ကားတွေ
ပေါလာသည်၊ လူလတ်တန်းစားတွေ ကားစီးလာနိုင်ကြသည်။ ဝန်ထမ်းတွေလည်း ကားတွေ ဝယ်စီးနိုင်ကြသည်။
အငှားယာဉ်တွေလည်း ပေါလှသည်။ မိတ်ဆွေတစ်ယောက်က
အငှားယာဉ်တွေ များလာတာနဲ့ ပတ်သက်ပြီး ခေါင်းကုတ်ဖို့
လက်မြှောက်တာတောင် သတိထားနေရတယ်၊ “ အကို ကားငှားမလို့လား” လို့ အနားရောက်လာလို့လေလို့
ရယ်စရာ ပြောသည်။ ကားတွေနှင့် ပြည့်သိပ်လာသော
ရန်ကုန်လမ်းတွေမှာ ဘယ်သွားသွား လမ်းကြောတွေ ပိတ်ဆို့ကုန်သည်။ ကားတင်သွင်းခွင့်တွေ ပေးလိုက်ပြီး နောက်ဆက်တွဲ ပြဿနာကို
ထည့်မစဉ်းစားသည့်အတွက် ပြည်သူတွေ ခက်ခဲကုန်သည်။ သို့သော် မြန်မာလူမျိုး ပီပီ သည်းခံကြသည်မှာ
အံ့မခန်း၊ မြန်မာလူမျိုးတွေ အတော်သည်းခံနိုင်မှန်း သိလာသည်။
တာမွေမှာ ကုန်းကျော်တံတား ဆောက်သည်။ စနစ်တကျ လမ်းလွှဲထားတာ၊ လမ်းညွှန်ထားတာ ၊ ယာဉ်ကြောမပိတ်ဖို့ ကြိုတင်စီစဉ်ထားတာ ဘာမှ မရှိ၊
ကားတွေ လူတွေ အဆင်ပြေသလို သွားကြရသည်။ တာမွေမှာ
(၂) နာရီ တိတိ ယာဉ်ကြောပိတ်တာ စောင့်ရင်း သည်းခံနေရသည့်
လူတွေကို တွေ့ရသည်။ ထိုသည်းခံမှုသည် ကျေနပ်၍
သည်းခံခြင်းမဟုတ်၊ မနိုင်၍ သည်းခံ ရခြင်း ဖြစ်သည့်အတွက် ထိုစိတ်ခံစားမှုတွေသည် အလုပ်ဌာန
မိသားစုထဲနှင့် ပတ်ဝန်းကျငိလူမှု အသိုင်းအဝန်း ဆက်ဆံမှုကို ရိုက်ခတ်ကုန်တာ တွေ့ရသည်။
အတော်များများမှာ မလိုအပ်ပဲ ပင်ပန်းစွာ ရုန်းကန်နေကြရသည်။ စားဝတ်နေရေးအတွက် ရှာဖွေရတာ ပင်ပန်းတာက တမျိုး၊ သွားလာရေး ခက်ခဲတာက
တမျိုး ခက်ခက်ခဲခဲ ဖြစ်နေကြရသည်။ ရန်ကုန်မြို့ကြီးကို ခြုံကြည့်ပြီး အသက်ရှုကြပ်လာသည်။
ရန်ကုန်သည် အတော်ဆိုးနေပြီလို့ အပြောကို ကားဆရာက
ဆိုးတာမဟုတ်ဘူး၊ ပျက်နေပြီ၊ မြို့ပျက်ကြီး ဖြစ်နေပြီလို့ ဆိုသည်။ ကိုယ့်ဇာတိ ကိုယ့်ရပ်ဌာနေကို အဆိုးမမြင်ချင်သည့် စိတ်ကြောင့် ခပ်ဖွဖွ ဝေဖန်မိပေမယ့် စကားစပ်မိသည့် လူအတော်များများကတော့ မြို့ပျက်ကြီးပါလို့ ပြောတာကို လက်ခံရသည်။
အားလုံးက ဒီအခြေအနေကို ပြောင်းလဲပစ်ချင်သည်ဟု ဆိုကြသည်။ စကားပြောမိသည့် လူတိုင်းက ပြောင်းမှကို ဖြစ်မည်။ အခုအတိုင်းသွားလို့က
ချောက်ထဲထိုးဆင်းဖို့သာ ရှိသည်လို့ ဆိုလေသည်။ သူတို့ ပြောသည့် မြို့ပျက်ကြီးဆိုတာကို အလုံးစုံထောက်ခံမိသည့် အချိန်ကတော့
ရန်ကုန်မြို့ရဲ့ အပြင်က မြို့သစ်တစ်ခုဖြစ်တဲ့ ယုဇနဥယျာဉ်မြို့တော်ကို ရောက်စဉ်မှာဖြစ်သည်။
လိုက်ပို့သည့် ကားဆရာကတော့ လူတွေကို လူလို့ အသိအမှတ်မပြုတာ၊ လူလိုကို မနေရတဲ့ ဘဝမျိုး
ဖြစ်အောင် လုပ်ထားတာလို့ ရင်ဖွင့်လေသည်။ စာရေးသူ အပြည့်အဝ ထောက်ခံယုံမက ရင်နင့်အောင်
ခံစားရပါသည်။
ကားတွေ ဝင်ထွက်သွားလာနေကြသည့် အများပြည်သူသွားလမ်းသည် ဘုရားစူး လမ်းပါ လို့
ဘယ်လို ပြောရမည်ပင်မသိ၊ ကတ္တရာသားမရှိတာ၊ ကွန်ကရစ်သားတွေ မရှိတော့တာကတော့ စကားထဲ ထဲ့ပြောမနေနှင့်၊ ချိုင့်ခွက်တွေ ချည်း ဖြစ်နေပြီး လမ်းအောက်ခံ သံချောင်းတွေ ထိုးထိုးထောင်ထောင် ထွက်နေသည်။ လကမ္ဘာနှင့်
နှိုင်းရအောင်လဲ လကမ္ဘာက ချိုင့်ခွက်တွေမှာ သံချောင်းတွေ ရှိပုံမရ။ ကားတွေမှာ ချိုင့်ခွက်တွေကို
လူးလိမ့်နေအောင် ရှောင်မောင်းရင်း လမ်းအောက်ခြေက
ထိုးထွက်နေသည့် သံချောင်းတွေရဲ့ ရန်ကို ထပ်ရှောင်ရပြန်သည်။ ခရီးသွား အပေါင်းမှာ အန္တရာယ်ကြားကနေ နေ့စဉ် သွားလာနေကြရသည်။
နေတဲ့ အိမ်ယာထဲမှာလည်း လူနေတဲ့ အရပ်ပါလို့ ပြောရမှာ ရှက်စရာ ကောင်းလှသည်။ လူတွေသည်
အမှိုက်တွေ ဝန်းရံလျက် နေနေကြရသည်။ ဖွေးဖွေးလှုပ်နေသော
အမှိုက်တွေကြားမှာ လူတွေ သွားလာနေကြသည်။ အဆိုပါ မြို့သစ်ကို တည်ခဲ့သော ခရိုနီကြီးကို ခဏလောက် လှည့်ကြည့်ပါအုန်းလို့
ဆိုလိုက်ချင်သည်။ မြို့သစ်တည်၊ အစိုးရထံက ငွေချေး၊
ပြည်သူကို ပြန်ရောင်း၊ သို့သော် နေထိုင်တဲ့ သူတွေအတွက် အမှိုက်စနစ်တကျ ပစ်ဖို့ စီစဉ်ပေးထားခြင်းမရှိ၊ မြို့ကို ဆက်လက် ထိန်းသိမ်းပြုပြင် ပေးခြင်းမရှိသည့်အခါ မြန်မြန် ပျက်ဆီးသွားတာ ဖြစ်သည်။ မြန်မာပြည်သူတွေကို ကြည့်ရင်း အတော့်ကို စိတ်ထဲခံစားရပါသည်။ အစိုးရက ပြည်သူတွေကို ဒုက္ခအပေါင်းနှင့် ပစ်ထားတာပါလား
သိမြင်ရသည်။ ဒါ့ကြောင့်လည်း အဆိုပါ ပြည်သူအများက
ဒီလိုအခြေအနေဆိုးတွေကနေ လွတ်ချင်နေကြသည်။
ရန်ကုန်မြို့အနှံ့ သွားလာရင်း တွေ့ကြုံရသည့် စိမ်းစိမ်းကျက်ကျက် ဘယ်သူပဲ ဖြစ်ဖြစ်
သူတို့ပြောလာသည့် စကားက ပြောင်းလဲမှ ဖြစ်မည်။ ပြောင်းကို ပြောင်းမှ ဖြစ်တော့မည်။ နေရိပ်မှာ
အေးအေးလူလူ နေချင်ကြပြီ။ အစိုးရက ချမ်းသာပြီး ပြည်သူတွေ ဒုက္ခအပေါင်း ဝန်းရံနေသည့် ဘဝက
လွတ်ချင်ကြပြီ။ ပြည်သူတွေက ခံစားရတာများလွန်း၍
ကောင်းကောင်းကြီးသိနေပြီ။ သူတို့ကို ဆင်းရဲတွင်းက လွတ်အောင် လုပ်ပေးမည့် ၊ ဒုက္ခအပေါင်းက လွတ်မြောက်စေသည့် အဖွဲ့ကို အစိုးရဖွဲ့နိုင်အောင် အင်တိုက်အားတိုက်
မဲပေး ရွေးချယ်ကြတော့မည်။ ပြည်သူ့ဆန္ဒကို အလေးပေးပြီး ပြည်သူကို အရိပ်အောက်ကို ရောက်သွားနိုင်အောင် တရားမျှတမှု၊ လူသားဆန်မှုတို့ဖြင့် ရွေးကောက်ပွဲကို တရားသဖြင့် ကျင်းပပေးစေချင်ပါသည်။ ပြည်သူအတွက် ဘာတစ်ခုမှ လုပ်မပေးနိုင်ခဲ့တာကို ရွေးကောက်ပွဲကို တရားနည်းလမ်းတကျ လုပ်ပေးခြင်းဖြင့်
ပြန်လည် ဖြည့်ဆည်းပေးလိုက်ပါတော့လို့သာ ဆိုချင်ပါသည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment