December 31, 2015

" လျှောက်ရမည့် ခြေလှမ်းများ"၂၂ရက် ဒီဇင်ဘာ ၂၀၁၅ခုနှစ် ထုတ် ပြည်သူ့အရေးဂျာနယ် အတွဲ(၂) အမှတ်(၆၅) မှ

မြန်မာပြည်မှာ မိတ်ဆွေအတော်များများနဲ့ ဆုံတွေ့ရခိုက် ပညာရေးနဲ့ ပတ်သက်ပြီး ပြောဖြစ်တာမှာ သူတို့က ကိုယ်တတ်ထားတဲ့ ပညာနဲ့ လက်တွေ့ အလုပ်လုပ်ရတဲ့ ဘဝကို လိုချင်ပါတယ်လို့ ပြောပြရင်း တဆက်ထဲမှာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ NLD အျနိုင်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့မှ ပညာရေးအတွက် ပြု ပြင်ပြောင်းလဲမှုတွေ လုပ်ပေးရန် မျှော်လင့်သည်ဟု ဆိုလေသည်။ ပညာရေးနှင့် ပတ်သက်ပြီး ဖတ်ရသမျှ၊ ကြားရသမျှ အားလုံးကတော့ မြန်မာပြည်သူတစ်ရပ်လုံးက နိမ့်ကျနေသည့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုကြခြင်းပင်။ ပညာရေးစနစ် ချွတ်ခြုံကျနေသည်မှာ အာဏာရှင်ခေတ် တလျှောက်လုံးဆိုတာ ဘယ်လိုမှ ငြင်းမရသည့် အချက်ပင်၊
ပညာဆိုတာမှာ အတန်းတွေ တစ်တန်းပြီး တစ်တန်း အောင်သွားပြီး ဂုဏ်ထူးတွေ တသီတတန်းကြီး ထွက်သူတွေ များတာနှင့် ပညာတတ်တွေ များလာပြီဟု အပေါ်ယံကြော လက်ခံထားတာ ကြာပါပြီ။ တကယ်တော့ မူလတန်းအဆင့်ကပင် လူတစ်ဦးချင်းစီရဲ့ ထားရှိရမည့် စိတ်ဓါတ်၊ ပတ်ဝန်းကျင်မှာ ဆက်ဆံ ပြောဆိုမှု၊ လူတစ်ယောက်ချင်းစီ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း စတာတွေကို တဆင့်ချင်း သင်ယူခဲ့ရမှာဖြစ်သည်။ ယခုသော် ကျောင်းသား ကျောင်းသူများမှာ မူလတန်းအရွယ် သူငယ်တန်းကစကာ စာပြီးစာ ၊ စာကျက်၊ ကျူရှင်တက် စာမေးပွဲအောင်ဖို့ အဓိက ဆိုသည့် လွဲမှားသည့် ပညာရေး သင်ကြားမှုစနစ်ဖြင့် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည်။
" ထမင်းဝိုင်းမှာ ဟင်းခပ်လျင် ဇွန်းကို ကို မည်သည့် လက်ဖြင့် ကိုင်ရမည်နည်း၊ ဘယ်ဘက်လက်ဖြင့် ကိုင်ပြီးမှ ဟင်းခပ်ရပါမည်၊ မိမိထက် အသက်အရွယ်ကြီးသူများက ခေါ်လျှင် ခင်ဗျာ/ ရှင် ဟု ထူးရပါမည်" စတာတွေကို စာအနေဖြင့်ကျက်မှတ်ပြီး စာမေးပွဲမှာ အမှတ်ရအောင်၊ ဖြေနိုင်အောင် အလွတ်ကျက်မှတ်တာပဲ ရှိကြသည်။ ထိုအချင်းအရာတွေသည် သင်ရိုးညွှန်းတန်းတွေ ကျောင်းစာတွေဟု မှတ်ယူပြီး လူမှုဘဝပတ်ဝန်းကျင်မှာ ကျင့်ကြံနေထိုင်ရမှာတွေ ဆိုတာ မေ့နေကြသည်။ ဆရာ ဆရာမတွေမှာလည်း များပြားလှသည့် သင်ရိုးညွှန်းတန်းကို သူ့အချိန်နှင့်သူ ပြီးအောင် တွန်းသင်နေရသည့် အတွက် သွန်သင်ဆုံးမခြင်း ဆိုသည့် အချိန်တွေ နည်းပါး သွားကြရသည်။
ငယ်စဉ်ကတည်းက အမှိုက်ကို စနစ်တကျ စွန့်ဖို့၊ တွေ့ရာနေရာမှာ အလွယ်တကူ အမှိုက်မပြစ်ဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မိမိနဲ့တကွ ပတ်ဝန်းကျင်အတွက် မိမိကိုယ်တိုင် လိုက်နာဖို့ ၊ အချင်းချင်း ရိုင်းပင်းကူညီဖို့ စတာတွေ လက်တွေ့ကျကျ လိုက်နာအောင် လမ်းပြပေးနိုင်ဖို့ အခွင့် မရှိခဲ့ကြပါ၊ ငယ်ရွယ်သူအများစုမှာ ကျောင်းစာသင်ခန်းမှာ သူတို့ရဲ့ ဘဝအချိန်ကို ပေးထားကြပေမယ့် တကယ်တန်း ရလာတာက စာ တွေသာဖြစ်သည်။ ကျောင်းတွေကမှ တဆင့် လူငယ်တွေရဲ့ စိတ်ဓါတ်အဆင့်အတန်းကို မြှင့်တင်ပေးရမှာဖြစ်သည်။ နှစ်ပေါင်းများစွာကြာသောအခါ လူငယ်များ၏ စိတ်ဓါတ်အဆင့်အတန်းသည် အတ္တကြီး၍ တစ်ကိုယ်ကောင်းဆန်သော ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုနည်းဖြင့် အနိုင်ရ နိုင်လျင်ပြီးရော ဆိုသည့် တကိုယ်ရေ ကောင်းစားရေး စိတ်တွေ လွှမ်းမိုးကုန်လေသည်။ လူတစ်ဦးချင်းစီ၏ စိတ်ဓါတ်သည် ထိုတိုင်းပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် သက်ဆိုင်သည်ဆိုတာကို နှစ်ပေါင်းများစွာ ကြာသောအခါ ကွက်ကွက်ကွင်းကွင်း ပေါ်လာလေတော့သည်။
တန်းစီရမည့် နေရာမှာ စုပြုံတိုးနေကြတာ၊ ဆေးလိပ်မသောက်ရမယ့် နေရာမှာ ဆေးလိပ်လက်ကြားက မချ၊ ပတ်ဝန်းကျင်က ကလေးသူငယ်၊ လူကြီးလူငယ်တွေကြား အငွေ့တထောင်းထောင်း မှုတ်နေတာ၊ အော်ကြီးဟစ်ကျယ် စကားတွေ ပြောနေတာ စတဲ့ အခြေခံ ကျင့်ဝတ်တွေကို ဖောက်ဖျက်မှန်းမသိ ဖောက်ဖျက်နေကြတာ၊ လူနေမှု အဆင့်အတန်းဆိုတာ ကိုယ့်ရဲ့ ထိန်းသိမ်းနိုင်တဲ့ ကိုယ်မှုနှုတ်မှုဆိုတာ မသိကြတော့ပါ။
ပညာတတ် ဆိုတာ စာတော်တဲ့သူလို့ စွဲနေသည့် ပညာရေးစနစ်ကို ပြောင်းလဲရမှာတော့ သေချာသည်။ ပြောင်းချင်သည်ဆိုတာ NLD အစိုးရအဖွဲ့တက်လာပါက နိုင်ငံခြားက ကျောင်းကောင်းတွေ မြန်မာပြည်ကို လာတော့မည် ၊ ကျောင်းကောင်းကောင်းတွေမှာ စာတွေ အများကြီး သင်ရတော့မည်ဟု မျှော်လင့်လျင်တော့ အနာဂတ်မြန်မာပြည် ပညာရေး ဒုံရင်းပဲ ဖြစ်ပါလိမ့်မည်။ အဓိကက အသိပညာ အတတ်ပညာကို မှန်မှန်ကန်ကန် သင်ယူခွင့် ရရှိဖို့နှင့် ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ရရှိရေးသာ ဖြစ်သည်။ ပညာမသင်နိုင်သည့် အရေအတွက် များလာလေလေ တိုင်းပြည်ရဲ့ လူနေမှု အဆင့်အတန်း နိမ့်ကျလာလေသာဖြစ်သည်။
မြန်မာပြည်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကထက် ကျောင်းမနေနိုင်သူ လူငယ်တွေ များလာတာတွေ့ရပါသည်။ ရန်ကုန် နှင့် နေပြည်တော် တဝိုက်မှာ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ ကျောင်းနေရမည့် အသက်( ၁၈) နှစ်မှ (၂၀) ဝန်းကျင် လူငယ်လေးတွေ အလုပ်လုပ်နေကြတာ တွေ့ရသည်။ အဆိုပါကလေးတွေသည် သက်ဆိုင်ရာ အသက်အရွယ်အလိုက် အလယ်တန်း ၊ အထက်တန်း၊ တက္ကသိုလ် အဆင့်တွေမှာ တက်ကြွစွာ ပညာသင်နေကြရမည့် အရွယ်တွေ ဖြစ်သည်။ ရန်ကုန်မြို့ ရှိ ယုဇနပလာဇာ တစ်ခုထဲမှာပင် အထက်တန်းပညာကို သင်ယူရမည့် ကလေးတွေ အလုပ်လုပ်နေကြတာ များစွာ မြင်ခဲ့ရသည်။
အဆိုပါ ကလေးတွေမှာ မိဘတွေကို ကူညီပြီး စားဝတ်နေရေးအတွက် အတန်းပညာကို စွန့်ခဲ့ကြရတာဖြစ်သည်။ သူတို့ ဘယ်အရပ်တွေကလာကြသလဲ မေးမြန်းကြည့်ရာ အထက်အညာဒေသနှင့် ဧရာဝတီတိုင်းက ကလေးတွေ၊ လူငယ်တွေ အများစုဖြစ်နေသည်။ ယခင်က မိန်းကလေး အပျိုအရွယ်ကလေးတွေကို စားသောက်ဆိုင်မှာ လုံးဝ မမြင်ဖူးခဲ့ရာက ယခုသော် မိန်းကလေးတွေပါ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြလေသည်။ အရင်ကလို စားသောက်ဆိုင်က မိန်းကလေးဆိုပါက အထင်အမြင်သေးသော ပုံစံတော့ မရှိ၊ ကလေးသာသာ အရွယ်တွေ အမှန်တကယ် အလုပ်လုပ်ကိုင်နေတာ ဖြစ်သည်။ သို့သော် အဆိုပါနေရာသည် သူတို့နေရမည့် နေရာမဟုတ်ပါ၊ သူတို့ အသက်အရွယ်မှာ ပညာသင်ကြားရမည့် အရွယ်တွေသာ ဖြစ်သည်။
ပြည်ပမှာ အထုသဖြင့် ထိုင်းနိုင်ငံမှာ အဆိုပါ အသက်အရွယ် လူငယ်တွေ အလုပ်လာလုပ်နေကြတာ တွေ့ရပြန်သည်။ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ အိမ်အကူ၊ သန့်ရှင်းရေး စတာတွေမှာ အသက်(၂၀) ဝန်းကျင်လူငယ်တွေ သိန်းချီ လုပ်ကိုင်နေကြသည်။ ထိုင်းကို ရောက်နေသည့် လူငယ်တွေကတော့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေက အများဆုံးဖြစ်ပြီး ရခိုင်၊ ချင်း၊ တနင်္သာရီ၊ ကချင် စသည့်ဒေသက လာပြီး အလုပ်လုပ်ကြတာလည်း များစွာရှိလေသည်။ ပညာမသင်ကြားရသည့် တိုင်းပြည်က လူငယ်တွေ ဘယ့်လောက် များနေပြီလဲ တွက်ဆ၍ ရနိုင်သည်။
ပညာရေး အဆင့်မြှင့်တင်ဖို့ ဆိုရာမှာ ကျောင်းနေရမည့် အရွယ်အားလုံး စာသင်ခန်းတွင်း ရောက်ရှိရေးသည် အရေးအကြီးဆုံး ဖြစ်လာနေပေပြီ၊
ပညာရေးအဆင့်အတန်းကို သင်ကြားရသည့် စနစ်နှင့် တိုင်းတာမည်ဆိုက အားလုံးမှန်သည် မဆိုနိုင်ပါ၊ ကျမ တွေ့ကြုံရသည့် အတွေ့အကြုံအရ ထိုင်းနိုင်ငံက အတန်းတွင်း သင်ကြားရသည့် ဘာသာရပ်တွေမှာ မြန်မာနိုင်ငံက ကလေးတွေက ပိုလို့ပင် သာပါသည်။ မြန်မာကျောင်းသားတွေ ထိုင်းကျောင်းသားတွေနှင့် အချိန်မရွေး ယှဉ်လို့ ရနိုင်ပါသည်။ မြန်မာကျောင်းသားတွေမှာ ထိုင်းကျောင်းသားတွေရဲ့ အထက်မှာ အမြဲရှိပါသည်။ သို့သော် ပညာရေးအဆင့်အတန်းဆိုတာ စာတတ်တာတစ်ခုထဲကို ဦးတည်ခဲ့၍ ယခုလို အဆင့်အတန်း နိမ့်ကျခဲ့တာ ဖြစ်လေသည်။ ထိုင်းကျောင်းတွေမှာ လူ့ဘဝကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုသည့် ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေး၊ ကျန်းမာရေးအသိအမြင်တွေပါ သင်ကြားပေးလိုက်တာဖြစ်လေသည်။
ထိုင်းနိုင်ငံမှာ မူလတန်းမှ အထက်တန်း၊ တက္ကသိုလ်အထိ အစိုးရအထောက်အပံ့အပြည့်အဝပေးထားသည့် ကျောင်း၊ နိုငံတကာကျောင်း၊ နိုင်ငံခြားမှ အဖွဲ့အစည်းတစ်ခုမှ ပညာရေးထောက်ပံ့ပေးထားသည့် ကျောင်း၊ ပုဂလိကကျောင်း၊ ပုဂလိကနှင့် နိုင်ငံခြားကျောင်း ချိတ်ဆက်ထားသည့်ကျောင်း၊ အစိုးရအထောက်အပံ့ အချိျူ့နှင့် နိုင်ငံတကာပညာရေးအဖွဲ့ အချို့ရဲ့ အထောက်အပံ့ ပူးပေါင်း ပေးထားတဲ့ ကျောင်း မျိုး စုံရှိလေသည်။ ဘုရင့်မိသားစုက ထောက်ပံ့ထားသည့် ကျောင်းတွေလည်းရှိသည်။ အဓိကက ကျောင်းနေရမည့် ကလေးသူငယ်တွေ နေရာမျိုးစုံမှာ သင်ယူနိုင်သည့် အခွင့်အရေးတွေ များစွာရှိသည်။ သို့သော် ထိုကျောင်းများအားလုံးမှာ ထိုင်းအစိုးရက သတ်မှတ်ထားသည့် သင်ရိုးညွှန်းတန်း ရာခိုင်နှုန်း မည်၍မည်မျှ ထဲ့သွင်းရမည်ဟု ဥပဒေ သတ်မှတ်ထားပြီးသား ဖြစ်သည်။ အဓိကကတော့ ငွေကြေးတတ်နိုင်သူက တတ်နိုင်သလို ကြိုက်နှစ်သက်ရာ ကျောင်းတွေမှာ ထားနိုင်သလို ကျောင်းနေအရွယ် ကလေးတွေ ကျောင်းနေနိုင်ဖို့ အစိုးရက လုံးဝတာဝန်ယူထားတာပဲ ဖြစ်သည်။ ပညာရေးအဆင့်အတန်းက ဒီမှာပင် ကွာခြားသွားပြီ၊ ကျောင်းသားရဲ့ ကြိုးစားမှုနှင့် ထူးချွန်မှုကို မြေတောင်မြှောက်ပေးသည့် စနစ်တွေနှင့် ပေါင်းစပ်လိုက်သော် အဆင့်မီပညာရေးစနစ်ကို ရောက်ရှိသွားတာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဓါတ်ပုံယှဉ်တွဲရိုက်ထားသည့် နာမည်ကြီး ထိုင်းအမျိုးသမီး သတင်းထောက်ဆိုပါက သတင်းအတတ်ပညာသာမက ဘာသာစကား၊ နိုင်ငံတကာအတွေ့အကြုံ ၊ အစရှိသည့် သင်တန်းတွေကို တခုပြီးတခု သင်ကြားခဲ့ပြီးမှ အဆိုပါ သတင်းဌာနမှာ လုပ်ကိုင်ရခြင်းဖြစ်သည်။ မြန်မာပြည်မှာ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ပါက ကျောင်းစာနှင့် လုပ်ငန်းခွင် အပ်စပ်ခြင်း မရှိပေ၊ ထိုင်းမှာ ယာဉ်ထိန်းရဲတွေ လမ်းဆုံလမ်းခွမှာ လက်တွေ့ကွင်းဆင်းပြီး ယာဉ်ကြောအချက်ပြတာ၊ အဲဒါကို ဆရာတွေက တခါထဲ အမှတ်ပေးနေတာ၊ ကျောင်းသားတွေက အနားက လိုက်နာမှတ်သားနေကြတာ အဲဒီမြင်ကွင်းတွေ တွေ့ရသည့်အခါ တသက်နှင်တကိုယ် မြန်မာပြည်မှာ ဒါမျိုး လက်တွေ့ကွင်းဆင်းတာ တခါမှ မကြားမသိ မမြင်ခဲ့ပါလို့ သတိရမိလေသည်။
တိုင်းပြည်ရဲ့ ပညာရေးအဆင့်အတန်းကို ပြည်သူအားလုံး ပြောင်းလဲလိုတာ မဆန်းတော့ပါ၊ တကယ်တော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတာ မြန်မာပြည်သူတွေအတွက် ညအမှောင် အိပ်မက်ဆိုးတွေက နိုးထလာခဲ့တဲ့ မနက်ခင်းလိုပါပဲ၊ မျော်လင့်ချက် အသစ်တွေနဲ့ နေ့သစ်တွေကို ဖန်တီးရတော့မယ့် အချိန်အခါ ကောင်းကို ရောက်လာတာပဲ ဖြစ်လေသည်။ ဒီလို အချိန်မှာ နိုင်ငံတကာအဆင့်မီနိုင်ရန် နိုင်ငံတကာကို ခြေလှမ်းဖို့ ခြေလှမ်းတွေ ညီမှ ဖြစ်ပေမည်။ မတူသည့် ခြေလှမ်းတွေ ညီအောင် အတ္တတွေလျှော့ထားရမည်။ တကိုယ်ရေ တမိသာစုကောင်းစားရေးတွေ လျှော့ချပြီး အများအတွက် ရည်ရွယ်သော အများနှင့်သက်ဆိုင်သော ပညာရေးအဆင့်ကို ဦးတည်ရပေမည်။ နိုင်ငံတကာအဆင့်မီ ပညာရေးလို့ ပြောနေကြတာ မှန်ကောင်းမှန်သော်လည်း လက်တွေ့မှာ ပညာသင်ရမည့် အရွယ်အားလုံး ပညာသင်ခွင့်ရရေးဆိုသည့် အခြေခံအုတ်မြစ်ကို အခိုင်အမာချမှတ်လုပ်ဆောင်နိုင်မှ နိုင်ငံတကာအဆင့်ကို ရောက်မည့် ပထမခြေလှမ်း အစပြုသည်ဟု ဆိုရပေမည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment