May 1, 2016

" ဘဝဧည့်သည် "၂ရက် မေ ၂၀၁၆ခုနှစ်၊ အတွဲ(၅) အမှတ်( ၁၆) ဒီလှိုင်းစာစောင်မှ


ဧည့်သည် ဆိုတာကို မြန်မာလူမျိုးတို့အတွက် မစိမ်းတဲ့ စကားလုံး၊ ငယ်ငယ်တုန်းက ကျမတို့ မောင်နှမတတွေကို လာစောင့်ရှောက်ပေးတဲ့ အမေ့ရဲ့ ကြီးတော်က ထမင်းစားပြီးရင် ဆော့ကစားဖို့ ကပျာကသီ လက်ဆေး ထွက်သွားပြီဆိုတာနဲ့ " ဧည့်သည်တွေလေ စားပြီး ထသွားကြတာ" လို့ မြည်တွန်တတ်တာ မကြာခဏ သတိထားမိသည်။ တဖြေးဖြေး အရွယ်ရောက်လာတော့ ကိစ္စအကြောင်းကြီးငယ်နဲ့ သူငယ်ချင်း မိတ်ဆွေတွေဆီ ဧည့်သည်အနေနဲ့ အလည်သွားရတာတွေ ရှိလာတဲ့အခါ ဧည့်သည်တွေ လိုက်နာရမည့် အပြူအမူ အနေအထိုင်တွေကို သတိရထားလာရသည်။ သူများ ကိုယ့်အိမ်လာတဲ့အခါ ဘယ်လို နေထိုင် ပြောဆိုသလဲ အတုခိုး မှတ်သားရတာလည်း ရှိလာသည်။ အိမ်လာတဲ့ ဧည့်သည်ကို မိဘတွေ ဘယ်လို ဆက်ဆံပြောဆိုသလဲ ကစလို့ လိုက်လံ မှတ်သား အတုယူရသည်။ အသက်အရွယ်ရလာပြန်တော့ နာရေး အသုဘ ပို့ရင်း ကမ်းလာတဲ့ ယပ်တောင်က " ဧည့်သည်" ဆိုတဲ့ သံဝေဂ လင်္ကာလေးကို ဖတ်ရတိုင်း တခဏ ခဏတဖြုတ် နေရတဲ့ ဘဝ၊ ဧည့်သည် လုပ်ပြီးနေရတဲ့ အကြောင်းတွေကို တဖြေးဖြေး ပိုသိလာမိလေသည်။
မြန်မာပြည်မှာ နေစဉ်က ကိုယ်ပိုင်မိသားစုဘဝကို စတင်ခဲ့တာ ဝန်ထမ်းအဖြစ်ဆိုတော့ ဝန်ထမ်းအိမ်ယာမှာ စပြီးနေခဲ့ကြသည်။ လုံခြုံသည်၊ ဧည့်စာရင်းမရှိ၊ ဧည့်စာရင်း တိုင်ဖို့မလို၊ သန်းခေါင်စာရင်းလည်း လုပ်ထားတာမို့ ဧည့်စာရင်း ကိစ္စ တခါမှ မသိ၊ ရုတ်တရက် ဝန်ထမ်းအိမ်ယာကနေ ရပ်ကွက်ထဲက တိုက်ခန်းလေးဆီ ငှားနေရတဲ့အခိုက် တမြို့နယ်ထဲပေမယ့် ရပ်ကွက်မတူ၊ သန်းခေါင်စာရင်းကလည်း မပြောင်းရသေးခိုက် ဧည့်စာရင်းနှင့် နှဖူးတွေ့ ဒူးတွေ့ တွေ့ရသည်။ တပတ်တခါ ရပ်ကွက်ရုံးသွားပြီး ဧည့်စာရင်းတိုင်ရတဲ့ ဒုက္ခကို သိလာရပြီး မှတ်ပုံတင်လည်းရှိ၊ သန်းခေါင်စာရင်းလည်း ရှိ၊ မြန်မာပြည်မှာမွေး မြန်မာတွေ ဖြစ်ပါလျက်နှင့် ဧည့်စာရင်းတိုင်နေရသည်ကို အဖြေရှာမရ၊ သို့သော် အကြောင်းကြောင့် သူများတိုင်းပြည် နေရပြန်တော့ ဧည့်စာရင်းနဲ့ မလွတ်ပြန်၊ ကိုယ့်နိုင်ငံမှ မဟုတ်ပဲလို့ ဖြေရင်း နေထိုင်ခွင့် ဗီဇာ ရက်(၉၀) ပြည့်တိုင်း လူဝင်မှုကြီးကြပ်ရေးရုံးကို သွားရသည်။ ရက်ကျော်လို့မရ၊ တရက်ကျော်က ဘတ်(၅၀၀)၊ သို့သော် ယခင့်ယခင် နှစ်ပေါင်းများစွာ နေလာတဲ့သူရော၊ သိပ်အနေမကြာတဲ့သူရော ပြောကြတာက ရုံးပြင်ကန္နားကိစ္စ အရင်လို မလွယ်တော့တဲ့ အကြောင်းတွေသာ၊
အချင်းချင်း စကားပြောရင်း ပြောမိကြတာက ကိုယ်တွေမှာ စစ်အစိုးရအောက်က မလွတ်နိုင်တဲ့ ကံပါလာတယ် ဆိုတဲ့ အကြောင်းပင်၊ ယခု ထိုင်းအစိုးရလက်ထက်မှာ စည်းမျဉ်းတွေ၊ ဥပဒေတွေ အမျိုးမျိုးပြောင်းလာသည်။ ပြောင်းတာက ပြဿနာမဟုတ်၊ ဥပဒေအတိုင်းလိုက်နာယုံပေါ့၊ သူတို့ချမှတ်ထားတဲ့ ဥပဒေကို မချိုးဖောက် လိုက်နာကြလျင် ပြီးတာပါပဲ။ သို့သော် ပြောင်းလဲလိုက်တဲ့ ဥပဒေတွေအပေါ်
နည်းလမ်းတွေ ပြောင်းပြန်တော့ ရက်(၉၀) ဧည့်စာရင်းတိုင်ဖို့ မနက်(၅)နာရီ ထကြရသည်၊ တိုကင်ယူပြီး ကိုယ်ရသည့်နံပါတ် အမှတ်စဉ်ကို ချိန်ဆကာ တနည်း ဝန်ထမ်းကို မေးမြန်းလို့ တသွယ် အိမ်ပြန်၊ အလုပ်ပြန် လုပ်စရာရှိတာလုပ် နောက်တခေါက်ထပ်သွား လုပ်ကြရသည်။ ဗီဇာသက်တမ်းတိုးလည်း ထို့အတူပင်၊ ပြီးခဲ့သည့် ဇန်နဝါရီ (၁၀) စင်တီဂရိတ်အထိ အအေးကျဆင်းလာတဲ့ အချိန်မှာ မနက်(၃)နာရီထပြီး တန်းစီရသည်။ ဒါတောင် အရှေ့မှာ လူ(၁၀)ယောက်ကျော် ရှိနေသည်။ တချို့ က ခုံလေးတွေ ယူလာပြီး ထိုင်နေသည်၊ တချို့က ယူလာသည့် ခုံကလေးတွေ ချကာ နေရာဦးထားပြီး တနေရာသွားနေသည်။ တချို့က ကားပေါ်မှာ အိပ်နေကြသည်။
မနက်လင်းလို့ နံနက် ၆နာရီခွဲမှာ ဝန်ထမ်းအချို့ရောက်လာပြီး တိုကင်ဝေသည်။ မရတဲ့သူက မရ၊ နောက်နေ့ ပြန်တန်းစီပေါ့၊ လူတိုင်း အတူတူဆို ဟုတ်သေးသည်။ သို့သော် နေ့ခင်းရုံးချိန်ကျ ဘယ်ကဘယ်သူတွေ ရောက်လာမှန်းမသိ၊ သူ့နည်းသူ့ဟန် အလျှိုလျှို ဝင်ကြသည်။ နည်းစပ်ရာ မေးမြန်းကြည့်တော့ တိုကင်ဝယ်လို့ရသည်။ တန်းစီစရာမလို၊ ဘတ်(၅၀၀)တဲ့၊ မြန်မာပြည်ကို သတိရသည်။ ရန်ကုန်က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ဖို့ တန်းစီကြသည့် သတင်းတွေ ကြားရသည်။ ကိုယ်တိုင်ကြုံသူတွေ ပြောပြချက်အရ မနက်(၃)နာရီ သွားတာပင် လူတန်းကြီးက တပုံတပင်၊ နေရာရောင်းစားသူတွေက တစ်သောင်းကျပ်ကနေ သုံးသောင်းကျပ် စသဖြင့် အစားစား ရှိသတဲ့၊ ရှေ့ရောက်လိုက ဈေးပိုပေး၊ အစောကြီးတန်းစီတောင် မရမှာစိုးရိမ်ပြီး နေရာဝယ်ကြရသည်တဲ့၊ တန်းစီသူတွေက အဲဒီနားက လုံခြုံရေး ရဲ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ တချို့ဆိုက ကလေးတွေ စာကျက်ရင်း တန်းစီထားတာဆိုပြန်တော့ ဝန်ထမ်းဘဝတွေ သိတာမို့ ပေးလိုက်ပါ လို့ ပြောဖြစ်ရပြန်သည်။
၂၀၁၅ခုနှစ် နိုဝင်ဘာမှာ ရန်ကုန်ကအပြန် ထိုင်းဗီဇာ လျှောက်ဖို့ မနက်(၃)နာရီလောက် မိသားစုထဲက လူငယ်လေးတွေကို နေရာသွားဦးခိုင်းထားလိုက်သည်။ အသက်ကြီးလာတော့ မတ်တပ်ကြာကြာလည်း မနေနိုင်တာပင်၊ သံရုံးဖွင့်တဲ့အချိန်မှ နောက်ကနေ လိုက်လာမည်လို့ စီစဉ်ထားလိုက်သည်။ ကလေးတွေက သံရုံးကနေ ဖုန်းလှမ်းဆက်သည်၊ လူတွေ တယောက်မှ မတွေ့လို့ လုံခြုံရေးအစောင့် ရဲဝန်ထမ်းလေးကို မေးကြည့်လိုက်တော့ တိုကင်စနစ်၊ တန်းစီစနစ် မရှိတော့ပါတဲ့၊ သံရုံးဖွင့်တဲ့အချိန် ကိုယ်တိုင်လာ တခါထဲဝင်သွားယုံ ဆိုလို့ သံရုံးဖွင့်ချိန်သွားလိုက်တာမှာ ထိပ်ဆုံးဝင်ရပြီး အရင်လို ငွေပေးရတာ၊ တန်းစီစောင့်ရတာ၊ မိုးမလင်းခင် သွားတာောတင် လူတွေရောက်နှင့်နေတာ ဘာမှမရှိတော့ပဲ အဆင်ပြေပြေ သက်တော့သက်သာ ပြီးသွားတာ ကြုံလိုက်ရသည်၊ စနစ်ကို ပြောင်းလိုက်တော့ ကောင်းသွားတာ လက်တွေ့ပင်၊
ထိုတန်းစီစနစ်၊ မိုးမလင်းခင် ထပြီး တိုကင်ယူ နေရာဦး၊ နေရာရောင်းစားသည့် စနစ်ကို ထိုင်းနိုင်ငံမှာ ကြုံရသည့်အခါ ကြုံလည်းကြုံရ အဖြစ်ကို ရယ်လည်းရယ်ချင်မိသည်။ ဒါတင်မကသေး၊ ယခု ထိုင်းအစိုးရလက်ထက်မှာ နိုင်ငံခြားသားကို အိမ်ငှားထားပါက အိမ်ရှင်က စာချူပ်ချူပ်ပြီး (၂၄) နာရီအတွင်း သက်ဆိုင်ရာ လဝက ရုံးမှာ သတင်းပို့ရသည်။ ယခင်နှစ်တွေက ဒီလိုမဟုတ်တော့ တချို့အိမ်ရှင်တွေက မသိ၊ အိမ်ငှားက ဗီဇာသက်တမ်းတိုးဖို့ လဝက ရောက်ပါမှ ထိုတိုင်ထားသည့် စာရွက်မပါတာ၊ အကြောင်းကြားခြင်း မရှိက အိမ်ရှင်ကို ဒဏ်ငွေ ဘတ်(၁၆၀၀) ပေးဆောင်စေလေသည်။ အချို့အိမ်ရှင်တွေက မပေးပဲနေသည်၊ ထိုအခါ ဗီဇာပြဿနာ ဖြစ်မှာစိုးပြီး အိမ်ငှားကပဲ ကိုယ့်ဘာသာ ပေးလိုက်ရတာတွေရှိသည်။ တချို့ ကျ မလုပ်ပေးနိုင်ဟု ဆိုပြန်ရာ လုပ်ပေးမည့် အိမ်ကို ပြောင်းငှားကြရပြန်သည်တဲ့၊ တချို့ကျပြန်တော့ လိုလိုလားလား လဝကကို သွားကာ အကြောင်းကြားပေးသည်။ ထုံးစံအတိုင်း တချို့အိမ်ရှင်တွေက အစိုးရရဲ့ မူအမျိုးမျိုး ကို အတင်းစကားဆိုသည်။ အတိတ်မြန်မာပြည်ကို သတိရသွားရပြန်သည်။
ဘဝဆိုတာက ဒီလိုပါပဲ၊ ရောက်တဲ့အရပ်မှာ အဆင်ပြေအောင်နေ၊ တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း၊ ကိုယ့်တိုင်းပြည်မှာ နေတုန်းတာတောင် ဧည့်စာရင်း တိုင်ရသေးတာ၊ သူများတိုင်းပြည်နေတာ ဧည့်စာရင်းတိုင်ရမယ်ဆို သဘာဝကျတာပေါ့၊ ခက်ခက်ခဲခဲ နေခဲ့ရတဲ့ ကိုယ့်တိုင်းပြည်က ကျင့်ပေးလိုက်တဲ့ စနစ် အကျင့်ကိုပဲ ကြံဖန် ကျေးဇူးတင်လိုက်မိသည်။ ထုသားပေသားကျနေအောင် လေ့ကျင့်ပေးလိုက်သလိုပင်၊ တဖြေးဖြေး ကိုယ့်တိုင်းပြည် ပြန်ရောက်သလို ဖြစ်လာမလား ကိုယ်စား တွေးပူလိုက်သေးသည်။ တဖက်ကကြည့်ပြန်တော့ ကိုယ့်တိုင်းပြည်က အပြောင်းအလဲတွေနှင့်၊ မျှော်လင့်ချက်တွေဖြင့် ပျော်စရာ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ လူ့ဘဝဆိုတာ တခဏသာ၊ ဧည့်သည်တွေမို့လား၊ ဘယ်တိုင်းပြည်နေနေ ဧည့်သည်တွေပါပဲ၊ တချိန်ကျ ထွက်သွားရမယ့် သူတွေချည်းပေမယ့် နေတုန်းအခိုက် ဧည့်စာရင်းတိုင်ဖို့ လုပ်နေရတာ ရှင်သန်နေတဲ့ သဘောလို့ မှတ်ယူလိုက်တော့ နေပျော်စရာ၊
ခိုင်ခိုင်စောလွင်

No comments:

Post a Comment