ကြေကွဲ မြန်မာ့အသံ – ရွှေကူမေနှင်း
ဟံသာဝတီ ဘက်လမ်းဘေးတွင် ၉ ထပ် အဆောက်အအုံကြီး ဆောက်သည် . . .MRTV-4 အား ပေးမည်ဟု ကြားရ၏ … ဤနည်းဖြင့် အသံလွှင့်ရုံကြီး တစ်ခုလုံးကို ရှင်းပစ်ပြီး… တစ်ဦးတည်းပိုင်လုပ်ရန် ဖြစ်သည် . . .
”ပြန်ကြားပေးရန် မြန်မာ့အသံ xxx ပညာပေးရန်
မြန်မာ့အသံ xxx ဖျော်ဖြေမှုပေးရန် မြန်မာ့အသံ မြန်မာ့အသံ xxx ပြည်သူ့အတွက်
မြန်မာ့အသံ မြန်မာ့အသံ xxx ”
အထက်ပါသီချင်းကို ၁၉၇၁ ခုနှစ်၊ မြန်မာ့အသံ
တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုသဘင်မှာ စတင် ရေးစပ် အသံလွှင့်ခဲ့ပါသည်။
မြန်မာ့အသံ ဝန်ထမ်းအားလုံး စိတ်ပါလက်ပါ အော်ဟစ်သီဆိုခဲ့ကြသည်။ ဂုဏ်ယူ
ဝင့်ကြွားစွာ သီဆိုခဲ့ကြသည်။ သီချင်းစာသား ကိုယ်တိုင်က မူဝါဒဖြစ်၏။
မြန်မာ့အသံ၏ ထုတ်လွှင့်မှု အားလုံးကို သတင်းပြန်ကြားမှု ၂ဝ ရာနှုန်း၊ ပညာပေးမှု
၂ဝ ရာနှုန်းနှင့် ဖျော်ဖြေရေးက ၆ဝ ရာနှုန်းဟု သတ်မှတ်ထားသည်။ ထိုအတိုင်း
စီမံရသည်။ နောက်ဆုံး ကြွေးကြော်သံကား ”ပြည်သူ့အတွက်မြန်မာ့အသံ” ဟူ၍ဖြစ်၏။
ဤကြွေး ကြော်သံကို အသံလွှင့်ရုံ ခေါင်မိုး၌ မီးရောင်စုံဖြင့် တပ်ဆင်
စာလုံးဖော်ထားသည်။ ညဘက်ဆို လင်းခနဲ ထင်းနေ ခဲ့သည်။
ရေဒီယို ရွှေခေတ်ဖြစ်၍ ထိုကာလက
မြန်မာ့အသံမှာ ဝန်ထမ်းလုပ်ရလျှင် လက်နှိပ်စက် စာရေးလေးပင် ဂုဏ်ရှိ၏။
မျက်နှာလုပ်ခံရ၏။ (သူကအနည်းဆုံး သောတရှင်လိုရာ သီချင်းတောင်းပေးနိုင်၍
ဖြစ်သည်) အဆောက်အအုံရှေ့ ပေါ်တီကို အဝင်ဝတွင် ၁၉၅၉ ခုနှစ်၌ နိုင်ငံတော်
ဝန်ကြီးချုပ်ဦးနု အုတ်မြစ်ချ တည်ဆောက်ခဲ့သည်ဟူသော ကမ္ပည်းကျောက်စာရှိသည်။
၁၉၈၁-၈၂တွင် မြန်မာ့ရုပ်မြင်သံကြား စတင် ပေါ်ပေါက် လာသောအခါ ခြံဝင်းအတွင်း
ဝန်ထမ်းတန်းလျားများကို ဖယ်ရှားပြီး ရုပ်မြင်သံကြား ရိုက်ကူးရန်
စတူဒီယိုကို နှစ်ထပ်ဆောက်ခဲ့သည်။ နောက်ဘက် ခြံစည်းရိုး ကပ်လျက်တွင်
ရုံးခန်းများအတွက် ၃ ထပ် အဆောက်အအုံ ထပ်၍ဆောက်သည်။ လုံလောက်ပါသည်။
၂ဝဝဝ ဝန်းကျင်မှာကား မြန်မာ့အသံရော၊
ရုပ်မြင်သံကြားကိုပါ တပ်ကုန်းသို့ ပြောင်းရွှေ့လိုက်ရာ ပြည်လမ်း
အသံလွှင့်ရုံကြီးမှာ စွန့်ပစ်ခံခဲ့ရတော့၏။ ”ပျားတို့ စွန့်ခွာသွားသော
ပျားအုံကြီး”ကဲ့သို့ ကျန်ရစ်လေ၏။ များစွာ မကြာခင် အခြားအစိုးရပိုင်
အဆောက်အအုံများ (ဥပမာ- ၆ထပ်ရုံး) ကဲ့သို့ပင် ရောင်းပစ်တော့မည်ဟု
အသံကြားလာရသည်။ ”ပြည်လမ်း၊ မြန်မာ့အသံ” ဆိုသည်မှာ မြေကွက်နံပါတ်၊
ခြံနံပါတ်ပင် မလိုချေ။ ပြည်လမ်းဟုဆိုရုံနှင့် ဤအဆောက်အအုံကိုသာ မြင်ကြသည်။
ယခင်က ပြည်လမ်း အသံလွှင့်ရုံသစ်ကြီးဟု နာမည်ကြီးသည်။ ယခုတော့
ပျားအုံဟောင်းကြီး ဖြစ်သွားပြီ။
သို့သော် …
ပုဂ္ဂလိက အသံလွှင့် FM များ ပေါ်လာသောအခါ၊ FM
တစ်ခုက ထိုပျားအုံဟောင်းကြီး၏ အခန်းအချို့ကို အသုံးပြုခွင့် ရသွားသည်။
သူ့မတိုင်မီက MRTV-4 က ထိုပျားအုံဟောင်းကြီး နံဘေးတွင် (ယခင်ကင်တင်း နေရာ)
အဆောက်အအုံ အသစ်ဆောက်ပြီး နေရာယူထားသည်။ တစ်ဖန်နောက် FM တစ်ခု ပေါ်လာပြန်ရာ
သူက ယခင်ရုပ်မြင်ရုံးခန်း ၃ ထပ်ဆောင်ကိုရသည်။ အသံလွှင့်သောအခါ
သီးသန့်ရှာနေရန် မလိုပေ။ ပထမ ရောက်လာသော FM က ယခင်တိုင်းရင်းသား
အစီအစဉ်များ အသံလွှင့်သည့် စတူဒီယို F မှ လွှင့်သည်။ နောက်ရောက် သူက ယခင်ပင်မ
မြန်မာ့အသံ ရေဒီယို တိုက်ရိုက်အသံလွှင့်ခဲ့သော စတူဒီယို (G+H) ကို ရသည်။
သူတို့အားလုံး မြန်မာ့အသံ၏ ဓာတ်ပြား
ပိဋကတ်တိုက်ကိုလည်း အပိုင်ရခဲ့ကြသည်ဟု သိရသည်။ တပ်ကုန်း ပြောင်းသူများက
ဓာတ်ပြားများ ယူမသွားဘဲ ကွန်ပျူတာစနစ်နှင့် သယ်သွားသည်ဟု ဆိုသည်။
တိုက်ရိုက် လွှင့်စက်များနှင့် စတူဒီယိုများကို ယခုကဲ့သို့ ယူသုံးနေမှန်းသော
တရှင်များ မသိခဲ့ကြပါ။ စာရေးသူပင်လျှင် လွန်ခဲ့သော ၄-၅ လက တိုက်ရိုက်
လွှင့်ထုတ်မှု တစ်ခုအတွက် ဖိတ်ခေါ်၍ သွားရသဖြင့် မြင်ခဲ့ရခြင်းဖြစ်၏။
အရာရာကောင်းစွာ လည်ပတ်နေခြင်းကို မည်သူမျှ
မမြင်ခဲ့ကြပါ။ ယခုတစ်လောကမှ (မေလ ၂ဝ ရက်ခန့်) ရေကူးကိစ္စ အထိတ်တလန့်
ဖြစ်လာခဲ့သည်။ ကျွန်မတို့က အတိုကောက်ဖြင့်”ရေကူး”ဟု ခေါ်ကြ၏။ အမည် မှန်မှာ
”ရေကူး … Transmitter” ဖြစ်၏။ ထပ်ဆင့်အသံလွှင့်စက်ရုံရှိရာ ရေကူးအရပ်
ဖြစ်သည်။ ၄င်းစက်ရုံ မြေနေရာက မြောက်ဥက္ကလာခုံးတံတားဘေး လယ်ကွင်းထဲတွင်
ရှိ၏။ ဧက ၉ဝ ကျော်ရှိရာ ပုဂ္ဂလိကသို့ လွှဲပေးရန် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါ
စည်းကမ်းအရ တင်ဒါလျှောက်သူသည် အသံလွှင့် အတွေ့အကြုံ ၃ နှစ်ရှိရမည်။
တင်ဒါရလျှင် ဧက ၃ဝ ကို အသံလွှင့်ဆိုင်ရာများ ဆောက်ပေးပြီး ကျန် ၆ဝ ကို
စိတ်ကြိုက် သုံးနိုင်သည် စသဖြင့်ပါကြောင်း သိရသည်။ ရည်ရွယ်ချက်က
အစိုးရနှင့် ပလဲနံပသင့်နေသော ရုပ်မြင်သံကြား ဌာန (ပုဂ္ဂလိက) အားပေးရန်
မြင်နေရသည်။ ထို့ကြောင့် ပရိသတ်အများစုက Online မှ ဆူပူကြသည်။ ဤအခါ
တောင်ဥက္ကလာ အမတ်က အရေးကြီးအဆိုတင်ပြီး ဆိုင်းငံ့ရန် ပြောသည်။
ဤကိစ္စမတိုင်ခင် ရက်ပိုင်းမှာလည်း
တယ်လီဖုန်းအခွန် ကောက်မည်ဆို၍ ဆူပူအုံကြွကြရာ ချက်ချင်း ဆိုသလိုပင်
အမရပူရအမတ်က အရေးကြီးအဆိုတင်ကာ အခွန်ကိစ္စကို ယခုဘဏ္ဍာနှစ်အတွင်း မလုပ်ဘဲ
ဆိုင်းငံ့ရန် တင်သွင်းခဲ့သည်။
ဟုတ်သည်ရှိစေ၊ မဟုတ်သည်ရှိစေ ပြဿနာနှစ်ခုက
ဖြစ်ပေါ်ပုံနှင့် ဖြေရှင်းပုံ တူလွန်းနေသည်။ ရက်ကလည်း တစ်ပတ်တည်း ဖြစ်နေသည်။
ပါတီကလည်း တစ်ပါတီတည်း ဖြစ်နေသည်။ မြန်မာပြည်သူတို့ကား အထာကျွမ်း နေလေပြီ။
ဤကိစ္စနှင့် ပတ်သက်ပြီး အဆိုတင်သူများအား ”ကယ်တင်ရှင်”ဟု မမြင်ကြတော့ပြီ။
”ဒီဖဲကို ကိုယ်တိုင် ချိုးပြီး ကိုယ်တိုင်ဝေတာ”ဟု ပြက်ရယ်ပြု နေကြလေသည်။
မရည်ရွယ်ဘူး ဆိုလျှင်ပင် မပြေးသော်၊ ကန်ရာရှိ ဖြစ်နေပေသကိုး။ အထူးသဖြင့်
ရွေးကောက်ပွဲ နီးကာလဖြစ်ရာ ဘာလုပ်လုပ် အကောင်းမမြင်ကြတော့ ဟု ထင်ပါသည်။
ကျွန်မမှာမူ ရေကူးကျမှ မြင်ကြသူများကို
ကြည့်ပြီး ကျွန်မ ကြေကွဲနေရတာကြာပြီ…ဟု တီးတိုးညည်းမိ၏။ မြန်မာ့အသံမှာ
မလုပ်ချင်၍ အစောကြီး ထွက်ခဲ့သော်လည်း မြန်မာ့အသံကို သံယောဇဉ် မပြတ်နိုင်ပါ။
ဝန်ထမ်းဟောင်း အသင်းဖွဲ့ရန် Founder လုပ်ခဲ့သေးသည်။ မြန်မာ့အသံနှင့်
နီးနီးဆိုပြီး ဝဂ္ဂီမှာ အိမ်ရာ ဝယ်ခဲ့သူဖြစ်ရာ ယခုလည်း မြန်မာ့အသံနှင့်
နီးနေဆဲဖြစ်၏။ MRTV-4 တစ်ဖြစ်လဲ ဝန်ထမ်း ကလေးတွေနှင့် ကူးလူးနေဆဲဖြစ်၏။
Forever Group ကလေးများနှင့် ဆက်ဆံနေဆဲဖြစ်၏။ သည်တော့
မြန်မာ့အသံဝင်းကြီးကို မြင်နေရဆဲဖြစ်နေသည်။
မြန်မာ့အသံကတော့ ဝန်ထမ်းဟောင်းများကို
ဂိတ်ဝအထိကလွဲပြီး ဝင်ခွင့်မပေးချေ။ ပင်စင်ကိစ္စသွားကြစဉ်
လက်ဖက်ရည်ဆိုင်မှာသာ စောင့်နေရသဖြင့် စက်ဆရာတစ်ဦး (သင်္ကန်းဝတ်နှင့်)က
မျက်ရည်ကျရှာသည်။ ဤသို့ အပြင်လူများအား တားမြစ်ခဲ့သည့်
အဆောက်အအုံကြီးထဲသို့ ၂၅ နှစ်ကြာမှ ကျွန်မဝင်မိခဲ့ရာ ပျက်စီး နေသော
ရုံးခန်းများကိုမြင်ပြီး ကြေကွဲခဲ့ရသည်။
ကျွန်မတို့ မိန်းကလေးများ အလှပြင်သောနေရာ၊
သန့်စင်ခန်းမှာ ယခင်က ဖိတ်ဖိတ်လက်၊ နံရံပြည့်မှန်ကြီးများကို
ခွာပစ်ခဲ့ကြပြီ။ မှန်အငယ်လေးတစ်ခုသာ ထောင့်ထဲမှာ ရှိနေသည်။ လှဲအိပ်၍ရသော
ဖိုင်ဘာမှန်တင်ခုံ အရှည်ကြီး မရှိတော့ပေ။ အနံ့အသက်လည်း မကောင်း။
ခပ်မြန်မြန် ပြန်ထွက်ခဲ့ရ၏။
Master Control Room ခေါ် ဗဟိုအသံထိန်း
အခန်းကြီးက ဈေးဆိုင်တန်းထဲ ရောက်နေသည် ထင်ရ၏။ မှန်တစ်ဝက် အကန့်လေးတွေဖြင့်
ဝန်ထမ်းများ အလုပ်လုပ်နေကြသည်မှာ ပန်းထိမ်ဖိုနှင့်တူသည်။ ကြမ်းပြင်က
မြင်မကောင်းအောင် ပေါက်ပြဲနေသည်။ မည်မျှလေးလံသော အရာတွေ
ကြိတ်နင်းခဲ့သည်မသိ။ ညစ်ပတ် စုတ်ပြတ်နေသည်။ ယခင်ကဆိုလျှင်
နေ့ခင်းရုံးခန်းမှာ အလုပ်ပြီး၍ အပန်းဖြေ အနားယူချင်လျှင် ဤမာစတာခန်း သို့
လာရသည်။ ကြီးမားကျယ်ပြန့် အေးစိမ့်ပြီး မွှေးပျံ့နေသော အခန်းကြီးတွင်
နားအေးပါးအေး စကားပြော နိုင်ကြသည်။ အသံသွင်းစတူဒီယို (B နှင့် C)ထဲက
အလှည့်မကျ သေးသူများလည်း ထွက်လာပြီး နားနေ နိုင်သည်။ မှန်လုံးပြည့်
ကာထားသော ကွန်ထရိုးခန်းကြီးထဲကိုမူ ဝင်ခွင့်မရှိ။ သို့သော်
ခန်းမတွင်းမှာပင် အပန်းပြေ နေလေပြီ။ ယခုတော့အပန်းပြေဖို့ နေနေသာသာ
ခလုတ်မတိုက်မိအောင် မနည်းရှောင်နေရသည်။
စိတ်ညစ်ညူးစွာ အပြင်ထွက် လာသောအခါ
ဓာတ်ပြားတိုက်နှင့် သတင်းဌာနခန်းများ သော့ပိတ် ထားတာ မြင် ရ၏။
ရေသောက်ရကောင်းမလားဟု ယခင်”ဝါတာကူလာ”စက်ရှိရာသို့ ဝေ့ကြည့်ရာ အမှိုက်ပုံး
ဖြစ်နေ သည်။ ပျော်မွေ့ခဲ့ဖူးသော မြန်မာပိုင်းအစီအစဉ် ရုံးခန်းဘက်ဝင်
မကြည့်ချင်တော့ပါ။ သည်လောက်နှင့်ပင် ရင်နာလှပါပြီ။
သူတို့က အခုမှ ”ရေကူးကိစ္စထပြီး
ပွက်လောရိုက်နေကြတာပါ။ ကျွန်မတစ်ယောက်တည်း ”ပြည်လမ်းကိစ္စ” ကြေကွဲနေခဲ့ရတာ
ကြာပြီ။ ပြည်လမ်းမှာ အစီအစဉ်များ ထုတ်လုပ်ပြီး တိုက်ရိုက်လွှင့်၍ မရပါ။
ရေကူး ထပ်ဆင့် လွှင့်စက်သို့ မြေအောက် ကေဘယ်လ်ကြိုးများဖြင့် ပို့ရသည်ဟု
ကြားဖူးသည်။ လျှို့ဝှက်ချက်ဖြစ်၍ မမြင်ဖူးပါ။ ယခုရေကူးကို လူသိရှင်ကြား
(ဟန်ပြတင်ဒါ) ခေါ်၍ လူသိခဲ့ကြရတာပါ။ လူမသိ သူမသိ ပြည်လမ်းကို သိမ်းယူ
ခဲ့ကြတာက ကြာပြီ။
နောက်ထပ်သိမ်းဖို့ ရှိသေးသည်။
ပြည်လမ်းဝင်းထဲမှာပင် ဟံသာဝတီ
ဘက်လမ်းဘေးတွင် ၉ ထပ်အဆောက် အအုံကြီး ဆောက်သည်။ ပါဝါတိုင်ကြီး
တစ်ခုဆောက်သည်။(လူတစ်ယောက် ပြုတ်ကျ သေဆုံးခဲ့သည်) ထို ၉ ထပ်ကို MRTV-4
အားပေးမည်ဟု ကြားရ၏။ ဤနည်းဖြင့် အသံလွှင့်ရုံကြီး တစ်ခုလုံးကိုရှင်းပစ်ပြီး
တစ်ဦးတည်းပိုင် လုပ်ရန် ဖြစ်သည်။ ယခုလည်း ဌာနစိတ်တစ်ခု ရောက်နေပြီ။
နောက်အရေးပါသော ဌာနစိတ်တစ်ခုရောက်မည်။
”ပြည်သူ့အတွက်၊ မြန်မာ့အသံ”
ဆိုင်းဘုတ်ကိုပင် ပယ်ဖျက်ခဲ့ပြီးပြီ။
ယခု ”ပြည်သူ့အတွက် xxx ” (ကာရန်တူ)ဟု ကြွေးကြော်နေပြီ။
အစိုးရပိုင် (ပြည်သူပိုင်) သမိုင်းဝင်
အဆောက်အအုံများကို ပြည်သူ့အကျိုး မဟုတ်ဘဲ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရိုး
ထုံးစံမရှိပါ။ ၆ ထပ်ရုံးလို အဆောက်အအုံကို ဟိုတယ်လုပ်လုပ်၊ ကုမ္ပဏီလုပ်လုပ်၊
ပြဿနာမရှိပါ။ သမိုင်းတန်ဖိုး ကြီးမားသော မြန်မာ့အသံဝင်းနှင့်
အဆောက်အအုံကိုကား ပုဂ္ဂလိကလက် မအပ်သင့်ဟု အများက ယူဆပါသည်။
ဒါဖြင့် ဒီပျားအုံဟောင်းကြီး ဘာလုပ်မလဲ။
အလွန်သင့်လျော်သော ကိစ္စရှိနေပါသည်။
နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ
တွေ့ဆုံပွဲတွင် အနုပညာလုပ်ငန်း၊ ဖျော်ဖြေရေးပွဲများအတွက် ”ဇာတ်ရုံ”
လိုနေကြောင်း တင်ပြကြသည်။ သမ္မတကလည်း လုပ်ပေးပါမည်ဟု သဘောတူသည်။
(မမေ့လောက်သေးပါ) ဒီတော့…
သွားလာရေး မလွယ်သော၊ သီးခြားဖြစ်နေသော
အမျိုးသားဇာတ်ရုံကြီးကို အသုံးမပြုနိုင်သဖြင့် အသေးစား ပွဲများကို
ပြည်လမ်းက စတူဒီယို A မှာ ပြဖို့ ငှားရမ်းလျှင် မကောင်းပါလား။
ရုံဝင်ခပေးပြီးကြည့်မည့် ပရိသတ် မလာမှာ မပူရပါ။ အနုပညာရှင်များ
အလုပ်ရကြမည်။ ပြည်လမ်းအသံလွှင့်ရုံကြီး၏ ဂုဏ်သိက္ခာလည်း ဆက်လက် ကြီးမားနေမည်။
ယခုသမ္မတကြီး သက်တမ်းအတွင်း အမြန်ဆုံး
ဆုံးဖြတ်ပေးခဲ့ရန် ပြန်ကြားရေး ဝန်ကြီးကိုလည်း တောင်းဆို ပါသည်။
ပြန်ကြားရေးပိုင် ဌာနဖြစ်၍ လွယ်ကူစွာ ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ပါသည်။
မြန်မာ့အသံ ဝန်ထမ်း ဟောင်းများ အသင်းအနေနှင့်လည်း တောင်းဆိုသင့်ပါသည်။
(သူတို့ ခရိုနီတွေအတွက်က နေရာပေါ ပါတယ်နော်) ကျွန်မတို့အားလုံး၏ ငယ်ချစ်
”ပြည်လမ်း မြန်မာ့အသံ”ကိုဖြင့် ချမ်းသာပေးပါဟု ပြန်ကြားရေး ဝန်ကြီးထံ
ကြေကွဲစွာ တင်ပြလိုက်ရပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald