July 3, 2016

" သတင်းအစုံအလင်မှာ....................."၄ရက်ဇူလိုင် အတွဲ(၅) အမှတ်(၂၅) ဒီလှိုင်းစာစောင် မှ


ရက်ပိုင်းလေးအတွင်းမှာ ကြားရတဲ့ သတင်းဆိုးတွေက အမျိုးသမီးတွေအကြောင်း ဖြစ်နေတာ တမင်တကာ ဖန်တီးရင်တောင် အဲဒီလောက် အကြောင်းစုံပါ့မလား တွေးနေမိလေသည်။ စာရေးတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝအကြောင်းတွေကို တွေ့မြင် သိရှိပြီး ရေးရတာကို လက်တွေ့ပေမယ့် ဆိုးရွားလှတဲ့ အကြောင်းတွေကို ရေးရတဲ့အခါ ရေးနေရင်း ရပ်တန့် ၊ ဆက်မရေးပဲ နောက် အကြောင်းအရာ တစ်ခုဆီ ပြောင်းပစ်လိုက်တာမျိုး မကြာခဏ ကြုံရသည်။ ယခုသော် မရေးချင်ပဲ ရေးလိုက်ရသည့်စာလို့ ပြောပါက ရမည်ထင်ပါသည်။ မရေးချင်သောလည်း ရေးကိုရေးမှ ဖြစ်မည်မို့ ရေးမိရပါသည်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ အနီးက ဟွေ့ခွမ်မြို့နယ် ရာ့ခ်ျဒါးဖိဆစ်နယ်မြေရှိ Nataree Massage Enteratainment အမည်ရ အနှိပ်ခန်းတခုမှာ အသက်မပြည့်တဲ့ မိန်းကလေးတွေကို လိင်အလုပ်သမားအဖြစ်စေခိုင်းကြောင်း စုံစမ်းသိရှိချက်အရ ထိုင်းပြည်ထဲရေးဌာန၊ လူကုန်ကူးမှု နှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲ၊ စစ်တပ် နဲ့ NVADER အန်ဂျီအိုတို့ ပါဝင်တဲ့ ပူးပေါင်းအင်အား( ၁၀၀) ကျော်နဲ့ ဇွန်လ( ၇) ရက် ည (၈ ) နာရီအချိန်က ၀င်ရောက်စီးနင်းခဲ့တာမှာ လိင်အလုပ်သမား (၁၀၀) ကျော်ဖမ်းမိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သတင်းမှာ မြင်လိုက်ရပါသည်။ မြန်မာတိုင်းရင်းသူ သတင်းထောက်အမျိုးသမီးကတော့ မြန်မာနိုင်ငံသား (၁၀၀) ကို ဖမ်းမိတာဖြစ်ပြီး အားလုံးမှာ ရှမ်းပြည်က လာရောက် သူများ ဖြစ်တယ်လို့ ဆိုပါသည်။
သတင်းကြည့်ပြီး ဆက်စပ်တွေးလိုက်မိသည်က မိုးမဆုံးမြေမဆုံး၊ လွတ်လပ်ရေးရပြီး ၁၉၄၈ခုနှစ်ကနေ ၂၀၁၅ခုနှစ် အထိ မြန်မာပြည်သားတို့ရဲ့ ကံကြမ္မာ၊ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ အကြောင်းအရာတွေကို စိတ်ထဲက အတွေးအတိုင်း လက်တွေ့ရေးပါက စာဖွဲ့ကုန်နိုင်ပါ့မလား၊ အတိဒုက္ခ ရောက်ရသည့် မြန်မာတိုင်းရင်းသားတွေရဲ့ မျိုးဆက်ဘယ်နှစ်ဆက်အထိ ဒီလို ဒုက္ခတွေ ၊ နာမျက်ပျက်စရာတွေ ရှိနေအုန်းမှာပါလဲ။
ထိုင်းနဲ့ မြန်မာ ဘောလုံးပွဲတွေ ကန်စဉ်က လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးကြပြောကြ ကောမန့်တွေ ရေးကြတာမှာ " ထိုင်းဆိုတာ အလကားပါကွာ မင်းတို့ နိုင်ငံက နာမည်ကျော် ပြည့်တန်ဆာ နိုင်ငံပါကွာ " လို့ တစ်ယောက်က ရေးလိုက်သည်။ နောက်တစ်ယောက်က " အဲဒီလို သူများကို မပြောနဲ့ ထိုင်းက ပြည့်တန်ဆာအလုပ်တွေမှာ မြန်မာတွေချည်းပဲ" လို့ ပြန်ရေးတာ ဖတ်ရဖူးသည်။
တခါတုန်းက ကျောင်းက ဆရာမတစ်ယောက်က " ဒီမနက် ကျောင်းလာတာ မြင်ခဲ့ရတာ စိတ်မကောင်းဖြစ်ပြီး ရင်ထဲ တမျိုးကြီးဖြစ်နေတယ်" လို့ ဆိုသည်။ ကျောင်းကို မလာခင် လမ်းမကြီးပေါ်ကနေ လမ်းချိုးဝင်ရတာဖြစ်သည်။ အဆိုပါ လမ်းမကြီးပေါ်မှာက ညဆိုရင် ကာရာအိုကေ ဆိုင်ခန်းတွေ၊ ကလပ်တွေ ပြည့်နေတာဖြစ်သည်။ ပေါင်တို၊ လက်တို လည်ဟိုက် တွေဖြင့် မိန်းကလေးတွေ ဆိုင်ရှေ့မှာ ခြေချင်းချိတ်ထိုင်နေကြတာ၊ တယောက်နဲ့တယောက် ရယ်ရယ်မောမော စကားတွေ ပြောနေကြတာ၊ မိတ်ကပ်ဖို့ နှုတ်ခမ်းနီဆိုး ပုံစံအမျိုးမျိုး တွေ့ရသည်။ တစ်ယောက်မှ နုံချာချာ စုပ်ပြတ်ပြတ်မရှိ၊ မျက်နှာတွေမှာ မိတ်ကပ်အပြည့်ဖြင့် ဖွေးဖွေးဆွတ်နေသလို မွှေးကြိုင်တောက်ပြောင် ရဲဗလောင်းခပ်နေတာဖြစ်သည်။ ဘယ်လို မိန်းကလေးတွေပါလိမ့်၊ ဘယ်က လာပြီးအလုပ်လုပ်ကြတာပါလိမ့်၊ မိဘမောင်ဖွားတွေ သိကြရဲ့လား အတွေးက ဖြတ်သွားတိုင်း ပေါ်သည်။
" ဆိုင်ရှေ့ မြေကြီးပေါ်မှာ တုံးလုံးလေးပေါ့၊ မိန်းကလေး နှစ်ယောက်တောင်မှ၊ နေရောင်က မျက်နှာကို ထိုးနေတာတောင် အိပ်ပျော်နေတာ၊ လှလိုက်တာလည်း ပြောမနေနဲ့၊ ညကလိမ်းထားတဲ့ မိတ်ကပ်တွေက ဖွေးလို့ ၊ အသားအရေက ဝင်းနေတော့ နေထိုးထားတာ လှလိုက်တာ ဒါပေမယ့် ဘယ်လောက်တောင် သောက်ထားတယ်မသိ၊ ဧည့်သည်တိုက်တိုင်း သောက်ရတယ်ထင်ပါရဲ့ မူးပြီး အိပ်ပျော်နေတာ" ဆိုသည့် အပြောကို ထိုင်းတွေလည်း မလွယ်ဘူးနော် လို့ ပြောလိုက်ရာ နားထောင်နေသည့် အခြားဆရာမတွေကပါ ဝိုင်းပြီး " မြန်မာတွေ လေ၊ အဲဒါ ရှမ်းတွေ " လို့ တပြိုင်ထဲ ပြောပါတော့သည်။
" အဲဒီ ဆိုင်တန်းအားလုံးမှာ အလုပ်လုပ်နေကြတာ ရှမ်းတွေချည်းပဲ၊ တချို့က မြန်မာစကား ကောင်းကောင်းပြောတတ်တယ်၊ တချို့က မပြောတတ်ဘူး နားလည်တယ်၊ တချို့ မြန်မာစကားမတတ်တာရှိတယ်၊ ငယ်ငယ်ရွယ်ရွယ် လှလှပပလေးတွေချည်းပဲ၊ ကျနော်တောင် ကျောင်းဆက်တက်ချင် လာခဲ့ကြ ဒီမှာ မြန်မာပြည်သားတွေကို စာသင်ပေးနေတဲ့ ပေါင်းကူးပညာရေးကျောင်း ရှိတယ်လို့ ပြောပြဖူးတယ်" လို့ ဒါရိုက်တာဖြစ်သူ ဆရာက ဟုတ်မှန်ကြောင်း ဝင်ပြောပြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာပြည် ရှမ်းပြည်နယ်နှင့် နယ်နမိတ်ချင်း တဆက်တစပ်ထဲ ရှိတာမို့ ချင်းမိုင်မှာ ရှမ်းလူမျိုးတွေ အများစု အလုပ်လာရောက်လုပ်ကိုင်ကြတာ ဖြစ်သည်။ အိမ်အကူ၊ စားပွဲထိုး၊ သန့်ရှင်းရေး၊ ဆောက်လုပ်ရေး၊ ဈေးရောင်းအကူ၊ ဆိုင်အကူ၊ မာဆတ်၊ ကာရာအိုခေ စသဖြင့် အလုပ်ပေါင်းစုံမှာ ဝင်ရောက်လုပ်ကြသည်။ မာဆတ်တို့ ကာရာအိုခေတို့ ဆိုတာက လိုင်စင်နှင့် အမှန်တကယ် လုပ်ကိုင်နေတာရှိသလို ငွေရလွယ်သည့် ပြည့်တန်ဆာဘဝ မသိမသာ လိုက်ပါသွားကြသူတွေလည်း ရှိလေသည်။ ပိုင်ရှင်က ထိုင်းလူမျိုးတွေဖြစ်ပြီး မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားတို့လည်း မာဆတ်တွေမှာ လုပ်ကြသည်။ အနှိပ်ခန်းမှာ ပြည့်တန်ဆာ လုပ်ငန်းမလုပ်သည့်တိုင် လာရောက်သည့် ဧည့်သည်နှင့် ချိတ်ဆက်ကာ လုပ်ကြတာတွေ ဖြစ်သည်။ ငွေနောက်ကို လိုက်တယ်လို့ ပြောရအောင်လည်း မြန်မာပြည်မှာ ကျန်ခဲ့သည့် မိသားစုကို ငွေပို့ဖို့ သူတို့နည်းသူတို့ဟန်ဖြင့် ငွေများများရအောင် ရှာကြတာဖြစ်သည်။ အရွယ်လေးတွေကြည့်ပြန်တော့ နုနယ်ပျိုမျစ်သည့် အရွယ်ကောင်းလေးတွေ၊ ဘယ်သူ့ကို ပြောရမလဲ၊ ဘယ်သူတွေက သူတို့လေးတွေ ဘဝကို ကယ်တင်နိုင်မှာပါလဲ၊ အစိုးရကယ်ပါ၊ ကယ်ပါ အစိုးရ၊ လို့ပဲ ရေရွတ်နိုင်တော့သည်။
အဆိုပါ သတင်းကြည့်ရပြီး နှစ်ရက်နေတော့ ကျောင်းက ဆရာမတစ်ယောက်ကပဲ သတိတရနဲ့ " ဆရာမ စာရေးလို့ရမယ့် အကြောင်းအရာတွေ အများကြီးသိလား၊ ဆရာမကို နောက်ရက်ကျ ခေါ်သွားမယ်တဲ့ " ပြောလေရာ " ဘယ်ကိုလဲ "ဆိုတော့ "အမျိုးသမီးထောင်တဲ့"
သူပြောတဲ့ အမျိုးသမီးထောင်ကို ကိုယ်တိုင်ကိုယ်ကျ မသွားဖြစ်သေးတာတောင် ကြားရတာနဲ့ မျက်ရည်ဆို့ ရင်နာစရာတွေ ကြားရလေသည်။ သူပြောပုံအရ မြန်မာအမျိုးသမီး အကျဉ်းသူ တစ်ရာရှိသည်တဲ့၊ အော် ရာကျော်ချည့်ပဲလို့တောင် အတွေးပေါ်မိသည်။ သေဒဏ်ကျခံနေရသည့် အမျိုးသမီးရှိသည်တဲ့၊ ဘာမှုတွေလဲ အမေးကို အများဆုံးက မူးယစ်မှုတဲ့။ ခိုးမှုက နှစ်မှု၊ လူသတ်မှု တစ်မှု၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်မှုက နှစ်မှု၊ အဆိုပါနေ့က ရက်ပြည့်လို့ တစ်ယောက်လွတ်သွားတဲ့အတွက် (၉၉) ယောက်ရှိသတဲ့၊ (၉၅) မှုက မူးယစ်မှုလို့ ပြောရမည်ပင်၊
ကြားဖူးနားဝဖြင့် မူးယစ်မှုဆိုတော့ မသိနားမလည်ပဲ ထောင်ကျနေကြတာတွေ ရှိမှာပေါ့ အပြောကို အဆိုပါ ဆရာမက အဲဒါတွေအများဆုံးပဲ၊ တချို့က တကယ်ကို သယ်တာ အမှတ်တကယ် ပြစ်မှု ကျူးလွန်တာ၊ တချို့က သူငယ်ချင်းက ထည့်ပေးလိုက်တာ၊ တချို့က ဒါသယ်ပေးရင် ပိုက်ဆံ ဘယ်လောက်ရမယ်ဆိုလို့ ဘာမှန်းမသိပဲ သယ်ရင်း အဖမ်းခံရတာ၊ တချို့က လူကြုံပေးလိုက်လို့ ယူလာရင်း မူးယစ်ဆေး ဖြစ်နေတာ၊ စုံပါသည်။ ဆန်းတာကတော့ ဆေးပြား(၂၀) သယ်တာချင်း အတူတူမှာ တစ်ယောက်က (၂)နှစ်ပဲ အပြစ်ဒဏ်ခံရပြီး၊ တစ်ယောက်က တသက်တစ်ကျွန်းတဲ့၊ ဥပဒေအရ လက်ဝယ်သက်သေနှင့် မိထားပြီဆိုက ဝန်ခံလျင် အပြစ်လျှော့ပြီး ငြင်းဆန်က အပြစ်ကြီးသည် ဆိုလေရာ အဆိုပါ ဆေးပြား(၂၀) သယ်လာသူမှာ သူလုပ်တာမဟုတ်၊ သူမသိကြောင်း ငြင်းဆန်ခဲ့ပုံရသည်။ တစ်သက်တစ်ကျွန်းတဲ့၊ မသိနားမလည်ပဲ ယူလာ၊ ဥပဒေနားမလည်၊ ရှေ့နေရှေ့ရပ်လည်း မငှားနိုင်ဖြင့် အပြစ်ဒဏ်ကျခံနေရတာဖြစ်သည်။
တချို့ဆို အိမ်က ဒီလိုဖြစ်နေတာ မသိ၊ သူတို့ကို လာတွေပေးမယ့်သူ နတ္ထိ၊ အဆိုပါဆရာမကို မြင်တဲ့အခိုက် ဝမ်းသာပြီး ဖက်ငိုကြ၊ အိမ်ကို ဆက်သွယ်ပေးဖို့ လိပ်စာတွေ ပေးကြတဲ့၊ သူတို့မှာ စာဖတ်ခွင့်ရှိသည်။ စာကြည့်တိုက်လည်း ရှိသည်လို့ သိလာရတော့ နောက်တစ်ကြိမ်မှာ ထောင်ကို လိုက်သွားပြီး စာအုပ်လှုပေးဖို့နဲ့ အနွေးထည်တွေ လိုတယ်အပြောကို အနွေးထည်တွေပါ ယူသွားမယ်လို့ စီစဉ်ထားပါသည်။
အဆိုပါ သတင်းကြားတဲ့ နေ့က အမျိုးသမီးတွေရဲ့ ဘဝတွေကို တောင်စဉ်ရေမရ တွေးတောလို့ မဆုံးသေး၊ ဖေ့စ်ဘွတ်မှာ မိတ်ဆွေ တစ်ယောက် ရှယ်လိုက်သည့်သတင်းက မထိတ်သာ မလန့်သာ၊ ယောင်္ကျားဖြစ်သူက အရက်မူးပြီး သောင်းကျန်းကာ မိန်းမနှင့် သားကို ဒါးဖြင့်လိုက်ခုတ်သည်။ သားမှာဒဏ်ရာအနည်းငယ်ရသည်။ အိပ်ပျော်သွားတဲ့ ခင်ပွန်းကို မိန်းမက ဒါးဖြင့် လည်ပင်းကို ခုတ်ထစ်သတ်လိုက်သည်။ ပုံထဲမှာ အမျိုးသမီးကို ရဲတွေက စစ်ချက်ယူနေဟန်ရှိသည်။ အမျိုးသမီးကြည့်ရတာ သူ့အလုပ်သူလုပ်ပြီးလို့ အေးဆေးနေဟန်၊ ကြည့်နေရင်း ရင်တွေ ပူလာသည်။ သွေးအိုင်ထဲမှာ တုံးလုံးပက်လက်ကြီး ဘေးထားပြီး မေးနိုင် ဖြေနိုင်ကြသည်။ ရှယ်လိုက်သည့် မိတ်ဆွေက " အမျိုးသမီးတို့ရေ ရှေ့နေ(၁၀၀)လောက်ငှားပြီး ဒီအမျိုးသမီးဖက်က လိုက်ပေးလိုက်ကြပါတဲ့"
အမျိုးသမီးနဲ့ အမျိုးသား တန်းတူရေးတွေ ၊ အမျိုးသမီးအရေး ဦးစားပေးတွေ ၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားရေးတို့ အသာထား ၊ လက်တွေ့ဘဝ အမျိုးသမီးတွေရဲ့ ဘဝမှာ ဒုက္ခဆင်းရဲတွေ များလှသည်။ တချိန်က မြန်မာအမျိုးသမီးဆိုတာ အိမ်သူအိမ်သား မိသားစုကို စီမံခန့်ခွဲကာ အိမ်တစ်အိမ်ရဲ့ အသက်၊ ဘဏ္ဍာစိုး၊ အတိုင်ပင်ခံဖြစ်ခဲ့ရသည်။ ယခုသော် အမျိုးသမီးတွေမှာ မလုပ်သင့်သော အလုပ် ၊ မပြုသင့်သော ကိစ္စတွေ ကျူးလွန်နေကြရသည်။ မနေသင့်သော အရပ်တွေမှာ ရောက်ရှိကြရသည်။ အနာဂတ်ကို ဖြတ်သန်းဖို့ ဘဝဆိုးတွေ ကြုံနေကြရသည်။ ဘယ်သူ ကယ်နိုင်မလဲ၊
ဥပဒေဆိုတဲ့ စာအုပ်အတိုင်း တရားသူကြီးက အမှန်တရားလို့ ဆုံးဖြတ်ပေးလိုက်သည်၊ တကယ်အမှန်တရားကား အဆိုပါ ဥပဒေရဲ့ အနောက်မှာ သတ်သတ်ရှိနေသေးတာပဲ ဖြစ်လေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment