June 5, 2016

" ချိုသာတဲ့ စကားများ ပျောက်ကွယ်သွားမလား" ၆ရက် ဇွန် ၂၀၁၆ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၂၁)မှ


" နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်း အိမ်" တဲ့
မြန်မာပြည် ရန်ကုန်လေဆိပ်မှာ လေယာဉ်စောင့်ရင်း ဖေ့စ်ဘွတ်ပေါ် ရေးတင်လိုက်တဲ့ သမီးကြီးရဲ့ စတေးတပ်စ်၊ သူ့အလုပ်က နားရက်ရတာနဲ့ မိသားစုထံ ပြန်လာတာဖြစ်သည်။ အဆိုပါ စာကြောင်းလေးကို အထပ်ထပ် ပြန်ဖတ်ရင်း မိသားစုဘဝကို တွေးမိသည်။ စစ်အာဏာရှင်တွေရဲ့ အုပ်လျူပ်ရေးစနစ်အောက်မှာ မိသားစုတွေ တကွဲတပြားဖြစ်ရတာတွေနဲ့ အကြောင်းကိုယ်စီဖြင့် ကိုယ့်တိုင်းပြည်ကိုယ် အေးအေးဆေးဆေး မနေရတဲ့ အထဲ ကိုယ်တွေမိသားစု ပါဝင်ခဲ့ရသည်။ တစ်နှစ်မှာ တစ်ကြိမ် အလည်လာရောက်တဲ့ သမီးကြီးနဲ့ အသက်( ၁၁) နှစ်အရွယ်ထဲက ထိုင်းကို ရောက်နေတဲ့ သမီးနှစ်ယောက်တို့ ဆုံတွေ့ရာမှာတော့ စနစ်နှစ်ခုကြား၊ မတူတဲ့ နိုင်ငံအနေအထားတို့ကြားက ညီအမတွေရဲ့ ဆက်ဆံရေး၊ အဲဒီကမှ ဖေ့စ်ဘွတ်မှာ ပြန်တွေ့ရတဲ့ မိတ်ဆွေတွေနဲ့ ဆက်ဆံရေး ၊ ပြောရဆိုတာတွေ တရေးရေး ပြန်ပေါ်လာသည်။
ဘာဖြစ်လို့ အလိုလို စိတ်တိုနေရတာလဲ၊ ဘာကိုလောနေတာလဲ ၊ အေးအေးဆေးဆေး လုပ်ပါ၊ ဒီစကားတွေ ဒီရက်ပိုင်းမှာ ပြောဖြစ်ရသည်။ အရာရာကို အေးအေးဆေးဆေး လုပ်နေကြတဲ့ အိမ်က သမီးနှစ်ယောက်နဲ့ သူ့အမတို့ကြားက လောဆော်သံကလည်း မကြာခဏ၊ ကားကျပ်တာမပူရ၊ မီးပြတ်တာ မကြုံရ၊ ကျောင်းရောက်တော့လည်း ဘိုက်ဆာတဲ့အချိန် ငွေ(၃၀) နှင့် ဘိုက်ဖြည့်၊ အအေးသောက်ချင်က နောက်ထပ် (၂၀) ဘိုး ထပ်အကုန်ခံ၊ စားအေးအေး၊ သွားအေးအေး ဆိုတော့ အငယ်နှစ်ယောက်က ခပ်အေးအေး၊
ကားရပါ့မလား၊ လမ်းတွေပိတ်နေမလား၊ မီးပြတ်လို့ ထမင်းမချက်ရသေး၊ ဝယ်စားတော့လည်း သုံးလေးထောင်၊ မှောင်ရင် ဘာမှလုပ်မရ၊ သုပ်သုပ်သွားသုတ်သုတ်ပြန်မှ တို့ ကြုံခဲ့ရတဲ့ သမီးကြီးတို့ အပြင်တခါထွက်ကာနီးတိုင်း ကွိစိကွစိ အသံတွေ ညံမြဲ၊
" အမေ ဘာမှ မပြောတော့ဘူးလား" အမေးကို ပြန်မဖြေတော့ မကြည်သာ၊ မဖြေတာက အဖြေသိပေမယ့် မဖြေချင်တော့လို့၊ အဖေဖြစ်သူကတော့ " သမီးညီမတွေက ထိုင်းတွေလို ဖြစ်နေပြီ" အပြောကို သူသဘောမကျမှန်းသိသည်။ ဖြတ်သန်းရတဲ့ အနေအထား မတူတော့ တမိသားစုထဲမှာတင် စရိုက်ပြောင်းသွားတာ ကိုယ့်ဘာသာ အံ့ဩနေမိတာလည်း ပါသည်။
လူသားတို့ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စား၊ ဝတ်၊ နေရေး (၃)ခု စလုံးမှာ စားဖို့လည်း လွယ်၊ လက်လှမ်းမီ၊ ထိုင်းလူမျိုးတွေက မနက်မိုးလင်းတာနဲ့ ချက်မစားချင်က ထမင်းတစ်ထုတ်(၁၀)ဘတ်နှင့် ကြိုက်ရာ ဟင်းတစ်ထုတ် ( ၁၀) ဘတ် ဝယ်စားလို့ရသည်။ ဒါက အနိမ့်ဆုံး လမ်းဘေးဆိုင်တွေမှာ သန့်သန့်ပြန့်ပြန့် ထုတ်ပိုးရောင်းချတာ ဖြစ်သည်။ ချင်းမိုင်မှာကတော့ ကောက်ညှင်းနှင့်ဟင်းကို တွဲစားကြသည်။ ကောက်ညှင်း ငါးဘတ်ဖိုးနှင့် ဝက်သားကင်လေးတွေ တချောင်းငါးဘတ် တွဲစားကြသည်။ ကလေးတွေ ကျောင်းပို့က မနက်မိုးမလင်းခင် ထပြီး ချက်ပြုတ် ထမင်းဘူးထည့်ပေးရတာ မရှိ၊ မူကြိုကျောင်းတွေဆိုက ကျောင်းကကျွေးပြီး အတန်းကြီးတွေအတွက် ကျောင်းမှာ ဘတ်နှစ်ဆယ်ဆို ကိစ္စပြီးသည်။ ဘယ်သူမှ ထမင်းဘူး မယူ၊ အိမ်ကလည်း ချက်မပေးကြ၊ လွယ်ကူ အဆင်ပြေသည်။ အဝတ်အစားကလည်း ထိုင်းနိုင်ငံလောက်ပေါတာ ရှိပါ့မလား တွေးယူရသည်။ ဘတ်နှစ်ဆယ်တန်ကနေ ဘတ်ထောင်ချီ အထိရှိသည်။ တတ်နိုင်သည့် အတိုင်းအတာ ဝယ်ဝတ်ယုံ၊ အရှက်မလုံမှာ မပူရ၊ နေရေးကတော့ ကိုယ်ပိုင်မရှိက ငှားနေကြရတာပဲ ဖြစ်သည်။
ပန်ကာ(သို့) အဲကွန်း၊ ရေခဲသေတ္တာတစ်လုံး၊ ကုတင်တစ်လုံး၊ အဝတ်ဘီရို တစ်လုံးပါတာ အနိမ့်ဆုံး အခန်းတစ်ခန်း မှသည် ပရိဘောဂစုံရင်စုံသလောက် ဖြည့်ဆည်းထားသလောက် ဈေးတွေ ပေးရသည်။ ထိုင်းကျောင်းသူလေးတွေ၊ လူငယ်ကလေးတွေ အသက်(၁၈)နှစ်ကျော်က အချိန်ပိုင်း အလုပ်တွေလုပ်ကြကာ ကိုယ့်ဘာသာ အခန်းလေးတွေငှားနေကြတယ်ဆိုက အခန်းခတွေ ဈေးသက်သာတယ်ဆိုတာ ပြောစရာမလို၊ တချို့ အပတ်မင့်တွေက နေတာနှင့် လခပေးနေယုံဖြစ်ပြီး တချို့ကတော့ တလစာကြိုပေးရပြီး တက်နေတာနှင့် နှစ်လစာ ပေးရသည်။ အိမ်လုံးချင်းငှားပါကလည်း ထိုနည်း၎င်းပင်၊ မနေတော့က တစ်လကြိုပြောပြီး အဆိုပါ တစ်လမှာ လခပေးဖို့ မလိုတော့ပေ၊ ကျန်တာက နေသရွေ့ တစ်လတခါ လခပေးသွားယုံပင်၊ ရသည့်ဝင်ငွေထဲက အိမ်လခ လစဉ်ပေးသွားရုံသာ၊
သို့သော် လူအမျိုးမျိုး ရှိသည့်အတိုင်း အချို့အိမ်ရှင်တွေက နှစ်လစာ စရံတောင်းပြီး နေသည့်လနှင့် သုံးလစာ ကြိုပေးရသည်။ မနေလိုတော့ပါက တစ်လကြိုပြောလျင် အဆိုပါနောက်ဆုံးလအတွက် ပေးရန်မလို၊ ထိုအခါ တစ်လစာ ကျန်နေတာကို ပြန်မအမ်းပဲ သန့်ရှင်းရေး၊ ပြင်ဆင်ခ စသဖြင့် အကြောင်းပြတြတ်သည်။ သူတို့ ထိုင်းလူမျိုးအချင်းချင်းဆိုက ထိုသို့မလုပ်ပေ၊ လုပ်ပါက ထိုင်းအိမ်ငှားက ရဲခေါ်ရှင်းသည်။ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကတော့ ပြောမနေတော့ပေ၊ ကြာလာတော့ စဘော်ငွေကို အဆုံးလို့ သဘောထားရသည်။
အခြေခံ စား၊ဝတ်နေရေး ပူပင်စရာ မရှိမှတော့ လူတွေအဖို့ အထူးအထွေ ပူပင်စရာမရှိ၊ ဒါ့ကြောင့် စားအေးအေး၊ သွားအေးအေး၊ နေအေးအေး တွေ ဖြစ်ကုန်ကြသည်။ သို့အတွက် ခပ်လောလောနှင့် ခပ်အေးအေးတို့ ဆုံကြရာ တရားသူကြီးလုပ်ပြီး ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မပြောတော့ပဲ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်လုပ်ကာ ငြိမ်နေလိုက်သည်။
မိတ်တွေဟောင်းတစ်ယောက်နှင့် အလုပ်တစ်ခု ဆက်သွယ်လုပ်ရာမှာ သူက ဟိုဟာကဒီလို ၊ဒီဟာကဟိုလို အမျိုးမျိုး မကျေနပ်နိုင်ဖြစ်နေတာ၊ ကြားက ပတ်သက်တဲ့သူတွေနဲ့ ပြေပြေလည်လည် ပြောဆိုတာမရှိပဲ ခပ်တင်းတင်း၊ ခပ်စီးစီး၊ ခပ်ရင်ရင့်ပြောတာ၊ ပြေလည်အောင် ပြောကြဆိုကြမရှိပဲ ကိုယ့်ဆီပြန်ရောက်အောင် အတိုင်ခံရတာ စတာတွေ ကြုံလာတော့ အတွေးတွေကတဆင့် လူတွေကို အကဲခပ်မိလာရတော့သည်။
မြန်မာပြည်ကို မကြာခဏ ပြန်တတ်သည့် မိတ်ဆွေက " ကျမလည်း ရန်ကုန်ရောက်ရင် အလိုလို စိတ်တိုတတ်နေတယ်၊ မီးကပြတ်ပြန်ပြီ၊ ရေကမလာ၊ ထမင်းအိုးတန်းလန်းဖြစ်လို့ မီးမွှေးရတာ စိတ်ကို တိုနေရောပဲ၊ ဒီကြားထဲ အပြင်သွားရင် မနက်မိုးလင်းကထွက် မိုးချူပ်မှပြန်ရောက်တယ်၊ နေကပူ၊ အရိပ်ကမရှိ၊ ကားတွေကကျပ်၊ အိမ်ပြန်ရောက်လို့ အိမ်ကလူတယောက်ယောက်မှာတာ မေ့ခဲ့လို့ မပါလာတဲ့အခါ မပါလာရကောင်းပြောဆိရင် ၊ ပေါက်ကွဲတော့တာပဲ၊ စိတ်က အလိုလို တိုနေတာ" လို့ ပြောပြတာ သတိရသည်။
ဒါ့ကြောင့် သူတို့ စိတ်တိုပြီး ပြေပြေလည်လည် မပြောတာ၊ သီးမခံနိုင်တာတွေ ကိုယ့်ဖက်က အလိုက်တသိ ငြိမ်ပေးလိုက်ရသည်။ ပေါက်ကွဲပါစေ၊ သူတို့စိတ်တွေ ဖြေလျှော့ပါစေလို့ သဘောထားလိုက်သည်။ ဒီစာရေးနေစဉ်မှာပင် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ တောင်ဒဂုံမှာ လူငယ်အချင်းချင်း စကားများ ရန်ဖြစ်နေလို့ ဝင်ရောက်ဖြန်ဖြေတဲ့ ရပ်ကွက်အုပ်ချူပ်ရေးမှုးကို လူငယ်လေးတွေက ဒါးနဲ့ လိုက်ခုတ်တဲ့အတွက် ဆိုင်တစ်ဆိုင်ထဲ ပြေးအဝင် အခုတ်ခံရပြီး သေဆုံးသွားသတဲ့၊ ဟိုတုန်းကတော့ လူကြီးက မတော်လို့ ဆုံးမတဲ့အခါ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ့်ထက်ကြီးတဲ့သူက ဆုံးမတာ နားထောင်ရမြဲ ဖြစ်သည်။ လူကြီးကို ပြန်ပြီး ရန်ပြုဖို့ဆိုတာ စဉ်းစားလို့ပင်မရ၊ လူမှု အသိုင်းအဝန်းကလည်း လက်ခံမှာမဟုတ်၊
မိတ်ဆွေ အမကြီးတစ်ယောက်၊ သူ့အသက်က ငါးဆယ်ကျော်ပြီ၊ တောင်ဒဂုံက ရပ်ကွက်တစ်ခုမှာ အလည်သွားရင်း မညီမညာလမ်းပေါ်မှာ ဒေါက်ဘိနပ်ဖြင့် လျှောက်မိသည်တဲ့၊ ဒါ့ကြောင့် ခပ်ဖြည်းဖြည်းပဲ လျှောက်နေစဉ်မှာ အနောက်ကနေ နှုပ်ခမ်းက လေစုပ်တဲ့ အသံနဲ့ " ပြွတ် ပြွတ်" ဆိုတဲ့ အသံ ကြားတော့ သူက လူကြီးကို အဲလို မခေါ်လောက်ပါဘူး အတွေးနဲ့ လှည့်မကြည့်မိပါတဲ့၊ ဒါနဲ့ အသက်(၁၆)နှစ်လောက်ပဲ ရှိတြ့ ကလေးမလေးက စက်ဘီးနဲ့ ဖြတ်အသွား "သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး နားလေးနေလား ပြောသတဲ့၊ " ဒါနဲ့ အဲဒီအမက လူကြီးတစ်ယောက်ကို ဒီလို ပြောပါမလားလို့ ဘေးဘီကြည့်တော့ တလမ်းလုံး သူပဲ ရှိတာ၊ ဒါနဲ့ " ဘယ်သူ့ပြောတာလဲ" အမေးကို " ဘယ်သူ့ပြောတယ်ထင်လဲလို့" မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲက မထီမဲ့မြင် အိုက်တင်နဲ့ ပြန်ပြောသတဲ့ သူ့မှာ ဒေါသလည်းထွက် အံဩနေသတဲ့၊ အဲဒီအမက ထိုင်းမှာနေလာတာ အနှစ်နှစ်ဆယ်မကတော့ဘူး၊ ရန်ကုန်ခဏ အလည်ပြန်ရင်း တွေ့ခဲ့တော့ သူပြောတာက ကလေးတွေ ရိုင်းလာတယ်တဲ့၊
လူသားတို့ရဲ့ အခြေခံလိုအပ်ချက်တွေ မပြည့်စုံတဲ့ အတွက် ရုန်းကန်လှုပ်ရှားရတာ၊ ခက်ခဲကြမ်းတမ်းတွေက အင်မတန်မှ ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့လောက အသိုင်းအဝန်းတစ်ခုလုံးကို ပြောင်းလဲလိုက်သလို ဇောက်ထိုး ဖြစ်သွားရသည်။ လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာတောင် လက်ခံနားထောင်သူက အဆိုးဖက်ကို အမြဲယိုင်နေတတ်သည်။ သူတပါးဖက်ကို ဖြည့်ဆည်းတွေးဖို့ဆိုတာ မရှိ၊ အကောင်းမြင်စိတ်တွေ လျော့နည်းသွားတာ တွေ့လာရသည်။ အပြောအဆိုတွေ မာလာသည်၊ ဘယ်သူ့ကိုမှ မခံဘူးဆိုသည့် အတ္တမာနတွေ ထောင်လွှားလာသည်။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားငဲ့ညှာဆိုသော လောကနီတိတွေ ပျောက်ကွယ်နေကြလေသည်။ ချိုသာစွာ ပြောကျင့်တွေ ပျောက်ကွယ်ကုန်ကြပြီ။ အတိတ်ဆီက ယဉ်ကျေးသော မြန်မာလူမျိုးတို့ရဲ့ နှုတ်ဖျားက ချိုသာတဲ့စကားများနဲ့ နှုးညံ့သောနှလုံးသား၊ သည်းခံသောစိတ်တို့ကို ပြန်လည် တွေးတောရင်း နှလုံးသားတွေ နွေးထွေးတဲ့ အမေ့အိမ်ကို ရည်မျှော်မှန်း တမ်းတ သတိရမိလေတော့သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment