December 31, 2015

" ဘယ်ကလာ သလဲ၊ ဘယ်နယ်ကလဲ" ၁၉ အောက်တိုဘာ ၂၀၁၅ ဒီလှိုင်းစာစောင်မှ

                             
                        အွန်လိုင်းပေါ်ကနေ မိတ်ဆွေ တစ်ယောက်က  "ဆရာမခင် ​​ဗျာ ထိုင်းနိုင်​ငံ​ရောက်​ မြန်​မာနိုင်​ငံသားများ မဲ​ပေးခွင့်​ အားလုံးမရကြဘူးလို့သိရတယ်​ စိတ်​မ​ကောင်းဘူး " လို့ ပြောလာသည်။ သူနဲ့ စကားအပြန်အလှန်ပြောရင်း မဲပေးလို့ မရသည့် အကြောင်း ရှင်းပြလိုက်သည်။ ပြည်ပရောက် မြန်မာတွေ သက်ဆိုင်ရာ သံရုံးမှာ မဲပေးနိုင်ဖို့ အချက်တွေက ထိုင်းနိုင်ငံရောက် မြန်မာတွေအတွက် အခက်အခဲတွေ အများကြီး ရှိလေသည်။  မိမိမဲစာရင်း ပါမပါကို မြန်မာပြည်က ကိုယ်နေတဲ့ အရပ်မှာ အရင် စုံစမ်းရမည်။ မဲစာရင်းပါပြီး မဲထဲခွင့် ရသည်နှင့် သံရုံးမှာ ကြိုတင်မဲပေးခွင့် လျှောက်လွှာ တင်ရသည်။ အွန်လိုင်းက ပို့လည်းရပါသည်။ မဲထဲ့ရမည့်နေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ လူကိုယ်တိုင်  နိုင်ငံကူးလက်မှတ်( ပတ်စ်ပို့) မူရင်း၊ မှတ်ပုံတင် မူရင်း (မရှိက မိတ္တူ ယူလာ) တို့ပြ၍ ကြိုတင်မဲထဲ့ရမည်။  ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးး အများစုမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်သည်။ သူတို့မှာ အဆိုပါ အချက်အလက်များနှင့် ကိုက်ညီဖို့ အလွန် အလှမ်းကွာဝေးလှပေသည်။              မန်မာနိုင်ငံသားအများဆုံး ရှိသော ထိုင်းနိုင်ငံတွင် မြန်မာနိုင် ငံသားလေးသန်းခန့်ရှိရာ ယင်းအ နက်မှ နှစ်သန်းသည် တရားဝင် နေထိုင်သူများဖြစ်ပြီး ကျန်နှစ် သန်းသည် တရားမဝင်နေထိုင်သူ များဖြစ်သည်။ သို့သော် ထိုင်းနိုင် ငံတွင် ကြိုတင်မဲပေးရန် စာရင်း ပေးသွင်းထားသော မြန်မာလူဦး ရေမှာ စက်တင်ဘာအတွင်း ၃၀၀ ခန့်သာရှိနေသေးကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ရဲ့ ပြောကြားချက်ကို ကိုးကားပြီးရေးထားတာ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရသည်။ တရားမဝင် နေထိုင်သူများအတွက်ကတော့ ဆိုဖွယ်ရာမရှိ၊ ဘာအချက်အလက်မှ မပြည့်စုံနိုင်ပါ၊ တရားဝင်နေထိုင်သည့် အလုပ်သမားတွေတောင်မှ တချို့က ထိုင်းအစိုးရက ၂၀၁၅ခုနှစ်မှာ ထပ်မံထုတ်ပေးထာသည့် ပန်းရောင်ကဒ်လို့ ခေါ်သည့် အလုပ်သမားကဒ်( ကဒ်မှာရေးထားတာက non- Thai citizen ) တွေသာ ကိုင်ထားပြီး မှတ်ပုံတင်မရှိ၊ အိမ်ထောင်စုစာရင်း မရှိ၊ ဘာအထောက်အထားမှ မရှိပေ၊ ထိုင်းအစိုးရက သူ့နိုင်ငံမှာ လာရောက်နေထိုင်သည့် မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတွေကို အထောက်အထားရှိအောင် လုပ်ပေးထား၍ အဆိုပါ ကဒ်မှာ မြန်မာ လို့ သတ်မှတ်ပေးတာပဲ အထောက်အထား ရှိသည်။
                  မြန်မာပြည်မှာ သူတို့ရဲ့ အထောက်အထားက ပိုလို့ပင် ကင်းလှသည်။ မြန်မာပြည်မှာ နယ်စပ်ဒေသမှာနေသည်။ ဘာမှတ်ပုံတင်မှ မရှိ၊ မရ၊ အိမ်ထောင်စုစာရင်း ဆိုတာ ဘာကိုပြောမှန်းပင်မသိ၊ အခုလို ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းပြုစုတာမှာ သူတို့နာမည်တွေ ပါမှာမဟုတ်တာ ရာနှုန်းပြည့် သေချာသည်။ တဖက်ကကြည့်ပြန်တော့ မဲပေးရမည့် လူဦးရေစာရင်းမှာ သူတို့မပါသည့် အတွက် အခုလို မဲထဲ့ခွင့် မရသည့်အခါ ဘာမှ နစ်နာစရာ မရှိလို့ တွက်သော် မှန်သလိုလိုနှင့် လူတစ်ယောက် လူ့အခွင့်အရေးစံနှင့် ယှဉ်သော် သန်းနှင့်ချီသော မြန်မာလူမျိုးတွေ လူ့အခွင့်အရေး ဆုံးရှုံးနေရသည်။ လူသားဆန်မှုတွေ ပျောက်ကွယ်နေရသည်။ လူ့ဘဝရဲ့ အဓိပ္ပါယ် ပျက်ပြယ်နေရသည်။ မိတ်ဆွေဖြစ်သူက မဲအရေအတွက် လျော့မှာ စိုးရိမ်၍ မလျော့နိုင်ကြောင်း ပြောပြပြီး သူနဲ့ စကားပြတ်သွားပေမယ့် စိတ်ထဲမှာ တနုံ့နုံ့နှင့် အတွေးနယ်ချဲ့ကျန်နေခဲ့သည်။
              တကယ်တော့ ထိုင်းမှာ  စစ်တပ်အာဏာသိမ်းသည့် ၂၀၁၃ခုနှစ်ကတည်းက ယာယီနေထိုင်ခွင့်တွေ ထုတ်ပေးပြီး အလုပ်သမားတွေကို နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့၊ ဒါမှမဟုတ်လည်း ယာယီနိုင်ငံကူးလက်မှတ်( ခရမ်းရောင်စာအုပ်) တွေ ထုတ်ပေးဖို့ ထိုင်းအစိုးရက မြန်မာအစိုးရကို အကြိမ်ကြိမ် တိုက်တွန်းနေတာဖြစ်သည်။ ထိုင်းအစိုးရဖက်မှ တာဝန်ရှိသူတွေနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေ အကြိမ်ကြိမ် ဆွေးနွေးကြတာလည်း သတင်းတွေမှာ မြင်ခဲ့ရသည်။ ပထမဆုံးအကြိမ် ပန်းရောင်ကဒ်တွေ သက်တမ်းကုန်သည့်အခါ မြန်မာအစိုးရဖက်မှ ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အတွက် ထိုင်းအစိုးရကပဲ သက်တမ်း ထပ်တိုးပေးထားလိုက်သည်။ တချိန်ထဲမှာပဲ အဆိုပါ မြန်မာအလုပ်သမားတွေကို နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေဖက်က တုတ်တုတ်မျှပင် မလှုပ်ချေ။ အချို့ အလုပ်သမားတွေက မှတ်ပုံတင်ရှိကြသည်။ နိုင်ငံကူးလက်မှတ် လုပ်ပေးက အဆင်သင့် ဖြစ်အောင်ဆိုကာ မိမိဒေသ ရပ်ရွာတွေကို စားရိတ်အကုန်ခံပြီး ပြန်ကာ အိမ်ထောင်စုစာရင်း ပြန်ယူကြသည်။ အချို့ ဘာမှ မရှိသည့် အလုပ်သမားတွေကလည်း ပြန်ပြီး မှတ်ပုံတင်တွေ အိမ်ထောင်စုစာရင်းတွေ ပြန်ယူကြရာ အားလုံး အသင့်ရှိသည့် လူတွေလည်း များစွာ ရှိနေသည်။ တချို့ကျပြန်တော့ ကိုယ့်ဒေသမှာ တိုက်ပွဲတွေက မစဲသေး၊ ရွာပင် ဘယ်လို ရှာရမှန်းမသိတဲ့ အခြေအနေမှာ မှတ်ပုံတင်ဆိုတာ အဝေးကြီး၊ အိမ်ထောင်စုစာရင်းဆိုတာ ပိုပြီး အလှမ်းကွာ၍ ထိုင်းအစိုးရက ထုတ်ပေးသည့် ကဒ်ကလေးပဲ ကိုင်ကာ မြန်မာ ဆိုတဲ့ အထောက်အထားလေး ခပ်ယဲ့ယဲ့နှင့် ရပ်တည်နေရရှာသည်။
                ၂၀၁၄ခု တစ်နှစ်လုံးနှင့် ၂၀၁၅ နှစ်ဆန်းပိုင်းကာလတွေမှာ မြန်မာအစိုးရတာဝန်ရှိသူတွေက အထောက်အထားတွေ လုပ်ပေးမယောင်နှင့် လေသံပစ်ပြီး မလုပ်ပဲနေသည့်အခါ သူတို့မှာ ဘတ်ဂျက်အင်အား လူအင်အား မရှိဆိုသည့် အကြောင်းပြချက်ကို ယခုလို  ရွေးကောက်ပွဲကာလ မဲထဲ့ဖို့ ဖြစ်လာသည့်အခါ အဆိုပါလုပ်ရပ်တွေမှာ သွေးရိုးသားရိုး မှ ဟုတ်ရဲ့လားလို့ သံသယဝင်မိလေတော့သည်။ အဆိုပါ မိတ်ဆွေ ပြောသလို ထိုင်းမှာရှိတဲ့ သန်းချီတဲ့ အလုပ်သမားတွေသာ မဲထဲ့ခွင့်ရခဲ့ရင် အဆိုပါမဲတွေဟာ တန်ဘိုးရှိတဲ့ မဲတွေ ဖြစ်လာမှာပင်၊ အစိုးရကြောင့် အကြောင်းအမျိုးမျိုးနဲ့ တဖက်နိုင်ငံကို ရောက်နေကြရတဲ့ လူတွေအဖို့ အာဏာရအစိုးရကို ထောက်ခံမဲထဲ့ဖို့ လုံးဝမရှိတာ သေချာသည်။
               ဘန်ကောက်လို မြို့ကြီးမှာတော့ မြန်မာပြည်ကနေ အစိုးရအလုပ်နဲ့ ရောက်နေသူတွေ၊ အစိုးရရဲ့ စကောလာနဲ့ ကျောင်းတက်နေသူတွေ၊ အစိုးရအသိုင်းအဝန်းက သူတို့ရဲ့ သားသမီးတွေကို  ကျောင်းတက်စေရင်း ရောက်နေသူတွေ ထိုသူတွေကတော့ အထောက်အထား အပြည့်ဖြင့် မဲပေးနိုင်ပါလိမ့်မည်။ ကြိုတင်မဲ လျှောက်စဉ်က ချင်းမိုင်တက္ကသိုလ်မှာ မဟာတန်းတက်ရောက်နေသည့် ကျောင်းသူနှစ်ယောက်က ချင်းမိုင်ကောင်စစ်ဝန်ရုံးလိပ်စာတောင်းတဲ့ အတွက် ပေးလိုက်ရင်း ယခုမဲထဲ့ကာနီးသော် သတိတရ မေးကြည့်ရာ ချင်းမိုင်မှာ ပေးလို့မရသည့် အတွက် ဘန်ကောက်ကို သွားရမယ်လို့ ပြောသည်။  သွားဖို့ လမ်းစားရိတ်လိုက ပြောပါဟု ဆိုရာ လမ်းစားရိတ်လည်းမလိုပါ၊ သွားပြီးတော့ မဲပေးဖြစ်အောင် ပေးမှာဟုဆိုလေရာ ထိုလူငယ်လေးတွေ အတွက် အားတက်ရပြန်သည်။
                   ‘‘တစ်ကမ္ဘာလုံးပြည်ပရောက် မြန်မာတွေ သုံးသောင်းကျော်မဲပေးဖို့ စာရင်းပေးထားတဲ့အထဲက စင်ကာပူကတင် နှစ်သောင်းကျော်တယ်ဆိုတော့ စင်ကာပူကလူတွေကတောင် ပိုတက်ကြွတယ်လို့ ဆိုရမလားပဲ’’ဟု စင်ကာပူနိုင်ငံတွင် နေထိုင်သူတစ်ယောက်ရဲ့ အပြောကို  7 Day မှာ ဖတ်လိုက်ရသည်။ တကယ်တန်းပြောရရင် မလေးရှားမှာလည်း သိန်းနှင့်ချီသော အလုပ်သမားတွေ မဲပေးခွင့်မရရှာ၊ မလေးရှားက ထိုင်းနိုင်ငံပြီးလျင် မြန်မာလူမျိုး ဒုတိယအများဆုံး အလုပ်လုပ်နေတာဖြစ်သည်။ မြန်မာလူမျိုး ကိုးသိန်းမှာ ခြောက်သိန်းက တရားမဝင်နေထိုင်သူတွေ ဆိုပြန်တော့ မဲပေးခွင့် ဆုံးရှုံးသူဦးရေက ပိုလို့ပင် များလှသည်။
                    ၂၀၁၁ခုနှစ် ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲလုပ်တော့ ကျမတို့ကို ထိုင်းဘာသာ သင်ပေးတဲ့ ထိုင်းလူမျိုး ဆရာမက ကျောင်း(၃)ရက်ပိတ်တဲ့ အကြောင်း၊ သူ့ရဲ့ အိမ်ထောင်စုစာရင်းက ချင်းမိုင်မှာမရှိပဲ တခြား ခရိုင်မှာမို့ အဲဒီကို ပြန်သွားပြီး မဲထဲ့ရမှာမို့လို့ ပြောပြတာ အမှတ်ရသည်။ သင်တန်းသားထဲက တချို့က ဆရာမ မဲမပေးလည်း ရတယ်မဟုတ်လား ဆိုတာကို ရွေးကောက်ပွဲမှာ မဲထဲ့ခွင့်ရဖို့ဆိုတာ လူတစ်ယောက်အတွက် အင်မတန် တန်ဘိုးရှိကြောင်းနဲ့ အစိုးရကို ရွေးချယ်ဖို့ လူတစ်ယောက်ချင်းရဲ့ အခွင့်အရေးကို သေသေချာချာ ပြောပြတာ သတိရမိသည်။ ယခုတော့ မြန်မာလူမျိုးတွေ သန်းနှင့်ချီပြီး မဲပေးခွင့် ဆှုံးရှုံးသည်။ အစိုးရဆိုတာ သူတို့မှာ ရွေးချယ်ခွင့်မရှိ၊ ဒါ့ထက် အဆရာထောင်ချီမက ဆုံးရှုံးရတာကတော့ လူ့အခွင့်အရေးပါပဲ၊ လူဖြစ်ပါရက် အထောက်အထား ခိုင်ခိုင်မာမာ မရှိ၊ ကိုယ့်နိုင်ငံသားပါလို့ သတ်သတ်မှတ်မှတ် တာဝန်ယူမည့်သူမရှိ၊
                    သူတို့မှာ ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ မေးသူရှိရင် ဖြေချင်ကြရှာပါလိမ့်မယ်၊ သူတို့မှာ အထောက်အထားမဲ့နေရာက တို့အားလုံး မြန်မာကလာတာလို့ ဖြေချင်ကြပါလိမ့်မယ်။ သည့်ထက် ပိုပြီး အခုလို ရွေးကောက်ပွဲကာလမှာ သူငါငါ ရွေးကောက်ပွဲအကြောင်းပြောသံကြားယုံနဲ့ စိတ်ထဲမှာ မချင့်မရဲ မဲထဲ့ချင်လိုက်တာလို့ နှုတ်က ဖွင့်မပြောပဲ စိတ်ထဲကနေ တနံ့နုံ့တွေးနေကြပါလိမ့်မည်။ ဒီလို ဘဝတွေ အဖြစ်အပျက်တွေက ပြောင်းလဲသွားအောင် အပြောင်းအလဲတစ်ခုကိုလည်း မျှော်လင့်နေကြပါလိမ့်မယ်၊ အပြောင်းအလဲကို ငံ့လင့်နေကြသူတွေအထဲ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေလည်း မချွင်းမကျန် ပါတာကတော့ သေချာသည်။ ဘယ်ကလာပြီး ဘယ်ကိုသွားရမည်ဆိုတဲ့ လမ်းစကို သူတို့ လိုချင်ကြတာတော့ သေချာသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment