မဆိုင်တဲ့ အလုပ်တွေ လုပ်နေရတာလို့ ပြောကြတဲ့ စကားသံကတော့ စစ်အာဏာရှင် လက်ထက် နှစ်ပေါင်းငါးဆယ်ကျော် အတွင်း ဖြတ်သန်းခဲ့ရတဲ့ အစိုးရဝန်ထမ်းတွေရဲ့ အသံပါပဲ၊ ဆရာ/ ဆရာမတွေ တာဝန်ဆိုတဲ့ လက်ပတ်နီပတ်ပြီး ကျောင်းပိတ်ရက်မှာ ဂိတ်စောင့်ရတာ၊ ကျောင်းချိန်မှာ လမ်းရှင်းရတာ၊ အခြားဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေ ညဖက် ရုံးစောင့်ဖို့ အိပ်ယာလိပ်နဲ့ အထုတ်အပိုးပြင်ပြီး ညစောင့်လုပ်ရတာ စတာတွေ စာဖွဲ့မကုန်အောင် များစွာ ရှိခဲ့လေသည်။
ပြည်လမ်းမပေါ်မှာရှိတဲ့ မိန်းကလေးကျောင်းက ကျောင်းတက်ချိန် ကျောင်းဆင်းချိန်ဆိုရင်ဖြင့် ဆရာမတတွေ လမ်းပြပုလိပ်နေရာ၊ ယာဉ်ထိန်းရဲနေရာ ဝင်ယူရသည်။ ကောင်းတော့ ကောင်းသား၊ ယာဉ်မောင်းတွေက အဖြူနဲ့ အစိမ်း ဆရာမတတွေကို မြင်တော့ အသာတကြည် လိုက်နာကြသည်၊ အထွန့်မတက်၊ မော်တော်ပီကယ်တွေနှင့်ဆို အထွန့်တတ်ကြသူတွေ ဆရာမတွေကြတော့ " ဒီလမ်းက ကျောင်းဆင်းချိန်၊ တက်ချိန်မှာ တစ်လမ်းမောင်း လုပ်ထားတာ မသိဘူးလား" ဟောက်ထုတ်ပါက ပြေးတာမှ တန်းနေသည်။ တခါက အငှားကားဖြင့် အဆိုပါ ကျောင်းနား ကျောင်းဆင်းကာနီး ဖြတ်မိရာ ဆရာမက ဟောက်၍ ယာဉ်မောင်းက ဇက်ပုက ပြန်လှည့်ရသည်။
" ကျတော်မသိလို့ပါ " အပြောကို အဆိုပါ ဆရာမက ခပ်လှမ်းလှမ်းမှာ ရေးထားသည့် ဝှိုက်ဘုတ်ကို လက်ညှိုးထိုးပြသည်။ အဆိုပါ ဆိုင်းဘုတ်မှာ မင်ဖြင့်ရေးထားတာ ဖြစ်သည်။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်မှာ ထုတ်ယူလာပြီး ခုံတစ်လုံးပေါ် တင်ထားလိုက်ပြီး ကျောင်းဆင်းပြီးက ကျောင်းထဲ ပြန်ယူသွားတာဖြစ်သည်။
ထိုင်းနိုင်ငံမှာလည်း ကျောင်းရှိတဲ့ လမ်းတွေမှာ အချိန်အကန့်အသတ်ဖြင့် တစ်လမ်းမောင်း စနစ် ဆိုတာ ရှိသည်။ သူတို့ကတော့ အဆိုပါလမ်းပေါ်မရောက်ခင် မီတာ ( ၁၀၀) ခန့်ကတည်းက အချက်ပြ ဆိုင်းဘုတ်တွေ ပုံမှန် ချိတ်ထားတာ ဖြစ်သည်။ ဒီလမ်းက နံနက် ၆နာရီကနေ နံနက် ၈နာရီ၊ ညနေ ၃နာရီကနေ ညနေ ၅နာရီအထိ တစ်လမ်းမောင်း ဆိုတာကို အမြဲ ချိတ်ထားတာ ဖြစ်သည်။ ယာဉ်ထိန်းရဲတွေက ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်မှာ ကျောင်းတွေရှေ့ ရောက်လာပြီး လမ်းရှင်းပေးတာ ဖြစ်သည်။
စောစောကလို ဆိုင်းဘုတ်ကို ကျောင်းတက် / ဆင်းချိန်မှ ချိတ်တဲ့အခါ အကြောင်းသိတွေကတော့ ထိုအချိန် တစ်လမ်းမောင်းမှန်း သိပေမယ့် အဝေးကလာသူတွေကတော့ မသိပဲ ဖြတ်မိကြတာ ဖြစ်သည်။ ဆရာ/ ဆရာမတွေ ယာဉ်ထိန်းရဲ လုပ်ရတာ ပြောလိုရင်းမဟုတ်ပါ၊ စစ်အစိုးရက ဝန်ထမ်းတွေကို မဆီမဆိုင် တာဝန်တွေ ပေးတာ၊ မလိုအပ်ပဲ ပင်ပန်းရတာတွေ ပြောလိုတာ ဖြစ်သည်။
အဆိုပါ ဩဇာညောင်းသည့် ဆရာမတွေမှာ ဖောင်ကြီးသင်တန်း တက်သည့်အခါ တပည့်တွေ ဖြစ်ကုန်ကြသည်။ " ဘယ် ညာ ဘယ်ညာ" မောင်းတာ ခံရတာ ပြောပြီး ဆရာ/ ဆရာမအချင်းချင်း ပြောပြီး ရယ်မောကြသည်။ အဆိုပါ ဖောင်ကြီးသင်တန်း ဆိုသည်ကလည်း အင်မတန် ကိုးလို့ကန့်လန့် နိုင်သည့် ကိစ္စဖြစ်သည်။
ဝန်ထမ်းတွေ ပါတီနိုင်ငံရေးကင်းရမယ် ဆိုကာ ပါတီနိုင်ငံရေး ကင်းပါကြောင်း မကြာခဏ လက်မှတ်အကြိမ်ကြိမ် ထိုးရပြီး ဖောင်ကြီးသင်တန်းကိုကျ ဝန်ထမ်းတွေ မဖြစ်မနေ တက်ရမည်ဆိုကာ အဆိုပါသင်တန်းမှာ ထိုအချိန်က စစ်အာဏာရှင် တဖြစ်လဲ အာဏာရပါတီရဲ့ အာဘော်တွေကို သင်ပေးတာဖြစ်သည်။ " နဲနဲလေးတော့ လွဲနေတယ်" ဆိုတဲ့ သီချင်းထက် မက အလွဲကြီးလွဲလေသည်။ ဆရာ/ ဆရာမတတွေ မြေဖြူကိုင်ရာက လက်နက်ကိုင်ရသည်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ သန့်ရှင်းသပ်ယပ်သည့် မိမိတို့ သက်ဆိုင်ရာဌာန ယူနီဖောင်းတွေ ဝတ်ရာက မွဲခြောက်အရောင်မပေါ်သည့် ဘာအရောင်မှန်းခွဲခြားပြောရခက်သည့် ယူနီဖောင်းတွေ ဝတ်ရသည်။ ရာရှင်နှင့် စားရသည်။ တလတိတိ အိမ်မပြန်ရ၊ မတက်တော့ ဘာဖြစ်သနည်း၊ မတက်က ရာထူးတိုးမပေးပါ၊ တက်တော့ဘာအကျိုးကျေးဇူး ရသနည်း၊ ဘာအကျိုးကျေးဇူးမှမရပါ၊
ဟေးလားဟားလား ငွေကုန်လူပမ်း၊ ကလေးငယ်ရှိက ကလေးက အမေနဲ့ခွဲရ၊ ကျန်ရှိ မိသားစုက ကလေးဂျီကျတာ ညစဉ်ခံပြီး ဒုက္ခမျိုးစုံ ထိုသုံးလကို ဖြစ်သန်းရသည်။ သင်တန်းပြီးက ငရဲတွင်းကလွတ်သလို ပျော်ကြသည်။ လုပ်ငန်းခွင်ပြန်ဝင်တော့ ရာထူးတိုးလေး ပါတော့မလား မျှော်ခွင့်ရတာလေး အဖတ်တင်သည်။ တကယ်တန်းက ရာထူးတိုးတယ်ဆိုတာ အလုပ်အကိုင် အရည်အချင်းနှင့် ကြည့်ရမှာမဟုတ်လား၊ လူတစ်ကိုယ်စာအတွက် ဘာအရည်အသွေးမှ တက်မလာပါ။ လစာနှင့်လောက်ငအောင် တိုင်းထွာ စားသောက်နေထိုင်ရသည့် ဝန်ထမ်း အတော်များများ အကြွေးတင်ကြရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တစ်ခုမှာ ဝန်ထမ်းတွေကို ဖောင်ကြီးသင်တန်းပေးတာနဲ့ ပတ်သက်ပြီး ပြောတဲ့ စကားလေး မှတ်သားမိတာ တခု သတိရမိသည်။ ဂျပန်မှာ ရှိနေစဉ် မြန်မာပြည်က ပညာတော်သင်ဖို့ ရောက်လာသည့် တက္ကသိုလ်က ကထိကဆရာမတစ်ယောက်နှင့်ဆုံသည်။ အဆိုပါ ဆရာမအတွက် အခက်အခဲ ဖြစ်ရတာတွေ သိရတဲ့အခါ အစိုးရက ဂျပန်နိုင်ငံကို ပညာတော်သင်လွှတ်ခါနီးမှာ သင်တန်းတွေ ဘာတွေ မပေးလိုက်ဘူးလား၊ ဘာသာစကားနဲ့ အခြားလိုအပ်တာတွေကို ဆိုလိုပြီး မေးတာမှာ ဆရာမက နိုင်ငံခြားကို လွှတ်ကာနီးမှာ သူဖောင်ကြီးသင်တန်းသွားတက်ရပါတယ်တဲ့၊ သင်တန်းမှာ သေနတ်ပစ်နဲ့ စစ်ရေးလေ့ကျင့်တာတွေ သင်ခဲ့ရတယ်လို့ ပြောပြတဲ့အကြောင်း ပြောတာ အမှတ်ရနေမိပါတယ်။
" ဖောင်ကြီးသင်တန်းမှာ ၀န်ထမ်းတွေကို စစ်သင်တန်း ပေးတော့မှာမဟုတ်သလို ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုမှာ ဖွင့်လှစ်ပို့ချတဲ့ တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အခြေခံ ပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းတွေကို မဖွင့်တော့ဘူးလို့ ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြောပါတယ်" လို့ သတင်းမှာ ဖတ်လိုက်ရပါသည်။
ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွပါတကားလို့ ရေရွတ်မိလေသည်။ ဆရာ/ ဆရာမများ အထူးမွမ်းမံသင်တန်းဆိုတာ ၁၉၈၈ခုနှစ် နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ ပေါ်ပေါက်လာတာဖြစ်သည်။ ဆရာ/ ဆရာမတွေ သင်ကြားရေးနှင့်ပတ်သက်ပြီး ဘာတစ်ခုမှ မရှိပဲ စစ်ရေးပြသက်သက်သာ၊ ကျန်သည့် နိုင်ငံရေးစာတွေကတော့ ကျောင်းသားဘဝကတည်းက မရိုးနိုင်အောင် အလွတ်ကျက်မှတ်ခဲ့ရသည့် သဘောတရားတွေသာဖြစ်သည်။ ဆရာ/ ဆရာမတစ်ယောက် ဖောင်ကြီးသင်တန်းသွားတက်ပါက ရလာသည့် အကျိုးဆက်ကား ဆရာအစားထိုး မရှိသည့် ကျောင်းတွေမှာ ကျောင်းသားတွေ စာနောက်ကျတာပဲ အဖတ်တင်တာ ဖြစ်သည်။ ယခုလို မလိုအပ်ပဲ အချိန်ကုန်၊ ငွေကုန် လူပမ်းသည့် သင်တန်းကို ဖြုတ်မည်ဆိုက လူအများဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသံတွေ ကြားရလေတော့သည်။ တဆက်ထဲ လိုလိုပင်
" အရည်အသွေးပြည့်မီသော ပြည်သူ့ဝန်ထမ်းကောင်းတွေ မွေးထုတ်ပေးဖို့အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နှင့် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက္ကသိုလ် နှစ်ခုမှာ Civil Services Academy (CSA) တွေကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။" လို့ သိရသည့်အခါ ဝန်ထမ်းအချို့မှာ အမှန်တကယ် လိုအပ်နေသည့် ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းတွေကို အမှန်တကယ် ထိထိရောက်ရောက် သင်ကြားပေးက ခေတ်စနစ်နှင့်ညီသည့် ဝန်ထမ်းတွေ ၊ အရည်အသွေး အဆင့်အတန်းမီ ဝန်ထမ်းကောင်းတွေ အများအပြား ဖြစ်လာကြတော့မည်လို့ ကျေနပ်မိလေသည်။
ဖြတ်သန်းခဲ့ရသည့် စနစ်အတွင်းမှာ ကိုယ်လုပ်နေရသည့် အလုပ်နဲ့ပတ်သက်ပြီးတောင်မှ ဘာမှရေရေ ရာရာ မသိသူတွေ များစွာရှိလေသည်။ ဝန်ထမ်းဆိုတာ ကိုယ်နဲ့ ပတ်သက်ဆက်သွယ်ရသည့် လူတွေကို အဆင်ပြေအောင် အစိုးရကိုယ်စား လုပ်ပေးရတာလို့ မမှတ်ယူပဲ ပြည်သူကို တို့လုပ်ပေးရတာ တို့က အထက်က လို့ လွဲမှားစွာ ခံယူထားသည့် စိတ်ဓါတ်တွေ ရှိနေကြတာဖြစ်သည်။ အများအကျိုးအတွက် ရွက်ဆောင်ရသည့် သူလို့ မိမိကိုယ်မိမိ သိလာအောင် မှန်ကန်သည့် လေ့ကျင့်သင်ကြားမှု လိုနေကြတာ ဖြစ်သည်။ လူမှန်နေရာမှန် အသိမှန် အမြင်မှန် ရရှိပါမှ သင်တန်းဆင်း အကျိုးအမြတ်ကို မှန်မှန်ကန်ကန် ခံစားရတာဖြစ်သည်။
ဖောင်ကြီးသင်တန်းမှာ ဝန်ထမ်းတွေအတွက် သင်တန်းတွေ ဆက်လက်ထားရှိမှာ ဖြစ်တဲ့အတွက် " ၀န်ထမ်းတွေတက်ရတဲ့ ဖောင်ကြီးဗဟိုဝန်ထမ်းသင်တန်းတွေဟာ ငွေကုန်အချိန်ကုန်ပြီး ပင်ပမ်းဆင်ရဲတဲ့ သင်တန်းတွေသာဖြစ်ခဲ့ပြီး ၀န်ထမ်းအရည်အသွေး တိုးတက်ရေးအတွက် တစုံတရာ အထောက်အကူ မပြုတဲ့သင်တန်းတွေသာ ဖြစ်တယ်" လို့ ဝေဖန်ခံခဲ့ရတဲ့ အခြေအနေကနေ ဝန်ထမ်းအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် အမှန်တကယ် စိတ်ပါဝင်စားကာ တက်ရောက်လိုသည့် အခြေအနေမျိုးတွေ ဖန်တီးရောက်ရှိပေတော့မည်၊ ဝန်ထမ်းတွေမှာ ရှိသင့်သည့် အရည်အသွေးပြည့်မီအောင် ပို့ချပေးနိုင်ပါက လှပသာယာအေးချမ်းသော ဌာနဆိုင်ရာအဖွဲ့အစည်း ၊နှင့် ကောင်းမွန်သော လူမှုပတ်ဝန်းကျင်တွေ ဖြစ်လာမှာမလွဲဧကန်ပင်၊
ခိုင်ခိုင်စောလွင်
No comments:
Post a Comment