ဖတ်ဖူးသည့် စာထဲက
စကားလုံးတစ်ချို့ကို သတိရနေမိသည်။
" လူတွေမှာ ဘာပဲလုပ်လုပ် အဆင်ပြေသည့် အချိန် တစ်ချိန်တော့ ဘဝမှာ ရှိစမြဲ" တဲ့။ ဖြတ်သန်းခဲ့ရတဲ့ အသက်အရွယ် အရ ဒီလိုအချိန်တွေ များစွာ ကြုံခဲ့ဖူးသလို ခက်ခဲသည့် အချိန်တွေလည်း များစွာ ရှိခဲ့ဖူးလေသည်။ ခပ်ဝေးဝေးတောင် မဟုတ်၊ ၂၀၁၅ခုနှစ် ကုန်ဆုံးပြီး ၂၀၁၆ခုနှစ်ကို ကူးပြောင်းတော့မည် ဆိုသောအခါ ၂၀၁၄ခုနှစ်ကုန်၍ ၂၀၁၅ခုနှစ်ကို ကူးခါနီးမှာ ရေးခဲ့သည့် " နှစ်ထောင့်ဆယ့်လေးမှာ" ဆိုသည့် အက်ဆေးကို ပြန်ဖတ်ရင်း မနှစ်ကနဲ့ ဒီနှစ် ကိုယ့်ခံစားချက်တွေ မတူတော့တာ သတိထားမိလိုက်သည်။ http://khinekhinesawlwin.blogspot.com/2014_12_01_archive.ht…
" အားလုံးခြုံကြည့်လိုက်သည့်အခါမှာတော့ ၂၀၁၄ခုနှစ်က
ပုံမှန်အတိုင်းပါပဲ၊ စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လိုပေါ့၊
ကိုယ်စွမ်းသလောက်တော့ ကိုယ်ကျိုးးစားတာပါပဲ၊ အကောင်းဆုံးမဟုတ်တောင်
အလယ်အလတ်တော့ မကနိုင်ဘူးလို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်မိတာပေါ့လေ၊" ဒါလေး
ပြန်ဖတ်မိတဲ့အခါ လောကကြီးမှာ အဆင်ပြေအောင်နေဖို့ ကြိုးစားရင်း
ကိုယ့်ကိုယ်ကို မာန်တင်းထားတဲ့ မချိတချိအပြုံးလေးနဲ့ ရေးထားမိတာလို့
တွက်လိုက်မိသည်။ ထိုစဉ်က စိတ်ခံစားချက်ကနေ ထွက်လာတာ ဖြစ်မည်။
" ၂၀၁၄ခုနှစ်မှာ စာရေးသက်( ၄)နှစ်ပြည့်ပြီ၊ ချိုးလင်းပြာအမျိုးသမီးမဂ္ဂဇင်း၊ မောက္ခပညာရေးမဂ္ဂဇင်း၊ ကောင်းကင်အနုပပညာ မဂ္ဂဇင်း၊ ပြည်သူ့အရေး၊ ဗွိုက်စ်၊ စံတော်ချိန်နေ့စဉ်သတင်းစာ တွေမှာ စာတွေရေးရင်း ကျေနပ်မိသည်။
လာမည့်နှစ်သစ် ၂၀၁၅ ခုနှစ်မှာလည်း ကျရာနေရာမှာ ရပ်တည်ရင်း ကိုယ်စွမ်းသလောက် ကိုယ်ကျိုးစားဖို့ပဲ ပြင်ထားမိသည်။ အကောင်းဆုံးဖြစ်တာ မဖြစ်တာထက် ကောင်းအောင်တော့ တစ်နှစ်ထက်တစ်နှစ် ကြိုးစားပြီး နေသွားရပေအုန်းမည်။"
ဒါလေးက နှစ်ထောင့်ဆယ့်လေးမှာ ရဲ့ နိဂုံးချူပ်လေး၊ ကိုယ်ရေးထားတာ ကိုယ်ဖတ်ရင်း ကိုယ့်အဖြစ်တွေကို ပြုံးမိလေသည်။
ယခု စာရေးနေသည့် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ(၃၁) ရက်နေ့သည် ၂၀၁၅ခုနှစ်ရဲ့ နောက်ဆုံးနေ့ပဲ ဖြစ်သည်။ မနက်ဖန်ဆိုပါက (၂၀၁၆)ကို ကူးပြောင်းရောက်ရှိပေတော့မည်။ ထုံးစံအတိုင်း (၂၀၁၅) ခုနှစ်ကို လည်ပြန် ပြန်ကြည့်မိသော် ကိုယ့်အတွက် အကောင်းတွေ များလှသည်။ ဝမ်းသာစရာပေါ့၊ ဝမ်းသာစရာတွေ အများကြီးထဲကမှ အထင်ကရ အဖြစ်တစ်ခုကတော့ အမိမြန်မာပြည်ကို ပြန်လည် သွားရောက်နိုင်ခဲ့သည်။ ပြည်ပကို ရောက်ရှိပြီး (၅)နှစ် ကျော်လာသည့် အချိန်မှာ ကိုယ့်မွေးရပ်မြေ မဟာရန်ကုန်ကို တစ်ကြိမ်တခါတောင်မှ ပြန်ဖြစ်ပါ့မလားလို့ အမြဲ တွေးမိသည်။ အသက်(၇၀) ကျော်ပြီဖြစ်သော မိခင်ကြီးကို တွေ့မှ တွေ့ရပါ့မလား စိတ်ထဲက စိုးရိမ်မိသည်။ အမေနှင့်တကွ မောင်နှမတွေနှင့် ဆုံရသည်။ အနှစ်နှစ်ဆယ်နီးပါး မတွေ့ရသည့် ဆွေမျိုးများနှင့်ပင် ပြန်ဆုံခဲ့ရသည်။ ကျောင်းပြီးကတည်းက မထုတ်ပဲထားခဲ့သည့် ဘွဲ့လက်မှတ်ကို အနှစ်နှစ်ဆယ်အကြာမှ ထုတ်ယူခဲ့လေသည်။ ဘယ့်လောက် အမှတ်တရ ဖြစ်စရာတွေပါလဲ၊
အမှတ်ရစရာနဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကိုယ်ရွေးချယ်ချင်တဲ့ ပါတီကို ကိုယ်တိုင်ကိုယ်ကျ မဲပေးခွင့် ရခဲ့တာပါပဲ၊ ဒီအဖြစ်ကတော့ ဘဝမှာ တကယ့်ကို ကျေနပ်စရာအဖြစ်ပါ၊ ကိုယ်မဲထဲ့ခဲ့တဲ့ ပါတီကလည်း နိုင်ငံတဝန်း တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်သည်။ ထိုပါတီကို ၁၉၉၀ပြည့်တုန်းကလည်း မဲပေးခဲ့ဖူးလေသည်။ ဒါ့ကြောင့် ပြောတာဖြစ်သည် ၂၀၁၅သည် ကံကောင်းခြင်းတွေ များသည့်နှစ်၊
ကိုယ့်ဘဝမှာ ငယ်စဉ်ကတည်းက အဖြစ်ချင်းဆုံးက ကျောင်းဆရာမ၊ တကယ်လည်း ကျောင်းဆရာမ ဘဝကို အရင်ဦးဆုံး လုပ်ခဲ့ဖူးသည်။ သို့သော် ဖြတ်သန်းရသည့် ဘဝရဲ့ အဆင်ပြေမှု၊ အဆင်မပြေမှုကြားမှာ ဖြစ်ချင်တာကို ဘေးဖယ်ထားပြီး ဖြစ်သင့်တာတွေ ဦးစားပေးခဲ့ရပြန်သည်။ ဘယ်တော့မှ ပြန်ရတော့မည် မထင်သည့် ဆရာမ ဘဝကို (၂၀၁၅)ခုနှစ်မှာ ပြန်လည် ရရှိခဲ့ပြန်သည်။ ဒီတချိန်မှာ ခံစားချက်ကတော့ အသက်အရွယ်အရ ကွာခြားလို့နေသည်။ ဘဝကို ဘာမှ မစွမ်းဆောင်ပဲ ကုန်ဆုံးတော့မလားလို့ ထင်ထားရာက ကိုယ်စွမ်းနိုင်သလောက် လုပ်ခွင့်ကလေး ရလာပြန်လေသည်။
အသက်အရွယ် တဖြည်းဖြည်း ကြီးလာကတည်းက ကိုယ်ဖြတ်သန်းနေတဲ့ ကာလမှာ ဖြတ်သန်းရင်း အများအတွက် ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးချင်စိတ်တွေ ပေါ်လာတာ ကြာပြီ။ အခုတော့ ကိုယ်သင်ထားခဲ့တဲ့ ပညာတွေကို နောက်မျိုးဆက်ကို ပြန်ပြီး မျှဝေနိုင်လေပြီ၊ အင်မတန် ကျေနပ်စရာအဖြစ်ပါပဲ၊ လူချင်တန်းချင်တာတွေလည်း တတ်နိုင်သလောက် လှုဖြစ်သည့် အခွင့်အရေးတွေ ရခဲ့သည်။ မြန်မာပြည်တွင်း ဒေသအနှံ့ ရေကြီးရေလျှံစဉ်က လှုချင်စိတ် ဖြစ်သည်။ သို့သော် ကိုယ်တစ်ယောက်ထဲ လှုပါက ဘယ့်လောက်မှ မရှိနိုင်၊ မထင်မှတ်ပဲ ခင်မင်ရင်းနှီးသည့် မိတ်ဆွေတချို့ နှင့် အတူလက်တွဲပြီး အဝတ်အစား၊ အသုံးအဆောင်နှင့် ငွေကြေးတို့ လှုဖြစ်ခဲ့သည်။ ကိုယ်ဖြစ်ချင်တာကို အဆင်ပြေပြေ အကောင်အထည် ဖော်နိုင်တဲ့ နှစ်ပေပဲလို့ ပြောရပေမည်။
နှစ်ထောင့်တစ်ဆယ့်လေးမှာရဲ့ နိဂုံးပိုင်းမှာ ပါရှိတဲ့ ဂျာနယ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က ထုတ်ဝေတဲ့ " ဒီလှိုင်း" စာစောင်ရဲ့ နာမည်ကို မတွေ့မှ ဒီလှိုင်းစာစောင်မှာ ကိုယ်စရေးတာ (၂၀၁၅)ခုနှစ်မှာလို့ မှတ်သားသိရပြန်သည်။ ဟုတ်တာပေါ့ ဒီနှစ်ထဲမှာပဲ ဒီလှိုင်းအတွက် လူမှုဘဝဆောင်းပါးတွေ ရေးပေးပါလို့ ပြောလာတာ ပြန်သတိရသည်။ ရွေးကောက်ပွဲနီးလာတဲ့အခါ NLD အောင်နိုင်ရေး ဆောင်းပါးတွေ ရေးရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး အစိုးရဖြစ်ရင် ဒီလှိုင်းမှာ ဆက်မရေးတော့ဘူး တွေးမိပေမယ့် ဆက်ပြီး ရေးဖြစ်နေပြန်သည်။ ရေးစရာ အကြောင်းကလေး ပေါ်လာတိုင်း ဒါလေးကတော့ ဒီလှိုင်းကိုပဲ ပို့လိုက်မယ် လို့ ရည်စူးမိပြန်လေသည်။
အလုပ်ကနေ အနားရတဲ့အခါ စာရေးရင်း ဘဝကို ဖြတ်သန်းမယ်လို့ စိတ်ကူးဟာ လက်တွေ့မှာ စောစီးစွာပဲ ဖြစ်လာခဲ့သည်။ ၂၀၁၅ခုနှစ်မှာတော့ ကိုယ့်ရဲ့ ဝါသနာ ဖြစ်တဲ့ ကျောင်းဆရာမအဖြစ်ကို ပြန်ရပြီး၊ ဝါသနာပါတဲ့ စာသင်တဲ့ အလုပ်ကိုလုပ်ရင်း ရေးချင်တာတွေ ရေးခွင့်ရနေတာ ကံကောင်းခြင်းတွေ ပါပဲလို့ ကျေနပ်နေမိလေသည်။
ခိုင်ခိုင်စောလွင်

No comments:
Post a Comment