" ecosystem" ဆိုတဲ့ ရာသီဥတု ပတ်ဝန်းကျင်သဘာဝ ပြောင်းလဲမှု ၊ သတ္တဝါနဲ့ အပင် အချိတ်အဆက်၊ အစရှိတဲ့ များပြားတဲ့ အကြောင်းအရာ အဆက်အစပ်ကို ပညာရပ်ဆိုင်ရာ ဝေါဟာရအနေဖြင့် ဂေဟစနစ် လို့ သုံးတာ အင်မတန် သဘောကျမိပါသည်။ ဒါ့ကြောင့် ဂီတနဲ့ ချိတ်ဆက်ခြင်း၊ ဂီတဖြင့် ပြောင်းလဲခြင်းတွေ ပြောချင်တော့ စိတ်ထဲမှာ အဆိုပါ ဂေဟ ဆိုတာလေးကို ပြေးမြင်မိသည်။
လာမည့် စာသင်နှစ်မှာ ကလေးတွေ အတွက် သင်ကြားနည်းပုံစံအသစ်ဖြင့် သင်ဖို့ရာ ဆရာ/ ဆရာမတွေ သင်တန်း တက်ကြတာ ဖတ်ရ ကြားရသိရပါသည်။ တဆက်ထဲလိုလို လူမှုကွန်ယက်မှာ ဆရာ/ ဆရာမတို့ လေ့ကျင့်နေကြသည့် ဓါတ်ပုံ၊ ဗီဒီယိုတွေ ကြည့်ရသည့်အခါ သဘောကျစွာ ကြည့်ရင်း ကြည်နူးစိတ် ဖြစ်မိလေသည်။ ပုံတွေရဲ့ အောက်မှာ ဝင်ရေးကြတာ ဖတ်ကြည့်တော့ ကျောင်းတောင် ပြန်တက်ချင်လာပြီ၊ သူငယ်တန်းပြန်ဆင်းရမလား စသဖြင့် သဘောကျစွာ ရေးကြတာ ဖတ်ရသည်။ အက အဆို ဟန် အမူအယာဖြင့် ကဗျာလေးတွေ ရွတ်ကြသည်။ ကဗျာကို သီချင်းဟန်ဖြင့် ဆိုကြသည်။ အမူအယာလေးတွေ ဖြင့် ချစ်စရာ၊ တဆက်ထဲမှာ စာရေးသူတို့ ငယ်စဉ်က ရွတ်ဆိုရသည့် ကဗျာလေးတွေ ဖြစ်နေတာလည်း ပြန်ပြောင်းသတိရမိလေတော့သည်။
မနီကလေး ဘယ်ကလာ
အိမ်ကထွက်လို့လာ
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား
စာသင်ကျောင်းမှာ ဘာတွေသင်
စာရေးစာဖတ်သင်
စာရေးစာဖတ် ဘာလုပ်ဖို့
မနီကလေး လိမ္မာဖို့။
ကလေးတွေ လက်ချောင်းကလေးတွေ အသုံးပြုပြီး ရေတွက်တတ်အောင် သင်ပေးသည့် ကဗျာလေး တစ်ပုဒ် ရှိသေးသည်။
တစ် နှစ် သုံး လေး ငါး
ငါးလေးတစ်ကောင် ဖမ်းမိတယ်၊
ဘာဖြစ်လို့ လွှတ်လိုက်တယ်၊
ကျတော့/ ကျမ လက်ကို သူကိုက်တယ်၊
အား လား လား အ လာ လာ
အိုး .............. ငါးလေးလွတ်သွားပြီ။
ငယ်ငယ်တုန်းကတော့ ဒီကဗျာရွတ်တာ သင်္ချာစသင်တာမှန်းပင်မသိ၊ အော်ရတာ ဆိုရတာ အမူအယာလုပ်ရတာ သဘောကျတာ ဖြစ်သည်။
" သမီး သူငယ်တန်းတုန်းက ကျောင်းကပြန်လာတဲ့ အခါ မနီကလေး ဘယ်ကလာ နဲ့ ငါးလေးလွတ်သွားပြီ ဆိုတာကို အသံနေအသံထား အမူအယာနဲ့ ဆိုပြရင် သမီးအဖေက သဘောတွေကျနေရော" အမေ့ရဲ့ ပြန်ပြောဟန်က ကလေးဘဝတုန်းက ပျော်ရွှင်စွာ ကျောင်းတက်ခဲ့ရတာကို သတိရစေတာအမှန်၊ ထိုစဉ်က မူလတန်းအရွယ်မှာ ကျောင်းတက်ရတာ ပျော်စရာ၊ ယခုခေတ် ကလေးတွေလို စာတွေ ပိမနေ၊ ကျောင်းက မတ်ခွက်ကလေးတွေ ယူလာပါဆို ယူသွားရတာ တပတ်မှာ နှစ်ကြိမ်လောက်။ နွားနို့၊ ကွေကာအုတ် ၊ ဆန်ပြုတ် စသဖြင့် တန်းစီ သောက်ရတာ ပျော်စရာ၊ နောက်ပိုင်းတော့ ကလေးတွေမှာ ဒါမျိုး မကြားမိ၊ ကလေးတွေဆီက တ စာစာပဲ အသံကြားရသည်။ ပိုက်ဆံ၊ အလှုငွေ ဘာကြေး ညာကြေး စတာတွေ ယူလာဖို့သာ ပြောသံကြားရသည်။
ကလေးတွေ နှစ်ယောက်တစ်တွဲ တန်းစီ၊ ကျောင်းရှေ့က အလံတိုင်ကွင်းမှာ စုကြ ဆိုက ပျော်လိုက်သည့် ဖြစ်ခြင်း၊ ဒါဟာ ဆရာအတတ်သင်ကျောင်းက ဆရာကြီးက အကော်ဓယံ ဒါမှမဟုတ် ဂီတာ တခုခုဖြင့် သီချင်း အသစ်တွေ သင်ပေးတော့မှာ လို့ သိ၍ ဖြစ်သည်။ ဒါမှမဟုတ်လည်း ပါးစပ်ထဲကို စက္ကူတွေထည့် ရေသောက်လိုက်ပြီး ရောင်စုံစက္ကူကြိုးစတွေ မဆုံးနိုင်အောင် ဆွဲထုတ်ပြသည့် မျက်လှည့် လာပြတော့မှာလား တွေးပြီး ပျော်ကြရသည်။ နောက်ပိုင်းမှာတော့ ကျောင်းပညာသင်တာမှာ ဘာသာရပ်ဆိုင်ရာ စာတွေချည်း လှိမ့်သင်ကြတာ ဆယ်စုနှစ်သုံး လေးနှစ်နီးပါး ရှိခဲ့ပြီ ဖြစ်သည်။ သည့်အတွက် စည်းကမ်း ဓလေ့ ယဉ်ကျေးမှု ကျင့်ဝတ်နဲ့ ခံစားမှုတွေ ကလေးဘဝကတည်းက ပျောက်ကွယ်နေခဲ့ကြရသည်။ စကားပြောတတ်၊ လမ်းလျှောက်တတ်တာနှင့် ကျောင်းသို့ပို့ပြီး ကျောင်းရောက်တာနှင့် စာသင်ကြရတော့သည်။ ကလေးတွေ ရိုင်းလာတယ်၊ လူကြီးသူမမှန်း မသိဘူး ဆိုသည့် အသံတွေ ပိုညံလာသည်။ ကလေးတွေ ရိုင်းလာတာ လူကြီးတွေ အပြစ်ပါပဲ၊ သူတို့ရဲ့ ကလေးဘဝမှာ နှလုံးသားတွေ နူးညံ့အောင် မစွမ်းဆောင်ပေးနိုင်လို့ပေါ့ ၊ ဒီလိုပဲ တွေးမိသည်။ ယခု စနစ်အပြောင်းမှာ ကလေးတွေအတွက် ကောင်းဖို့ အများကြီး ဖြစ်လာသည်။ ဂီတနဲ့ ပညာ ဆက်စပ်ပြီး သင်မှာ ပျော်စရာ၊ အိမ်ကနေ ကျောင်း ပတ်ဝန်းကျင် အသစ်အဆန်းကို စတင်ရမည့် မူလတန်းအရွယ် ကလေးတွေ မဆိုနှင့် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တွေပါ အနုပညာဂီတက အစွမ်းထက်သည့် အကြောင်း ပြောပြလိုပါသည်။
( Migrant School) ရွှေ့ပြောင်းပညာရေးကျောင်းမှာ ကျောင်းသားတွေကို စာသင်တော့ ပထမဆုံး တွေ့ကြုံရတာက သူတို့ရဲ့ စိတ်ခံစားမှု၊ တချို့တွေက ဆရာမရယ်စရာပြောရင် ရယ်သည်။ တချို့က ရယ်စရာပြောလည်း မရယ်၊ တချို့ ပြုံးတောင် မပြုံး၊ သင်တာကို နားလည် မလည် ဆရာမပီပီ ကျောင်းသားတွေရဲ့ မျက်နှာကို ဖတ်ကြည့်တာ တချို့ထံက ဖတ်မရ၊
ခပ်သွက်သွက် ကျောင်းသားတွေက " နားလည်ပါတယ် ဆရာမ" လို့ ပြောပေမယ့် နောက်သင်္ခန်းစာ အသစ်တခု ပြောင်းဖို့ တချို့သူတွေ အကဲခပ်ရာမှာ တချို့တွေက နားလည်တာ မလည်တာ စိတ်ထဲရှိပေမယ့် မျက်နှာမှာ မပြ၊ ခံစားချက်မဲ့ သလို ဖြစ်နေတယ်လို့ သိလာတဲ့ အတွက် တရက်မှာ ပရိုဂျက်တာနဲ့ စာရှင်းအပြီး ကွန်ပျူတာထဲကနေ စိုင်းထီးဆိုင်ရဲ့ " နေ့သစ်" သီချင်းကို ဖွင့်ထားလိုက်သည်။ တခြား စာရွက်စာတမ်းတွေကို အချိန်ဆွဲပြီး သိမ်းရင်း ကျောင်းသားတွေကို အကဲခပ်တဲ့အခါ ရုတ်တရက် သီချင်းသံကြားရလို့ အံ့ဩရာက သီချင်းအပေါ် အာရုံစိုက်တာ တွေ့ရသည်။ လိုက်ဆိုသူကဆို၊ အားလုံးရဲ့ မျက်နှာဟာ စာသင်နေတုန်းကနဲ့ မတူပဲ ခံစားချက်တွေ မျက်နှာမှာ ပေါ်လာတာ မြင်လိုက်ရသည်။
" ဒီသီချင်းကို အရင်က ကြားဖူးလား အမေးကို ကြားဖူးတယ်၊ ကြိုက်တယ် ဆိုတာရယ် အခုမှ သိတယ် ၊ ဒါပေမယ့်ကြိုက်တယ် လို့" အမျိုးအမျိုး ပြောကြသည်။
ကျောင်းသူမိန်းကလေး တစ်ယောက်ကတော့ မျက်နှာကလေး မဲ့တဲ့တဲ့နဲ့ " သမီး အဖေ့ကို သတိရလိုက်တာ အဖေက စိုင်းထီးဆိုင်သီချင်းတွေ အမြဲဖွင့်တယ် လိုက်ဆိုတတ်တယ်တဲ့"
ကလေးတွေရဲ့ စိတ်ကို အနုပညာနဲ့ လှုပ်နှိုးလိုက်တာ ဖြစ်သည်။ ပြီးတော့ တဆက်ထဲ နောက်တပုဒ်ဖွင့်ပြချင်တယ် နားထောင်မလားဆိုတော့ ဖွင့်ပါတဲ့၊
သီချင်းနာမည်က " အခမဲ့" အဆိုတော်က နွဲ့ယဉ်ဝင်း ၊ ဒီသီချင်းကို သူတို့ တယောက်မှ တခါမှ မကြားဖူးပါတဲ့၊
သီချင်း ပထမအပိုဒ် မပြီးခင်မှာပဲ ကျောင်းသူနှစ်ယောက် အခန်းပြင်ကို ထွက်သွားကြသည်။ လက်ညှိုးထောင် ခွင့်တောင်းပြီး ထွက်သွားတဲ့အချိန်မှာ မျက်နှာကို ဆံပင်တွေနဲ့ ကာထားတာ မြင်ရတော့
" သွားငိုကြပြီ" လို့ သိလိုက်သည်။
တခြားသူကို မျက်ရည်ကျအောင် မလုပ်ကောင်းဘူး ဆိုပေမယ့် ဒီနေရာမှာတော့ ဝမ်းနဲတာကို ဝမ်းနဲတဲ့အလျောက် ခံစားနိုင်ကြဖို့ လွှတ်ပေးလိုက်ပါသည်။ အခန်းပြင်ကို ထွက်မသွားပေမယ့် တချို့က ခေါင်းကို စားပွဲပေါ်မှောက် ခေါင်းငုံ့နေတသည်။ ယောင်္ကျားလေးတွေကတော့ ခပ်တည်တည် ထိုင်နားထောင်ပေမယ့် မျက်လုံးတွေမှာ ခံစားချက်တွေ နှင့်၊
သီချင်းလည်းအပြီး ကျောင်းသားတွေကို နှုတ်ဆက်တဲ့ အခါ " ဆရာမ ရက်စက်တယ်၊ အမေ့ကို သတိရတာ သေတာ့မယ် တဲ့ " အသံတိုးညင်းညင်းလေး ထွက်လာသည်။ ရင်ထဲ မကောင်းပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကြိုတင်ကြံစည်ထားသည့် အကြံ အောင်မြင်သွား၍ ဝမ်းသာသည်။
နောက်တနေ့ စာသင်ချိန်မှာ ကျောင်းသားအားလုံးရဲ့ မျက်နှာတွေဟာ အရင်လို ခံစားချက်မရှိတဲ့ မျက်နှာမျိုး မဟုတ်ပဲ သိသိသာသာ ပြောင်းလဲနေတာကို တွေ့ရပြီး ကိုယ်အမူအယာတွေပါ သွက်လက်နေတာ သတိထားမိလေသည်။
အဲဒီတော့မှ သူတို့ကို ရှင်းပြ ဖြစ်သည်။
" တဖက်နိုင်ငံကို ရွှေ့ပြောင်း ရောက်ရှိပြီး အလုပ်လုပ်နေကြရတဲ့ သူတွေမှာ ဘဝနောက်ခံ အကြောင်းအမျိုးမျိုးရှိကြတယ်၊ ဘဝတွေ ကြမ်းကြတယ်၊ အတွေ့အကြုံ အမျိုးမျိုးကို ခါးစီး ဖြတ်သန်းရတယ်၊ အခုလို အလုပ်လုပ်ရင်းက ကျောင်းစာကို မပျက်အောင် သင်ယူလာတဲ့အခါ ပိုပြီး ပင်ပန်းကြတယ်။ ခက်ခက်ခဲခဲ ရုန်းကန်ကြရတဲ့သူတွေ များတယ်၊ မိဘနဲ့ အတူနေသူရှိသလို ခွဲလာကြရတဲ့ သူတွေလည်းရှိတယ်။ အများအားဖြင့်ကတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတဲ့အတွက် ကိုယ့်ကိုယ်ကို မာန်တင်းရင်း ခံစားချက်တွေ ပျောက်ကုန်တယ်။ ခံစားချက်ကို မျိုသိပ်ရင်းက ခံစားချက်မဲ့သလို ဖြစ်နေတယ် ၊ ဒါ့ကြောင့် မင်းတို့ကို ပျော်အောင် ဝမ်းနဲအောင် မနေ့က တမင် အဲဒီ သီချင်းတွေ ဖွင့်ပြတာ"
နောက်ပိုင်းမှာတော့ ကျောင်းသားအားလုံး နဲ့ ပျော်ပျော်ပါးပါး စာသင်ဖြစ်သည်။ မသိရင် ဒက်ကနဲ မေးလာတာ၊ စကားတွေ ပြောလာတာ ဖြစ်လာသည်။ ရယ်စရာရှိ ရယ်ကြသည်။ စိတ်မကောင်းစရာပြောရင် စိတ်မကောင်းဖြစ်တဲ့ အမူအယာပြကြသည်။ သူတို့ကို ပြောတဲ့ အကြောင်းအရာပေါ်မှာ လိုက်ပါခံစားကြပြီး နားလည်သလားလို့ မေးစရာမလိုအောင် မျက်လုံးတွေမှာ ဖတ်လို့ရလာသည်။ နားမလည်တဲ့ မျက်လုံးကိုလည်း ဖတ်လို့ရသည်။ အဲဒီ တယောက်စ နှစ်ယောက်စကိုပဲ နာမည်တပ်ခေါ်ကာ " နားမလည်ဘူးမဟုတ်လား" ပြောလိုက်ရင် ရယ်ပြီး ခေါင်းငြိမ့်ပြသည်။ သူတို့ကို သတ်သတ် ထပ်ရှင်းပြဖြစ်သည်။
သူတို့ကို ပြောဖြစ်တာက သီချင်းတွေ နားထောင်ပါ၊ စာတွေဖတ်ပါ၊ လူဆိုတာ ဝမ်းနဲဝမ်းသာ ခံစားချက်ရှိရတယ်လို့ ပြောဖြစ်လေတော့သည်။ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် အဖြစ်တွေနှင့် နှိုင်းယှဉ်ပြီး ယခုလို မူလတန်း ကလေးတွေကို သီချင်းကလေးတွေ ဆိုရင်း စာသင်၊ ချိတ်ဆက်ကြတော့မည့် အစီအစဉ်ကို အထူးပင် သဘောကျမိလေတော့သည်။ မိဘတွေလည်း သဘောကျ ၊ ကလေးတွေလည်း သဘောကျဖြင့် အနာဂတ်မှာ ကောင်းမွန်သစ်လွင်သော ပညာရေးပန်းခင်းကြီး ဝေဆာလှပ လာတော့မှာပါလားလို့ ကြည်နူးစိတ်ဖြစ်ရပါသည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment