၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းကနေ ဇူလိုင်လအထိ ခြောက်လတာ ကာလအတွင်းမှာ ခင်ပွန်းဖြစ်သူ ဆေးရုံတက်ရတာ သုံးကြိမ်သုံးခါ၊ ဒါတင်မက ဆီးချို ရောဂါရျိသည့်အတွက် ခွဲစိတ်ထားသည့် အနာကို မကျက်မှာစိုးရိမ်၍ နေ့စဉ် ဆေးရုံသွားကာ အနာဆေးထည့်တာက တစ်လစွန်းစွန်း ဆိုပြန်တော့ ဆေးရုံက ဆရာဝန်၊ သူနာပြု မပြောနှင့်၊ တံခါးစောင့်နှင့် ငွေရှင်းကောင်တာက စာရေးဝန်ထမ်း အမျိုးသမီးငယ်ကလေးတွေကပါ မှတ်မိနေလေတော့သည်။ သူတို့အထဲကမှ အင်မတန်သဘောကောင်းပြီး စိတ်ကောင်းရှိသည့် သူနာပြုအမျိုးသမီးကြီးက တရင်းတနှီးစကားတွေ ပြောလာတတ်သည်။ တရက်မှာတော့ " မင်းတို့ဆီမှာ ဒီလိုဆေးရုံရှိသလား" လို့ မေးလေသည်။ သူ့ရဲ့ မေးခွန်းက တစ်ခွန်းထဲပေမယ့် ဆေးရုံကအပြန်လမ်းမှာ အတွေးတွေက တဆင့် မေးခွန်းတွေ များစွာ ပေါ်လာမိလေတော့သည်။
အဆိုပါဆေးရုံမှာ မြန်မာပြည်၊ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲမှာရှိတဲ့ မဟာမြိုင်မှတ်တိုင်နားက ဆေးရုံထက် အနည်းငယ်ပိုကျယ်ရုံလောက် ရှိမည်။ အထပ်အမြင့်ကတော့ (၁၅) ထပ်ရှိသည်။ စိတ်ထဲမှာ ရေတွက်ကြည့်တော့ ဒီလိုဆေးရုံမျိုး မြန်မာပြည်မှာ အများကြီး ရှိတာပေါ့၊ ဒါ့ကြောင့် သူမေးလိုက်ကတည်းက မတုံ့မဆိုင်း " ရှိတာပေါ့ အများကြီး" လို့ ဖြေလိုက်သည်။ " အကြီးကြီးတွေရော ရှိလား" ဆက်မေးတာကို " ရှိတာပေါ့ အများကြီး ရှိပါတယ်" လို့ ဖြေရင်း စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး မဖြစ်တာတော့အမှန်၊
သူတို့လည်းသိမှာပါပဲ ၊ မြန်မာတွေ ဘန်ကောက်က ဆေးရုံတွေမှာ ဆေးလာကုတာ၊ အခုချင်းမိုင်မှာတင် လာကုနေကြတာတွေလည်းမနည်း၊ ချင်းမိုင်မှာ အလုပ်ရှိလို့ နေထိုင်ရတဲ့ အတွက် ဒီမှာပဲ ဆေးလာကုတဲ့ မြန်မာတွေ မျက်စေ့ရှေ့တင် မြင်နေတွေ့နေရတာမနည်းမနော၊ သူတို့ဆေးရုံက တာချီလိတ်တစ်ဖက်ကမ်း မယ်ဆိုင်မှာလည်း ရှိတဲ့အတွက် အဆိုပါ နယ်စပ်ကဆေးရုံကို မြန်မာဘက်က ဆေးလာကုကြတာ၊ ရောဂါကြီးက ချင်းမိုင်ဘက်ကို လွှဲလို့ ရောက်လာကြတာ စတာတွေ တွေ့ကြုံရမှာပင်၊ သူက မြန်မာပြည် တခါမှ မရောက်ဖူးပါ ပြောထားဖူးသည့်အတွက် မြန်မာပြည်မှာ ဒီလို ဆေးရုံမျိုး မရှိလို့ ထင်နေဟန်တူပါသည်။
ဒီလိုပါပဲ၊ မြန်မာပြည် ဒေသအသီးသီးက လူတွေ ဆင်းရဲလှသည့်အတွက် ထိုင်းမှာ အလုပ်လာလုပ်ကြတာမှာ အောက်ခြေအလုပ်တွေ လုပ်ကြရတာဆိုတော့ အိမ်အကူ၊ သန့်ရှင်းရေး၊ ဈေးဆိုင်အကူ ၊ ဆောက်လုပ်ရေးမှာ ပန်းရံ အုတ်သယ် စတာတွေပဲ လုပ်တာမြင်တော့ ကျမတို့ကို ဈေးရောင်းတာလား မေးတာ မကြာခဏ ကြုံရသည်။ ကလေးတွေက ချင်းမိုင်တက္ကသိုလ်မှာ ကျောင်းတက်တယ်ဆိုတော့ မြန်မာပြည်မှာ တက္ကသိုလ်ရှိလားတဲ့ ၊
တချိန်က ရန်ကုန်တက္ကသိုလ်ဆိုတာ ထိုင်းနိုင်ငံရဲ့ လူဂုဏ်ထံအသိုင်းအဝန်းက သားသမီးတွေသာ တက်နိုင်ကြတာ လို့ ပြောပြမှ သူတို့ အတိတ်ကို ပြန်သတိရပြီး ဟုတ်သားပဲလို့ ပြန်ပြောတတ်သည်။
" လေဆိပ်ရော ကြီးကြီး ရှိရဲ့လား"
" ရှိတာပေါ့ တချိန်က ရန်ကုန်လေဆိပ်ကနေ တခြားနိုင်ငံကို လေယာဉ်ပြောင်းစီးသွားရတာလေ အခု ဘန်ကောက်လိုပေါ့" တချိန်ကလေ ရှိတာပေါ့၊ တချိန်က ဖြေရပါသည်။ ကြွားလို၍ မဟုတ်ပါ၊ ရှိတာဟာရှိတာပေါ့၊
ရွှေတိဂုံဘုရားက အကျယ်ကြီးပဲဆို ရောက်ဖူးချင်တယ် အပြောကို ဘယ်လောက်ကြီးကြောင်း ၊ ထိုင်းမှာ ရွှေတိဂုံလို ဘုရားမျိုး တစ်ဆူမှမရှိကြောင်း ပြောပြရင်း ကျေနပ်ဂုဏ်ယူရပြန်သည်။ သို့သော် ရောက်ဖူးသူအချို့က မြန်မာပြည်က ထင်သလောက် မဆင်းရဲပါဘူး၊ လူတွေလည်း ပျော်ကြပါတယ်၊ အဆောက်အဦတွေ ခေတ်မီပါတယ်၊ ဟိုတယ်တွေအပါအဝင် ဈေးဝယ်စင်တာတွေ ထိုင်းမှာရှိတာတွေ အားလုံးရှိသားပဲ ဒါပေမယ့် ဈေးတွေက ခေါင်ခိုက်နေတယ် အပြောဖြင့် အဆုံးသတ်ပြန်သည်။ မြန်မာပြည်က အပြန် ဘာမှဝယ်မလာတဲ့အကြောင်းနဲ့ ဈေးဝယ်စင်တာတွေမှာ သကြားကအစ ထိုင်းနိုင်ငံက၊ ဆီ၊ ခေါက်ဆွဲခြောက် နောက်ဆုံး အိုဗာတင်းနဲ့ ကလေးစားတဲ့ ဘီစကစ်ကအစ ကအစ ထိုင်းတံဆိပ်တွေချည်းပဲလေ အပြောကို နာလိုခံခက် ဖြစ်ရပြန်သည်။
ရှိတော့ရှိတယ် ရှားတယ်တဲ့၊
လွှတ်တော်ထဲက သတင်းတစ်ခုမှာ နားထောင်လိုက်ရသည်၊ မြန်မာလူမျိုးတွေ ထိုင်းနိုင်ငံမှာ နှစ်စဉ် ဆေးကုသတဲ့ စားရိတ်မှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း(၃၀၀) ရှိပါသတဲ့၊ ကိုယ့်တိုင်းပြည်က ငွေတွေ စီးဆင်းကုန်တာ ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်တုန်းက ဘန်ကောက်မှာ ပြောသွားတာ တခုသတိရမိသည်။
မြန်မာလူမျိုးအချို့ ဘန်ကောက်မှာ ဆေးလာကုတာသိရတော့ သူက အဲဒီလူတွေကို မေးကြည့်မိပါတယ်တဲ့၊ မြန်မာပြည်မှာ ဒီလိုဆေးရုံတွေ မရှိလို့လား မေးတော့ ရှိပါတယ်ဖြေတယ်တဲ့၊ စက်ပစ္စည်း ဆေးဝါးတွေရော မရှိကြလို့လား ဆိုတော့ ရှိပါတယ်၊ ဒါဖြင့် အားလုံးအတူတူ ရှိပါလျက်နဲ့ ဘန်ကောက်မှာ ဘာဖြစ်လို့ ဆေးလာကုကြသလဲ မေးတော့ " ယဉ်ကျေးကြလို့ပါ" လို့ ဖြေကြသတဲ့၊
ဒါလေးတစ်ခုကိုတော့ အပြည့်အဝ ထောက်ခံမိလေသည်။ ဆေးရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေ အော်ဟစ်နေကြတာ မရှိပါ၊ သူများကိုလည်း မအော်သလို အချင်းချင်းလည်း မအော်ပါ။ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် ဂရုစိုက်ခြင်းသည် ရောဂါဝေဒနာခံစားနေရသူအတွက် ဆေးတပါး ဖြစ်လေသည်။ အလုပ်တွေကို တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး လုပ်တတ်ကြအောင် နှစ်ပေါင်းများစွာ အလေ့အကျင့် ရခဲ့တာဖြစ်သည်။ ဆေးရုံကို တလလုံး နေ့စဉ် ရောက်ခဲ့ရသည့်အတွက် ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ဆေးရုံ ဝန်ထမ်းအားလုံးမှာ တမင်လုပ်ပြနေတာမျိုးမဟုတ်ပဲ ဗီဇ၊ ပတ်ဝန်းကျင် စနစ်၊ ဝါသနာ ပညာတွေကြောင့် ဆိုတာ သိလာရလေသည်။ နောက်တခုက သူတို့ကို မနာလိုစရာ ကောင်းလောက်အောင် ဖြစ်ရတာက ကောင်းမွန်သည့် စနစ်အောက်မှာ ရှင်သန်ခဲ့ကြရတာကိုပဲ ဖြစ်သည်။
ထိုင်းလူမျိုးတွေနှင့် ဆက်ဆံပြောဆိုရတိုင်း သူတို့ဆီမှာ ရှိတာတွေ ကိုယ့်တိုင်းပြည်မှာ ရှိလား မေးခံရတိုင်း ရှိတယ် ရှိတာပေါ့ အများကြီး ဖြေရသည့် အဖြေအပေါ်မှာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်မိသည်။ အတွေးနယ်ချဲ့မိသည်။ ထိုင်းနိုင်ငံက ဟိုတယ်ကြီးတွေ အဆောက်အအုံကြီးတွေဆီက အကောင်းစား သစ်သားပုရုပ်တွေ၊ စားပွဲကုလားထိုင်တွေ မြင်ရတိုင်း တို့ဆီက ပစ္စည်းတွေလား အမြဲ တွေးမိသည်။ ပြည်တွင်းစစ်မီး နဲ့တကွ လက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့် နယ်စပ်ဒေသက သစ်တွေအပါအဝင် အဖိုးတန်ရတနာတွေ မှောင်ခိုးဈေးဖြင့် တဖက်နိုင်ငံ ရောက်သည်။ မြန်မာပြည်သူတွေ ထိုင်းနိုင်ငံက ထုတ်သည့် ကြိတ်သားတွေ ဖြစ်သည့် စားပွဲ၊ ကုလားထိုင် အိမ်ထောင်ပရိဘောဂတွေ သုံးကြရသည်။ ရှိခြင်း၊ မရှိခြင်းဆိုတာ ဘာ့ကြောင့်လဲ၊
ညဈေးတန်းတွေမှာ ကျောက်တွေမျိုးစုံဖြင့် လက်ဝတ်ရတနာ လေးတွေ မြင်ရတိုင်း ထိုင်းမှာ ကျောက်စိမ်းထွက်သလား၊ ပတ္တမြားနီလာ ထွက်သလား မေးမိရသည်။
တလောက လမ်းလျှောက်ကအပြန် မြစ်ဘေးမှာရိုက်တဲ့ပုံလေး ဖေ့စ်ဘွတ်လိုက်ရာ မြန်မာပြည်က မိတ်ဆွေ တစ်ယောက်က လှမ်းမေးသည်။ အဲဒါ ဘာချောင်းလဲတဲ့ ၊ အဲဒါ ချောင်းမဟုတ်ဘူး မြစ်ဆိုတဲ့ အဖြေကို သူကအံ့ဩသည်။ ထိုင်းမှာ မြစ်လို့ သတ်မှတ်ထားတာတွေက မြန်မာပြည်က ချောင်းလောက်ပင်မကျယ်၊ ကျမတို့ လမ်းလျှောက်နေကျ မြစ်ပင် ဟိုဘက်ကမ်းဒီဘက်ကမ်း လှမ်းမြင်ရသည့် အပြင် တဖက်ကမ်းက စကားပြောသံကိုပင်ကြားနေရလေသည်။
ရန်ကုန်က ငမိုးရိပ်ချောင်းပင် တဖက်ကမ်းကို တဖက်က မမြင်ရ၊ အကျယ်ကြီးဖြစ်သည်။ မြစ်ဆိုက ပြောဖို့ရာမလို၊ သို့သော် ထိုင်းလူမျိုးတွေက သူများနိုင်ငံက ချောင်းလောက်ပင်မကျယ်သည့် ရေပြင်လေးကို တန်ဘိုးထားသည်။ အသုံးချတတ်သည်။ မြစ်တွေကို အရှေ့က မယ့် ထည့်ခေါ်တာသာကြည့်၊ မယ့်ဆိုတာ ထိုင်းစကားမှာ " အမေ" ဖြစ်သည်။ အိမ်နားက " မယ့်ပင်းမြစ်" ကလေးမှာ နိုင်ငံခြားသားတွေ အလှဆင်ထားသည့် မော်တော်လေးတွေပေါ်ကနေ မြစ်ထဲ လှည့်ပတ်ကြည့် ဓါတ်ပုံရိုက်တာ မြင်တော့ အမိဧရာဝတီကို သတိရသည်။ ချင်းတွင်းကို အောက်မေ့သည်။ သံလွင်၊ စစ်တောင်း ရှိရာကို ခေါ်သွားပြီး " တို့ဆီက မြစ်တွေပေါ့" လို့ ခေါ်ပြချင်သည်။ မြစ်သေးသေးလေးကနေ ဝင်ငွေရအောင်၊ အလုပ်အကိုင်တွေ ရအောင် လုပ်တတ်ကြတာ ကြည့်ပြီး အားကျမိသည်။
" တို့ဆီမှာ ရှိတာပေါ့ အများကြီး " မကြာခဏ ရေရွတ်မိရပြန်သည်။
မော်တော်မောင်းသည့် အလုပ်သမားတွေ၊ မော်တော်ပေါ်က ဝန်ထမ်းတွေဖြစ်တဲ့ မြန်မာပြည်သားတွေ စိတ်ထဲရော ဘယ်လိုများခံစားနေရသလဲ သိချင်စမ်းပါဘိသည်။ တလောက တွေ့လိုက်ရသည့် ကာတွန်းတစ်ကွက် ကို ပြန်မြင်ယောင်မိသည်။ ဆုံလည်ကို တွန်းသည့်ပုံစံဖြင့် ကာတွန်းဆွဲထားသည်။ အပေါ်မှာ ထိုင်းလုပ်ငန်းရှင်တွေက ဇိမ်နှင့်ထိုင်နေပြီး အောက်ခြေက ဆုံလည်လက်တံတွေကို တွန်းပြီး သွားနေသူတွေက မြန်မာနိုင်ငံအလံနှင့် လူတွေ ဖြစ်နေတာ သရုပ်ဖော်ထားသည်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ယန္တယားကို မောင်းနှင်သူတွေက အောက်ခြေမှာ မြန်မာနိုင်ငံအလံ တွေ နှင့်လူတွေချည်း ဖြစ်နေသည်၊သတင်းစာနာမည်တော့ မမှတ်မိတော့ပါ၊ သို့ဖြင့် သူများနိုင်ငံရဲ့ အောက်ခြေယန္တယားကို မြန်မာတွေ မောင်းနှင်တတ်ရင် ကိုယ့်တိုင်းပြည်မှာ မောင်းခွင့်ရရင်ရော အပြေးပြန်မောင်းကြမှာလား၊ ဒီယန္တယားတွေဖြင့် သူတို့ဆီမှာ ရှိတာတွေ ကိုယ့်ဆီမှာလည်း ရှိလေသည်၊ ဘာလိုသေးသနည်း။ သို့သော် လောလောဆယ်မှာတော့ မြန်မာပြည်မှာ ရှိနေတာပဲ ရှိသေးသည်လို့ပဲ ဖြေရပါလိမ့်မည်။
ခိုင်ခိုင်စောလွင်