မြ န်မာ့ရိုးရာ သင်္ကြန်ပွဲတော်နဲ့ အလားတူ အစဉ်အလာတူတဲ့ ထိုင်းနိုင်ငံက ( songkran festival) စုန်ခရန် ( အချို့က စုန်ခလာ လို့လည်း အသံထွက်သည်)အတာ ရေသဘင်ပွဲတော်အကြောင်းကို ဒီအပတ် ဒီလှိုင်းအတွက် ရေးနေစဉ်မှာပဲ ရန်ကုန်တိုင်းဝန်ကြီးချူပ်ရဲ့ သင်္ကြန်ပွဲတော်နဲ့ပတ်သက်တဲ့ စည်းမျဉ်း တွေထွက်လာပြီး အမျိုးမျိုး ဝေဖန်သံတွေ ကြားရလေသည်။ ထို ဝေဖန်သံတွေထဲမှာ တချို့က မဏ္ဍပ်မဆောက်ရရင်ပဲ နိုင်ငံခြားဝင်ငွေ မရရှိနိုင်သလို၊ နိုင်ငံခြားခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေရနိုင်တာကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပဲ မသိလို့ မလုပ်တတ် မကိုင်တတ်သလိုလို ရေးကြတာ ဖတ်ရသည်။ ထိုအခါ အိမ်နီးချင်းနှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုသဘာဝတူတာတွေ ပျော်စရာ သင်္ကြန်ပွဲအကြောင်း ပြောချင်တာကနေ ဦးတည်ရာ ပြောင်းသွားမိလေတော့သည်။ သင်္ကြန်အကြောင်းချည်း မဟုတ်တော့ပဲ ထိုင်းလူမျိုးတွေရဲ့ စုန်ခလာနဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန် နွှဲပျော်ရာမှာ ကွာခြားတာတွေ ရေးဖြစ်လေတော့သည်။ ရိုးရာသင်္ကြန်ဆိုတာကို ယဉ်ကျေးမှုမပျက် ဆင်နွှဲကြတဲ့ အကြောင်းတွေထံ ဦးတည်သွားမိလေတော့သည်။
စာရေးသူ ငယ်စဉ်က တဦးနှင့်တဦး ရေပက်ကစားကြသည့် သင်္ကြန်ပွဲတော် ဆိုတာ မြန်မာပြည်မှာသာ ရှိသည်ဟု ထင်တာဖြစ်သည်။ အသက်(၈)နှစ် တတိယတန်းနှစ်မှာ အဖေနဲ့အတူ ထိုစဉ်က အင်မတန်နာမည်ကြီးသည့် လက်ဝှေ့ကား တကားဖြစ်သည့် ဒေးဗစ်ချန်း နဲ့ တီလုံးတို့ ပါဝင်သည့် ရုပ်ရှင် ကြည့်ရသည်။ အဖေက ရုံးပိတ်ရက်မှာ ရုပ်ရှင်သွားကြည့်မည်ဆိုကာ စာရေးသူတို့ မောင်နှမ(၃)ယောက်ကို ခေါ်သွားရာ အဖေ၊ အကိုနှင့် မောင်လေး တို့ဖက်က (၃)မဲအသာနဲ့ လက်ဝှေ့ကား ကြည့်ဖြစ် ခြင်း၊ ဒေးဗစ်ချန်းနှင့် တီလုံးတို့ တဦးကို တဦး ညီအကိုမှန်းမသိပဲ လက်ဝှေ့ပွဲတွေက တဆင့် လက်စားချေတာ ၊ လောင်းကြေးထပ်တာ ၊ လုပ်ကြံတာတွေ ကြည့်ရရင်း ဇာတ်ဝင်ခန်းတခုမှာ ဒေးဗစ်ချန်းက ထိုင်းကိုရောက် ကြေးစားအဖြစ် လက်ဝှေ့ဝင်ထိုးသည်၊ အဲဒီနောက် မင်းသမီးနှင့် ဟိုဟိုဒီဒီလျှောက်လည်တာ ပြရာမှာ သင်္ကြန်တွင်းဖြစ်ပြီး ရေတွေနှင့် ပက်ကြတာ ကြည့်ရတော့ သူတို့ဆီမှာ သင်္ကြန်ရှိလား အမေးကို အဖေက ထိုင်းမှာရိုက်ထားတာ၊ ထိုင်းနိုင်ငံမှာ မြန်မာပြည်လိုပဲ သင်္ကြန်ပွဲတော်ရှိတယ်လို့ ပြောပြသည်။ မှတ်မိတာလေး တခု ပြောချင်ပါသေးသည်။ အဖေနဲ့အတူ အင်္ဂလိပ်ကား သွားကြည့်တော့ ဇာတ်ဝင်ခန်းတခုမှာ ခွေးဟောင်တာ ပြသည်။ စာရေးသူက သူတို့ဆီက ခွေးတွေက မြန်မာပြည်က ခွေးတွေလိုပဲ ဟောင်တာ တူတယ်အပြောကို အဖေက ရယ်သည်။
ကိုယ်တိုင် ထိုင်းသင်္ကြန်ပွဲတော်ကို ကြုံရသည့်အခါ သူတို့ သင်္ကြန်က တကယ်အေးတာပဲလို့ မှတ်ချက်ပြုမိပါသည်။ ရေခဲတုံးတွေကို ပုံးတွေနှင့် စိမ်၍ ပက်ကြတာ ကြည့်ပြီး ပြောခြင်းမဟုတ်ပါ။ ရေလောင်းသူနှင့် ရေပက်ခံသူတို့ အသံမထွက်ကြ၍ ဖြစ်သည်။ လောင်းသူကလည်း အေးအေးဆေးဆေး ခပ်ပြုံးပြုံး အလောင်းခံသူကလည်း ခပ်ပြုံးပြုံးပင်၊ (၈) နှစ်ဆက်တိုက် ကြုံခဲ့ရတာကတော့ နာမည်ကျော် ချင်းမိုင်သင်္ကြန် ဖြစ်သည်။ သက်ြန်မတိုင်ခင်ကတည်းက နိုင်ငံခြားသားများ အများအပြား ရောက်နှင့်နေကြပြီ၊ မြို့တော် ဘန်ကောက်နှင့် အခြားဒေသများမှ ဒေသခံများပင် ချင်းမိုင်သင်္ကြန်ကို လာကြရာ ကားလက်မှတ်၊ လေယာဉ်လက်မှတ် ရဖို့ မလွယ်တာမျိုး ကြားရသည်။ ထိုင်းနိုင်ငံမှာ ရေပက်ကစားဖို့ နေရာ သတ်မှတ် ပေးထားတာရှိပြီး ရေပက်ချင်သူ ရေကစားချင်သူတွေ ထိုနေရာကို ရောက်လာကြသည်။ ရပ်ကွက်ထဲ လမ်းထဲမှာ ကိုယ့်အစီအစဉ်နှင့် ပက်သူ မရှိသလောက်ပင်၊ ကလေးတချို့သာရှိသည်။ ချင်းမိုင်မှာတော့ သင်္ကြန်တွင်း ကိုယ့်ရပ်ကွက်ထဲ ဟိုနားဒီနား သွားလို့ကတော့ သင်္ကြန်ကျနေမှန်း သိပင်မသိနိုင်၊ သို့သော် ရေကစားကြသည့် ကျူံး ပတ်ပတ်လည်အရောက်မှာတော့ တိုးမပေါက်အောင် စည်ကားလှပါသည်။ မုန့်ပဲသားရေစာနှင့် အစားအသောက်မျိုးစုံ ရောင်းသည့် ဈေးသည်များ၊ ရေခဲရောင်းသူများ၊ ရိုးရာအင်္ကျီ ၊ သင်္ကြန်အင်္ကျီ ၊ အလှတပ် သင်္ကြန်မျက်မှန်၊ ဦးထုပ်၊ ရေပြွတ်စတာတွေ ၊ လက်မှုထည် ပစ္စည်းလေးတွေ ရောင်းချကြသည့် သူများ စုံလင်လှသည်။ သင်္ကြန်လည်သူများက ကားနှင့်တဖုံ လမ်းလျှောက်၍ တဖုံ ကျူံးကို ပတ်ကြသည်။ ကားပေါ်ကနေ ရေပြွတ်ဖြင့် လှမ်းပက်သလို လမ်းလျှောက်ရင်း ရေသေနတ်ဖြင့် ပက်ကြသည်။ နောက်ပိုင်းမှာ သင်္ကြန်လည်သူများမှာ နိုင်ငံခြားသားတွေများပြီး ထိုင်းတွေမှာ ပွဲတော်တွင်း ငွေရအောင် ရှာနေသကဲ့သို့ ဖြစ်လာကြသည်။ ရေခဲရောင်းလည်း ကုန်သည်။ ရေပြွတ်ကလေးတွေ အုန်းလက်ဦးထုပ်ကလေးတွေ၊ နှီးဦးထုတ်ကလေးတွေ ဘာရောင်းရောင်း ရောင်းကြရသည်။ သို့သော် သူတို့လည်း ဈေးရောင်းရင်း ရေကစားကြတာဖြစ်သည်။
မိတ်ဆွေတွေစုပြီး ကျူံးတလျှောက် ရေပက်ခံထွက်ကြရာ ရေခဲရေနှင့်ပက်ခံရပါက အေးအေး မအေးအေး " အီးကနည်း အားကနည်း " အော်ကြသည်၊ တနေရာကနေ ဝုန်းကနည်း ရေလာလောင်းလျင် " ဟေးးးးးးးးးးးးးး" ကနည်း အသံကုန်အော်ကြသည်။ ထိုအခါ လူတွေက အထူးအဆန်းသဖွယ် ဝိုင်းကြည့်ကြ ပြီးတော့ ပြုံးကြသည်။ သူတို့က ဘယ်တော့မှ အဲဒီလို အသံမထွက်၊ ကားပေါ်က မိတ်ဆွေ တယောက်က ထိုင်းတွေကို တို့မြန်မာတွေလို ပျော်တတ်အောင် လုပ်ပေးရမယ် ဆိုလိုက်သေးသည်။
တခါတော့ တဖက်ခြမ်းက ကားပေါ်မှာ ခုန်ပေါက်ပြီး ကနေတာ တွေ့တော့ သူတို့ကလည်း ဟေး ကနည်း ပြန်နှုတ်ဆက်သည်။ မြန်မာအချို့ပဲ ဖြစ်သည်။ မြန်မာတွေကတော့ ကိုယ့်သင်္ကြန်အတိုင်း သူများတိုင်းပြည်မှာလည်း ထို့အတိုင်းပဲ ပျော်ာကသည်။ ထိုင်းတွေကတော့ မှတ်မှတ်ရရ မနှစ်လောက်က စပြီး သင်္ကြန်မှာ ကတာလေး လှုပ်တာလေး တွေ့လာရသည်။ မြန်မာသင်္ကြန်ပွဲတော်ကို ထိုင်းလူမျိုးတွေ သွားလည်ကြတာ သိထားသည့် မိတ်ဆွေတယောက်က သူတို့ တို့ဆီက အတုခိုးလာပြီလို့ ရယ်မော ပြောသည်။ ရေပက်ခံ မဏ္ဍပ်ဆိုတာ မရှိ၊ စီးပွားရေးမဏ္ဍပ်ဆိုတာတော့ လုံးဝမရှိပါ။ မဏ္ဍပ်ထိုင်တာ ကြားဖူးမယ်တောင်မထင်ပါ၊ မဏ္ဍပ်မှာ ရေပက်ဖို့၊ ထိုင်ဖို့ လက်မှတ်ဝယ်ရတယ်ဆိုတာ မရှိပါ။ ရိုးရာပွဲတော်မှာ ဘယ်သူက ဘယ်သူ့ကိုမှ ငွေပေးပြီး ပျော်ရတာ မရှိပါ။ နိုင်ငံသူနိုင်ငံသားအားလုံး သတ်မှတ်ထားသည့် နေရာမှာ ကြိုက်သလောက် ပါဝင် ဆင်နွှဲနိုင်သည်။ ဆင်နွှဲခွင့်ရှိသည်။ အတာ ရေသဘင်ပွဲတော်သည် တိုင်းပြည်မှာရှိသည့် လူအားလုံး ပျော်ရွှင်စွာ ဆင်နွှဲကြသည့် ပွဲဖြစ်သည်။ ငွေရှိသူက ဦးဆောင်ပြီး ပြည်သူက ပိုက်ဆံပေးဝယ် ပျော်ရသည့် ပွဲအသွင် လုံးဝမရှိပါ။
မြို့တော်ဝန်က တာဝန်ခံ ဆောက်လုပ်ထားသည့် ဗဟိုမဏ္ဍပ်ကြီး တခုရှိသည်၊ ထိုမဏ္ဍပ်ဆီ မည်သူမဆို လာရောက်နိုင်သည်။ အနုပညာဖျောဖြေ်မှုတွေကြည့်နိုင်သည်။ ကုမ္မဏီအချို့က သူတို့နာမည်ဖြင့် မဏ္ဍပ်ဆောက်ပြီး မိန်းမပျိုလေးတွေက အမှတ်တံဆိပ်ပါသည့် အင်္ကျတွေ ဝတ်ဆင်ကာ ကပြ ဖျော်ဖြေသည်။ ကုမ္မဏီအမှတ်တံဆိပ် ပစ္စည်းလေးတွေ ဝေသည်။ စတုဒီသာအဖြစ် စားစရာ ဝေသည်။
သင်္ကြန်ပွဲတော် ဆင်နွှဲနေကြသည့်သူ အားလုံးနီးပါး နိုင်ငံခြားသားအချို့ပါမကျန် သက်ြန်ဆင် အဝတ်အစားတွေ ဝတ်ထားကြသည်။ ချည်သား အပွင့် အခက် ကျဲကျဲ အဆင်တွေကို အသားကိုလိုက်ပြီး (၇၉) ဘတ်ကနေ (၁၉၉) ဘတ်အထိ ဈေးရှိသည်။ တချို့က အပေါ်ကထပ်ဝတ်ကြသည်။ နိုင်ငံခြားသားတွေမှာ ထိုင်းလူမျိုးတွေ လုပ်သလို လိုက်လုပ်ကြပြီး သူတို့ ယဉ်ကျေးမှုအတိုင်း သင်္ကြန်လည်ကြသည်။ထိုင်းတွေ တဦးနှင့်တဦး မျက်နှာကို ပေါင်ဒါတွေ သုပ်လိမ်းကြသလို သူတို့မျက်နှာတွေမှာပါ လိမ်းလာကြသည်။ ရေပြွတ်သေနတ်တွေ ကိုင်ပြီး အပြန်အလှန် ရေပက်ကြတာကို သဘောကျနေကြသည်။ အချို့မှာ ကလေးတွေပါ ပါလာပြီး မိသားစုအလိုက် လည်ကြတာတွေ့ရသည်။
တကယ်တော့ သင်္ကြန်မှာ အတိုအပြတ် ဝတ်တာ အပြစ်ဆိုစရာ မဟုတ်ပါ၊ ထမီနှင့် ရေကစားက ရေစိုလျင် ထမီကကိုယ်နှင့် တသားထဲ ကပ်သွားပြီး တုတ်နေသည်၊ လမ်းလျှောက်လို့လည်း အဆင်မပြေ၊ ဂျင်းဘောင်းဘီလို အတိုနှင့် အပေါ်က အင်္ကျီအပေါ်မှာ အချမ်းပြေအောင် အင်္ကျထပ်ဝတ် အဆင်ပြေပါသည်။ ကြိုးတချောင်းနှင့် သင်္ကြန်လည်က အအေးပါပတ်အုန်းမည်။ အဓိကက သက်ြန်ရေပက်ခံပါက လုံလုံခုံခြုံခြုံဖြစ်တာ အကောင်းဆုံးပါ၊ ဘောင်းဘီဝတ်က ပိုလို့ပင် လုံခြုံပါသည်။ သို့သော် မြန်မာပြည်က ရေပက်ခံမဏ္ဍပ်တွေပေါ်မှာ ဖော်လှစ်ပြသပြီး ဆွဲကြရမ်းကြ နမ်းကြ ပုံတွေ ဆိုရှယ်မီဒီယာတွေ့ရသည့်အခါ သင်္ကြန်ယဉ်ကျေးမှုကို လွဲမှားစွာ အသုံးချနေတာ ဝမ်းနည်းဖွယ်ရာတွေ့ရလေသည်။
ထိုင်းနိုင်ငံဆိုတာ ပြည့်တန်ဆာလုပ်ငန်း နာမည်ကြီးသည့် နိုင်ငံဖြစ်သည်။ သို့သော် ထိုကိစ္စသည် သူ့နေရာနှင့်သူ ဖြစ်သည်။ သင်္ကြန်ပွဲတော်ဆီ ဆွဲမခေါ်ပါ၊ နိုင်ငံခြားသားတွေ ဆိုတိုင်းလည်း ထိုအရာတခုကို လိုချင်၍ လာကြတာလည်း မဟုတ်ပါ၊ ယဉ်ကျေးမှုပွဲတော်ကို လေ့လာဖို့၊ ကြားဖူးထားပြီး ပါဝင် ပျော်ရွှင်လိုကြလို့ လာကြတာဖြစ်သည်။
" လာမယ့် သင်္ကြင်္န်မှာ စီးပွားဖြစ်လက်မှတ်ရောင်းမယ့် မဏ္ဏပ်ကြီးတွေဆောက် ခွင့်မပြုလို့ လူငယ်တွေ ပျော်ရွှင်မှု ဆုံးရှုံးပါတယ်၊ Tourist Attraction ကျစေပါတယ်၊ တိုင်းပြည်လူထုရဲ့ ဝင်ငွေတွေကို ထိခိုက်စေပါတယ်၊ ဒါဟာခေတ်ရေစီးကြောင်း ယဉ်ကျေးစွာ ရေမစားတတ်တော့ပါဘူးဆိုတဲ့ သူတွေအနေနဲ့ အိမ်နီးချင်း ထိုင်းလူမျိုးတွေ သင်္ကြန် ဘယ်လိုကျသလဲ၊ စီးပွားဖြစ် မဏ္ဏပ်ကြီးတွေမရှိဘဲ ကော်ရေပြွတ်ကလေးတွေနဲ့ဘဲ ရေကစားတာတောင် တစ်ကမ္ဘာလုံးက Tourist တွေ ဘယ်လောက်လာရောက်ဆင်နွှဲကြပြီး သင်္ကြန်တွင်းမှာ ဘယ်လောက် ဝင်ငွေတွေရနေကြသလဲ၊ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ချစ်စဖွယ်ဖြစ်အောင် ဘယ်လို ထိန်းသိမ်းထားသလဲ၊ ရေကိုချွေတာပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ယဉ်ယဉ်ကျေးကျေး ရေပတ်ကစားကြလဲ ဆိုတာတွေကို ထိုင်းတွေ ဆီမှာ သွားရောက် လေ့လာ သင်ယူကြပါလို့ဘဲ အကြံပြု ချင်ပါတယ်" လို့ ဖေ့စ်ဘွတ်မှာ တယောက်က ရေးတင်ထားတာကို ပြည်ပသတင်းမီဒီယာတခုက အမျိုးသမီးတယောက်က အခုလို ရေးသားပြီး ထောက်ခံတာ ဖတ်လိုက်ရသည်။
" ဒီပို့စ်ကို တကယ်ထောက်ခံတယ် - ကျမ ထိုင်းနိုင်ငံ ပသုံပင်လယ်ကမ်းခြေမှာ သင်္ကြန်ကျဖူးပါတယ် ပင်လယ်ကမ်းခြေတလျောက် တကယ့် သင်္ကြန်ပွဲတော်ကြီးလို ရေကစားကြတာပါ နိုင်ငံခြားသားတွေ ထိုင်းလူမျိုးတွေ ရေကစားတာမှာ ပေါင်ဒါမှုန့် သုတ်ပြီး ဆော့ကြတယ် အဲ့မှာ စတွေ့တော့ပါပဲ ဆိုင်ကယ်စီးနေတဲ့ ထိုင်းမလေးတွေကို ကျောကို ရေနဲ့ပက် ပွတ်တယ် ပေါင်ဒါမှုန့်ကို မျက်နှာတပြင်လုံး ပွတ်တယ် ကိုင်တယ် အရသာခံပြီး လိုက်လုပ်နေတာကို ကိုယ့်ဆိုင်ကယ်ရှေ့ တစီးကျော်ကတည်းက မြင်နေရတယ် ကိုယ့်အလှည့်ရောက်တော့ စပ်ဖြဲဖြဲနဲ့ရောက်လာတယ် ဟဲလမက်ဖြုတ်ပြီး ဟဲ့ နင် ဗမာ မဟုတ်လားလို့ အော်မေးတော့ မျက်နှာပျက်သွားတယ် နင် ဗမာမဟုတ်လား ထပ်မေးတော့ အမ ဘယ်လိုသိလဲတဲ့ ပြန်ဖြေတယ် နင်ေ-ာက်ကျင့်မြင်ကတည်းက သိတယ်လို့ .... ပြောချင်တာက နိုင်ငံကြီးသား စိတ်တွေရှိဖို့ နှမချင်းစာနာဖို့ လူ့ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့ေ-ာက်ကျင့်တွေကို ပြင်ရဦးမယ် ပြတ်ပြတ်သားသား ကိုင်တွယ်သင့်တယ်" လို့ ထောက်ခံရေးပြီး ရှယ်လိုက်တာ ဖတ်ရသည်။
စာရေးသူလည်း အဲလို ကြုံဖူးသည်၊ ရေပက်တာကို အခွင့်ကောင်းယူပြီး ဆိုင်ကယ်နှင့် မိန်းကလေးကို အရှေ့မှ ပိတ်ကာ မျိုးစုံ ကပြလိုက် တို့မလို ဆိတ်မလို လုပ်လိုက် လုပ်နေသည်။ ထိုင်းကလေးမလေးက ဘာမှမပြော ရပ်မြဲ ရပ်နေသည်၊ သူဖယ်ပေးမှ မောင်းထွက်သွားသည်။ ဒါမျိုး ထိုင်းတွေ မလုပ်တတ်တာ သိထားတော့ အကဲခပ်ရာ မြန်မာ အလုပ်သမားတွေ ဖြစ်နေသည်။ အရက်လည်း မူးနေသေးသည်။
သင်္ကြန်ပွဲဆိုတာ အရက်မူးပြီး လွတ်လွတ်လပ်လပ် လုပ်ချင်တာ လုပ်လို့ရတဲ့ အချိန်လို့ လွဲမှားစွာခံယူကြသည့် ကာလတွေကို သူတို့ ဖြတ်သန်းခဲ့ကြရလို့ ဖြစ်သည်။ စစ်အာဏာရှင်တွေက နိုင်ငံရေးကလွဲပြီး လုပ်ချင်တာလုပ် အကန်အအသတ်မရှိ စည်းမဲ့ကမ်းမဲ့ ပစ်ပယ်ထားသည့် အကျိုးဆက်ပဲ ဖြစ်သည်။
ရန်ကုန်တိုင်းဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက "အယ်လ်နီညိုရာသီဥတု ကျရောက်နေခြင်း၊ စီးပွားရေးဆန်ဆန်ဖြင့် သင်္ကြန်ကို အသုံးချလာခြင်း၊ သရုပ်ပျက်ယဉ်ကျေးမှုအားကောင်းလာခြင်းနှင့် မူးယစ်ဆေးဝါးပြဿနာ ထူပြောလာခြင်းများကြောင့် ကန့်သတ်ပြောင်းလဲမှုပြုလုပ်ခြင်းဖြစ်သည်" လို့ ရှင်းလင်း ပြောကြားခဲ့သည်။ တိုင်းဒေသကြီး အစိုးရသစ်လက်ထက် တွင် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုသာမကကမ္ဘာအေး ဘုရားလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့၌ မဏ္ဍပ်ဆောက်လုပ်ခွင့် မပေးတော့ကြောင်း ပြော ကြားသည်။အမြင် ကွဲပြားမှုတွေ ရှိသလို ထောက် ခံသူများလည်း ရှိပါသည်။ အများစုကတော့ ‘‘ပျက်စီးနေတဲ့ယဉ်ကျေးမှု ကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစား လိုက်တဲ့ လုပ်ရပ်အပေါ် အပြည့် အဝလက်ခံတယ်’’ဟုဂျာနယ်တခုမှာ ပြောကြားတာတွေ ဖတ်လိုက်ရပါသည်။ ယဉ်ကျေးသည့် အသိုင်းအဝန်းကတော့ အပြည့်အဝ ထောက်ခံမည်မှာမလွဲ၊ အဆိုပါ စီးပွားဖြစ် မဏ္ဍပ်တွေကတော့ ခရိုနီအသိုင်းအဝိုင်းနှင့် အာဏာရှိသည့် လူကြီးသားသမီးတို့ စတင်ခဲ့ကြတာဖြစ်ပြီး ဆယ်စုနှစ်မက ကြာတဲ့အခါ စီးပွားရေး အလုပ်လိုပင် ဖြစ်လာခဲ့ချေပြီ။
အစိုးရသစ်လက်ထက်မှာ ပြောင်းလဲစရာကို ပြောင်းလဲတာ ထောက်ခံလိုက်ရပေသည်။ ယဉ်ကျေးမှုကို ခေါင်းပုံဖြတ်လိုသူ၊ ယဉ်ကျေးမှုကို မောင်ပိုင်စီးချင်သူတို့ လက်ထဲက ပြန်ယူခွင့်ရသည်က မြန်မာပြည်သူများ အတွက် များစွာ ကံကောင်းလှပေသည်။ ။ မြန်မာတို့ရဲ့ နှစ်သစ်ကူးသင်္ကြန်ကာလ အတာကူးသည့် ပွဲတော်ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း ရိုးရာပွဲတော်ကို အားလုံး ပါဝင်ပျော်ရွှင်ခွင့် ရနိုင်တော့ပေမည်။ ငွေနှင့်ဝယ်မှ ပျော်ရွှင်ရသည့် ပွဲတော်ဖြစ်နေသည့် မြန်မာ့ရိုးရာပွဲတော် သင်္ကြန်ပွဲကို နိုင်ငံသူနိုင်ငံသား အားလုံးပျော်ရွှင်စွာ ဆင်နွဲကြရင်း ယဉ်ကျေးသော မြန်မာ၊ ပျော်ရွှင်စွာနေတတ်သောမြန်မာ ဆိုသည့် ဂုဏ်သတင်းကောင်းကို ဆက်လက်ထိန်းသိမ်း သွားနိုင်ဖို့ စည်းကမ်းနဲ့ အညီ ပြောင်းလဲ လိုက်ပါကြပါစို့၊
ခိုင်ခိုင်စောလွင်
No comments:
Post a Comment