June 3, 2015

မြင်စေချင်စမ်းလှသည်( ပြည်သူ့အရေးဂျာနယ် အတွဲ(၁) အမှတ်(၃၆) ၂ရက် ဇွန် ၂၀၁၅) ပါ ဆောင်းပါး

                             
          
“ဒါဖြင့် ကျွန်မစဉ်းစားတယ်။ ကလေးလေးတွေက အများကြီးပဲပေါ့နော်။ လူငယ်၊ လူလတ်တွေ သိပ်မများဘူး ဘယ်များရောက်နေလဲ ဆိုတော့ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်တယ်ဆိုတဲ့ အဖြေက ထွက်သွားတယ်။ ဒါက ကျွန်မတို့ နိုင်ငံအတွက် ဝမ်းသာစရာ မဟုတ်ဘူး။ အလုပ်ရှိတယ် ဆိုတာက အလုပ်မရှိတာထက် သာတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ အလုပ်မရနိုင်လို့ အခြားမှာ သွားပြီးတော့ အလုပ်လုပ်ရတယ်ဆိုတာ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ
၂၀၁၅ ခု၊ မေလ (၁၆)ရက်နေ့။ သထုံမြို့ မှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်ရပြီး  လူငယ်လူရွယ်တွေ တဖက်နိုင်ငံမှာ သန်းချီ အလုပ်လုပ်နေရသည့် အဖြစ်တွေကို တွေးမြင်မိလေသည်။
                     ရန်ကုန်၊ မန္တလေး မြို့ကြီးပြကြီးမှ လွဲပြီး အခြား အရပ်ဒေသများ အထူးသဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများမှ အလုပ်လုပ်နိုင်သည့် အရွယ်ကောင်း ဟူသမျှ တဖက်နိုင်ငံသို့ ရောက်ရှိနေကြလေသည်။ စာရေးသူ ကြုံတွေ့ရသမျှ အလုပ်သမားများမှာ အသက်(၁၇) (၁၈) မှသည် အသက်(၅၀) ခန့် အရွယ်အထိ သွားရောက် လုပ်ကိုင်ကြလေသည်။ အချို့က မိသားစုလိုက်၊ အချို့က တစ်ယောက်ထဲ၊ တချို့က သားသမီးတွေကို မိဘများဖြင့်ထားခဲ့ပြီး လင်မယားနှစ်ယောက် စသဖြင့် လုပ်ကြလေသည်။
                    တိုင်းပြည်ကို  နှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်ပြီး ၊ အုပ်ချူပ်သူ စစ်ခေါင်းဆောင်များနှင့် လုပ်ပိုင်ခွင့်ရှိသူ များ ၎င်းတို့ မိသားစုဝင်များ ကြွယ်ဝချမ်းသာလာ သော်လည်း ပြည်သူများနှင့် တိုင်းပြည်မှာ ဆင်းရဲမွဲတေလှပေသည်။ အထူးသဖြင့်  အာဏာပိုင်တို့ လက်လှမ်းမမီသည့် နယ်စပ်ဒေသ တိုင်းရင်းသားဒေသများမှာ အခြေအနေ အလွန်ပင် ဆိုးဝါးလှပေသည်။  (၂၀၀၀) ခုနှစ် ပတ်ဝန်းကျင်ခန့်က  လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်သည့် အစီအစဉ်ဖြင့် တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးရပြီ ဆိုကာ " နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန" ကို ဖွဲ့စည်းပြီး တိုင်းရင်းသားဒေသများ တိုးတက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်လေသည်။  တိုင်းရင်းသားဒေသများ တိုးတက်သည်က အထက်လူကြီးများ လာရောက်စစ်ဆေးစဉ် ရုပ်ပြ တည်ဆောက်ထားသည်က များလေသည်။ တကယ်တိုးတက်သွားသည်က ထိုဝန်ကြီးဌာနနှင့် နတလ ဟုခေါ်သော အဖွဲ့တွင် ပါဝင် ပူးပေါင်း ဆောင်ရွက်ကြသည့် ပုဂိုလ်များ မိသားစုများ ကြီးပွားတိုးတက်သွားကြတာ အမှန်ပင် တွေ့ခဲ့ဖူးပါသည်။
                          ရလဒ်ကတော့ တိုင်းရင်းသားဒေသမှ လူများ ဆင်းရဲမွဲတေကာ အလုပ်အကိုင် မယ်မယ်ရရ ဘာမှမရှိခြင်း၊ အတတ်ပညာ သင်ယူခွင့်မရှိခြင်း၊ ပညာရေးဆိုတာ ဝေးသထက်ဝေးပြီး မိသားစု လူတကိုယ် အသက်ရှင်ရေးသာ အဓိက အနေဖြင့် ကြီးပြင်း လာခဲ့ကြရလေသည်။  တိုက်ပွဲတွေဖြစ်၊ စားဖို့ရာက အဆင်မပြေ၊ စစ်တပ်က ရွာထဲဝင်လာရင် သူပုန်အားပေး၊ သတင်းပေးဆိုကာ နှိပ်စက်မှာ ကြောက်ရတာက တဖုံ၊ အရွယ်ကောင်း လူငယ်လူရွယ်တွေ ဆိုပါက ဆေးသမား ဘိန်းသမား ဖြစ်သွားမလား ပူရတာကတဖုံ စသဖြင့် အကြောင်းတရား မျိုးစုံဖြင့် စိုးရိမ်သောကကြားမှာ နေရသည့်အတွက် တဖက်ကမ်း( ဒေသခံတွေက ထိုင်းဖက်ကို ထိုသို့ခေါ်တတ်ကြသည်) သို့ ထွက်သွားကြ၊ ထွက်သွားစေကြ ခြင်းစဖြင့် ရောက်ကြလေသည်။
                    လူကုန်ကူးခံရသည့် သတင်းတခုအောက်မှာ ကော့မန့်တွေ ရေးတာ ဖတ်ရသည်။
 "မင်းတို့ ဘာဖြစ်လို့ အဲဒီထိုင်းကိုပဲ သွားနေကြတာလဲ၊ ကိုယ့်နိုင်ငံမှာ လုပ်စားစမ်းပါကွာ ထမင်းတစ်နပ် အေးဆေး ရှာစားလို့ရပါတယ် "
"  ထိုင်းတွေကို တို့က တစ်သက်လုံးနိုင်လာတာ မြန်မာတွေကို ဒါမျိုး လာလုပ်လို့ မရဘူး  တနေ့သိမယ် "
                   တိုသို့သော အဓိပ္ပါယ်ရှိသည့်စကားပေါင်းများစွာကို ဖတ်ရ ကြားရ ခြင်းဖြင့် ကိုယ့်နိုင်ငံက လူတွေမှာတောင် ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေ ဘယ်လောက် ဆင်းရဲ ဒုက္ခရောက်သလဲ ဆိုတာ မသိကြသေးတာ ထင်ရှားလေသည်။ ပညာရေး စနစ်၏ အားနည်းမှုတွေကိုလည်း ထိုစကားတွေမှာ ပေါ်လွင်နေသည်။ ထိုင်းလူမျိုးတွေမှာ  ဒီမိုကရေစီအကျင့်တွေ အမြစ်တွယ်နေပြီး လူမျိုးရေးခွဲခြားသည့် အမြင်များ မရှိကြပြီ။  လူဆိုး လူကောင်းကတော့ ဘယ်တိုင်းပြည်မှာမဆို ရှိနေတာပဲ ဖြစ်သည်။
                ထိုင်းဖက်မှာ အလုပ်လာလုပ်သည့် မြန်မာအလုပ်သမားတွေမှာ အနည်းဆုံး တစ်နေ့ ဘတ်(၂၀၀) ရကြသည်။ ထိုင်းအစိုးရက သတ်မှတ်ထားသည့် တစ်နေ့ဘတ်(၃၀၀) နှုန်းက စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ ရကြတာများသည်။ သာမန် ဈေးရောင်းအကူ၊ စားပွဲထိုး၊ ပန်းကန်ဆေး ၊ ကြုံရာကျပန်းကတော့ အလုပ်ရှင် တစ်ယောက်နှင့် တစ်ယောက် မတူကြ။ သို့သော် အနည်းဆုံး တစ်လကို ဘတ်ခြောက်ထောင်ကတော့ ရကြသည်။ ယခင်တုန်းကတော့ တစ်လ ဘတ်(၃၀၀၀) လောက်သာ ရကြသည်။ တဖြေးဖြေး တိုးပြီး ရလာကြခြင်းဖြစ်သည်။  ယခင်က စားသောက်ဆိုင် စားပွဲထိုးတစ်ယောက် စားပြီးသောက်ပြီး နေစရာပါ ပေးတာ ဘတ်သုံးထောင် လောက်သည့် အပြင် အိမ်ကို ပြန်ပို့နိုင်သည်ဟု ဆိုလေသည်။  ယခု အဆိုပါ အလုပ်သမားလေးသည် နေစားရိတ် စားစရိတ်ငြိမ်း ဘတ်ခြောက်ထောင်ရသည်။  အလုပ်ရှင်လည်း မပြောင်းပဲ (၇)နှစ်ခန့် စွဲမြဲစွာ လုပ်နေလေသည်။ သူများတွေ တနေ့ဘတ်သုံးရာ ရသည်ဆိုသော်လည်း ယခု အလုပ်ရှင်နှင့် အဆင်ပြေ၍ မပြောင်းပဲ လုပ်ကိုင်နေသည်။ အလုပ်ရှင်က အလုပ်သမားကဒ်လည်း လုပ်ပေးသည်တဲ့။ သူ့လို အဆင်ပြေနေသည့် အလုပ်သမားတွေလည်း များစွာ ရှိနေသည်။
                   ရွာတွေမှာ အလုပ်မလုပ်နိုင်သည့် သက်ကြီး ရွယ်အိုတွေ ကလေးတွေသာ ကျန်ရျိကြသည်။  အဖိုးအဖွားတို့မှာ ကလေးထိန်းရင်း သူတို့ သားသမီးတွေဆီက ပို့လာသည့် ငွေဖြင့် ရပ်တည်ကြသည်။  စာရေးသူနှင့် ခင်မင်နေသည့် စားသောက်ဆိုင်မှ အကြော်ဆရာဟု သူတို့ သုံးနှုံးသည့် အမျိုးသမီးကြီးမှာ ရွာမှာ  ကလေး နှစ်ယောက် ကျောင်းနေရင်း ကျန်ခဲ့သည်၊  ခင်ပွန်းဖြစ်သူက ကလေးတွေကို စောင့်ရှောက်ရင်း ကျန်ခဲ့သည်ဟု ဆိုလေသည်။  ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ယောင်္ကျားဆုံး၍ ပြန်သွားတာ သိလိုက်သည်။ ထိုဆိုင်သို့ ရောက်တိုင်း ပြန်မလာတော့ဘူးထင်ပါရဲ့၊ ကလေးနှစ်ယောက်ပဲ ကျန်နေတာ ဆိုတော့ သူရျိမှ ဖြစ်မည်ဟု သူ့အဖော်က ပြောပြသည်။ သိပ်မကြာလိုက်၊ သုံးလခန့်အတွင်းမှာ ပြန်ရောက်လာသည်။  ကလေးတွေပါ ခေါ်လာသလား ဟု မေးမြန်းကြည့်ရာ မခေါ်နိုင်သေးပါ၊ ကျောင်းတက်နေတဲ့ အရွယ်တွေမို့ ထားခဲ့ရသည်တဲ့။ ဆွေမျိုးညာတိလည်း မရှိပဲ ရွာမှာ အိမ်နိးချင်းတွေကို အပ်ထားခဲ့သည်ဟု ဆိုလေရာ မျက်လုံးပြူးမိလေသည်။

" ဘယ်တတ်နိုင်မလဲ အမရယ်၊ ရွာမှာနေရင် ဘာအလုပ်မှ မယ်မယ်ရရ မ၇ျိတော့ ဘာနဲ့ သွားစားမလဲ၊ နောက်ဆုံးတော့ ကျမလည်း ဒီမှာပဲ လုပ်တတ်တယ် ဒီကပဲ ပိုက်ဆံရှာလို့ ရတော့ ပြန်လာရတာပေါ့၊ အိမ်နီးချင်းတွေက အားကိုးရပါတယ်၊ သူတို့ကိုလည်း နဲနဲပါးပါး ပေးရတာပေါ့တဲ့"

           ကလေးတွေကို အမေပိုက်ဆံ ရှာပြီး ပြန်ပို့ပေးမယ် လိမ်လိမ်မာမာ နေကြလို့ ပြောခဲ့ရသည် ဟု ဆိုလေသည်။ ကလေးတွေကို  ဘဝကသင်ပေးသဖြင့် နေတတ်နေကြဟန်တူသည်။ စာရေးသူစိတ်ထဲမှာ မိခင်ချင်းကိုယ်ချင်းစာစိတ်ဖြင့် စကားပင် မဆက်နိုင်။ ဒီလိုမျိုးးက သူတစ်ယောက်ထဲ မဟုတ်၊ တချို့  တစ်ရွာလုံးမှာ၊ တချို့  တချို့  များစွာ များစွာ ရှိနေ ဖြစ်နေကြလေသည်။
           ထိုင်းနိုင်ငံ၏ အောက်ခြေသိမ်း အလုပ်မှန်သမျှ မြန်မာပြည်သား ချည်းဟု ပြောကြလျှင် မခံချင်ပေမယ့် ဟုတ်နေတော့လည်း ပြန်မပြောသာ။  ဈေးမှာ ငါးခုတ်လိုပါက မြန်မာလိုပြောပြီး ခပ်သေးသေးပဲ တုံးပေးပါ ဆိုလျင် " အဒေါ် ကျတော် မြန်မာစကား နဲနဲပဲ တတ်တယ်ခဗျာ့၊ ကျတော်က ရှမ်းပါ၊ ဒေါ်ဒေါ် ဘယ်လိုသိလဲ" ပြန်မေး တတ်ကြသလို မြန်မာလို ပြောလိုက်ပါက မျက်လုံးလေးပြူးပြီး  သူတို့ကို မြန်မာပြည်ကမှန်း ဘယ်လိုသိပါလိမ့် ဆိုသည့် အံ့ဩဟန်ဖြင့် ပြန်ကြည့် တတ်ကြသည်။
           စားသောက်ဆိုင်မှာ မှာရင်းက တချို့အစားအစာတွေ ပြောဖို့ ခက်လာလျှင် အကူအလုပ်သမား တစ်ယောက်ယောက်ဆီ မြန်မာလို လှမ်းပြော အဆင်ပြေလေသည်။
           သူတို့ကို ပြန်မပြောဖြစ်တာက " ဒေါ်ဒေါ် ဘယ်လိုသိရမလဲကွယ်၊ ဈေးတွေ ဆိုင်တွေ ရောက်ရင်  စားပွဲထိုး၊ အောက်ခြေသိမ်း အလုပ်တွေ၊ ငါးကိုင် ပုစွန်ရွေး လုပ်နေတဲ့ သူတွေက တို့တိုင်းပြည်က တို့မြန်မာပြည်က လူတွေ ချည်းပဲဆိုတာ သိနေလို့ပေါ့"
           ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကြည့်မလား၊ လမ်းပေါ်မှာ သွားနေတဲ့ ကားတွေအထဲကမှ နောက်ဖွင့် ကားတွေပေါ်မှာ နည်းမျိုးစုံနဲ့လိုက်ပါသွားတဲ့ မြန်မာပြည်က လူတွေ တွေ့နေရလေသည်။
           ယခုလဆန်းပိုင်းမှာပင် အလုပ်သမားကဒ် သက်တမ်းတိုးသည့်နေရာမှာ ရင်ခွင်ပိုက် အပါအဝင် ဘုစုခရု ကလေးများ၊ အသက် တစ်ဆယ့်ခုနှစ်၊ ဆယ့်ရှစ် ပတ်ဝန်းကျင်ကနေ အသက်(၂၀) အစိတ်၊ အဲဒီကနေ သုံးဆယ် လေးဆယ် အရွယ် အမျိုးသမီး အမျိုးသားတွေ များစွာ တွေ့လိုက်ရလေသည်။
         စာရေးသူကို အနားက အသက်(၄၀)ခန့်ရှိမည့် အမျိုးသား တစ်ယောက်က အခုလို လှမ်းပြောလေသည်။
"  အော် ကြည့်ပါအုန်း လူကြီးတွေတင်မက ကလေးတွေပါ သူများတိုင်းပြည် လာနေကြရတယ်၊ အစိုးရ မကောင်းလို့၊ ကိုယ့်အစိုးရက ကိုယ့်ကို ထမင်းကျွေးမထားနိုင်တော့ ကျွေးတဲ့ နေရာ လိုက်နေရတာပေါ့"
မှန်တာပြောတော့လည်း ဘာပြန်ပြောနိုင်မှာလဲ၊ အင်း လိုက်ရသည်။ သို့သော် ထို အင်းးးးးးးးးးးးးး ဆိုတာက လေးလံနေမှန်း ကိုယ့်ဘာသာပဲ သိလေသည်။

"  “ဒါပေမဲ့ နောက်ဆုံးကျတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ အဓိက ရတနာ၊ အဓိက သယံဇာတ ပစ္စည်းလို့ ဆိုရမယ့် တန်းဖိုးအရှိဆုံးကတော့ ပြည်သူ၊ ပြည်သားတွေပဲ ဖြစ်ပါတယ်။ ကျွန်မ တို့ ပြည်သူပြည်သားတွေရဲ့ အရည်အချင်းမြင့်မှ၊ အရည်အချင်းမြင့်အောင် လုပ်ပေးနိုင်မှ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ကျွန်မတို့ သွားပြီးတော့ အလုပ်လုပ်နေရတဲ့ နိုင်ငံတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေ သွားပြီးတော့ အလုပ်ရှာနေရတဲ့ နိုင်ငံတွေဟာ ကျွန်မတို့နိုင်ငံနဲ့ ယှဉ်လို့ရှိရင် သယံဇာတ ဘာမှသာတာ မရှိပါဘူး။ ဒါပေမဲ့ စနစ်အရသာလို့ တိုးတက်ခဲ့တာ ဖြစ် တယ်။ စနစ်အရ သာသွားလို့ စီးပွားရေးအရ ကောင်းတယ်”
                လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားထဲ ပြန်ကြားယောင်လာသည်။  သွေးထွက်အောင် မှန်ပါသည်။  မြန်မာပြည်သူများမှာ စနစ်ဆိုး၏ သားကောင်များ ဖြစ်နေကြရလေသည်။ နိုင်ငံတိုင်းရဲ့  တန်ဖိုးအရှိဆုံး သယံဇာတပစ္စည်းလို့ ဆိုတဲ့  ပြည်သူပြည်သားတွေ ပြည်ပနိုင်ငံကို ရောက်ကုန်ကြသည်။ ၂၀၁၄ခုနှစ်မှာ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအကြို အချက်အလက်များထွက်လာရာမှာ  ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများနှင့် တကွ ပြည်သူလူထု အံ့အားသင့်ခဲ့ရသည်။

                       
မြန်မာအစိုးရက  မြန်မာနိုင်ငံ၏ လူဦးရေကို သန်း( ၆၀) ဟု ခန့်မှန်းထားရာ ယခုသန်းခေါင်စာရင်းအရ  ၅၁ ဒသမ ၅ သန်းသာ ရှိနေရာ လူဦးရေ ၉ ဒသမ ၅ သန်း ပျောက်ဆုံးနေလေသည်။  အထူးသဖြင့် ဧရာဝတီတိုင်းမှာ မျှော်မှန်းထားသည်ထက် နှစ်သိန်းခန့် လူဦးရေ လျှော့နည်း ကျဆင်းနေသည်။ ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ရွှေ့ပြောင်းနေထိုင်ကြသည်ဟု ယူဆရဖွယ် ရှိသော်လည်း အခြားသော ပြည်နယ်တိုင်းများ ဖြစ်သည့်
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့မှာ လူဦးရေ  တစ်သိန်းဝန်းကျင်မျှ ကျဆင်းသွားခဲ့သည်။
                 တရားမဝင် ဝင်ရောက်လာသူများ များပြားလာသည့်   ရခိုင်ပြည်နယ်မှာလည်း လူဦးရေ ကျဆင်းနေတာ တွေ့ရလေသည်။
မြန်မာလူငယ်နှစ်ဦး လူသတ်မှု ကျူး လွန်သည်ဟု ဆိုသော အရပ်ဖြစ်သည့်  ကော့တောင်ကျွန်းမှာ ရခိုင်လူမျိုးတွေ များစွာ ရောက်ရျိနေသည်ဟု သိရသည်။ စွပ်စွဲခံထားရသည့် ထို လူငယ်နှစ်ဦးပင်လျှင်  ရခိုင်ပြည်နယ်မှ ဖြစ်လေသည်။  ထိုင်းနိုင်ငံမှာ  မြန်မာလုပ်သား ငါးသန်းကျော် ရှိသည်ဟု ဆိုလေသည်။ အခြားသော စင်္ကာပူ၊ မလေးရှားတို့တွင် သိန်းချီပြီး အလုပ်လုပ်နေကြလေသည်။
                   ထိုင်း- မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများ၊ ထိုမှတဆင့် တတိယနိုင်ငံသို့ ရောက်ရှိသွားကြသူများလည်း ရှိလေသည်။
မြန်မာနိုင်ငံမှ အခြားနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများမှာ ငါးသန်းမှ ၁၀ သန်းအကြား ပမာဏအထိ ရှိနိုင်သည်ဟု ဆိုရာ ပြည်တွင်းမှ လူသားအရင်းအမြစ်များ ၊ တန်ဖိုးရှိသော သယံဇာတများ တိုင်းပြည်အတွက် များစွာ ဆုံးရှုံးနေပါလားဟု တွက်ဆမိလေသည်။
              
                 စာရေးသူ အသံလွှင့်ရုံမှာ အလုပ်လုပ်စဉ်က စစ်သည်တို့လိုရာ၊ စစ်သည်အတွက် တေးလက်ဆောင်စတဲ့ ကဏ္ဍတွေမှာ အဆိုတော် တင်တင်မြ သီဆိုထားတဲ့ " တောင်တန်းပြာနဲ့ ကျောပိုးအိတ်" သီချင်းလွှင့်ပြီ ဆိုတာနှင့် စာရေးသူ အသံလွှင့်ရာ စက်ခန်းထဲ ဝင်လာပြီး စကားလာပြောတတ်သည့် အရာရှိ တစ်ယောက်ရျိသည်။ သူက စစ်တပ်က အရပ်ဖက် ပြောင်းလာတာ ဖြစ်သည်။
" ဒီသီချင်းကြားရင် ရှေ့တန်းမှာနေခဲ့ရတာတွေ သတိရမိတယ်၊ တောထဲ တောင်ထဲမှာ  ကျောပိုးအိတ် တစ်လုံးနဲ့ ဟန်းကောချိုင့်လေးနဲ့ ချက်စားပြီး
မိသားစုနဲ့ ဘယ်တော့ ပြန်တွေ့ရမယ်မသိ၊ အစားအသောက်ကလည်း ခက်ခဲ ၊  ညနေ နေဝင်ရီတရော ဆိုရင် တောင်တန်းတွေကြည့်ပြီး  အိမ်ကို မှန်းပြီး လွမ်းရတယ်၊ ပြီးတော့ ဘယ်တော့ အိမ်ပြန်ရောက်ပါ့မလဲ တွေးနေမိတယ်၊ အဲဒီအချိန်မှာများ မမကြီး အသံနဲ့ ( ဒေါ်တင်တင်မြကို ဝန်ထမ်းတွေက ထိုသို့ ခေါ်ကြပါသည်) ဒီသီချင်းများကြားရင်  ဘယ်လို ခံစားရမှန်းမသိဘူး၊  လူကြီးတွေကို ကိုယ်တွေရဲ့အဖြစ်ကို တကယ်မြင်စေချင်တယ်"
" မြင်စေချင်စမ်းလှသည်  တောင်တန်းပြာစစ်စခန်းမှ  ကျောပိုးအိတ်ကို သယ်ချီ စစ်သည်များစွာ အားမာန်နဲ့ အသက်ပေးကာချီ

                    ယခုလည်း စာရေးသူနားထဲသို့  ထိုသီချင်းတပိုင်းတစက နေရာဝင်ယူလာသည်။  ကိုယ့်နိုင်ငံမှာ သယံဇာတပေါစွာ ထွက်ရှိပါလျှက် လူတွေက ဆင်းရဲမွဲတေ စားစရာမရှိ၊ သူများတိုင်းပြည် ကျွန်ခံ အလုပ်လုပ်နေကြတာတွေ မြင်စေချင်စမ်းလှသည်။   သယံဇာတ အကျိုးအမြတ်တွေ အပေါ်  အုပ်စီး ဖင်ခုထိုင်ထားသော၊   ကြွယ်ဝချမ်းသာနေသော ၊ တိုင်းပြည်မျက်နှာ ပြည်သူတွေရဲ့ မျက်နှာကို မထောက်ထားပဲ ကိုယ်ကျိုးရှာနေကြသည့်  လူကြီးမင်းအပေါင်းတို့ကို  မြင်စေချင်စမ်းလှပေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment