စာရေးတဲ့အခါ ဆရာလုပ်တဲ့လေသံ မပါအောင် သတိထားရပါသည်။ စာဖတ်ပရိတ်သတ်ဆိုတာ အရွယ်အမျိုးမျိုး ရှိတယ်ဆိုတာ သိထားတာတင်မက လူ့စိတ် လူ့သဘာဝကိုက သူများဆရာလုပ်တာ မကြိုက်ကြတဲ့ သဘောရှိတာမို့ စာရေးတဲ့အခါ ဆရာလုပ်သလို မဖြစ်အောင် ရှောင်ပါသည်။ တမင်မဟုတ်ပေမယ့် တခါတရံ အဲဒီလိုလေသံမျိုး ပါသွားတဲ့အခါ နောင် ပြန်ဆင်ခြင်လိုက်သည်။ ခေါင်းစဉ်က အမိန့်သံ ဆရာလုပ်တဲ့လေသံ ပါပြီဆိုက အချို့က ဆက်မဖတ်ချင်တော့တာတွေ ကြုံရဖူးသည်။ ကြားရဖူးသည်။ အခုစာကတော့ ဒီလိုမရေးလို့ မရတဲ့အတွက် ခေါင်းစဉ်ကိုကပါ နဲနဲ ဆရာလုပ်သလို ဖြစ်သွားလေပြီ၊ သို့သော် စာကို ဆုံးအောင် ဖတ်မိရင်တော့ နားလည်ကြမည်လို့ ယူဆမိပါသည်။
ပြီးခဲ့သည့် စနေနေ့ ၊ ဧပြီလရဲ့ နောက်ဆုံးရက် တစ်ရက် ၊ အတိအကျ ပြောရသော် ၃၀ရက် ဧပြီလ ၂၀၁၆ မှာ ရင်နင့်ကြေကွဲစရာ သတင်းတပုဒ်နှင့်အတူ အဖြစ်အပျက် ဗီဒီယိုဖိုင်ကို မြင်ရ ကြည့်ရသည်။ ထိုင်းနိုင်ငံ ရနောင်းမြို့ ရှိစဖန်ပလားလမ်း SIFCO အအေးခန်းစက်ရုံမှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတွေ သူတို့စက်ရုံက လာခေါ်မယ့် ကြို/ ပို့ ယာဉ်ကို စောင့်ရင်း အစုအပြုံလိုက် ကားတိုက်ခံကြရသည့် သတင်းပဲဖြစ်သည်။ လမ်းဘေးမှာ ဖယ်ရီစောင့်နေသည့် အလုပ်သမား (၁၄)ယောက်ကို ကားတစီးက လမ်းဘေးအထိ အရှိန်ပြင်းပြင်းဖြင့် ထိုးဆင်းလာပြီး တိုက်မိတာဖြစ်သည်။ ဖြစ်ဖြစ်ချင်း (၄)ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကာ တစ်ယောက်ကတော့ ရနောင်းဆေးရုံ အထူးကြပ်မတ်ဆောင် ( ICU) မှာ ကွယ်လွန်သွားသည်။ နှစ်ယောက်ကတော့ ဆေးရုံကနေ ချက်ခြင်း ပြန်ဆင်းနိုင်ပြီး၊ (၇)ယောက် ဆေးရုံမှာ ကုသခံနေရဆဲဖြစ်သည်။ စုစုပေါင်း အလုပ်သမား(၅) ယောက် ကွယ်လွန်သွားပါသည်။
အဆိုပါ လမ်းမရဲ့ တဖက်ခြမ်းမှာရှိတဲ့ သူနဲ့ အပြိုင် အခြားလမ်းတဖက်က စီစီတီဗွီ မှတ်တမ်းကနေ ဖြစ်စဉ်ကို တွေ့ရတာဖြစ်သည်။ ထိုဖြစ်စဉ်မှာ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်ကလေးတွေ အများအပြား ပါဝင်တာတွေ့ရသည်။ မိန်းကလေးနဲ့ ယေင်္ကျားလေးတွေ မှာ အရွယ်ငယ်ငယ်ကလေးတွေနှင့် အရွယ်ကောင်းကလေးတွေ ဖြစ်သည်။ ထားဝယ်ဒေသကလို့ သိရသည်။ ထားဝယ်က မိတ်ဆွေတွေ အပြောအရ
" သူတို့ဒေသမှာ လူငယ်တွေ မရှိကြတော့ဘူး၊ အကုန် ဟိုဘက်ကမ်း သွားပြီး အလုပ်လုပ်နေကြတာလို့ " ဆိုသည်။ ရနောင်းနှင့်က အနီးဆုံးဆိုတော့ သွားကြတာဖြစ်သည်တဲ့။
စီစိတီဗွီဖိုင်မှာ မြင်ရတာက လမ်းမကြီးက ယှဉ်လျက် နှစ်ခုရှိသည်။ အလယ်မှာ မြက်တောကြီးရှိသည်။ ဟိုဘက် ဒီဘက် ကားလမ်းမကြီး ကြား အဆိုပါ မြက်တောထဲမှာ လူတွေ ဖြတ်လျှောက်ကြသည့် လမ်းကလေးကို တွေ့ရသည်။ ယာဉ်တိုက်မှုဖြစ်တဲ့ ဟိုဘက် ကားလမ်းမှာ မြန်မာအလုပ်သမား နှစ်ယောက် ထိုင်နေကြသည်။ ဗီဒီယိုဖိုင်ကို တင်သူရဲ့အဆိုအရ စီစိတီဗွီမှာ မပါတဲ့ ဘယ်ဘက်အခြမ်းမှာ အခြားအလုပ်သမားတွေ ရှိနေကြသည်တဲ့။ အလုပ်သမားတွေရဲ့ ဝတ်စုံက ခရမ်းရောင် စပို့ရှပ်နဲ့ ဘောင်းဘီအနက် ဖြစ်သည်။ စစချင်း မြင်ရတာက ဒီဘက်အခြမ်းလမ်းမကြီးကနေ အဆိုပါ စက်ရုံဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ကားလမ်းကို ဖြတ်ကူးသွားသည်။ လမ်းလယ်မှာ ကားမရှင်း၍ ခေတ္တစောင့်ရသေးသည်။ သူ့အတွက် ကံကောင်းတာလည်း ဖြစ်သည်။ ထိုအမျိုးသမီးက ဟိုဘက် လမ်းမကြီးကို ရောက်ဖို့ မြက်တောကြားက လူသွားဖြတ်လမ်းလေးပေါ် လျှောက်နေသည်။ လမ်းက သိပ်မရှည်ပါ၊ ၁၂ပေ ခန့်ရှိမည်ထင်သည်။ ထိုအချိန် တဖက်လမ်းဘေးမှာ ထိုင်နေသည့် မိန်းကလေးနှစ်ယောက် အနောက်ကနေ ကွန်တိန်နာ တစ်စီး အရှိန်ပြင်းပြင်းဖြင့် ဖြတ်သွားသည်။ ကြည့်နေရင်း ရုတ်တရက် နောက်ကျောတွန့်သွားသည်။ အဆိုပါ မိန်းကလေးနှစ်ယောက်မှာ ကားတွေသွားသည့် လမ်းမကြီးကို ကျောခိုင်းထိုင်ပြီး အေးအေးဆေးဆေး စကားပြောနေကြတာဖြစ်သည်။ ပထမသော် သူတို့ကို တိုက်သွားသည့် ကားဟု ထင်မှတ်လိုက်မိသည်။ မဟုတ်ပါ၊ ဖြတ်မောင်းသွားတာ လူတွေအနားက သီသီကလေးပဲ ဖြစ်သည်။ သိပ်မကြာလိုက် စောစောက ဖြတ်လမ်းကလေးက ဖြတ်လာသည့် အမျိုးသမီးက ဖြတ်လမ်းထိပ်ကနေ တဖက် လမ်းမကြီးပေါ် ရောက်လုမှာ မြင်ကွင်းထဲ ကားတစ်စီး ထိုးဆင်းလာကာ စောစောကကျောခိုင်းထိုင်နေသည့် ကလေးမတွေကို တိုက်ပြီး မြက်တောထဲ ထိုးဆင်းသွားတာ တွေ့လိုက်ရသည်။ ထိုင်နေသည့် မိန်းကလေးနှစ်ယောက်နှင့် ကားကို လုံးထွေးရောယှက်လျှက် တွေ့လိုက်ရပြီး ကတုန်ကရင်ဖြစ်လာမိသည်။ စိတ်ထဲမှာ မျက်စေ့တမှိတ် လျှပ်တပျက်အတွင်း မြင်လိုက်ရတာကို ယူကြုံးမရဖြစ်မိသည်။ ဒါတောင် အပြင်မှာ မျက်ဝါးထင်ထင် တွေ့ရတာမဟုတ်၊ ဖြတ်လမ်းကလေးက ဖြတ်လာသည့် အမျိုးသမီးက ရုတ်တရက် သူ့ရဲ့ညာဘက်ကနေ ဝုန်းကနည်း ထိုးဆင်းသွားတာကို လန့်သွားပြီး ကိုယ်ကို ယို့ကာ တိမ်းလိုက်တာ မြင်လိုက်ရပြီး စီစိတီဗွီဖိုင် မြင်ကွင်းက ပြီးသွားသည်။ ထိုအမျိုးသမီး လွတ်သွားတာ ဝမ်းသာမိသည်။ သူက လမ်းမဖက်ကို မျက်နှာမူသွားနောတမို့ စီစီတီဗွီကနေ တချိန်လုံး သူ့ကို ကျောသာ မြင်ရတာဖြစ်သည်။ သူ့အတွက် ကံကောင်းလိုက်တာလို့ ရေရွတ်မိပေမယ့် သတင်းဓါတ်ပုံတွေ တက်လာတဲ့အခါ အဆိုပါကားက မြင်ကွင်းရဲ့ တဖက်မှာ ကတည်းက အရှိန်ပြင်းပြင်း မောင်းနေခိုက် ကားတာယာကွဲကာ လမ်းဘေးကို ထိုးဆင်းတာမှာ စောင့်နေတဲ့ အလုပ်သမားတွေကိုပါ ဝင်တိုက်သွားတာ ဖြစ်သည်။ ထိုသို့တိုက်ရင်း ဖယ်ရီစောင့်နေသည့် အလုပ်သမားများ ကားနဲ့ တိုက်ပါသွားကာ စီစီတီဗွီက မြင်ကွင်းကတော့ အဆုံးသတ် ထိုးအဆင်း ထိုင်နေသည့် မိန်းကလေးနှစ်ယောက်ကိုပါ ထိုးဆင်း တိုက်သွားတဲ့ပုံ ဖြစ်သည်။
သားသမီးအရွယ်လေးတွေမို့ စိတ်မကောင်းဖြစ်ရသည်။ သူများတိုင်းပြည်မှာ အလုပ်လာလုပ်ရင်း ဖြစ်ကြတာမို့ ကြေကွဲမိသည်။ မိတ်ဆွေတွေနှင့် ဒီသတင်းကို ပြောဖြစ်ကြတော့ ကလေးတွေကို သနားရင်းက ဒီလောက် ကားတွေ တလကြမ်းမောင်းနေတဲ့ လမ်းမဘေးမှာ ကျောခိုင်းထိုင်နေကြရသလား လို့ ယူကြုံးမရ ပြောမိကြရသည်။
ငယ်ငယ်တုန်းက စာရေးသူတို့ မောင်နှမတွေကို ထိန်းကျောင်းရသည့် အမေ့ကြီးတော်၊ ကျမတို့အခေါ် အမေကြီး ဖြစ်သူက အိမ်ပေါက်ဝ၊ လမ်းမကို ကျောခိုင်းထိုင်က အမြဲဆူတာ သတိရမိသည်။ အမှတ်တမဲ့ ထိုင်လိုက်မိက ချက်ခြင်း ပြောင်းထိုင်ခိုင်းသည်။ လူကြီးတွေက ဘာမဟုတ်တာလည်း အစွဲအလန်းတွေနှင့်ဟု စိတ်ထဲ တွေးသည်။ လဘ်တိတ်သည် ဆိုတာကို အမြင်တမျိုးဖြင့် မယုံနိုင်၊ တကယ်တော့ ကံမကောင်းတာကို ဆိုလိုတာဖြစ်မည်။ အရွယ်လေးရလာလို့ စာတွေပေတွေ ဖတ်တော့မှ လမ်းမတို့၊ အိမ်ပေါက်ဝတို့ကို ကျောခိုင်းနေတာ ကိုယ့်ကို ရန်ပြုမည့်သူ၊ မကောင်းတာပြုမည့်သူကို ကိုယ်က မမြင်နိုင်၊ လမ်းမကို ကျောခိုင်းထိုင်က ရုတ်တရက်ကိုယ့်အနောက်က ကျရောက်လာနိုင်တဲ့ အန္တရာယ်တခုခုကို ကိုယ်က ကျောခိုင်းထားရတဲ့ အတွက် ကြိုမမြင်တဲ့အခါ ရှောင်ချိန်မရမှန်း နားလည်လာရသည်။ ကားလမ်းဘေးက လျှောက်သည့်အခါ ကားလာနေသည့်ဘက်ကို မျက်နှာချင်းဆိုင် လျှောက်ဖို့၊ ကျောခိုင်းမလျှောက်ဖို့ လူကြီးသူမတွေ ပြောတာ လက်တွေ့ကျမှန်းသိလာသည်။ အကျင့်ရလာတော့ ကားလာနေသည့်ဘက်ကို ကျောခိုင်းလျှောက်ရမှာ နောက်ကျောမလုံ ဖြစ်လာသည်။ ချက်ခြင်း လမ်းတဖက်ခြမ်းကို ကူးပြီး ကားတွေ လာရာဖက်နှင့် မျက်နှာချင်းဆိုင် လျှောက်လိုက်ရမှ စိတ်ရှင်းသည်။
အသိမိတ်ဆွေ တစ်ယောက်ကို စာရေးသူသတိထားမိတာရှိသည်။ သူက ဆိုင်မှာ အတူထိုင်က ဆိုင်ပေါက်ဝကို မျက်နှာချင်းဆိုင်ထိုင်သည်။ တခြားသူတွေ ထိုင်နှင့်ပြီး သူထိုင်ရမည့်နေရာက အပေါက်ဝကို ကျောခိုင်း ထိုင်ရမည်ဖြစ်က မထိုင်ပဲ မတ်တပ်ရပ်နေတတ်သည်။ အိမ်မှာ ထိုင်လည်း ထို့အတူပင်၊ အိမ်ထဲသို့ ဝင်လာပါက အပေါက်ဝကို မျက်နှာလှည့်ပြီး ထိုင်တတ်သည်။ သတိကြီးကြီးထားသည့် အကျင့်ကို သိရပြီး မေးကြည့်ရာ သူ့အတွေ့အကြုံကို ပြောပြသည်။ ကျောင်းသားအရေးအခင်း ဖြစ်ပြီး အဖမ်းအဆီးတွေ ဖြစ်ရာ သူတို့ ရှောင်တိမ်းနေသည့် အိမ်က ဝင်းနှင့်ခြံနှင့်၊ သူထိုင်နေသည့် နေရာက ခြံဝကို မျက်နှာမူထားတာ ဖြစ်သည်။ ရုတ်တရက် လူစိမ်းတွေ ဝင်ရောက်လာရာ သူက မြင်မြင်ချင်း မသင်္ကာတဲ့အတွက် ရုတ်တရက် ထပြေးဖို့ အခွင့်ရလိုက်သည်။ သူ့ရဲ့ " ဟေ့ ဟိုမှာ ဟိုမှာ ပြေး" ဆိုတဲ့ စကားကို ကျောခိုင်းထိုင်နေသည့် သူက ဘာပါလိမ့်လို့ အနောက်ကို လှည့်ကြည့် ပြီးမှ ထမယ်အလုပ် ကုပ်ကနေ ဆွဲထားတာ ခံရပြီး အဖမ်းခံလိုက်ရသည်။ သူကတော့ နောက်ဖေးပေါက်ကနေ လွတ်သွားသည်တဲ့၊
လူကြီးသူမတွေ ဆုံးမပဲ့ပြင်လို့ အန္တရာယ်ရှိတဲ့နေရာတောင်မှ မဟုတ် ကိုယ့်အိမ်ကိုယ့်နေရာတောင် ရုတ်တရက် ကျရောက်နိုင်တဲ့ အဖြစ်တွေကို ကြိုမြင်ပြီး အိမ်ပေါက်ဝကို ကျောခိုင်း မထိုင်ဖို့၊ မတော်တဆ ရုတ်တရက် ဖြစ်နိုင်တဲ့ ကားလမ်းဘေး၊ ရထားလမ်းဘေး၊ တံတားတွေ မြစ် ချောင်း ကမ်းပါးတွေ နေရတာမျိုးဆိုက ကျောမခိုင်းနဲ့ ဆိုတဲ့ စကားကို အမြဲ အမှတ်ရစေသည်။ ဒါ့ကြောင့် ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ ဆိုရိုးစကားမှာ အလကား ပြောတာမဟုတ်၊ စလောင်းဖုံးနှစ်ချပ်တီးက ကျားကိုက်မယ်ဆိုတာ ရှေးက မြေစလောင်းတွေမို့ ကွဲမှာစိုးကာ ကလေးတွေကို ချောက်လှန့်တာ လို့ ဆိုကြတာ လက်ခံနိုင်ပါသည်။ သို့သော် အိမ်ပေါက်ဝ၊ လမ်းမတို့ကို ကျောခိုင်းမထိုင်ရ ဆိုတာကတော့ လက်ခံသင့်သည့် အဆုံးအမစကားဖြစ်သည်။ လမ်းမဘေးမှာ ကျောခိုင်းထိုင်ရင်း စိတ်အေးလက်အေး စကားပြောနေသည့် မြင်ကွင်းကို ကြည့်ပြီး သားသမီးချင်း ကိုယ်ချင်းစာမိသည်။ အနားမှာ ရှိက အန္တရာယ်များလိုက်တာ မထိုင်ကြနဲ့လို့ ပြောမိမှာ သေချာသည်။ မျက်စေ့ရှေ့တင် ကားနဲ့အတူ ပါသာသွားတာ ဘာဖြစ်မှန်းပင် သိလိုက်မှာမဟုတ်ဆိုတဲ့ အတွေးက မိဘချင်းကိုယ်ချင်းစာကာ သူတို့မိဘ ဆွေမျိုးမောင်နှမတွေ ဒီမြင်ကွင်းကို မကြည့်မိပါစေနှင့်လို့ ကြေကွဲစွာ ဆုတောင်းမိသည်။ အလားတူပင် စာဖတ်ပရိတ်သတ်ထဲက သားသမီးအရွယ် လူငယ်ကလေးတွေ ဒီလို အဖြစ်ဆိုး ဘေးအန္တရာယ်မျိုးတွေ မဖြစ်ရလေအောင် ကျောပေးမနေကြပါနဲ့လို့ ရေးသားလိုက်ရပါသည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment