အခုရက်ပိုင်း ထိုင်းနိုင်ငံအနှံ့ ခရိုင်တိုင်းလိုလိုမှာ အဖမ်းအဆီး သတင်းတွေ ကြားရတဲ့အခါ ငယ်ငယ်တုန်းက ကစားခဲ့သည့် ရွှေစွန်ညို ကစားခြင်းကို ပြေးပြီး သတိရမိလေသည်။
" ရွှေစွန်ညို ဘာလို့ ဝဲတယ် " မထွေးလေးကို အနောက်ဆုံးမှာ ထားကာ လူတန်းရှည်ဖြင့်ကာထားရင်း ခေါင်းဆောင်က မေးလျင် ဖမ်းမည့်သူက " မထွေးလိုလို့ဝဲပါတယ်" ဖြေသည်။ " မထွေးအသားခါးလှတယ်" လို့ ဆိုက ဖမ်းမည့်သူက " ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်တဲ့" ဒီလိုနဲ့ ပင်လယ်ရေနဲ့ ဆေးပါ့မယ်" အထိ မလျှော့ပဲ ဖြေလာရာ နောက်ဆုံးတော့ "ပင်လယ်ရေ ဘယ်မခန်း မထွေးအမိဖမ်း" ဆိုကာ အတင်းပင် ဖမ်းလေတော့တာကိုး။
နိုင်ငံတော၏ အတိုင်ပင်ခံ ပုဂ~ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး သဘောတူစာချူပ် ချူပ်ဆိုခဲ့ပြီးနောက် မြန်မာအလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်တော့မည်၊ အလုပ်သမားများအပေါ် မတရားပြုမှုများ ကင်းဝေးစေတော့မည်ဟု မျှော်မှန်း ဝမ်းသာလို့မှမဆုံး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် အဖမ်းအဆီးတွေ စိပ်လာသည်။
" ရွှေ့ပြောင်း အလုပ်သမားများအရေး နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံသက်ဆိုင်ရာအာဏာပိုင်များ အကြား ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ခြင်းဖြင့် အလုပ်သမားများအား မလိုလားအပ်သောနစ်နာ ဆုံးရှုံးမှုများမှ ကာကွယ်တားဆီးပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ "
လို့ နိုင်ငံတော်အတိုင်ပင်ရုံး ရဲ့ စာမျက်နှာမှာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်တာမှာ ရေးထားတဲ့အထဲ ဖတ်ရပါသည်။
လက်တွေ့မှာတော့ အထောက်အထား အခိုင်အလုံ ရှိပါသည်။ အလုပ်လုပ်ခွင့် ပါမစ်လည်း ရှိပါလျက် အလုပ်သမားတွေကို ဖမ်းသည်။ အကြောင်းပြချက်ကတော့ ခွင့်ပြုချက်ရထားသည့် ဝပ်ပါမစ်ထဲက အလုပ်ရှင်မတူလို့ပါလို့ ဆိုလေသည်။ မြန်မာပြည်ဘက်က အေးဂျင့်တွေ သတိထားစရာဖြစ်သည်။ ပတ်စ်ပို့၊ ဝပ်ပါမစ် ရှိပြီ တဖက်နိုင်ငံရောက်က အလုပ်တစ်ခုခု ရရင်ပြီးတာပဲ ဆိုကာ လွှတ်လိုက်၍ မရပါ။ တဖက်နိုင်ငံရဲ့ ဥပဒေအရ ဝပ်ပမစ်လျှောက်စဉ်က ခွင့်ပြုချက်ယူထားသည့် အလုပ်ရှင်နှင့် လုပ်ငန်းအမျိုးအစားသာ လုပ်ခွင့်ရတာ ဖြစ်လေသည်။ ကြားက အဖမ်းခံရသည့် အလုပ်သမားတွေ အဖို့ မသက်သာလှပေ။
စာရေးနေရင်းက အာအက်ဖ်အေ သတင်းကို နားထောင်နေရာ ရုတ်တရက် အံ့ဩမိသွားသည်။ အလုပ်သမားတွေ အဖမ်းခံရသည့် သတင်းက တိုင်တိုက်ဆိုင်ဆိုင် လွှင့်နေသည်။ စာရေးရင်းက ခေတ္တရပ်ကာ နားထောင်မိသည်။ အလုပ်သမားအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ယောက်နှင့် မေးမြန်းတာ နားထောင်ရသည်။
မဟာချိုင်မှာ အလုပ်သမားတွေ တစ်ရာကျော် အဖမ်းခံရတဲ့အထဲက (၅၀) လောက်ပြန်လွှတ်ပေးလိုက်ပြီး ကျန်သူတွေကတော့ အဖမ်းခံရမည့်အခြေအနေ ဆိုက်နေပါသည်တဲ့၊ ပြန်လွှတ်လိုက်သူတွေက ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး အဖမ်းခံရဆဲ အလုပ်သမားအများစုက ခရမ်းရောင် ( ယာယီပတ်စ်ပို့) ကိုင်ဆောင်ထားသူများဖြစ်ပါတယ်တဲ့၊ မြန်မာအစိုးရက ထုတ်ပေးထားတဲ့ ခရမ်းရောင်ယာယီပတ်စ်ပို့က ထိုင်းအစိုးရကထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်လောက် အရာမရောက်တာလားလို့ တွေးမိကြောင်း အဆိုပါ ပုဂိုလ်က မေးပြောပြောတာ နားထောင်ရသည်။ အဓိကက အလုပ်ရှင်နာမည် မတူတာ ဖြစ်ပြီး အဲဒီလို မတူရတာကလည်း အလုပ်ရှင်ဟောင်းတွေက ညစ်ပြီး နာမည် မပြောင်းပေးလို့လို့ ပြောသွားသည်။ ထိုင်းနိုင်ငံဥပဒေအရ ဒဏ်ငွေ ဘတ်ငါးသောင်း ပေးဆောင်ရမှာ ဖြစ်တဲ့အတွက် မပေးဆောင်နိုင်ဖို့က များသည်။ မပေးနိုင်က ထောင်ဒဏ်(၄၈)ရက် ကျခံပြီး မြန်မာပြည်ကို ပြန်ပို့ခံရမှာ ဖြစ်တယ်လို့ ပြောသွာတာ နားထောင်လိုက်ရလေသည်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး အခုလို အဖမ်းအဆီးများလာတာနဲ့ ပတ်သက်ပြီး သတင်းထောက်ရဲ့အမေးကို အလုပ်သမားတွေအပေါ် ဥပဒေအရ ကာကွယ်ပေးဖို့ ၊ ဥပဒေအတိုင်း ဖြစ်ဖို့ ပြောသွားတဲ့အတွက် ထိုင်းအစိုးရက ဥပဒေနဲ့အညီ စတင်လုပ်ဆောင်တာမှာ အခုလို ပြဿနာတွေ ရှိထားတဲ့အတွက် ကြားက အလုပ်သမားတွေ ခံရတာလို့ သူက ပြောလေသည်။
ဒီကြားထဲ သတင်းတွေက စုံလှသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ခွင့်မရှိသည့် အလုပ်တွေ လုပ်နေတာတွေပါ စိစစ်ပြီး ဖမ်းနေတာဖြစ်သည်တဲ့၊ တကယ်လည်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကန့်သတ်ထားသည့် လုပ်ငန်းတွေ ရှိပါသည်။ အောက်ခြေသိမ်း အလုပ်တွေကိုသာ ပေးလုပ်တာဖြစ်သည်။ ဆောက်လုပ်ရေး၊ ပန်းရံ၊ ပန်းကန်ဆေး၊ ဈေးရောင်းအကူ၊ သန့်ရှင်းရေး၊ အိမ်အကူ စသည့် အလုပ်တွေကိုသာ ခွင့်ပြုထားတာ ဖြစ်သည်။ သို့သော် မြန်မာဆိုတာ ဉာဏ်ရည်ကောင်းသည်။ သွက်လက်ချက်ခြာ ဉာဏ်ပြေး လာဘ်မြင် ဆိုတော့ ဘယ်လိုအလုပ်ဖြစ်ဖြစ် ကျွမ်းကျင်သည်။ ဒါ့အပြင် ပညာအခြေခံ ကောင်းသည့် လူငယ်ကလေးတွေ အများအပြား တဖက်နိုင်ငံကို အလုပ်လုပ်ဖို့ လာနေကြတာ မို့ အမြောအမြင်ကြီးသည်။ တိုင်းပြည်အခြေအနေအရ စားဝတ်နေရေးအတွက် တဖက်နိုင်ငံမှာ အလုပ်လာလုပ်ရပေမယ့် ပညာတတ်ကလေးတွေလည်း ပါလာကြသည်။ အချို့ ဆယ်တန်းအောင်ပြီး တချို့ ဆိုပါက ဘွဲ့ရပြီးသူတွေတောင် ရရာ အလုပ်လုပ်ဖို့ ထွက်လာကြတာ ရှိသည်။ အဆိုပါ လူငယ်ကလေးတွေအဖို့ ရောက်ကာစ ရရာ ဝင်လုပ်ပေမယ့် နောက်ပိုင်းမှာ သူတို့ လုပ်နိုင်တဲ့ အခြေအနေရှိတဲ့ဆီ ကူးပြောင်းသွားကြတာ ဖြစ်သည်။ ကွန်ပျူတာတတ်အောင် သင်ပြီး 7 -11 လို စတိုးဆိုင်မျိုးတွေ၊ တက်စ်ကို လို ဈေးဝယ်စင်တာတွေမှာ မြန်မာလူမျိုး အရောင်းစာရေးတွေ တွေ့လာရသည်။ အောက်ခြေအလုပ်တွေထက်စာရင် ဒီလို အလုပ်တွေမှာ မြန်မာတွေ လုပ်နေတာ မြင်ရတိုင်း သူတို့အတွက် ဝမ်းသာပေးရသည်။ တချို့ဆိုပါက အရင်းအနှီးလေး စုမိဆောင်းမိရှိလာက ကိုယ်ပိုင် လက်တွန်းလှည်းတွေဖြင့် စားစရာ ဆိုင်ကလေးတွေ ရောင်းကြသည်။ ဆိုင်ပိုင်ရှင်လေးတွေ ဖြစ်လာကြသည်။ တကယ်တန်းကျ ဥပဒေအရ ကိုယ်ပိုင်ဆိုင် ဖွင့်ခွင့် မရှိ၊
တချို့ ထိုင်းအလုပ်ရှင်တွေ ဆိုပါက မြန်မာတွေက ဉာဏ်ပြေးပြီး ဖြတ်ထိုးဉာဏ်ကောင်းကာ မပျင်းမရိ ဇွဲရှိ သစ္စာရှိသည့်အတွက် မြန်မာအလုပ်သမားကို ဆိုင်အပ်ကာ သူ့ခြေသူ့လက် အပ်ထားတာပင်ရှိသည်။ အဆိုပါ မြန်မာအလုပ်သမားက အလုပ်ရှင်၊ ပိုင်ရှင်နှယ် စီမံခန့်ခွဲတာ ဖြစ်သည်။ တခါက ခရီးသွားကုမ္မဏီတစ်ခုမှာ လက်မှတ်ဝယ်တော့ ကြုံတာ သတိရသည်။ စာရေးက မြန်မာဖြစ်ပြီး သူ့အလုပ်ရှင်က ခရက်ဒစ်ကဒ်နံပါတ် နှစ်ခါမှားပေးတဲ့အတွက် လက်မှတ်ဝယ်တာ အဆင်မပြေဖြစ်တော့ သူ့အလုပ်ရှင်ကိုပင် ဟောက်လိုက်သေးသည်။ အလုပ်ရှင်က သူ့ကို အခါခါ တောင်းပန်ရင်း လျှာတစ်လစ်ထုတ်ကာ ပခုံးတွန့်ပြသည်။ သူ့စာရေးကို မေးငေါ့ပြရင်း မလွယ်ဘူး ဆိုသည့် ဟန်လုပ်ပြလေသည်။
ဥပဒေကရှိနေပေမယ့် အလုပ်သမားလိုအပ်ချက်အရ ထိုသို့ လုပ်နေကြ၊ ခန့်ထားကြတာတွေ များစွာ ရှိပါသည်။ ယခင့်ယခင်က ဒီအတိုင်း အဆင်ပြေရင်ပြီးရော လွှတ်ထားပြီးမှ ယခုမှ ဘာ့ကြောင့် အရေးတကြီး ထဖမ်းပါလိမ့် စဉ်းစားစရာတွေ ဖြစ်လာသည်။ ထိုင်းနိုင်ငံရေးကလည်း ရှုပ်ရှုပ်ထွေးထွေး မဟုတ်လား၊ လက်ရှိ ခေါင်းဆောင်နေတာက စစ်တပ်။ လူထုက ထောက်ခံထားတာက သတ်သတ်၊ ဒါ့အပြင် ရှပ်ဝါ၊ ရှပ်နီ ပါတီတွေရဲ့ အင်အားတွေက အာဏာပိုင်အဖွဲ့အစည်း၊ ဝန်ထမ်းနဲ့ ကျောင်းဆရာလောကတွေမှာပါ အတွင်းကျကျ ရှိသည်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအစိုးရနဲ့ ထိုင်းစစ်ခေါင်းဆောင်တွေ သဘောမျှသွားမှာ မကြိုက်တာလား၊ ဒါ့ကြောင့် ထိုင်းစစ်ခေါင်းဆောင်တွေနဲ့ သဘောတူလက်မှတ်ထိုးပြီး ဘာမှမကြာ ဖမ်းတယ် ဆီးတယ် လုပ်ကြတာလား စဉ်းစားစရာ၊
နောက်တချက်က အလုပ်သမားတွေ တင်မက ချင်းမိုင်မှာတော့ ယဉ်ထိန်းရဲတွေ လမ်းဆုံ လမ်းခွ တွေမှာ သည်းသည်းမည်းမည်း ဖမ်းနေတာ ထူးခြားနေပြန်သည်။ တဖွဲ့မှာ ဆယ်ယေက်ခန့်ရှိပြီး ပိတ်ဆို့ကာ ဖမ်းသည်။ ဦးထုပ်မဆောင်းက ဖမ်းသည်၊ ဦးထုတ်ဆောင်းထားက လိုင်စင်စစ်သည်၊ လိုင်စင်ရှိက ဆိုင်ကယ်လိုင်စင် စစ်သည်။ အကုန်ရှိက ဘယ်ကလာသလဲ မြန်မာ ဆိုက အလုပ်သမားကဒ်ရှိသလား၊ ဘာရှိလား စစ်သည်။ နောက်ဆုံး ငွေထွက်သွားမှ အစစ်ရပ်သည်။ မထွေးကို အမိဖမ်းဖို့ မဟုတ်လား၊
ဒီရက်ပိုင်း အဖမ်းအဆီးတွေကြားမှာ ဟိုလူးဖြင့် ထိပြန်ပြီ။ ဒီလူဖြင့် ပေးရပြန်ပြီ ကြားရတော့ ချင်းမိုင်ကို ရောက်ကာစ ကမ္ဘာ့ဖလားဘောလုံးပွဲနှင့် ကြုံတုန်း မြန်မာအချင်းချင်း သတိပေးတာ ပြန်အမှတ်ရမိလေသည်။
" အသွားအလာ ဆင်ခြင်ကြ ဘောပွဲပြီးရင် အဖမ်းကြမ်းမယ်" တဲ့
သူတို့ ပြောတာ ဘာပါလိမ့် သိချင်၍ မေးကြည့်ရာ ထိုင်းရဲတွေက ဘောလုံးပွဲ လောင်းကစား အင်မတန်လုပ်ကြောင်း၊ မြန်မာတွေ မန်ယူကြိုက်သလို သူတို့က လီဗာပူးအသင်းကို အသေကြိုက်ကြောင်း၊ ဘောလုံးပွဲမှာ ဘယ်လို အခြေအနေဖြစ်နေပါစေ လီဗာပူးအသင်းဖက်ကသာ လောင်းကြကြောင်း၊ လီဗာပူးအသင်း ရှုံးပြီး နောက်နေ့ ဆို အဖမ်းအဆီးများကြောင်း သိရလေတော့သည်။ ပရီးမီးယာလိခ် ပွဲစဉ်တွေ ရှိက "လီဗာပူးနိုင်ပါစေ" လို့ပင် ဆုတောင်းပေးဖြစ်သည်။ ဒါမှ နောက်နေ့ အလုပ်သမားတွေ အဖမ်းမခံရမှာ မဟုတ်လား၊
အခုလည်း ယူရို( ၂၀၁၆) ဘောလုံးပွဲ ရှိနေတာ သွားပြီး သတိရလိုက်သည်။ တိုက်ဆိုင်တာလား တကယ်လား ၊ ဘယ်လိုဖြစ်ဖြစ် ယူရို (၂၀၁၆) နောက်ဆုံးဗိုလ်လုပွဲ ပြီးတဲ့ နောက်ရက် သတိထားကျပေါ့၊ ပြီးသွားလို့ အဖမ်းအဆီးရပ်သွားရင်တော့ နိုင်ငံရေးလား၊ ဘောပွဲအရေးလား မှန်းဆရတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ နိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးဟာ သူတို့အတွက်တော့ ဘာအရေးကြုံကြုံ ထုတ်လို့ရတဲ့ ငွေထုတ်စက်တွေပေါ့၊ မြန်မာအလုပ်သမားတွေဟာ ထိုင်းရဲတွေရဲ့ ATM လို့ စိတ်ပျက်လက်ပျက် ရေရွတ်တဲ့ အလုပ်သမားဦးလေးကြီးတယောက်ရဲ့အပြောက နားထဲကမထွက်၊ မြန်မာအလုပ်သမားတွေ ရှိသေ၍ ပင်လယ်ရေဘယ်မခန်း မထွေး အမိဖမ်းလုပ်နေကြအုန်းမှာလို့ မသက်မသာ တွေးလိုက်မိရင်း မကြာခင် အချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အားလုံး ဥပဒေနဲ့အညီ စဉ်းမျဉ်းစည်းကမ်းနဲ့အညီ အလုပ်လုပ်ကြရသည့် သူတွေ ဖြစ်လာကြပါစေလို့ ဆုတောင်းယုံမှတပါး အခြားမရှိလေပြီ။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment