် သင်နည်းမှတ်ချက် ၊ သင်ကြားရေးပုံစံ ရေးရတာ ဆရာ ဆရာမ လောကမှာ ရှိပြီးသားပင်၊  ကျောင်းအုပ်ကြီးထံ နေ့စဉ် အပတ်စဉ် လစဉ်အလိုက် တင်ရာမှာပင် အလွန်အလုပ်များသည့် ကျောင်းအုပ်ကြီးတို့မှာ ဆရာမတစ်ယောက်ချင်း ရေးထားတာ ဖတ်ဖို့ နေနေသာသာ  ပုံမှန် လက်မှတ်ပင် မထိုးနိုင်ကြပါ။  မြို့ကြီးပြကြီးမှ ကျောင်းအုပ်များမှာ အစည်းအဝေးချည်း လှိမ့်တက်နေရ၍ ကျောင်းကိုပင် မရောက်တာ ရှိကြသည်။  ကျေးရွာ ၊ နယ်မြို့အသီးသီးက ကျောင်းအုပ်ကြီးများကတော့ အစည်းအဝေးတက်ရတာ နည်းသော်လည်း ဆရာဆရာမ မလုံလောက်၍ ကိုယ်တိုင် ဝင်ကျဲကာ စာသင်နေရသေးသည်။ ဒီလိုသင်လို့လည်း ဆရာမလစာတခု ကျောင်းအုပ်လစာ တခု ရတာ မဟုတ်၊ လူမရှိတော့ မတတ်နိုင် သင်ကြရတာပင်။ ထိုရွာတွေမှာ ဆရာမတစ်ယောက်ကို အနည်းဆုံး အတန်းနှစ်တန်း ကိုင်ကြရသည်။ ထိုဆရာမမျးသည် စာသင်ဖို့ အတန်းထိမ်းဖို့ မနိုင်မနင်း လုပ်နေကြရသည့်အပြင် တစ်ယောက် တစ်ယောက် လေးဘာသာ ငါးဘာသာ သင်ကြရာ အဘယ်မှာ နေ့စဉ်မှတ်တမ်း၊ သင်နည်းမှတ်ချက် ရေးနိုင်ပါအံ့၊
အခြေခံပညာရုံးချုပ်ကို  နေ့စဉ်မှတ်တမ်း ရေးပြီး မပို့နိုင်က အဆိုပါ ဆရာမများသည် တာဝန်မကျေ၊  စာမသင်ကြ၊ ပါဖောမန့်မရှိလို့ ဆုံးဖြတ်လိုက်ပါက တရားပါမည်လား၊
              စာရေးသူ အလယ်တန်းပြ ဆရာမအဖြစ် တွံတေးအပိုင် ရွာကလေးတစ်ရွာမှာ တာဝန်ကျစဉ်က ငါးတန်းမှ ရှစ်တန်းအထိ( ထိုစဉ်က အတန်းကို Grade နှင့်မသတ်မှတ်သေး) သင်္ချာ(၁) ပြရသည်။ ထို့အပြင် ငါးတန်းကို သချာင်္(၂)ပါ တွဲပြရသည့် အပြင် မြန်မာစာပါ သင်ပေးရသေးသည်။  ဒါတင်မက သမိုင်းဆရာက အတန်းစုံ သမိုင်းဘာသာ သင်ရာမှာ တစ်ချိန်မှ မနားရတဲ့ အတွက် စာရေးသူက သတ္တမတန်းကို သမိုင်းဘာသာရပ် သင်ပေးရပြန်သည်။  စာရေးသူလိုပင် ဆရာ ဆရာမ တစ်ယောက် အနည်းဆုံး (၃)ဘာသာ သင်ကြရသည်။
ကျောင်းအုပ်ကြီးကိုယ်တိုင်ပင်  ရှစ်တန်းကို သင်္ချာ(၂) ကူပြပေးရသည်။  
              ကျောင်းအုပ်ကြီးက ထုံးစံအတိုင်း မြို့နယ်မှ အစည်းအဝေးက ပြန်လာပြီဆိုပါက  အစည်းအဝေးမှတ်ချက်တွေ စည်းမျသ်းတွေ စည်းကမ်းတွေ ပြန်ပြောပြီး စာအုပ်ကြီးအတိုင်း သင်နည်းမှတ်ချက် ရေးဖို့ပါ မြို့နယ်ပညာရေးမှုးက တိုက်တွန်းကြောင်း ဆိုလေရာ ဆရာ ဆရာမတွေနှင့် ကျောင်းအုပ်ကြီး လေနှင့်  နောင်ဂျိန် ချကြတော့သည်။  သူလည်း ရေးပါမည်ဟု ဆိုလေရာ သူက အဌမတန်းတစ်ခုထဲကို သချာင်္(၂) ဂျီဩမေထြီ ဘာသာရပ် တစ်ခုထဲ သင်တာဆိုတော့ ရေးနိုင်လေသည်။ ကျန်ဆရာ ဆရာမများမှာ အတန်းက ၅ ၆ ၇ ၈ အကုန်၊ ဘာသာက အနည်းဆုံး တစ်ယောက်(၃) ဘာသာ၊ ဘယ်လိုမှ ရေးဖို့ မဖြစ်နိုင်၊ လက်တွေ့ကျကျ ဆုံးဖြတ်ဖို့ ပြောမှ လက်ခံလေသည်။
            ယခုလည်း ပြည်နယ်နှင့် တိုင်း အသီးသီး၊ ကျေးရွာ တွေမှာ ဆရာ ဆရာမတွေ ဒီလိုပဲ စခန်းသွားနေကြရတုန်း ဆိုတာ မေးစမ်းပြီး သိနေရသည်။
ယခင်ကတော့ ရာထူးတိုးလိုချင်ပါက နယ်ကို သွားဟု သတ်မှတ်တာဖြစ်သည်။  နယ်စပ်ဒေသက ကျောင်းတွေမှာ ဆရာတွေ လိုစဉ်က အခြေခံပညာအထက်တန်း အောင်သူတွေကို မူလတန်းပြဆရာမ အဖြစ် ခန့်ထားပေးပြီး၊ တာဝန်ကျရာ နယ်စပ်မှာ လုပ်သက်(၃)နှစ်ပြည့်က ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးဆီ ပြန်ပို့ပေးသည့် စနစ်ဖြစ်ခဲ့ဖူးသည်။  ထိုဆရာမတွေသည် ဘွဲ့မရသည့်အတွက် လုပ်သက် ဘယ်လောက်များများ ရာထူးတိုး မရပါ။  သူတို့မှာ ကျောင်းတဖက်နှင့် ဘွဲ့ရအောင် ကျိုးစားကြရပြန်သည်။
               ၁၉၈၂ခုနှစ် မတိုင်မီက ပညာရေးဘွဲ့ဆိုပြီး ပြည်လမ်းက ပညာရေးတက္ကသိုလ်မှာ ဆယ်တန်းအောင်သည်နှင့် သတ်မျတ်ထားသည့် အမှတ်မီက တက်လို့ ရတာ ရှိသည်။  ပညာရေးတက္ကသိုလ်က ဘွဲ့ရသည်နှင့် အထက်တန်းပြ ရာထူး တန်းပေးသည်။ ထိုအချိန်မှာ ဆယ်တန်းအောင်က ဆရာမဖြစ်ချင်လျင် အမှတ်ကလည်း ပညာရေးတက္ကသိုလ်ကို မမီတာပဲ ဖြစ်ဖြစ်။ တက္ကသိုလ်တက်ဖို့  ငွေအကုန်အကျ မခံနိုင်တာပဲ ဖြစ်ဖြစ် ရှိပါက ဆရာအတတ်သင်သိပ္ပံသို့ သွားကြသည်။  ဆရာအတတ်သင်ကျောင်းက တစ်နှစ်သင်တန်း ဆင်းပြီးပါက မူလတန်းပြ ရာထူးရသည်။  ထိုမှတဆင့် အလယ်တန်းပြ အထက်တန်းပြ ရာထူးတိုးသွားကြသည်။ ယခု ရန်ကင်း၊ သင်္ကန်းကျွန်း ဆရာအတတ်သင်ကောလိပ်ဆိုတာတွေက ထိုစဉ်က ဆရာအတတ်သင်လေ့ကျင့်ရေး ကျောင်းတွေ ဖြစ်သည်။
             ၁၉၈၂ခုနှစ် နောက်ပိုင်း ဆယ်တန်းအောင်သည့် သူတွေမှာ ပညာရေးတက္ကသိုလ်ဆိုတာ မရှိတော့ပေ၊  ၂၀၀၇ခုနှစ် ဆယ်တန်းအောင်သည့် သူတွေကျမှ ပညာရေးတက္ကသိုလ်ဆိုတာ ပြန်ဖွင့်ပြန်သည်။
           ထိုကြားကာလ (၂၅)နှစ်မှာ ဆရာ ဆရာမ ခန့်ထားသည်က ရိုးရိုးဘွဲ့ရ၊ မဟာဘွဲ့ရ တွေဖြစ်သည်။ မည်သူမှ ဘာသင်တန်းမှ တက်ရောက်ရခြင်း မရှိပဲ ဆရာ ဆရာမတွေ ဖြစ်ကြရသည်။ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာ မဟာဘွဲ့ရ ပြီး မူလတန်းပြ ဖြစ်နေသည့် ဆရာ ဆရာမတွေကို လုပ်သက်မကြည့်ပဲ ( လုပ်သက် တစ်လပဲ ဖြစ်ဖြစ် (၇) ရက်ပဲ ရှိရှိ)  အလယ်တန်းပြ ၊ အလယ်တတန်းပြ ဖြစ်နေပါက အထက်တန်းပြ ရာထူးတိုးပေးသည့် စနစ် ရှိခဲ့ဖူးသည်။
       ထိုအချိန်က တစ်လအတွင်းမှာ မူလတန်းပြကနေ အထက်တန်းပြ ရာထူးတိုးသွားသည့် အခြေခံပညာလူကြီး တစ်ယောက်ရဲ့ သမီး ဖြစ်သူက အတော်ပင်နာမည်ကြီးခဲ့ဖူးသည်။ သူက မဟာဘွဲ့ရ မူလတန်းပြ ဖြစ်နေ၍ လုပ်သက် တစ်လပင်မရှိပေမယ့် အလယ်တန်းပြရာထူး  ရသွားသည်။ သူပြောင်းသွားသည့် ကျောင်းရောက်တဲ့အခါ မဟာဘွဲ့ရ အလယ်တန်းပြ ဖြစ်ပြီဆိုကာ လုပ်သက် (၇)ရက် အတွင်းမှာ အထက်တန်းပြ ထပ်တိုးသည်။
      ဆိုလိုချင်တာက  ချမှတ်လိုက်သည့် စသ်းမျဉ်းက ခိုင်မာမှု မရှိသည့်အတွက် အခွင့်အရေးစောင့်နေသူတို့ အကွက်ဆိုက်သွားတာ ဖြစ်သည်။
        ယခု တဖန် ဆရာဆရာမများ ရာထူးတိုးအတွက် စဉ်းမျဉ်း စဉ်းကမ်း လုပ်ထုံးလုပ်နည်း တစ်ခု ချမှတ်တာ ဖတ်ရသည့် အခါ အတွေးတွေက ပျံလေသည်။  ဆရာမတစ်ယောက် ခွင့်လိုချင်ရင်တောင် လိုလိုလားလား ပေးအောင် ကျောင်းအုပ်ကြီးကို လက်ဆောင်ပေးရသည့်ခေတ်၊ အတန်းကောင်းကောင်း ရအောင် ကျောင်းအုပ်ကြီးကို လာဘ်ထိုးရသည့်ခေတ်၊ ကျူရှင်သင်လို့ရသည့် ဘာသာ သင်ခွင့် ရအောင် ကျောင်းအုပ်ကြီးကို ဦးတိုက်ရသည့် ခေတ်မှာ ရာထူးတိုးဖို့ အတွက်ကတော့ ဆိုဖွယ်ရာမ၇ျိပေ။ တဖန်  အဆိုပါ ကျောင်းအုပ်ကြီးကရော ဒီတိုင်းနေလို့မရပါ။ သူ့ရဲ့ ကျောင်းကိစ္စ စီမံခန့်ခွဲမှု၊ ကျောင်းရံပုံငွေရရှိဖို့ ကိစ္စများအတွက် အခြေခံပညာရုံးက အပေါက်စောင့်ကိုပင် သွားဖြဲပြနေရသည့် အဖြစ်၊ ဒိလို အခြေအနေကနေ ဆရာ ဆရာမတွေကို ရာထူးတိုးဖို့ကိစ္စ စဉ်းစားဖို့ လိုနေလေပြီ။
               သတင်းမှာတော့ စင်္ကပူမှာလည်း ဒီလိုပဲ ကျင့်သုံးသည်ဟု ဆိုထားလေသည်။  ထိုင်းနိုင်ငံမှာတော့ အထက်တန်းက (၁၂)တန်းအထိ တက်ရရာ (၁၂) တန်းအောင်သည်နှင့် တက္ကသိုလ်တက်ရသည်။ ဆရာ ဆရာမ လုပ်ချင်ပါက ပညာရေးတက္ကသိုလ်ကျောင်းလို တက္ကသိုလ်ကို သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ဝင်ခွင့် ဖြေပြီး တက်ရသည်။ (၅)နှစ်တက်ပြီး ဘွဲ့ရသည်နှင့် ရော့ အင့် ဆရာမ တန်းမဖြစ်ပါ။ ကျောင်းဆရာ လိုင်စင် ဝင်ဖြေရသည်။ စာသင်ဖို့ လိုင်စင်ရ ဆရာ ဆရာမ ဖြစ်လာသူတွေကို သူတို့ရဲ့ စွမ်းဆောင်ရည် ပါဖော့မန့်ကိုကြည့်ပြီး ရာထူးတိုးပေးပါက လက်ခံ နိုင်လေသည်။
           စာရေးသူတို့ တိုင်းပြည်မှာက ဆရာ ဆရာမ ဖြစ်လာတာတောင်  တစ်ယောက်နျင့်တစ်ယောက် ဖြတ်သန်းရတာ မတူကြတဲ့ အပြင်  နေရာ ဒေသ ရောက်ရှိတာလည်း မတူကြ၊ အသင်အပြကောင်းသည်ဆိုကာ ကျူ ရှင်ကျောင်းသား အများကြီးရပြီး ဝင်ငွေ ကောင်းသည့် ဆရာ ဆရာမက ရာထူးတိုးလည်း မက်မည်မထင်။ ရာထူးတိုးပြီး နယ်ပြောင်းရမည်ဆိုပါက ရာထူးတိုမည်ကိုပင် စိုးရွံ့စိတ် ဖြစ်နေပေမည်။ ကျောင်းသားများနှင့် နီးနီးစပ်စပ် မနေ ၊ ကျောင်းသားကြိုက်အောင် အလိုမလိုက်သည့်ဆရာမ၊ ကျောင်းအုပ်ကြီးကို တလေးတစား ရှိသော်လည်း အဝင်အထွက် ဂါရဝ မြ့ပုမိသော ဆရာ ဆရာမက ပါဖော့မန့် မကောင်းဟု ဆိုက လက်ခံရမည်လား။
           ပါဖောမန့်မကောင်း၍ ရာထူးမတိုး လုပ်သက်တွေက အများကြီး ရျိသောလည်း မူရင်းရာထူးမှာ ကျောက်ချနေသည့် ဆရာ ဆရာမ ဖြစ်လာအံ့၊ အခုခေတ်လို ဆရာ ဆရာမတွေ အပေါ် အ ဂါရဝ ရှိပြီး အတိုင်အတောတွေ ထူနေသည့် ခေတ်မှာ ဘယ်မိဘ အဘယ်ကျောင်းသားက လေးစားပါမည်နည်း။
             ဆရာ ဆိုတာ အနန္တောအနန္တ ငါးပါးမှာ တပါးဖြစ်တယ်ဆိုတာ မေ့နေကြတဲ့ ခေတ်ကြီးမှာ ဆရာ ဆရာမတွေအတွက် ပိုပြီး ဖိနှပ်ခံရမည့်၊  မေ့လျော့ခံ ဖြစ်စေမည့်  ခိုင်မာမှု စိုးမိုးမှု မရျိသည့် ယခုလို စဉ်းမျဉ်းတွေသည် လက်ခံနိုင်ဖွယ် မရှိဟု စာရေးသူ ယူဆသည်။ ဆရာဆိုတာ မြတ်သော ဆရာ မြတ်ဆရာတွေချည်းသာမို့ လက်တွေကျသည့် ပိုမိုကောင်းမွန်သည့် ၊ ဆရာကို အလေးထားသည့် စဉ်းမျဉ်းတွေ ထွက်လာဖို့သာ မျှော်လင့်မိပါသည်။
 
ခိုင်ခိုင်စောလွင်

No comments:

Post a Comment