ကိုအောင်ဇော်မင်း ( ချိုတူးဇော်) ကို ကိုယ့်ရဲ့မောင်ဖြစ်တဲ့ ရဲလင်းရဲ့ ရဲဘော်ရဲဘက် တစ်ယောက်ဆိုတာ သိပေမယ့် လူချင်းသေချာ မဆုံခဲ့ပါဘူး။ ကို အောင်ဇော်မင်း ( ချိုတူးဇော်) ရဲ့ နောက်ကျောကိုသာ မြင်ဖူးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ပတ်သက်ပြီး စာစောင်၊ မဂ္ဂဇင်းတွေမှာ ဓါတ်ပုံတွေတွေ့ရတဲ့အတွက် မျက်နှာကို မြင်ဖူးပြီး အောင်ဇော်မင်း ဆိုတာပဲလို့ သိမှတ်ထားတာပါ။ နောက်ကျောကိုသာ မြင်ဖူးခဲ့တဲ့ အကြောင်း ပြောပြပါအုန်းမယ်။
အဖေနဲ့အမေက သူ့သားကို တွေ့ပြီးတဲ့နောက် စိတ်အနည်းငယ် အေးသွားပါတယ်။ အမေကတော့ အားတင်းလိုက်ပုံရပါတယ်။ ကျန်းမာရေး ပုံမှန် ပြန်ဖြစ်လာပါတယ်။ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ ရှိနေတယ် ဆိုတာ သိထားပြီး လူကိုယ်တိုင်လဲ တွေ့ပြီး ဖြစ်တဲ့အတွက် စိတ်အေးသွားဟန်တူပါတယ်။ ဒါပေမယ့် ဘုရားမှာ ဆုတောင်းတာ၊ ဗေဒင်မေး ယတြာချေတဲ့ အလုပ်တွေတော့ ပိုလာတာပေါ့၊ အဲဒီမှာ အမေ့အတွက် စိတ်အေးစေတာက ရဲလင်းမှာ ဥပစ္ဆေဒကံ မပါဘူးဆိုတဲ့ ဗေဒင်ဆရာရဲ့ ဟောပြောချက်ပါ။ ဒါ့ကြောင့် အမေလဲ ကျန်းမာရေး ကောင်းလာပါတယ်။
အလံပြဘုရားလမ်းက အိမ်မှာ တွေ့ပြီး လအနည်းငယ် ကြာလာတဲ့အခါ ဘာသတင်းမှ မရပါပဲ အဆက်ပြတ်နေတော့ စိတ်အေးပေမယ့် အဖေနဲ့အမေမှာ စိုးရိမ်စိတ်တွေတော့ ရှိနေကြပါတယ်။
ဘဝမှာ မိသားစုရဲ့ အပူ ဆိုတာ ကွဲကွာခြင်း ဆိုတဲ့ အဲဒီအဖြစ်ပါပဲ။ ကိုယ်တို့ မိသားစုက ဆင်းရဲပါတယ်၊ ဒါပေမယ့် အဖေ့ရဲ့ သွန်သင်မှုကြောင့် ဆင်းရဲတာ ချို့တဲ့တာဟာ ကိုယ်တွေအတွက် စိတ်ပျက်စရာ၊ ဝမ်းနဲစရာ၊ ပူဆွေးစရာ၊ စိတ်ဓါတ်ကျစရာလို့ တစ်ခါမှ မတွေးခဲ့ကြပါဘူး၊ ပညာတတ်အောင်သင်၊ ပညာတတ်ရင် ကိုယ့်ဘဝကို အေးဆေးစွာ ရပ်တည်နိုင်ကြလိမ့်မယ်လို့ ခံယူထားကြလို့ပါပဲ။ ဒါ့ကြာင့် ဆင်းရဲတဲ့ မိသားစုပေမယ့် ပူပင်သောကက မိသားစုဝင်တစ်ယောက် အစိုးရနဲ့ ဆန့်ကျင်ရာက ပုန်းလျှိုးနေရတာ အပူကြီး တစ်ခု ဖြစ်နေတော့တာပါပဲ။ ဘယ်နေ့ အဖမ်းခံရမလဲ၊ ဖမ်းမိသွားပြီလား၊ ဘေးကင်းပါစေ စသဖြင့် ဆုတောင်းနေရတာပါ။
ဒီနေရာမှာ ဆင်းရဲချို့တဲ့ တဲ့ မဆလ ခေတ်က မိသားစုဘဝ သိရအောင် နဲနဲလောက် ပြောပြပါအုန်းမယ်။ ကိုယ့်အဖေက ဘဏ်မန်နေဂျာ၊ အမေက ကျောင်းအုပ်ဆရာမကြီးပါ၊ နှစ်ယောက်စလုံးက ရာထူးရာခံနဲ့ အစိုးရအမှုထမ်းတွေပါ။ နိုင်ငံတကာမှာဆို ထိုက်သင့်တဲ့ အစိုးရရဲ့ထောက်ပံ့မှုကြောင့် လူနေမှုအဆင့် တစ်ခုနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခွင့် ရနိုင်ပေမယ့် ကိုယ်တို့ မိသားစုက ချို့တဲ့စွာပဲ မိသားစုဘဝကို ရပ်တည်ခဲ့ရပါတယ်။ အဖေနဲ့အမေက ပညာကို ဦးစားပေးတာမို့ ကိုယ်တို့ မောင်နှမတစ်တွေ စာအင်မတန်ကြိုးစားပါတယ်၊ ညနေ(၆)နာ၇ီ ထိုးတာနဲ့ စာတွေအော်ကျက်ကြတာ၊ ည(၈)နာရိဆို တိတ် ၊ မီးရေနဲ့ငြိမ်းသလို ဆိတ်ငြိမ်ပြီး အိပ်ကြပါပြီ။ လမ်းထဲက လူကြီးတွေက ဖားတွေ အော်ပြီဟေ့လို့ ကျီစယ်ပြီး အင်မတန်သဘောကျပါတယ်။ စာမေးပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စာကျက်သံ အမြဲကြားနေရတာ ကိုယ်တွေ အိမ်ပဲ ရှိပါတယ်။
ကိုယ်တို့ မောင်နှမတွေ တက္ကသိုလ်တက်တာ စတိုင်ပင်လို့ ခေါ်တဲ့ ထောက်ပံ့ကြေး တစ်ယောက်မှ မရခဲ့ပါဘူး။ သူတို့ သတ်မှတ်တဲ့ အချက်အလက်တွေနဲ့ မကိုက်ညီလို့ပါ။ အမှန်တကယ်လိုအပ်ပေမယ့် မရပါ။ အဖေ့အလုပ်အကိုင်ရယ်၊ အမေ့အလုပ်အကိုင်ရယ် ကြောင့် အဖေအမေ အလုပ်ရှိတယ်၊ အဖေက ပြန်တမ်းဝင် အရာရှိ ဖြစ်နေတယ်၊ ကိုယ်ကိုယ်တိုင်ကလဲ လမ်းစဉ်လူငယ် ၊ ရှေကဆောင်လူငယ်၊ လမ်းစဉ်ပါတီဝင် တစ်ခုမှ မဟုတ်။ အဲဒီတော့ မရ။
အထက်တန်းကျောင်းတက်တုန်းက ကျောင်းဆရာသားသမီးဆိုပါက ကျောင်းလခ လွတ်ငြိမ်းခွင့် ရတာမို့ ကိုယ်တို့ မောင်နှမ တစ်လ(၃)ကျပ်ဆိုတဲ့ ကျောင်းလခ မပေးခဲ့ရပါဘူး။ ကျောင်းအပ်ရင်တော့ အများနည်းတူ ကျောင်းဝင်ကြေးတွေ ပေးရပါတယ်။
ဘောင်မဝင်လို့ မရတာလက်ခံနိုင်ပေမယ့် လွဲနေတဲ့ အချက်တွေ ရှိနေပါတယ်။ မိဘမရှိတဲ့ ကျောင်းသားကို ဦးစားပေး စဉ်းစားပါတယ်၊ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေ မရှိတဲ့သူဆိုလဲ ထဲ့စဉ်းစားပါတယ်။ အဲဒီမှာ တစ်ချို့က အဖေမရှိဘူး၊ နယ်ကနေ လာတက်ရတယ်၊ ဒါပေမယ့် တကယ်တန်းက အဖေမရှိပေမယ့် အမေက ဆီစက်တို့၊ ဆန်စက်တို့ကို ဦးစီးနေတာမျိုး၊ ဦးလေး အဒေါ် ဆွေမျိုးသားချင်းက လုပ်ပေးနေတာမျိုး ရှိပါတယ်။ တစ်ချို့ကျ လယ်တွေ ကျန်ခဲ့ပါတယ်။ အင်တာဗျုးမှာ လယ်လုပ်တယ်ပေါ့၊
အဲဒီ ကျောင်းသူက စတိုင်ပင်ရပါတယ်။ စတိုင်ပင်ထုတ်ရင် သူငယ်ချင်းတွေခေါ် စကော့ဈေးသွားပြီး
မုန့်ကျွေးတတ်ကြတယ်၊ ဈေးဝယ်တယ်။ အဲဒီခေတ်က တစ်လ(၆၀)ဆိုတာ မနည်းလှဘူး။ အမေ့ရဲ့ ကျောင်းအုပ်လခကမှ ၂၇၅ ကျပ်ရတာ။ အဲဒီလို လွဲချော်မှုတွေနဲ့ သတ်မှတ်ချက်တွေ ဆုံးဖြတ်ချက်တွေ ရှိခဲ့ဖူးပါတယ်။
ဆက်ရရင် အမေက သူ့သူငယ်ချင်း ဆရာမကြီးတွေနဲ့ ဆုံရင် သား ဘယ်ရောက်နေသလဲ မေးတိုင်း သူ့သားကို သတိရပြီး စိတ်ထိခိုက် တတ်ပါတယ်။ သူ့သားကြိုက်တတ်တဲ့ စားစရာ ချက်တဲ့နေ့ဆိုရင် သတိတရ ပြောနေတတ်တဲ့ အပြင် မကြိုက်တဲ့ ဟင်းချက်မိတဲ့ နေ့ဆိုရင်လဲ ဒီဟင်းဆိုရင် သူ မစားဘူးလို့ ပြောတတ်ပြန်ပါတယ်။
" ပိုက်ဆံမရှိ ဘာမရှိနဲ့ ဘာတွေများ စားနေပါလိမ့်၊ မကြိုက်တာလဲ စားနေရမှာပဲ '"
အဲဒီလို မကြာမကြာ ပြောတတ်ပါတယ်။
အခုနှစ်ပေါင်း အတော်ကြာလာလို့ အဲဒီတုန်းက အကြောင်းတွေ ပြန်ပြောဖြစ်ရင် ကျန်သေးတဲ့ သားသမီးတွေ မျက်နှာကြည့်ပြီး သူ့စိတ်ကို တင်းခဲ့ရတယ်လို့ ပြောပြတတ်ပါတယ်။
အတိအကျ မမှတ်မိတော့ပေမယ့် လအနည်းငယ်ကြာတဲ့အခါ ကိုယ့်စိတ်ထဲမှာ စိုးရိမ်စိတ် ဝင်လာပါတယ်။ ကိုယ့်မောင်လေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှကို မကြားရတဲ့အခါ အားကိုးစရာ ဘုရားသာရှိတာမို့ နေ့စဉ် မေတ္တာပို့ ဆုတောင်းပါတယ်။ ရဲလင်းက အဲဒီအချိန်မှာ အသက်(၂၀)ဆိုတော့ သူ့ရဲ့ သက်စေ့ သဗုဒေ~ဓ ရွတ်ပေးပါတယ်။ ဒီလိုနဲ့ ဘာသတင်းအစအနမှ မရတဲ့အခါ ကိုယ်လဲ စိတ်ကူးတစ်ခု ရသွားပါတယ်။ စိတ်ကူးဆိုပေမယ့် လူကြီးသူမတွေ ပြောတာ၊ တရားစာအုပ်တစ်ချို့မှာ ဖတ်ရတာကနေ ရသွားတဲ့ စိတ်ကူးပါ။ ဘုရားမှာ သစ္စာဆိုပြီး အဓိဌာန်ဝင်ရင် ပိုပြီး ထိရောက်တယ်၊ ဆုတောင်းပြည့်တယ် ဆိုတာကို သတိရလိုက်တာပါ။
ဒီလိုနဲ့ ကိုယ်က အမဲသားကို တစ်လတိတိ မစားပဲရှောင်ပြီး ရဲလင်းရဲ့ သက်စေ့ သံဗုဒေ`ဓ ဂါထာကို တစ်လတိတိ မပျက်မကွက် ရွတ်ဆို ပုတီးစိတ် ပူဇော်ပါမည်။ ဤတစ်လအတွင်းမှာ တပည့်တော်ရဲ့မောင်လေး ဖြစ်သူ ဗုဒ~ဓဟူးသား ရဲလင်းရဲ့ သတင်းကို သိရပါလို၏။ အဆက်အသွယ် ရရပါလို၏။ လို့ ဆုတောင်းပြီး အဓိဌာန်ဝင်ပါတယ်။ အမေ့ကိုတောင် မပြောပြပါဘူး။ အဓိဌာန်ဝင်တဲ့ အတွက် မနက်တိုင်း ဘုရားဝေယျာဝစ္စလုပ်မယ် ဆိုတာ ပြောပြီး အကြောင်းအရာကို မပြောပြထားပါဘူး။
ဒီအကြောင်းအရာက ကိုယ့်ဘဝမှာ ထူးခြားတဲ့ အမှတ်ရစရာ အဖြစ်အပျက်မို့ ပြောပြတာဖြစ်ပါတယ်။ ယုံကြည်မှုကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာမို့ ယုံကြည်ဖို့ တိုက်တွန်း ရေးပြတဲ့ သဘောမျိုးမဟုတ်ပါ။ ကိုယ်ကတော့ အဲဒီ နောက်ပိုင်းကတည်းက ဘာသာရေး ကိုင်းရှိုင်း သွားပြီး ဘုရားရှစ်ခိုး၊ ပန်းရေချမ်းလဲ၊ သောက်တော်ရေကပ် စတဲ့ ဘုရားဝေယျာဝစ္စ ကို မပျက်မကွက် လုပ်လာတာ ယနေ့အထိပါပဲ။
အဲဒီလို နေ့စဉ် ဘုရားရှစ်ခိုး အမျှဝေ ဆုတောင်း၊ အဓိဌာန်ပုတီး စိတ်လာတာ တစ်လပြည့်တဲ့ နေ့ကို ရောက်လာပါတယ်။ အဲဒီနေ့မှာ ကိုယ့်စိတ်က ဘဝင်မကျ ဖြစ်နေပါတော့တယ်။
" အော် ဒီနေ့ဆို အဓိဌာန်လဲ ပြည့်ပြီ။ ဘာသတင်းမှလဲ မကြားရ၊ ဒီနေ့ပြည့်ပြီဆိုတော့ တော်ပါပြီ ပုတီးစိတ်မနေတော့ပါဘူး" လို့
တွေးလိုက်ပြီး ဘုရားပန်းရေလဲ၊ သောက်တော်ရေကပ်ပြီး ပုံမှန်ပဲ ဘုရားရှိခိုးပါတယ်။ အချိန်ကတော့ မနက် ၉နာရီဆိုတာတော့ မှတ်မိပါတယ်။ နေ့စဉ်ပြုနေကျအတိုင်း မေတ္တာပို့ပြီးတဲ့အခါ သံဗုဒေ~ဓ သက်စေ့ရွတ်ပြီး ပုတီးစိတ်တာကို ရပ်မယ်လို့ တွေးလိုက်ပါသေးတယ်။ ပြီးတော့မှ တစ်လလုံးစိတ်လာပြီးမှ ဒီတစ်ရက်ကျန်တာ စိတ်မယ်ဆိုပြီး ကိုယ့်ကိုကို အားပေးရင်း ပုတီးဆက်ပြီး စိတ်ဖြစ်သွားပါတယ်။ အမေကတော့ အဲဒီအချိန်မှာ ညီမတွေနဲ့ မီးဖိုထဲမှာ ချက်ပြုတ်နေပါတယ်။ ပြန်စဉ်းစားကြည့်တော့ အမေ ကျောင်းမသွားပဲ အိမ်မှာပဲ ရှိနေလေတော့ အခြေခံကျောင်းတွေ ပြန်မဖွင့်သေးတဲ့ အချိန်ပါပဲ။ စာရေးနေရင်း အဖေ့ကို သတိရသွားတယ်။ အဖေက ဒိုင်ယာယီ ရေးတဲ့ အကျင့်ရှိတယ်။ အိမ်က စာအုပ်သေတ္တာတွေမှာ အဖေ့ရဲ့ ဒိုင်ယာယီက သေတ္တာတစ်လုံးရှိတယ်။ အဖေက အမေ့ကိုရော သားသမီးတွေကိုရော ဒိုင်ယာယီ ရေးတဲ့ အကျင့်လုပ်ခိုင်းတာ ၊ တစ်ယောက်မှ မရေးကြဘူး၊ အခုအချိန် စာရေးတော့မှ ဒိုင်ယာယီ မရေးခဲ့တဲ့ အဖြစ်ကို နောင်တရနေတယ်၊ ကိုယ့်ကိုယ်ကို အင်မတန် မှတ်ညာဏ်ကောင်းတဲ့သူလို့ တွေးထားခဲ့တာ တကယ်တန်း နှစ်တွေကြာလာတဲ့အခါ အကြောင်းအရာသာ မှတ်မိနေပြီး ရက် လ မပြောနဲ့ နှစ်အပိုင်းအခြားကို လက်ချိုးရေတွက် ပြန်နှုတ်နဲ့ စဉ်းစားနေရပြီ။
အဲ ပြန်ကောက်ရရင် ပုတီးစိတ်ရင်း ၂၁ပတ်မြောက် အရောက်မှာ အောက်ထပ်က လူတစ်ယောက်အသံ ကြားလိုက်ပြီး
အမေ့နာမည်ကို မေးတာ၊ ကိုရဲလင်း သူငယ်ချင်း စတဲ့ စကားသံ ရယ်
အမေ့ရဲ့ ဝမ်းသာအားရ ကပျာကယာ ထူးလိုက်တဲ့ အသံတွေ ကြားလိုက်ရတယ်။
ဒီနေရာမှာ(၂၁) ပတ်စိတ်ရတာက ကိုယ့်မောင်လေးက အသက်(၂၀)ဆိုတော့အသက်ကိုတစ်ပေါင်း တစ်ပတ်ပိုပြီး စိတ်ရတယ် ကြားဖူးတာမို့(၂၁) ပတ် စိတ်ရတာ။ ကိုယ့်နာမည်ကို အမေက လှမ်းခေါ်သံကြားရတယ်။ အမေက အံဩဝမ်းသာပြီး ဘာလုပ်ရမှန်းမသိတာမို့ နာမည်တွေ လျှောက်ခေါ်တာလို့ နောက်မှ ပြန်ပြောပြတာ။ ကိုယ်လဲ ဝမ်းသာအားရတာရော ကျေနပ်ကြည်နူးတာရော ဘယ်လိုပြောရမှန်းမသိအောင်ကို ကျေနပ် ပီတိဖြစ်တာ၊ အဲဒါနဲ့ မဖြစ်ဘူး၊ စိတ်ပျံ့လို့ မဖြစ်ဘူး၊ ဒီတစ်ပတ်ပြီးရင် အဓိဌာန်ပြည့်ပြီ၊ အောင်မြင်ပြီဆိုတာ သိလို့ စိတ်ကို စုစည်းပြီး သံဗုဒေ~ဓါထာကိုရွတ်ရင်း ပုတီးဆက်စိတ်ပါတော့တယ်။ ဒါတောင် အမေ့ရဲ့ " ဝမ်းသာလိုက်တာ သားရယ်၊ ကျေးဇူးတင်လိုက်တာ " ဆိုတဲ့ အသံနဲ့ တည်ငြိမ်ပြီး မွန်မွန်ရည်ရည် ဖြစ်တဲ့ အသံချိုချိုနဲ့ လူငယ်တစ်ယောက်ရဲ့ ကိုရဲလင်းဆိုတဲ့ နာမည်ကို ပြောပြောနေတဲ့ အသံကိုပါ ကြားနေရပါတယ်။
ကိုယ့်ရဲ့ အဓိဌာန်ပြီးဆုံးသွားတာကို ဘုရားမှာ သစ္စာဆိုပြီး ပုတီးကို အသာထားပြီး အောက်ထပ်ကို ဆင်မယ်အလုပ်မှာ ပြန်ပါအုန်းမယ် ဆိုတဲ့ နှုတ်ဆက်သံ ကြားရပါတော့တယ်။
ရဲလင်းနဲ့ပတ်သက်တဲ့ သတင်းအစအနကို လာပြောပြနေတဲ့ အဲဒီကျောင်းသား( အဲဒီတုန်းက ကျောင်းသားတစ်ယောက်လို့ပဲ သိတာ) ကို မမီတော့ဘူးဆိုတာ သိတဲ့အတွက် ကျေးဇူးတင်လွန်းလို့ တွေ့ချင်တာနဲ့ ကမန်းကတန်းပဲ ဝရံတာကို ထွက်ပြီး အပြေးကလေးပဲ ကြည့်လိုက်တဲ့အခါ ရှပ်အင်္ကျီအဖြူကိုလက်ခေါက်ပြီး ဝတ်ထားတဲ့ ခပ်ဖိုင့်ဖိုင့် ခန္တာကိုယ်နဲ့ ကျောခိုင်းသွားတဲ့ အောင်ဇော်မင်း ( ချိုတူးဇော်) ကို တွေ့ဖူးလိုက်တာပါပဲ။
ဒီနေရာမှာခပ်ဖိုင့်ဖိုင့်လို့ သုံးလိုက်ရတာက နောင်မှာ ဓါတ်ပုံတွေမှာ ကိုချိုတူးဇော်ကို တွေ့ရတိုင်း ကိုယ်တွေ့ခဲ့ဖူးတဲ့ ခန္တာကိုယ်ပုံစံမျိုး တစ်ခါမှ မတွေ့ရတော့ပါ။
အဲဒါက ထားဝယ်ကနေ တက်လာပြီး သူတို့ရဲ့ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးမှာ လူစုမိကြပြီး ရှေ့ဆက်လုပ်မှာတွေ ရှိတာမို့ ရဲလင်း အိမ်ပြန်လာရင် ပြဿနာ အရှာခံရ မရ မသေချာတဲ့ အတွက် ကိုအောင်ဇော်မင်းက မိဘတွေ စိတ်မပူအောင် လာတွေ့သွားတာပါ။ အဲဒီတစ်ခုနဲ့ပဲ ကိုအောင်ဇော်မင်း (ချိုတူးဇော်) ကို ကျေးဇူးများစွာ တင်နေဆဲပါ။ မိသားစုရဲ့ အပူမီးကို ရေနဲ့ဖြန်းလိုက်သလို စိတ်အေးချမ်းခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။

No comments:
Post a Comment